:include data='blog' name='google-analytics'/>

Saturday, September 28, 2013

မိုက်ခရိုဝှေ့ (Microwave oven) နဲ့ပတ်သက်တဲ့ သိထားသင့်သည်များ။

microwave2
 

မိုက်ခရိုဝှေ့ (Microwave oven) ကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီများ ရုရှားကိုကျူးကျော်စဉ်က တီထွင်ခဲ့ပါတယ်။ အိမ်သုံး မိုက်ခရိုဝှေ့ စက်တွေကိုတော့ ၁၉၆၇ မှာ အမေရိကန်ဒေါ်လာ ၄၉၅  နဲ့စတင်ရောင်းချခဲ့ပါတယ်။ ယခုအခါ လျှပ်စစ်မီး အမြဲရသော နိုင်ငံတိုင်းမှာ ရေခံသေတ္တာကဲ့သို့ မရှိမဖြစ်လိုအပ်တဲ့ မီးဖိုချောင်ပစ္စည်းဖြစ်နေပါပြီ။ ကျန်တဲ့ အပူပေးပစ္စည်းတွေလိုမဟုတ်ဘဲ အချိန်အနည်းငယ်အတွင်းမှာ အစားအသောက် တွေကို ပူစေနိုင်တဲ့အတွက် ချက်ပြုပ်ပြီးသားအစားအစာတွေကို နွေးရာမှာအလွန်အသုံးဝင်ပါတယ်။ မီးသွေး၊ရေနံဆီ၊လျှပ်စစ် အပူပေး ပစ္စည်းတွေလို အပြင်မှ အပူကြောင့် အစားအစာများပူလာတာမဟုတ်ဘဲ အစာထဲမှာရှိတဲ့ ဓါတ်တွေ (အထူးသဖြင့် ရေ ) ကို (wave)တုန်ခါ စေခြင်းဖြင့် အပူထွက်စေတာကြောင့် အချိန်တိုအတွင်းပူစေတဲ့ နည်းဖြစ်ပါတယ်။  wave သုံးတာမို့ အခြာ wave သုံးသော စက်ပစ္စည်း ဥပမာ ဓါတ်မှန်စက် (X ray စက်) လို ကျန်းမာရေးကိုအန္တရာယ်ဖြစ် / မဖြစ်အငြင်းပွါးခဲ့တာ ယနေ့အထိပါဘဲ။  wave ဆိုတိုင်း မတူ ပါဘူး။ wave တွေမှာ wave  length လှိုင်းလျား အရှည် အတို ပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုအမျိုးမျိုးရှိပါတယ်။ ဥပမာ ရေဒီရိုလှိုင်း၊ ယခုခေတ်စားနေတဲ့ လက်ကိုင်ဖုန်း စသည်။

အောက်ပါအချက်အလက်တွေက ပြင်သစ် အစားအသောက်နဲ့ပတ်ဝန်းကျင်ဆိုင်ရာ အထူးဆရာဝန် Docteur Eric Ménat, (docteur en médecine, spécialisé en nutrition et homéopathie à Toulouse et Président de l’Association Santé Environnement Sud-Ouest) ရဲ့ Microwave oven နဲ့ပတ်သက်ပြီးတွေ့ရှိချက်တွေဖြစ်ပါတယ်။

Microwave oven နဲ့ချက်တဲ့အစားအစာတွေဟာ ကင်ဆာဖြစ်နိုင်သလား   မဖြစ်ပါဘူး။

Microwave oven နဲ့ချက်တဲ့အစားအစာတွေမှာ အဟာရဓါတ် အထူးသဖြင့်ဗီတာမင်တွေလျော့သွားသလား   မလျော့ပါဘူး။

Microwave oven ကထွက်လာတဲ့ လှိုင်းတွေက အန္တရာယ်ပေးလား  မပေးပါဘူး။

 

ယခုခေတ်ပေါ် Microwave oven တွေဟာ အပြင်ကို wave တွေမထွက်အောင် ပြုလုပ်ထားပါတယ်။ မိမိရဲ့ Microwave oven ဟာ wave လုံ မလုံ ကို မိမိဘာသာစမ်းသပ်နိုင်ပါတယ်။ လက်ကိုင်ဖုန်းတစ်လုံးကို Microwave oven ထဲထဲ့ပိတ်ပြီး အပြင်မှ အဲ့ဒီလက်ကိုင်ဖုန်းကိုဆက်ကြည့်
ပါ လက်ကိုင်ဖုန်းအသံမြည်တယ်ဆိုရင် wave မလုံပါဘူး။ wave မလုံရင် ဘာလုပ်မလဲ Microwave oven သုံးထဲ့ အချိန် Microwave oven အနားမှာမနေပါနဲ့  X ray ရိုက်တဲ့အခါ  X ray ဆရာတွေ အခြားအခန်းမှာနေသလို Microwave oven မရှိတဲ့အခန်းမှာနေပါ။

အန္တရာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ Microwave oven သုံးတဲ့အခါအောက်ပါ အချက်များကို သတိထားခြင်းဖြင့် ပိုမို အန္တရာယ်ကင်း စေနိုင်ပါတယ်-

၁။ အပူပေးမဲ့ စားစရာတွေကို ပလပ်စတစ် ပစ္စည်းတွေထဲမှာထဲ့ပြီးအပူမပေးပါနဲ့ ဥပမာ ပလပ်စတစ် ခွက်၊အိပ်၊ဘူးစသည်။ (အပူကြောင့်  ပလပ်စတစ် တွေကအဆိပ်ဓါတ်တွေထွက်ပါတယ်)။
၂။ အပူပေးမဲ့ စားစရာတွေကို ပလပ်စတစ် Filmနဲ့ ဖုံးမထားပါနဲ့။ ပုဂံပြားဖြင့်ဖုံးပါ။
၃။ အချိန်အတိုဆုံးအသုံးပြုပါ။
၎။ ခလေးများအတွက် နို့ကို Microwave oven တွင်မနွေးပါနဲ့ ရေနွေးရောပြီးသုံးပါ။
၅။ သံထည်ပစ္စည်း၊ ရွှေနံခန်းသားပါသောပစ္စည်းများ၊ ကြက်ဥစသည်များအသုံးမပြုပါနဲ့ ပေါက်ကွဲတတ်သည်။
၆။ ရေစသည် အရည်များဥပမာ ကော်ဖီစသည်အပူပေးလျှင် အငွေ့မထွက်သဖြင့် လက်ဖြင့်ကိုင်လျှင်လက်လောင်နိုင်သည်။

