:include data='blog' name='google-analytics'/>

Sunday, April 29, 2012

ကမ္ဘာမှာအလုပ်လုပ်ဆုံးသူဟာ ကမ္ဘာ့အချမ်းသာဆုံး computer expert Bill Gates လား ?

အလုပ်ဆွဲတဲ့ရောဂါ ( workaholic) ဖြစ်နေတဲ့ ဂျပန်တွေလား ? (ဂျပန်တွေက တစ်နေ့ ၄နာရီ အိပ်တယ်တဲ့) မဟုတ်ပါဘူး။ ကျမတို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရားပါ။ မြတ်ဘုရားဟာ တစ်နေ့မှာ တစ်နာရီနဲ့ မိနစ် နှစ်ဆယ် သာ ရုပ်ကိုယ်ခန္ဓာကြီးရဲ့ လိုအပ်ချက်ကြောင့် အနားပေး တော်မူပါတယ်။ ကျန်တဲ့အချိန်တွေကို သတ္တ၀ါတွေအတွက် အသုံးချတော်မူပါတယ်။

မြတ်စွာဘုရားရှင်၏နေ့စဉ်ပြုလုပ်ဆောင်ရွက်တော်မူသောပုဗ္ဗကိစ္စ ( ) မျိုး။
 ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
မြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံး အကျိုးစီးပွား များစေရန် ပွင့်ထွန်း ပေါ်ပေါက် တော်မူ လာရသည်

တစ်နေ့တာအချိန်ကို ငါးပိုင်းပိုင်း၍ သူ့အချိန်နှင့်သူ မလစ်လပ်စေရအောင် နေ့စဉ်နှင့်အမျှ ဆောင် ရွက်တော်မူသည်။ နံနက်ခင်း လုပ်ငန်း၊ ဆွမ်းစားပြီးချိန် လုပ်ငန်း၊ ညဥ့်ဦးယံ လုပ်ငန်း၊ သန်ခေါင်ယံ လုပ်ငန်း၊ မိုးသောက်ယံ လုပ်ငန်းဟူ၍ တစ်နေ့တာ ဆောင်ရွက်ဖွယ် လုပ်ငန်း စဉ် များကို ငါးပိုင်း ပိုင်း၍ နေ့စဉ်ဆောင်ရွက်တော်မူသည်။

(က) ပုရေဘတ္တကိစ္စ (ဆွမ်းမစားမီ နံနက်ခင်း လုပ်ငန်းစဉ်)
မြတ်စွာဘုရားရှင်သည် အရုဏ်တက်ချိန် စောစော အိပ်ရာမှ ထတော်မူ၍ မျက်နှာသစ်ခြင်း၊ ကိုယ်လက် သုတ်သင်ခြင်းကို ပြုတော်မူသည်။ ထို့နောက် ဂန္ဓကုဋီတိုက်ခန်းသို့ ပြန်လည် ၀င်တော်မူပြီး သမာပတ်  ၀င် စားကာ ခဏမျှ ချမ်းသာစွာနေတော်မူသည်။ ထို့နောက် ဆွမ်းခံ ချိန်ရောက်သောအခါ သင်္ကန်းတော်ကို ရုံတော်မူပြီး တစ်ခါတစ်ရံ ကိုယ်တော်တစ်ပါးတည်း၊ တစ်ခါတရံ သံဃာတော်များ ခြံရံလျက် ဆွမ်းခံ ကြွတော်မူသည်။ ထိုသို့ ကြွတော်မူသော အခါ၌လည်း တစ်ခါတရံ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်း၍လည်းကောင်း၊ တစ်ခါတရံ ပကတိ သဘာဝအတိုင်းလည်းကောင်း ကြွတော်မူသည်။

