:include data='blog' name='google-analytics'/>

Tuesday, September 25, 2012

အပြင်လူနာဌာနကလက်ထောက်ဆရာဝန်


စပ်စံထွန်းဆေးရုံကို ရောက်စ ဆရာဝန်သစ်တွေကို ဘယ်ဆရာဝန်မှမလုပ်ချင်တဲ့ ပြင်ပလူနာဌာနမှာ တာဝန်ချထားပါတယ်။ အဲ့ဒီမှာ လက်ထောက်ဆရာဝန် (AS-assistant surgeon) ဆိုတဲ့တာဝန် ထမ်းဆောင်ရပေမဲ့ ကိုယ်ကူညီ (assist) ရမဲ့ ဆရာဝန်ကြီး မရှိ သလို၊ ကိုယ် လက်ထောက်ရမဲ့ ဆရာဝန် ငယ် ဝေးလို့ အလုပ်သင်ဆရာဝန် (House surgeon) တောင်မရှိပါဘူး။ ကိုယ်တစ်ယောက်ထဲ တပင်တိုင် အက ကပြနေ ရပါတယ်။ ဆေးရုံ လာပြတဲ့ လူနာတွေရဲ့ တစ်ဝက်ကျော်က မြန်မာစကားမတတ်တဲ့ ရှမ်း၊ပအို့၊နဲ့တောင်သူတွေဖြစ်ပါတယ်။ ကျမကလည်း တိုင်းရင်းသားစကားမတတ်။ အတူကျတဲ့သူနာပြုက တိုင်းရင်း သားစကားတတ်ရင်တော့ ဟန်ကျ တယ်။ နို့မို့ဆိုရင်တော့ လူနာတစ်ယောက်ကို ၅ ယောက်စာလောက် အချိန်ကုန်တယ်။ ပြင်ပလူနာဌာနမှာက ပုံမှန်အတိုင်း မနက်ပိုင်းကို လူနာ ၅၀-၆၀ လောက်ကြည့်ရ တယ်။ ဈေးနေ့နဲ့ စုံရင် ၈၀-၁၀၀ နား ကပ်သွားပြီ၊ ရာသီအပြောင်း တုတ်ကွေးထချိန်၊ ရင်ကျပ်နာ (asthma) ထချိန်ဆိုရင်တော့ သေပေတော့ ထမင်းစားပိတ်ချိန်အထိ လူနာမဆဲဘူး။ ကျမတို့ အားအင်ကုန် ခမ်းသလို တစ်လစာရတဲ့ ဆေးလည်း တစ်ပတ်၊ ၁၀ ရက်နဲ့ကုန်တယ်။ တကယ့် အရေးကြီးလိုအပ်တဲ့ လူနာ အတွက် ဆေးမကျန်လို့မဖြစ်ဖူး။ ဆေးကလည်း တစ်လစာကုန်ရင် ထပ်မရဘူး။ ကိုယ့် ဘာသာ ကြည့်ရှင်းပဲ။ လူနာ အများစုကလည်း ဆေးထိုးမှ သောက်ဆေးပေးရင် မကြိုက်ဘူး။ သူတို့ ရောဂါ မပျောက်ဖူးလို့ထင်တယ်။ အဲ့ဒီတော့ သူနာပြုဆရာမနဲ့ ကျမနဲ့ အချိတ်အဆက်လုပ်တားရတယ်။ ဥပမာ တကယ်အားနည်းတဲ့ ဗီတာမင်ဆေးထိုးဖို့ လူနာဆိုရင် ကျမက ဆေးစာအုပ်မှာ Injection Burplex  လို့ရေးတဲ့အပြင်              (* star ) ပါထဲ့ရတယ်။ ဆိုလိုတာက Burplex အပြည့်ထိုးပေးဖို့။ (* star ) မပါရင် Burplex  လျော့ထိုးဖို့။ ဘယ်လောက်လျော့ရမလဲဆိုတာကတော့ သူ့မှာလက်ကျန် (Stock) ရှိတဲ့ Burplex  အရည်အတွက်ပေါ် မူတည်ပြီး သူလျော့လိမ့်မယ်။  

Burplex က ဗီတာမင်ဘီမို့ ရောဂါကြောင့်ဖြစ်ဖြစ်၊အစားအသောက်ကြောင့်ဖြစ်ဖြစ်လိုအပ်မှ ထိုး ရတာပါ။ မပြို့ မအံတဲ့သူမှာ ဆေးလုံးသောက်လည်း အတူတူပါပဲ။ ဆေးထိုးမှပျောက်မယ်လို့အဆွဲ ရှိတဲ့ လူနာတွေကို (Psychology) စိတ်ပိုင်းအရထိုးပေးတာပါ။ သောက်ဆေးအနေနဲ့လည်း တစ်ပတ်စာ ပေး လိုက်တာမို့ပျောက်မှာပါ။ Burplex ထိုးဆေးရောသောက်ဆေးရော အ၀ါရောင်ရှိတယ်။ တစ်ချို့လူနာက  အ၀ါရောင်မှတ်ထားတယ်။ ပြီးတော့ Burplex ထိုးဆေးက ဆေးဝင်သွားရင် အသားနာတယ်။ တစ်ချို့လူနာကျတော့ အသား နာတာကိုမှတ်ထားတယ်။

