:include data='blog' name='google-analytics'/>

Wednesday, August 29, 2012

အတွေးအခေါ်(Idea) ကောင်းတဲ့လေယဉ်ပျံလက်မှတ်သစ်။

New flight ticket abroad
After the theme ︰ to new ticket - will remember to use New flight ticket abroad



လက်မှတ်ဘေးကဟာဖြတ်ထုတ်လိုက်ပါ။ သူ့မှာ အဖိုနဲ့အမ သံလိုက်ဓါတ်ပါ ပါတယ်။


လက်မှာပတ်လိုက်တဲ့အခါ အချိန်ပေါ်လာပါတယ်။

Tuesday, August 21, 2012

အနာရွတ်(Scar) မပေါ်အောင်ခွဲစိပ်ကြမယ်။


မေ့ဆေးတွေပေါ်လာတဲ့နောက်ပိုင်းမှာဗိုလ်ထဲမှာရှိတဲ့အင်္ဂါတွေမှာရောဂါဖြစ်လာရင်၊ရောဂါဖြစ်တဲ့ အင်္ဂါကို ဗိုလ်ခွဲပြီးကုသကြပါတယ်။ ခွဲစိပ်ပြီးတဲ့အခါ ရောဂါပျောက်သွားပေမဲ့ခွဲစိပ်ထားတဲ့ဒါဏ်ရာက အရုပ်ဆိုးစွာ ကျန်ခဲ့ပါတယ်။ ဒီဒါဏ်ရာကိုလူနာရော၊ခွဲစိပ်ဆရာဝန်ပါ မမြင်ချင်ကြပါဘူး။ ဒါကြောင့်တတ်နိုင်သမျှ ဒါဏ်ရာကိုသေးနိုင် သမျှသေးအောင်၊ တတ်နိုင်သမျှအရုပ်မဆိုးအောင်ကြံဆကြပါတယ်။



 



  ခွဲထားတဲ့ဗိုလ်ကို ပြန်စေ့အောင်အကျီ င်္ချုပ်သလို အပ်၊အပ်ချည်နဲ့ပြန်ချုပ်ရပါတယ်။ အပ်ချည်ရှိနေရင်အနာ မကျက်ပါဘူး။ ပြီး အပ်ပေါက်ရာတွေကလည်းဒါဏ်ရာမှာအရုပ်ဆိုးစွာကျန်နေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အသားဖြစ် သွားမဲ့အပ်ချည်တွေတီထွင်လာပါတယ်။ အဲ့ဒီအပ်ချည်တွေက အသားဖြစ် သွားတာမို့ ချည်ပြန်ထုတ်စရာ မလိုတော့ပါဘူး။



နောက်ထပ်တီထွင်တာကတော့ အပ်ရာတွေမထင်အောင်လို့ အပ်၊အပ်ချည်တွေနဲ့ ခွဲထားတဲ့အသားတွေကို စေ့စပ်အောင်မလုပ်တော့ပဲ ချိတ်များ၊ကော်များအသုံးပြုလာပါတယ်။





နောက်တပ်တီထွင်မှုတစ်ခုကတော့ ခွဲရာကို သဘာဝဒါဏ်ရာလိုဖြစ်နေတဲ့ ချက် နေရာမှာဖြစ် အောင် လုပ်ပါတယ်။



 

Bikani ခေါ်တဲ့ ရေကူးဝတ်စုံ အသေးလေးအောက်မှာ ဖုံးနေ အောင် ခွဲစိပ်ကြပါတယ်။ ဒီနည်းတွေက ကောင်းပေမဲ့ အင်္ဂါအသေးလေးတွေကိုသာခွဲစိပ်နိုင်ပြီး၊ ဒါဏ်ရာလုံးဝ မရှိအောင်တော့မလုပ်နိုင်ပါဘူး။









အခု ၂၁ ရာစုမှာ တိုးတက်လာတဲ့ ပစ္စည်းကရိယာများကိုအသုံးပြုပြီးတော့ ဓါးဒါဏ်ရာလုံးဝ မပေါ်အောင်
ကြိုးစားလာကြပါတယ်။ အဲ့ဒီနည်းကတော့ ကိုယ်မှာရှိတဲ့သဘာဝအပေါက်များကနေ ကိုယ်တွင်း အင်္ဂါများ ကိုခွဲစိပ်တာဖြစ်ပါတယ်။ အဲ့ဒီနည်းကို 'natural-orifice surgery' လို့အမည်ပေးထားပါတယ်။ ခွဲစိပ်ဆရာ   ၀န်တွေအသုံးပြုတဲ့ သဘာဝအပေါက်တွေကတော့ ပါးစပ်ပေါက်၊ စအိုပေါက်၊ ဆီးပေါက်၊ မိန်းမကိုယ် တို့ဖြစ်ပါတယ်။ ခွဲစိပ်ရမဲ့အင်္ဂါရဲ့ အရွယ်နဲ့ တည်နေရာပေါ်မူတည်ပြီးသင့်တော်တဲ့အပေါက်ကိုအသုံးပြုပါတယ်။
ယခုထက်ထိတော့  အူအတက်ရောင်ရောဂါ၊ သားအိမ်ရောဂါ၊ကျောက်ကပ်ရောဂါ၊ အူသိမ်ရောဂါ၊အူမကြီး ရောဂါ၊ သဲခြေအိပ်ရောဂါများကိုအောင်မြင်စွာ ခွဲစိပ်ကုသ နိုင်ခဲ့ကြပါတယ်။ ဆေးရုံတိုင်းကခွဲစိပ်ဆရာဝန် တိုင်း ဒီခွဲစိပ်မှုများမလုပ်နိုင်သေးပါဘူး၊ အထူးရှည်လျားသေးငယ်သောခွဲစိပ်ကရိယာများလိုအပ်သလိုအဲ့ဒီ ခွဲစိပ် ကရိယာများနဲ့ခွဲစိပ်နိုင်တဲ့ခွဲစိပ်ဆရာဝန်များလိုအပ်တာမို့ ပြင်သစ်နိုင်ငံမှာ ပါရီမြို့နဲ့ စထပ်ဘိုမြို့နှစ်မြို့ကအထူးဆေးရုံ ၂ရုံမှာပဲ ခွဲစိပ်နိုင်ပါသေးတယ်။ အမေရိကားမှာ ခွဲစိပ်မှု ၅၀ သာခွဲစိပ်ခဲ့ရပါသေးတယ်။ ခွဲစိပ်ကုသမှုစရိက်က သာမန်ခွဲစိပ်မှုထက်ပိုဈေးကြီးပါတယ်။ ဒါပေမဲ့ လူနာအနေနဲ့မေ့ဆေးပြေတာနဲ့အိမ်ပြန်လို့ရပြီး၊ နောက် တစ်ရက် နှစ်ရက်မှာ အလုပ်ပြန်ဝင်နိုင်တာမို့ ဆေးရုံတင်ထားရတဲ့ အချိန်နည်း သွားခြင်း၊ အနာသက်သာဆေးများရဲ့ ကုန်ကျစရိုက်၊ အလုပ်ပျက်လို့ဆုံးရှုံး မဲ့ဝင်ငွေ လည်းမဆုံးရှုံး တော့ တဲ့အတွက်လူနာရော၊ဆရာဝန်ပါ ငွေကြေးအရ နှစ်ဦးနှစ်ဘက် မြတ်တယ်လို့ဆိုပါတယ်။ ဒီထက်မြတ်တာ ကတော့ လူနာရော၊ဆရာဝန်ပါမမြင်ချင်တဲ့ အရုပ်ဆိုးတဲ့ခွဲစိပ်ဒါဏ်ရာကိုမမြင်ရတော့ပါဘူး။ လူနာအနေနဲ့ ဗိုလ်ခွဲထားတဲ့အနာက နာတဲ့ခံစားမှုကို မခံစားရတော့ပါဘူး။ ကျမတို့ရဲ့ အထိအတွေ့ခံစားမှုကိုသိတာက ကျမတို့ရဲ့ကိုယ်မှာဖုံးထားတဲ့အရေပြားတွေနဲ့အသား (Muscle) ဖြစ်ပါတယ်။ အတွင်းအင်္ဂါတွေက ခွဲစိပ် တာကိုနာတဲ့ခံစား မှုမပေး ပါဘူး။

