WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာဖြစ်ပွါးတဲ့ရောဂါတွေဖြစ်တဲ့ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊အနာကြီးရောဂါစတာတွေနဲ့ပတ်သက်တဲ့သတေသနတွေပြုလုပ်နိုင်ဖို့အတွက် အဲ့ဒီနိုင်ငံကသုတေသနပညာရှင်တွေကိုနှစ်စဉ် Ph D ခေါ်တဲ့ပညာသင်ဆုကိုချီးမြှင့်ပါတယ်။ ဒါပေမဲ့ကျမတို့
မြန်မာနိုင်ငံကဒီအကြောင်းကိုမသိခဲ့ပါဘူး။ ၁၉၉၃ ခုနှစ်မှ ဆေးသုတေသနဦးစီးဌာန (ယခု မြန်မာပြည် အောက်ပိုင်းဆေးသုတေသနဦးစီးဌာန ) က ဒါရိုက်တာတစ်ဦး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာအစည်းအဝေး တက်ခွင့်ရတော့မှသိလာရပါတယ်။ သတင်းရလျှင်ရချင်း ဒါရိုက်တာချုပ် (DG) ကိုပြောပြပါတယ်။
ဒါရိုက်တာချုပ် ကလည်း ဌာနမှသုတေသန၀န်ထမ်းအားလုံးကိုအစည်းအဝေးခေါ်ပြီး Ph D ပညာ သင်ဆုလျှောက်ကြဖို့ပြောပါတယ်။ ၎င်းအပြင် immunology ဌာနတွင်တာဝန်ထမ်း ဆောင်နေသော ကျမနှင့်ကျမရဲ့ဆရာနှစ်ဦးလုံးကိုခေါ်ပြီး တိုးတက်နေသော ငှက်ဖျားရောဂါခုခံကာကွယ်ခြင်းပညာ (immunology of malaria) နှင့် ပတ်သက်သည့် သုတေသနပညာသင်ဆုတင်သွင်းရန်ပြောဆိုပါတယ်။ ကျမဆရာကသူ့မှာသုတေသနလုပ်ငန်းတွေအလွန်များကြောင်း၊ ငှက်ဖျားရောဂါကိုလည်းစိတ်မ၀င်စား ကြောင်း ပြော ဆိုပါတယ်။ ကျမ ကတော့ immunology နဲ့ပတ်သက်တာဆိုအကုန်စိတ်ဝင်စားပါတယ်။ အထူးသဖြင့် သူများနဲ့လုပြီးလုပ်ရမဲ့ အလုပ်ထက် သူများမလုပ်ချင်တဲ့ လုပ်ငန်းကိုသာ အေးအေးဆေးဆေး လုပ်ချင်ပါ တယ်။ ဒါကြောင့်လုပ်မဲ့အကြောင်းဝန်ခံလိုက်ပြီး immunology of malaria နဲ့ပတ်သက်တဲ့ စာတမ်းတွေကို စာကြည့်တိုက်မှာရှာဖွေဖတ်နေပါတယ်။
ကျမတို့ ဆေးသုတေသနဦးစီးဌာန မှာဌာနခွဲပေါင်းများစွာထဲက ငှက်ဖျားရောဂါဌာနက ဆေးသုတေသန ဦးစီးဌာန စဖွင့်ကတည်းကတည်ရှိနေတဲ့ဌာနပါ။ immunology ဌာနကတော့နောက်ပေါက်တဲ့ဌာနပါ။ ငှက်ဖျားရောဂါနဲ့ပတ်သက်တဲ့သုတေသနတွေကို ငှက်ဖျားရောဂါဌာနကတဆိုက်မတ်မတ် လုပ် ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ငှက်ဖျားရောဂါပိုးနဲ့ပတ်သက်တာတွေပဲလုပ်ဖြစ်ပြီး immunology နဲ့ပတ်သက် တာတော့ မလုပ်ဖြစ်ခဲ့ဘူးလို့ DG ကပြောပါတယ်။
