:include data='blog' name='google-analytics'/>

Wednesday, May 30, 2018

အသက်ကယ်မဲ့ ကျန်းမာရေးဗဟုသုတ။

A,B, C, D ဆိုတာ အင်္ဂလိပ်အက္ခရာပါ။ သွေးအမျိုး အစားက A,B,O ပါ။ လူအမျိုးမျိုး ရှိသလို၊ သွေးလဲ အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ အသက်သေတဲ့အထိ ဒုက္ခပေးနိုင်တဲ့ သွေးမျိုးက A,B,O system လို့ခေါ်တဲ့ A,B,O သွေးမျိုးအုပ်စုဖြစ်ပါတယ်။ အဲ့ဒီသွေးမျိုးအုပ်စုမှာ သွေး (၄) မျိုးရှိပါတယ်။ A,B,O နှင့် AB တို့ပါ။ လူတစ်ယောက်ဟာ A (၀ါ)၊ B (၀ါ)၊ O (၀ါ)၊ AB တစ်မျိုး မျိုးဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ မွေးတဲ့ အချိန်ကစပြီး သေဆုံးချိန် အထိ သွေးမျိုးတစ် မျိုးပဲဖြစ်ပါတယ်။ ဘယ်တော့မှ မပြောင်းပါဘူး။ သွေးမျိုးပြောင်း တယ်ဆိုရင် စစ်တဲ့အချိန်မှာ မှား တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် မှတ်တာ မှားတာဖြစ်ပါမယ်။

     သွေးအမျိုးအစား အကြောင်းနဲ့ ကင်ဆာရောဂါ အပါအ၀င် ရောဂါ တော်တော်များများကို နားလည် စေဖို့ အန်တီဂျင် (Ag-Antigen)နဲ့ အင်တီဘော်ဒီ  (Ab-Antibody) အကြောင်း သိဖို့ လိုအပ်ပါတယ်။ Ag ဆိုတာ သူ့ကို သတ်နိုင်တဲ့ Ab တွေ ထွက်အောင်လုပ်နိုင်တဲ့ ပစ္စည်း ကိုခေါ်ပါတယ်။ များသော အားဖြင့် Ag တွေဟာ ပရိုတင်းဓါတ် (Protein) တွေဖြစ်ပြီး၊ အချို့က ကဆီဓါတ် (Carbohydrate)  များဖြစ်ပါတယ်။ တစ်နည်း အားဖြင့် Ag ကို  “ကိုယ့်ပြန်သတ်မဲ့ အဇာတသတ်ကိုမွေးခဲ့တဲ့ဗိမ္ဗိသာရမင်း”  လို့ပြောရ မယ်ထင် ပါတယ်။

       Ab တွေ ကတော့ အထူးလေ့ကျင့်ထားတဲ့ လက်ဖြောင့်တပ်သားတွေလိုပါပဲသူတို့ နဲ့ သက်ဆိုင်တဲ့ Ag တွေ ကိုရှာဖွေပြီး သုတ်သင်ဖျက်ဆီးပါတယ်။

သွေးဥနီတွေ ပေါ်မှာ ရှိတဲ့ အေဘီအို ဆိုင်ရာ အန်တီဂျင် (ABO Antigen system) စစ်စတန်ကလွဲရင် Ab တွေဟာ ကိုယ်ခန္ဓာထဲမှာ အလိုအလျှောက် မရှိပါဘူး။ ကိုယ် ခန္ဓာမှာ မရှိတဲ့ Ag တွေ (၀ါ) တစ်စိမ်း အန်တီဂျင်တွေ ကိုယ်ထဲ ၀င်လာတဲ့ အခါ (၀ါ) တခါတရံကိုယ်နဲ့ မကြာခဏထိတွေ့ မိတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ စစ်စတန် (Immune system) က ကိုယ်ခန္ဓာကို ကျူးကျော် ၀င် ရောက်လာတဲ့ရန်သူတွေကိုဖယ်ရှားဖို့ ထုတ်လုပ် တာပါ။

သွေးအမျိုးအစား ဆိုတာ သွေးဥနီပေါ်မှာ ရှိတဲ့ သွေးဥနီ Ag အမျိုးအစား တွေ ကို ပြောတာပါ။ သွေးဥနီ Ag အမျိုးပေါင်း များစွာရှိပါတယ်။ အရေးကြီးတဲ့ သွေးဥနီ Ag ကတော့ အေ၊ဘီ၊အို အန်တီဂျင် အဖွဲ့ ပါပဲ။

သွေးအမျိုးအစားအေ (A) ဆိုတာ သွေးဥနီအပေါ်မှာ အေအန်တီဂျင် (A Antigen) ရှိနေတာပါ၊ သွေးအမျိုးအစားဘီ (B) ဆိုရင် သွေးဥနီအပေါ်မှာ ဘီအန်တီဂျင် (B Antigen) ရှိနေပါတယ်၊ သွေးအမျိုးအစား အေဘီ (AB) မှာ သွေးဥနီအပေါ်မှာ အေအန်တီဂျင်ရော ဘီ အန်တီဂျင်ရော နှစ်မျိုးလုံး ရှိပါတယ်၊ သွေးအမျိုးအစားအို (O) ဆိုတာ ကတော့ သွေးဥနီ ပေါ် မှာ အေအန်တီဂျင်ရော ဘီအန်တီဂျင် ရော မရှိတာပါ။ တကယ်က ဇီအိုအန်တီဂျင် (Zero Antigen) လို့ပြော ရပါမယ်။

လူတစ်ယောက်ရဲ့ သွေးထဲမှာ သွေးဥနီပေါ်မှာရှိတဲ့ အေ၊ဘီ အန်တီဂျင် (AB Antigen) တွေသာမကပဲ သွေးမသွင်းဘူးပေမဲ့ သူ့ရဲ့သွေးရည်ကြည်ထဲမှာ သူ့မှာမရှိတဲ့ သွေးဥနီ Ag တွေကိုသတ်နိုင်တဲ့ အေ၊ဘီ အန်တီဘော်ဒီ (AB Antibodies) တွေ အလိုအလျောက် ရှိ နေပါတယ်။ ငယ်ရွယ်စဉ်ကစား သောက်ခဲ့တဲ့အစား အစာတွေကြောင့်လို့ယူဆကြပါတယ်။

ဒါကြောင့် အေသွေးမျိုး ရှိတဲ့သူမှာ သူ့သွေးဥနီတွေမှာ A-Ag ရှိပြီး၊ သွေးရည် ကြည်ထဲ မှာတော့ အန်တီဘော်ဒီ ဘီ (Anti-B antibodies) တွေရှိနေပါတယ်။ ထိုနည်းအတူ ဘီသွေးမျိုး ရှိတဲ့ သူမှာသွေးဥနီ ပေါ်က B-Ag နဲ့ သွေးရည်ကြည်ထဲက အန်တီဘော်ဒီ အေ (Anti-A antibodies) တွေရှိနေပါတယ်။ အေဘီသွေးမျိုး ရှိတဲ့သူမှာ A နဲ့B  အန်တီဂျင် နှစ်မျိုးလုံး သွေး ဥနီပေါ်မှာရှိပြီး၊သူ့သွေးရည်ကြည် မှာတော့ အန်တီဘော်ဒီ တစ်မျိုးမှမရှိပါဘူး။ အိုသွေးမျိုး ရှိတဲ့ သူရဲ့သွေးဥနီပေါ်မှာ ဘာအန်တီဂျင် မှမရှိပါ ဘူး။ ဒါပေမဲ့သူ့ သွေးရည်ကြည်ထဲ မှာတော့ အန်တီ ဘော်ဒီ အေရော ဘီရော ရှိပါတယ်။ (ပုံစံဇယား ၁ နဲ့ ၂ကိုကြည့်ပါ)။

ဇယား (၁) သွေးဥနီပေါ်ရှိ အန်တီဂျင်များ။


A antigen
B antigen
သွေးအမျိုးအစား


A
(+)
(-)
B
(-)
(+)
AB
(+)
(+)
O
(-)
(-)


ဇယား (၂) သွေးရည်ကြည်ထဲရှိ အန်တီဘော်ဒီများ။


Anti A antibodies
Anti B antibodies
သွေးအမျိုးအစား


A
(-)
(+)
B
(+)
(-)
AB
(-)
(-)
O
(+)
(+)




ဇယား (၃) ABO & Rh သွေးသွင်းခြင်း
သွေးလှူရှင်၏သွေးအမျိုးအစာ
                                      A(+)   B(+)   AB(+) O(+)  A(-)   B(-)    AB(-)  O(-)
လူနာ၏သွေးအမျိုးအစား
1.       A(+)                      ok      x        x        ok        ok    x        x        ok     
2.       B(+)                       x        ok      x        ok        x      ok      x        ok     
3.       AB(+)                    ok      ok      ok      ok        ok    ok      ok      ok     
4.       O(+)                      x        x        x        ok        x      x        x        ok     
5.       A(-)                       x        x        x        x        ok     x        x        ok     
6.       B(-)                       x        x        x        x          x      ok      x        ok     
7.       AB(-)                     x        x        x        x        ok     ok      ok      ok     
8.       O(-)                       x        x        x        x        x       x        x        ok     


သွေးသွင်းတဲ့အခါသွေးဥနီတွေအများကြီးကိုယ်ထဲကိုရောက်ပါတယ်။သွေးတစ်စက်မှာသွေးဥနီသန်းပေါင်းများ စွာပါ ပါတယ်။ ဒါကြောင့်သွေးဥနီတွေပေါ် မှာရှိတဲ့ အန်တီဂျင်တွေလဲ အများကြီး ကိုယ်ထဲကိုရောက်ပါ တယ်။ သွေးရည်ကြည်ထဲမှာရှိတဲ့ အန်တီဘော်ဒီတွေက သွေးဥနီတွေနဲ့ စာရင်အန်တီဂျင်ဓါတ် အများကြီး နည်း ပါတယ်။ဒါကြောင့်သွေးသွင်းတဲ့အခါမှာ သွေးလှူရှင်ရဲ့ အန်တီဘော်ဒီထက်သွေးဥနီအန်တီဂျင်က ပိုအရေးကြီးတာကြောင့် သွေးလှူရှင်ရဲ့သွေး အမျိုး အစားကိုဦးစားပေးစဉ်းစာရပါတယ်။

   လူနာတွင်အလိုအလျှောက် ရှိနေတဲ့ Ab က သွေးအမျိုးအစား မတူတဲ့ သွင်းလိုက်တဲ့ သွေးဥနီ တွေကို ဖျက်ဆီး တာကို (Incompatible blood transfusion) မတဲ့ သော သွေးသွင်း ခြင်းလို့ခေါ်ပါတယ်။ သေဆုံး ပျက်စီးသွားတဲ့ သွေးဥနီတွေ ထဲက ထွက်လာတဲ့ အဆိပ် အတောက်တွေ ကြောင့် သွေးသွင်းခံရတဲ့သူ ဟာ ချမ်းတုန်ခြင်း၊ ဖျားခြင်းနဲ့ သေဆုံး သည် အထိဖြစ်နိုင်ပါတယ်။ အဲ့ဒါကို မတဲ့သောသွေးသွင်းခြင်း ကြောင့်ဖြစ် သော ရီအက်ရှင် (Incompatible transfusion reaction)  လို့ခေါ်ပါတယ်။ ဥပမာ။အေအမျိုးအစားရှိတဲ့ လူ နာ ကို ဘီသွေးသွင်း မယ်ဆိုရင် လူနာရဲ့သွေးထဲမှာ ဘီအန်တီဂျင်ပါတဲ့သွေးဥနီကို သတ် နိုင်တဲ့ ဘီ အန်တီဘောဒီတွေက သွင်းလိုက်တဲ့ သွေးဥနီတွေ ကို ဖျက်စီးပြစ်ပါတယ်။ ဘီအမျိုးအစား ရှိတဲ့လူနာနဲ့ အေ သွေးလှူရှင်လည်း ဒီလိုပါပဲ။

အေဘီလူနာ ကျတော့သူ့မှာ အန်တီဘော်ဒီ နှစ်မျိုးလုံး မရှိတာမို့ သူ့ကို အေ၊ဘီ၊အေဘီ၊အို သွေးလေးမျိုးလုံး သွင်းနိုင်ပါ တယ်။ ဒါကြောင့် သူ့ကို အူနီဘာဆဲ လက်ခံသူ (Universal recipient) တစ်နည်း လှူသမျှ အကုန်စားတဲ့ စူစကာပုဏ္ဏား လို့ ပြောရ မယ်ထင်ပါတယ်။ အိုအမျိုးအစား လူနာမှာတော့ အေနဲ့ဘီ အန်တီ ဘော်ဒီ နှစ်မျိုးလုံးရှိတာ ကြောင့် အေအန်တီဂျင် နဲ့ ဘီအန်တီဂျင်တစ်မျိုးမျိုး ရှိတဲ့ အေ၊ဘီ၊ အေဘီ သွေး သုံးမျိုးလုံး သွင်းလို့မရပဲ။ အန်တီဂျင်လုံးဝ မရှိတဲ့ အိုသွေးတစ်မျိုးပဲ လက်ခံနိုင် ပါတယ်။ ဒါပေမဲ့ သူ့သွေးဥနီ မှာ ဘာအန်တီဂျင်မှ မရှိတာကြောင့် အေ၊ဘီ၊အေဘီ၊အို၊ အမျိုး အစားအားလုံးကို ပေးနိုင်တာမို့ (Universal donor) သွေးဝေဿန္တရာ လို့ ပြောရပါမယ်။

ဒီအန်တီဂျင်တွေ အကြောင်း မသိခင်က သွေးသွင်း ကုသကြတဲ့ အခါ တစ်ခါတရံ ကံကောင်း ထောက်မစွာ အမျိုးအစားတူတာ (၀ါ) တဲ့သောသွေး (Compatible) သွင်းမိလို့ အောင်မြင်ပြီး၊ တစ်ခါတရံ သွေးအမျိုးမတူ (၀ါ) မတဲ့ သောသွေး (Incompatible) သွင်းမိလို့ လူနာတွေ သေဆုံး ခဲ့ကြရပါတယ်။

နောက်အရေးကြီးတဲ့ သွေးအမျိုးအစားတစ်ခု ကတော့ အာအိပ် (Rh system) ပါ။ Rh  အန်တီဂျင်တွေ သွေးဥနီပေါ်မှာရှိရင် Rh (+) လို့ခေါ်ပြီး၊မရှိတဲ့သူကို Rh (-) လို့ ခေါ်ပါတယ်။ မြန်မာပြည်မှာ Rh (-) သွေးရှိ သူက  ၁% ထက်နည်း ပါတယ်။Anti-Rh တွေကလည်း သဘာဝ အလျှောက်ရှိ မနေပါဘူး။ဒါကြောင့် သွေးသွင်းတဲ့နေရာမှာ သိပ်ဒုက္ခမပေးပါဘူး။

အရေးကြီးတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အကြောင်းကတော့။Rh (-) အမျိုးသမီး ဟာ Rh (+) အမျိုးသားနဲ့ အိမ်ထောင်ကျရင် (Rh +) ခလေးတွေ မွေးပါတယ်။ Rh (-) အမျိုး သမီးကို ကိုယ်ဝန် မရှိ စဉ် က (Rh +)သွေး သွင်းထား ခဲ့မယ်ဆိုရင် သူမကိုယ်က Rh အန်တီဂျင်ကို သတ်မဲ့ အန်တီ အာအိပ်အန်တီ ဘော်ဒီတွေ (Anti-Rh antibody)ကို ထုတ်ထား ပါ  တယ်။အဲ့ဒီ အန်တီဘော်ဒီတွေက Rh (+) ဖြစ်တဲ့ ခလေးရဲ့ သွေးဥနီ တွေကို ဖျက်ဆီး တာ မို့ ခလေးပျက် ကျ နိုင်ပါတယ်။ Rh (-) အမျိုးသမီးမှာ ယခင်က Rh (+) သွေးသွင်းထားခြင်းမ ရှိရင်သူမဆီမှာ အန်တီအာအိပ်အန်တီဘော်ဒီတွေ မရှိတာမို့ ပထမ ခလေးကို ဒုက္ခမပေးပါဘူး။

