:include data='blog' name='google-analytics'/>

Wednesday, August 3, 2016

ကျပန်းဆရာ

Tin Nyunt
ကျပန်းဆရာ
ကျောင်းဆရာဘဝမှာ တော်တဲ့ဆရာ၊ ကောင်းတဲ့ဆရာတွေ အများကြီး ကြုံဖူးသလို၊ ပေါတောတော ချာတာတာ ကျောင်းဆရာလာဖြစ်နေတဲ့ သူတွေလည်း အများကြီးတွေ့ဖူးပါတယ်။ ကျွန်တော်က... ဘယ်သူ့နဲ့တွေ့တွေ့ ကောင်းကွက်လေးတွေ ရွေးယူပြီး ကြည်ညိုတတ်တယ်။ သူ့ဘာသာ မူးပဲနေနေ၊ အတုယူသင့်တဲ့ အချက်လေး တွေတွေ့ရင် အတုယူလိုက်တာပဲ။ ဥပမာ အရက်မကောင်းကြောင်းသိအောင် အရက်လိုက်သောက်စရာ မလိုပါဘူး။ မူးနေတဲ့သူတွေကို ကြည့်လိုက်ရင် သိတာပဲ။
ကျောင်းဆရာဘဝမှာ စံပြအနေနဲ့ လေးစားခဲ့ရတဲ့ ဆရာဇနီးမောင်နှံလည်း ကြုံတွေ့ခဲ့ရဖူးတယ်။ ဆရာရည်နဲ့ မမနွဲ့တို့ပါ။ သူတို့နှစ်ယောက် စလုံးက ကျောင်းဆရာ ဆရာမတွေ။ ဆရာရည်က မူလတန်းကျောင်းအုပ်၊ မမနွဲ့ ကတော့ သူ့လက်ထောက်ပေါ့။ ဝေးလံခေါင်သီတဲ့ ဒေသမို့ သူတို့ ဇနီးမောင်နှံ တစ်ကျောင်းတည်း လာပြီးတော့ ညားပြီးမှ ဖူးစာဆုံခွင့်ရခဲ့တာ။
ကျွန်တော်တာဝန်ကျတဲ့ရွာနဲ့ ဆရာရည်တို့ရွာက လမ်းလျှောက်ရင် တစ်နာရီခွဲ နှစ်နာရီလောက်လှမ်းတယ်။ ရေကျချိန် ပဲ့ထောင်နဲ့ဆိုရင်လည်း ရေဆန်တက်ရတာကြောင့် တစ်နာရီလောက်ကြာတယ်။ စတုတ္ထတန်း စာမေးပွဲတွေကို ကျောင်းစစ်ပြောင်းလိုက်တော့ ကျွန်တော်တို့ တိုက်နယ်က မူလတန်း ကျောင်း ၇ ကျောင်း ပေါင်းပြီးတော့ မေးခွန်းတွေ ထုတ်ကြရတယ်။ နှစ်အလိုက် တစ်နှစ်တစ်ကျောင်းပြောင်းပြီး မေးခွန်းတွေ စုထုတ် ကြတော့ ဒီနှစ် ဆရာရည်တို့ရွာကို ကျောင်းတွေလာစုကြရတယ်။
တာဝန်ယူထားတဲ့ ကျောင်းအုပ်နဲ့ရွာက အခြားရွာကလာတဲ့ ဆရာတွေ ဆရာမတွေကို ထမင်းချက်ကျွေး ရတယ်။ အလွန်ပျော်စရာကောင်း ပါတယ်။ မေးခွန်းအတွက် တိုင်ပင်၊ ဖယောင်းစက္ကူတွေပေါ်ကို လက်ရေးနဲ့ ရေးတင်၊ မီးချောင်းလုံးတွေနဲ့ ပိတ်ပါးခံပြီး မူပွားကြရတာ အရမ်းပျော်စရာပါ။