                    ဒီနည်းကို ပထမဦးဆုံး ၂၀၀၄ က India ကဆရာဝန်တွေက စတင်လုပ်ခဲ့ ပါတယ်။ အူအတက်ရောင်ရောဂါနဲ့ခွဲစိပ်ကုသရမဲ့လူနာတစ်ယောက်ဆေးရုံကိုရောက်လာပါတယ်။ ဒါပေမဲ့ လူနာရဲ့
ဗိုလ်မှာအရင် ခွဲစိပ်ထားတဲ့ အနာရွတ်တွေကြောင့်ထပ်ခွဲလို့မရဖြစ်နေပါတယ်။ သေရေးရှင်ရေး ကိစ္စဖြစ်နေ တာနဲ့ ဆရာဝန်တွေလည်း အူအတက်ကို ပါးစပ်ကအောင်မြင်စွာခွဲထုတ်ခဲ့ပါတယ်။ သူတို့ခွဲစိပ်တာကိုလည်း video ရိုက်ထားပါတယ်။ ဒီအောင်မြင်မှုက အခြားသောခွဲစိတ်ဆရာဝန်များကိုပါ စိတ်ဝင်စားစေ ခဲ့တာ ဖြစ်ပါတယ်။


ဒီနည်းအောင်မြင်ပါစေကြောင်းနဲ့ ကမ္ဘာတစ်လွှားကလူနာတိုင်းအတွက်အသုံးပြုနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။




Friday, August 17, 2012

ဘတ်စကား (Bus) ပေါ်ကဒုက္ခများ။


            သက်တန့်ချိုရဲ့ဝက်ဆိုဒ်က (သူ့ဆိုဒ်ကကျန်းမာရေးဗဟုသုတအပြင်၊ အထွေထွေ ဗဟုသုတတွေနဲ့ စုံလင်တဲ့ဖတ်ဖို့အလွန်ကောင်းတဲ့ပိုစ့်လေးပါ)။ နှစ်ပိုင်းတစ်ပိုင်းဆိုတဲ့ပိုစ့်လေး ဖတ်ရတော့ ကျမတို့ ဆေးကျောင်းသူ   ဘ၀က ဂျပန်ကလာတဲ့ ဟီးနိုးကားအသေး နံပါတ် ၁၆ ကားနဲ့ဆေးကျောင်းတက်ခဲ့ရတာကိုအမှတ်ရ မိပါတယ်။

            အဲ့ဒီတုန်းက ဆေး() ပထမနှစ် အငယ်တန်း၊အကြီးတန်း၊ဒုတိယနှစ် အငယ်တန်း၊ အကြီးတန်း၊တွေကို ပြည်လမ်း၊ ရန်ကုန်တက္ကသိုလ်နားက လိပ်ခုံးလို့ လူသိများတဲ့ဆေးကျောင်း မှာ တက်ရပါတယ်။ ၁၆ ကားကို တာမွေကနေစီးရင် ရန်ကုန်တက္ကသိုလ်ရှေ့ကိုရောက်ပါတယ်။ အဲ့ဒီကနေ ပိတောက်လမ်းလို့ခေါ်တဲ့ ပိတောက်ပင်တွေအုပ်ဆိုင်းနေတဲ့လမ်းက လျှောက်သွား ရင်ဆေးကျောင်းရဲ့ နောက်ဘက်ကို ရောက်ပါ တယ်။


         ကျောင်းတက်ခါစကတော့အဖေက ကားကိုယ်တိုင်မောင်းပြီး ကိုပို့ ပါတယ်။ ကျမ အဖေက အချိန် အလွန်တိကျတဲ့အပြင် အလွန်ဝီရိယကောင်းပါတယ်။ ညနေ ၃ နာရီပြီးမယ် လို့ပြောထားရင် ညနေ ၂ နာရီ ခွဲထဲကကျောင်းရောက်နေပါပြီ။ ကျမ ၃ နာရီထိုးပြီးလို့မှ ထွက် မလာရင်တော့ ဒေါကန် နေပါပြီး။

 ဆေးကျောင်းမှာညနေပိုင်းတွေမှာ လက်တွေ့တွေ လုပ်ရပါ တယ်။ အချိန်ဇယားမှာ ၃ နာရီ ရေးထားပေမဲ့ ဘယ်တော့မှ ၃ နာရီမပြီးပါဘူး။ ဒါကြောင့် အဖေ မစောင့်ရအောင် ပိုပိုလိုလို ကျမက တစ်နာရီနောက်ကျ ပြီးလာကြိုဖို့ပြောပါတယ်။ ဒါလည်း အစဉ်မပြေပါဘူး။ ကျောင်းရောက်မှ အချိန်က ပြောင်းသွားတာ၊ လက်တွေ့ မလုပ်ဖြစ်တာတွေ ကြောင့် ကျမ အဖေ မလာမချင်း ထိုင်စောင့်ပေတော့ အဲ့ဒီအချိန်က အခုလို လက်ကိုင်ဖုန်းတွေလည်း မပေါ်သေးတဲ့အပြင် fixed phone တွေတောင်လွယ်လွယ် ကူကူ ဆက်စရာ မရှိပါဘူး။ ဒါနဲ့ လမ်းထဲက ရန်ကုန်တက္ကသိုလ်ကျောင်းသူတွေကို အကြိုအပို့လုပ်တဲ့ ferry ဆရာကိုအကြို  အပို့ လုပ်ပေးဖို့အကူအညီတောင်းပါတယ်။ သူနဲ့လည်း အစဉ်မပြေပါဘူး။ ရန်ကုန်တက္ကသိုလ် ကစောစော ပြီးတယ်။ အဲ့ဒီတော့ကျမကို မစောင့်နိုင်ဘူး။ နောက်ဆုံး တာမွေမှာ နေတဲ့တစ်တန်း ထဲသား အ၀င်းနဲ့အဖေါ် ရပြီးအတူတူ ၁၆ ကားစီး ပြန်ကြတယ်။ (အ၀င်းတောင် ဆုံးသွား ရှာပါပြီ။ ကျမလည်းဘယ်တော့ လိုက်ရ မယ်မသိဘူး)။

         ကျမတို့က ကားစနဲ့ ဂိတ်ဆုံးနားလောက်ကစီးရတာမို့ ထိုင်စရာနေရာရတတ်ပါတယ်။ ဒါပေမဲ့ ကားတွေက သေးပြီး နှစ်ယောက်တွဲခုံတွေပါ။ အတူထိုင်ရတဲ့လူက အထူးသဖြင့် အကျင့်ပုပ်တဲ့ ယောက်ျားတွေက သူ့တို့ပေါင်ကိုကားပြီး ထိုင်ရင် သူ့တို့အသားနဲ့ မထိချင်ပဲ ထိနေရတယ်။ ကားဒရိုင်ဘာကလည်း များသောအားဖြင့် ဒလကြမ်းမောင်တာမို့    အသားချင်းထိရုံမက ပွတ်တိုက် နေပါတော့ တယ်။