       ဒါပေမဲ့ ခလေးမွေးစဉ်၊အထူးသဖြင့် ခက်ခဲသော မွေးဖွါးခြင်းများ မှာခလေးရဲ့သွေးဥနီများ မိခင် ကိုယ်ထဲ ရောက်သွားပြီး။အန်တီအာအိပ်အန်တီဘော်ဒီတွေ ထွက်စေတာမို့ ဒုတိယခလေး၊ တတိယ ခလေးများပျက်ကျနိုင်ပါတယ်။


Rh အန်တီဂျင်လို အခြားသော သွေးဥနီ အန်တီဂျင် မျိုးပေါင်း များစွာရှိပါတယ်။အဲ့ဒီ အန်တီဂျင် မတူတာတွေ သွင်းရင်လည်း၊ မတူတဲ့ အန်တီဂျင်နဲ့ သက်ဆိုင်တဲ့ အန်တီဘော်ဒီ တွေ ထုတ် တာ မို့ နောက်တစ်ခါ သွေးသွင်းရင်(Incompatible transfusion reaction) ဖြစ် နိုင်သလို။ Rh အန်တီဂျင်လို ခလေးပျက်ခြင်းများလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးပေါ် သေရေးရှင်ရေး ကိစ္စများမှ လွဲရင် သွေးအမျိုးအစား တူတာပဲ သွင်းသင့် ပါတယ်။အထူးသဖြင့် သွေးခဏခဏ သွင်း ရတဲ့ သွေးကင်ဆာ ရောဂါသည်များ၊ သွေးမထွက်တဲ့ရောဂါသည်များနဲ့ ကိုယ်ဝန်ဆောင်မည့်အမျိုးသမီးများဖြစ်ပါတယ်။

ယခုနောက်ပိုင်းတွေ့ရှိလာတဲ့ သွေးသွင်းခြင်းကြောင့်သေဆုံးနိုင်တဲ့ နောက်အကြောင်းတစ်ခုကတော့ (transfusion related graft vs host reaction) ပါ။ ဒီ ရောဂါမှာသွင်းလိုက်တဲ့သွေးထဲမှာပါလာတဲ့သွေးဖြူဥ (white blood cell) တွေက လူနာရဲ့ သွေးထုတ်ရာရိုးတွင်းချင်းဆီကိုသွားေ၇ာက်ဖျက်ဆီးတာကြောင့်လူနာသေဆုံးကြပါတယ်။ ဒီရောဂါဟာ အဖြစ်နည်း ပေမဲ့ (၀.၁-၁%) ၊ဖြစ်ရင် ၉၀% ကျော်သေဆုံးကြတာမို့အရေးကြီးတဲ့ ရောဂါပါ။ ဒီရောဂါဖြစ်စေတဲ့အကြောင်းက (၁) လူနာက ခုခံအားကျဆင်းနေခြင်း၊ (၂) သွင်းသောသွေးတွင် သွေးဖြူဥများ များခြင်း။ဥပမာ ရက်လွန်သောသွေးများ (သွေးဥဖြူတွေက သွေးဥနီထက်အသက်ပိုရှည်ပါတယ်။ အချို့တိုင်းပြည်မှာ သွေးကိုဓါတ်ရောင်ခြည်ဖြင့် သွေးဥဖြူများကိုဖျက်ဆီးထားရာ၊ဓါတ်ရောင်ခြည်လုံလောက်မှုမရသောသွေးများနဲ့ အရေးအကြီးဆုံးအချက်က (၃) ပထမ၊ဒုတိယ (first and second generations relatives) သွေးတော်စပ်သောမောင်နှမ၊ တူ။တူမစသောဆွေမျိုးတွေရဲ့သွေးသွင်းခြင်းဖြစ်ပါတယ်။ ဒါကြောင့်အခုအခါမှာဆွေမျိုးသွေးလှူရှင်ရဲ့သွေးကိုလူနာအားသွင်းခြင်းမှရှောင်ရှားကြပါတယ်။
ကျန်းမာရေးဗဟုသူတနဲ့ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေ။

သိပ္ပံဘိုးဘိုးအောင်။

ကျမတို့ငယ်ငယ်က ဘိုးဘိုးအောင်ရဲ့ တန်ခိုးတွေကိုတစ်ပိုင်းတစ်ဆ ကြားခဲ့ရပါတယ်။ သူ့ကိုနှောက်ယှက်တဲ့ သူတွေကို ဘိုးဘိုးအောင်က ၀လုံး တစ်လုံးရေးပြပြီး၊ သူ့ကို မဖျက်ဆီးခင် ဒီ ၀လုံးကို အရင်ဖျက်အုံး လို့ ပြောတယ် တဲ့။ အဲ့ဒီ ၀လုံးက ဖျက်လိုက်တာနဲ့ နှစ်လုံးဖြစ်သွားတယ်။ နှစ်လုံးကို ဖျက်လိုက်တော့ လေးလုံး ဖြစ်သွားတယ်။ အဲ့ဒီလို နှစ်ဆ နှစ်ဆဖြစ်သွားလို့ ဖျက်တဲ့သူတွေလည်း လက်လျော့လိုက်ရ တယ် ဆိုတာ ပါပဲ။

အခုပြောမဲ့ သိပ္ပံဘိုးဘိုးအောင် ဆိုတာက ဘိုးဘိုးအောင်လိုပဲ ကျမတို့ရဲ့ ဗီဇတွေကို နှစ်ဆ နှစ်ဆဆီ တိုး သွား စေတဲ့ PCR (Polymerase chain reaction) အကြောင်းပါပဲ။ ဒီ PCR ဟာ ကျမတို့ရဲ့ ကိုယ်ခန္ဓာ ထဲမှာ သဘာဝအတိုင်း အမြဲဖြစ်ပျက်နေကြပါတယ်။ ဒါပေမဲ့ ကိုယ် ခန္ဓာအပြင် (ဓါတ်ခွဲခန်းထဲမှာ) လုပ်နိုင် တာကတော့ ၁၉၈၃ ခုနှစ်မှ  Kary Mulllis  ကြောင့်ပါ။ Kary Mulllis  ဟာ ၁၉၉၃ ခုမှာ ထိုက်တန်စွာ သိပ္ပံပညာ (ဓါတုပညာ Chemisrty) နဲ့ Noble ဆု ရရှိခဲ့ပါတယ်။

ဒီ သိပ္ပံဘိုးဘိုးအောင်နည်းဟာ ဆေးပညာ၊ ဇီဝပညာ အပြင် ရာဇ၀တ်မှုတွေမှာအလွန်အသုံးဝင်တဲ့ နည်း
ဖြစ် ပါ တယ်။  ဒီနည်းမှာ ဗီဇ အနည်းငယ်ကို လိုသလောက်အဆများစွာပွါးနိုင်တဲ့အတွက်
ဥပမာ။ ရာဇ၀တ်မှု တစ်ခုမှာ တရာခံရဲ့ ဆံပင်တစ်ချောင်းကျနေတယ်ဆိုရင်၊ အဲ့ဒီ ဆံပင်ရဲ့ အမြစ်မှာ ရှတဲ့DNA စ လေးကနေ တရားခံရဲ့ DNA တွေအများကြီးပွါးနိုင်ပြီး၊ တရားခံ ဖြစ် နိုင်သူတွေရဲ့ DNA တွေနဲ့ တူမတူ စစ်ခြင်းဖြင့် တရားခံ အမှန်ကိုဖေါ်ထုတ်နိုင်ပါတယ်။ ထိုနည်းအတူ သွေးစွန်းနေတဲ့  အ၀တ်တွေကို သုတ်ပြစ်၊လျော်ပြစ်ပေမဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ သွေးစက်တွေ (uv light မှာမြင်နိုင်တဲ့) က DNA  တွေကိုပွါးများနိုင်သလို ဖန်ခွက်တို့ဆေးလိပ်တို့မှာကပ်နေတဲ့ တံတွေစက်ကလေးတွေကလဲ ရယူနိုင်ပါတယ်။ 

ကျမတို့ရဲ့ ဗီဇ(gene) တွေဟာ သာမာန်အားဖြင့် မုန့်ကြိုးလိမ်လို ကြိုးနှစ်ချောင်းလိမ်သလိုမျိုး ဖြစ်တည်နေ ပါတယ်။ တစ်ကြိုးက ဖခင်ဆီကရပြီး၊ကျန်တစ်ချောင်းက မိခင်ဆီက ရတာဖြစ်ပါတယ်။ ဒီမုန့်ကြိုးလိမ် (chromosome) တွေဟာ သူတို့နဲ့သက်ဆိုင်ရာ ဗီဇတွေနဲ့ မျက်နှာချင်ဆိုင်မှာ အစုံလိုက်ရှိနေကြပါတယ်။ ဥပမာ။ ဆံပင်အရောင်ကို ဆုံးဖြတ်မဲ့ ဖခင်ရဲ့ဗီဇနဲ့ မိခင်ရဲ့ ဗီဇဟာ မျက်နှာချင်းဆိုင်လျက် အစုံလိုက် ရှိနေပါတယ်။ ထိုနည်းအတူ မျက်စိအရောင်ကို ဆုံးဖြတ်မဲ့ ဖခင်ရဲ့ဗီဇနဲ့ မိခင်ရဲ့ဗီဇ ဟာလည်း အစုံလိုက် ရှိနေပါတယ်။ ဒီဗီဇပေါ်မူတည်ပြီး ကျမတို့ရဲ့ ဆံပင်အရောင်၊ မျက်စိ အရောင်တွေ ဖြစ်လာပါတယ်။ ကျမတို့ကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းမှာ ဗီဇတွေဟာ မုန့်ကြိုးလိမ်လို ရှိနေပါတယ်။ ဆေးပညာအရ (Diploid ) အစုံလိုက်လို့ ပြောပါ တယ်။ ဒါပေမဲ့ အမမျိုးဥနဲ့ အဖိုမျိုးဥဖြစ်တဲ့ ovum and sperm မှာတော့ (haploid) တစ်ကြိုး အနေနဲ့ပဲ ရှိပါတယ်။ သို့မှသာ ဖခင်နဲ့ မိခင်မျိုးဥတို့ပေါင်းစပ်တဲ့ အခါ သက်ဆိုင်ရာဗီဇတွေရှိတဲ့ ကြိုးနှစ်ချောင်း တွဲမိပြီး၊ မုန့်ကြိုးလိမ်ဖြစ်သွားပြီး နောင်ဖြစ်လာမည့် သန္ဓေသားရဲ့ပုံသဏ္ဍန် တွေကို ဖန်ဆင်းပါတယ်။ 

ကိုယ်ထဲမှာဆဲလ် တစ်ခုက နှစ်ခုပွါးတော့မယ်ဆိုရင် ဒီမုန့်ကြိုးလိမ် (chromosome) တွေ (အားလုံးပေါင်း ၂၃ စုံ)  ဆဲလ်ရဲ့ အလယ်မှာတန်းဆီကြပါတယ်။ ပြီးတော့ ဒီမုန့်ကြိုးလိမ်တွေ ပြေသွားပြီး ကြိုးတစ်ချောင်း ဆီဖြစ်သွားပါတယ်။ နောက် ကြိုးတစ်ချောင်း ဆီကွဲသွားကြ ပါ တယ်။ ကွဲသွားတဲ့ ကြိုးတစ်ချောင်း (chromosome တစ်ခြမ်း) ဆီမှာ ၎င်းနဲ့ သက်ဆိုင်တဲ့ ဗီဇ (gene) တွေကို (Polymerase enzyme လို့ခေါ်တဲ့ enzyme တွေက ဗီဇ (gene) တွေ ဖြစ်မဲ့ သက်ဆိုင်ရာ nucleotide တွေကို သယ်လာ ပေးပါ တယ်။ ဒီလိုနည်းနဲ့ chromosome တစ်ခြမ်းကနေ chromosome တစ်စုံဖြစ်သွားပါတယ်။ နဂိုက လိမ်ထားတဲ့ chromosome အလိမ်တစ်ခုက အလိမ်ပြုတ်သွားပြီး chromosome နှစ်ခြမ်းဖြစ်၊ chromosome တစ်ခြမ်းက chromosome တစ်စုံဆီ ဖြစ်တာမို့ နောက်ဆုံး chromosome တစ်စုံက chromosome နှစ်စုံ ဖြစ်သွားပါတယ်။ ဒီလိုနည်းနဲ့ chromosome တွေ နှစ်ဆ နှစ်ဆ (ဘိုးဘိုးအောင်တန်ခိုးလို) ဖြစ်သွားပါတယ်။ chromosome နှစ်စုံ ဖြစ်သွားသလို ဆဲလ် တစ်ခုက နှစ်ခုဖြစ်သွားပြီး သတ္တ၀ါတွေကြီးထွားကြ။ သေသွားတဲ့ ဆဲလ် တွေရဲ့နေရာမှာလဲ အလားတူဆဲလ် တွေနဲ့အစားထိုးခြင်းဖြင့် ကျမတို့ မသေမခြင်း
ကိုယ်တွင်းမှာဖြစ်ပျက်နေကြပါတယ်။ (မိုးကုတ်ဆရာတော်ဘုရားကြီးဟောတော်မူတဲ့ ဖြစ်ပျက်တရား၊
တနည်းမြတ်ဘုရားဟောတော်မူတဲ့ဒုက္ခသစ္စာပါ)။

အဲဒီလို ဖြစ်ဖို့ ဗီဇ (gene) တွေရဲ့ အခြေခံဖြစ်တဲ့ nucleotide တွေနဲ့ စီပေးတဲ့ Polymerase enzyme တွေလိုအပ်ပါတယ်။

ဗီဇ (gene) ကို တည်ဆောက်တဲ့ nucleotide က လေးမျိုး ဘဲရှိပါတယ်။ adenine, thymine, guanine, and cytosine တို့ဖြစ်ပါတယ်။ အတိုကောက်အနေနဲ့  A, T, G and C  တို့ဖြစ် ပါ တယ်။ သူတို့ဟာ တွဲချင်တဲ့သူနဲ့မတွဲပါဘူး။ Adenine က thymine နဲ့ပဲတွဲပါတယ်။ guanine ကလဲ cytosine နဲ့ပဲတွဲပါတယ်။

ဒီ ဗီဇတွေကို တည်ဆောက်တဲ့ nucleotide တွေ ကိုယ်ထဲမှာ အလုပ်လုပ်ဖို့ Polymerase enzyme တွေလိုအပ်ပါတယ်။ ဒီ enzyme တွေက ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်မှာမှ အလုပ် လုပ်ပါတယ်။ 

ဗီဇတွေရှိတဲ့ မုန့်ကြိုးလိမ် (chromosome) တွေကို ဓါတ်ခွဲခန်းမှာ နှစ်ခြမ်းခွဲ ဖို့က လွယ်ပါတယ်။ chromosome တွေကို ၁၀၀ ဒီဂရီ စင်တီဂရိတ် အပူ ပေးလိုက်ရင် နှစ်ခြမ်းကွဲ သွားပါတယ်။ အပူချိန်ကိုပြန် ချလိုက်ရင် chromosome တွေ နှစ်ခုပြန်တွဲသွားပါတယ်။ ဒါပေမဲ့ Polymerase enzyme တွေအလုပ်   မလုပ်နိုင် တဲ့အတွက် ဗီဇ (gene) တွေသယ်ဆောင်ထားတဲ့ chromosome တွေ နှစ်ဆ မပွါးနိုင် ပါဘူး။

