သွေးဆိုတာ သာမန်မျက်စိနဲ့ကြည့်ရင် နီတဲ့အရည်လို့သာ မြင်ပါလိမ့်မယ်။ တကယ်ကသွေးမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ သွေးဥနီ (သူ့ကြောင့်အနီရောင်ဖြစ်တာပါ)၊ သွေးဥဖြူ (အရောင် မရှိပါဘူး)၊ သွေးဥမွှား (အသားစအမွှာလို အရွယ်အစားအမျိုးမျိုးရှိပါတယ်)၊ တွေဟာ အ၀ါနု ရောင်ရှိတဲ့ သွေးရည်ကြည်ထဲမှာ မျောနေကြတာပါ။
ဒါကို လက်တွေ့သိချင်ရင်တော့ လူ (၀ါ) တိရ စ္ဆန်ရဲ့ သွေး အနည်းငယ်ကို ပုလင်းဖြူ တစ်လုံးထဲမှာ ထဲ့ထားလိုက်ပါ။ သွေးခဲသွားတဲ့အခါ (သွေးခဲဆိုတာ သွေးဥတွေအားလုံး စုပြီးခဲသွားတာပါ) သွေးခဲအပြင် အ၀ါနုရောင်ရှိတဲ့ သွေးရည်ကြည်ကို တွေ့ရပါလိမ့်မယ်။ လူတွေရဲ့ သေးဥနီက နှစ်ဖက်ခွက်တဲ့အ၀ိုင်း လုံး တွေပါ နှစ်ဖက်မြင် (Two dimension) တဲ့ မှန်ဘီးဘူးအောက်မှာ အ၀ိုင်းပြားတွေအနေနဲ့ တွေ့ရပါတယ်။
“သွေးဟာ အသက်” လို့ပြောတဲ့ အတိုင်း၊ သွေးမရှိရင် အသက်မရှင်နိုင်ပါဘူး။ ကျမတို့ ကိုယ်ထဲမှာသွေး ၅ လီတာခန့် ရှိပါတယ်။ သွေးတွေ သွေးကြောတွေထဲကနေ ကိုယ်ခန္ဓာရဲ့ အတွင်းသို့ (၀ါ) အပြင်သို့ အချိန်အနည်းငယ်အတွင်း ထွက်သွားရင် ထွက်သွားတဲ့သွေးရဲ့ ပမာဏပေါ်မူတည်ပြီး အဆင့်လေးဆင့် ခွဲနိုင်ပါတယ်။ သွေး ၅ လီတာရဲ့ (၁၀-၁၅%) ထွက် သွားရင် ကျန်းမာသောလူမှာ ဘာပြဿနာမှ မဖြစ်ပါဘူး။ ဘာမှလည်း လုပ်စရာ မလိုပါဘူး။ သွေးလှူတဲ့အခါ သွေး (၈-၁၀%) ယူတာမို့ကျန်းမာရေးကို မထိခိုက်စေပါဘူး။ (၁၅-၃၀%) ဆိုရင်တော့ နှလုံးခုန် မြန်လာပါတယ်။ လက်ဖျားခြေဖျားတွေ ဖြူပြီး အေးလာ ပါတယ်။ အဲ့ဒီ အခါမျိုးမှာ သွေးဒုထယ် (volume) ပြန်ပြည့်အောင် ဆားရည် သွင်းဖို့ လိုပါလိမ္မယ်။ သွေးသွင်း ဖို့ မလိုသေးပါဘူး။ (၃၀-၄၀%) ဆိုရင်တော့ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သတိမေ့ ခြင်းများ ဖြစ်တတ်ပါတယ်။ ဒီအဆင့်မှာတော့ သွေးသွင်းဖို့ လိုအပ်ပါတယ်။ သွေးမရခင် သွေး ဒုထယ် (volume) ပြန်ပြည့်အောင် ဆားရည် သွင်းထားရပါမယ်။ (>၄၀%) ဆိုရင်တော့ သွေး အမြန်ဆုံးသွင်းခြင်း၊ ဆားရည်များသွင်းခြင်းများကို အမြန်ဆုံး လုပ်ရပါမယ်၊ အချိန်နောက်ကျ ပါက သေဆုံးနိုင်ပါတယ်။