အရောင် မမှတ် ထားတဲ့သူ၊ နာမှန်းဘာမှန်းမသိတဲ့သူ၊ဆေးထိုးရရင်ပြီးရော်ဆိုတဲ့လူနာတွေတော့ အသားမနာတဲ့ B12  ထိုးပေးရတယ်။ တစ်ချို့လူနာကလည်း B12 ထိုးရမှဆိုတဲ့အဆွဲရှိတယ်။ B12 က အနီရောင်၊ အသားလည်းမနာဘူး။  အပြင်လူနာဌာနမှာလာပြတဲ့သူတွေထဲမှာ B12 တကယ်လို အပ် တဲ့ သူမရှိသလောက်ပါပဲ။ မွေးရာပါ B12 ကိုယ်ထဲကိုမစုပ်နိုင်တဲ့သူ (နိုင်ငံခြားမှာရှိပေမဲ့ မြန်မာပြည်မှာတော့ တစ်ယောက်မှ မတွေ့ဖူး သေးဘူး)၊ အစာအိမ်ဖြတ် တောက်ထားထာတဲ့သူ၊ဆီချိုရောဂါဖြစ်တာကြာနေ တဲ့ သူလောက်သာ B12 လိုတာပါ။ ဒါပေမဲ့ဘာကြောင့်မှန်းမသိ မြန်မာပြည်မှာ B12 ဆွဲလမ်းတဲ့သူတွေ တော်တော်များတယ်။ B12 ဆိုလို့ ကျမတို့ ဘက် (Batch) မှာ နဲနဲ ကြောင်နေတဲ့သူတစ်ယောက်ရှိတယ်။ သူက ငါ့ဆီမှာ B12 ကုန်နေတုံး လူနာတစ်ယောက်က B12 ထိုးချင်လို့ဆိုပြီးရောက်လာတယ်။ အဲ့ဒါနဲ့ငါလည်း B6 နှစ်လုံးထိုးပေးလိုက်တယ်တဲ့။ ဘုန်းကြီးရူးနဲ့ လှေလူး ဆိုတာ ဒါမျိုး ထင်တယ်။  B12 က B6 နှစ်လုံးပေါင်းထား တာမဟုတ်ပါဘူး။ ဗီတာမင်တွေကို A, B, C, D, E, F, K ဆိုပြီးသူတို့ရဲ့လုပ်ငန်းနဲ့သဘာဝမတူညီလို့ အက္ခရာခွဲပြီးသတ်မှတ်ထားတာပါ။ B မျိုးမှာမှ မျိုးစိတ် တွေများတာကြောင့် နံပါတ် တွေထပ် တပ်ပြီး B1, B2, …..B12 ရယ်လို့မှဲ့ခေါ်ထားတာပါ။  

ဆေးထိုးရင်အားရှိမယ်၊ကျန်းမာမယ်လို့ဆွဲနေတဲ့ ပအို့ထိုင်းရင်းသားတစ်ယောက် အကြောင်း ပြော ပြရအုံးမယ်။ သူက တောင်ကြီးဈေးထဲက အူချုပ်တဲ့ ချီဝယ်လာပြီး သူ့ကို အားရှိအောင်ထိုးပေး ပါဆိုပြီး ရောက်လာတယ်။ အဲ့ဒီချီက ဖန်ပြွန်ထဲမှာဆေးရည်နဲ့ဆိမ်ထားတာ။ သူ့ကိုလိမ်ရောင်းလိုက်တာ။ ကျမတို့မှာ သူနားလည်းအောင် မနည်းရှင်းရတယ်။ တော်သေးတယ် အဲ့ဒီနေ့က တာဝန်ကျတဲ့ ဆရာမလေးက ပအို့မလေးဖြစ်နေလို့။ ဆေးထိုးဆွဲတာ နဲ့ပတ်သက်ပြီး ကျမအဖွါးအကြောင်းပြောရအုံးမယ်။ အဖွါးက အစာကို လျော့စားတယ်။ ယခုခေတ်မမ တွေလို ယဉ်တစ်ကိုယ်မယ် (slim body) ဖြစ်ချင်လို့မဟုတ်ဘူး။ သူ့ကို အစား မက်တယ်လို့ အပြောခံရမှာစိုးတယ်။ ဖုတ်ဝင်တယ်လို့ထင်မှာလည်းကြောက်တယ်။ ဒါပေမဲ့ အားနည်းမှာလည်းကြောက်တယ်။ သူအားနည်းတယ်လို့ယူဆရင် သူ့ကိုအားဆေး (အကြောဆေး) ထိုး ပေးမှကြိုက်တယ်။ အသားဆေးဆို နာလို့ မကြိုက်ဘူး။ ကျမက အဖွါးလည်းအသက်ကြီးပြီး အန္တရာယ် လည်း မရှိလို့သူစိတ်ချမ်းသာအောင် တစ်လတစ်ခါ အကြောဆေး ထိုးပေးပါတယ်။ ကျမ တောင်ကြီးမြို့မှာ တာဝန်ကျတော့ အဖွါးရဲ့ ကျန်းမာရေးကို ကျမမောင် ဆရာဝန်က ဆက်လက် တာဝန် ယူတယ်။ သူက အဖွါး အစာ စားနိုင်တာပဲ။ ဘာလို့ဆေးထိုးမလဲ။ အစာသာ ၀၀ စားလို့ပြောတယ်တဲ့။ အဖွါးက (ဦးလေးအိမ် မှာနေပါတယ်) သူ့မြည်းကိုပြောမရတော့ သူ့အိမ်နားက ဆေးခန်းမှာသူ့ဘာသာ သွားထိုးတယ်။ ကျမ ရန်ကုန်ပြန်ရောက်တော့ အဖွါးက ပြောတယ်။ နင့်မောင်က ဆရာဝန်သာဖြစ်တယ်။ ဆေး မထိုးတတ် ဘူး တဲ့။ ကဲမှတ်ထား။