          ဆောင်းဦးပေါက် တစ်နေ့မှာ Kary Mulllis   တစ်ယောက် ရေပူစမ်းမှာ အနားယူ ရေစိမ် နေ ပါတယ်။ အဲ့ဒီအချိန်မှာ ရေပူစမ်းထဲမှာ ကူးခတ်နေတဲ့ ငါးလေးတွေကို တွေ့လိုက်  ပါတယ်။ သတ္တ၀ါတိုင်းမှာ ဗီဇတွေရှိတယ်။ အဲ့ဒီ ဗီဇတွေကလည်း အမြဲ ဖြစ်နေ၊ ပျက်နေ တယ်။ ဗီဇ (gene) တွေဖြစ်ဖို့ Polymerase enzyme လိုတယ်။ ရေပူစမ်းက ငါးတွေလဲ Polymerase enzyme ရှိရမယ်။ ဒီငါးတွေက အပူမှာနေတဲ့ အတွက် သူတို့ မှာရှိတဲ့ Polymerase enzyme တွေက အပူမှာ အလုပ်လုပ်ရမယ်ဆိုတဲ့ အသိဉာဏ် ရရှိ သွားပြီး၊ အနားယူရာက ချက်ချင်း ဓါတ်ခွဲခန်းကိုပြန်ခဲ့ပြီး လက်တွေ့စမ်းသပ်အောင်မြင်ခဲ့တဲ့ ငါးတွေ ဆီ က ရတဲ့ Polymerase enzyme တွေကိုဓါတ်ခွဲခန်းမှာ အသုံးပြုခြင်းဖြင့် ဗီဇ (gene) တွေကို ဓါတ်ခွဲခန်းမှာအမြောက် အများ ပွါးနိုင်သွားတာဖြစ်ပါတယ်။ ဗီဇ (gene) တစ်ခုက နှစ်ခုဖြစ် တာကို  (one cycle) လို့ခေါ်ပါတယ်။ အဲ့ဒီအတွက် ၅ မိနစ်ကြာပါတယ်။ ယခုအခါ auto လုပ်နိုင်တဲ့ စက်တွေရှိနေပါပြီး၊ ဘယ်နှစ်ကြိမ် (how many cycles) လုပ်မယ်ဆိုတာကို စက်မှာ ခလုပ် နှိပ်လိုက်ရင် သူ့ဘာသာ အလုပ်လုပ်ပါတယ်။ 

Tuesday, May 29, 2018

ခွေးရူးပြန်ရောဂါနဲ့ကာကွယ်ဆေး ။

လူမှာရောဂါဖြစ်စေတဲ့ပိုးအများစုဟာ bacteria သို့မဟုတ် virus ပိုးများကြောင့်ဖြစ်ပါတယ်။ bacteria ပိုးတွေက ပြည်တည်နာကစပြီး တကိုယ်လုံးမှာရှိတဲ့အင်္ဂါတွေမှာပြည်တည်တဲ့ရောဂါတွေကိုဖြစ်စေပါတယ်။ ဥပမာ အဆုတ်တွင်ပြည်တည်သော နမိုးနီယားရောဂါ၊ ဆီးလမ်းကြောင်းတွင်ပြည်တည်ခြင်းစသည်တို့ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာ သူတို့ကိုသတ်နိုင်တဲ့အစွမ်းထက်တဲ့ပိုးသတ်ဆေး (Antibiotics)  တွေကို အလွယ်တကူဈေးသက်သက်သာသာနဲ့ရရှိပါတယ်။  virus ပိုးတွေက bacteria ပိုးတွေထက်သေးငယ်ပြီး ၄င်းတို့ကိုသတ်နိုင်တဲ့ဆေးတွေမပေါ်သေးတာများပါတယ်။ ရှိရင်လဲ အလွန်ဈေးကြီးပြီးရှားပါးပါတယ်။ ဒါကြောင့် virus ကြောင့်ဖြစ်တဲ့ ရောဂါဆိုရင်ဆေးမရလို့သေဆုံးကြပါတယ်။ ဒါပေမဲ့ virus ကြောင့်ဖြစ်တဲ့ရောဂါတော်တော်များများကိုကာကွယ်နိုင်တဲ့ vaccine ဗက်ဆင်းတွေရှိပါတယ်။ ဒီ vaccine တွေကြောင့် ယခုအခါ virus ကြောင့်ဖြစ်တဲ့ ကျောက်ကြီးရောဂါ၊ ပိုလီယိုရောဂါစတာတွေကိုကာကွယ်နိုင်တဲ့အတွက် အဲ့ဒီရောဂါတွေမဖြစ်သလောက်ရှားသွားပါပြီ။

ဗက်ဆင်းဆိုတာ ရောဂါဖြစ်စေတဲ့ပိုးကို တစ်နည်းတစ်ဖုံ ပြုပြင်ထားတဲ့ virus ပိုး (၀ါ) ပိုးနဲ့ ပတ်သက်တဲ့ ပစ္စည်း တွေပါ။ ဥပမာ။ ပိုလီရိုကာကွယ်ဆေးဆိုရင် ပိုလီရို virus ကို အားအင်ချိနဲ့အောင်လုပ် ထားတာပါ။ ခွေးရူးကာကွယ်ဆေးကတော့ virus ပိုးအသေတွေပါ။ တစ်ချို့က virus ပိုးရဲ့ အရေခွန် (ဥပမာ။ ဘီ အသဲရောင်virus ပိုး)တွေပါ။ ဗက်ဆင်းကိုများသောအားဖြင့်  တပတ်ခြားပြီး ၃ ကြိမ်ထိုးရပါတယ်။ ၃ ကြိမ်ပြည့်အောင်ထိုးပြီး ၂ ပတ်လောက်မှ သက်ဆိုင်ရာရောဂါကိုကာကွယ်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေကို ခန္ဓာကိုယ်က ထုတ်ပါတယ်။ ဒါကြောင့် ဗက်ဆင်းကိုရောဂါမဖြစ်ခင်၊ ရောဂါဖြစ်စေတဲ့ ပိုးတွေနဲ့တွေ့ဖို့များတဲ့သူတွေ (potential exposure) ရှိတဲ့သူတွေကိုထိုးပေးထားရပါတယ်။ ဥပမာ ခွေးရူးကာကွယ်ဆေးကို တိရိစ္ဆာန်ဆရာဝန် များ ၊ အိမ်တွင်ခွေးမွေးထားသူများ၊ ခွေးလေခွေးလွင့်ပေါ်သော ရပ်ကွက် မှာနေ ထိုင်သူတွေကိုထိုးထားဖို့လိုအပ်ပါတယ်။

 ခွေးရူးပြန်ရောဂါဟာ ဆေးမရှိသေးတဲ့ virus ပိုးကြောင့်ဖြစ်ပြီး ဥဏှောက်ကိုရောင်စေတာမို့ ရာဂါဖြစ်ပြီးဆိုရင်တော့ မလွယ်တော့ပါဘူး။ ယနေ့အထိ ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါ ဖြစ်ပြီး ရှင်တဲ့လူ ၆ ယောက်သာ မှတ်တမ်းတင်ထားပါတယ်။ အဲ့ဒါကလဲ အမေရိကန်ပြည်မှာ နောက်ဆုံးစမ်းသပ်ကုသနည်းနဲ့ လူနာရဲ့ ရောင်နေတဲ့ဥဏှောက်ကို တမင်ကိုမာ (Artificial coma) ဖြစ်အောင် လုပ်ထားခြင်းဖြင့် ဥဏှောက်ရဲ့ လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းစေပြီး ခွေးရူးပြန် ပိုးများ သေဆုံးပြီးမှ ကိုမာ (coma ) က ထစေခြင်း ဖြစ်ပါတယ်။

အာရှတစ်ခွင်မှာ တစ်နစ်ကို ခွေးရူးပြန်ရောဂါကြောင့် လူ သုံးသောင်းကျော် အသက် ဆုံးရှုံးရပါတယ်။ အများဆုံးကတော့ ခွေးလေ ခွေးလွင့်များကြောင့် ပါ။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ ခွေးလေ ခွေးလွင့်များမရှိဘဲ ၊အိမ်မွေးတိစ္ဆာန် တွေကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး တွေ ထိုးထားပါတယ်။ ဒါကြောင့်သူတို့ နိုင်ငံ တွေမှာ ခွေးရူးပြန်ရောဂါ မဖြစ်သလောက် ရှားသွားပါပြီ။

ရှေးက ခွေးရူးပြန်ကာကွယ်ဆေးတွေက နှစ်ပတ်တိတိ  ချက်ပတ်လည်မှာ ထိုးရပြီး အလွန် နာတဲ့အတွက် ဆေးထိုးတာ ၁၀ လုံး လောက်ဆိုရင်လူနာဟာဗိုလ်အနာ သက်သာအောင် ခါးကုန်းပြီး သွားလေ့ရှိပါတယ်။ နောက်ပြီး အဲ့ဒီကာကွယ်ဆေးက  တိရစ္ဆာန်တွေရဲ့ ဥဏှောက်ထဲမှာ မွေးထားတဲ့ virus ပိုးတွေကထုတ်တာမို့ တိရစ္ဆာန်တွေရဲ့ ဥဏှောက်နဲ့မတဲ့ ထဲ့ဥဏှောက် ရောင်ရောဂါ ဖြစ်နိုင်ပါတယ်။

ခေတ်ပေါ် ခွေးရူးကာကွယ်ဆေးတွေက ရှေးက ကာကွယ်ဆေးတွေလို မနာတော့ ပါဘူး။ အများကြီးလည်း ထိုးစရာ မလိုပါဘူး။ ဥဏှောက်ရောင်ရောဂါလဲမဖြစ်တော့ပါဘူး။ လက်မောင်းမှာအခြားကာကွယ်ဆေးတွေလိုထိုးရပြီး။ ပထမ နဲ့ ဒုတိယကို တစ်ပတ်ခြား ထိုးပြီး တတိယအကြိမ်ကိုတော့ ပထမအကြိမ်ရဲ့ ၃ ပတ်မှ ၄ ပတ်အကြာမှာထိုးရပါတယ်။

ကျမတို့မြန်မာနိုင်ငံမှာ ခွေးရူးကိုက်ခံရတယ်ဆိုမှ ခွေးရူးကာကွယ်ဆေးထိုးကြပါတယ်။ တကယ်က ခွေးရူးမကိုက်ခံရခင် အနည်းဆုံးနစ်လလောက်ကကြိုထိုးထားမှ အချိန်မီရောဂါကာကွယ်နိုင်မှာပါ။

ခွေးရူးပြန်ရောဂါ (Virus) ပိုးတွေက ရောဂါသည် လူ (၀ါ) တိရစ္ဆာန်ရဲ့ တံတွေး ထဲမှာ ရှိပြီး ကိုက်လိုက်တဲ့အခါ အနာကနေ ပိုးဝင်သွားပါတယ်။ အကိုက် မခံရပေမဲ့ တံတွေးနဲ့ထိတဲ့ အရေပြား ပေါက်နေမယ်ဆိုရင် ပိုးတွေ ၀င်နိုင်ပါတယ်။ (Virus) ပိုးတွေက အလွန်သေးငယ်တာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရေပြား အပေါက်များက ၀င်နိုင်ပါတယ်။

အရေပြားကို ကျော်ပြီးတဲ့နောက် ပိုးများဟာ (Nerve) နပ်ကြောတွေ ကတဆင့် ဥဏှောက်ကို ရောက်ပါ တယ်။ ဥဏှောက်မှာ ပိုးတွေ ပွါးတာကြောင့် ဥဏှောက်ရောင်လာပါ တယ်။ ရောဂါစတင်ဖြစ်ပွါးချိန် (၀ါ) ရောဂါလက္ခဏာများ စတင် ပေါ်ပေါက်ချိန်ဟာ ပိုးတွေ ဥဏှောက်ကို ရောက်ဖို့ သွားရတဲ့ အကွာအဝေး ပေါ်မှာမူ တည်ပါတယ်။ ဥပမာ။ ခြေထောက်မှာ အကိုက်ခံရတဲ့သူဟာ လက်မှာ အကိုက်ခံရတဲ့သူထက် နောက်ကျပြီးမှ ရောဂါဖြစ်ပါတယ်။ ထိုနည်းတူ ခလေးထက် လူကြီးများမှာ ရောဂါနောက်ကျ ပြီးဖြစ်ပါတယ်။
ခွေးရူးပြန်ရောဂါဟာ သွေးနွေးသတ္တ၀ါတိုင်းမှာ ဖြစ်နိုင်တာမို့ ခွေးမှသာမဟုတ် ကြောင် ကိုက်ခြင်း၊ လူကိုက်ခြင်း၊ ယုန်ကိုက်ခြင်း တို့ကြောင့်လည်း ကူးနိုင်ပါတယ်။ ကြွက်များ မှာတော့ ခွေးရူးပြန်ရောဂါ မဖြစ်ပါဘူး။ ဒါကြောင့် ကြွက်ကိုက်ခြင်းကြောင့် ခွေးရူးပြန်ရောဂါ မဖြစ်ပါဘူး။ အချို့သော ခွေးနဲ့ အထူး သဖြင့် လင်းနို့များဟာ ရောဂါမဖြစ်ပဲ ပိုးသယ်ဆောင်နိုင် (carrier) ပါ တယ်။ ဒါကြောင့် ခွေးကောင်း အကိုက်ခံရပေမဲ့ ခွေးရူးပြန်ရောဂါဖြစ်နိုင်ပါတယ်။

အိမ်မှာမွေးထားတဲ့ခွေးက ကိုက်တယ်ဆိုရင်တော့ ရောဂါဖြစ်ဖို့ များပါတယ် ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ် စမှာ ခွေးရဲ့စိတ်တွေ ပြောင်းလဲ တာကြောင့် သခင် ကို ပြန်ကိုက်တာပါ။

လွန်ခဲ့တဲ့ ၃၅ နှစ်က သူဌေးမကြီးတစ်ယောက် အိမ်မှာမွေးထားတဲ့ ခွေးက သူမရဲ့ ၂ နှစ်အရွယ်မြေးမကို လက်မှာကိုက် လိုက်ပါတယ်။ ကာကွယ်တဲ့ ပဋိပစ္စည်းတွေ ယိုးဒယားကမှာ ပြီး ထိုးဖို့ မမှီ လိုက်ခင်မှာပဲ ခလေး သေဆုံး သွားပါတယ်။

များသောအားဖြင့် ခွေးကိုက်ခံရပြီး  ၂-၁၂ ပတ် အတွင်း ရောဂါလက္ခဏာများ ပေါ်ပါ တယ်။၂-၅ နှစ် အထိကြာတဲ့ သူလည်း ရှိတတ်ပါတယ်။ ဒါကြောင့်အချို့လူနာများခွေးကိုက်ခံခဲ့ ရတာကို မမှတ်မိတော့ပါဘူး။
ရောဂါလက္ခဏာများပေါ်ပြီး ၂ ပတ် အတွင်းလူနာသေဆုံးပါတယ်။ ထူးခြားတဲ့ ရောဂါ လက္ခဏာတွေ ကတော့၊ သားရည် တစ်မြားမြား ဖြစ်ခြင်း၊ ရေအလွန်ဆာ သော်လည်း ရေမြင် တာနဲ့ ကြောက်လန့်ပြီး တစ်ကိုယ်လုံး အကြောတတ်ပါတယ်။ လူနာဟာ သေဆုံးသည် အထိ သတိရှိနေပြီး ရောဂါရဲ့ဒဏ်ကို အပြင်းအထန် ခံစားရရှာပါတယ်။

တောင်ကြီးဆေးရုံမှာ တာဝန်ကျနေတုံး ခွေးရူး အကိုက်ခံရတဲ့ သားအမိနှစ်ယောက် ရောက်လာပါတယ်။ တခြားသူများကို ကူးစက်မည့် အန္တရာယ်ကြောင့် သားအမိနှစ်ယောက် လုံးကို တိရစ္ဆာန်တွေလှောင်သလို လှောင်ထားရပါတယ်။ရောဂါကြောင့် လူနာ နှစ်ယောက်လုံး အငြိမ် မနေနိုင်ပဲ လှောင်ရုံရဲ့ တိုင်တွေကို ကိုက် နေကြပါတယ်။ရေဆာတယ်လို့ ပြောပေမဲ့ ရေပေးတဲ့အခါ မသောက်နိုင်ပဲ ပိုပိုပြီး တက်ကြ ပါတယ်။ ပါးစပ်တွေကလည်း သားရည်တွေ ယိုစီးနေကြပါတယ်။ တကယ့် ခွေးရူးတွေလို ပါပဲ။ အခုနှစ် ၄၀ ကျော်ခဲ့ပေမဲ့။ ကျမ မျက်စိ ထဲမှာ ယခုတိုင် မြင်ယောင် နေဆဲပါ။