ဆရာရည်တို့ရွာကိုရောက်တော့ သူတို့နေတဲ့ အိမ်ကို ခေါ်သွားတယ်။ အခြားရွာတွေက ကျောင်းမှာပဲ ဧည့်ခံတာ များပေမယ့် သူတို့က ရွာထဲကြွပါဆိုတော့ ကျွန်းအိမ်ကြီးတစ်လုံးပေါ်ကို ရောက်လာကြတယ်။ အဲဒီအိမ်က ဆရာရည်နဲ့ မမနွဲ့တို့နေတဲ့အိမ်။ ကျောင်းဆရာတွေထဲမှာ အိမ်ကြီးရခိုင်နဲ့ နေနိုင်တဲ့သူတွေ အရှားသား။
ကျွန်တော်တို့ မေးခွန်းတွေအတွက် ဆွေးနွေးနေချိန်မှာ ဆရာရည်တစ်ယောက် ခမောက်လေးဆောင်း၊ ပလိုင်း လေးလွယ်၊ ကွန်လေးထမ်းပြီး အိမ်ပေါ်တက်လာတယ်။ ဘယ်က တံငါသည်ကြီးလဲလို့ ကြည့်နေတာ။ ခမောက် ချွတ်လိုက်မှ သူဖြစ်နေမှန်းသိတယ်။
“ရွာမှာက စားစရာ ဘာမှ ရှိတာမဟုတ်ဘူး။ အဲဒါ မနက်ကတည်းက ချောင်းထဲမှာ ကွန်သွားပစ်နေတာ” လို့ မမနွဲ့ကပြောတယ်။
“ဟုတ်တယ် ဆရာတို့ရေ ကောင်းကောင်းလေး စားစေချင်လို့” ဆိုပြီး ပါလာတဲ့ ပလိုင်းကို ဒန်အိုးကြီးထဲ မှောက် သွန်လိုက်တော့ ပုဇွန်တွေ၊ ငါးတွေ အများကြီးပဲ။ ဆရာမတွေက မီးဖိုထဲသွား ချက်တဲ့သူတွေချက်၊ ကျွန်တော် တို့က မေးခွန်းတွေထိုင်ထုတ်ကြရတယ်။
“ဆရာရည် … ဒါ ဆရာ့အိမ်ပိုင်လား။ ရွာကအိမ်ကို ငှားနေတာလား” ကျွန်တော်က စပ်စုလိုက်တော့
“ကိုယ်ပိုင်အိမ်ဗျ။ ရည်ရွယ်ချက်နဲ့ ဆောက်ထားတာ။ မြို့ကို ပြန်ပြောင်းရရင် အိမ်ကိုဖျက်ပြီး ဟိုမှာ ပြန် ဆောက်နေနိုင်အောင် ကြိုတင်စုဆောင်းထားတာပေါ့”
ကျွန်တော် အရမ်းလေးစားသွားမိတယ်။ နောက်မှ ဆရာရည်နဲ့ သူ့ဇနီးအကြောင်း ကောင်းကောင်း သိလိုက်ရ တယ်။
ဆရာရည်တို့ ဇနီးမောင်နှံ ဒီကိုရောက်လာတော့ ကျောင်းက ပျက်လုလု။ ကျောင်းကို ကောင်းအောင် အရင် လုပ်ကြတယ်။ ရွာထဲမှာနေပြီး မပြန်တမ်း ကြိုးပမ်းကြတော့ ကျောင်းမှာ ကလေးတွေလည်း ပြည့်လာတယ်။ ရွာကလည်း ပညာရေးကို စိတ်ဝင်စားလာကြတယ်။
သူတို့ ကျောင်းနဲ့ ပညာရေးကို ကောင်းအောင်လုပ်ပြီးတော့ သူတို့ဘဝကို ထူထောင်ကြတယ်။ ဆရာရည်က အရက် မသောက်၊ ဆေးလိပ်မသောက်ဘူး။ အပိုအလုပ်တွေ ဘာမှ မလုပ်ဘူး။ ကျောင်းအားချိန် ပိုက်ကွန် တစ်လက်နဲ့ ငါးရှာတယ်။ စားသင့်တာစားတယ်။ ပိုတာကို မမနွဲ့က ကိုယ်တိုင် ရွာထဲလှည့်ရောင်းတယ်။ သူတို့ ဘဝကို ဒီလို အနေအထားကစတယ်။