Ph D ပညာ သင်ဆုအတွက် မိမိရဲ့ကိုယ်ရေးရာဇ၀င်၊မိမိဆောင်ရွက်မည့် သုတေသနကိုတင်သွင်းရမည့် အပြင် မိမိကိုထောက်ခံမည့်သူနှစ်ဦးကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ထောက်ခံစာတိုက်ရိုက်ပို့ရမှာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ငှက်ဖျားရောဂါဌာနက သုတေသနအရာရှိ ၄ဦးနှင့်ကျမ အားလုံးပေါင်း ၅ ဦး လျှောက်ကြမှာဖြစ်ပါတယ်။ ကျမတို့ပညာသင်ဆုအတွက်ပြင်ဆင်နေစဉ် ပြင်သစ်နိုင်ငံကနံမည်ကြီှး
ငှက်ဖျားရောဂါ ပါမောက္ခမြန်မာနိုင်ငံကိုအလည်လာရောက်မယ်လို့ သိရပါတယ်။ အဲ့ဒီပါမောက္ခက မြန်မာနိုင်ငံစစ်တက္ကသိုလ်ကပါမောက္ခတွေနဲ့ငှက်ဖျားရောဂါပူးပေါင်းဆောင်ရွက်နေတာမို့ ၎င်းတို့ရဲ့
သုတေသနလုပ်ငန်းတွေဆွေးနွေးဖို့ပါ။ ရန်ကုန်ရောက်စဉ် ဆေးသုတေသနဦးစီးဌာန ကိုလည်း လာ ရောက်လယ်ပတ်မှာဖြစ်ပါတယ်။
၎င်းလာရောက်စဉ် ကျမတို့ပညာသင်ဆုတင်သွင်းမဲ့သူများသူနဲ့တွေ့ဆုံပြီး အကြံဥာဏ်ယူဖို့ DG က ပြောဆိုပါတယ်။ (DG နဲ့ Directors များအနေနဲ့အသစ်တပ်မံဆောက်လုပ်မဲ့အဆောက်အဦး အတွက် ဌာနအပြင်သွားရမှာမို့ မတွေ့ဆုံနိုင်ကြောင်းပြောဆိုပါတယ်)။
ပြင်သစ် ပါမောက္ခ ရောက်တဲ့အခါ ကျမတို့ ၅ ဦးအပြင် ငှက်ဖျားရောဂါဌာနနဲ့အခြားဌာနမှ စိတ်ဝင်စားသူ
များစုစုပေါင်း ၂၀ ခန့်နဲ့အစည်းအဝေးခန်းမှာတွေ့ဆုံကြပါတယ်။ ကျမအနေနဲ့ ငှက်ဖျားရောဂါခုခံကာကွယ်
ခြင်းဆိုင်ရာ စာတမ်း ၂၀၀ ခန့်ဖတ်ထားပြီးပြီးမို့ ကျမ မရှင်းလင်းတာများ၊ကိုဝင်ရောက်ဆွေးနွေးပါတယ်။
ပြင်သစ် ပါမောက္ခ ကလည်းသူကျွမ်းကျင်ရာသုတေသနတွေဖြစ်နေတာမို့ ကျမနဲ့သူနှစ်ယောက်ထဲစကား
ပြောသလိုဖြစ်နေပါတယ်။ နိုင်ငံခြားကသူတေသနပညာရှင်တွေက သူတို့စိတ်ဝင်စားရာဘာသာရပ်တစ်ခုထဲ
ကိုသာ တစ်သက်လုံးလုပ်ဆောင်ကြတာများပါတယ်။ ကျမတို့နိုင်ငံမှာတော့ ပညာရှင်နည်းပါးမှု၊ပစ္စည်း
ရှားပါးမှုကြောင့် လိုအပ်ရင်လိုအပ်သလို ၀င်လုပ်ကြရတာမို့ တစ်ခုထဲကိုဇောက်ချမလုပ်နိုင်ပါဘူး။ ကျမ ဆိုရင် ဆေးသုတေသနကိုရောက်စက မွေပွေးဆိပ်သုတေသနလုပ်ခဲ့ရပြီး နောက်အသဲရောင်အသားဝါ
ရောဂါသုတေသနပြောင်းလုပ်ရပါတယ်။ နောက် AIDS ရောဂါပေါ်လာတော့ AIDS ရောဂါ သုတေသန လုပ်ချင်တဲ့သူ မရှိတာမို့ ကျမတာဝန်ယူလုပ်ခဲ့ပါတယ်။ အခု ငှက်ဖျားရောဂါစလုပ်ဖို့ပြင်ဆင်နေရပါပြီ။
ပြင်သစ် ပါမောက္ခ နဲ့တွေ့ဆုံမဲ့ စစ်တက္ကသိုလ်မှပါမောက္ခ တွေကလည်းသူနဲ့တွေ့ဖို့မအားဖြစ်နေတာကြောင့်
ရန်ကုန်ဆေးရုံကြီးကိုခေါ်သွားခဲ့တယ်လို့ပြောပါတယ်။ ကျမတို့ဆေးကျောင်းမှာ သုတေသနတွေလုပ်ဖို့