မြတ်စွာဘုရားကြွတော်မူလေရာတိုင်း ပါရမီတော်ကြောင့် ခလုတ်တံသင်း ဆူးငြှောင့် နှောက်ယှက်ခြင်း မရှိ၊ ကမူချိုင့်ဝှမ်း နိမ့်မြင့်မညီဖြစ်နေသော လမ်းများလည်း အလိုလို ချောမွေ့ ပြေပြစ်၍သွားကြ၏။ ဒကာဒကာမတို့လည်း ပန်းနံ့သာလက်စွဲကာ ဘုရားရှင်ကို ဖူးမြော်ရန် စုဝေးရောက်လာကြကုန်၏။ မိမိတို့ တက်နိုင်သလောက် သံဃာတော်ဆယ်ပါး၊ အပါးနှစ်ဆယ်၊ အပါးတစ်ရာ စသည် တောင်းယူ ပင့်ဆောင်ကြကုန်လျက် မြတ်စွာဘုရား၏ သပိတ်တော်ကို ယူဆောင်ကာ နေရာတော်ခင်း၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးကြကုန်၏။ ဆွမ်းဘုဉ်းပေးပြီးနောက် မြတ်စွာဘုရားရှင်သည် ဒကာ၊ ဒကာမတို့၏ စရိုက် ဓာတ်ခံကို ဆင်ခြင်တော်မူလျက် သင့်လျော်သော အနုမောဒနာတရားကို ဟောကြားတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ကျောင်းတော်သို့ ပြန်ကြွတော်မူ၏။ ပန်းနံ့သာတို့ဖြင့် ထုံမွမ်းထားသော   စုဝေး ရာမဏ္ဍပ် နေရာတော်၌ ထိုင်နေတော်မူ၍ ဆွမ်းစားရာမှ ပြန်လာ ကြသော ရဟန်းတော်တို့ကို စောင့်လျက်နေတော်မူ၏။ ထို့နောက် သံဃာတော်များ စုံလင်သောအခါ ဂန္ဓကုဋီကျောင်းဆောင် ဘက် သို့ ကြွတော်မူလေသည်။ ဤကား နေ့စဉ်နံနက်တိုင်း ပြုလုပ်လေ့ရှိသော နံနက်ခင်း လုပ်ငန်းစဉ်ဖြစ် ပေသည်။

() ပစ္ဆာဘတ္တကိစ္စ (ဆွမ်းစားပြီး နေ့လယ် လုပ်ငန်းစဉ်)
မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးသည့်နောက် တစ်နေ့တာ ဆောင်ရွက်မြဲ လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်တော်မူ၏။ ဂန္ဓကုဋီကျောင်းတော်အနီး အသင့် ခင်း ထားသော နေရာ တော် ထိုင်တော်မူပြီးနောက် ခြေဆေးအင်းပျဉ်၌ ရပ်တော်မူလျက် ရဟန်း တော်များအား ဒုလ္လဘတရား ငါးပါးကို နေ့စဉ်ပင် ဟောကြားသတိပေး တော်မူမြဲဖြစ် သည်။

အပ္ပမာဒေန ဘိက္ခ၀ သမ္ပာဒေထ=ရဟန်းတို့ မမေ့လျော့သော သတိတရားနှင့် ပြည့်စုံကြ ပစေ။

၁။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိ = ရဟန်းတို့ - လောက၌ ဘုရားရှင် ပွင့်ထွန်းတော်မူခြင်း ဖြစ်ပေါ်ခဲ၏။
၂။ မနုဿတ္တိပဋိလာဘော ဒုလ္လဘော = လူအဖြစ်ရခြင်းသည် ခက်ခဲ၏။ (လူအဖြစ် ရခဲ၏)
၃။ သဒ္ဓါသမ္ပတ္တိ ဒုလ္လဘာ = (ရတနာသုံးပါးနှင့်ကံ ကံ၏အကျိုးကို ယုံကြည်မူ) သဒ္ဓါတရားနှင့် ပြည့်စုံခြင်းသည် ခက်ခဲ၏။ (သဒ္ဓါနှင့် ပြည့်စုံခြင်းကို ရခဲ၏)
၎။ ပဗ္ဗဇ္ဇာ ဒုလ္လဘာ = ရဟန်းအဖြစ်ကို ရခဲ၏။
၅။ သဒ္ဓမ္မဿဝနံ ဒုလ္လဘံ = သူတော်ကောင်းတရား ကြားနာရဖို့ ခက်ခဲ၏။