 
 
 
Ref
၁။ 24/09/2013 ပြင်သစ် TV 2 နံနက်ပိုင်းအစီအစဉ်။
၂။ http://en.wikipedia.org/wiki/Microwave_oven
၃။Reviewed by QualityHealth’s Medical Advisory Board

Saturday, September 21, 2013

လေ့ကျင့်ခန်းလုပ်ရမှာလည်းပျင်းတယ်။ အစားလည်းမလျော့နိုင်ပါဘူး။ ကိုယ်အလေးချိန်ပဲကျချင်ပါတယ်ဆိုသူတွေအတွက်စားစရာ။


 
 
ကျမတို့ ကိုယ်ခန္ဓာကြီးက ဓါတ်ပေါင်းဖိုကြီးလိုပဲ စားလိုက်တဲ့ အစာတွေကနေ အသက်ရှင်ဖို့၊ လှုပ်ရှားဖို့၊အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ စွမ်းအင်တွေကိုထုတ်လုပ်ပါတယ်။ အဲ့ဒါကို (metabolism ဇီဝဓါတုလုပ်
ငန်း) လို့ခေါ်ပါတယ်။ metabolism ကတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ metabolism များတဲ့သူက
အစာစားတာများပေမဲ့ ပိန်တယ်။ အလုပ်လုပ်တာမြန်တယ်။ ကိုယ်အပူချိန်များတယ်။ metabolism နည်းတဲ့သူတွေက အစာစားတာနည်းပေမဲ့ ၀ တယ်။ အလုပ်လုပ်တာနှေးတယ်။ ကိုယ်အပူချိန်နည်းတယ်။
metabolism အနည်းအများ ကိုကျမတို့ လည်ပင်မှာရှိတဲ့ thyroid ဆိုတဲ့ အကျိတ်ကထွက်တဲ့ ဟော်မုန်း (Hormone)၊ သိုက်ရိုစင်း (Thyroxin) ကထိန်းချုပ်ပါတယ်။ တစ်ချို့ အစားအစာတွေက လည်း  metabolism ကိုမြန်စေပါ တယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ရမှာလည်းပျင်းတယ်။ အစားလည်းလျော့ မစားနိုင်တဲ့ ကိုယ်အလေးချိန် ကျချင်တဲ့သူတွေ metabolism များစေတဲ့ အစာ တွေစားခြင်းအားဖြင့် ကိုယ်အလေးချိန်ကို ကျစေနိုင်ပါ တယ်။ metabolism များစေတဲ့အစာတွေကတော့-

၁။ ငါး။ အထူးသဖြင့် အဆီနည်းသော ဆလမွန်ငါး၊ ငါးသေတ္တာငါး၊ကတ်ကတစ်ငါးတွေစားသင့်ပါတယ်။ ငါးတွေမှာ ကျမတို့လိုအပ်တဲ့ အသားဓါတ်တွေပါတဲ့ အပြင် အိုမီဂာ ၃၊၆ လည်းပါဝင်ပါတယ်။

၂။ ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ဆီအနေနဲ့ ဟင်းရွက်ဆီတွေအသုံးပြုရပါမယ် အကောင်းဆုံးက သံလွင်ဆီပါ။ တတ်နိုင်ရင်ဆီနည်းနိုင်သမျှနည်းနည်းထဲ့ချက်ပါ၊ဆီမပါပဲရေလုံချက်ရင်ပိုကောင်းပါတယ်။


၃။ ပဲနီလေးကို တစ်ပတ်တစ်ခါချက်စားရင် လိုအပ်တဲ့အသားဓါတ်၊ကဆီဓါတ်၊နဲ့ အမျှင်ဓါတ်တွေ        ရရှိစေပြီးဗိုလ်ချပ်စေပါတယ်။

၎။ ဟင်းသီးဟင်းရွက်အမျိုးမျိုး။ အထူးသဖြင့် သခွါးသီး၊ကဇွန်ရွက်၊မြင်းခွါရွက်၊ဒန့်ဒလွန်ရွက်နဲ့အသီး၊ပန်းမုံလာ၊ဂေါဖီ၊မုံလာဥနီ၊ဂေါရခါးသီးနဲ့အညွှန့်၊ဘူးသီးနဲ့ဘူးညွှန့်၊ခရမ်းချဉ်သီး၊ခရမ်းသီး၊ပန်းငရုပ်သီး။
 
သခွါးသီးဟာ metabolism များစေတဲ့အပြင် သဘာဝဆီးဆေးဖြစ်တာကြောင့် ကိုယ်ထဲရေပိုတွေကို ထွက်သွားစေပါတယ်။

ကညွတ်မှာဗီတာမင် အေ၊ဘီ၊စီ၊အီးတွေအပြင် အရေပြားအတွက်အရေးပါတဲ့ဇင့်ဓါတ်နဲ့ အပိုရေဓါတ်ကို ဖဲရှားပေးပါတဲ့ပိုတက်စီရမ်တို့ ပါတဲ့အပြင်ကိုယ်မှ ကညွတ်ရဲ့ အရောင်သက်သာစေတဲ့ သတ္တိကြောင့် ၎င်းကိုရှေးအခါကပင် အဆစ်အမြစ်ကိုက်ခဲရောဂါ  (arthritis and rheumatism) များမှာ အသုံးပြုခဲ့ကြပါတယ်။

ခရမ်းချဉ်သီးတွေဟာအစွမ်းထက်တဲ့ အဆိပ်ဖြေဆေးတွေဖြစ်တဲ့အပြင် metabolism နဲ့ ခံတွင်း (appetite) ကိုထိန်းချုပ်တဲ့ leptin ရဲ့သတ္တိတွေကိုခြေဖျက်နိုင်တာကြောင့် အဆီချရာမှာ အလွန် အစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။

။ အသီးအမျိုးမျိုး။ အထူးသဖြင့် ဖရဲသီး၊နာနတ်သီး၊သင်္ဘောသီး၊ ထောပတ်သီး၊မက်မွန်သီး၊စတောဘယ်ရီသီး၊ငှက်ပျော်သီး၊ပန်းသီး၊သစ်တောသီး၊ဇီးသီး၊။
ဖရဲသီးမှာ ဗီတာမင်စီနဲ့ပိုတက်စီရမ် များစွာပါဝင်တယ်။ ကယ်လိုရီနည်းပြီး အဆိပ်ခြေသတ္တိနဲ့ ကိုယ်ထဲကရေအပိုတွေကိုဖယ်ထုတ်နိုင်တဲ့အစွမ်းတွေရှိပါတယ်။