         အပြင်လူနာဌာနမှာ ဆေးထိုးချင်တဲ့လူနာတွေရဲ့ပြဿနာအပြင် နောက်ပြဿနာတစ်ခုက လူနာတိုင်း က နားကျပ်နဲ့စမ်းသပ်မှကြိုက်တယ်။ နားကျပ်ဆိုတဲ့အတိုင်း နားအမှေးပါးဆီကို အပြင်အသံ တွေ မ၀င်ပဲ  လူနာ ကိုယ်ထဲက နှလုံးခုန်သံ၊ အဆုတ်ထဲကို လေ၀င်တဲ့အသံတွေကို ကောင်းကောင်း ကြားရအောင် လုပ် ထားတာ။ လူနာ ၂၀ လောက်ကို နားကျပ် နဲ့နားထောင်ပြီးရင် နားတွေကိုနာနေတာပဲ။ လူနာ ၅၀-၁၀၀ သာ နားကျပ်နဲ့ နားထောင်ရလို့ ကတော့ နားကွဲထွက်မယ်။ ဒါပေမဲ့ လူနာအများစုက သဘော မပေါက်ဘူး။ ရှင်းပြလည်းလက်မခံဘူး။ အပြင်လူနာဌာနကိုလာပြတဲ့ လူနာအများစုကလည်း နားကျပ် နဲ့နားထောင်စ ရာ မလိုဘူး။ ဒါပေမဲ့ မကြေနပ်ပဲ ၁၅ပြားတန် (အဲ့ဒီအချိန်ကတန်းဖိုး) တံဆိပ်ခေါင်းနဲ့ တိုင်စာပို့ရင်လည်း အလကားနေရင်းဖြေရှင်းရတဲ့အလုပ်ရှုပ်တဲ့အပြင် မသိတဲ့သူတွေရဲ့အထင်မှားတာခံရအုံးမယ်။ ဒီပြဿနာ ကိုဘယ်လိုဖြေရှင်းရမှန်းမသိဖြစ်နေတုံး ခလေးအထူးကု ကွယ်လွန်သူ ဆရာဦးဝင်းမြင့်ရှေ့မှငြီးငြူမိတယ်။ ဆရာက ဘာမှမပူနဲ့ နားကျပ်ကို နားမှာချိတ်ရုံချိတ်ထား၊ ဘေးလူးက နားကျပ်တပ် ထား တယ်လိုမြင်မယ်။ ဒါပေမဲ့ နားပေါက်ဝမှာ လေလုံအောင် တပ်ထား တာမဟုတ်လို့ နားမနာဘူး။ လူနာလည်း စိတ်ချမ်းသာ။ ကိုယ်လည်းစိတ်ချမ်းသာပေါ့။ အဲ့ဒီလို နားကျပ်နားမှာချိတ်တားပြီး ဟန်မပျက်လူနာ့ ရင်ပတ် ပေါ် ထောက် ပေမဲ့ ဘာသံမှ မကြားရဘူး။ ဒါကြောင့် တစ်ရက်ကြီး တစ် နည်းသာ လို့ပြောတာကိုး။ ကျေးဇူး အထူး တင် ပါတယ် ဆရာ။ တစ်ခါတစ်ခါ အဲ့ဒီလိုထောက်ထားရင် မရီ၊မပြုံးမိအောင် တော်တော် သတိ ထားရတယ်။

         ဆေးရုံတင်ဖို့လိုတဲ့လူနာဆိုရင် ဆေးရုံတင်မှတ်တမ်းမှာ (Admission chart) လူနာရဲ့ ရောဂါ ရာဇ၀င် (History) ဘယ်အချိန်ကစဖြစ်တယ်။ ဘယ်လိုဖြစ်တယ်စသည်၊ စမ်းသပ်တွေ့ရှိချက်၊(Physical findings) ၊ ဖြစ်နိုင်သော ရောဂါ (များ) Diagnosis (Differential Diagnosis) စတာတွေအပြင် လူနာရဲ့ လိုအပ် လျှင် ဆက်သွယ်နိုင်မဲ့နေရပ်လိပ်စာပါရေးပေးရပါတယ်။ တစ်နေ့ ပအို့အမျိုးသားလူနာကို အဖိုး ဘယ်မှာနေသလဲ လို့မေးတော့ အံ့သြတဲ့ မျက်နှာနဲ့ အိမ်မှာနေတယ်လေတဲ့။ ဟုတ်ပေသားပဲ။ ဘယ်သူမှ ဇရပ်မှာမှ မနေတာ။ ဒီမိန်းမ ဆရာဝန်ဖြစ်နေပြီး ဒီလောက်တောင်မသိဘူး။ အင်းဘယ်လိုမေးရပါ့။ ဘယ်ကလာလဲ ဆိုရင် အိမ်ကလာတယ်လို့ထပ်ဖြေရင် အခက်။ အိမ်လိပ်စာလို့ မေးရင်။ ပေါက်ပေါက်ဆုတ်နဲ့ ကဇွန်ရွက်လို့တော့ မဖြေတန်ပါဘူး။ ဒါက နောက်တောက်တောက်လူတွေပဲ ပြောတာပါဆိုပြီး အရဲစွန့်မေးတော့မှ အဖြေမှန် ရပါတော့တယ်။ 

          အခုနှစ်ပေါင်း ၄၀ နီးတာတောင်မှတ်မိနေတဲ့ ပအို့စကားတစ်ခုက ဘိန်းဘိန်း။ ဘိန်းဘိန်းဆိုတာ အိပ်ရာမှာ အိပ်လို့ပြောတာ။ ဘိန်းတစ်အားဆို။ ပက်လက်အိပ်ခိုင်းတာ။ ရန်ကုန်ရောက်တော့ သူငယ်ချင်းတွေကိုပြောပြတော့ ။ လူနောက်တွေက ရူရူ လို့ လိုက်ပြောကြတယ်။