သွေးတွေက ကိုယ်ခန္ဓာမှာရှိတဲ့ဆဲလ် (cell)တွေ လိုအပ်တဲ့အောက်ဆီဂျင် (Oxygen) ကို အဆုတ်ကနေ သယ်ပေးပါတယ်။ ကိုယ်ခန္ဓာအတွက်အန္တရာယ်ရှိတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် (Carbondioxide) ခေါ်တဲ့ ဆဲလ် ထဲကထွက်လာတဲ့ အဆိပ်ဓါတ်ငွေ့တွေကို အဆုတ်ဆီကို ပြန်သယ်သွားပေးပြီး၊ အဆုတ်ကတဆင့် လေထုထဲကို ထုတ်ပါတယ်။
အောက်ဆီဂျင်အပြင် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အစာတွေကို အစာချက်ရာ အစာ လမ်းကြောင်းမှ ဆဲလ်တွေဆီကို ပို့ပေးပါတယ်။ ဆဲလ်တွေဆီက ထွက်လာတဲ့အဆိပ်တွေကို အသဲ ဆီပို့ပေးပါတယ်။ အသဲမှာ အဆိပ်တွေကို အဆိပ်အတောက်ပျောက် (Detoxification) အောင် လုပ်ပါတယ်။ အသဲက မချေဖျက်နိုင်တဲ့အဆိပ်တွေကို ကျောက်ကပ်ကို ပို့ပေးပြီး ကျောက်ကပ်က ဆီးအနေနဲ့ အပြင်ကို ထုတ်ပြစ် ပါတယ်။
သွေးမှာရှိတဲ့ သွေးဥနီတွေကအောက်ဆီဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့တွေ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ အဲ့ဒီအလုပ် အတွက်သွေးဥနီမှာရှိတဲ့ အနီရောင်ဟီမိုဂလိုပင် (Hemoglobin) လိုအပ်ပါတယ်။ ဟီမိုဂလိုပင်နဲ့ အောက်ဆီဂျင်ပေါင်းတဲ့အခါ သွေးဟာ အနီရဲရဲ အရောင် ရှိပါတယ်။ အဲ့ဒီသွေးတွေက သွေးလွှတ်ကြောတွေ (arteries) ထဲမှာရှိပါတယ်။ ဟီမိုဂလိုပင်နဲ့ကာဘွန်ဒိုင်အောက်ဆိုက် ပေါင်းရင် သွေးဟာ နီညိုရောင်ရှိပါတယ်။ ဒီသွေးတွေ ကို သွေးပြန်ကြော (Veins) တွေကတဆင့် အဆုတ်ဆီကို ပို့ပေးပါတယ်။ အဆုတ်ကနေ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ကို လေထဲသို့ မှုတ်ထုတ် လိုက်ပါတယ်။
သွေးပြန်ကြောတွေက နံရံပါးပြီး ကိုယ်ရဲ့အပြင်ပိုင်း မြင်လွယ်တဲ့နေရာတွေမှာရှိပါတယ်။ သွေးလွှတ်ကြောတွေကတော့ ကိုယ်အတွင်းပိုင်း ကြွက်သား (Muscles) တွေကြားမှာရှိလို့ များသောအားဖြင့်မမြင်ရပါဘူး။
သွေးထုတ်စစ်ဆေးတဲ့အခါ သွေးပြန်ကြောတွေဆီက သွေးကို ထုတ်ပြီး စစ်တာပါ။ သွေးတစ် စက်မှာ သွေးဥနီတွေ သန်းပေါင်းများစွာ ပါရှိပါတယ်။