နာနတ်သီးမှာအစာခြေတဲ့ အင်ဇိုင်း (enzymes) ပါတာကြောင့် ရင်ပြည့်ရင်ကယ်ခြင်းကို သက်သာ စေပါတယ်။ သဘာဝ သကြားဓါတ်ပါဝင်တာကြောင့် အချိုစားချင်တဲ့ ချင်ခြင်းကိုလည်းလျော့စေပါတယ်။

ထောပတ်သီးမှာ ပိုတက်ဆီရမ်၊မက်ဂနီဆီရမ်တို့ပါဝင်ပါတယ်။ ဒါကြောင် ကိုယ်တွင်းရေဓါတ်ကိုထိန်းပေးတဲ့
အပြင်ဝမ်းမှန်စေပါတယ်။

မက်မွန်သီးသည် ၀မ်းမှန်စေတဲ့အပြင် ဆီးများစေပါတယ်။

စတော်ဘဲရီသီးတွေမှာအမျှင်ဓါတ်တွေပါပြီး၊ ကယ်လိုရီဓါတ် (စွမ်းအင်) နည်းပါတယ်။

ငှက်ပျော်သီးစားရင် ၀တယ်လို့ထင်ကြတယ်။ တကယ်က ငှက်ပျော်သီးမှာ ပါဝင်တဲ့အမျှင်တွေနဲ့ ဥဏှောက်မှတစ်ဆင့် ဗိုလ်ပြည့်တဲ့ ခံစားမှုကြောင့်ကိုယ်အလေးချိန် ကျစေတဲ့အသီးဖြစ်ပါတယ်။ ငှက်ပျော်သီးမှာ ပါဝင်တဲ့ဇင့်ဓါတ်ကြောင့်အသားလှစေပြီး ပိုတက်ဆီရမ်ကြောင့်ရေပိုမရှိအောင် လည်းကူညီပါတယ်။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့တွေ့စရာမလိုဘူးလို့ ဆိုရိုးပြုရအောင် ကျန်းမာရေး အတွက်အလွန်ကောင်းတဲ့အသီးဖြစ်တဲ့အပြင်၊ ရင်ပြည့်စေတာမို့ အလေးချိန်ကျစေပြန်ပါတယ်။

၆။ သံပုရာ၊ရှောက်သီး၊  ဂရိတ်သီး (grape fruit)၊ကျွဲကော်သီးတို့ဟာ သဘာဝဆီးဆေးများဖြစ်တဲ့အပြင်
အဆိပ်ဖြေဆေးလည်းဖြစ်ပါတယ်။ တစ်နေ့ သံပုရာသီး တစ်လုံးစားရင် ကိုယ်မှာအဆီမရှိဘူးလို့ဆိုရိုးရှိပါတယ်။
 
၇။ ဒိန်ချဉ်မှာ အစာခြေရာမှာကူညီတဲ့ bacteria ပိုးတွေပါဝင်ပါတယ်။ ဒိန်ချဉ်ဟာရင်ပြည့် ရင်ကယ်ခြင်းတို့ကိုလည်းသက်သာစေပါတယ်။

၈။ စပါးလင်ကို ဟင်းတွေ အထူးသဖြင့် ငါးဟင်း၊အသားဟင်းတွေမှာထဲ့ချက်သင့်ပါတယ်။ ၎င်းဟာ ကိုယ်ထဲက အဆီပိုတွေကို ထွက်သွားစေပါတယ်။ စပါးလင်ဟာ အစာလမ်းကြောင်း အတွင်း ရောင်ရမ်းခြင်းကို သက်သာစေတဲ့အပြင် သွေးသွားလာမှုကိုလည်းကောင်းစေပါတယ်။

၉။ ဂျင်းဟာ အရောင်သက်သာစေပြီး၊အဆိပ်ခြေခြင်း၊ပျို့အံ့ခြင်းကိုလည်းသက်သာစေပါတယ်။ ၎င်းမှာ zingibain အင်ဇိုင်းပါဝင်တာကြောင့် အသားဓါတ်များခြေချက်ခြင်းကိုကူညီပါတယ်။

၁၀။ သစ်ကြံပိုးခေါက်က အင်ဆူလင်ဟော်မုန်းကိုထွက်စေတဲ့အပြင်၊အဆီတွေကိုဖျက်ဆီးပေးပါတယ်။
၁၁။ ငရုပ်ကောင်း။ ဟင်းချိုများ၊အသားဟင်းများတွင်ထဲ့သွင်းချက်ပြုပ်ပါက ကိုယ်အလေးချိန်ကျစေတဲ့ အပြင် ရင်ပြည့်ရင်ကယ်ခြင်းတို့ကိုလည်းပျောက်ကင်းစေပါတယ်။
 
၁၂။ တရုပ်နံနံကို (minus-calori ) စွမ်းအင်အနှုတ်အစာလို့ခေါ်ပါတယ်။ ဆိုလိုတာက သူ့ကိုစားရင်သူ့ဆီကစွမ်းအင်ရတာထက် သူ့ကိုခြေဖျက်ရတဲ့စွမ်းအင်ကပိုကုန်လို့ပါ။ ၎င်းဟာကိုယ်ထဲက အဆိပ်တွေကို ခြေဖျက်နိုင်တဲ့အပြင်ရေအပိုသိုလှောင်မှုကိုလည်းနည်းစေပါတယ်။
 
၁၃။ ကြက်သွန်နီ၊ဖြူ။ ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin ကြောင့် bacteria နဲ့ virus ရောဂါပိုးများကို သတ်နိုင်ပါတယ်။ ကြက်သွန်ဖြူစားခြင်းကြောင့် အစာလမ်းကြေင်းကိုရောဂါ ကင်းစေခြင်းဖြင့် ဗိုလ် ဖေါင်း ပွခြင်းကို ကာကွယ်ပေးပါတယ်။ ၎င်းအပြင်ကြက်သွန်ဖြူမှာအဆိပ်ဖြေဓါတ်လည်းများစွာပါဝင်ပါတယ်။


