:include data='blog' name='google-analytics'/>

Sunday, June 23, 2013

ကျမ ဒေါ်မမရဲ့ဘယ်ဘက်ရင်သားပါ။



3 = နို့အိပ်။4= နို့သီးခေါင်း။6= နို့ချောင်း။8= ရင်ပတ်။

ကျမကတော့ ဒေါ်မမကိုယ်မှာ အထင်ရှားဆုံး အမျိုးသမီးအင်္ဂါဖြစ်ပါတယ်။ လူတွေကကျမကို
အလှအပ အင်္ဂါတစ်ခုလို့ပဲထင်ကြပါတယ်။ ကျမက လူတွေထင်ထားတ
ာထက်ပိုပြီးအစွမ်း
ထက်ပါတယ်။ ကျမက ဓါတုဗေဒ ပညာရှင်ပါ။ ကျမက သွေးကနေ နို့ဖြစ် အောင်ပြောင်းပေးနိုင်
တယ်လေ။ ကျမက ဒေါ်မမရဲ့ဘယ်ဘက် ရင်သားပါ။ အမျိုးသမီးအများစုမှာလိုပဲ ကျမက ညာဘက် ရင်သားထက်နဲနဲပိုကြီးပါတယ်။

ရှေးတုံးကတော့ လူသားတွေအသက်ရှင်ဖို့အတွက် ကျမတို့အပေါ်တည်ပါတယ်။ လူတွေသဘာဝအတိုင်းမွေးကြပြီး ခလေးတွေမိခင်နို့ရည်နဲ့ရှင်သန်ကြရတာမဟုတ်လား။ ကျမတို့က အမျိုးသမီးတွေ သားဖွားနိုင်တဲ့ သက်တမ်းတစ်လျောက်လုံး နို့ထုတ်လုပ်နိုင်တယ်။ တခါတလေ နှစ်များစွာပိုပြီးတော့
တောင် နို့ထုတ်နိုင်သေးတယ်။ မိခင်သေဆုံးသွားတဲ့ခလေးတွေကိုနို့တိုက်ဖို့ အခြားနို့ဆို့သားသမီးငယ်
မရှိတဲ့ အမျိုးသမီးရဲ့ရင်သားမှာ ခလေးငယ်ကိုဆို့စေရင် အဲ့ဒီအမျိုးသမီးရဲ့ရင်သားကနေ မကြာခင်
နို့ရည်တွေ သားဖွားထားတဲ့မိခင်လို ထွက်လာပါတယ်။

တကယ်က ကျမတို့ဟာ အထူးစီစဉ်ထားတဲ့ ချွေအိပ်တွေပါ။ ဒေါ်မမမွေးစက ဒေါ်မမရဲ့မိခင် ကိုယ်က
ဟော်မုန်းတွေကြောင့်ကျမတို့ (စုံးမနို့ရည်) ခေါ်တဲ့ နိ့ရည်အနည်းငယ်ထုတ်ကြပါတယ်။ ကျမတို့လိုပဲ ဦးမောင်မောင်ငယ်စဉ်ကလည်း သူ့ရင်သားတွေက စုံးမနို့ရည် အနည်းငယ်ထုတ်ကြပါတယ်။

အဲ့ဒီနောက်ပိုင်းကျမတို့ အိပ်ပျော်နေကြတာ ဒေါ်မမ အသက် ၁၂ နှစ်ရှိမှ သူမရဲ့ မျိုးဥအိမ်က
ထုတ်လိုက်တဲ့ အမျိုးသမီးဟော်မုန်းတွေကြောင့် ကျမတို့တွေကြီးထွားလာတယ်။ ဒေါ်မမရဲ့တစ်ချို့သူငယ်ချင်းတွေဆို ၈  နှစ်လောက်ကထဲက ကြီးထွာလာတယ်။ တစ်ချို့ကြတော့လည်း ၁၈ နှစ်အထိ နောက်ကျတယ်။ ကျမတို့ဆီမှာအဆီတွေရောက်လာတယ်။ အဆီတွေနဲ့ကျမတို့ ကြီးမားလာတယ်။
ကျမရဲ့ နို့သီးခေါင်းလည်း ကြီးလာတယ်။ နို့သီးခေါင်းပတ်လယ်က (alveola) လည်း အရောင် ပိုရင့် လာတယ်။

ကျမရဲ့ နို့ရည်ထုတ်တဲ့ အစိတ် အပိုင်းကပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ ကျမမှာ နို့ထုတ်တဲ့ အကျိတ်
၁၇ ခုရှိတယ်။ တစ်ချို့အမျိုးသမီး တွေမှာပိုရှိတယ်။ တစ်ချို့မှာတော့ လျော့ရှိတယ်။ အကျိတ်တစ်ခုစီက သပျက်သီးခိုင်လိုပါပဲ။

သပျက်သီးတွေကနို့ထုတ်တဲ့အိပ်နဲ့တူတယ်။ ဒါပေမဲ့နို့ကျိတ်တစ်ခိုှင်မှာ နို့အိပ်လေးတွေ သောင်းဂဏန်း
နဲ့ချီရှိတယ်။ နို့ရည်တွေဟာနို့အိပ်တွေကတစ်ဆင့် တဖြည်းဖြည်းကြီးလာတဲ့နို့ပြွန်ချောင်းတွေဆီကတဆင့်
နို့သီးခေါင်းဆီရောက်တယ်။ ကျမရဲ့နို့သီးခေါင်းမှာနို့ကျိတ် ၁၇ခုကလာတဲ့ နို့ပြွန်ချောင်းကြီး ၁၇ခု ရှိတယ်။
ကျမမှာရှိတဲ့အဆီတွေက နုနယ်တဲ့ နို့ကျိတ်တွေ၊နို့ချောင်းတွေမထိခိုက်အောင်ကာကွယ်တဲ့အပြင်၊အပူအအေး ဒါဏ်မှလည်းကာကွယ်ပေးတယ်။ ကျမမှာ အမျှင်တွေလည်းရှိတယ်သူတို့ကနို့ကျိတ်တွေ၊ 
နို့ချောင်းတွေ မပြိုကွဲ အောင်နဲ့ရင်ပတ်မှာတွယ်ကပ်နေအောင်လုပ်ပေးတယ်။ အတွင်း ဘရာဇီရာလို့ပြောရမယ်ထင်တယ်။