ဒုလ္လဘတရား ဟောကြား သတိပေးပြီးလျှင် ကမ္မဋ္ဌာန်း မေးလျှောက်သော ရဟန်းတို့အား သင့်လျော်သော ကမ္မဋ္ဌာန်းကို ပေးတော်မူသည်။ ကမ္မဋ္ဌာန်းသင်ယူပြီးသော ရဟန်းတော်များ မိမိတို့နှင့် သင့်လျော် ဆိတ်ငြိမ်ရာသို့ အသီးသီး ကြွရောက်၍ ကမ္မဋ္ဌာန်းဘာဝနာ တရား ပွားများ အားထုတ်ကြလေသည်။

ကမ္မဋ္ဌာန်းပေးပြီးနောက် ဂန္ဓကုဋီကျောင်းတော်သို့ ၀င်တော်မူကာ အလိုတော်ရှိလျှင် တစ်မ ဟုတ်ခန့် လျောင်းတော်မူသည်။ လျောင်းရာမှ ထတော်မူပြီးလျှင် တစ်လောကလုံးကို ခြုံ၍ ချေချွတ်ထိုက်သော   သတ္တ၀ါ ဝေနေယျများ ရှိ-မရှိ အမြဲ ရူကြည့်တော်မူလေသည်။

မြတ်စွာဘုရား သီတင်းသုံးရာဒေသရှိ ဒကာ ဒကာမတို့သည် ညနေချမ်းကာလရောက်လျှင် အဖျော် ယမကာ၊ ပန်းနံ့သာ စသည်ယူဆောင်လျက် တရားနာယူရန် ကျောင်းတော်သို့ ရောက်လာ စည်းဝေး ကြသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုတရားမဏ္ဍပ်ရှိ နေရာတော်၌ သီတင်းသုံးတော်မူလျက် သင့်လျော်သော တရားကို ဟောကြားတော်မူလေသည်။ ညနေ စောင်းအချိန်လောက်တွင် တရားပွဲပြီး ဆုံး၍ ပရိသတ်တို့ ကျောင်းတော်မှ ပြန်ကြလေသည်။

() ပုရိမယာမကိစ္စ = (ညနေ ၆နာရီမှ ၁၀ နာရီ) ညဥ့်ဦးယံ လုပ်ငန်းစဉ်။
မြတ်စွာဘုရားရှင်သည် တစ်နေ့တာ ဆောင်ရွက်ဖွယ်လုပ်ငန်းများ ပြုလုပ်ပြီးနောက် ရေချိုး တော်မူလိုလျှင် ရေချိုးအိမ်သို့ ၀င်တော်မူကာ ရေသပ္ပါယ်တော်မူသည်။ အလုပ် အကျွေးရဟန်း ကလည်း ဘုရားရှင် နေရာတော်ကို ဂန္ဓကုဋီပရိဝုဏ်အတွင်း၌ ခင်းထား လေရာ ရေသုံး သပ် တော်မူပြီးလျှင် ထိုနေရာ တော်သို့ကြွကာ နှစ်ထပ်သင်္ကန်းကို ၀တ်၊ ခါးပန်းကြိုးကို ဖွဲ့ချည် ပြီး လျှင် ကိုယ်ရုံလက်ကန်တော့ ထိုး တော်မူလျက် တစ်မုဟုတ်ခန့် တစ်ပါးတည်း ကိန်းအောင်း စံနေတော်မူလေသည်။