ရွာထဲက မလုပ်ပါနဲ့ပြောလည်း မရဘူး။ သူတို့က ကျောင်းဆရာအလုပ်နဲ့ ရပ်တည်ဖို့ ခက်တာကို ကောင်း ရောင်း ကောင်းဝယ်လုပ်ပြီးတော့ အသက်မွေးတယ်။ သားသမီးကလည်း သုံးယောက်တောင် ဖြစ်လာပြီကိုး။
ကျောင်းကွက်လပ်မှာ စိုက်ပျိုးရေးလည်းလုပ်တယ်။ မြေကွက်ငှားပြီး နှမ်းနဲ့ ပဲလည်း စိုက်တာပဲ။ ဒီလို အားထုတ် ရင်းနဲ့ ရွာကပေးထားတဲ့ အကွက်လေးမှာ အိမ်ကောင်းကောင်းလေးတစ်လုံးကို ရည်ရွယ်ချက်နဲ့ ဆောက်နိုင်ခဲ့ တယ်။
သူတို့လင်မယား အလုပ်တွေ လုပ်နေလို့ ပညာရေးလည်း ဟာသွားလိမ့်မယ် မထင်နဲ့။ ရွာတွေက ဝေလေလေ ဆရာတွေဆိုရင် မလေးစားဘူး။ ဆရာရည်တို့ လင်မယားကို တစ်ရွာလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ကြ တယ်။ ဆရာရည်က အနေလည်းတည်တယ်။ အပြောလည်း ဟန်ပါ မာန်ပါတော့ ရွာကရှိန်တယ်။
ပညာရေးလောကသားတွေက မလောက်ဘူး မဝဘူး ညည်းကြတာများတယ်။ သူတို့ လင်မယားကြည့် လိုက်ရင် ဘယ်တော့မှ ညည်းတာ မတွေ့ရဘူး။ ရတာလေးနဲ့ ဝအောင်စား၊ ရှိတာလေးနဲ့ လှအောင်ဝတ်ပြီး ငွေကို စုဆောင်းထားကြတော့ အလွန်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလို့ဆိုရမယ်။ ဆရာက
“ဒီမှာ ဖိုးတင်ညွန့် … ကျောင်းဆရာ လာလုပ်တယ် ဆိုကတည်းက ချမ်းသာချင်လို့ မဟုတ်ဘူးဆိုတာ ထင်ရှား နေတာပဲ။ ဒါကြောင့် ခင်ဗျားတို့ ကျောင်းဆရာဖြစ် လာမှ စားမလောက်တာတွေ ထိုင်ညည်းပြနေရင် ရယ်စရာ ကြီးဖြစ်နေတော့ မှာပေါ။ သမ္မာအာဇီဝနဲ့ ရအောင်ရှာမယ်။ ကျွန်တော်ကတော့ ပညာရေးနဲ့ ဘယ်တော့မှ အမြတ်မထုတ်ဘူး။ ဘာလုပ်ရလုပ်ရ သမ္မာအာဇီဝကျရင် မရှက်မကြောက် လုပ်မှာပဲ” လို့ ကျွန်တော့်ကို ပြောပြတယ်။
သူတို့လင်မယား ပဲခူးမြို့နားက ရွာလေးတစ်ရွာကို ပြန်ရောက်တော့ ရွာကအိမ်ကိုဖျက်၊ ကြိုတင်ဝယ်ထားတဲ့ ခြံလေးမှာ အိမ်တစ်လုံးဆောက်ပြီး ပျော်ရွှင်စွာနေကြတယ်။ တစ်ည ကျွန်တော် ကျောက်တွင်းကုန်းဘက်ကနေ ပြန်လာတော့