ကျမတို့ကို ဟော်မုန်းတွေကထိမ်းချုပ်ထားတယ်။ မီးရပ်မလာခင် ကျမတို့ကြီးလာတယ်။ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာတော့ အချင်းကထုတ်တဲ့ဟော်မုန်းတွေကြောင့် ကျမတို့အလွန့်အလွန်ကြီးလာကြတယ်။ ကျမတို့ရဲ့ နို့အိပ်တွေသာမက သွေးကြော်တွေပါပွါးများလာတယ်။ ကျမတို့ပေါ်က သွေးကြောညိုတွေ
မြင်သာ လာတယ်။ ကျမတို့အလေးချိန်တွေ ၂ဆ ဖြစ်လာတယ်။ ဒေါ်မမသမီးလေးမွှေးမွှေး မွေးတဲ့အချိန်မှာ ဒေါ်မမ ဦးဏှောက်အောက်မှာရှိတဲ့ အကျိတ်ကနေ (prolactin) ခေါ်တဲ့ဟော်မုန်းတစ်ခုထုတ်တယ်။ အဲ့ဒီဟော်မုန်းက ကျမတို့ဆီက နို့ရည်တွေထွက်အောင်လုပ်ပေးတယ်။ ကျမတို့ ခလေးမွေးပြီး ပထမ ၄ ရက်လောက်မှာ ၀ါတာတာ ရေလိုအရည် (colostrum) တွေကိုထုတ်ပေးတယ်။ ဒီအရည်မှာ မွှေးမွှေး အတွက် အာဟာရ ဓါတ်တွေမပါဘူး။ ဒါပေမဲ့သူက မွှေးမွှေးရဲ့အူထဲမှာရှိတဲ့ အမှိုက်တွေကိုရှင်းလင်း ပေး တယ်။ မွေးစခလေးတွေကိုသေစေနိုင်တဲ့ ၀က်သက်ရောဂါ၊ကြက်ညှာချောင်းဆိုးစတဲ့ ရောဂါတွေက ကာကွယ်ပေးမဲ့ သဘာဝပိုးသတ်ဆေးတွေပါတယ်။ (မြန်မာနိုင်ငံမှာ(colostrum) ဟာ ခလေး အတွက် မသင့်တော်ဘူးဆိုပြီးညှစ်ပစ်တတ်တယ်။ အဲ့ဒါအလွန်မှားတဲ့ အယူအဆနဲ့မှာယွင်းတဲ့အကျင့်ဖြစ်ပါတယ်။ စာရေးသူ)
 ၅ ရက်မြောက်တဲ့နေ့မှာတော့ မွှေးမွှေးရဲ့အူလည်း ရှင်းလင်းပြီး အစာတွေချက်နိုင်ပြီးမို့ မွှေးမွှေးအတွက် အာဟာရတွေပြည့်စုံတဲ့နို့ကိုထုတ်လုပ်ပေးပါတယ်။ စောစောပိုင်းမှာကျမနဲ့ ကျမရဲ့အဖေါ်ညာဘက်ရင်သား နှစ်ယောက်ပေါင်းတစ်နေ့ကိုနို့ တစ်လီတာထုတ်ပါတယ်။ အဲ့ဒီလိုထုတ်လုပ်နိုင်ဖို့ ကျမတို့သွေးတွေ အများကြီး လိုပါတယ်။
   သွေးထဲကနေကျမတို့ရဲ့ နို့အိပ်တွေက သကြားဓါတ်တွေစုပ်ယူတယ်။ ပြီးတော့ သွေးသကြားကို မွှေးမွှေးအတွက်သင့်တော်မဲ့ သကြားဖြစ်အောင်ပြောင်းပေးတယ်။ အသားဓါတ်နဲ့အဆီဓါတ်တွေကိုလည်း သကြား ဓါတ်လိုပဲမွှေးမွှေးအတွက်သင့်တော်မဲ့ အသားဓါတ်နဲ့အဆီဓါတ်တွေအဖြစ်ပြောင်းပေးတယ်။ ဒီ့အပြင်
သတ္ထုဓါတ် အထူးသဖြင့် အရိုးတွေကြီးထွာဖို့အတွက် ထုံးဓါတ်နဲ့ဗီတာမင်ဓါတ်တွေကိုလည်း သွေးကစုပ် ယူပြီး၊နို့ထဲကိုထဲ့ပေးကြတယ်။
 
ဒေါ်မမက မွှေးမွှေး နို့ဆို့လို့ ကျမတို့ပုံသဏ္ဍန်တွေပျက်သွားမှာ၊အလှပျက်မှာကြေက်တယ်။ သူမ အခြေအမြစ်မရှိ စိတ်ပူနေတာပါ။ အလျော့အတင်း (elasticity) ရှိတဲ့ ဗယာဇီယာလိုပဲ ကျမတို့မှာ (elasticity) တွေရှိပါတယ်။ မွှေးမွှေးနို့ဆို့လို့ ကျမတို့ပုံသဏ္ဍန်တွေပျက်မသွားနိုင်ပါဘူး။၊ 

နို့သီးခေါင်းမှာလည်းအဆီကျိတ်တွေဖြစ်လာပြီး ၎င်းတို့ကထုတ်ပေးတဲ့အဆီတွေကြောင့် နို့သီးခေါင်း ခြောက်ပြီး ကွဲအက်ခြင်းမှကာကွယ်ပေးပါတယ်။ နို့သီးခေါင်းမှာ နို့သီးခေါင်းကိုထောင်ပေးတဲ့
elastic tissues တွေလည်းရှိပါတယ်။ မွှေးမွှေးနို့ဆို့တဲ့အခါ elastic tissues တွေကနို့သီးခေါင်းကို
မာတောင့်စေခြင်းဖြင့် မွှေးမွှေးနို့ဆို့ရ လွယ်စေပါတယ်။ နို့သီးခေါင်းအောက်မှာရှိတဲ့နို့ချောင်းတွေက
အနည်းငယ် ဖေါင်းနေပြီး ၎င်းတို့ထဲမှာနို့အနည်းငယ်ရှိနေပါတယ်။ ဒါကြောင့် မွှေးမွှေးနို့ဆို့လိုက်တာနဲ့
နို့အနယ်ငယ်ထွက်လာပါတယ်။ ဒါပေမဲ့ ခဏအတွင်းမှာပဲ ဖေါင်နေတဲ့နို့ချောင်းထဲကနို့တွေကုန်သွား
ပါတယ်။ ဒါပေမဲ့ ပူစရာမရှိပါဘူး။ နို့သီးခေါင်းမှာရှိတဲ့ နပ်ကြောတွေကနေ ဥဏှောက်ကို သတင်းပို့လိုက်တာမို့ ၃၀ စက္ကန့်အတွင်း ဥဏှောက်ကနေ (oxytocin) ဆိုတဲ့ ဟော်မုန်းကိုသွေးထဲကို ထုတ်ပေး လိုက်ပါတယ်။ oxytocin ကကျမတို့ရဲ့နို့အိပ်တွေထဲကနေနို့ရည်တွေကိုညှစ်ထုတ်စေပါတယ်။ အဲ့ဒီအချိန်ရောက်ရင်မွှေးမွှေးနို့စုပ်စရာတောင်မလိုတော့ပါဘူး။ နို့ရည်တွေကသူ့ပါးစပ်ထဲရောက်လာတာမို့သောက်လိုက်ရုံပါပဲ။