         ကျမဆေးကျောင်းသူဘ၀က စာတွေပိပြီးအလွန်ပိန်ပါတယ်။ ကိုယ်အလေးချိန် ပေါင် ၈၀ ကျော်သာ ရှိပါတယ်။ အဲ့ဒါတောင် အသားချင်း မထိအောင်ဆိုရင် ကျမကိုယ်တစ်ဝက်လောက် ကားပြူတင်းပေါက်က အပြင်ထွက်ထားရပါတယ်။ တစ်နေ့မှာ အ၀င်းထိုင်နေတာကို နောက်ကနေ လူတစ်ယောက်က သူ့ပခုံးကို လက်နဲ့ပွတ်သတ်ပါတယ်။ သူလည်း လက်မှာ ကိုင်ထားတဲ့ ထမင်းဘူးနဲ့ခုတ်ထဲ့လိုက်တာ ဒေါင် ဆိုတဲ့ အသံတောင် မည်သွားတယ်။ ကားထဲက လူတွေလည်းအသံလာရာကို ၀ိုင်းကြည့်ကြတော့ အဲ့ဒီ လူလည်း ရှက်ရှက်နဲ့ဆင်း သွားတယ်။ သူက သူ့အပြစ်ကို မမြင်ပဲ အ၀င်းကိုအရှက်ခွဲတယ်လို့ သတ်မှတ်ပြီး အ၀င်း ကားပေါ် တက်မဲ့ ကားဂိတ်မှာ လာလာစောင့်တာနဲ့ အ၀င်းအဖေက တစ်ပတ်လောက် ကား ဂိတ် အထိ လိုက်စောင့်ရှောက်ပေးရပါတယ်။ ဒါတွေက ထိုင်ခုံမှာထိုင်ရတဲ့ဒုက္ခတွေပါ။ (မှတ်ချက်။ အဲ့ဒီ တုန်းက ထမင်းဘူးက သံထည်နဲ့လုပ်ထားတဲ့ ဘူးအပြားတွေပါ အထဲမှာ ဟင်းထဲ့ဖို့ ခွက် တစ်ခုပါ ပါတယ်)


         ထိုင်စရာမရတဲ့ဒုက္ခက ပိုဆိုး ပါသေးတယ်။ ကားကြပ်ပြီဆိုရင် ယောက်ျားတွေ နောက်က အတင်းတိုးတော့တာပါပဲ။ တမင်တိုးတာလား။ မတော်တဆလားဆိုတာ မိန်းခလေး တိုင်း နောက်လှည့် မကြည့်ပဲ သိပါတယ်။ တိုက်ဆိုင်လာလို့ နံပြားဆိုင်ကအကြောင်းကို သတိ ရမိ ပြန်ရော်။

         ကျမတို့လမ်းထိပ်မှာ လက်ဘက်ရည်ဆိုင်ရှိပါတယ်။ အဲ့ဒီမှာ မနက် ၇ နာရီလောက် ဆိုရင် လူ အလွန်စည်ပါတယ်။ ဆိုင်မှာလာ စားသောက်တဲ့သူတွေရှိသလို နံပြားလာဝယ်တဲ့ သူ တွေလည်းရှိပါတယ်။ နံပြားက လတ်လတ် ဆတ်ဆတ် ဖိုထဲမှာ ဖုတ်တာကို စောင့်ယူရ ပါတယ်။ နံပြားဖုတ်သူက ဆိုင်မှာ ထိုင်စားတဲ့သူကို ဦးစားပေးပြီးအရင် ပေးပါတယ်။ အဲ့ဒီမှာ လျှာကြမ်း အာကြမ်းတဲ့ အဒေါ်ကြီး အသက် ၆၀ ကျော်လောက် ခါးလည်းနဲနဲကုန်း နေတဲ့သူက ငါ့အလှည့်မရောက်သေးဘူးလား။ ငါစောင့်နေတာကြာလှပြီး။ ငါမြို့ထဲ သွားစရာရှိတယ်လို့ အော်ပြောပါတယ်။ ဆိုင်ကကောင်းလေးတွေကလည်း အဒေါ်အရွယ်၊ အဖွါး အရွယ်မို့ စတဲ့ အနေနဲ့ အဒေါ်ကလည်းဘာလို့ဒါလောက်လော်နေရတာလဲ။ ဖြေးဖြေးပေါ့လို့ပြန်ပြောကြ ပါ တယ်။ အဒေါ်ကြီး ပြန်ပြော တဲ့ စကားကြောင့် လူငယ်လေးတွေလဲ ရှက်ရှက်နဲ့နှုတ်ပိတ် သွားကြ ပါတယ်။ အဒေါ်ကြီးက ဟဲ့ ကား ကြပ်ရင် အကောင်တွေက ငါလိုအဖွါးကြီးတောင် မရှောင်ပဲ သူတို့ဟာနဲ့ ကလိကြတာ မခံနိုင်လို့ဟဲ့ တဲ့။


       တချို့အမျိုးသမီးများက ချိတ် ဆောင်ထားပြီး အကျင့်ပုပ်တဲ့သူနဲ့တွေ့ရင် ချိတ်နဲ့ထိုးတယ် လို့ ပြော ပါတယ်။ ကျမကတော်တော် သတ္တိကောင်းတယ်။ ဆရာဝန်ဖြစ်ကာစက အသားဆေး မထိုးရဲလို့ ဘူးဘောင်းနဲ့ ဆေးထိုး တော်တော်ကျင့်ယူရတယ်။ သူများအသားကို နာအောင် မလုပ်ရက်ဘူး။ အဲ့ဒီလို အထိလည်း မခံနိုင်ဘူး။ တခါက ကားပေါ် လူကြပ်တုန်း အနောက်မှာက လည်းယောက်ျားတစ်ယောက် ကားဆောင့်လိုက်တဲ့အခါမှာ သူကကျမအပေါ်ပိကျလာတယ်။ မတော်တဆမှန်းတော့သိတယ်။ ဒါပေမဲ့ မတော်တာနဲ့ ထိမိသလားလို့ ရွံ့သလိုဖြစ်တာနဲ့ မရဲ တရဲလှည့်ကြည့်လိုက်တော့ သူ့လက်မှာထီးခေါက်ကြီး ကိုင်ထားတာတွေ့မှ သြ တော်ပါသေးရဲ့ လို့သက်ပြင်းချရတယ်။ နို့မို့ဆိုတစ်နေလုံး၊ ကိုယ့်ကိုယ် ရွံ့လို့ ဆုံးမှာ မဟုတ်ဘူး။ ချိတ်နဲ့ မထိုး ရဲတဲ့ကျမက နည်းတစ်မျိုးထွင်တယ်။ ကျမ နောက်မှာ မရိုးသားတဲ့ ယောက်ျား ပါလာရင် ကျမ နောက်လှည့်ပြီး သူနဲ့မျက်နှာချင်းဆိုင်လိုက်တယ်။ ကားပေါ်မှာ မျက်နှာ အရှေ့လှည့် ရပ်ရ မယ်လို့ သတ်မှတ်ထားတာမှ မဟုတ်ပဲ။ မျက်နှာချင်ဆိုင်ဆိုတော့ ဘာမှမလုပ်ရဲတော့ ဘူး။ ကားထဲက သူတွေကလည်း သဘောပေါက်တဲ့မျက်လုံးနဲ့ကြည့်ကြတာမို့ သကောင့်သား လည်း နီးရာ မှတ်တိုင်မှာ ဆင်းပြေးလေ့ရှိပါတယ်။

     နှစ်ပိုင်းတစ်ပိုင်းပိုစ့်မှာ ယောက်ျားချင်းတောင် ကြက်သီးမွှေးချင်းထရတယ်၊ ဆိုတော့ အမျိုးသမီးတွေကို ကိုယ်ချင်းစာနိုင်ကြမယ်လို့ထင်ပါတယ်။

     ကိုယ့် အမ၊ညီမ၊ အမေလိုသာမက ကိုယ့်ကိုယ်တိုင် နှစ်ပိုင်းတစ်ပိုင်းနဲ့ တွေ့ရတဲ့ ဘ၀လို ကိုယ်ချင်းစား နိုင်ကြပါစေ။