သားအမိ နှစ်ယောက်ကို အတက် သက်သာ အောင် ငြိမ်ဆေးထိုးပေး ထားပါတယ်။ ပြင်းတဲ့ အိပ်ဆေးတို့၊ အကြောပျော့ ဆေးတွေလည်း ထိုးလို့မရ ပါ ဘူး။ ရောဂါကြောင့်ဖြစ်တဲ့ အသက်ရူကျပ်တဲ့ အခြေအနေကို ပို ဆိုးစေမှာမို့ ပါ။

ကာကွယ်ကုသနည်း။
၁။ခွေးကိုက်ခံရသောနေရာကို ရေ ဆပ်ပြာတို့ဖြင့် ၁၀-၁၅ မိနစ်ခန့် စင်အောင် ဆေးရပါမယ်။ ပိုးတွေ ကိုယ်ထဲအများကြီး မ၀င်အောင်လို့ပါ။
၂။ အနာကို အိုင်အိုဒင်းဆေးရည်နဲ့ သုပ်လိမ်းပေးပါ။ အိုင်အိုဒင်းဆေးက ပိုးသတ် နိုင်ပါတယ်။
၃။လူနာကို တိတ်ဆိတ်သော အမှောင်ခန်းထဲမှာ ထားရပါမယ်။ အသံနဲ့ အလင်းရောင်များက လူနာကို တက်စေပါတယ်။ (ရန်ကုန်ဆေးရုံကြီး မြေအောက်ခန်းမှာ ခွေးရူးပြန် ရောဂါသည် များထားပါတယ်)။
၎။ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းတယ် ဆိုတာ ခွေးရူးပြန်ရောဂါ အတွက်အလွန် မှန်ပါတယ်။ ကာကွယ်ဆေးကသာ ရောဂါကို ကာကွယ်နိုင်ပြီး၊ ကုသဆေးကတော့ မရှိ ပါဘူး။ ကာကွယ်ဆေးကို ၃ကြိမ် ပြည့်အောင် ထိုးထားရင် ၅ နှစ်ခံပါတယ်။ ၅ နှစ်ကျော်ပြီးမှ ခွေးကိုက် ခံရရင်လည်း ကာကွယ်ဆေးထိုးထား သူက ကာကွယ်ဆေးလုံးဝ မထိုးဖူးသူထက် ရောဂါ ကာ ကွယ်နိုင်တဲ့ ပဋိပစ္စည်းတွ မြန်မြန်နဲ့များများ ထုတ်နိုင်လို့ လူနာကို အသက် ချမ်းသာရာ ရစေနိုင်ပါတယ်။
၅။ကာကွယ်ဆေး မထိုးထားတဲ့သူ ခွေးရူးကိုက်ခံရပြီး ရောဂါလက္ခဏာတွေပေါ်နေပြီ ဆိုရင် တော့ လူနာ့ကို ဗက်ဆင်းထိုးခြင်းဖြင့် အချိန်မီမကယ်နိုင်ပါဘူး။ ဒါကြောင့် တစ်ခြား လူ (၀ါ) တိရစ္ဆာန် (၀ါ) သိပ္ပံနည်း ဖြင့် ထုတ်လုပ်ထားတဲ့ ပဋိပစ္စည်းတွေကို ထိုးပေးရပါ တယ်။ အဲ့ဒီ ပဋိပစ္စည်းတွေက နိုင်ငံခြားက မှာရတာမို့ ချက်ချင်း မရပါဘူး။ ဒေါလာနှစ် ထောင်ခန့် ကုန်ကျပါတယ်။
၆။ခွေးရူးပြန် ကာကွယ်ဆေးထိုးခြင်း။ ခွေးရူးပြန်ကာကွယ်တဲ့ပဋိပစ္စည်းတွေက မြန်မြန် အလုပ်လုပ် သော်လည်း မြန်မြန် ပျက်စီးကုန်တဲ့အတွက် သဘာဝ လူနာကိုယ်မှ ပဋိပစ္စည်းတွေ ထွက်လာပြီး ရောဂါကို ဆက်လက် ပျောက်ကင်းနိုင်အောင် ထိုးရတာပါ။ ခွေးရူးပြန် ကာကွယ်ဆေးထိုးထားတဲ့သူဆိုရင် အကိုက်ခံရပြီးတစ်ပတ်အတွင်း ကာကွယ်ဆေးတပ်ထိုးခြင်းဖြင့် ရှိပြီးသား ပဋိပစ္စည်းတွေကိုပိုမို ထုတ်စေပါတယ်။
၇။Valium ကဲ့သိုငြိမ်ဆေး အပျော့များ ပေးထား ရပါတယ်။
၈။လူနာ လိုအပ်သော ရေနဲ့ သကြားဓါတ်များ၊ ဆားများ၊အာဟာရဓါတ်များကို ဆေးပုလင်းကြီး (drip) များနဲ့ သွင်းပေးထား ရပါတယ်။
၉။ အသက်ရူရန် ခက်ခဲ နေသူများအား အောက်ဆီဂျင်ပေးခြင်း၊ အသက်ရူစက်တပ်ခြင်း။
၁၀။ တိုးတက်သောနိုင်ငံများတွင် (Artificial coma) တမင်ကိုမာ ပြုလုပ်ထားခြင်း။
၁၁။ ကိုက်သောခွေးကို အနည်းဆုံး နှစ်ပတ် စောင့်ကြည့်ရပါမယ်။ နှစ်ပတ်အတွင်း ခွေးရူး သွားတယ် ဆိုရင် ခွေးကိုက်စဉ်က ရောဂါပိုးတွေ ပါဖို့ များပါတယ်။ မရူးဘူးဆိုရင်တော့ ပိုးမပါဖို့ များပါတယ်။ အကောင်းဆုံး ကတော့ အကိုက်ခံရတဲ့လူနာရဲ့သွေးမှာ ပိုး ရှိမရှိ စစ်ဆေး တာ အသေချာဆုံးပါပဲ။
PS
သတိထားဖို့က ဗက်ဆင်းတွေရဲ့အာနိသင်ရှိနေဖို့ ဗက်ဆင်းတွေကို တောက်လျောက် + 4 C  မှာထားရပါတယ်။ အပြင်အပူချိန်မှာထားရင် ဗက်ဆင်းတွေရဲ့အာနိသင်တွေပျောက်ပျက်ကုန်ပါတယ်။


Monday, May 28, 2018

လူကီးမီးယား (၀ါ) သွေးဥဖြူကင်ဆာ (၀ါ) သွေးကင်ဆာ leukaemia


သွေးတွင်းရှိ သွေးဥနီ၊ သွေးဥဖြူ၊ သွေးဥမွှား အားလုံး (progenitor) ခေါ်တဲ့ မိခင်ဆဲလ် ကနေဖြစ်လာကြတာပါ။ တစ်နည်းအားဖြင့် တစ်မအေထဲက ပေါက်ဖွါး လာတဲ့ မောင်နှမတွေ လိုပါပဲ။ progenitor ဆဲလ်တွေက ရိုးတွင်းခြင်ဆီ၊ အသဲနဲ့ သရက်ရွက် တွေမှာ ရှိပါတယ်။ အကျိတ်တွေ မှာလည်း အနည်းအကျဉ်းရှိပါတယ်။ သာမန်လူတွေမှာတော့ ရိုးတွင်းခြင်ဆီမှာ ရှိတဲ့ progenitor ဆဲတွေက သွေးဥနီ၊ သွေးဥဖြူ၊ သွေးဥမွှားတွေကို ထုတ်လုပ် ပေးပါတယ်။

သွေးဥဖြူဖြစ်မဲ့ဆဲလ်တွေက သွေးဥဖြူ အကောင်းတွေ မဖြစ်ပဲ ကင်ဆာ ဆဲလ်တွေ ဖြစ်သွား တာကို သွေးကင်ဆာလို့ ခေါ်ပါတယ်။ သွေးဥနီနဲ့ သွေးဥမွှားဖြစ်မဲ့ဆဲလ်တွေကလည်း ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဖြစ်နည်းပါတယ်။ သူတို့ကိုတော့သွေးကင်ဆာလို့ မခေါ် ပါဘူး။

သွေးကင်ဆာရဲ့ရောဂါဖြစ်ပွါးမှုအချိန်ကာလပေါ်မူတည်ပြီး ချက်ချင်းနီးပါးသေစေနိုင်တဲ့
(acute leukemia) နဲ့ နာတာရှည် (chronic leukemia) လို့နှစ်မျိုးခွဲထားပါတယ်။

(acute leukemia) မှာ ကင်ဆာဆဲလ်တွေလျှင်မြန်စွာ ရိုးတွင်းခြင်ဆီမှာဖြစ်ပေါ်လာပြီး သွေးထဲ ကိုပါ လျှံကျလာပါတယ်။ ကင်ဆာဆဲလ်တွေရိုးတွင်းခြင်ဆီမှာအလွန်များတာကြောင့် သွေးဥ အကောင်းတွေ မထုတ်နိုင်တော့ပါဘူး။ ဒီကင်ဆာမျိုးက ခလေးတွေမှာ အဖြစ်များ ပါတယ်။

နာတာရှည် (chronic leukemia) မှာတော့ ကင်ဆာဆဲလ်တွေ တစ်ဖြေးဖြေးချင်း လနှင့် နှစ်နှင့် ချီပြီး များလာပါတယ်။ ဒီကင်ဆာမျိုးက လူကြီးတွေမှာအဖြစ်များပါတယ်။

ဒီကင်ဆာနှစ်မျိုးကိုမှ ကင်ဆာဆဲလ် အမျိုးအစားပေါ်မူတည်ပြီး (lymphocytic) နဲ့ (myeloid) လို့ ထပ်ခွဲပါတယ်။ (lymphocytic) ကင်ဆာမှာ ရောဂါကိုတိုက်ခိုက်တဲ့ သွေးဥဖြူ တွေကနေ ကင်ဆာဖြစ်တာမို့ လူနာဟာရောဂါကာကွယ်နိုင်တဲ့စွမ်းအားမရှိတော့ပဲ ရောဂါပိုး တွေကြောင့်သေဆုံးရပါတယ်။ဒီဆဲလ်တွေက ကိုယ်ခန္ဓာရဲ့ အကျိတ် (လည်ပင်း၊ ချိုင်း၊ ပေါင်ချန်၊ သရက်ရွက် စသည်) ထဲမှာ များတာမို့ ဒီကင်ဆာမျိုးမှာ သရက်ရွက်နဲ့ အကျိတ်တွေ ကြီးလာ ပါတယ်။

(myeloid) ကင်ဆာမျိုးမှာ ကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးထဲက သွေးဥဖြူတွေ ကနေ ကင်ဆာ ဖြစ်ပါတယ်။ ဒီကင်ဆာဆဲလ်တွေက သွေးဖြစ်ရာ ရိုးတွင်းခြင်ဆီမှာဖြစ် တာမို့ သွေးဥနီတွေဖြစ်တာနဲ့ နေရာ တူပြီး ကင်ဆာဆဲလ်တွေက သွေးဥနီတွေရဲ့ နေရာကို ယူလိုက်တဲ့ အတွက် သွေးဥနီဖြစ်မှုနည်းသွားပါတယ်။ ဒါကြောင့် ဒီသွေးကင်ဆာမျိုးမှာ သွေးအားနည်းခြင်း ကိုဖြစ်စေပါတယ်။  

ရိုးတွင်းခြင်ဆီမှာသွေးနီဥတွေ အပြင် သွေးတိတ်အောင်လုပ်တဲ့ သွေးဥမွှားတွေလဲ ထုတ်လုပ် တာမို့ သွေးဥမွှားထုတ်လုပ်မှုကိုလည်းထိခိုက်စေတဲ့အတွက် သွေးမတိတ်ခြင်းကိုပါ ဖြစ်စေ ပါတယ်။

ကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးထဲက သွေးဥဖြူတွေ ကကိုယ်ထဲကိုဝင်လာတဲ့ ပိုးတွေ အထူး သဖြင့် ပြည်တည်စေသည့်ပိုး များကိုသုတ်သင်ရှင်းလင်းတာမို့ ဒီကင်ဆာမှာ bacteria  ပိုးရောဂါများ အဖြစ်များပြီး ကူးဆက်တတ်သည့် ပိုးရောဂါများဖြစ်တဲ့ နမိုးနီယာရောဂါ၊သွေးပြည်တည်ရောဂါ၊ ဥဏှောက်ပြည်တည် ရောဂါ စသည်များကြောင့် အသက်သေဆုံး ကြပါတယ်။

          (lymphocytic) နဲ့ (myeloid) ကင်ဆာများကို (acute leukemia) နဲ့ နာတာရှည် (chronic leukemia) အပြင် (Pathological) နည်းဖြင့် အဓိကပါဝင်တဲ့ ကင်ဆာဆဲလ် ပေါ် မူတည်ပြီး အမျိုးများစွာ ထပ်ခွဲထားပါတယ်။

          အခြားသောကင်ဆာများကဲ့သို့ သွေးကင်ဆာ ဘာကြောင့်ဖြစ်တယ်ဆိုတာတိတိကျကျ မသိပဲ အကြောင်းပေါင်းများစွာကြောင့် သွေးကင်ဆာဖြစ်တာကို တွေ့ရပါတယ်။ သွေးကင်ဆာ အမျိုးများစွာ ထဲက (acute myloeid leukemia) က Down syndrome ခေါ်တဲ့ ဗီဇမျိုးရိုး မမှန် တဲ့ရောဂါသည် ခလေးတွေမှာ အဖြစ်များတာတွေ့ရပါတယ်။ ဒီခလေးတွေက ဖခင် အထူးသဖြင့် မိခင်အသက်ကြီးမှ ရသောခလေးများမှာ ဖြစ်တတ်ပါတယ်။ ဒီခလေးတွေက ပြုံးရွှင်တဲ့ မျက်နှာရှိပြီး အသက်ကြီးလာပေမဲ့ ဉာဏ်ရည် လိုက်မကြီးပဲ ခလေးစိတ်ပဲ ရှိနေတတ် ပါတယ်။ ခလေးအားလုံးရဲ့မျက်နှာကလည်း မောင်နှမတွေလို ဆင်တူကြပြီး မျက်နှာ  ၀ိုင်းဝိုင်း၊ နှာခေါင်း ပြားပြားနဲ့ မျက်စေ့ မှေးမှေးတွေဖြစ်ပါတယ်။ မွန်ဂိုလူမျိုးတွေနဲ့ တူလို့ (mongoloid) ရောဂါ လို့လဲ ခေါ်ပါတယ်။ တောင်ကြီးမြို့က သူနာပြုဆရာမအုပ် တစ်ယောက်ရဲ့မောင် အသက် ၄၀ နှစ်ဟာ ဒီရောဂါသည် ဖြစ်ပြီး သူ့မိခင်သေဆုံးတဲ့နေ့မှာ မိတ်ဆွေများအိမ်မှာ များစွာရှိနေ တာကို ခလေးတစ်ယောက်လို ၀မ်းသာပျော်ရွှင်နေတာတွေ့ခဲ့ရပါတယ်။

ဒီကင်ဆာမျိုး (acute myloeid leukemia) ဖြစ်စေတဲ့ နောက် မျိုးရိုးဗီဇ မူမမှန်တဲ့ ရောဂါ ကတော့ Ashkenazi ဂျူးများနဲ့ South Africa က Afrikaners တွေမှာတွေ့ရတဲ့ Fanconi ခေါ်တဲ့ မျိုးရိုးလိုက် သွေးအားနည်းရောဂါရှင် တွေပါပဲ။ ဒီရောဂါသည်တွေဟာ အရပ်ပုပြီး မွေးရာပါ အရေပြား၊ ခေါင်း၊ မျက်လုံး၊ နားရွက်၊ ကျောက်ကပ် ပုံမမှန်ကြပဲ (congenital abnormalities) များသောအားဖြင့် အသက် ၃၀ လောက်မှာ သေဆုံးကြ ပါတယ်။