ခဏကြာလျှင် ထိုထိုအရပ်မှ ရဟန်းတော်များ လာရောက် ဆည်းကပ်ကြကုန်၏။ မြတ်စွာ ဘုရားသည် ညဥ့်ဦးယံတစ်ချိန်လုံး ထိုရဟန်းတော်များ မေးလျှောက်သမျှ ဖြေဆို တော် မူ၍ တရားဓမ္မ ဟောပြပေး တော်မူ၏။ ဤသို့ဖြင့် ညဥ့်ဦးယံအချိန်ပိုင်း ကုန်လွန်သွား၏။

() မဇ္ဈိမယာမကိစ္စ = (ည ၁၀ နာရီမှ နံနက် ၂ နာရီ) သန်ခေါင်ယံ လုပ်ငန်းစဉ်။
ညဥ့်ဦးယံလုပ်ငန်းပြီးဆုံး၍ ရဟန်းတော်များ ပြန်ကြွပြီးသောအခါ နတ်ဗြဟ္မာတို့ ဆည်းကပ်ရန် အချိန် ဖြစ်တော့သည်။ စကြ၀ဠာပေါင်း တိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာ တို့ သည် မိမိတို့ ဆင်ခြင်စဉ်းစားခဲ့ကြသော အမေးပုစ္ဆာ ပြဿနာများကို မေးလျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် သန်ခေါင်ယံ တစ်ချိန်လုံး အမေးပုစ္ဆာ ပြဿနာအလိုက် နတ်ဗြဟ္မာတို့ သံသယပြေကင်းအောင် ဖြေရှင်း ဟောပြတော်မူရလေသည်။ မင်္ဂလသုတ် စသော သုတ် တော်များသည် နတ်ဗြဟ္မာများ မေးလျှောက်သဖြင့် ဤသန်ခေါင်ယံ၌ ဟောကြား ဖြေရှင်း တော်မူခဲ့သော သုတ်တော်များ ဖြစ်လေသည်။

() ပစ္ဆိမယာမကိစ္စ = (နံနက် ၂ နာရီမှ ၆ နာရီ) မိုးသောက်ယံ လုပ်ငန်းစဉ်။
ပစ္ဆိမယံ ခေါ် မိုးသောက်ယံကို သုံးပိုင်း (တစ်နာရီနှင့် မိနစ် ၂၀) ခွဲဝေတော်မူလျက် ကျင့်ဆောင် တော်မူ လေသည်။

တစ်နေ့တာလုံး ဆောင်ရွက်တော်မူရသဖြင့် ကိုယ်လက် ပင်ပန်း နွမ်းနယ်မူ ပြေပျောက်စေရန် ပထမပိုင်း တစ်ချိန် စင်္ကြံကြွခြင်းဖြင့် ကုန်လွန်စေသည်။

ဒုတိယပိုင်း တစ်ချိန်မှာမူ ဂန္ဓကုဋီကျောင်းတော်သို့ ၀င်၍ လက်ယာနံတောင်းဖြင့် လျောင်းစက် တော်မူသည်။

တတိယပိုင်းအချိန် လျောင်းတော်မူရာမှ ထတော်မူပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ ရှေးရှေး ဘုရားရှင်တို့ အထံ၌ ဒါန သီလ စသည် ပြုခဲ့ဖူးသော ကုသိုလ်ပါရမီထူး ရှိသူများ ရှိ-မရှိ တစ်လောကလုံးကို ခြုံငုံ၍ ကြည့်ရူတော်မူလေသည်။

လယ်တီဆရာတော်။
နေ့ကိုကားလူ၊ ညမူရှေ့ယာမ်၊ သမဏံတည့်၊ လယ်ယာမ်ရှေ့ဖျားနတ်အများတို့ပြန်သွားတစ်ခါ၊ ဗြဟ္မာလာရောက်၊နောက်ယာမ်စက်လျောင်း၊ ညောင်းပန်းဖြေဖြောက်၊ နောက်ပိုင်းရောက်က၊ များမြောက်  ဝေနေ၊ ကြည့်ရှုလေသည်၊ ပရမေကိစ္စငါးပါးတည်း။

ကျမ်းကိုး။
၁။ ashinvicakkhana 
၂။ရွှေဘိုသီလာ