ကျမတို့ထုတ်တဲ့နို့ရည်က ခလေးတွေအတွက်အထူးထုတ်လုပ်ထားတာမို့ ခလေးများကို မိခင်နို့တိုက်ကျွေးစေချင်ပါတယ်။ နွားနို့တိုက်လို့ရပေမဲ့။ ကျမတို့ထုတ်တဲ့နို့ကိုတော့ ဘယ်လိုမှမီနိုင်ပါဘူး။ နို့တိုက်တဲ့အတွက် မွှေးမွှေးအပြင် ဒေါ်မမကိုလည်းကောင်းကျိုးပြုပါတယ်။ oxytocinက ကိုယ်ဝန် ဆောင်စဉ်ကကြီးထွာသွားတဲ့ သားအိမ်ကိုနဂိုအနေရောက်အောင်ပြုလုပ်ပေးပါတယ်။ ဒါကြောင့် ခလေးနို့ တိုက်တဲ့ အမျိုးသမီးတွေ လေ့ကျင့်ခန်းလုပ်စရာမလိုပဲဗိုလ်ချပ်ရပ်သွားပါတယ်။

ခလေး ၃ ကီလိုလောက်အရွယ်တုံးက သူလိုတဲ့နို့ကိုအလုံအလောက်ထုတ်ပေးပါတယ်။ အဲ့ဒီအတွက် ကျမတို့နှစ်ယောက်ပေါင်းတစ်နေ့ ၁လီတာထုတ်ပါတယ်။ ခလေးကြီးလာတာနဲ့အမျှ ကျမတို့လဲလိုအပ်တဲ့နို့ကိုပိုမိုထုတ်လုပ်ကြတာမို့ တစ်နေ့ကို ၁လီတာခွဲအထိထုတ်ပါတယ်။ နို့မှာပါတဲ့အာဟာရတွေလဲ ခလေးလိုအပ်ချက်အတိုင်းလိုက်ပြောင်းပြီးထုတ်ပါတယ်။ ခလေးကြီးထွာဖို့အတွက်  ထုံးဓါတ်ပိုမိုလိုအပ် တာမို့ နို့မှာထုံးဓါတ်တွေပိုထဲ့ပေးပါတယ်။ တစ်ချို့ဗီတာမင်နဲ့သံဓါတ်ကလွဲရင် ခလေး ၆ လအထိ အပိုအစာ မလိုပဲကျမတို့ နို့နဲ့တင်လုံလောက် အောင်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မွှေးမွှေးနို့မစို့တော့ဘူးဆိုရင် ကျမတို့ရဲ့နို့အိပ်တွေပြန်အိပ်သွားကြတာမို့ကျမလည်းနဂိုအရွယ်ပြန်ရောက်သွားပါတယ်။ ကျမရဲ့ နဂို အလေးချိန်က ၁၇၀ ဂရမ်ရှိပါတယ်။

တစ်ချို့အမျိုးသမီးတွေရဲ့ရင်သားက နဂိုထက်ပိုကြီးပြီးကာရကံရှင်ကမလှဘူးထင်ရင် ကျမတို့ဆီက အဆီတွေ၊အရေပြားတွေကို ခွဲထုတ်ပစ်ပြီး၊ ရင်သားလှလှ အနေတော်လေးဖြစ်အောင်ပြုလုပ်နိုင်ပါတယ်။
အဲတစ်ချို့အမျိုးသမီးတွေကျတော့လည်း သူတို့ရင်သားကသေးနေတယ်၊မလှဘူးထင်တဲ့ အတွက် ကြီးအောင်အရေပြားအောက်မှာ silicone နဲ့လုပ်ထားတဲ့ ပလပ်စတစ်အိပ်တွေထဲ့ပေးကြပါတယ်။ အမျိုး
မကောင်းတဲ့ silicone ထဲ့မိရင်တော့ ရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။

ကျမတို့အတွက် အရေးကြီးတဲ့ပြဿနာက ရင်သားကင်ဆာရောဂါပါ။ အမျိုးသမီးတွေကိုအများဆုံး သတ်နေတဲ့ကင်ဆာပါပဲ။ ဒါပေမဲ့ဒေါ်မမအနေဲ့ ဒီရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ရင်သားကင်ဆာကိုစောစောသိရင် ကင်ဆာဖြစ်နေတဲ့နေရာ၊ဒါမှမဟုတ် ရင်သားတစ်ခုလုံးကို ထုတ်ပစ်နိုင်ပါတယ်။ ရင်သားကင်ဆာ စောစောသိဖို့အတွက် တိုးတက်တဲ့နိုင်ငံတွေမှာ ရင်သား ကင်ဆာဖြစ်တဲ့မိသားစုကအမျိုးသမီးတွေနဲ့ အသက် ၅၀ ကျော်အမျိုးသမီးတွေကို စနစ်တကျ ၂ နှစ်တစ်ကြိမ် ရင်သားကိုအထူးဓါတ်ပုံရိုက်ခြင်း ( mammography) ဖြင့် ကင်ဆာ ဖြစ်ဖြစ်ခြင်း ကိုသိနိုင်ပါတယ်။ ( mammography) မလုပ်နိုင်ရင်လည်းစိတ်မပူပါနဲ့ မိမိရင်သားကို တစ်လတစ်ကြိမ် အိပ်ယာထဲမှာအိပ်နေစဉ်စမ်းသပ်ခြင်းဖြင့်သိနိုင်ပါတယ်။ 




ပထမ ဘယ်ဘက်ပုခုံးအောက်မှာ ခေါင်းအုံးလေးခံလိုက်ပါ။ ပြီးရင် ညာဘက်လက်ဖ၀ါးနဲ့ ဘယ်ဘက်ရင်သားကို အပြားလိုက်စမ်းပါ။ ကျမ မှာအကျိတ်အဖုလေးရှိရင် ရှိမှန်းသိပါလိမ့်မယ်။
ဥပမာ မြေပြင်မှာ ဖိနပ်မပါပဲ လမ်းလျှောက်ထဲ့အခါ ခဲလုံးနင်းမိသလိုမျိုးပေါ့။ ညာဘက်ရင်သား
အတွက်တော့ ညာဘက်ပုခုံးအောက်မှာ ခေါင်းအုံးခံပြီး ဘယ်လက်ဖ၀ါးနဲ့စမ်းသပ်ရပါမယ်။
 


                                           လူဗိုလ်ဟူသည်မှကူးယူပါသည်

အပေါ်မှာပြထားတဲ့ပုံလို ရင်သားကိုလက်ချောင်းတွေနဲ့စမ်းရင်တော့ ရင်သားတစ်ခုလုံးအကျိတ်တွေ
နဲ့ပြည့်နေပါလိမ့်မယ်။ ရင်သားဆိုတာ အထူးတီထွင်ထားတဲ့အကျိတ်ကြီးဆိုတာမမေ့ပါနဲ့။