၁၄။ ငရုပ်သီးဟာ metabolism ကိုတိုးစေတဲ့အတွက် ကိုယ်ထဲကအဆီတွေကို ကျစေပါတယ်။
၎င်းအပြင် ငရုပ်သီးတစ်ထောင့်စားခြင်းဖြင့် တစ်နေ့တာလိုအပ်တဲ့ carotene တွေရရှိစေပါတယ်။
carotene ဟာ အရေပြား၊ဆံပင်၊ခြေသဲလက်သဲတွေကိုလှပစေပါတယ်။ နှစ်နေ့စာလိုအပ်တဲ့
ဗီတာမင် စီ ကိုလည်း ရစေပါတယ်။ ဗီတာမင် စီ ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (anti-oxidant) ဖြစ်တာကြောင့် သွေးထဲမှာရှိတဲ့အဆိပ်တွေ ၊ပြင်ပမှရောက်ရှိလာသော ပိုးမွှားစသည်တို့ကို တိုက်ထုတ်ပေးပါတယ်။

 ၁၅။ နေကြာစေ့မှာ အမျှင်ဓါတ်တွေများစွာပါရှိတဲ့အတွက် ဗိုလ်ဆာခြင်းကိုသက်သာစေ ပါတယ်။ ၎င်းအပြင်ဗီတာမင် အီး များစွာပါဝင်တာကြောင့် အရေပြားကျန်းမာရေးကို ထောက်ပံ့ ပါတယ်။

ဗန်ဒါသီးမှာအမျှင်ဓါတ်၊ဗီတာမင်အီးနဲ့ အသားဓါတ်တွေပါဝင်တာကြောင့် အဆာပြေစေတာကြောင့် အပိုအစာစားခြင်းမှသက်သာစေပါတယ်။
 ၁၆။ နွယ်ချိုမှာဗီတာမင် စီ၊ ပိုတက်ဆီရမ်၊ မက်ဂနီစ် နဲ့ အမျှင်ဓါတ် တို့များစွာပါဝင်ပါတယ်။  ရှေးနှစ်ပေါင်းများစွာကပင်အစာခြေဆေးအဖြစ်အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီဓါတ်တွေကြောင့် ဗိုလ်ဆာသက်သာစေခြင်း၊ ကိုယ်ထဲကအဆိပ်တွေထွက်စေတဲ့အပြင် အပိုရေတွေကိုလည်း ထွက်သွားစေပါတယ်။
 
၁၇။ ပင်စိမ်းကို ဟင်းချက်ရာမှာထဲ့ချက်နိုင်သလို၊ ရေနွေးကြမ်းထဲမှာတစ်ရွက်နှစ်ရွက်လောက်ထဲ့ပြီး ထမင်းစားပြီးတဲ့အခါသောက်ပေးရင် ကိုယ်အလေးချိန်ကျစေတဲ့အပြင် အစာအိမ်နာကိုသက်သာစေခြင်း၊အရေပြားသန့်စင်စေတဲ့အကျိုးတွေပါထပ်ဆင့်ရစေပါတယ်။ တစ်နေ့ ပင်စိမ်းတစ်ရွက်စား ရင် ကင်ဆာ မဖြစ်ဘူးလို့ ဆိုရိုးရှိပါတယ်။

၁၈။ ကျောက်ပွင့်မှာ Thyroxin ဟော်မုန်းအတွက်လိုအပ်တဲ့ အိုင်အိုဒင်းသတ္ထုဓါတ်များစွာ ပါဝင်တဲ့
အတွက် လည်ပင်းကြီးရောဂါနဲ့ ခလေးငယ်များဥဏှောက်ပျက်ရောဂါများကို လည်းကာကွယ် နိုင်ပါတယ်။ ၎င်းအပြင်သတ္ထုဓါတ် အမျိုးများစွာပါရှိတဲ့ အတွက်ကိုယ်ထဲက အဆီနဲ့အပိုရေတွေကိုထွက်သွားစေပါတယ်။

၁၉။ လ္ဘက်ခြောက်ဟာ metabolism ကိုတိုးစေတဲ့အပြင် ကိုယ်ထဲက အပိုရေတွေကိုလည်း ထုတ်ပေး ပါတယ်။ ရေနွေးကြမ်းမှာပင်စိမ်းတစ်ရွက်ထဲ့သောက်ရင် ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် အဆီကိုလည်းကျစေပါတယ်။

၂၀။ အသားအနေနဲ့ အဆီနည်းတဲ့ အမဲသားက ၀က်သားထက်ပိုကောင်းပါတယ်။ ၎င်းတို့ထက် ကြက်၊ဘဲတွေရဲ့အဆီက ပိုပြီးအန္တရာယ်ကင်းတာမို့ ကြက်ငှက် ကိုပိုစားသင့်ပါတယ်။ ကြက်နဲ့ဘဲမှာတောင် အဆီနည်းတဲ့ ကြက်သားကပိုကောင်းပါတယ်။
 ချက်ပြုပ်တဲ့နေရာမှာ ကျော်တာ၊ ဆီပြန်ချက်တာထက်၊ ဆီမပါတဲ့ ပြုပ်ခြင့်းပိုကောင်းပါတယ်။ ကင်တဲ့အခါ
ဆီမပါပေမဲ့၊တူးတဲ့အသားတွေနဲ့ ၎င်းမှာကပ်နေတတ်တဲ့ မီးသွေးမှုန့်တွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။

ကျန်းမာရေးအတွက်အသိပညာတွေတိုးပြီးသွယ်လျတဲ့ကိုယ်လုံးပိုင်ရှင်များဖြစ်ကြပါစေ။
ကျမ်းကိုး

 






 

 

 




 
 
 

 


 


 