ရှမ်းပြည်မှာတွေ့ဖူးတဲ့ တိုင်းရင်းသားတွေထဲမှာ ကျမအချစ်ဆုံးက ပအို့တွေပဲ။ သူတို့က ခလေးတွေလိုပဲ အရမ်းရိုးသားတယ်။ ပအို့မလေးတွေနဲ့ ခလေးတွေဆို ပါးနီ မဆိုးရပဲ ပါးလေးတွေ နီနေကြတယ်။ အသား တွေဖြူပြီးသဘာဝအတိုင်းလှကြတာ။ ဒါကြောင့် သဘာဝအလှမြင်တတ်တဲ့ သူငယ်ချင်း နှစ်ယောက် ပအို့သူနာပြုနဲ့ ရှမ်းသူနာပြုတွေနဲ့ ဖူးစားဆုံသွားကြတယ်။ နောက်ပြီး ဟုတ်ကဲ့ အစား သြ သြ လို့ထူးတာကိုက တော်တော် နားထောင်လို့ကောင်းတယ်။

 

     
 

 
 
 
 
 




Wednesday, September 19, 2012

ကျနော်တို့ကဦးမောင်မောင်ရဲ့မျိုးပွါးအင်္ဂါတွေပါ။




ဦးမောင်မောင်ကကျနော်တို့ကိုသူ့ရဲ့ယောက်ျားပြီသမှုအတွက်လေးစားပါတယ်။ ဒါပေမဲ့သူကကျနော်တို့ကိုရှက်လည်းရှက်တယ်။ ကျနော်တို့ကို တစ်ခြားသောကိုယ် အင်္ဂါ တွေလိုပဲသူအလေးထားသင့်တယ်။ တကယ်ကပိုတောင်အလေးထားသင့်တယ်။ သဘာဝက ကျနော်တို့ရဲ့အရေးပါမှုကိုသိတယ်။ ဒါကြောင့်ကျနော်တို့ကိုနှစ်ဦးဖန်ဆင်းထားတာပေါ့။ များသောအားဖြင့် ကျန်တဲ့ အင်္ဂါတွေကတစ်ခုဆီသာရှိတယ်။ သူကကျနော်တို့ကို လိင်ကိစ္စ အတွက်သာလိုအပ်တယ်လို့ထင်တယ်။ ကျနော်တို့ကသူ့ကိုယ်ခန္ဓာထဲက ဓါတ်ပစ္စည်းတွေ ကိုပြောင်းလည်းပေးခြင်းဖြင့်သူ့ကို ကောင်ကလေး ကနေယောက်ျားတစ်ယောက် အဖြစ် ပြောင်းပေးတာ။ သူ့ရဲ့အိုဇာတာကောင်းတာ၊ဆိုးတာတွေကလည်း ကျနော်တို့အပေါ်မူတည်တာ။

ကျနော်က သူ့ရဲ့လက်ဝဲမျိုးဥအိမ် (testis or fitting ball) ပါ။ တခြားအင်္ဂါတွေနဲ့ ယှဉ် လျှင် ကျနော်တို့က သားနားတယ်။ တောက်ပတဲ့ ပန်းရောင်သွေးနဲ့ ဘဲဥပုံသဏ္ဍန်ရှိတယ်။ ၄ စင်တီမီတာရှည်ပြီး ၂ စင်တီမီတာကျယ်ပါတယ်။ အလေးချိန်အနေနဲ့ ၄ ဂရမ်ရှိပါတယ်။

ကျနော်တို့မှာတာဝန်နှစ်မျိုး ရှိတယ်။ တစ်ခုက လူသားတွေမွေးထုတ်ဖို့လိုအပ်တဲ့ အဖို မျိုးဥ (sperm­) တွေထုတ်လုပ်တာ ဖြစ်ပြီး၊ နောက်လုပ်ငန်းကတော့ ယောက်ျားပီသစေတဲ့ ယောက်ျားဟောမုန်း (testosterone) ထုတ်လုပ်ခြင်းဖြစ်ပါတယ်။
 
              ယောက်ျားဟောမုန်းက ကြွက်သားတွေ၊အရိုးတွေနဲ့အခြားသော တစ်ရူး (tissues) များ ကို တည်ဆောက်ပေးတယ်။ သူကဦးမောင်မောင်ရဲ့ ကိုယ်ခန္ဓာတည်ဆောက်မှုသာမက စိတ်ပိုင်း ဆိုင်ရာ ကိုပါ ပုံဖေါ်ပေးတယ်။ သူသာမရှိရင် ဦးမောင်မောင်ရဲ့ ကိုယ်ကြီးပျော့ဖတ်ဖတ်နဲ့ အမွေး အမျှင်မရှိ၊ စိတ်ဝင်စားမှု မရှိတဲ့သူ ဖြစ်နေမှာ။

ကျနော်တို့မှာထောင်ပေါင်းများစွာသောအလွန်သေးမျှင်တဲ့ပိုးချည်မျှင်တွေလိုပြွန်လေး တွေ ရှိပါတယ်။ အဲ့ဒီပြွန်တွေက ၃၀-၆၀ စင်တီမီတာရှည်တယ်။ ဦးမောင်မောင်ရဲ့ကိုယ်ထဲမှာ ကျနော်တို့လိုသေးငယ်သိပ်သည်းတဲ့အင်္ဂါတွေကနေ အလွန်အရေးကြီးတဲ့လုပ်ငန်းတွေ လုပ်နိုင် တာအလွန်နည်းမ ယ်ထင်ပါတယ်။ ပြွန်ငယ်လေးတွေကနေပိုမိုကြီးတဲ့ ၆ မီတာရှည် တဲ့ပြွန်ကြီး ထဲရောက်တယ်။ အဲ့ဒီပြွန် တွေထဲမှာ အဖိုမျိုးဥ (sperm­) တွေထုတ်လုပ်ပါတယ်။ တစ်နေ့ကို ကျနော်တို့ အဖိုမျိုးဥ ၅ သန်းအထိ ထုတ်လုပ်တယ်။ တစ်နည်းအားဖြင့် နှစ်လကိုကျနော်တို့ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေကို ထုတ်လုပ်နိုင် တယ်။ ဒါပေမဲ့ အဲ့ဒီများပြားလှတဲ့ အဖိုမျိုးဥတွေ ထဲက ၃ ခုပဲဦးမောင်မောင်ရဲ့သားသမီး ၃ ယောက်ဖြစ် လာတယ်။ ဘာကြောင့် ဒီလောက် တောင်ကွာခြားရတာလဲ။