စမ်းဖို့မမေ့အောင် ပြက္ခဒိန်မှာ ရက်တစ်ရက် (မီးရပ်လာပြီး ၂ ရက်လောက်) သတ်မှတ်ထားပြီး စမ်းတဲ့ အကျင့်လေးလုပ် ရင်ပို ကောင်းပါတယ်။
အကျိတ်တွေ့ရင်လည်းသိပ်စိတ်မပူပါနဲ့ ကင်ဆာမဟုတ်တဲ့အကျိတ်တွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်မဆိုင်းပဲ ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုပါတယ်။

နောက်သတိထားရမဲ့အချက်တွေက နို့သီးခေါင်းပုံစံပြောင်းတာ၊ ရင်သားတစ်နေရာရာချိုင့်ဝင်တာ၊နို့သီးခေါင်းကနေနို့ရည်မဟုတ်တဲ့အရည်တွေထွက်ရင် ဆရာဝန်နဲ့ပြသရပါမယ်။

ကင်ဆာအကျိတ်ဆိုရင်လည်းသိပ်စိတ်ပူဖို့မလိုပါဘူး။ ကင်ဆာအကျိတ်ကရင်သားထဲမှာပဲရှိနေသေးရင်
ရင်သားကိုခွဲထုတ်ခြင်းဖြင့်ကင်ဆာရောဂါမှပျောက်ကင်းအောင်လုပ်နိုင်ပါတယ်။

ယနေ့ခေတ်ဆေးပညာအရ အချို့ရင်သားကင်ဆာဟာမျိုးရိုးဇ (BRCA1 လို့ခေါ်တဲ့ Gene ဗီဇမျိုးတခုဟာ မျိုးရိုးလိုက်ပြီးတော့ ရင်သားနဲ့ သားအိမ်ကင်ဆာဖြစ်ပွား စေပါတယ်) ကြောင့်ဖြစ်တာကြောင့်အဲ့ဒီ မျိုးရိုးဗီဇရှိလား ဆိုတာစမ်းသပ်နိင်ပြီး၊ရှိနေရင် ကင်ဆာမဖြစ်ခင် ကာကွယ်တဲ့သဘောအနေနဲ့ ရင်သားနှစ်ခုလုံးကို ခွဲထုတ်ပြီးရင်သားအတုတပ်ဆင်တာလုပ်နိုင်ပါတယ်။
 
အသက် ၃၇ အရွယ် နာမည်ကျော် ဟောလိဝုဒ်မင်းသမီး၊ လူမှုရေးစံပြစေတနာရှင် အင်ဂျီလီနာဂျိုလီက ရင်သားကင်ဆာ ဖြစ်ဖို့ ၈၇ ရာခိုင်နှုန်း အလားအလာရှိနေတဲ့ (BRCA1 လို့ခေါ်တဲ့ Gene ဗီဇမျိုးရှိနေတဲ့ အတွက် သူမရဲ့ ရင်သား ၁စုံ (၂ ခုစလုံး) ကို ခွဲစိတ်ပြီး ရင်သားအတု တပ်လိုက်ပါတယ်။

မှတ်ချက်။ ရင်သားကင်ဆာဟာအမျိုးသားတွေရဲ့ရင်သားမှာလည်းဖြစ်နိုင်ပါတယ်။ အမျိုးသား ရင်သား ကင်ဆာဟာ ပိုမိုဆိုးတတ်ပါတယ်။ ၎င်းတို့ရဲ့ရင်သားမှာအဆီသိပ်မရှိတာကြောင့်
အောက်က နံရိုးနဲ့အခြားအင်္ဂါများကိုကူးဆက်မြန်စေပါတယ်။ အမျိုးသားတွေမှာဖြစ်မှန်းမသိတာကြောင့် နောက်ကျမှ သိတာလဲအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

 I am Joe`s body ကိုဆီလျော်အောင်ဘာသာပြန်ပါသည်။
 


Tuesday, June 18, 2013

အချိုးခံရတဲ့ဆူး တစ်ချောင်း။


 
 
ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ဆင်ခြေဖုံ စိတ်ငြိမ်အေးချမ်းတဲ့ရပ်ကွက်မှာ ဦးပြဲနဲ့ဒေါ်မာလာတို့နေထိုင်ကြပါတယ်။
၎င်းတို့နှစ်ဦးလုံး ပင်စင်စားများဖြစ်ကြပါတယ်။ လာမဲ့ ဆောင်းရာသီမှာ ယိုဒယားနိုင်ငံဘန်ကောက်မြို့ကို အလည်သွားဖို့စီစဉ်ထားကြပါတယ်။ ဆောင်းရာသီကျောင်းပိတ်ရက်မှာ ခရီးသွားသူများတာကြောင့် ကျောင်းဖွင့်ရက်ကိုစောင့်နေကြပါတယ်။ သူတို့ရဲ့အိမ်ဘေးမှာတော့ လက်ထပ်ပြီးကာစ အသက် ၂၅ နှစ်
သာရှိသေးတဲ့ မောင်မောင်နဲ့ မမတို့ဇနီးမောင်နှံနေကြပါတယ်။ သူတို့မင်္ဂလာဆောင်မှာ ဦးပြဲနဲ့ဒေါ်မာလာတို့ သက်သေ လက်မှတ် ထိုးပေးခဲ့ကြပါသေးတယ်။ မောင်မောင်က ကျောင်းဆရာပါ။ မမကတော့ အပြင် အလုပ်မလုပ်ပါဘူး။

ယခုတစ်လော မောင်မောင်တို့အိမ်က ရန်ဖြစ်သံတွေ၊ ဆူညံ့သံတွေ မကြာခဏကြားနေရပါတယ်။ ဒီနေ့တော့ ဆူညံသံတွေကြားပြီးနောက် မမအိမ်ထဲကထွက်လာပြီးကားမောင်းထွက်သွားတာတွေ့လိုက်ရ ပါတယ်။ မမလက်မှာလည်းသွေးတွေ ပေးနေတာတွေ့ရပါတယ်။

ဘာဖြစ်ကြတာလဲ။ မောင်မောင်က မမကိုရိုက်နှက်လို့လား။ ဦးပြဲအနေနဲ့ ဒီအတိုင်းကြည့်နေလို့ မဖြစ်တော့ ပါဘူး။ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့ ကူညီ ရအောင်မောင်မောင်တို့အိမ်ဖက် ကူးလာခဲ့ပါတယ်။

မောင်မောင် ဘာဖြစ်နေကြလဲ။ မမကိုလည်းကားမောင်းသွားတာတွေ့တယ်။သူ့လက်မှာလည်းသွေးတွေ
ပေနေတယ်။
ဦးပြဲ ဘာမှမဖြစ်ပါဘူး။ မမ သူ့ဘာသာ ဓါးခုတ်ရင်းလက်ထိသွားလို့ ဆေးရုံသွားတာပါ။
ဦးပြဲ မောင်မောင်ပြောတာဘယ်လိုမှ မယုံပါဘူး။ လက်ဓါးထိတာဆိုရင်ဘာလို့ ဒေါ်မာလာဆီမလာတာလဲ။
ဒေါ်မာလာက သူနာပြုဆရာမ ပါ။ ဒါပေမဲ့ ကာယကံရှင်က ငြင်းနေမှတော့ အိမ်ပြန်ရုံပဲရှိတောပေါ့။