ကျန်သွေးကင်ဆာတွေကတော့ ဓါတ်ရောင်ခြည်များ၊ ကင်ဆာဖြစ်စေသော ဓါတု ပစ္စည်းများ၊ ကင်ဆာဖြစ်စေသည့် ဗိုက်ရပ်ပိုးများကြောင့်ဖြစ်တာ တွေ့ရှိရပါတယ်။

အစားအသောက်အနေနဲ့ ထူးထူးခြားခြား သွေးကင်ဆာဖြစ်မှုနဲ့ ပတ်သက်တာ မတွေ့ ရပဲ ဟင်းသီး ဟင်းရွက်စား သူများမှာ သွေးကင်ဆာဖြစ်ပွါးမှုနည်းတာ တွေ့ရပါတယ်။ ဆံပင် ဆိုးဆေးများ၊ ရေနံထွက် ပစ္စည်းများကြောင့် သွေးကင်ဆာ ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။ အချို့သူများမှာ အမေမှသားသမီးသို့ ကူးခြင်း၊ အမွှာများတွင် ဖြစ်ပွါးသည်ကို တွေ့ရပါတယ်။

          ကုသခြင်းအနေနဲ့ ကင်ဆာဆေးများ၊ ရိုးတွင်းခြင်ဆီအစားထိုးခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ ဖြစ်ပါတယ်။ သွေးကင်ဆာက အသံတိတ်ရောဂါ ( silent disease) ဖြစ်ပါတယ်။ ရောဂါဖြစ်စမှာ နာခြင်း၊ အနာဖြစ်ခြင်း စသည့် ရောဂါ လက္ခဏများ မရှိပါဘူး။ အခြေအနေဆိုးမှ ဥပမာ သွေးဥနီတွေအထွက်နည်းသွားပြီး သွေးအားနည်းလက္ခဏာတွေ၊ သွေးဥမွှားတွေနည်းသွားလို့ သွေးခြေဥခြင်း၊ ကိုယ်တွင် အနီရောင် အစက် အပြောက်များပေါ်ခြင်း၊ သွေးမတိတ်ခြင်း၊ စသည့်များ၊ သွေးဥဖြူများနည်းလို့ မကြာခဏဖျားခြင်းများ ကြောင့် သွေးစစ်ကြည့်မှ သွေး ကင်ဆာဖြစ်နေမှန်း သိရတာများပါတယ်။ ဒါကြောင့် မကြာခဏဖျားနာရင်၊ အကြောင်း မရှိပဲ အားနည်းခြင်း၊ မောခြင်း၊ ကိုယ်တွင်အနီစက်များဖြစ်ပေါ်လာပါက ဆရာဝန်ပြပြီ သွေးစစ်သင့်ပါတယ်။

ကျမကိုယ်တိုင်တွေ့ခဲ့ရတဲ့ သွေးကင်တာရှင် သုံးဦးအကြောင်းကိုဖေါ်ပြချင်ပါတယ်။ သူတို့သုံးဦးဟာ သွေးကင်ဆာဖြစ်တာခြင်းတူပေမဲ့ တင်ပြပုံ (Presentation) မတူပါဘူး။ တစ်ဦးက ကျမသူငယ်ချင်း ဆရာ  ၀န်မရဲ့ ဦးလေးအရင်းပါ။ သူ့သမီးလက်ထပ်မဲ့နေ့မှာ အိမ်ကို ပြင်ဆင်ရင်း လက်ကို တူထုမိပြီး သွေးမတိပ် နိုင်လို့ သွေးစစ် လိုက်တော့မှ သွေးကင်ဆာ ဖြစ်မှန်း သိပါတော့တယ်။ ဒါပေမဲ့သိပ် နောက်ကျသွားပါပြီ။ နောက် လအနည်းငယ်မှာပဲ သေဆုံးသွား ပါတယ်။ ဒီလူနာမှာ သွေးကင်ဆာတဲလ်တွေက သွေးဥမွှားဖြစ်မဲ့ သွေးဆဲလ်တွေကို ပိုမိုထိခိုက် စေတာမို့ သွေးမတိတ်တဲ့ လက္ခဏ ကိုအရင်ပြတာပါ။

နောက်တစ်ယောက်ကတော့ ကျမသူငယ်ချင်း ခွဲစိတ်ဆရာဝန် တစ်ဦးပါ။ နေမကောင်းတာ တစ်ပတ်ကျော် ကြာနေလို့ သွေးစစ်ဖို့ ရောက်လာပါတယ်။ ဆရာလည်းနောက် ၆လ မှာ သူချစ်တဲ့မိသားစုကိုခွဲ သွားရပါ တော့တယ်။

     နောက်တစ်ဦးကတော့  ဗိုလ်ထဲမှာ အလုံး စမ်းမိလို့ ရောက်လာတဲ့ လူနာပါ။ ကင်ဆာတဲလ်တွေ သရက်ရွက်ထဲမှာ တဖြေးဖြေးများလာလို့ သရက်ရွက်ကြီးလာတာကြောင့် ကိုယ့်ဘာသာ စမ်းမိ တာပါ။

    ယခုခေတ်မှာ အစွမ်းထက်တဲ့ သွေးကင်ဆာကုဆေးတွေ ပေါ်ပေါက်လာလို့ အချို့သော သွေးကင်ဆာ များကို ရောဂါမကျွမ်းခင် စောစောကသိပြီးဆေးကုသခံရမယ်ဆိုရင် သက်တမ်း စေ့နီးပါး အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုများ (ဆီး၊၀မ်း၊သွေး အပါ အ၀င်) ကို အနည်းဆုံး တစ်နှစ် တစ်ကြိမ်ခန့် စစ်ဆေးသင့်ပါကြောင်း သတိပေး နှိုးစော်လိုက် ပါတယ်။

ကျမ်းကိုး။
wikipedia

သားအိမ်ခေါင်းကင်စာကာကွယ်ဆေး။



သားအိမ်ခေါင်း (၀ါ) သားအိမ်ဝ = Cervix
သားအိမ်ကိုယ်ထည်              = Uterus
မိန်းမကိုယ်                        = Vagina
အမျိုးသမီးမျိုးဥ                   = Ovary

အခုတလော မြန်မာနိုင်ငံမှာခေတ်စားနေတာက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း။
ဆေးထိုးခက သိန်းကျော်ကျတာကြောင့် ဆေးထိုးသူများက ငါထိုးနိုင်တယ်ဆိုပြီးကြွားကြတယ်။
ဆေးကုမ္ပဏီတွေကလည်းအေ၇ာင်းရသွက်အောင် လူသိများတဲ့ရုပ်ရှင်ပညာရှင်တွေ၊အဆိုတော်
စတာတွေနဲ့ကြော်ငြာ (Advertise) ကြတယ်။ဓမ္မကထိကဆရာတော် တွေရဲ့တရားတော်တွေ ထဲမှာ တောင်ထဲ့ ဟောတဲ့အထိခေတ်စား လာတယ်။ တရားတော်တွေဟာ တောနယ်တွေအထိရောက်တာမို့အလွန်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးပညာ ရှင်တွေမဟုတ်တဲ့သူတွေကိုဆေးပညာဗဟုသုတပေးမယ်ဆိုရင် အမှန်အတိုင်း ပေးသင့်ပါတယ်။  နို့မဟုတ်ရင် ကျော်ကြားအောင်လို့ညာ တဲ့ ကျော်ညာဖြစ်သွားပါမယ်။ မြန်မာအများစုကလည်း ဘယ်ဟာကိုမှတိတိကျကျလေ့လာလေ့မရှိကြဘဲ နားစွန်နားဖျားနဲ့မိုးကုတ် ဆရာတောဘုရားကြီး ဟောသလို သူများပါးစပ့်ဖျားမှာဆုံးပြီး၊ သူများယောင်တိုင်းလိုက်ယောင် အမောင်ဘာမှန်းမသိ တွေကများ ကြတယ်။

သားအိမ်ကင်ဆာမှာ သားအိမ်ကိုယ်ထည် မှာဖြစ်တဲ့ကင်ဆာနဲ့သားအိမ်ဝ (၀ါ) သားအိမ်ခေါင်း မှာ ဖြစ်တဲ့ကင်ဆာဆိုပြီး ၂ မျိုး ရှိပါတယ်။ ဒီ၂ မျိုးက လုံးဝမတူပါဘူး။ သားအိမ်ကိုယ်ထည် မှာဖြစ်တဲ့ ကင်ဆာက အပျိုကြီး တွေမှာ အဖြစ်များပြီး၊သားအိမ်ခေါင်းကင်ဆာကတော့အိမ်ထောင်ဆက်များတဲ့သူ၊ ခလေးများများမွေးခဲ့တဲ့ အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ ကင်ဆာဖြစ်စေတဲ့ အကြောင်းတွေက မတူကြလို့ပါ။ သားအိမ်ခေါင်း ကင်ဆာက လိင်ဆက်ဆံရာက ကူးလာတဲ့ virus ပိုးတွေကြောင့်ဖြစ်တာပါ။  အခုကာကွယ်ဆေးဆိုတာကဒီ virus ပိုးတွေ မကူးဆက် အောင်ကာကွယ်တဲ့ ဆေးပါ။ ဒါကြောင့် တစ်ခါမှလိင်မဆက်ဆံဖူးတဲ့ တကဲ့အပျိုကြီးစစ်စစ်တွေမှာ ဖြစ်စရာ အကြောင်းမရှိလို့ကာကွယ်ဆေးလဲထိုးစရာမလိုပါဘူး။ ထိုးတယ်ဆိုရင်တော့ အိမ်ထောင်ပြုဖို့စဉ်းစားလို့လား ဒါမှမဟုတ် ခိုးစားဖို့ရည်ရွယ်တာလားလို့ထင်စရာဖြစ်တဲ့အတွက် ဆေးထိုးနိုင်တယ်လို့ကြွားမယ် ဆိုရင်လဲ သတိထားပြီးကြွားကြပါ၊လူပုံအလယ်မှာ ဒေါင်းက ကမိသလိုဖြစ်နေပါလိမ့်မယ်။

သားအိမ်ကိုယ်ထည်ကင်ဆာဘာကြောင့်ဖြစ်တယ်ဆိုတာမသိသေးပါဘူး။ ဒီကင်ဆာဖြစ်တဲ့သူတွေကို လေ့လာတဲ့အခါမှာအောက်ပါအချက်များနဲ့အတူတွေ့ရတာကြောင့်၎င်းတို့ကို သားအိမ်ကိုယ်ထည်ကင်ဆာ
ဖြစ်စေနိုင်တဲ့ အကြောင်း (အန္တရာယ်ဖြစ်နိုင်သောအချက်များ)တွေလို့ဖေါ်ပြကြပါတယ်။

အန္တရာယ်ဖြစ်နိုင်သောအချက်များ
၁။ အ၀လွန်ခြင်း။
၂။ အမျိုးသမီးဟော်မုန်း(high levels of estrogen) များခြင်း။
၃။ သားအိမ်အတွင်းသားပွါးများခြင်း။ (endometrial hyperplasia)
၎။ သွေးတိုးခြင်း (hypertension)
၅။ အမျိုးသမီးမျိုးဥရောဂါများ (polycystic ovary syndrome)
၆။ တခါမှကိုယ်ဝန်မဆောင်ဖူးခြင်း (nulliparity (never having carried a pregnancy)
၇။ မြုံခြင်း (infertility (inability to become pregnant)
၈။ အပျိုဖြစ်စောခြင်း (early menarche (onset of menstruation)
၉။ မီးရပ်ဆုံးမှုနောက်ကျခြင်း (late menopause (cessation of menstruation)
၁၀။ သားအိမ်အတွင်းအသားပိုနှင့်ကင်ဆာမဟုတ်သောရောဂါများ (endometrial polyps or other benign growths of the uterine lining)
၁၁။ ဆီချိုရောဂါ။
၁၂။ တိရစ္ဆာန်အဆီ အစားများခြင်း။
၁၃။ ကိုယ်ခန္ဓာအောက်ပိုင်းဓါတ်ေ၇ာင်ခြည်ဖြင့်ကင်ခြင်း။ (pelvic radiation therapy)
၁၄။ ရင်သားကင်ဆာ။
၁၅။ အမျိုးသမီးမျိုးဥကင်ဆာ။
၁၆။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း။
၁၇။ အသက် ၃၅ နှစ်ထက်ကြီးခြင်း။
၁၈။ အရက်သောက်ခြင်း။
ကာကွယ်ဆေးဆိုတာ ရောဂါမဖြစ်အောင်ကာကွယ်တာမို့ ရောဂါမဖြစ်အောင် ဖြစ်နိုင်ခြေ ရှိတဲ့ သူတွေကို ထိုးရပါမယ်။ ရောဂါကူးပြီးသားသူကိုထိုးလို့က ပိုက်ဆံကုန်ရုံ၊အသားနာရုံသာဖြစ်ပါမယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပြီးသားသူတွေထိုးဖို့မလိုသလို၊ ခလေးတွေလဲမွေးပြီးပြီး မိမိအိမ်ထောင်ရှင် တစ်ဦးတည်းအပေါ်မှာသစ္စာရှိရှိပေါင်းမယ်။ ကိုယ့်ခင်ပွန်းကလည်း ကိုယ်ကလွဲရင် မဖေါက်ပြန်တဲ့သူ ဆိုရင် ထိုးစရာမလိုဘူးဆိုတာ သိသာပါတယ်။ (လူပြောင်းပြီးဆက်ဆံရင်တော့ မတူတဲ့ virus ပြောင်းပြီးကူးနိုင်လို့ထိုးသင့်ပါတယ်။ ဒါမှမဟုတ်ကိုယ့်အမျိုးသားက အဆီအဆိမ့်တွင်မက ငပိရည်တို့စရာ စတာ တွေပါ စားတတ်တယ်ဆိုရင်တော့ထိုးသင့်ပါတယ်။)
ပြင်သစ်နိုင်ငံမှာ အရွယ်ရောက်စ လိင်ဆက်ဆံမှု မပြုရသေးတဲ့ မီးခေါင်းပေါက်အရွယ်တွေကို အစိုးရ ကိုယ်တိုင်က အကုန်အကျခံပြီးကာကွယ်ဆေးထိုးပေးပါတယ်။ သြစတေးလီးရာနိုင်ငံမှာ အသက် ၁၁-၁၃ နှစ်အရွယ်အပျိုပေါက်များကိုထိုးပါတယ်။ အမေရိကားမှာ ၉-၂၆ နှစ်အမျိုးသမီးများနဲ့၉-၂၁ နှစ် အမျိုးသား များကိုထိုးစေပါတယ်။ အိမ်ထောင်သယ်တွေနဲ့အရွယ်ရောက်ပြီးသူ တွေကို အစိုးရ ကလည်းထိုး မပေး ပါဘူး၊ သူတို့ကိုယ်တိုင်လည်းအကုန်ခံ၊အနာခံပြီးမထိုးကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလို လို့ပါ။ သူတို့တွေက အိမ်ထောင်သည်ပဲဖြစ်ဖြစ်၊ အိမ်ထောင်မရှိသူပဲဖြစ်ဖြစ်ကြိုက်တဲ့သူနဲ့အချိန်မရွေး အရွယ်ရောက် ကထဲကလိင်ဆက်ဆံကြတာမို့ virus မျိုးစုံနဲ့ကူးပြီး သားမို့ပါ။ ပြင်သစ်အမျိုးသမီး တစ်ယောက်ရဲ့ဘ၀မှာသူမနဲ့ဆက်ဆံခဲ့ဖူးတဲ့သူတွေကို အကုန်မှတ်မိဖို့တောင်မလွယ်ဘူးလို့ဆိုပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်းအသေးစိပ်ကိုဒီဆိုဒ်မှာ (ကာကွယ်နိုင်တဲ့ကာကွယ် ဆေးရှိတဲ့ တစ်ခုတည်းသောကင်ဆာရောဂါ) အနေနဲ့ဖေါ်ပြထားပါတယ်။