Monday, August 13, 2012

ကာကွယ်နိုင်တဲ့ကာကွယ်ဆေးရှိတဲ့ တစ်ခုတည်းသောကင်ဆာရောဂါ။


လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ကင်ဆာဆေးရုံကိုအမျိုးသမီးလူနာတစ်ယောက် ရောက်လာတယ် ဆိုရင် အိမ်ထောင်သည်လား၊ အပျိုကြီးလား ဆိုတာမေးလိုက်ရုံနဲ့တင် ဘာကင်ဆာဆိုတာ အတတ်ပြောနိုင် လောက်အောင် အမျိုးသမီးတွေမှာအဖြစ်အများဆုံးကင်ဆာက သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ပါ။ သားအိမ်ခေါင်း ကင်ဆာက အိမ်ထောင်သည်တွေမှာဖြစ်ပြီး၊ ရင်သားကင်ဆာကအပျိုကြီးတွေမှာဖြစ်ပါ တယ်။ နိုင်ငံခြားမှာတော့ အပျိုကြီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ အပျိုကြီးဆိုတာတွေနဲ့ကျမတို့အပျိုကြီးတွေမတူလို့ပါပဲ။ သူတို့ဆီမှာက တရားဝင်တစ်ခါမှ လက်မထပ်ဖူး တဲ့သူတွေကို အပျိုကြီးလို့ခေါ်တာပါ။ လက်မထပ်ဖူးပေမဲ့ အပျိုဖြစ်တာနဲ့လိင်ဆက်ဆံကြတဲ့ သူတွေပါ။ အာရှလို့ခေါ်တဲ့ ဂျပန်နိုင်ငံမှာတောင် လွန်ခဲ့တဲ့ အနှစ် ၃၀ ကျမရောက်ခဲ့စဉ်က အသက် ၁၂ နှစ် အရွယ် ဂျပန်မိန်းကလေးတိုင်း လိင်ဆက်ဆံဖူး တယ်ဆိုတဲ့ ဆောင်းပါး ဖတ်ခဲ့ ရပါတယ်။ ကျမတို့မြန်မာ အမျိုးသမီးအများစုက အိမ်ထောင်ကျမှသာ ဆက်ဆံကြတာပါ။ ဒီလှပယဉ်ကျေးတဲ့ အကျင့်လေးကြောင့် ကျမတို့ အပျိုကြီး တွေမှာ သားအိမ်ခေါင်း ကင်ဆာမဖြစ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သားအိမ်ခေါင်း ကင်ဆာက လိင်ဆက်ဆံရာက ကူးဆက်လာတဲ့ ဗိုင်းရပ်ပိုးမျိုးဖြစ်တဲ့ Human Papilloma Virus ခေါ်တဲ့ ပိုးကြောင့်ဖြစ်တာမို့ပါ။

ကျမတို့ခေတ်တုန်းကတော့ ဒီကင်ဆာဘာကြောင့်ဖြစ်တယ်ဆိုတာတိတိကျကျမသိခဲ့ကြပါဘူး။ လိင် ဆက်ဆံဖက်များခြင်း ၊ခလေးများခြင်း၊ မျိုးရိုး ထဲတွင် သားအိမ်ခေါင်း ကင်ဆာရှိခြင်း၊ ငယ်ငယ်နဲ့ အိမ်ထောင်ကျသူတို့နဲ့ ဆက်နွယ်နေ တာကိုသာတွေ့ ခဲ့ရပါတယ် ။ ယခု အခါမှာတော့ Human Papilloma Virus ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်း အချက် ဖြစ်ပြီး။ လိင် ဆက်ဆံဖက်များခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ HIV ပိုးဝင်ခြင်း၊ Chlamydia ပိုးဝင်ခြင်း ၊ စိတ်ဖိစီးမှုနှင့် ဆက်နွယ်နေ သောအခြေအနေများ ၊ အစားအသောက် ၊ ဟော်မုန်းပါသော သားဆက်ခြားဆေးများ ၊ စတာတွေက သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေဖို့ ပန့်ပိုးကြတဲ့ အကြောင်း တွေ (Cofactors) ဖြစ်တယ်လို့သိရပါပြီ။


       သားအိမ်ခေါင်းကင်ဆာကို အင်္ဂလိပ်လို Cervical cancer လို့ခေါ်ပါတယ်။ ဒီကင်ဆာဟာ သားအိမ်ရဲ့အ၀ (Uterus Cervix) မှာ ရှိတဲ့ ဆဲလ်တွေကနေ ကင်ဆာဖြစ်တာပါ။ HPV ဗိုင်းရပ်စ်မှာ အမျိုးအစားပေါင်း ၂၀၀ အထိရှိပြီး လူ့ခန္ဒာကိုယ်အနှံ့မှာ ရောဂါဖြစ်စေနိုင်ပါတယ်။ အဲဒီထဲက သားအိမ်ခေါင်းကင်ဆာ ကိုဖြစ်စေတဲ ဗိုင်းရပ်စ်ပိုးအမျိုးပေါင်း ၁၅ မျိုးရှိပါတယ်။ (၁၆၊ ၁၈၊ ၃၁၊ ၃၃၊ ၃၅၊ ၃၉၊ ၄၅၊ ၅၁၊ ၅၂၊ ၅၆၊ ၅၈၊ ၅၉၊ ၆၈၊ ၇၃၊ ၈၂ ) တို့ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပိုးမျိုးပေါင်း ၃၇ မျိုးနဲ့စမ်းသပ်ရာ မှာ သားအိမ်ခေါင်းကင်ဆာ အဖြစ်အများဆုံး၊ ဗိုင်းရပ်စ်မျိုးက နံပါတ် ၅၂ ဖြစ်ပြီ်း၊ဒုတိယ အဖြစ်အများဆုံး နံပါတ် ကတော့ ၃၁ လို့ဆိုပါတယ်။

အနောက်နိုင်ငံကသားအိမ်ခေါင်းကင်ဆာ ၇၀ ရာခိုင်နှုန်းက ၁၆ နဲ့ ၁၈ တို့ဖြစ်ပြီး၊ ၆ နဲ့ ၁၁ က လိင်အင်္ဂါကြွက်နို့တွေဖြစ်စေတာတွေ့ရပါတယ်။ ဒါကြောင့် သူတို့ထုတ်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး  ၂မျိုးဖြစ်တဲ့ Gardasil နဲ့ Cervarix မှာ Cevarix ဆေးက ၁၆ နဲ့ ၁၈ ကိုကာကွယ်နိုင်ပြီး။ Gardasil က ပိုး ၄ မျိုးလုံးကို ကာကွယ်နိုင်အောင်လုပ်ထားပါတယ်။ ဒါပေမဲ့ ဘယ်ကာကွယ်ဆေးကမှ  အပြည့်အ၀ ရောဂါမဖြစ်အောင် မကာကွယ်နိုင် ပါဘူး။ ပြီးတော့ ဒီဆေး တွေပာာ ကာကွယ်ဆေး သက်သက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပြီးသူတွေမှာထိုးရင်တော့ ဘာမှအကျိုးမထူးနိုင်ပါဘူး။

သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာများ။
အစောပိုင်းမှာ ဘာလက္ခဏာမှ မပြပဲ ရှိနေနိုင်ပါတယ်။ မူမမှန်သွေး ဆင်းမှု ၊ အမျိုးသားနဲ့ အတူနေ သည့်အခါ သွေးဆင်းခြင်း၊ နာကျင်ခြင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ် ။ ပိုမိုးဆိုးရွားတဲ့ အဆင့်ရောက် နေပြီ ဆိုရင်တော့ ၀မ်းဗိုက် ၊ အဆုတ်နဲ့ နေရာ တော်တော် များများ မှာ ပျံ့နှံ့ခြင်း (Metastases) တွေဖြစ်ပြီး၊ အစားအသောက်ပျက်ခြင်း ၊ ပိန်ချုံးခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ တင်ပ ဆုံရိုးအတွင်းကိုက်ခဲခြင်း ၊ ခါးနာခြင်း ၊ ခြေထောက်များနာခြင်း ၊ ခြေထောက်များရောင်လာခြင်း ၊ သွေးအလွန် အမင်းဆင်းခြင်း ၊ အရိုးကျိုးခြင်းများ ၊ တခါတရံ မိန်းမကိုယ်မှ ဆီး သို့မဟုတ် မစင်များ ထွက်ကျခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ နိုင်ပါတယ် ။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်နိုင်သလဲ။
၁ ။ Screening ပြုလုပ်ခြင်း (ကင်ဆာဖြစ်ဖြစ်ချင်းသိအောင်စစ်ဆေးခြင်းဖြစ်ပါတယ်)။
Pap smear ခေါ်သားအိမ်ဝမှဆဲလ်များကိုကင်ဆာဖြစ်၊မဖြစ် စစ်ဆေးခြင်းဖြစ်ပါတယ်။ ၃ နှစ် တစ်ကြိမ် ငါးနှစ်တစ်ကြိမ် စစ်ဆေးပေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို ၈၀% အထိလျော့ချပေးတာတွေ့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာကို စောစီးစွာသိရှိပါကလည်း မျိုးပွားနိုင်မှု စွမ်းရည်ကို အနည်းငယ်ထိခိုက်နိုင်ရုံကလွဲလို့ မခွဲမစိတ်ရပဲ ကုသမှုတွေပေးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားသူများလည်း Pap smear စစ်ဆေး သင့်ပါတယ်။

၂ ။ ကွန်ဒုံးအသုံးပြုခြင်း
ကွန်ဒုံးဟာ HPV ကိုကာကွယ်ပေးနိုင်တယ် မပေးနိုင်ဘူးဆိုတာတိတိကျကျ မသိသေးပါဘူး။ ဒါပေမဲ့ genital wart (လိင်အဂါင်္တွင်ဖြစ်သော ကြွက်နို့ ) နဲ့တခြား ရောဂါပိုးတွေ ဖြစ်တဲ့ Chlamydia၊ ဆစ်ဖလစ်(Syphilis)၊ 
ဂနို(gonorrhoea) စတာတွေနဲ့ သုတ်ရည် (Semen) ကို ကာကွယ် ပေးနိုင် ပါတယ်။  သုတ်ရည်ဟာ ကင်ဆာဖြစ်အောင်ပန့်ပိုးနိုင်တယ်လို့ ယူဆကြပါတယ်။

၃ ။ Vaccine ထိုးခြင်း။
ဘယ်သူတွေမှာထိုးသင့်သလဲ။
ဒီကာကွယ်ဆေးက ပိုးကိုယ်ထဲမ၀င်ခင်ထိုးရမှာဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေကတော့သူတို့ရဲ့ လိင် ဆက်ဆံမှုပေါ်မူတည်ပြီး အသက် ၉နှစ်က စပြီး ထိုးဖို့တိုက်တွန်းပါတယ်။ ပြင်သစ် နိုင်ငံမှာတော့ မီးကောင်ပေါက်တွေကို အစိုးရက အလကားထိုးပေးပါတယ်။ ဒီဆေးကို အမျိုးသားတွေမှာလည်း
ထိုးနိုင် ပါတယ်။ အမျိုးသားတွေမှာဖြစ်တဲ့ ငယ်ပါပေါ်ရှိ ကြွက်နို့နဲ့ ငယ်ပါကင်ဆာ (cancer of the penis) ကိုကာကွယ်နိုင်ပါတယ်။ ငယ်ပါကင်ဆာက မြန်မာ အမျိုးသားတွေမှာအဖြစ်များတာ တွေ့ရပါတယ်။ ကုလားရှင်ပြုတယ်ဆိုတဲ့ ငယ်ပါထိပ်ကအရေပြားကိုငယ်စဉ်ကလှီးဖြတ်ထားတဲ့ သူများမှာ ငယ်ပါကင်ဆာ မဖြစ်ပါဘူး။ ငယ်ပါကင်ဆာဟာ မသန့်ရှင်းသောသူများမှာအဖြစ်များပါတယ်။ တိုးတက်သော နိုင်ငံများမှ အမျိုးသားများတကိုယ်ရေသန့်ရှင်းရေးကိုအလွန်ဂရုစိုက်ကြပါတယ်။ သူတို့ဆီမှာ ငယ်ပါကင်ဆာ အဖြစ် အလွန်နည်းပါတယ်။

         တကယ်လို့ အိမ်ထောင်သည်အမျိုးသားက ဒီကာကွယ်ဆေးထိုးထားပြီးသူ့ဇနီးမယားကလည်း မိမိလင်သားမှတစ်ပါး အခြားသူများနဲ့မဆက်ဆံဘူးဆိုရင် အမျိုးသမီးအနေနဲ့ ပိုးကူးစရာ အကြောင်းမရှိပါ ဘူး။ ဒါကြောင့်ကျမအမြင်တော့ မြန်မာအမျိုးသမီးငယ်တွေထိုးမဲ့အစား မြန်မာအမျိုးသားတွေထိုးရင် တစ်ချက် ခုတ်နှစ်ချက်ပြတ်မဲ့နည်း လို့မြင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ အနောက်နိုင်ငံယဉ်ကျေးမှုက   အရှေ့နဲ့ အနောက်ဆိုတဲ့အတိုင်း အလွန်ကွာခြားပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံတာနဲ့ပတ်သက်တဲ့ နေရာမှာ အလွန့်အလွန်ကွာပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကြောင့်ကူးဆက်ပြန့်ပွါးတဲ့ ရောဂါတွေကို ဖြေရှင်းတဲ့နေရာမှာ သူတို့လို ပုံတူကူးလို့ မရပါဘူး။ ကျမပြင်သစ်ရောက်စက အလုပ်တူတူ လုပ်ဖက် ပြင်သစ်မ နဲ့စကားပြောရာက သူ့အမေကသူ့ကို ယောက်ျား ယူမယ်ဆိုရင် မစမ်းသပ်ပဲမယူနဲ့လို့ သင်တယ် တဲ့။ ဆိုလိုတာက မဆက်ဆံကြည့်ပဲ မယူရဘူးတဲ့။ ကျမ မယုံလို့ ကျန်တဲ့သူတွေမေးကြည့်တော့ အားလုံးက ဟုတ်တယ်လေတဲ့။  နောက် အံ့သြသင့်ရတဲ့ စကားကတော့ လူငယ်ချင်းဖြစ်ဖြစ်၊အိမ်ထောင်သည်ဖြစ်ဖြစ်၊အမျိုးသားက ခလေးယူဖို့သဘောတူမှ ခလေးရတဲ့ အခါ အမျိုးသားက ခလေးရဲ့ကုန်ကျစရိတ် တစ်ဝက် ကိုတာဝန်ယူတယ်တဲ့၊မဟုတ်ရင် ခလေးက အမျိုးသမီးဗိုလ်ထဲမှာရှိတာ သူမလက်ခံလို့ရတာမို့ သူမ တာဝန်တဲ့။ ဒီထက်အံသြဖို့ကောင်းတာက သူဌေးတစ်ဦးကသူ့သမီး ၁၈ နှစ်ပြည့်ပွဲမှာ လိင်ဆက်ဆံမှု ကျွမ်းကျင်သူ (ဖါခေါင်း) ကိုသူ့သမီးကိုသင်တန်းပေး ဖို့ ခေါ်ပေးတယ်တဲ့။ (ပြင်သစ်မှာ အသက် ၁၈ နှစ်ပြည့် ရင်သူ့ဘာသာကြိုက်သလိုလုပ်နိုင်တယ်။ မိဘအနေနဲ့ဘာမှပြောပိုင်ခွင့်မရှိဘူး။ သူ့ဘ၀ သူသာပိုင်တယ်တဲ့။ လိင်ကိစ္စမကျွမ်းကျင်လို့ယောက်ျားပစ်မသွားအောင်သင်ပေးတာတဲ့။ ကျမတို့ဆီမှာ မိန်းမပျိုလေးတွေ အိမ်ထောင်မှုတတ်ကျွမ်းအောင်မိခင်က သွန်သင်တဲ့ သဘောမျိုးလိုဖြစ်ပါတယ်။)