အိမ်ရောက်တော့ မမရဲ့လက်ကို ဒေါ်မာလာ ဆေးထဲ့ပေးနေတာတွေ့ပါတယ်။ မမက သူချော်လဲ ကျ တာပါတဲ့။ ဆေးရုံသွားမယ်လုပ်ပြီးမှ မသွားချင်တော့တာနဲ့ ဒေါ်မာလာဆီလာပြတာလို့ဆိုပါတယ်။မမရဲ့ဒါဏ်ရာက ချော်လဲလို့ရတဲ့ ဒါဏ်ရာမဟုတ်ပါဘူး။ တစ်ခုခုနဲ့ရိုက်လို့ရတဲ့ဒါဏ်ရာပါ။ ချော်လဲရင် လက်တွင်မက ကျန်နေရာတွေမှာပါဒါဏ်ရာရှိရမှာပေါ့။ ဆေးရုံကမေးရင် မောင်မောင်ရိုက်တာသိမှာစိုးလို့ မသွားတာလား။ ညာနေတယ်ဆိုတာသိပေမဲ့။ မသိချင်ရောင်ပဲနေလိုက်ကြပါတယ်။

သူတို့အခက်အခဲကို ကူညီနိုင်အောင်လို့ ရင်ဖွင့်ချင် ဖွင့်နိုင်အောင် ညနေစာ အိမ်မှာလာစားဖို့ ထမင်းစာ
ဖိတ်လိုက်ပါတယ်။ ညနေထမင်းစားချိန်မှာ စကားစကြည့်ပေမဲ့ နှစ်ယောက်လုံးက ဘာမှ မဖြစ်ပါဘူး
လို့ တွင်တွင်ငြင်းနေတာမို့ ညစာ စားပွဲမှာ ဘယ်သူမှ စကားဆက်မပြောကြတော့ပဲ မောင်မောင်တို့လင်မယား ကျေးဇူးတင်ပါတယ်ပြောပြီးပြန်သွားကြပါတယ်။

ဒီိမနက်လည်း မောင်မောင်တို့အိမ်က ဆူညံသံတွေကြားရပြန်ပါပြီ။ မကြာခင် မမ အ၀တ်သေတ္တာဆွဲပြီး
ထွက်လာတာတွေ့ရပါတယ်။ ဦးပြဲမနေနိုင်တော့ပါဘူး။ မမ ခင်မြာသနားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့
သူ့ယောက်ျားရဲ့ အရိုက်အနှက်ကိုခံနေရရှာတယ်။ မောင်မောင့်ကိုချစ်တဲ့စိတ်နဲ့ ဘာမှမပြောရှာဘူး။ သူမပြောပေမဲ့ ဦးပြဲတို့ဒီအတိုင်းကြည့်နေလို့မဖြစ်ပါဘူး။ ပုလိပ်ကိုဖုန်းဆက်ပြီး အကြောင်းကြား လိုက် ပါတယ်။ ပုလိပ်များရောက်လာပြီး မောင်မောင့်ကိုဖမ်းသွားကြပါတယ်။ မမကိုတော့ဦးပြဲတို့အိပ်ယာမှာပဲ
အိပ်စေပါတယ်။ မမလည်းစိတ်ချလက်ချ အိပ်နေလိုက်တာ ခလေးတစ်ယောက်လိုပါပဲ။ သနားပါတယ်။ ဦးပြဲတို့သာမရှိရင် သူမခင်မြာ တော်တော်ဒုက္ခရောက်မှာ။ အဆိုးဆုံးအနေနဲ့သေတောင်သေနိုင်တယ်။ ပြင်သစ်မှာ ၃ ရက်မှာ အမျိုးသမီးတစ်ယောက်သူတို့ယောက်ျားတွေရိုက်နှက်လို့သေနေကြတယ် မဟုတ်လား။

အဲ့ဒီညနေမှာ မောင်မောင်ဦးပြဲတို့အိမ်ရောက်လာပါတယ်။ မမက တရားမဆွဲတာကြောင့် ပုလိပ်ကပြန် လွှတ်လိုက်တာပါ။ မောင်မောင်က မမနဲ့ ခဏ နှစ်ယောက်ထဲဆွေးနွေးခွင့်တောင်းပါတယ်။ ဦးပြဲက ၅ မိနစ်ပဲခွင့်ပြုနိုင်မှာဖြစ်ကြောင်း။ မင်း မမ ကိုဒုက္ခပေးဖို့တော့ မကြံနဲ့ ငါတို့အိမ်ပေါ်ထပ်ကနေစောင့်ကြည့် နေမယ်လို့ သတိပေးပြီးတွေ့ခွင့်ပေးလိုက်ပါတယ်။

မကြာပါဘူး အောက်ထပ်က ဆူညံသံတွေကြားတာမို့ ဦးပြဲတို့လင်မယား အောက်ထပ်ကိုအပြေးအလွှား ဆင်းလာကြပါတယ်။ ထင်ထားတာနဲ့တက်တက်ဆင်လွဲကာ မောင်မောင်တစ်ယောက်ကြမ်း ပေါ်မှာ ခေါင်းပေါ်လက်အုပ်ပြီး မမကို မရိုက်ဖို့တောင်ပန်နေပါတယ်။ မမက အားကုန် စီးထားတဲ့ရူးဖိနပ်နဲ့ မောင်မောင့်ကို ပိတ်ပိတ်ကန်နေတာတွေ့ရပါတယ်။

မောင်မောင်ရယ်ဘယ်လိုဖြစ်ရတာလဲ။ ဘာလို့ တို့ကိုမပြောတာလဲ။
ကျနော်ရှက်လို့မပြောတာပါ။ လက်ထပ်ပြီးကတဲက မမတစ်ယောက် ကျနော့်ကိုအကြီးအကျယ်စိတ်မချ
ဖြစ်ပြီး၊ ကျနော့် ကျောင်းက ကျောင်းသူတွေစာမေးဖို့ ဖုန်းဆက်ရင်ဖြစ်ဖြစ်၊ အခြားဆရာမ တစ်ယောက် ယောက်ကအလုပ်နဲ့ပတ်သက်ပြီးဖုန်းဆက်ရင်ဖြစ်ဖြစ် အဲ့ဒီအမျိုးသမီးတွေနဲ့သင်္ကာမကင်းဖြစ်ပြီး ကျနော့်ကို ရိုက်တော့ တာပါပဲ။ အခုဆို တစ်နှစ်နီးပါးရှိပါပြီတဲ့။

ဦးပြဲတို့လင်မယားလည်း မိမိတို့ မောင်မောင့်ကို အထင်မှားခဲ့တာကိုစိတ်မကောင်းဖြစ်မိပြီး စိတ်ပြေ လက်ပျောက် ဘန်ကောက်ကိုအလည်လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မမ အနေနဲ့တော့ စိတ်ရောဂါကု ဆေးရုံမှာ ဆေးကုသဖို့ပို့ပေးလိုက်ပါတယ်။

ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊
ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်.... ဆိုတဲ့စကားလေးက မြန်မာမိန်းခလေးငယ်များကို မိခင်များက
ဒုက္ခပေးနိုင်တဲ့ ယောက်ျားများရဲ့အန္တရာယ်ကို သတိထားရန်ပြောဆိုကြတဲ့စကားဖြစ်ပါတယ်။

စကားပုံကို ဗေါင်ပြန်လှန်တဲ့ အမျိုးသမီးတွေကိုသူရဲကောင်းတွေလို့ ချီးမွမ်းသင့်တယ်လို့ထင်ပါသလား။
မထင်ပါနဲ့  မြတ်ဘုရားက လူအချင်းချင်းနှိပ်စက်ခြင်းကင်းကြဖို့ဆုံးမတော်မူထားတာမမေ့သင့်ပါဘူး။
ဘယ်သူ့ ဘယ်သူမှ မနှိပ်စက် မစော်ကားပဲ ချစ်ချစ်ခင်ခင်နေခြင်းဖြင့်လောကကြီးကိုအလှဆင်ကြပါဆို့။


မှတ်ချက်။
ပြင်သစ်နိုင်ငံမှာယောက်ျားများရဲ့ရိုက်နှက်ခြင်းကြောင့်အမျိုးသမီးတစ်ဦး သုံးရက် မှာတစ်ယောက်နှုန်းနဲ့သေဆုံး နေကြ တယ်လို့သိရပါတယ်။ အနှိက်စက်ခံရပြီးတိုင်းကြားသောအမျိုးသမီးပေါင်း တစ်သန်း ကျော်ရှိပါတယ်။ အမျိုးသမီး ၂ ယောက်မှာ တစ်ယောက် ဟာ၎င်းတို့ရဲ့ ချစ်သူဆိုသူတို့ရဲ့ ရိုက်နှက်မှုကို ခံနေကြရတယ်လို့လည်းသိရပါတယ်။

အမျိုးသမီးတွေရဲ့ရိုက်နှက်နှိပ်စက်ခံရတဲ့ အမျိုးသား သုံးထောင်ခန့်ရှိတယ်လို့လည်းသိရပါတယ်။ အမျိုးသားများက ရှက်ပြီးမတိုင်ကြားကြဖူးလို့သိရပါတယ်။ ဒါကြောင့် အမျိုးသမီးများရဲ့ အနှိပ်စက်ခံ အမျိုးသားများက အစည်းအရုံးတည်ထောင်ထားပြီး (ဖက်ကြောင့်ကျိုးတဲ့ဆူးများ) ကို ကူညီပေး နေကြပါတယ်။

ပြင်သစ် တယ်လီဗင်းရှင်း တကဲ့အဖြစ်အပျက်များအစီအစဉ်မှာ တင်ပြတဲ့ဇတ်လမ်းကို သင့်လျော်အောင် ဘာသာပြန်ပါတယ်။


Thursday, June 13, 2013

ဂျပန်နိုင်ငံရောက်ခဲ့စဉ်က (၂)

     


   ဂျပန်နိုင်ငံ JICA Centre မှာ မနက်စာကိုအလကားကျွေးပါတယ်။ (တကယ်က ပညာတော်သင်တွေကို ပေးတဲ့ထောက်ပံ့ကြေးထဲက မနက်စာအတွက် ရမ် ၅၀၀ နှုတ်ထားတာပါ (အဲ့ဒီအချိန်က ရမ် ၁၆၀ ကို အမေရိကန်တစ်ဒေါ်လာရှိပါတယ်။ မြန်မာတွေစုပြီးတစ်စားပွဲထိုင်လေ့ရှိပါတယ်။ ယိုးဒယား စသည့်နိုင်ငံ တွေကလည်း သူ့အုပ်စုနဲ့သူထိုင်ကြပါတယ်။

      စာပွဲပေါ်မှာသကြား၊ ဆား စသည်တို့ကိုတင်ထားပါတယ်။ main menu ၊juice အသီး၊ tea ၊coffee၊စတာတွေကို မိမိဘန်းနဲ့သွားယူရပါတယ်။ အခန်းထဲမှာ စားပြီးပုဂံများသိမ်းဆည်းရန် waiter အမျိုး သမီး များရှိပါတယ်။
 
               တစ်ရက်မှာ ၃လ ပညာတော်သင်လာတဲ့ ၃ ယောက်အဖွဲ့ရောက်လာပါတယ်။ ထုံစံအတိုင်း မြန်မာတွေ တစ်စားပွဲထဲထိုင်ကြပါတယ်။ သူတို့က ဂျပန်နိုင်ငံအကြောင်းသတင်းအစုံအလင်ရထားပြီး၊ ၃လနဲ့ကားအပြင်၊ဆိုင်ကယ်၊သွတ်တွေပါဝယ်ဖို့အစီအစဉ်ရှိတာမို့ သယ်နိုင်သမျှ မြန်မာပြည်က စားစရာ အစုံအလင်၊ချက်စားဖို့ဆန်ကအစ ပါခဲ့တယ်လို့သိရပါတယ်။ မနက်စာ စားပြီးတော့ သူတို့ထဲက အမျိုး သမီးတစ်ယောက်က စားပွဲ ပေါ်က သကြားတွေ့ကိုစက္ကူနဲ့ထုပ်နေတာတွေ့လိုက်ရပါတယ်။ ဘာလုပ်တာလဲ ဆိုတော့ ညနေဘက်အခန်းမှာစားဖို့တဲ့။

             ဂျပန်နိုင်ငံမှာ အောက်ထစ်စားသုံးပစ္စည်း များဖြစ်တဲ့ သကြား၊ဆား၊ကြက်ဥ၊နိ့စသည်တွေကို လူတိုင်းစားနိုင်အောင် ဈေးပေါ်ပေါ်နဲ့ရောင်းချနိုင်အောင်စီစဉ်ထားပါတယ်။ ဆန်တစ်မျိုးသာ အရေး အကြောင်း ဖြစ်ရင် ဥပမာစစ်ဖြစ်ရင် မငတ်အောင်လို့ ပြည်တွင်ဆန်စိုက်ကြအောင် တင်သွင်းတဲ့ဆန်ထက် ဂျပန်ပြည်ထွက်ဆန်က ဈေးပိုကြီးပါတယ်။
   
        အဲ့ဒီအချိန်က ပညာတော်သင်တစ်ယောက်ကအစာအိမ်ရောဂါရှိလိုနွားနို့သောက်လေ့ရှိပါတယ်။ သူ့ကိုဂျပန်တွေက မြန်မာတွေကနွားနို့ပဲသောက်သလားလို့မေးတယ်တဲ့။ ကျမ မလှချင်ကလည်း မှေးနေတဲ့ မျက်လုံးနဲနဲကျယ်တယ်ထင်ရအောင် လိုင်းနာဆွဲလေ့ရှိတာကို မြန်မာမတွေအားလုံး လိုင်းနားဆွဲသလားလို့အမေးခံခဲ့ရပါတယ်။