ကျမ်းကိုး
1. National Cancer Prevention Policy Australia
2. CDC. gouv
3. wikipedia

အားနာသင့်မှ အားနာရင်ကောင်းမယ်ထင်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာဖြစ်ပွါးတဲ့ရောဂါတွေဖြစ်တဲ့ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊အနာကြီးရောဂါစတာတွေနဲ့ပတ်သက်တဲ့သတေသနတွေပြုလုပ်နိုင်ဖို့အတွက် အဲ့ဒီနိုင်ငံကသုတေသနပညာရှင်တွေကိုနှစ်စဉ် Ph D ခေါ်တဲ့ပညာသင်ဆုကိုချီးမြှင့်ပါတယ်။ ဒါပေမဲ့ကျမတို့
မြန်မာနိုင်ငံကဒီအကြောင်းကိုမသိခဲ့ပါဘူး။ ၁၉၉၃ ခုနှစ်မှ ဆေးသုတေသနဦးစီးဌာန (ယခု မြန်မာပြည် အောက်ပိုင်းဆေးသုတေသနဦးစီးဌာန ) က ဒါရိုက်တာတစ်ဦး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာအစည်းအဝေး တက်ခွင့်ရတော့မှသိလာရပါတယ်။ သတင်းရလျှင်ရချင်း ဒါရိုက်တာချုပ် (DG) ကိုပြောပြပါတယ်။
ဒါရိုက်တာချုပ် ကလည်း ဌာနမှသုတေသန၀န်ထမ်းအားလုံးကိုအစည်းအဝေးခေါ်ပြီး Ph D ပညာ သင်ဆုလျှောက်ကြဖို့ပြောပါတယ်။ ၎င်းအပြင် immunology ဌာနတွင်တာဝန်ထမ်း ဆောင်နေသော ကျမနှင့်ကျမရဲ့ဆရာနှစ်ဦးလုံးကိုခေါ်ပြီး တိုးတက်နေသော ငှက်ဖျားရောဂါခုခံကာကွယ်ခြင်းပညာ (immunology of malaria) နှင့် ပတ်သက်သည့်  သုတေသနပညာသင်ဆုတင်သွင်းရန်ပြောဆိုပါတယ်။ ကျမဆရာကသူ့မှာသုတေသနလုပ်ငန်းတွေအလွန်များကြောင်း၊ ငှက်ဖျားရောဂါကိုလည်းစိတ်မ၀င်စား ကြောင်း ပြော ဆိုပါတယ်။ ကျမ ကတော့  immunology နဲ့ပတ်သက်တာဆိုအကုန်စိတ်ဝင်စားပါတယ်။ အထူးသဖြင့် သူများနဲ့လုပြီးလုပ်ရမဲ့ အလုပ်ထက် သူများမလုပ်ချင်တဲ့ လုပ်ငန်းကိုသာ အေးအေးဆေးဆေး လုပ်ချင်ပါ တယ်။ ဒါကြောင့်လုပ်မဲ့အကြောင်းဝန်ခံလိုက်ပြီး immunology of malaria နဲ့ပတ်သက်တဲ့ စာတမ်းတွေကို စာကြည့်တိုက်မှာရှာဖွေဖတ်နေပါတယ်။

ကျမတို့ ဆေးသုတေသနဦးစီးဌာန မှာဌာနခွဲပေါင်းများစွာထဲက ငှက်ဖျားရောဂါဌာနက ဆေးသုတေသန ဦးစီးဌာန စဖွင့်ကတည်းကတည်ရှိနေတဲ့ဌာနပါ။ immunology ဌာနကတော့နောက်ပေါက်တဲ့ဌာနပါ။ ငှက်ဖျားရောဂါနဲ့ပတ်သက်တဲ့သုတေသနတွေကို ငှက်ဖျားရောဂါဌာနကတဆိုက်မတ်မတ် လုပ် ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ငှက်ဖျားရောဂါပိုးနဲ့ပတ်သက်တာတွေပဲလုပ်ဖြစ်ပြီး immunology  နဲ့ပတ်သက် တာတော့ မလုပ်ဖြစ်ခဲ့ဘူးလို့ DG ကပြောပါတယ်။

Ph D ပညာ သင်ဆုအတွက် မိမိရဲ့ကိုယ်ရေးရာဇ၀င်၊မိမိဆောင်ရွက်မည့် သုတေသနကိုတင်သွင်းရမည့် အပြင် မိမိကိုထောက်ခံမည့်သူနှစ်ဦးကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ထောက်ခံစာတိုက်ရိုက်ပို့ရမှာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ငှက်ဖျားရောဂါဌာနက သုတေသနအရာရှိ ၄ဦးနှင့်ကျမ အားလုံးပေါင်း ၅ ဦး လျှောက်ကြမှာဖြစ်ပါတယ်။ ကျမတို့ပညာသင်ဆုအတွက်ပြင်ဆင်နေစဉ် ပြင်သစ်နိုင်ငံကနံမည်ကြီှး
ငှက်ဖျားရောဂါ ပါမောက္ခမြန်မာနိုင်ငံကိုအလည်လာရောက်မယ်လို့ သိရပါတယ်။ အဲ့ဒီပါမောက္ခက မြန်မာနိုင်ငံစစ်တက္ကသိုလ်ကပါမောက္ခတွေနဲ့ငှက်ဖျားရောဂါပူးပေါင်းဆောင်ရွက်နေတာမို့ ၎င်းတို့ရဲ့
သုတေသနလုပ်ငန်းတွေဆွေးနွေးဖို့ပါ။ ရန်ကုန်ရောက်စဉ် ဆေးသုတေသနဦးစီးဌာန ကိုလည်း လာ ရောက်လယ်ပတ်မှာဖြစ်ပါတယ်။
၎င်းလာရောက်စဉ် ကျမတို့ပညာသင်ဆုတင်သွင်းမဲ့သူများသူနဲ့တွေ့ဆုံပြီး အကြံဥာဏ်ယူဖို့ DG က ပြောဆိုပါတယ်။ (DG နဲ့ Directors များအနေနဲ့အသစ်တပ်မံဆောက်လုပ်မဲ့အဆောက်အဦး အတွက် ဌာနအပြင်သွားရမှာမို့ မတွေ့ဆုံနိုင်ကြောင်းပြောဆိုပါတယ်)။

ပြင်သစ် ပါမောက္ခ ရောက်တဲ့အခါ ကျမတို့ ၅ ဦးအပြင် ငှက်ဖျားရောဂါဌာနနဲ့အခြားဌာနမှ စိတ်ဝင်စားသူ
များစုစုပေါင်း ၂၀ ခန့်နဲ့အစည်းအဝေးခန်းမှာတွေ့ဆုံကြပါတယ်။ ကျမအနေနဲ့ ငှက်ဖျားရောဂါခုခံကာကွယ်
ခြင်းဆိုင်ရာ စာတမ်း ၂၀၀ ခန့်ဖတ်ထားပြီးပြီးမို့ ကျမ မရှင်းလင်းတာများ၊ကိုဝင်ရောက်ဆွေးနွေးပါတယ်။
ပြင်သစ် ပါမောက္ခ ကလည်းသူကျွမ်းကျင်ရာသုတေသနတွေဖြစ်နေတာမို့ ကျမနဲ့သူနှစ်ယောက်ထဲစကား
ပြောသလိုဖြစ်နေပါတယ်။ နိုင်ငံခြားကသူတေသနပညာရှင်တွေက သူတို့စိတ်ဝင်စားရာဘာသာရပ်တစ်ခုထဲ
ကိုသာ တစ်သက်လုံးလုပ်ဆောင်ကြတာများပါတယ်။ ကျမတို့နိုင်ငံမှာတော့ ပညာရှင်နည်းပါးမှု၊ပစ္စည်း
ရှားပါးမှုကြောင့် လိုအပ်ရင်လိုအပ်သလို ၀င်လုပ်ကြရတာမို့ တစ်ခုထဲကိုဇောက်ချမလုပ်နိုင်ပါဘူး။ ကျမ ဆိုရင် ဆေးသုတေသနကိုရောက်စက မွေပွေးဆိပ်သုတေသနလုပ်ခဲ့ရပြီး နောက်အသဲရောင်အသားဝါ
ရောဂါသုတေသနပြောင်းလုပ်ရပါတယ်။ နောက် AIDS ရောဂါပေါ်လာတော့ AIDS ရောဂါ သုတေသန လုပ်ချင်တဲ့သူ မရှိတာမို့ ကျမတာဝန်ယူလုပ်ခဲ့ပါတယ်။ အခု ငှက်ဖျားရောဂါစလုပ်ဖို့ပြင်ဆင်နေရပါပြီ။

ပြင်သစ် ပါမောက္ခ နဲ့တွေ့ဆုံမဲ့ စစ်တက္ကသိုလ်မှပါမောက္ခ တွေကလည်းသူနဲ့တွေ့ဖို့မအားဖြစ်နေတာကြောင့်
ရန်ကုန်ဆေးရုံကြီးကိုခေါ်သွားခဲ့တယ်လို့ပြောပါတယ်။ ကျမတို့ဆေးကျောင်းမှာ သုတေသနတွေလုပ်ဖို့
နေနေသာသာ၊သင်တောင်မသင်ခဲ့ရတဲ့အပြင် ဆေးရုံမှာတစ်နေ့တစ်နေ့အလျှင်မှီအောင်မနဲလုပ်နေရတဲ့
ဆရာဝန်တွေအနေနဲ့ သုတေသနလုပ်ဖို့လည်းအချိန်မရှိ၊လေ့လာဖို့လည်းအချိန်မရှိ (ဆေးရုံက အပြန် ဆေးခန်းပြေးနေကြရတာမို့) သုတေသနပညာရှင်ပြင်သစ် ပါမောက္ခ နဲ့ပြောစရာစကား သိပ်ရှိပုံမရပါဘူး။ ဒါကြောင့်ပြင်သစ် ပါမောက္ခက နောက်နေ့ကိုဆေးရုံကိုမသွားချင်ကြောင်း ဆေးသုတေသနကိုသာ လာလို ကြောင်းပြောပါတယ်။ ဦး... က ဒေါ်... မျက်စပစ်လိုက်လို့ ပြင်သစ် ပါမောက္ခဆေးသုတေသနကို သာ လာချင် တယ်လို့ ပြောပါတယ် (ကျမကိုချစ်လို့ စတယ်လို့ပဲ စိတ်ချမ်းသာအောင်ယူဆလိုက်ပါတယ်။)

 DG အစည်းအဝေးကပြန်ရောက်တော့ ကျမတို့ကိုခေါ်တွေ့ပါတယ်။ နောက်နေ့  ပြင်သစ် ပါမောက္ခ နဲ့တွေ့ရင် သူ့ဌာနမှာ မြန်မာပညာတော်သင်တွေလက်ခံနိုင် မနိုင်၊တကယ်လို့လက်ခံနိုင်မယ်ဆိုရင် တစ်လ ဘယ်လောက်ပေးရမယ်ဆိုတာ (ပညာတော်သင်တွေနိုင်ငံခြားဓါတ်ခွဲခန်းတွေမှာ သုတေသနလုပ်တဲ့အခါ ကုန်ကျမဲ့ ပစ္စည်းတွေအတွက်လက်ခံတဲ့ ဌာနကို တစ်လ US ဒေါလာ ၃၀၀၀ ပေးရကြောင်း တကယ်လို့သူ့ဌာနက သက်သာရင် သူ့ဌာနကိုပို့မယ်လို့ပြောပါတယ်။ နောက်တစ်ခုက ကျမတင်သွင်းမဲ့ WHO ပညာ သင်ဆုအတွက်သူ့အနေနဲ့ ထောက်ခံပေးနိုင်မပေးနိုင်ကိုလည်းမေးဖို့ပြောပါတယ်။

နောက်နေပြင်သစ် ပါမောက္ခ နဲ့တွေတဲ့အခါ DG မှာထားတာတွေကိုမေးပါတယ်။ သူ့ဌာနမှာပညာသင်တွေ
လက်ခံနိုင်ကြောင်းတစ်ပြားမှပေးစရာမလိုဘူးလို့ပြောပါတယ်။ ကျမကိုထောက်ခံဖို့ကတော့ သူ့အနေနဲ့ကျမအကြောင်းမသိတာမို့ မထောက်ခံနိုင်ဘူးလို့ပြောပါတယ်။ ဒီအချက်ကကျမတို့မြန်မာတွေအတုယူရမဲ့
အချက်ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေက သူတို့မလုပ်နိုင်ရင်မလုပ်နိုင်ဘူး ဖြောင်ပဲပြောပါတယ်။ ကျမတို့က
အားနာတယ်ဆိုပြီး မလုပ်နိုင်ပဲ အင်းလို့ လက်ခံလိုက်တယ်။ နောက် မလုပ်ပေးဘူး။ ဒီတော့ အလကား နေရင်း ကတိပျက်တာ၊လိမ်ပြောတာဖြစ်သွားတယ်။ တစ်ဘက်သားမှာလည်း ရမယ်ထင်ပြီး ကျန်တဲ့ရနိုင်တဲ့
သူဆီက အကူအညီမတောင်းဖြစ်ဘူး၊ သိတဲ့အချိန်ကျတော့ အကူအညီတောင်းဖို့အချိန်မရှိတော့ဘူး။
နှစ်ဦးနှစ်ဘက်လုံး နစ်နာတာမို့ အားနာသင့်မှအားနာသင့်ပါတယ်။ မပေးနိုင်တာ ကိုမပေးနိုင်ဘူးလို့ ယဉ်ယဉ် ကျေးကျေးပြောဖို့လိုတယ်လို့ထင်ပါတယ်။






Saturday, May 26, 2018

တစ်ရွာတစ်ပုဒ်ဆန်း

ကျမ တောင်ကြီးစပ်စံထွန်းဆေးရုံကို house surgeon အဖြစ် ၁၉၇၃ ကရောက်တော့ ဆ၇ာမတစ်ဦးက ကျမကို ဗမာပြည်ကလာတဲ့ဆရာဝန်လို့မိတ်ဆက်ပေးပါတယ်။ နောက် အခါးရေသောက်မလားတဲ့။ ကျမ ကအခါးဆို တော်တော်ကြောက်ပါတယ်။ နောက်မှသိရတာ ကျမတို့ ရေနွေးကြမ်းလို့ခေါ်တာကိုသူတို့က အခါးရည်လို့ခေါ်တာကိုး။

မိုးရွာတဲ့တစ်နေ့နေ့လယ်မှာအိမ်ရှေ့ကနေ အမျိုးသမီးငယ်တစ်ဦးခေါင်းပေါ်မှာဘန်းတစ်ခုရွက်ပြီး အသံဝဲ၀ဲနဲ့ ဈေးအော်ရောင်းတာကို မသဲမကွဲ ကြားလိုက်ရတဲ့အတွက် မုန့်တစ်မျိုးမျိုးရောင်းသည်ထင်၍ ခေါ်လိုက်ပါသည်။ ဘန်းချလိုက်တော့ လားလား ခုံဖိနပ်တွေဖြစ်နေပါတယ်။ မိုးဆိုရင်စီးရတာမို့ မိုးဆိုစီး လို့
 အော်ရောင်းတာပါ။  သြ  တော်တော် demonstratif ဖြစ်တဲ့နံမည်ပါလား။
ရုပ်ရှင်ပိတ်ကားကိုလဲ တစ်ဘက်ပြတဲ့။ တော်လိုက်တာ။