Saturday, September 14, 2013

မျတ်နှာပေါ်မှ အမဲမှတ်များ မြန်မာ့နည်းဖြင့်အန္တရာယ်ကင်းစွာပယ်ဖေါက်နည်း




မျတ်နှာပေါ်တွင် ထိခိုက်ဒါဏ်ရာ ရလို့ပဲဖြစ်ဖြစ်၊နေလောင်လို့ဖြစ်ဖြစ်၊၀က်ခြံပေါက်လို့ဖြစ်ဖြစ် အမဲမှတ်များ အဖြစ်ကျန်နေတတ်ပါတယ်။ အဲ့ဒီအမဲမှတ်တွေကိုဖြေဖျောက်နိုင်တယ်ဆိုတဲ့ ဆေးတွေ မိတ်ကပ်တွေ အမျိုးမျိုးရှိပေမဲ့ တစ်ချို့မှာ ပိုက်ဆံသာကုန်သွားတယ် မပျောက်တဲ့အပြင် အမဲမှတ် တောင်ပိုကြီးလာ တတ် ပါတယ်။ ယခုခေတ်မှာတော့ အရေပြားဆရာဝန်ဆီသွားပြီး liquid nitrogen နဲ့ဖျောက်နိုင်ပါတယ်။ liquid nitrogen ဆိုတာ nitrogen ဓါတ်ကို zero degree အောက် -200 အထိအေးအောင်လုပ်လိုက်ရင် nitrogen ဓါတ်ငွေ့ကနေ nitrogen ဓါတ်အရည်အဖြစ်ကိုပြောင်းသွားပါတယ်။ အဲဒီ ဓါတ်အရည်နဲ့ အမဲမှတ်ကို တို့လိုက်ရင် အအေးဓါတ်ကြောင့် အမဲမှတ်ကိုစားသွားပါတယ်။ (အပူမှမဟုတ်၊အအေးဓါတ် ကလည်း အသားကိုလောင်စေပါတယ်)။ တစ်ပတ် နှစ်ပတ်လောက်ကြာရင် အမဲမှတ်ပျောက်သွားပါတယ်။ nitrogen ဓါတ်အရည်နဲ့တို့ပြီးရင် တို့ထားတဲ့နေရာကိုနေရောင် မထိအောင်ဂရုစိုက်ရပါတယ်။ မဟုတ်ရင် အမဲမှတ် မပျောက်တဲ့အပြင် ပိုတောင်မဲနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းကို ပြင်သစ်နိုင်ငံပါရီမြို့မှာ အလင်းရောင်နည်းတဲ့ ဆောင်းတွင်းမှာသာ လုပ်ပေးပါတယ်။

    အထက်ပါနည်းလို ပိုက်ဆံလည်းမကုန်၊ ဆရာဝန်ဆီသွားစရာလဲ မလို၊ နေရောင်ရှောင်စရာလဲမလိုတဲ့ လွယ်ကူစွာပယ်ဖေါက်နည်းရှိပါတယ်။ အဲ့ဒါကတော့ အမဲမှတ်နေရာကို ကွမ်းရွက်အစလေးကပ်ထားရုံပါ။
မျက်နှာသစ်ပြီး အမဲမှတ်နေရာမှာ သေချာဆေးထားတဲ့ကွမ်းရွက်ကို ကပ်ထားလိုက်ပါ။ နေ့စဉ်ကပ်ပေးရင်
တစ်ပတ်လောက်ကြာရင် အမဲရောင်ဖျော့လာပြီ။ တစ်လ အကြာမှာလုံးဝပျောက်သွားတာတွေ့ရပါမယ်။

ပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာပိုင်ရှင်များဖြစ်ကြပါစေ။

Sunday, September 8, 2013

အန္တရာယ်မဖြစ်အောင် ငရုပ်သီး ဘယ်လိုစားမလဲ။



ကျမ တို့ငယ်ငယ်က ငရုပ်သီးစားရင် မျက်စိမှုန်မယ်၊တကိုယ်လုံးပူမယ်ဆိုပြီး ခလေးတွေကိုမကြွေးပါဘူး။
ဟုတ်ပါတယ်။ ငရုပ်သီးဟာ ပူစပ်တဲ့ အရသာရှိတာကြောင့် ခလေးငယ်များနဲ့မသင့်တော်ပါဘူး။ နောက်ပြီး
အစာအိမ်နံရံကို ကလိတာကြောင့် (irritation) အစာအိမ်ရောဂါသည်များအတွက်မသင့်တော်ပါဘူး။ ဒါပေမဲ့သူ့မှာ အဖိုးတန်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေများစွာပါဝင်ပါတယ်။

၁။ သူ့မှာပါတဲ့ capsaicin ဓါတ်ကြောင့် သူ့ရဲ့အရသာနဲ့အနံကိုဖြစ်စေတာပါ။ ဒါပေမဲ့ဒီဓါတ်ဟာ ဘက်တီရီးယားပိုးတွေ၊ကင်ဆာဆဲလ်တွေကိုသတ်နိုင်ပြီး၊ ဆိုးဝါးတဲ့အဆီဓါတ် (LDL) ကိုလျော့စေ တယ်။ အနာ သက် သာစေတယ် (analgesic)။ ဆီချိုရောဂါကိုသက်သာစေတယ်ဆိုတာကို
ဓါတ်ခွဲခန်းက နိ့တိုက်တိရစ္ဆာန်တွေမှာစမ်းသပ်တွေ့ရှိပါတယ်။

၂။ လတ်ဆတ်တဲ့ အနီရောင်နဲ့အစိမ်းရောင်ငရုပ်သီးစိမ်း (fresh chili) တွေမှာ ဗီတာမင် စီ များစွာ           ပါဝင်ပါတယ်။ ငရုပ်သီးစိမ်း ၁၀၀ ဂရမ်မှာ ဗီတာမင် စီ ၁၄၄ မိုက်ခရိုဂရမ်ပါဝင်ပါတယ်။ ဗီတာမင် စီ         ဟာ ရေမှာပျော်ဝင်တဲ့ အစွမ်းထက်တဲ့ အဆိပ်ဖြေဆေး (anti-oxidant) ဖြစ်ပါတယ်။

၃။ ငရုပ်သီးမှာသတ္ထုဓါတ်တွေဖြစ်တဲ့ ပိုတက်စီရမ်၊မက်ကနီစီရမ် (magnesium)၊သံဓါတ်နဲ့ မက်ဂနီစ်ဓါတ် (manganese) တွေလည်းများစွာပါဝင်ပါတယ်။ ပိုတက်စီရမ်ဟာ ဆဲလ်နဲ့ကိုယ်တွင်းရေဓါတ် တွေရဲ့ အရေးပါတဲ့ဓါတ်ပစ္စည်းဖြစ်တာကြောင့် နှလုံးခုန်နှုန်းနဲ့သွေးချိန် (blood pressure) ကို ထိန်းချုပ်ပါတယ်။ မက်ကနီစီရမ် (magnesium) ကတော့ အဆိပ်ဖြေဆေး (anti-oxidant) တွေရဲ့ လုပ်ငန်းတွေကိုကူညီ  (co-factor ) ပေးပါတယ်။