        မြန်မာစားပွဲက မြန်မာတွေသကြားခိုးတယ်ဆိုပြီး waiter အမျိုး သမီးတွေရဲ့ မျက်စိထောက် ထောက် ကြည့်တာခံရရင် ဘယ်လောက်ရှက်စရာကောင်းလိုက်မလဲ။ မြန်မာနိုင်ငံကနေပညာတော်သင်သွား ရဖို့ ဆိုတာ တစ်သက်မှာတစ်ခါရခဲလှတဲ့ အခွင့်အရေးမို့ ရတဲ့အခွင့်အရေးကို အလွတ်မခံပဲ ပိုက်ဆံစုတာ လက်ခံနိုင်ပါတယ်။ မိမိအခန်းမှာ ရေသောက်ပြီးစုစု၊ လေရှုပြီးပဲစုစုအကြောင်းမဟုတ်ပါဘူး။ ဒါပေမဲ့
နိုင်ငံတကာအမြင်မှာ မြန်မာလူမျိုးသိက္ခာကျမဲ့အလုပ်မျိုး မလုပ်မိဖို့တော့ဂရုစိုက်ရပါမယ်။ မြန်မာနိုင်ငံမှာ
မောင်မောင်၊မမ မဟုတ်တာလုပ်ရင် မောင်မောင်၊မမ၊ မကောင်းဘူးလို့အပြောခံရပေမဲ့ နိုင်ငံခြားမှာ မောင်မောင်၊မမ မဟုတ်တာလုပ်ရင် မြန်မာတွေမကောင်းဘူးလို့မြင်ပါလိမ့်မယ်။


မိမိနိုင်ငံနဲ့လူမျိုးဂုဏ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

 

Friday, June 7, 2013

ဂျပန်နိုင်ငံရောက်ခဲ့စဉ်က (၁)



JICA (Japanese International Co-operation Agency ) ရဲ့အထောက်အပံ့ဖြင့် ဂျပန်နိုင်ငံကို ၁၉၈၆-၁၉၈၈ ပညာတော်သင်သွားစဉ်က တိုကျိုမြို့ JICA centre မှာ နေရပါတယ်။ JICA centre မှာ ၅၈ နိုင်ငံက JICA အထောက်အပံ့ ဖြင့် လာရောက်သူများလည်းရှိပါတယ်။

              မြန်မာနိုင်ငံမှ ပညာတော်သင်လာသူများမှာ ဌာနစုံကဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ရက်ပိုင်း၊လပိုင်းမှ တစ်နှစ်အထိဖြစ်ပါတယ်။ ကျမအနေနဲ့ ခက်ခဲတဲ့ အနုကြည့် မှန်ဘီး လူး (electron microscope) သုံးပြီးမြန်မာနိုင်ငံ မန္တလေးမြို့မှာဖြစ်ပွါးခဲ့တဲ့ အသဲရောင်အသားဝါရောဂါနဲ့ပတ်သက်ပြီး သုတေသနပြု လုပ် ရမှာဖြစ်တဲ့အတွက် exceptionally ချွင်းချက်အနေနဲ့ ၂ နှစ်နေရမှာဖြစ် ပါတယ်။  ဒါကြောင့်ကျမ ကိုမြန်မာ ပညာသင်တွေက နှစ်ကြီးသမားလို့ (ချစ်စနိုးခေါ်ကြတယ် ထင်ပါတယ်။)

          ညနေဘက်ဆိုရင် သင်းတန်းကပြန်လာကြတဲ့ မြန်မာကျောင်းသားတွေ ကျမအခန်းမှာစုပြီး မြန်မာထမင်းဟင်းခိုးချက်စားကြပါတယ်။ (JICA centre မှာ အခန်းထဲမှာ ချက်ခွင့်မရှိပါဘူး။ အောက်ထပ်မှာ restaurant ရှိပါတယ်။ မီးလောင်မှာကြောက်လို့ထင်ပါတယ်။ မြန်မာအများစုက ကိုယ့်
မြန်မာ ထမင်းဟင်းကိုသာ နုတ်မိန်တာရော၊ ပိုက်ဆံစုချင်တာရောကြောင့်ပါ။ အဲ့ဒီအချိန်က နိုင်ငံခြားမှာ
၃ လတိတိနေထိုင်တဲ့သူ ကားသွင်းခွင့်ရှိပါတယ်။ ၃လနဲ့ ကားသွင်းမယ်ဆိုရင်တော့ ပိုက်ဆံ အသေစုရ ပါမယ်။ (အဲ့ဒီအချိန်က နိင်ငံတကာက restaurant တွေရှိတဲ့ တိုကျိုမြို့မှာ မြန်မာထမင်းဆိုင် တစ်ဆိုင်မှ မရှိပါဘူး။ ယခုတော့ရှိပြီလားမသိပါဘူး။)

           ထမင်းစားရင်း ထွေရာလေးပါးပြောဆိုကြရာက တစ်နေ့မှာ အသစ်ရောက်လာတဲ့ ပညာတော်သင် တစ်ယောက်က သူဒီနေ့သူ့သင်တန်းကိုသွားတာ ၀င်ဖို့တံခါးပေါက်ရှာမတွေ့လို့ပြန်လာခဲ့ရကြောင်းပြော ပါတယ်။ အဲ့ဒီအချိန်ထဲက ဂျပန်နိုငံက အဆောက်အဦးအားလုံးက တံခါးတွေက လူလာရပ်မှ အလိုလိုပွင့်တဲ့
တံခါးတွေဖြစ်တာမို့ သူပွင့်နေတဲ့တံခါးမတွေ့ခဲ့တာပါ။ မြန်မာပြည်မှာတော့ ရန်ကုန်အင်းယားလိပ်ဟော်တည် တစ်ခုမှာပဲရှိသေးတယ်ထင်ပါတယ်။

       ကျမ ငယ်ငယ်တုန်းက မေမေ စာတိုက်ပုံမှာစာထဲ့ဖို့ခိုင်းစဉ်ကလည်း စာတိုက်ပုံမှာ အပေါက်ရှာမရလို့ပြန်လာခဲ့ဘူးပါတယ်။

ကြွားလို၍ရေးခြင်းမဟုတ်ပါ၊အပျင်းပြေဗဟုသုတရစေရန်နှင့် ငါလို၊သူလို လူတွေပဲဟု သိစေရန် ရည်ရွယ်ပါသည်။ ဆက်လက်၍သတိရသည်များကိုရေးပါအုံးမယ်။

Sunday, June 2, 2013

အဖေါ်မွန်နဲ့ချမ်းမြေ့ရိပ်မြုံလေးမှာ။


          
 