တစ်နေ့ နေ့လယ် ဆရာမလေးများနဲ့ နေ့လယ်စာ အတူစားကြရင်း ဆရာမလေးတစ်ယောက်က ဆရာ (တောင်ကြီးမှာ ဆရာဝန်တွေကို ဆရာလို့ ခေါ်ကြပါတယ်) ကပ်စားမလားလို့မေးပါတယ်။ ကျမလဲ အလွန်အံ့သြသွားပါတယ်။ ကျမမှာလဲ မေမေထဲ့ပေးလိုက်တဲ့ ထမင်းဘူးပါလာတာမို့ ဘယ်သူ့ဆီကမှ ကပ်စားစရာမလိုပါဘူး။ အများနဲ့ ပျော်ပျော်ရွှင် စားချင်လို့ အတူစားတာပါ။ နဲနဲတော့ ကွျှဲမီးတိုသွားတယ်။ နောက်မှသိရတာက ကျမတို့ကတို့စရာတွေကိုတို့စားတယ်လို့ပြောပေမဲ့သူတို့က ကပ်စားတယ် လို့ပြောပါတယ်။ ကျမတို့ ထမင်းစားနေချိန် ရန်ကုန်က သူငယ်ချင်း house surgeon လည်းရောက်လာတာနဲ့ အတူဝင်စားဖို့ခေါ်လိုက်ပါတယ်။ သူ့အတွက်လဲ စားစရာတွေထဲ့ပေးပြီး ဆရာမလေးတစ်ယောက်က ဆရာ အားမနာလို့စားတာလား လို့ပြောလိုက်တဲ့အတွက်သူ့ခမျာ စားမဲ့ လက်တောင်တွန့်သွားပုံရပါတယ်။ တကယ်က အားမနာပဲစားပါလို့ ဆိုလိုတာပါ။

ကျမ ကငြိမ်ငြိမ်မနေတတ်ပဲ အားရင်တစ်ခုခုလုပ်နေတတ်လို့ အိမ်နောက်ဖေးမှာ မြေပေါက်ပြီး ခြံစိုက်ကြောင်း ဆရာမ တစ်ဦးက စကားဝိုင်းတစ်ခုမှာ ချိးမွမ်းပြောဆိုလိုက်တဲ့အချိန်မှာ နားထောင်နေသူတစ်ဦးက ဆရာက တော်တော် ရွတာ ပဲနော်တဲ့ ။ ကျမ ဘာပြန်ပြောရမယ်မသိပါ။ စိတ်ဆိုးရမှာလား ? သူတို့က အလုပ်ကြိုးစားတဲ့သူ မပျင်းတဲ့သူကို ချီးမွမ်းတဲ့စကားတဲ့ ။ ကျမတို့ ရန်ကုန်မှတော့ အထူးသဖြင့်အမျိုးသမီးတစ်ယောက်ကို ရွတယ်လို့ပြောတာ ချိးမွမ်းတာမဟုတ်ပဲ နာစရာကောင်းတဲ့ ဆဲနည်း ပါ။

တစ်နေ့နေ့လည် တောင်ကြီးမြို့ တောင်ဆေးရုံလို့ခေါ်တဲ့ခလေးအထူးကုဆေးခန်းမှာတာဝန်ကျ နေတုန်း ဒေသခံ အမျိုးသမီးတစ်ဦး ၃ နှစ်အရွယ် ခလေးငယ်ချီပြီးရောက်လာပါတယ်။
စာရေးသူ   ခလေးဘာဖြစ်လို့လဲ။
အမျိုးသမီး  သံစူးလို့။
စာရေးသူလဲ ခလေးရဲ့ ခြေနှစ်ချောင်းလုံးမှာသံစူးတဲ့ဒဏ်ရာရှာတာမတွေ့တာနဲ့ လက်နှစ်ဘက်မှာရှိလိုရှိငြား ရှာတော့လည်း လုံးဝ မတွေ့ပါဘူး။ ဒါနဲ့..
    သံက ဘယ်မှာစူးတာလဲ လို့ မေးလိုက်ပါ တယ်။ အမျိုးသမီးက ဗိုလ်မှာလို့ ဖြေပါတယ်။ ကျမ စိတ်ထဲမှာ ဘုရားတမိပါတယ်။ ဒီအရွယ်ခလေးဗိုက်မှာ အဆီအသားမရှိလို့ သံစူးလို့ကတော့ ဗိုလ်ထဲက အူတွေ အသဲတွေ ထိမှာသေချာလို့ပါပဲ။ ခလေးဗိုလ်သံစူးလောက်အောင် နမော်နမဲ့ နိုင်ရန်ကောလို့ အပြစ်တင်တဲ့ အသံနဲ့ ဘယ်လိုလုပ်ဗိုက် သံစူးရတာလဲလို့ မေးလိုက်ပါတယ်။
ဒီအခါမှာတော့ကျမဘေးက ဒေသခံဆရာမလေးက ကျမတို့ရဲ့ပြဿနာကို ရိပ်စားမိပြီးဝင်ဖြေပါတယ်။ သံစူးတယ်ဆိုတာ ဗိုက်ထဲက သံကောင်တွေ ကြောင့် ဗိုလ်နာတာကိုပြောတာတဲ့။ (မြန်မာပြည်အောက်ပိုင်းမှာတော့ သံထိုးတယ်လို့ ပြောပါ တယ်)။ သြ တော်ပါသေးရဲ့။


Wednesday, May 23, 2018

အင်္ဂလိပ် ဂဏန်း တစ်နဲ့ ခုနစ် ရေးနည်းအမှန်


ကျမတို့ တွေ အင်္ဂလိပ် ဂဏန်း တစ်နဲ့ ခုနစ် ကို I နဲ့  7 လို့ ရေးကြတယ်။ ပြင်သစ်ရောက်တော့ သူတို့က တစ်ကို အလံလို ထပ်မှာအစွန်းထွက်ပြီးရေးတယ်။ ခုနှစ်ကိုလည်း အလယ်မှာကန့်လန့်ဖြတ် တစ်ချောင်းထဲ့ ရေးတယ်။ တကယ်က ဂဏန်း အရေည်အတွက်ကို ဒေါင့်တွေနဲ့ကိုယ်စားပြုထားတာပါ။ တစ် ဆို ဒေါင့်တစ်ခု ဒါကြောင့် ထပ်မှာအစွန်းထွက်ပြီးရေးရင် ဒေ့င့်တစ်ခု ဖြစ်ပါတယ်။ 2 နှစ်က ဒေါင့် ချိုးရေးရင် ၂ ဒေါင့်ပါ။ 3 ကို ဒေါင့် ချိုးရေးရင် ၃ ဒေါင့်ပါ။ 4 ကို ဒေါင့် ချိုးရေးပြီး အစွန်းတွေမထွက်ရင် ၄ ဒေါင့်ပါ။ အဲ့ဒီလိုရေးကြည့်ရင် ၇ က အလယ်တန်းပါမှ ၇ ဒေါင့်ရပါတယ်။ ၈ က လေးဒေါင့် ၂ ခုထပ်ထားတာပါ။ ၀ ကတော့ ဒေါင့်မရှိပါဘူး။ 

c u နဲ့ ok

fb စသုံးခါစ က c u ဆိုတာဘာမှန်းမသိခဲ့ဘူး။ နောက်မှ see you ကို အတိုရေးတာဆိုဘဲ။ တိုက်ဆိုင်လာလို့  ယနေ့အများသုံးနေတဲ့ ok ဆိုတဲ့ စကားလုံးအကြောင်းရောက်သွားတယ်။ အားလုံးအဆငြေ်ပတယ်။ ကောင်းတယ် ဆိုရင် ok  လို့သုံးကြတယ်။ ဒီစကားက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်စစ်တပ်က စစ်ပွဲ
အခြေအနေနဲ့ ကျဆုံးမှု့တွေကိုအချိန်နဲ့ တပြေးညီ နောက်တန်းကိုသတင်းပို့တဲ့အခါမှာ အသုံးပြုရာက အများသုံးဖြစ်လာတယ်လို့မှတ်သားဖူးပါတယ်။ တကယ်က 0 ဆိုတာ အို မဟုတ်ပါဘူး ၊ ဇီရိုကိုကိုးစားပြုပါတယ်။ K ကတော့ killed ကိုကိုယ်စားပြုပါတယ်။ ဆိုလိုတာက zero killed ပါ။





စပ်စံထွန်းဆေးရုံသွေးဘဏ်မှာ သိပ်အလုပ်မများလို့ ကျမအခန်းနောက်ဘက်ကချုံတွေကို ၁၀၀ ကျပ် (ရွှေတစ်ကျပ်သား  ၂၀၀၀ ကျပ်) ပေးရှင်းခိုင်းပြီး ပန်းပင်တွေစိုက်ပါတယ်။ ရေနွေးပိုက် မရှိ တာကြောင့်။ မနက်ရေမချိုးခင်ခြံထဲဆင်းပြီး၊ မြေတွေပေါက်တူးနဲ့ပေါက်ပြီးချွေးထွက်မှရေချိုးပါတယ်။ တောင်ကြီးမြေက ဘာပင်စိုက်စိုက်ဖြစ်ပါတယ်။ ကျမခြံထဲမှာ နှင်းဆီ၊ ဒေစီပန်း၊ ဂန္ဓမာပန်း၊ လက်ထပ်ပန်း၊ နေကြာပန်းတွေအပြင် ဂေါ်ရခါးသီး၊ မြေပဲ၊အားလူး၊ကြက်သွန်ဖြူတွေလည်းစိုက်ပါတယ်။ သွေးဘဏ်မှာ ခလေးအတွက် သွေးလှူတဲ့ပစ္စည်း သတ်သတ်မရှိပါဘူး။ သွေးလှူရှင်ဆီက လူကြီးတစ်ယောက်စာအတိုင်း သွေးထုတ်ရပါတယ်။ ဒါပေမဲ့ ခလေးကိုယ်ထဲကို အကုန်သွင်းလို့မရပါဘူး။ သွေးလိုတဲ့ ခလေးလူနာ ၂ ယောက်ရှိရင် သွေးအမျိုးအစားလည်းတူရင်၊ သွေးတစ်ပုလင်းကို ခလေး ၂ယောက်ကိုခွဲပေးပါတယ်။ မဟုတ်ရင်တော့ ကျန်တဲ့သွေး တစ်ဝက်ကိုလွှင့်ပစ်လိုက်ရပါတယ်။ သွေးတွေ အလကားလွှင့်ပစ်ရမှာ နှမြောတာနဲ့ အိမ်ကို ယူလာပြီး ကျမရဲ့နှင်းဆီပင်တွေ သန်အောင်ဆိုပြီးလောင်းပါတယ်။ နောက်နေ့မနက် မှာတော့ ကျမရဲ့နှင်းဆီပင်တွေ အမြစ်တွေပေါ်ပြီးသေနေကြပါတယ်။  သွေးနံ့ကြောင့် ခွေးရက်လို့သေ ကုန်တာပါ။  မျက်တောင်မွေးတစ်ဆုံးသာ မြင်တဲ့ကျမရဲ့ အသုံးမကျမှုကြောင့်ပါပဲ။

         ခြံထဲက ပန်းတွေနဲ့ ဘုရားပန်းတင်၊ဧည့်ခန်းပန်းအိုးထိုးရတာအလွန်စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ခြံထဲက ပန်းတွေအရမ်းပွင့်သလို၊ရာသီဥတုကလည်းအေးတာမို့ ဘုရားပန်းတွေ၊ဧည့်ခန်းက ပန်းတွေက လည်း ၃-၄ ရက်နေလည်းမညိုးဘူး။ အဲ့ဒီအချိန်က တောင်ကြီးမြို့ပေါ်မှာ ပန်းကပ်စရာဘုရားလည်းမရှိဘုး။ ဒီတော့ အခန်းတိုင်းမှာ ပန်း တွေဝေနေအောင်ထိုးထားပါတယ်။

             ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိဿာဝယ်ပြီး ကျမခြံမှာစိုက်ပါတယ်။ ကြက်သွန်ဖြူတွေ တူးဖို့ အချိန်ကျလို့ တူးတော့ ကြက်သွန်ဖြူ ပိန်ညောင်ညောင် ၂၅ ကျပ်သား သာရပါတယ်။ ကျမ မြေဆွတာ မမွလို့ လို့ ပြောပါတယ်။ အဖေက တော့ အားပေးပါတယ်။ သမီး ကြက်သွန်ဖြူတွေ က အစိမ်းတို့စားလို့ရတယ် မစပ်ဘူးတဲ့။

         မြေပဲနဲ့ အားလူးလဲ ဒီလိုပါပဲ ။ စိုက်ပျိုးရေးလုပ်လို့ သီးနှံ့တွေ မတိုးပွါးလာပဲ လျော့နည်းကုန်လို့ ကျမ အဲ့ဒါတွေ မစိုက်တော့ပါဘူး။ ဂေါရခါးသီးကတော့ စိုက်စရာတောင်မလိုဘူး။ ခြံစည်းရိုးနားမှာချထားရုံနဲ့ အပင်ပေါက်ပြီးခြံစည်းရိုးကိုနွယ်သွားပါတယ်။ နေကြာပင်ကလည်း စိုက်လို့ အလွန်လွယ်ပါတယ်။ မြေတွင်းသေးသေးလေးဖြစ်အောင် ဒုတ်နဲ့ကလော်ပြီး နေကြာစေ့တစ်စေ့ထဲ့၊ မြေကြီးပြန်အုပ်ပြီး ဖနောင့်နဲ့ဖိလိုက်ရုံပဲ။ နေကြာစေ့တစ်ပွင့်ကနေ နေကြာစေ့တွေ နို့ဆီဘူးတစ်လုံးစာလောက်ရပါတယ်။ ဆရာဝန် quarter ကအိမ်ခန်းတွေက တော်တော်ကျယ်ပါတယ်။ ထမင်းချက်ခန်း၊ ဧည့်ခန်း၊ အိပ်ခန်း ၂ခုနဲ့ အပြင်    ၀ရမ်တာပါ ပါတယ်။ ကျမတို့ပြောင်းလာကာစက တစ်ခန်းနဲ့တစ်ခန်းကူရတာ ခြေထောက် တောင် ညောင်း လာပါတယ်။ မေမေနဲ့ကျမကအိပ်ခန်းတစ်ခုက နှစ်ယောက်အိပ်ခုတင်မှာအတူတူအိပ်ပါတယ်။ ကျန်အိပ်ခန်းမှာ ကွတ်ပစ် တစ်လုံး ရှိပါတယ်။ တစ်နေ့ နေကြာစေ့တွေ အခြောက်လှမ်းပြီး၊ သိပ်မခြောက်သေးတာနဲ့ ကွတ်ပစ်ပေါ်မှာ ဇကာနဲ့တင်ထားပါတယ်။ မနက်ကျတော့ နေကြာစေ့တွေ အားလုံး အခွံတွေပဲကျန်ပါတော့တယ်။ ညက ကြွက်တွေ နေကြာစေ့တွေကို အခွံ နွာစား သွားကြတာ အံ့သြစွာတွေ့လိုက်ရပါတယ်။  တိရစ္ဆန်ဆိုပေမဲ့ စားလို့ကောင်းတဲ့အဆံနဲ့ စားလို့မရတဲ့ အခွံ ဆိုတာခွဲခြား သိပါလား ?