၎။ ငရုပ်သီးမှာ ဗီတာမင် ဘီတွေ ဖြစ်တဲ့ niacin, riboflavin, ဗီတာမင် ဘီ ၁၊ ဗီတာမင် ဘီ ၆၊ တွေ လည်း ပါဝင်ပါတယ်။ ဒီဗီတာမင် တွေကို ကျမတို့ ကိုယ်ခန္ဓာ က မထုတ်လုပ်နိုင်ပဲ အပြင်အစားအစာက သာ ရရှိနိုင်တာမို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (essential vitamins) တွေ လို့ခေါ်ပါတယ်။


မြန်မာနိုင်ငံတွင်နေထိုင်သူများသတိထားရန်။
မြန်မာနိုင်ငံတွင် အထူးသဖြင့်မိုးရာသီလို ဆိုဆွတ်တဲ့အချိန်မှာ ငရုပ်သီးနဲ့မြေပဲတွေမှာမှိုတက်ပါတယ်။
အဲ့ဒီမှိုတွေက Aflatoxin လို့ခေါ်တဲ့ အလွန်ပျင်းတဲ့ ကင်ဆာဖြစ်စေတဲ့အဆိပ်တွေထွက်ပါတယ်။ အဲဒီ အဆိပ်တွေကိုအသဲမှာ အဆိပ်ဖြေတာမို့ အသဲကင်ဆာအများဆုံးဖြစ်စေပါတယ်။ ဒီအဆိပ်အများကြီး စားမိရင် ချက်ချင်းအသဲပျက်ဆီးခြင်း (Acute live necrosis ) ဖြစ်နိုင်ပြီး၊ နည်းနည်းခြင်းတာရှည်စားရင် အသဲကြုံ့ခြင်း (cirrhosis) နဲ့ အသဲကင်ဆာဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ အရက်မသောက်တဲ့၊ အသဲရောင်အသာဝါးပိုး (hepatitis B,C) လည်းမရှိတဲ့ မြန်မာ အမျိုးသမီးတွေမှာ အသဲကင်ဆာ   အဖြစ်များ တာဟာ ငရုပ်သီးအစားများလို့ပါ။ မိုးတွင်းမှာ ငရုပ်သီးခြောက် တွေရဲ့အတွင်းမှာမှိုတွေနဲ့ပြည့်   နေ တတ်ပါတယ်။ ဒီအဆိပ်ကရေဆေးလို့လဲတော်တော်နဲ့ထွက်မသွားပါဘူး။ ချက်ပြုပ်လို့လဲ မပျောက်  ပျက်ပါဘူး။ ရောင်းတမ်းငရုပ်သီးမှုန့်တွေကဈေးပေါ်တဲ့ မှိုပါတဲ့ငရုပ်သီးတွေနဲ့လုပ်တာများပါတယ်။ အချို့ငရုပ်သီးမှုန့်မှာ ကင်ဆာဖြစ်စေတဲ့ ဆိုးဆေးတွေလည်းပါတတ်ပါသေးတယ်။
ကျမတို့အိမ်မှာ ဟင်းချက်ငရုပ်သီးကို နွေဘက်မှာ မှိုမပါတဲ့ငရုပ်သီး တွေဝယ်၊အခြောက်လှမ်း၊ကြိတ်စက်နဲ့အမှုန့်ကြိတ်၊ ပုလင်းတွေနဲ့ခွဲပြီး၊နေ့စဉ်စားဖို့ကို (4C) ရေခဲသေတ္တာမှာထားပါတယ်။ ကြာကြာသိမ်းမဲ့ဟာ ကိုတော့ (Frozen) ခဲထားပါတယ်။ ငရုပ်သီးအလှော်မှုန့်ကိုလည်း၊ ငရုပ်သီးကို နွေမှာ ၀ယ် လှော်ပြီး၊ခဲထားပါတယ်။ အပြင်က ငရုပ်သီးပါတဲ့ ဟင်းတွေ (ငပိကျော်စသည်) ၀ယ် မစား ပါဘူး။ မုန့်ဟင်းခါး၊အသုပ် စတာမျိုး ၀ယ်စားရင် ကိုယ့်အိမ်က ငရုပ်သီးမှုန့်ပဲထဲ့စားပါတယ်။ အဲ့ဒါကြောင့်ထင်တယ် မေမေဟာ အသက် ၉၀ နှစ်မှာ (လွန်ခဲ့တဲ့ ၈ နှစ်ကဆုံးပါးပါတယ်)။ အဖေကတော့ ယခု အသက် ၉၈ နှစ် ရှိပါပြီ။ မိတ်ဆွေ တွေက ဘာအသက်ရှည်ဆေးတွေ တိုက်သလဲတဲ့ အသက်ရှည်ဆေးဆိုတာမရှိပါဘူး။ အစား အသောက် ဆင်ခြင်တာပါ။ အထူးသဖြင့် ငရုပ်သီးမှိုကိုဂရုစိုက်လို့ပါ။ ပြင်သစ်နိုင်ငံမှာ တင်သွင်းတဲ့အစားအစာတွေကို
စစ်ဆေးပါတယ်။ လွန်ခဲ့တဲ့ နှစ်က တရုပ်ပြည်ကတင်သွင်းတဲ့အစာတွေမှာ  Aflatoxins တွေတွေ့ရှိလို့ ဖျက်
ဆီးလိုက်တယ်ဆိုတဲ့သတင်းဖတ်လိုက်ရပါတယ်။

ငရုပ်သီး ၁၀၀ ဂရမ်စားလျှင်ရရှိမည့် တစ်နေ့စာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ် ရာခိုင်းနှုန်းများ

ဗီတာမင် စီ ၂၄၀%။
ဗီတာမင် ဘီ၆  ၃၉% ။
ဗီတာမင် အေ ၃၂%။
သံဓါတ်  ၁၃%။
ကြေးနီဓါတ် ၁၄%။
ပိုတက်စီရမ် ၇%။
. 