သွေးအားနည်းတယ်ဆိုတာ သွေးဥနီတွေ နည်းတာကို ပြောတာပါ။ ဟီမိုဂလိုပင်မှာ သံဓါတ် (Iron) နဲ့ ပရိုတင်းခေါ် (Protein) အသားဓါတ် ပါ ပါတယ်။ သံဓါတ်နဲ့ အသားဓါတ် နည်းရင် ဟီမိုဂလိုပင်လည်း နည်းတာမို့ သွေးအားနည်းရောဂါ ဖြစ်ပါတယ်။ ပရိုတင်းက ဟီမိုဂလိုပင်အပြင် အခြားသော ကိုယ်အစိတ် အပိုင်းတွေမှာလဲ အများအပြား ပါဝင်တာမို့ ပရိုတင်းနည်းရင် သွေးအားနည်းရောဂါအပြင် အခြားရောဂါ တွေလဲ ဖြစ်ပါတယ်။ ဒါကြောင့် သွေးအားပဲ နည်းတယ် ဆိုရင်တော့ သံဓါတ်ကြောင့်ပါ။ သံဓါတ်က အစားအစာက ရပါတယ်။
သာမန်မျှတတဲ့အစာ စားသူ၊ သက်သတ်လွတ်စားသူများမှာတောင် သံဓါတ် အစား နည်းလို့ သွေးအားနည်းတာ မဖြစ်ပါဘူး။ (အရှင်ဆန္ဒဓိက၏ သွေးအလှူနဲ့ပါရမီ (၁၀) ပါး စာအုပ်မှာ မည်သည့် အစားအစာများတွင် သံဓါတ် ပါကြောင်း အသေးစိတ် ရေးသားထား ပါတယ်)။
အများဆုံး သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းက ကိုယ်ထဲက သွေးတွေ အပြင် ထွက် သွားတာကြောင့်ပါ။
အမျိုးသမီးများမှာ ဓမ္မတာသွေး အနေနဲ့ လစဉ်သွေးများအပြင်ထွက်တာမို့ အစာထဲမှာ သံဓါတ် လုံလောက်စွာမပါရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီး များမှာ သွေးအားနည်း ရောဂါ အဖြစ်များ ပါတယ်။ အမျိုးသားများ သွေးအားနည်းတယ် ဆိုရင်တော့ သွေးထွက်တဲ့ရောဂါ တစ်ခုခု ကို ရှာဖွေရပါမယ်။ ဥပမာ။ သွေးထွက်နေတဲ့ ကျောက်ကပ် ရောဂါ၊ အူနာရောဂါ၊ အစာအိမ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ စသည်တို့ပါပဲ။
ကိုယ်ထဲက သံဓါတ်က သွေးအနေနဲ့သာ ကိုယ်ခန္ဓာအပြင်ကို ထွက်နိုင်ပါတယ်။ ကိုယ် ခန္ဓာအနေနဲ့ ပိုနေတဲ့ သံဓါတ်ကို ထုတ်ပြစ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် သံဓါတ်ကို ကိုယ်ထဲကို ထိုးသွင်းခြင်း (အသားထဲသို့ ထိုးသွင်းခြင်း၊ အကြောထဲသို့ ထိုးသွင်းခြင်း) များကို တကယ် လိုအပ်မှသာ ပြုလုပ်သင့် ပါတယ်။ သွေးအားကောင်းအောင်ဆိုပြီး အလကား မထိုးသင့်ပါဘူး။
သံဓါတ်ကို အသားထဲထိုးထားရင် ထိုးတဲ့နေရာက အသားထဲမှာရှိနေတဲ့သံဓါတ်ကြောင့် ထိုးတဲ့နေရာကို ညိုမဲ စေပါတယ်။ အကြောထဲထိုးလိုက်တဲ့ အပိုသံဓါတ်တွေက အသဲ၊ နှလုံး၊ ပင်ကရိယ စတဲ့ အင်္ဂါတွေမှာ သွားစုရင် အသဲရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ပါ တယ်။ ဒီဘေးထွက်ရောဂါတွေကြောင့် သွေးခဏခဏသွင်းရတဲ့ မွေးရာပါ သွေးအားနည်း ရောဂါဖြစ်တဲ့ သလဲစီးမီးရာ (Thalassemia) လူနာတွေသေဆုံးနိုင်ပါတယ်။ ယခုအခါ တိုးတက်တဲ့ နိုင်ငံတွေမှာ ကိုယ်ထဲက သွေးသွင်းလို့ ပိုနေတဲ့ သံဓါတ်တွေကို စက်နဲ့ပြန်စုပ် ထုတ်ပါတယ်။ ဒါကြောင့် “တန်ဆေး၊လွန်ဘေး” တဲ့။