         တနေ့မနက် စတော်ဘယ်ရီသီးတွေ သီးနေတာတွေ့လို ဘယ်နှစ်လုံးလဲလို့ရေတွက်ပြီး ၀မ်း သာ အားရ ဆေးရုံ ကိုထွက်သွားခဲ့ပါတယ်။ ထမင်းစားချိန်ပြန်လာတော့ ထမင်းမစားသေးပဲ စတော်ဘယ်ရီ သီးတွေ ထပ်သီးလာဆိုတာကြည့်ဖို့ ခြံထဲဆင်းခဲ့ပါတယ်။ ဒါပေမဲ့ တိုးဖို့နေနေသာသာ မနက်က စတော်ဘယ်ရီသီးတွေ တောင်မရှိတော့ပါဘူး။ ပရောဆိတ်တွေ စားသွား လို့ ကုန်ပါပြီ။ ပရောဆိတ် မစားနိုင်အောင် အသီးတွေအောက်က ကေါက်ရိုးတွေခံထားရတယ်တဲ့။ ကျွမ်းကျင်ရာလိမ္မာ ဆိုတာ သိပ်မှန်တာပဲ။

         ပြောင်းဖူးပင်ကလည်းစိုက်လို့လွယ်ပါတယ်။ နေကြာပင်လိုပဲစိုက်ရပါတယ်။ တစ်ပင်က နှစ်ဖူး၊သုံးဖူးလောက်သီးပါတယ်။ ခြံထဲက လတ်လတ်ဆတ်ဆတ်ခူးပြီးဖုတ်စားတာမို့ အလွန်ချိုပါတယ်။ အစားကောင်းစားရရင် ချစ်သူ ခင်သူတွေသတိရတတ်တဲ့အတိုင်း ရန်ကုန်က အဖေနဲ့ညီမတွေဆီကို စိုက်ခင်းတွေက သွားဝယ်ပြီး ရထားနဲ့ ပို့လိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ နောက်မပို့နဲ့တဲ့ ပြောင်းဖူးတွေကခြောက်နေလို့ အမှိုက်ပုံဆီတိုက်ရိုက်သွားပို့ရတယ်တဲ့။


         ဂေါ်ရခါးညွန့်တွေ၊ဖရုံညွန့်တွေကလည်း လတ်ဆတ်လို့ အလွန်ချိုပါတယ်။ အမအကြီးဆုံးက ဂေါ်ရခါးညွန့်ကြိုက်တာမို့ ရန်ကုန်ပြန်ရင် မြေသောက်ရေအိုးတစ်လုံးဝယ်ပြီးအထဲမှာ ဂေါ်ရခါးညွန့် တွေထဲ့ပြီးရန်ကုန်ကိုရထား (၀ါ) ကားနဲ့သယ်သွားရင် ရန်ကုန်အထိ လတ်ဆတ်နေပါတယ်။

         သစ်တော်သီးတွေလှိုင်လှိုင်ပေါ်တော့ ထုံစံအတိုင်း ရန်ကုန်ပို့ချင်စိတ်တွေပ်ါလာပါတယ်။ ဒါပေမဲ့ ပြောင်းဖူးလိုဖြစ်မှာစိုးတာနဲ့ ပို့ချင်တဲ့စိတ်အောင့်ထားရပါတယ်။ တစ်နေ့မနက် ဆေးရုံအသွား အပြင်လူနာ ဌာနအ၀င်မှာ လူရွယ်တစ်ယောက်က ဆရာမ နေကောင်းလားလို့နှုတ်ဆက်ပါတယ်။ ကျမ ဘယ်သူဆိုတာ မ မှတ်မိပါဘူး။ အပြင်လူနာဌာနမှာတာဝန်ကျစဉ်ကတစ်နေ့တစ်နေ့ လူ တစ်ရာ လောက်တွေ့နေရတာ ဆိုတော့ဘယ်လိုမှမမှတ်မိနိုင်ပါ ဘူး။ ဒါနဲ့ လူနာတစ်ယောက်ယောက်ဖြစ်မှာပဲဆိုပြီး နေကောင်းလာ ဘာလား ဆိုပြီးရောချပါတယ်။ လူရွယ်က ကျမ ရောကော် သောကော်လုပ်တာ ရိပ်မိသွားပြီး ဆရာမ ကျနော် လူနာမဟုတ်ပါဘူး။ ဆရာမ အဖေဆီမှာ ဒရိုင်ဘာလုပ်ဖူးတယ်လေတဲ့။ ကျမအဖေက ကုန်ကားတွေထောင်ထားပါတယ်။ သမီး လေးယောက်ရှိတာမို့ အိမ်ကိုသူ့ကားတွေရောကားဒရိုင်ဘာ တွေရော မလာစေပါဘူး။ ဒီလူကတော့ ဘယ်တုံးက ကျမကိုမြင်ဖူးသွားမှန်းမသိပါဘူး။ ကျမအဖေ လည်းအခု ကားတွေရောင်းပြစ်ပြီး အငြိမ်းစားယူနေပါပြီ။ လူရွယ်ကထပ်ပြောပါတယ်။ အခုကျနော် ကုန်စိမ်းကားတွေမောင်းနေပါတယ်။ မနက်ရန်ကုန်ု ကုန်စိမ်းတွေအရောက် တစ်ညလုံးမောင်းပါတယ်။ ဆရာမ အိမ်ကိုပေးချင်တာရှိရင်ပေးပါတဲ့။ ၀မ်းသာလိုက်တာ။ ချက်ချင်း ဆေးရုံနောက်က သစ်တောခြံသွား
ဝယ်ပြီးဆေးရုံမှာတင်ထုပ်ပိုးပေးလိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ သစ်တော်သီးတွေ သိပ်ကောင်းတာပဲတဲ့။ လာပို့တဲ့သူကပြောသွားတယ်တဲ့ ဆရာဝန်လို့မပြောရဘူး။ အထုပ်ကို ပလပ်စတာတွေနဲ့ ကပ်ထားတယ်တဲ့။ သြ ဆေးရုံမှာတင်ချက်ချင်းထုပ်ပိုးပေးလိုက်ရတာ သူ သိမှ မသိပဲ။

Tuesday, May 22, 2018

ချစ်တတ်ရဲ့လား ?


  ချစ်ချစ်ဆိုတာမီးယပ်နဲ့ သားဖွားအထူးကုဆရာဝန်ကြီးနဲ့ ခွဲစိပ်အထူးကု ဆရာဝန်ကြီး တို့ရဲ့တစ်ဦးတည်းသောသမီးလေးပါ။ ချစ်လွန်းလို့နံမည်တောင် မခေါ်ရက်လို့ ချစ်ချစ်လို့ သာ အမည်တွင်ခဲ့ပါတယ်။ ချစ်ချစ်ရဲ့အဖေနဲ့ အမေတို့တစ်လှည့်ဆီ နိုင်ငံရပ်ခြား ပညာတွေသွား ဆည်းပူးနေရတာမို့ သားသမီး မယူနိုင်သေးပဲဆိုင်းငံထားခဲ့ရတာ။

  နောက်ဆုံး မေမေနိုင်ငံခြားကပြန်လာလာချင်းမွေးခဲ့ရတဲ့ အဖိုးတန်ချစ်သမီးလေးပါ။ မိဘနှစ်ပါးအချစ်ပိုလိုက်တာများကတော့ သမီးကို လေစိမ်း တိုက်မှာ ခြင်ကိုက်မှာစိုးလို့ အထူးခြင်လုံ အခန်းမှာထားတာပါ။ လေမခ နေမခ ရွှေပေါ် မြတင်ပါ။ အိမ်မှာကူညီပေးတဲ့ ခလေးမလေးတွေတောင် ချစ်ချစ်နားမကပ်ရပါဘူး။

  မိတ်ဆွေတွေကလည်း ဆရာဝန်အသိုင်းအ၀ိုင်းကဆိုတော့ သူတို့ဆေးရုံကပါလာတဲ့ ရောဂါတွေကူးမှာစိုးလို့ မချီမပိုးအောင်လို့ သမီးလေး အိပ်နေတယ်ဆိုပြီးညာ ပြောရတာက လည်း  အခါခါပါပဲ။

   မိခင်တစ်ယောက်အနေနဲ့ ချစ်ချစ်ကိုနို့ချိုတိုက်ကျွေးချင်ပေမဲ့ ဆေးရုံတာဝန် က တစ်ဖက်၊ ဆေးကျောင်းမှာစာသင်ရတာကတစ်ဘက်မို့ မအားလပ်ပါဘူး။ နောက်ပြီးတော့ ဆေးရုံကရောဂါ တွေလည်းသမီးလေးကိုကူးမှာစိုးပါတယ်။

  ဒီလိုနဲ့ တစ်နေ့မှာတော့ တောက ငယ်ကြောက်အဒေါ် သမီးလေးကိုကြည့်ရအောင် ရောက်လာပါတယ်။ ကျမဘာမှမပြောနိုင်ခင်၊ မတားနိုင်ခင် သမီးလေးရဲ့ အခန်းထဲဝင်သွားပြီး သမီးလေးကို အပြင်ချီထုတ်လာပါတယ်။ ပါးစပ်ကလည်း ညီးတို့က ခလေးကိုအမှောင်ထဲမှာ ထားထားတယ်၊ လေကောင်းလေသန့်လည်းမရဘူး။ ခလေးဆိုတာမြေထိမှ ကျန်းမာတာတဲ့။

   သမီးလေးကိုတွေ့လိုက်တဲ့ ခဏမှာတော့ ကျမမျက်စိတွေ မူးမိုက်သွားပါတော့တယ်။ သမီးလေး တစ်ကိုယ်လုံးဝါနေပါတယ်။ သမီးလေးကို ချက်ချင်းဆေးရုံခေါ်သွားပြီး သွေး ကောင်း တွေနဲ့ သမီးလေးရဲ့ ၀ါနေတဲ့သွေးတွေပြောင်းလဲကုသ (exchange transfusion) ပါတယ်။

  သမီးကိုယ် ထဲကသွေးတွေကတော့၊ အ၀ါရောင်အဆိပ်တွေမရှိတော့ပါဘူး။ ဒါပေမဲ့ အ၀ါရောင်အဆိပ်တွေက သမီးရဲ့နုနယ်တဲ့ ဥဏှောက်ကို ရောက်သွားပြီး ဖျက်စီးလိုက်တာ မို့ သမီးလေးဘ၀ ဆုံးရပါပြီ။ သမီးလေးတစ်ဘ၀လုံး ဥဏှောက်ပျက်နေတဲ့ ရောဂါသည်မလေး ဘ၀နဲ့ နေရတော့ မှာပါ။ ကျမဘယ်လိုဖြေရပါ့မလဲ။ ကျမသမီးလေးလို ဘ၀မဆုံးကြရအောင် ဒီပညာပေးဆောင်းပါးလေးကိုဝေငှရင် ချစ်ချစ်လိုဘ၀နဲ့ ကျမလို ဘ၀မျိုးမရောက်ကြပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

   ချစ်ချစ်လိုမွေးကာစ ခလေးတွေအသားဝါတာကို(Neonatal jaundice) နီရိုနေတဲ ဂျွန်တစ် လို့ခေါ်ပါတယ်။ မွေးကာစ ခလေးငယ်တွေ၊ အထူးသဖြင့် လမစေ့ပဲမွေးတဲ့ခလေးတွေ မှာ မွေးပြီးတစ်ပတ်လောက်မှာ အသားအနည်းငယ် ၀ါ” တတ်ပါတယ်။ သူတို့ရဲ့အသဲက ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အတွက် ကိုယ်ထဲကသွေးဥနီအသေတွေကထွက်လာတဲ့ အ၀ါရောင်အဆိပ်တွေကို မချေဖျက်နိုင်သေးလို့ပါ။ အသက်နည်းနည်းရလာတာနဲ့အမျှ အသဲ လည်းကြီးထွားလာပြီးသူ့လုပ်ငန်းကို ကောင်းကောင်းဆောင်ရွက်နိုင်တဲ့အခါ အ၀ါရောင်တွေ တစ်ဖြည်းဖြည်း ပျောက်သွားပါတယ်။

  အသားဝါတာကို သဘာဝအလင်းရောင်မှာမှမြင်နိုင်ပါတယ်။ ဓါတ်မီးရောင် အောက် မှာမမြင်ပါဘူး။ ဒါကြောင့်အချစ်ပိုပြီး မီးရောင်အောက်မှာ ထားခဲ့တဲ့သမီးလေးရဲ့အသားတွေ ၀ါတာ ကျမသတိမထားမိခဲ့ပါဘူး။

  ကိုယ်ခန္ဓာရဲ့ သွေးထဲကအဆိပ်တွေဥဏှောက်ထဲမရောက် အောင်တားဆီးတဲ့ (Blood Brain Barrier) ဆိုတာရှိပါတယ်။ အဲ့ဒီကာဗါ (Barrier) ကမွေးကာစ ခလေးတွေမှာသိပ် မဖွံ့ဖြိုး ပါဘူး။ ဒါကြောင့်အ၀ါရောင်အဆိပ်တွေခလေးရဲ့ဥဏှောက်ကိုရောက်သွားပြီးဖျက်စီးလို့ ကာနစ်တရက် (Kernicterus) ခေါ်တဲ့ချစ်ချစ်လို ဥဏှောက်ပျက်တဲ့ ဘ၀ရောက်ရ ပါတယ်။ လူကြီးတွေမှာတော့(Blood Brain Barrier) ကောင်းတာကြောင့် အ၀ါရောင်အဆိပ်တွေ သိပ် များလာလို့အသားတွေ ဆနွင်းခဲလိုသာ ၀ါ” သွားမယ် ဥဏှောက်ကိုတော့မရောက်နိုင်လို့ ဥဏှောက်ပျက်တဲ့ ရောဂါ မဖြစ်ပါဘူး။

  (Neonatal jaundice)က၊ လမစေ့ပဲ မွေးတဲ့ခလေးတွေအပြင် အမေနို့မတိုက်တဲ့ ခလေးတွေမှာအဖြစ်များပါတယ်။ အမေနို့က နို့ဘူးတွေလို နို့များများမထွက်ပါဘူး။ ဒါကြောင့် အမေနို့ တိုက်တဲ့ခလေးတွေဟာ ဗိုက်မ၀လို့ ခဏခဏစို့ပါတယ်။ နို့စို့တဲ့အခါ ကလေးရဲ့ အူလမ်းကြောင်း လှုပ်ရှား (bowel movement) ပါတယ်။ နို့ခဏခဏ စို့တဲ့ခလေးမှာ အူလမ်းကြောင်းလှုပ်ရှားမှုများလို့ အဆိပ်ဝါတွေကို ၀မ်းက ပိုမိုစွန့်ပြစ် နိုင်ပါတယ်။

   မွေးကာစခလေးတွေရဲ့ အူတွေမှာ ပိုးတွေမရှိသေးပါဘူး။ သဘာဝအူပိုးများလို့ခေါ်တဲ့ ကျမတို့အူထဲမှာရှိတဲ့မိတ်ဆွေပိုးတွေ (Bacterial flora) က အူထဲကိုရောက်လာတဲ့ အဆိပ်ဝါ တွေကိုချေဖျက်ပေးပါတယ်။

  မွေးစခလေးတွေမှာတစ်ဖြည်းဖြည်းနဲ့ ပတ်ဝန်ကျင်ကပိုးတွေစားမိပြီး (Bacterial flora) ခေါ်တဲ့မိတ်ဆွေပိုးတွေအူထဲကိုရောက်လာပါတယ်။ သမီးကိုအချစ်ပိုပြီး၊ ပိုးမ၀င်အောင် ဂရုစိုက်တာလွန်သွားလို့ မိတ်ဆွေပိုးတွေရဲ့ အဆိပ်ဝါတွေကို ကူညီချေပေးခြင်းကိုလည်း မရခဲ့ တာကြောင့် အဆိပ်ဝါ တွေရက်ပိုင်းအတွင်းမှာ များလာပြီးဥဏှောက်ထဲရောက်ကုန်တာပါ။

   စောစောက ၀ါတာကိုသိရင်(အဆိပ်ဝါတွေဥဏှောက်ထဲမရောက်ခင်) ခလေးကိုနေ အလင်းရောင်မှာထားခြင်း (၀ါ) အပြာရောင်မီးရောင်အောက်မှာ ထားခြင်း( Phototherapy) ဖြင့် အဆိပ်ဝါတွေကိုချေဖျက်နိုင်ပါတယ်။

     ၎င်းအပြင် အရည် (၀ါ) နို့များများတိုက်ပေးခြင်းတို့ ဖြင့် လွယ်ကူစွာကုသနိုင်ပါ တယ်။ အခုတော့

အပြင်ပန်းကြည့်ရင်၊ အချစ်လွန်လို့ မရောက်သင့်တဲ့ ဒုက္ခရောက်ရတယ်ပေါ့။ တကယ် ကတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ မင်းသားခေါင်းစွပ်ထားတဲ့၊ လောဘ၊ တဏှာ ဆိုတဲ့ အမိုက်တိုက်က မေမေတတ်သိထားတဲ့ လောကီဆေးပညာတွေကိုဖုံးလို့ဖြစ်ရတာပါ။





ဥဏှောက်အောက်ပိုင်းတွင်အ၀ါရောင်အဆိပ်များစွန်းနေပုံ။