Ref
http://www.nutrition-and-you.com/chili-peppers.html

Tuesday, September 3, 2013

ကျမ စိုက်ပျိုးရေးလုပ်သား ။


 



စပ်စံထွန်းဆေးရုံသွေးဘဏ်မှာ သိပ်အလုပ်မများလို့ ကျမအခန်းနောက်ဘက်ကချုံတွေကို ၁၀၀ ကျပ် (ရွှေတစ်ကျပ်သား  ၂၀၀၀ ကျပ်) ပေးရှင်းခိုင်းပြီး ပန်းပင်တွေစိုက်ပါတယ်။ ရေနွေးပိုက် မရှိ တာကြောင့်။ မနက်ရေမချိုးခင်ခြံထဲဆင်းပြီး၊ မြေတွေပေါက်တူးနဲ့ပေါက်ပြီးချွေးထွက်မှရေချိုးပါတယ်။ တောင်ကြီးမြေက ဘာပင်စိုက်စိုက်ဖြစ်ပါတယ်။ ကျမခြံထဲမှာ နှင်းဆီ၊ ဒေစီပန်း၊ ဂန္ဓမာပန်း၊ လက်ထပ်ပန်း၊ နေကြာပန်းတွေအပြင် ဂေါ်ရခါးသီး၊ မြေပဲ၊အားလူး၊ကြက်သွန်ဖြူတွေလည်းစိုက်ပါတယ်။ သွေးဘဏ်မှာ ခလေးအတွက် သွေးလှူတဲ့ပစ္စည်း သတ်သတ်မရှိပါဘူး။ သွေးလှူရှင်ဆီက လူကြီးတစ်ယောက်စာအတိုင်း သွေးထုတ်ရပါတယ်။ ဒါပေမဲ့ ခလေးကိုယ်ထဲကို အကုန်သွင်းလို့မရပါဘူး။ သွေးလိုတဲ့ ခလေးလူနာ ၂ ယောက်ရှိရင် သွေးအမျိုးအစားလည်းတူရင်၊ သွေးတစ်ပုလင်းကို ခလေး ၂ယောက်ကိုခွဲပေးပါတယ်။ မဟုတ်ရင်တော့ ကျန်တဲ့သွေး တစ်ဝက်ကိုလွှင့်ပစ်လိုက်ရပါတယ်။ သွေးတွေ အလကားလွှင့်ပစ်ရမှာ နှမြောတာနဲ့ အိမ်ကို ယူလာပြီး ကျမရဲ့နှင်းဆီပင်တွေ သန်အောင်ဆိုပြီးလောင်းပါတယ်။ နောက်နေ့မနက် မှာတော့ ကျမရဲ့နှင်းဆီပင်တွေ အမြစ်တွေပေါ်ပြီးသေနေကြပါတယ်။  သွေးနံ့ကြောင့် ခွေးရက်လို့သေ ကုန်တာပါ။  မျက်တောင်မွေးတစ်ဆုံးသာ မြင်တဲ့ကျမရဲ့ အသုံးမကျမှုကြောင့်ပါပဲ။

         ခြံထဲက ပန်းတွေနဲ့ ဘုရားပန်းတင်၊ဧည့်ခန်းပန်းအိုးထိုးရတာအလွန်စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ခြံထဲက ပန်းတွေအရမ်းပွင့်သလို၊ရာသီဥတုကလည်းအေးတာမို့ ဘုရားပန်းတွေ၊ဧည့်ခန်းက ပန်းတွေက လည်း ၃-၄ ရက်နေလည်းမညိုးဘူး။ အဲ့ဒီအချိန်က တောင်ကြီးမြို့ပေါ်မှာ ပန်းကပ်စရာဘုရားလည်းမရှိဘုး။ ဒီတော့ အခန်းတိုင်းမှာ ပန်း တွေဝေနေအောင်ထိုးထားပါတယ်။

             ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိဿာဝယ်ပြီး ကျမခြံမှာစိုက်ပါတယ်။ ကြက်သွန်ဖြူတွေ တူးဖို့ အချိန်ကျလို့ တူးတော့ ကြက်သွန်ဖြူ ပိန်ညောင်ညောင် ၂၅ ကျပ်သား သာရပါတယ်။ ကျမ မြေဆွတာ မမွလို့ လို့ ပြောပါတယ်။ အဖေက တော့ အားပေးပါတယ်။ သမီး ကြက်သွန်ဖြူတွေ က အစိမ်းတို့စားလို့ရတယ် မစပ်ဘူးတဲ့။

         မြေပဲနဲ့ အားလူးလဲ ဒီလိုပါပဲ ။ စိုက်ပျိုးရေးလုပ်လို့ သီးနှံ့တွေ မတိုးပွါးလာပဲ လျော့နည်းကုန်လို့ ကျမ အဲ့ဒါတွေ မစိုက်တော့ပါဘူး။ ဂေါရခါးသီးကတော့ စိုက်စရာတောင်မလိုဘူး။ ခြံစည်းရိုးနားမှာချထားရုံနဲ့ အပင်ပေါက်ပြီးခြံစည်းရိုးကိုနွယ်သွားပါတယ်။ နေကြာပင်ကလည်း စိုက်လို့ အလွန်လွယ်ပါတယ်။ မြေတွင်းသေးသေးလေးဖြစ်အောင် ဒုတ်နဲ့ကလော်ပြီး နေကြာစေ့တစ်စေ့ထဲ့၊ မြေကြီးပြန်အုပ်ပြီး ဖနောင့်နဲ့ဖိလိုက်ရုံပဲ။ နေကြာစေ့တစ်ပွင့်ကနေ နေကြာစေ့တွေ နို့ဆီဘူးတစ်လုံးစာလောက်ရပါတယ်။ ဆရာဝန် quarter ကအိမ်ခန်းတွေက တော်တော်ကျယ်ပါတယ်။ ထမင်းချက်ခန်း၊ ဧည့်ခန်း၊ အိပ်ခန်း ၂ခုနဲ့ အပြင်    ၀ရမ်တာပါ ပါတယ်။ ကျမတို့ပြောင်းလာကာစက တစ်ခန်းနဲ့တစ်ခန်းကူရတာ ခြေထောက် တောင် ညောင်း လာပါတယ်။ မေမေနဲ့ကျမကအိပ်ခန်းတစ်ခုက နှစ်ယောက်အိပ်ခုတင်မှာအတူတူအိပ်ပါတယ်။ ကျန်အိပ်ခန်းမှာ ကွတ်ပစ် တစ်လုံး ရှိပါတယ်။ တစ်နေ့ နေကြာစေ့တွေ အခြောက်လှမ်းပြီး၊ သိပ်မခြောက်သေးတာနဲ့ ကွတ်ပစ်ပေါ်မှာ ဇကာနဲ့တင်ထားပါတယ်။ မနက်ကျတော့ နေကြာစေ့တွေ အားလုံး အခွံတွေပဲကျန်ပါတော့တယ်။ ညက ကြွက်တွေ နေကြာစေ့တွေကို အခွံ နွာစား သွားကြတာ အံ့သြစွာတွေ့လိုက်ရပါတယ်။  တိရစ္ဆန်ဆိုပေမဲ့ စားလို့ကောင်းတဲ့အဆံနဲ့ စားလို့မရတဲ့ အခွံ ဆိုတာခွဲခြား သိပါလား ?