နေနေသာသာ၊သင်တောင်မသင်ခဲ့ရတဲ့အပြင် ဆေးရုံမှာတစ်နေ့တစ်နေ့အလျှင်မှီအောင်မနဲလုပ်နေရတဲ့
ဆရာဝန်တွေအနေနဲ့ သုတေသနလုပ်ဖို့လည်းအချိန်မရှိ၊လေ့လာဖို့လည်းအချိန်မရှိ (ဆေးရုံက အပြန် ဆေးခန်းပြေးနေကြရတာမို့) သုတေသနပညာရှင်ပြင်သစ် ပါမောက္ခ နဲ့ပြောစရာစကား သိပ်ရှိပုံမရပါဘူး။ ဒါကြောင့်ပြင်သစ် ပါမောက္ခက နောက်နေ့ကိုဆေးရုံကိုမသွားချင်ကြောင်း ဆေးသုတေသနကိုသာ လာလို ကြောင်းပြောပါတယ်။ ဦး... က ဒေါ်... မျက်စပစ်လိုက်လို့ ပြင်သစ် ပါမောက္ခဆေးသုတေသနကို သာ လာချင် တယ်လို့ ပြောပါတယ် (ကျမကိုချစ်လို့ စတယ်လို့ပဲ စိတ်ချမ်းသာအောင်ယူဆလိုက်ပါတယ်။)
DG အစည်းအဝေးကပြန်ရောက်တော့ ကျမတို့ကိုခေါ်တွေ့ပါတယ်။ နောက်နေ့ ပြင်သစ် ပါမောက္ခ နဲ့တွေ့ရင် သူ့ဌာနမှာ မြန်မာပညာတော်သင်တွေလက်ခံနိုင် မနိုင်၊တကယ်လို့လက်ခံနိုင်မယ်ဆိုရင် တစ်လ ဘယ်လောက်ပေးရမယ်ဆိုတာ (ပညာတော်သင်တွေနိုင်ငံခြားဓါတ်ခွဲခန်းတွေမှာ သုတေသနလုပ်တဲ့အခါ ကုန်ကျမဲ့ ပစ္စည်းတွေအတွက်လက်ခံတဲ့ ဌာနကို တစ်လ US ဒေါလာ ၃၀၀၀ ပေးရကြောင်း တကယ်လို့သူ့ဌာနက သက်သာရင် သူ့ဌာနကိုပို့မယ်လို့ပြောပါတယ်။ နောက်တစ်ခုက ကျမတင်သွင်းမဲ့ WHO ပညာ သင်ဆုအတွက်သူ့အနေနဲ့ ထောက်ခံပေးနိုင်မပေးနိုင်ကိုလည်းမေးဖို့ပြောပါတယ်။
နောက်နေပြင်သစ် ပါမောက္ခ နဲ့တွေတဲ့အခါ DG မှာထားတာတွေကိုမေးပါတယ်။ သူ့ဌာနမှာပညာသင်တွေ
လက်ခံနိုင်ကြောင်းတစ်ပြားမှပေးစရာမလိုဘူးလို့ပြောပါတယ်။ ကျမကိုထောက်ခံဖို့ကတော့ သူ့အနေနဲ့ကျမအကြောင်းမသိတာမို့ မထောက်ခံနိုင်ဘူးလို့ပြောပါတယ်။ ဒီအချက်ကကျမတို့မြန်မာတွေအတုယူရမဲ့
အချက်ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေက သူတို့မလုပ်နိုင်ရင်မလုပ်နိုင်ဘူး ဖြောင်ပဲပြောပါတယ်။ ကျမတို့က
အားနာတယ်ဆိုပြီး မလုပ်နိုင်ပဲ အင်းလို့ လက်ခံလိုက်တယ်။ နောက် မလုပ်ပေးဘူး။ ဒီတော့ အလကား နေရင်း ကတိပျက်တာ၊လိမ်ပြောတာဖြစ်သွားတယ်။ တစ်ဘက်သားမှာလည်း ရမယ်ထင်ပြီး ကျန်တဲ့ရနိုင်တဲ့
သူဆီက အကူအညီမတောင်းဖြစ်ဘူး၊ သိတဲ့အချိန်ကျတော့ အကူအညီတောင်းဖို့အချိန်မရှိတော့ဘူး။
နှစ်ဦးနှစ်ဘက်လုံး နစ်နာတာမို့ အားနာသင့်မှအားနာသင့်ပါတယ်။ မပေးနိုင်တာ ကိုမပေးနိုင်ဘူးလို့ ယဉ်ယဉ် ကျေးကျေးပြောဖို့လိုတယ်လို့ထင်ပါတယ်။
No comments:
Post a Comment