တစ်ချို့ငါးတွေဟာ အဖိုမျိုးဥတစ်လုံးက အမမျိုးဥနဲ့ပေါင်းမိဖို့အတွက် ပင်လယ်ထဲကို အဖိုမျိုးဥတွေကိုဖြန့်ကြဲ ချကြ တယ်။


ကျနော်တို့မှာပြွန်တွေအပြင် သန်းပေါင်းများစွာသော လေးဒစ်ဆဲလ် (Leydig cells) တွေလည်း ရှိတယ်။ အဲ့ဒီဆဲလ်တွေကနေ ယောက်ျားဟောမုန်း (testosterone) ထုတ် လုပ် တယ်။ အံ့သြဖို့ကောင်း တာက ယောက်ျားဟောမုန်းကိုအမျိုးသမီးတွေမှာလည်းတွေ့ရတယ်။ ဦးမောင်မောင်ရဲ့ ဇနီးဒေါ်မမရဲ့ သွေးထဲမှာ ယောက်ျားဟောမုန်း ဦးမောင်မောင်ရဲ့ ၂၀ ပုံ တစ်ပုံ လောက်ရှိတယ်။ ဒေါ်မမရဲ့ကိုယ်ထဲက ယောက်ျားဟောမုန်းကို  အက်ထရီနယ်ဂလန် (adrenal glands) ခေါ်တဲ့ အကျိတ်တွေကထုတ်တယ်။ သူမရဲ့ကြွက်သားတွေအထွက် (testosterone) ကလုပ်ပေးတယ်။ ဒါပေမဲ့သူတို့လိုတာထက်ပိုများရင်တော့ ဒေါ်မမ ယောက်ျားပုံ ပေါက်လာ မယ်။ နှခမ်းမွေးတွေပေါက်လာမယ်။ မြတ်ဘုရားရဲ့ အလယ်အလတ် ကျင့်စဉ်က လောကုတ္တရာ တရားမှာသာမက အရာရာတိုင်းမှာအရေးကြီးတယ်။ ဘယ်ဟာမှနည်းလည်း မကောင်းဘူး၊ များလည်းမကောင်းဘူး။

ဦးမောင်မောင် သူ့ရဲ့မိခင်ကိုယ်ထဲမှာတုန်းက  ကျနော်တို့ကဦးမောင်မောင်ရဲ့ဗိုလ်ထဲမှာ။ မမွေးခင် ၂ လ လောက်မှာ ကျနော်တို့ အခုနေရာကိုဆင်းလာကြတယ်။ ကျနော်တို့ ဆင်း လာ တဲ့ လမ်းကြောင်းလေး (inguinal canal) ကနောက်ပိုင်းပိတ်သွားတယ်။ ဒါပေမဲ့ တစ်ချို့မှာ ကောင်းကောင်း မပိတ်ဘူး။ အဲ့ဒီအခါ ဟာနီယာ (hernia) ခေါ်တဲ့အူကျရောဂါဖြစ်နိုင်တယ်။ တကယ်လို့ကျနော်တို့အောက်ကို မဆင်းခဲ့ရင် ဦးမောင်မောင်အနေနဲ့သားသမီးမရနိုင်ဘူး။ ဦးမောင်မောင်ရဲ့ကိုယ်အပူချိန်က 98.60F or 37C ရှိတယ်။ အဲ့ဒီအပူချိန်မှာ ကျနော်တို့ ရှင်သန်နိုင်တဲ့ အဖိုမျိုးဥ (sperm­) တွေမထုတ်လုပ်နိုင်ဘူး။ ကျနော်တို့အလုပ် လုပ်ဖို့အတွက် ဦးမောင်မောင်ရဲ့ကိုယ်အပူချိန်ထက် ၃ ဒီဂရီ ဖါရင်ဟိုက်အောက်ရောက်ဖို့လိုပါတယ်။ အဲ့ဒီ အခြေအနေရောက်အောင်ကျနော်တို့မှာအသေးစိတ်စီစဉ်ထားတဲ့ အဲကွန်ဒင်ရှင်းစစ်စတန် (air-conditioning system) ရှိပါတယ်။ ကျနော်တို့ကိုဖုံးအုပ်ထားတဲ့ အိပ်မှာ ချွေးအိပ် တွေ အများကြီး ရှိပါ တယ်။ အဲ့ဒီ ချွေးအိပ် တွေကချွေးထွက်ခြင်းဖြင့်ကျနော်တို့ကိုအေးစေတယ်။ ဒီ့အပြင်ကျနော်တို့ကို ချီ ထားတဲ့ကြိုး (cord) ကအပြင်ရာသီဥတုအေးတဲ့ အခါမှာ တိုသွားပြီး ကျနော်တို့ကိုပူနွေးတဲ့ ကိုယ်ဆီ ကို ဆွဲတင်လိုက်တယ်။ အပြင်ရာသီဥတုပူတဲ့ အခါမှာ တော့ ရှည် သွားပြီးကျနော်တို့ကိုပူနွေးတဲ့ကိုယ်နဲ့ဝေး တဲ့ဆီကိုပို့ပေးလိုက်တယ်။ တကယ်လို့ ဦးမောင်မောင် အပူပိုင်းဒေသတွေကိုသွားရောက်ရင်သူရဲ့ sperm ထုတ်လုပ်မှုကျဆင်းသွား မယ်။ တစ်ခါက ဦးမောင်မောင် နမိုးနီးရာ(pneumonia) ဖြစ်ပြီးတစ်ပတ်လောက် အပြင်း ဖျား ခဲ့တယ်။ အဲ့ဒီ တုန်းကကျနော်တို့ sperm ထုတ်လုပ်မှုရပ်ဆိုင်းခဲ့တဲ့အတွက်သူခေတ္တခဏ မြုံ သွား ခဲ့ တယ်။