ဘယ်သူတွေမှာမထိုးရဘူးလဲ။
ကာကွယ်ဆေးမှာပါတဲ့အရာတွေနဲ့ ဓါတ်မတည့်တဲ့သူတွေထိုးလို့မရပါဘူး။ အထူးသဖြင့် Gardasil ပာာ တစေး (Yeast) ကထုတ်တာဖြစ်တဲ့အတွက် အဲဒါနဲ့ မတည့်တဲ့ သူတွေထိုးလို့ မရပါဘူး။ နာမကျန်းဖြစ် နေတဲ့ သူတွေ နာမကျန်းဖြစ်နေချိန်မှာမထိုးဘဲ နေကောင်းလာမှထိုးရပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဒီဆေးရဲ့ဆိုးကျိုးဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို သေချာမသိသေးတဲ့အတွက် ကိုယ်ဝန်ဆောင်ေ တွမှာ ထိုးဖို့ကို အားမပေးပါဘူး။ ကိုယ်ဝန်မရှိချိန်မှာထိုးပြီး ကိုယ်ဝန်ဆောင်လို့ရပါတယ်။ အဲဒီအတွက်ဆိုး ကျိုး မရှိပါဘူး။

ဘယ်နှစ်ကြိမ်ထိုးရမလဲ။ ဘယ်သူနဲ့ထိုးရမလဲ။ ဘယ်မှာသွားထိုးရမလဲ။
၃ကြိမ်ထိုးရပါတယ်။ ပထမဆုံးတစ်ကြိမ်၊ ၁-၂လအကြာမှာတစ်ကြိမ်၊ ၆လအကြာမှာတစ်ကြိမ်ထိုးရပါတယ်။ ဘယ်ဆရာဝန်နဲ့မဆိုထိုးလို့ရပါတယ်။ အသား ဆေးဖြစ်လို့ လက်မောင်း ဒါမှမပာုတ် တင်ပါးမှာထိုးလို့ရ ပါတယ်။ မိမိဘာသာဆေးဝယ်ပြီး ဆေးခန်းတစ်ခုခုမှာသွားထိုးခိုင်းလို့ရပါတယ်။ အခုထိတော့ ဆိုးဆိုး ရွားရွားဆိုးကျိုးမရှိသေးပါဘူး။ သုံးခါထိုးပြီးရင် ၄-၆နှစ် အထိကာကွယ်မှုရှိတယ်လို့ ဆိုပါတယ်။

ဘယ်လောက်ကုန်ကျမလဲ။

၃ ကြိမ်အတွက် အမေရိကန်ဒေါလာ ၄၀၀ မှ ၁၀၀၀။

၎ ။ အာဟာရ
ဗီတာမင်အေ ၊ ဗီတာမင် ဘီတွဲ ၊ ဗီတာမင်စီ ၊ ဗီတာမင်အီးနဲ့ ဘီတာကာရိုတင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေတဲ့ အာဟာရဓါတ်တွေဖြစ်ပါတယ် ။



ကျမ်းကိုး။

၁။ သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ပါ http://mhuthaw.blogspot.fr/2012/06/blog-post_5821.html
၂။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း http://saintsanyae.blogspot.fr/2012/07/blog-post_2647.html
၃။ သိကောင်းစရာ သားအိမ်ခေါင်းကင်ဆာ http://www.facebook.com/notes/pun-hlaing-hospital/
၎။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးသင့် မထိုးသင့် http://www.myanmar.mmtimes.com/2011/news/526/news23.html                         ၅။ သားအိမ်ခေါင်းကင်ဆာ (သို့မဟုတ်) Silent Killer http://www.thettantcho.com/
၆။ http://en.wikipedia.org/wiki/Cervical_cancer


Friday, August 10, 2012

ဆက် မစားနိုင်တော့ဘူး တဲ့။

တစ်နေ့မှာထိုင်းနိုင်ငံက ဓါတုဗေဒကျောင်းသားတွေကို ပြင်သစ်နိုင်ငံက ဓါတုဗေဒ ပရော်ဖက်ဆာက ဓါတုဗေဒသင်ခန်းစာတစ်ခုကို လက်တွေ့သင်ဖို့ရောက် လာပါတယ်။ လက်တွေ့မလုပ်ခင်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာကို အရင်ပြောပြပါတယ်။ သူသင်ပြတဲ့ လက်တွေ့လုပ်ရမဲ့ အဆင့်တွေက -

ပထမ။ ဓါတ်ပစ္စည်း က၊ ခ၊ ဂ တွေကို ဆတူရော်ပြီး မီးအေးအေးနဲ့ ၁၀ မိနစ် eat ပါ။

ဒုတိယ။ eat ပြီးရင် ဓါတ်ပစ္စည်း င ကိုထပ်ထဲ့ရပါမယ်။ အနီရောင်ပြောင်းတဲ့အထိ ထပ်ပြီး
eat ပါ။

တတိယ။ အနီရောင်ရရင် ဓါတ်ပစ္စည်း ဂ နဲ့ ဆ ကိုထဲ့ပြီးသမရောင်မွှေပါ။ အနယ်တွေ ကျ လာရင်၊ အနယ်တွေကို စက္ကူပေါ်မှာအခြောက်ခံပြီး၊ခြောက်တာနဲ့ ဖြေးဖြေးချင်း  eat ပါ။

စတုတ္ထ။ ကျန်နေခဲ့တဲ့အရည်ကိုလည်း အနယ်ထပ်ကျအောင် eat ပါ။

ဒီအဆင့်ကိုရောက်တဲ့အခါမှာ ထိုင်းကျောင်းသားတွေကပြောတယ်။ ကျနော်တို့ eat တာ ၄ ခါတောင်ရှိသွားပြီ မ eat နိုင်တော့ဘူးတဲ့။

ပြင်သစ်အက္ခရာမှာ H စာလုံးကို ဟတ်(ချ) လို့အသံထွက်ပေမဲ့ စကားလုံးမှာပါတဲ့ H ကိုတော့
အသံထွက်မဖတ်ပါဘူး။ ပြင်သစ်မှာ အမည်တိုင်းရဲ့ရှေ့မှာ Article ထဲ့ရပါတယ်။ Article ကို လည်း အဖို အမ ခွဲပါတယ်။ အဖိုဆို Le၊ အမဆို La၊ အများဆို Les၊ စာလုံးရှေ့မှာ vowel ပါရင် L` ထည့်ရပါတယ်။ H က vowel ဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံကို Hospital လို့ မရေးရပဲ L`Hopital,  ယောက်ျားကို L`homme, လို့ရေးပါတယ်။ ဖတ်တော့လည်း လောပစ်တဲ၊လောင် လို့ဖတ်ပါတယ်။ အင်္ဂလိပ်စကား Hit ကိုလည်း it လို့ဖတ်ပါတယ်။ ဒါကြောင့် Heat ကို ပြင်သစ် လို eat ဖတ်တဲ့အတွက်  (အပူ) အဓိပ္ပါယ်ကနေ (စားတဲ့) အဓိပ္ပါယ် ပြောင်းသွားတာပါ။




Friday, August 3, 2012

Logo များ၏လှို့ဝှက်ချက်။



B   နှစ် R စာလုံးတွင်မြှုပ်ထားသော နံပတ် ၃၁ ဆိုလိုသည်မှာ 31 မျိုး။





A မှ Z မြှားဆိုလိုသည်မှာ အားလုံးရသည်။



ဂေါဇီလာ နဲ့ ခြင်္သေ့ တွေ့ပါသလား။




T နှစ်ခုမှာ လူနှစ်ယောက် မုန့်စားနေပုံ။



ပြင်သစ်ပြည်ပတ်စက်ဘီးစီးပြိုင်ပွဲတွင် စက်ဘီးစီးသမားနဲ့စက်ဘီး(ရှေ့ဘီးမှာအ၀ါရောင်အ၀ိုင်း)