ဆေးပညာတွေတိုးတက်နေပေမဲ့ လူ့ရဲ့သွေးဥနီကိုတော့ မပြုလုပ်နိုင်သေးပါဘူး။ ဒါကြောင့် သွေး အရေးပေါ်လိုတယ်ဆိုရင် အခြားလူတစ်ဦးဆီက သွေးကိုသွင်းပေး ရပါတယ်။ သူတစ်ပါး ရဲ့သွေး သွင်းခြင်း ရဲ့ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် သွေးလိုမယ်ဆိုတာ ကြိုသိတဲ့ ခွဲစိပ် ကုသမှု (Planned operation) များမှာ မခွဲစိပ်ခင် လူနာရဲ့သွေးကို တစ်ပတ်၊ နှစ်ပတ်က ကြို ထုတ်ထားပြီး ခွဲစိတ်တဲ့အခါ သူ့သွေးကိုပဲ ပြန်သွင်းပေးတဲ့ အော်တို သွေးသွင်းခြင်း (Autotransfusion) ကို လုပ်နိုင်ပါတယ်။
သွေးဥနီတွေက အမြဲရှင်သန်နေတာ မဟုတ်ပါဘူး လူတွေလိုပဲ မွေးလိုက် သေလိုက် ဖြစ်နေတာပါ။ သွေးဥနီရဲ့သက်တန်းက (၃) လ ပါ။ သွေးတစ်စက်မှာ အသစ်မွေးဖွါးလာတဲ့ သွေးဥနီတွေ၊ အသက်ကြီးလို့ သေခါနီးတဲ့ သွေးဥနီတွေ၊ အသက်ငယ်သေးတဲ့ သွေးဥနီတွေ၊ အသက်လတ်တန်း သွေးဥနီတွေ ရောနေ ပါတယ်။ သူတို့အားလုံးရဲ့ ဖြန်းမျှအသက်ကို ယူမယ် ဆိုရင် တစ်လခွဲပါ။
သွေးတွေကို ကိုယ်ထဲကထုတ်ပြီး အမြဲတန်း (+ 5 C) ၅ ဒီဂရီ စင်တီဂရိတ် ထားနိုင်မှ သွေးသွင်း ခံရတဲ့ လူနာရဲ့ကိုယ်ထဲမှာ အသုံးဝင်သေးတဲ့ အသက်ရှင်နေသေးတဲ့ သွေးဥနီက သုံးပုံတစ်ပုံလောက်ပဲ ရှိပါတော့တယ်။ သွေးထုတ်ထားတာ တလကြာပြီဆိုရင်တော့ လူနာ အတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုများမှာမို့ တလကြာတဲ့ သွေးတွေကို လူနာထဲ သွင်း ပေးလို့ မရပါဘူး။
လွန်ခဲ့တဲ့နှစ် (၄၀) က တောင်ကြီးမြို့မှာ လျှပ်စစ် ၂၄ နာရီ မရလို့ သွေးလှူရှင်ဆီက သွေးထုတ်ပြီး အအေးခန်းမှာသိမ်းတဲ့ သွေးဘဏ်အလုပ်ကို မလုပ်နိုင်ပါဘူး။ အရှင် သွေး လှူရှင်စနစ် ( Living donor) ကို အသုံးပြုရပါတယ်။ သွေးလှူရှင်တွေရဲ့ တဲလီဖုန်းနံပါတ် (ခေတ်ပေါ်လက်ကိုင်ဖုန်းတွေ မရှိသေးလို့)၊ များသောအားဖြင့် အိမ်လိပ်စာယူထားပြီး သွေးလို တဲ့အခါ သွေးလှူရှင်ကို အိမ်လိုက် ခေါ်ရပါတယ်။ အခုလှူ၊ အခု လူနာသွေးနဲ့တဲ့မတဲ့ စစ်ပြီး ချက်ချင်းသွင်းရတာမို့ ကူးဆက်တတ်တဲ့ ရောဂါတွေ စစ်ဖို့ အချိန်မရပါဘူး။ တော်ပါသေးရဲ့ ဆိုးဝါးတဲ့ AIDS ရောဂါတွေ မပေါ်သေးလို့။