ကျနော်တို့ထုတ်တဲ့ sperm တွေကအလွန်ထူးဆန်းတဲ့ဆဲလ်တွေဖြစ်တယ်။ သူတို့က အသေး ဆုံးဆဲလ်တွေဖြစ်ပြီးအလွန်သေးငယ်တဲ့ဖားလောင်းလေးတွေနဲ့တူတယ်။ အမြှီးက ရွေ့ရှား သွားလာဖို့သာဖြစ်ပြီး အရေး ကြီးတာက ဦးခေါင်းပိုင်းဖြစ်တယ်။ နောက်ထူးဆန်းတဲ့ အချက်ကသူတို့မှာ ကျန်တဲ့ ဆဲလ်တွေထက် ခရိုမိုဇုန်း (chromosomes) ခေါ်တဲ့မျိုးရိုးဗီဇ တစ်ဝက်ပဲရှိတယ်။ ကျန်တဲ့ဆဲလ်တွေမှာ (chromosomes) ၄၆ ခုရှိပြီး၊ သူတို့မှာ ၂၃ ခု သာ ရှိတယ်။ ဒါပေမဲ့ အမမျိုးဥ (ovum) မှာရှိတဲ့ chromosomes၂၃ ခုနဲ့ပေါင်းတဲ့အခါ ကျန်တဲ့ဆဲလ်တွေလို (chromosomes) ၄၆ ခုပြန်ဖြစ် သွား တယ်။ ကျနော်တို့ရဲ့ sperm တွေက နှစ်မျိုးရှိတယ်။ တစ်မျိုးကသားယောက်ျားလေးဖြစ်စေတဲ့ ၀ိုင် ခရိုမိုဇုန်း (Y chromosome) ပါပြီး၊ ကျန်တစ်မျိုးက မိန်းခလေး ဖြစ်စေတဲ့ အိစ် ခရိုမိုဇုန်း (x chromosome) ပါတယ်။ ဒေါ်မမရဲ့အမမျိုးဥအိမ်ကတော့ အမမျိုးဥတစ်မျိုးပဲထုတ်တယ်။ ဒါကြောင့်မွေးဖွါးလာမဲ့ ခလေးဟာ သားသား လား၊မီးမီးလားဆိုတာကျနော်တို့ရဲ့အဖိုမျိုးဥပေါ်မှာတည်တယ်။

အဖိုမျိုးဥတွေဟာ တစ်နာရီမှာ ၁၈ စင်တီမီတာကူးခတ်နိုင်တယ်။ သူတို့ ရဲ့သေး ငယ် တဲ့အရွယ်နဲ့တွက်မယ်ဆိုရင်ကြီးမားသောကူးခတ်ခြင်းလို့ပြောရမယ်။ မျှမ်းမျှခြင်းအားဖြင့် ဦးမောင်မောင်အရပ်နဲ့တွက်ရင် ၆၀ ကီလိုမီတာပြေးတာနဲ့ညီမျှတယ်။ ကျနော်တို့ ထုတ်လုပ်ပေး တဲ့ အင်ဇိုင်း (enzyme) ကြောင့် သူတို့တွေ မာကျော် ထူထဲတဲ့ အမမျိုးဥခွံကို ဖေါက်ထွင်း ၀င် ရောက် နိုင်ကြတယ်။ အ

ဖိုမျိုးဥတွေကို အခါအားလျော်စွာအပြင်ကိုထုတ်မပစ်ဖူးဆိုရင် သန်း ပေါင်းများစွာသော အဖိုမျိုးဥတွေပြွန်တွေ ထဲမှာ အိုပြီး သေကုန်ကြမယ်။ မကြာခဏ အပြင်ကို ထုတ်ပစ်မယ်ဆိုရင်လည်း သန်း ပေါင်းများစွာသော အဖိုမျိုးဥတွေ ပြွန်တွေထဲမှာ အရွယ် ရောက် ဖို့အချိန်မရဘူး။ တကယ်လို့တစ်နေ့ကို နှစ်ခါ ၁၀ ရက်ဆက်ပြီး ထုတ်ပစ် မယ်ဆိုရင် အဖိုမျိုးဥတွေအားလုံးကုန်သွားနိုင်တယ်။ ကျနော်တို့က အဲ့ဒီလောက်များများမထုတ်နိုင်ဘူး။ အဖိုမျိုးဥတွေကုန်သွားရင် ပုံမှန်အခြေအနေရောက်ဖို့ ကျနော်တို့ ရက်သတ္တပတ်များစွာအချိန်ယူရမယ်။
 