ဖိနပ်ရာ။


Canada နိုင်ငံ Toronto မြို့မှ ၂ နာရီခန့်ဝေးတဲ့တောမြို့ကလေးမှာ Ward တို့ လင် မယား ကား  လေထိုးဆိုင်နဲ့ လက်ဘက်ရည်ဆိုင်တွဲဖွင့် ထားပါတယ်။ ညဘက် ဘဏ်ပိတ်ချိန် မှာလည်း ချက်လက်မှတ် များကို ငွေသားဖြင့်လဲလှဲပေးပါတယ်။

ဒီမြို့ကလေးမှာ လူဦးရေ ၂၆၀၀ သာရှိပြီး၊ မှူးခင်းအလွန်နည်းပါတယ်။ တစ်ဦးနှင့် တစ်ဦး သိကျွမ်းကြပြီး။ မိသားစုကြီးတစ်ခုလိုဖြစ်နေပါတယ်။ Ward တို့လင်မယားကိုလည်းအားလုံးက လေးစားခင်မင်ကြပါတယ်။

၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မနက်အရုဏ်မတက်မှီမှာ လူနှစ်ယောက် မျက်နှာ ဖုံးများစွပ်ပြီး အိမ်အပေါ်ထပ်ရှိ အိပ်ခန်းသို့ရောက်လာကြပါတယ်။ တစ်ဦးကသေနတ်ကိုင် ထားပြီး  နောက်တစ်ဦးက သစ်သားဒုတ်ကိုင်ထားပါတယ်။

ပိုက်ဆံတောင်းစဉ် Ward က ပြန်လည်းခုခံတဲ့အတွက် သေနတ်နဲ့လေးချက် ပစ်ပါ တယ်။ Ward ကိုမှန်သွားပြီးလဲကျသွားပါတယ်။ ကျန်တဲ့တစ်ယောက်က Ward ရဲ့အမျိုးသမီး Dine ကိုအိမ်အောက်ထပ် ခေါ်သွားပြီး ပိုက်ဆံထုတ်ပေးဖို့ပြောပါတယ်။ Dine လည်း သေနတ် အပစ်ခံရမှာကြောက်တဲ့အတွက် ပိုက်ဆံထုတ်ပေးလိုက်ပါတယ်။ ဓါးပြ နှစ်ဦးလည်း ဒေါလာ တစ်သောင်းပိုက်ပြီးထွက်သွားကြပါတယ်။

       ပုလိပ်ကိုဆီဖုန်းဆက်အကြောင်းကြားပြီးနောက် Ward ကိုဆေးရုံခေါ်သွားပြီး အရေး ပေါ်ခွဲစိပ် ကုသပါတယ်။ Ward မှာသေနတ် ဒါဏ်ရာ ၃ ချက်ထိပြီး တစ်ချက်ကခေါင်းကို ထိ မှန်သွားပါ တယ်။ ကံကောင်းထောက်မစွာ Ward အသက်ရှင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုက္ခိတ တော့ ဖြစ်သွားရှာပါတယ်။

    ဓါးပြ နှစ်ဦးလုံး မျက်နှဖုံးတွေစွပ်ထားတဲ့အတွက် Dine အနေနဲ့ သူတို့နှစ်ယောက် ကားအနီရောင်နဲ့ထွက်သွားတယ်ဆိုတာ ကလွဲပြီး ဘာမှ မပြောပြနိုင်ပါဘူး။

သစ်သားဒုတ်ကိုမီးဖိုချောင်မှာပစ်ထားတာတွေ့ပါတယ်။ လှေကားမှာ ဖိနပ်ရာတွေ တွေ့ ပါတယ်။ အိမ်အပြင်ကို စစ်ဆေးတဲ့အခါမှာ နှင်းတွေထဲမှာ ဖိနပ်ရာတွေနဲ့ မြင်းချီတိုင်ကြိုး ပဲ့ နေ တာတွေ့ပါတယ်။ နှင်းထဲက ဖိနပ်ရာများ နှင်းပျော်လို့ဖြစ်ဖြစ် တစ်ယောက်ယောက်က နင်းမိ လို့ဖြစ်ဖြစ် မပျက်ဆီးရအောင် ဖိနပ်ရာ ပုံတူယူဖို့လိုပါတယ်။ ဖိနပ်ရာ ပုံတူမယူခင် ဓါတ်ပုံ အရင် ရိုက်ထားလိုက်ပါတယ်။ နှင်းထဲက ဖိနပ်ရာ ယူတာ ကျွမ်းကျင်ဖို့လိုပါတယ်။ ပုံတူယူမဲ့ ပစ္စည်းက လေးရင် ပုံတူ ယူလို့မရပဲ ဖိနပ်ရာပျက်သွား နိုင်ပါတယ်။ ပုံတူယူတဲ့ ရော်ဘာ ကဲ့သို့ သော ဓါတုပစ္စည်းကို အပူပေးပြီး ဖိနပ်ရာပေါ်လောင်းထဲ့ရပါတယ်။ ပူလွန်းရင်လဲ နှင်းတွေ အရည် ပျော်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့သူလိုအပ်ပါတယ်။

အိမ်ရဲ့ ကီလိုမီတာအနည်းငယ် ဝေးတဲ့လမ်းပေါ်မှာပစ်ထားတဲ့ ဓါးပြများသုံးခဲ့တဲ့ မျက်နှာဖုံး၂ ခုကိုလည်း တွေ့ရှိပါတယ်။

ဖိနပ်ရာတွေကနေ basket ball ဖိနပ် နံပတ် ၄၁ ဆိုတာသိရတဲ့အပြင် ဖိနိပ်ဆီးတဲ့သူရဲ့ ကိုယ်အလေးချိန်၊လမ်းလျှောက်ပုံပေါ်မူတည်ပြီး ထူးခြားတဲ့ အမှတ် (characteristic marks) ၁၀ ချက် ကိုမှတ်သားနိုင်တဲ့အပြင်၊ ဖိနပ်နဲ့ တစ်ခုခုနင်းမိထားတဲ့အတွက် ဖိနိပ်မှာ နောက်ထပ် ထင်းရှားတဲ့အရာ ၃ ခုလည်းရှိနေပါတယ်။ characteristic marks တွေဟာ လက်ဗွေရာတွေ လိုပဲ လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင် အမှတ်အသားတွေဖြစ်ပါတယ်။ လှေးကားမှာထင်နေတဲ့ ဖိနပ်ရာ နဲ့ နှင်းထဲကဖိနပ်ရာနှစ်ခုဟာ တစ်ထပ်ထဲဖြစ်ပါတယ်။

ဓါးပြတစ်ဦးကိုင်ခဲ့တဲ့ ဒုတ်နဲ့ အိမ်ပြင်ကမြင်းချီတိုင်တို့ဟာ တစ်မျိုးထဲဖြစ်နေတဲ့အတွက်
ဓါးပြများ မြင်ချီတိုင်ကို ချိုးယူခဲ့တာဖြစ်ကြောင်းသိရပါတယ်။