ဆေးပညာ အသိဉာဏ်နည်းပါးတဲ့ တောင်သူတွေဟာ သူတို့ကိုယ်ထဲက သွေးထုတ်ရင် သွေးအား နည်းသွားမယ်ထင်ပြီး သူတို့အမျိုးသမီး ကိုယ်ဝန်ကြောင့် သွေးဆင်း လွန်ပြီး သေနိုင်တဲ့အချိန်မှာတောင် သွေးပေးဖို့ ငြင်းဆန်ကြပါတယ်။ ဒီတော့ တောင်ကြီးမြို့ကဆရာဝန်တွေ ဆရာဝန်သိက္ခာ (Doctor`s ethique ) နဲ့လူ့အခွန့်အရေး (Human rights ) ဆိုတာတွေကို ဘေးချိတ်ပြီး လူနာလာပို့တဲ့သူ (လူနာလာပို့ရင် ဂျစ်ကား တစ်စီးနဲ့ အပြည့် လာပို့လေ့ ရှိပါတယ်) အားလုံးကိုစမ်းသပ်ပြီး သွေးလှူနိုင် သူတွေဆီက အတင်း အားဓမ္မထုတ်ယူ ရပါတယ်။
တကယ်က ဆရာဝန် သိက္ခာနဲ့ လူ့အခွန့်အရေး ဆိုတာတွေက မသမာသူတွေ မတရား မလုပ်နိုင်အောင် သတ်မှတ်ထားရတဲ့ ဥပဒေ တွေပါ။ ဒီလိုမှ သွေးမဖေါက်ရင် လူနာရော၊ ခလေးပါ ဆုံးရမှာပါ၊ ပြီးတော့ သွေးဆိုတာ လူလိုပဲ သူ့သက်တန်း ၃ လပြည့်ရင် ထုတ်ထုတ် မထုတ်ထုတ် သေတာပါပဲ။
သွေးဥနီတွေရဲ့ သဘာဝကို သိရတော့ အို၊ နာ၊ သေ တဲ့ လူ့ဘ၀ကို ပိုပြီး တရားရ မိပါ တယ်။ အမှန်တော့ သွေးဥနီမှ မဟုတ်ပါဘူး၊ ကိုယ်ထဲမှာရှိတဲ့ ဘယ်အရာမှ မမြဲပါဘူး။ ယခင်ကဆေးပညာမှာ မသေဘူး၊ အမြဲတည်တဲ့ ( Permanent cells) လို့ ထင်ခဲ့တဲ့ အရိုး ဆဲလ် (Bone cells) တွေလဲ မွေးသေ ဖြစ်နေကြတာ ဆေးပညာတိုးတက်လာမှ သိကြရပါ တယ်။ မွေးသေတွေနဲ့ စုစည်းထားတဲ့ ကျမတို့ရဲ့ခန္ဓာ ကိုယ်ကြီး မမြဲဘူး၊ အမြဲသေနေတယ် ဆိုတာ “သွေးထွက်အောင် မှန်တယ်” လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။
သွေးဥနီတွေကို ရိုးတွင်းချင်ဆီက ထုတ်ပါတယ်။ တနည်းသူတို့ကို သွေးဥနီတွေရဲ့ သားဖွါးဆေးရုံ၊ သွားဖွါးခန်းလို့ ပြောရပါမယ်။ သေသွားထဲ့ သွေးဥနီတွေကိုတော့ သရက်ရွက် မှာ ရှင်းလင်းပြစ်ပါတယ်။ သူကတော့ သွေးဥနီတွေရဲ့သင်္ချိုင်းပေါ့။ သွေးဥနီတွေ သေတာများ တဲ့ အချို့သောရောဂါသည်တွေမှာ သရက်ရွက်ကြီး လာတတ်ပြီး၊ အသဲကလည်း ကူညီ ရှင်း ပေးတာမို့ အသဲပါနည်းနည်းကြီး လာတတ်ပါ တယ်။ သင်္ချိုင်းဟောင်း မဆန့်လို့ သင်္ချိုင်း အသစ် လုပ်တယ်လို့ ပြောရမယ် ထင်ပါတယ်။
No comments:
Post a Comment