ဒီအကြောင်းတွေကိုဦးမောင်မောင်တို့ဇနီးမောင်နှံသိထားသင့်တယ်။ နို့မို့ဆို အိမ်ထောင် ပြု ပြီး လပေါင်းများစွာကြာတဲ့အထိသားသမီးမရရင်သူတို့မလိုအပ်ပဲစိတ်ပူကြလိမ့်မယ်။ နှစ် ကိုယ်တူပိုမို ဆက်ဆံ သင့်တယ်လို့အထင်မှားပြီးပြုမူတတ်တယ်။ တကယ်က ခဏအနားပေး ရမှာ။ တစ်ကြိမ်မှာ ဦးမောင်မောင် အနေနဲ့ အဖိုမျိုးဥ သန်း ၆၀၀ အထိထုတ်ပစ်နိုင်တယ်။ ဒါပေမဲ့ သူထုတ်တဲ့ လက်ဘက်ရှည်တစ်ဇွန်း စာ လောက်အရည်ထဲမှာအများဆုံးပါတာက ဦးမောင်မောင်ရဲ့ ပရောစတိတ်လို့ခေါ်တဲ့အကျိတ်(prostrate) နဲ့ ဆဲမီးနယ်ဗက်ဆီကယ် (seminal vesicles) တွေကထုတ်တဲ့အရည်တွေဖြစ်တယ်။ သူတို့က အဖိုမျိုးဥ တွေ အတွက် အစာအဟာရတွေဖြစ်ပြီး အဖိုမျိုးဥတွေအလွယ်တကူကူးနိုင်အောင်လို့ကူညီကြတယ်။ သူတို့မှာ သကြား၊အသားဓါတ်နဲ့သတ္ထုဓါတ်တွေပါတယ်။ ဦးမောင်မောင်အသက် ၁၄ နှစ်အထိကျနော်တို့ က တိတ်တိတ်ဆိတ်ဆိတ်နေနေတြတာ။ ဦးမောင်မောင်ရဲ့ဥဏှောက်မှာရှိတဲ့ ပစ်ကြူတစ်ရီ အကျိတ်  (pituitary gland) ကနေအချက်ပေးမှ ကျနော်တို့ အလုပ် စလုပ်ကြတယ်။

ယောက်ျားဟောမုန်း (testosterone) က လူကောင်ကြီးထွားလာအောင်လုပ်တယ်။
ဦးမောင်မောင်ရဲ့မိဘတွေသတိထားမိတာက ရက်သတ္တပတ်အနည်းငယ် အတွင်းသူတို့ သားရဲ့ ဘောင်ဘီတွေတိုတက်သွားတာပဲ။ တစ်နှစ်အတွင်း ၁၂ စင်တီမီတာမြင့်လာတယ်။ ခလေးဘ၀ က အဆီတွေကြွက်သားတွေအဖြစ်ပြောင်းလဲသွားတယ်။ သူ့အသံတွေ သြလာတယ်။ မျက်နှာ မှာ မုတ်ဆိတ်ကျင်ဆွယ်တွေပေါက်လာတယ်။ အရေပြားမှာရှိတဲ့အဆီတွေအပေါ်မှာလည်း ယောက်ျား ဟောမုန်းတွေကချယ်လှယ်တယ်။ သူတို့သိပ်အားကောင်းရင်မျက်နှာမှာဝက်ခြံတွေ ပေါက်လာတယ်။ ဦးမောင်မောင်ရဲ့ကိုယ်ခန္ဓာပြောင်း လဲသလိုသူ့ရဲ့စိတ်နေစိတ်ထား လည်း ပြောင်း လဲလာတယ်။ သူ့ရဲ့ စရိုက်တွေ၊အမူအကျင့်တွေ လူကြီးတစ်ယောက်လိုဖြစ်လာတယ်။ စိတ်တိုပြီး၊၀ုန်းဒိုင်းကြဲ ဒေါသဖြစ်တာ တွေနည်းလာတယ်။ ပိုပြီးလူကြီးဆန်လာတယ်။ ကျနော် တို့ရဲ့ ယောက်ျားဟောမုန်းက လိင်ကိစ္စမှာ အရေး ပါတယ်ဆိုပေမဲ့အဲ့ဒီကိစ္စတစ်ခုထဲမဟုတ်ဘူး။ သူ့ရဲ့ ခံစားမှု တွေ၊စိတ်ဝင်စားမှုတွေ၊မှာလည်းအရေးပါတယ်။ ကျနော်တို့ ယောက်ျားဟောမုန်း ထုတ်လုပ်မှုကိုရပ်လိုက်မယ်ဆိုရင်ဦးမောင်မောင်ရဲ့ မှတ်ဥဏ်တွေ လျော့ လာမယ်၊ စိတ်တို၊ စိတ်ရှုပ်မှုတွေဖြစ်လာမယ်၊ဗျာများလာမယ်၊ အမျိုးသမီးတွေမီးရပ်ဆုံးချိန်မှာလို ကိုယ်ပူတာ၊ မျက်နှာရှက်သွေးဖြန်းသလိုမျိုးအထိဖြစ်နိုင်တယ်။ သူအသက်၂၅-၃၅ နှစ်မှာကျနော်တို့ ယောက်ျားဟောမုန်းအများဆုံးထုတ်ကြတယ်။ သူအခု ၄၇ နှစ်ရှိပြီဆိုတော့ ကျနော်တို့ ဟောမုန်း ထုတ်လုပ်မှု အရှိန်လျော့ချလာတယ်။ သူအသက် ၆၀ ကျရင် ကျနော်တို့ သူလူပျို ဘော် မ၀င်ခင် အခြေအနေကိုရောက်မယ်။ ဒါပေမဲ့ သူ့ရဲ့နေ့စဉ်စွမ်းဆောင်မှု ဥပမာ သူ့ရဲ့ မုတ်ဆိတ်မွေးတွေ ဆက်လက် ရှင်သန်တာမျိုးစတာတွေအတွက်လိုအပ်တဲ့ဟောမုန်း အရည်အတွက်ကိုတော့ဆက်လက်ထုတ်လုပ်မှာပါ။ သူအသက် ၉၀ ကျရင်ကျနော်တို့ အဖိုမျိုးဥတွေဆက်ထုတ်လုပ်ပါအုံးမယ်။ ဒါပေမဲ့ကိုယ်ဝန်ရနိုင်တဲ့ အထိ တော့ အရည်အတွက် များမှာမဟုတ်တော့ဘူး။