           ဓါးပြတိုက်မှုကို မြို့အတွင်းရှိသတင်းစာများမှာဖေါ်ပြပြီး လူထုထံမှ သတင်းပေးရန် အကူ အညီတောင်းခဲ့ပါတယ်။ အမှုဖြစ်ပြီး ၂ရက်မှာ အမည်မဖေါ်လိုသူတစ်ဦးမှ Peter နဲ့ Frank တို့ နှစ်ယောက်ဖြစ်နိုင်ကြောင်း ဖုန်းဆက်ပါတယ်။ Peter နဲ့ Frank နှစ်ယောက်လုံး ယခင်က မှုခင်းဖြစ်ဖူးသူများဖြစ်ပါတယ်။ Peter ရဲ့လိပ်စာ ပုလိပ်အဖွဲ့မှာရှိတဲ့အတွက် သူ့အိမ် ကိုလိုက် သွားပါတယ်။ သူ့အိမ်ရှေ့မှာ အနီရောင်ကားရပ်ထားပါတယ်။ အိမ်ထဲမှာ 22 pistol တစ်လက်နဲ့ basket ball ဖိနပ် နံပတ် ၄၁ အတော်များများတွေ့ပါတယ်။ ဒါပေမဲ့ မှုခင်းမှာ ကျန် ခဲ့တဲ့ ဖိနပ်မျိုး မပါ ပါဘူး။ ဒေါလာ ၂၅၀၊ ရွှေလက်စွပ်တစ်ကွင်းတွေ့ပါတယ်။ ရွှေလက်စွပ်ရဲ့ ဘောက်ချာအရ အမှုဖြစ်ပြီးနာရီအနည်းငယ်က ဒေါလာ တစ်ထောင်နဲ့ လက်ငင်း(cash) ငွေ ခြေ ထားတာဖြစ်ပါတယ်။

Peter အိမ်မှာတွေ့တဲ့ pistol ကထွက်ခဲ့တဲ့ ကျည်ဆံတွေဟုတ်မဟုတ်ကို အမှုဖြစ်ရာ
အပေါ်ထပ်အိပ်ခန်းကရတဲ့ကျည်ဆံ သုံးခုနဲ့တိုက်ကြည့်ရာတူနေပါတယ်။ ဒါကြောင့် ဒီသေနတ် နဲ့ ပစ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ Ward ရဲ့ခေါင်းထဲကခွဲထုတ်ခဲ့တဲ့ ကျည်ဆံက ပုံပျက်နေ တဲ့အတွက် စစ်ဆေးလို့မရပါဘူး။ ကျည်ဆံများ သေနတ်ကတွန်းကန်ထွက်တဲ့အခါ သေနတ် မြောင်းက အရာများကျည်ဆံမှာ ထင်ကျန်ပါတယ်။ ဒီအရာတွေ ကလည်း သေနတ်မျိုးချင်း တူရင်တောင်မှ မတူပဲ သေနတ်တစ်ခုချင်းရဲ့ထူးခြားချက်ဖြစ်တာမို့ ၊လက်ဗွေရာ၊ ဖိနပ်ရာတို့လို ပဲ characteristic marks များအဖြေစ်အသုံးပြု နိုင်ပါတယ်။

Peter ကိုစစ်ဆေးနေစဉ် မှာပဲ Frank လာရောက် အဖမ်းခံပါတယ်။ Peter နဲ့ Frank
တို့ရဲ့ဓါတ်ပုံတွေပြပြီးစုံထောက်တွေ မြို့မှာရှိတဲ့ ဖိနပ်ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ပြီးမေး ပါ တယ်။ ကံကောင်းချင်တော့ ဖိနပ်ရောင်းသူတစ်ဦးက Peter ကိုမှတ်မိပါတယ်။ Peter ဆိုင်ကို အမှုဖြစ်ပြီးနောက်နေ့ရောက်လာပြီး ဖိနပ်တစ်ရံဝယ်ကြောင်း၊ ၀ယ်တဲ့ဖိနိပ်ပဲစီးသွားပြီး သူစီးလာ တဲ့ဖိနပ်ဟောင်းကို ဆိုင်မှာ ထားခဲ့ကြောင်းပြောပါတယ်။ ဖိနိပ်ဟောင်းကို ဆိုင်ကအမှိုက်တွေ မရှင်းရသေးတာမို့ တွေ့ရှိပါတယ်။ Peter ရဲ့ ဖိနပ်ဟောင်းကို မှုခင်းမှာထင်ကျန်ခဲ့တဲ့ ဖိနပ်ရာတွေနဲ့ တိုက်ဆိုင်ကြည့်ဖို့ ကျွမ်းကျင်သူများထံ ပို့လိုက် ပါတယ်။ အဖြေကတော့ မှုခင်းကဖိနပ်ရာတွေဟာ Peter ရဲ့ဖိနိပ်ရာတွေဖြစ်ပါတယ်။

ကားအနီပေါ်ကဆိုဖါမှာထင်ကျန်တဲ့ အရေပြားစတွေက DNA ကိုစစ်ဆေးတဲ့အခါမှာ ဒါရိုက်ဗာ နေရာမှာ Frank ကထိုင်ခဲ့ပြီး သူ့ဘေးမှာတော့ Peter ထိုင်ခဲ့တယ်ဆိုတာ DNA အမှတ်အသားများ အရ သိရပါတယ်။

Peter အိမ်ကသိမ်းဆည်းရရှိတဲ့ ဒေါလာတွေပေါ်က လက်ရေးတွေကို Dine ရဲ့ လက်ရေးနဲ့ တိုက်ကြည့်တဲ့အခါ တူနေတာတွေ့ရပါတယ်။ လူတစ်ယောက်ချင်းရဲ့ လက်ရေး ဟာလည်း တစ်ဦးချင်းရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်ပါတယ်။ လက်ရေးကျွမ်းကျင်သူတွေ အနေ နဲ့ တစ်ဦးတည်းရဲ့ လက်ရေး ဟုတ်မဟုတ် ခွဲခြားနိုင်ပါတယ်။

အထက်ပါ အထောက်အထားများအရ Peter နဲ့ Frank တို့ဟာ ဓါးပြတိုက်တဲ့သူ နှစ်ဦး လို့ ပြော နိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ သေနတ်နဲ့ပြစ်တာက ဘယ်သူလဲ။ ယခုလိုသိပ္ပံပညာ တိုး တက်တဲ့ အချိန် မှာ တော့ သိဖို့လွယ်ပါတယ်။ ကောက်ယူရရှိထားတဲ့ မျက်နှာဖုံး နှစ်ခုမှာကပ် နေ တဲ့ အရေပြားစတွေနဲ့ တံတွေးတွေက DNA ကိုစစ်ဆေးတဲ့အခါ သိုးမွှေးခေါင်းစွပ်မှာ Peter ရဲ့ DNA ကိုတွေ့ရပြီး ရောဘာ ခေါင်းစုပ်မှာ Frank ရဲ့ DNA ကိုတွေ့ရှိပါတယ်။ အခင်းဖြစ်စဉ်က သိုးမွှေးခေါင်းစွပ်နဲ့လူက သေနတ်ပစ်ခဲ့ တာမို့ သေနတ်နဲ့ပြစ်သူဟာ Peter ဖြစ်ကြောင်း သိရ ပါတယ်။ သူတို့နှစ်ဦးကိုပြစ်မှုထင်ရှားလို့ ထောင် ၆ နှစ်ဆီ အမိန့်ချလိုက်ပါတယ်။ ဒီအမှုမှာ ခေတ်သစ် သိပ္ပံပညာများဖြစ်တဲ့ DNA နည်းပညာ၊ ကျည်ဆံကျွမ်းကျင်မှုပညာ၊ လက်ရေ ဖတ် ကျွမ်းကျင်မှုပညာ၊ ဖိနပ်ရာကျွမ်းကျင်မှုပညာ များကြောင့် တရားခံနှစ်ဦး ဘယ်သူက ဘာလုပ်ခဲ့ တယ်ဆိုတာကို ဘေးကထိုင်ကြည့်နေတယ်ထင်ရလောက်အောင် တိတိကျကျ ပြောနိုင်ပါ တယ်။ ဒါကြောင့် ပြစ်မှုကျူးလွန်မယ်ကြံရင် ငါလုပ်သမျှကိုမှတ်တမ်းတင်ပြီး တရားရုံးမှာ သက်သေခံမဲ့သူတွေရှိနေတယ်ဆိုတာ သတိရသင့်ပါတယ်။

ဂျွန်လိုင် ၁၆ ရက်ထုတ်လွှင့်သော impossible investigation ကိုသင့်လျော်အောင် ဘာသာ ပြန်ပါသည်။