“ကလင် … ကလင် … ကလင်” ဆိုပြီး စက်ဘီးဘဲလ်သံကို ကြားရတယ်။ ကျွန်တော့်နောက်က မပြတ်တီး နေတာ။ ကျွန်တော်ကလည်း ငါလမ်းဘေးက လျှောက်နေသားနဲ့ ဘာဖြစ်လို့လဲဆိုပြီး နောက်ကို လှည့်ကြည့် လိုက်တော့ ဆိုက်ကားတစ်စီး ဖြစ်နေတယ်။ ခမောက်စုတ်ကြီး စိုက်စိုက်ဆောင်းထားတော့ မျက်နှာကိုလည်း မမြင်ရဘူး။ ကျွန်တော်က လမ်းဘေးဆင်းပြီး ဆက်လျှောက်မယ်လုပ်တော့မှ
“ဖိုးတင်ညွန့်” လို့ ခေါ်လိုက်ပြီး ခမောက်ကို လှန်လိုက်တော့ ဆရာရည် ဖြစ်နေတယ်။
“ဟာ … ဆရာရယ် … ဘယ်လိုဖြစ်တာလဲ … ဘာဖြစ်လို့ ဆိုက်ကား နင်းနေတာလဲ”
“ခင်ဗျားကလဲ ဆိုက်ကားနင်းတာ မှောင်ခိုလုပ်တာကျနေတာပဲ”
“မဟုတ်ပါဘူး ဆရာ ဆိုက်ကားနင်းတာ အံ့သြလို့ပါ”
“ဒါ … ကျွန်တော် ထောင်ထားတဲ့ ဆိုက်ကားဗျ။ ညဘက်ဆိုရင် လာပြန်အပ်သွားတော့ ကျွန်တော်က ညဘက် အိမ်စရိတ်လေးရအောင် ထွက်နင်းတာ။ လာလေ ဆိုက်ကားပေါ်တက်။ ခင်ဗျားကို လိုက်ပို့ ပေးမယ်”
“ဆရာရယ် … ဆရာနင်းတာကို မစီးဝံ့ပါဘူး။ လာလေ လက်ဖက်ရည်သောက်ကြရအောင်”
“ဆောရီး ဖိုးတင်ညွန့်ရေ … ကိုယ့်မှာ လဖက်ရည်ဆိုင်ထိုင်ပြီး အချိန်နဲ့ ငွေကို ဖြုန်းနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ သွားမယ်။ နောက်နေ့မှ လစာထုတ်မှာတွေ့မယ်”
အဲဒါ ကျွန်တော်ဆုံခဲ့ရတဲ့ ဆရာတွေထဲက အလွန်နမူနာယူစရာ၊ အတုယူစရာ တစ်ယောက်ပါဗျာ။ ဆရာက ခုတော့ ပင်စင်စားကြီးပါ။ မမနွဲ့လည်း ပင်စင်ယူသွားပြီ။ အသက်တွေ ကြီးလာတော့ ဆိုက်ကားလည်း မနင်းတော့ပါဘူး။ သားတွေက အလုပ်အကိုင်ကောင်းတွေနဲ့ သူတို့မိဘတွေကို ပြန်ပြီး ကြည့်ရှုထားပုံရတယ်။
ဒါပေမဲ့ သူတို့လင်မယားရဲ့ ဇွဲ သတ္တိ မာနတွေကိုတော့ ယုံတယ်။ တစ်ပြားမှ မရှိတဲ့ဘဝကနေ ခုဆို အခြေကျ အနေကျ ချမ်းသာတဲ့ ဘဝတစ်ခုကို ထူထောင်ထားနိုင်ခဲ့တာ တော်ရုံဇွဲနဲ့တော့ မဟုတ်ဘူးဆိုတာ သိထား စေချင် တယ်။
“ဆရာဘဝဆိုတာ မလောက်ငဘူး။ မလောက်ငတာကြောင့် မဟုတ်တာ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် ဒီလောကထဲကို အစကတည်းက ဝင်မလာနဲ့။ ဝင်လာပြီးရင်လည်း သမ္မာအာဇီဝကျကျ နေထိုင်တတ်ရင် ခင်ဗျား ဘယ်တော့မှ ထမင်းမငတ်ဘူး”
ဆရာ့စကား ကျွန်တော်အမြဲကြားနေလျက်ပါ။
၂.၈.၂၀၁၆

No comments:

Post a Comment