ဟောမုန်းတွေထပ်ဖြည့်ပေးခြင်းအားဖြင့် အိုမင်းလာတဲ့ဦးမောင်မောင်ကိုပြန်လည်နုပျိုအောင်လုပ်နိုင်မလား။ ကံဆိုးစွာ မလုပ်နိုင်ဘူး။

ဦးမောင်မောင်အနေနဲ့တစ်ခြားနည်းတွေနဲ့ရော်လုပ်နိုင်သလား။ သိပ်မရှိပါဘူး။ သူကျန်းမာ နေအောင် လောက်ပဲလုပ်နိုင်ပါတယ်။

အဖိုမျိုးဥများ (sperms)

 
 
 
 
 
အဖိုမျိုးဥတစ်ခုအမမျိုးဥထံသွားနေပုံ။
 
 
 
ဓါတ်ခွဲခန်းတွင်အမမျိုးဥတစ်ခုအတွင်းသို့အဖိုမျိုးဥတစ်ခုထိုးသွင်းနေပုံ။
 

 

J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။

Thursday, September 13, 2012

စားကြမလား


 
တိုကျိုမြို့ မစင်သန့်ရှင်း ရေးဌာနက လူ ၁၃ သန်းကထွက်လာတဲ့ မစင်တွေကို ရှင်းလင်းပေးနေရပါတယ်။ တစ်နေ့ထက် တစ်နေ့ပိုရောက်လာတဲ့ မစင်တွေကို ရှင်းလင်းရာမှာ မနိုင်မနင်းဖြစ်လာပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အကြံ တစ်ခု ရလာပါတယ်။ အဲ့ဒါကတော့ မစင်ကနေ စားလို့ ရမဲ့အသားတွေအဖြစ် ပြောင်းလဲဖို့ပါပဲ။ မစင်မှာ လူ့ကိုယ်ခန္ဓာက မခြေနိုင်တဲ့ အမျှင်ဓါတ်တွေ၊ အူနံရံကထွက်တဲ့ အချွဲတွေ၊ သွေးဥနီအသေတွေက ထွက်တဲ့ ဓါတ်ပစ္စည်းတွေ၊ အစာခြေရည်တွေ၊ ရောဂါပိုးတွေပါ ပါတယ်။ အများဆုံးပါတာက လူတွေရဲ့အာဟာရအတွက်လိုအပ်တဲ့ အသားဓါတ်နဲ့ အဆီဓါတ် တွေပါပဲ။


ပထမဦးဆုံး မစင်မှာရှိတဲ့ ရောဂါပိုးတွေကိုသတ်လိုက်ပါတယ်။ ပြီးတော့ အသားဓါတ်တွေကိုထုတ်ယူပါတယ်။ ပဲကရတဲ့ အသားဓါတ်ကို အရသာ ရှိအောင် ထပ်ထဲ့ပါတယ်။ ပြီးတော့ အသားရဲ့ဖွဲ့စပ်ပုံ (texture) နဲ့တူအောင်လုပ်ပါတယ်။ နောက် အစားအစာတွေအတွက် အရောင်ဆိုးဆေးထဲ့လိုက်တဲ့အခါမှာတော့ တကဲ့ တိရိစ္ဆာန် အသားကဲ့သို့သော အသား (meat) ကိုရပါတယ်။ အဲ့ဒီအသားကို စားကြည့်တဲ့သူတွေက အမဲသားနဲ့ အရသာတူတယ်လို့ပြောပါတယ်။


ဈေးနှုန်းအနေနဲ့လောလောဆယ်မှာတော့ တိရိစ္ဆာန်အသားထက် အဆ ၁၀-၂၀ ပို ဈေးကြီးနေပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ တိရိစ္ဆာန် အသား လောက်သာကုန်ကျမှာ ဖြစ် ပါတယ်။ ဒီ့အပြင် တိရိစ္ဆာန်မွေးမြူခြင်း၊ တိရိစ္ဆာန်သတ်ခြင်း စတဲ့အလုပ်တွေကိုလည်း မလို အပ်တော့တာမို့ အဲ့ဒီအတွက် ကုန်ကျမဲ့စရိတ်တွေနည်းသွားမယ့အပြင် ပတ်ဝန်းကျင် အတွက်လည်း အန္တရာယ်ကင်းမယ်လို့ဆိုပါတယ်။
 
အရေးအကြီးဆုံးအချက်ကတော့ ကမ္ဘာမှာလူဦးရေများလာလို့ အစာရေစာ ရှားပါး မဲ့ဘေးကို ဖြေရှင်းနိုင်ခြင်းပဲဖြစ်ပါတယ်။

ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်တော့ မစင်အသားမှာ အသားဓါတ် ၆၃%၊ ကဆီဓါတ် ၂၅%၊ အဆီ ၃%၊ သတ္ထုဓါတ် ၉%၊ ပါးတာမို့ ကျန်းမာရေးအတွက်ပိုမို ကောင်း တယ်လို့ဆိုပါတယ်။

ဒီတည်ထွင်မှုမှာပြဿနာက မစင်ကရတယ်ဆိုတာနဲ့ စားမဲ့သူ အလွန်နည်းမယ်လို့ပြောပါတယ်။