         တနေ့မနက် စတော်ဘယ်ရီသီးတွေ သီးနေတာတွေ့လို ဘယ်နှစ်လုံးလဲလို့ရေတွက်ပြီး ၀မ်း သာ အားရ ဆေးရုံ ကိုထွက်သွားခဲ့ပါတယ်။ ထမင်းစားချိန်ပြန်လာတော့ ထမင်းမစားသေးပဲ စတော်ဘယ်ရီ သီးတွေ ထပ်သီးလာဆိုတာကြည့်ဖို့ ခြံထဲဆင်းခဲ့ပါတယ်။ ဒါပေမဲ့ တိုးဖို့နေနေသာသာ မနက်က စတော်ဘယ်ရီသီးတွေ တောင်မရှိတော့ပါဘူး။ ပရောဆိတ်တွေ စားသွား လို့ ကုန်ပါပြီ။ ပရောဆိတ် မစားနိုင်အောင် အသီးတွေအောက်က ကေါက်ရိုးတွေခံထားရတယ်တဲ့။ ကျွမ်းကျင်ရာလိမ္မာ ဆိုတာ သိပ်မှန်တာပဲ။

         ပြောင်းဖူးပင်ကလည်းစိုက်လို့လွယ်ပါတယ်။ နေကြာပင်လိုပဲစိုက်ရပါတယ်။ တစ်ပင်က နှစ်ဖူး၊သုံးဖူးလောက်သီးပါတယ်။ ခြံထဲက လတ်လတ်ဆတ်ဆတ်ခူးပြီးဖုတ်စားတာမို့ အလွန်ချိုပါတယ်။ အစားကောင်းစားရရင် ချစ်သူ ခင်သူတွေသတိရတတ်တဲ့အတိုင်း ရန်ကုန်က အဖေနဲ့ညီမတွေဆီကို စိုက်ခင်းတွေက သွားဝယ်ပြီး ရထားနဲ့ ပို့လိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ နောက်မပို့နဲ့တဲ့ ပြောင်းဖူးတွေကခြောက်နေလို့ အမှိုက်ပုံဆီတိုက်ရိုက်သွားပို့ရတယ်တဲ့။


         ဂေါ်ရခါးညွန့်တွေ၊ဖရုံညွန့်တွေကလည်း လတ်ဆတ်လို့ အလွန်ချိုပါတယ်။ အမအကြီးဆုံးက ဂေါ်ရခါးညွန့်ကြိုက်တာမို့ ရန်ကုန်ပြန်ရင် မြေသောက်ရေအိုးတစ်လုံးဝယ်ပြီးအထဲမှာ ဂေါ်ရခါးညွန့် တွေထဲ့ပြီးရန်ကုန်ကိုရထား (၀ါ) ကားနဲ့သယ်သွားရင် ရန်ကုန်အထိ လတ်ဆတ်နေပါတယ်။

 
         သစ်တော်သီးတွေလှိုင်လှိုင်ပေါ်တော့ ထုံစံအတိုင်း ရန်ကုန်ပို့ချင်စိတ်တွေပ်ါလာပါတယ်။ ဒါပေမဲ့ ပြောင်းဖူးလိုဖြစ်မှာစိုးတာနဲ့ ပို့ချင်တဲ့စိတ်အောင့်ထားရပါတယ်။ တစ်နေ့မနက် ဆေးရုံအသွား အပြင်လူနာ ဌာနအ၀င်မှာ လူရွယ်တစ်ယောက်က ဆရာမ နေကောင်းလားလို့နှုတ်ဆက်ပါတယ်။ ကျမ ဘယ်သူဆိုတာ မ မှတ်မိပါဘူး။ အပြင်လူနာဌာနမှာတာဝန်ကျစဉ်ကတစ်နေ့တစ်နေ့ လူ တစ်ရာ လောက်တွေ့နေရတာ ဆိုတော့ဘယ်လိုမှမမှတ်မိနိုင်ပါ ဘူး။ ဒါနဲ့ လူနာတစ်ယောက်ယောက်ဖြစ်မှာပဲဆိုပြီး နေကောင်းလာ ဘာလား ဆိုပြီးရောချပါတယ်။ လူရွယ်က ကျမ ရောကော် သောကော်လုပ်တာ ရိပ်မိသွားပြီး ဆရာမ ကျနော် လူနာမဟုတ်ပါဘူး။ ဆရာမ အဖေဆီမှာ ဒရိုင်ဘာလုပ်ဖူးတယ်လေတဲ့။ ကျမအဖေက ကုန်ကားတွေထောင်ထားပါတယ်။ သမီး လေးယောက်ရှိတာမို့ အိမ်ကိုသူ့ကားတွေရောကားဒရိုင်ဘာ တွေရော မလာစေပါဘူး။ ဒီလူကတော့ ဘယ်တုံးက ကျမကိုမြင်ဖူးသွားမှန်းမသိပါဘူး။ ကျမအဖေ လည်းအခု ကားတွေရောင်းပြစ်ပြီး အငြိမ်းစားယူနေပါပြီ။ လူရွယ်ကထပ်ပြောပါတယ်။ အခုကျနော် ကုန်စိမ်းကားတွေမောင်းနေပါတယ်။ မနက်ရန်ကုန်ု ကုန်စိမ်းတွေအရောက် တစ်ညလုံးမောင်းပါတယ်။ ဆရာမ အိမ်ကိုပေးချင်တာရှိရင်ပေးပါတဲ့။ ၀မ်းသာလိုက်တာ။ ချက်ချင်း ဆေးရုံနောက်က သစ်တောခြံသွား
ဝယ်ပြီးဆေးရုံမှာတင်ထုပ်ပိုးပေးလိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ သစ်တော်သီးတွေ သိပ်ကောင်းတာပဲတဲ့။ လာပို့တဲ့သူကပြောသွားတယ်တဲ့ ဆရာဝန်လို့မပြောရဘူး။ အထုပ်ကို ပလပ်စတာတွေနဲ့ ကပ်ထားတယ်တဲ့။ သြ ဆေးရုံမှာတင်ချက်ချင်းထုပ်ပိုးပေးလိုက်ရတာ သူ သိမှ မသိပဲ။