 
     ကျမရဲ့စိတ်ချမ်းမြေ့စရာအိမ်ကလေး။ တကယ်က ၁၂ ထပ်ရှိတဲ့တိုက်ရဲ့ ၁၀ ထပ်မှာရှိတဲ့ တိုက်ခန်း လေးပါ။ ဒါပေမဲ့ အဲ့ဒီ တိုက်ခန်းမှာ ကျမ လိုအပ်တာတွေအားလုံးရှိတယ်။ (ကြွားတဲ့စိတ်နဲ့ရေးတာ မဟုတ် ပါဘူး။ ကျမရဲ့ ကံတရားကိုစဉ်းစားမိလို့ ပါ။ ကျမ အလုပ်အကိုင်ရပြီး လှူနိုင်တန်းနိုင်တဲ့အချိန်ကစပြီး တတ်နိုင်သမျှ ၊ လိုအပ်တာမှန်သမျှကို လှူခဲ့ပါတယ်။ စုပေါင်းလှူတဲ့ အခါမျိုးမှာ လိုအပ် နေတဲ့ ပစ္စည်း ဖြစ်ဖြစ်၊ ငွေကြေးဖြစ်ဖြစ် ပြည့်စုံသွားအောင်လှူလေ့ရှိပါတယ်။  အဲ့ဒီအကျိုးတွေ ဒီဘ၀မှာတင် အကျိုးပေး တာလို့ မှတ်ထင်မိပါတယ်။ ကျမ ပြင်သစ်မှာ ၄ နှစ်ခွဲပဲအလုပ် လုပ်နိုင်ခဲ့ပါတယ်။ ပြင်သစ်မှာ လုပ်သက် ၄၀ နှစ်ပြည့်မှ ပင်စင်အပြည့်ရပါတယ်။ အိမ်လခကလည်း အလွန်ဈေးကြီးပါတယ်။ လခရဲ့ သုံးပုံ တစ်ပုံလောက် ပေးရပါတယ်။ ဒါကြောင့် ဒီလို သက်တောင့် သက်သာနဲ့ နေနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ မထင်မှတ်ပဲ ဖြစ်လာခဲ့တယ်။ အခွင့်သာတဲ့ တစ်နေ့ ဒီအကြောင်းတွေ အသေးစိတ်ရေးပါအုံးမယ်)။

တိုက်ရှေ့မှာပန်းခြံအသေး ၂ခုနဲ့ တိုက်နောက်မှာပန်းခြံအကြီးတစ်ခုရှိပါတယ်။ အဲ့ဒီပန်းခြံတွေရဲ့ ပုံတွေလည်းတင်ပါ အုံးမယ်။ တိုက်ရှေ့တဲ့တဲ့မှာ လျှပ်စစ်ရထားရှိပါတယ်။ မြန်မာဟင်းချက်ဖို့အသီးအနှံ့တွေရှိတဲ့ တရုတ်တန်းကို တိုက်ရိုက် ရောက်ပါတယ်။ အောက်ကဓါတ်ပုံ ၄ ပုံက ကျမ အခန်းက ရိုက်ထား တဲ့ပုံတွေပါ။
 
 
 



 
      ကျမရေးချင်တဲ့ ဘာသာရေးနဲ့ ကျန်းမာရေးဆောင်းပါး တွေရေးနိုင်ဖို့ note book, computer, tabalette ,  scan နဲ့ printer ရှိပါတယ်။ internet နဲ့ electricity ၂၄ နာရီရှိတာမို့ နာချင်တဲ့ တရား၊ ဖတ်ချင်တဲ့ တရား အချိန်မရွေးနာနိုင်၊ဖတ်နိုင်ပါတယ်။ အေးအေးဆေးဆေး တရားထိုင်လို့လဲ ရပါတယ်။ တရားစခမ်းဝင်သလို ကျင့်ချင်လည်း ရပါတယ်။ မြန်မာပြည်က ပင့်လာတဲ့ သနက္ခန်နဲ့ ပူဇော်ထားတဲ့ သပ္ပါယ်တော် မူတဲ့မြတ်ဘုရား အပြင် ရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောဂ္ဂလာန်တို့ရဲ့ဓါတ်တော် တွေလည်း မြတ်ဘုရားရဲ့ လက်ယာ၊လက်ဝဲ၊မှာအပူဇော်ခံလျက်ရှိပါတယ်။ up to date သတင်းတွေနဲ့ပြင်သစ်စကား
နဲ့ယဉ်ကျေးမှုလေ့လာဖို့  TV  လည်းရှိပါတယ်။ ကျမက ငယ်ငယ် ထဲက မျက်စိအားနည်းလို့ ဇက်ကြော ညောင်းတတ် ကိုက်တတ်ပါတယ် အဲ့ဒီအတွက် မြန်မာပြည်က ယူလာတဲ့ အနှိပ်သယ်ဖုလည်းရှိပါတယ်။ လျှပ်စစ် အနှိပ်သယ် စက်လည်းရှိပါတယ်။ အခန်းထဲမှာ အပူပေးဖို့ central heater ရှိတဲ့အပြင် အိပ်ရာ အောက်မှာ ခင်းထားတဲ့ လျှပ်စစ်ဖျာ လည်း ရှိပါတယ်။ ပူတဲ့အခါ မှို့ရာပေါ်ခင်းဖို့ မြန်မာနိုင်ငံကသယ်လာတဲ့ နှစ်ဖက်ချော် သင်းဖြူဖျာလည်းရှိပါတယ်။ အသက်ကြီး လာတော့ အပူရော အအေးဒါဏ် ရောသိပ်မခံနိုင် တော့ပါဘူး။





 

 
 
 


 
 
 
 

 
 
 
  

ဒါကတော့ ထမင်းချက်ခန်း။ လျှပ်စစ် ရေနွေးအိုး၊ ပေါင်မုန့်ကင်စက်၊ ဓါတ်ငွေ့နဲ့ချက်တဲ့ မီးဖို ၄ခု၊ ရေခဲသေတ္တာ၊ ပုဂံဆေးစက်၊ အ၀တ်လျော်စက်၊ မြန်မာပြည်ကယူလာတဲ့အစာတွေ ၁၃ ကီလိုအထိ အကြာကြီးသိမ်းထားနိုင်တဲ့ ရေခဲသေတ္တာ Freezer လည်းရှိပါတယ်။


 
ရေချိုးခန်းကတော့ အနောက်နိုင်ငံ သုံးရေကန်၊ ဒါပေမဲ့ မြန်မာပီပီ ရေကန်ထဲဝင်ရေစိမ်မချိုးပါဘူး။ မြန်မာလိုပဲချိုး ပါတယ်။ အိမ်သာကလည်း ကမုတ်ပါ။ အသက်ကြီးလာတဲ့ ကျမအတွက် အလွန် ကောင်း ပါတယ်။ မကြာခင် ဒူးတွေ နာလာပြီး၊ မကွေးနိုင်မဆန့်နိုင်ဖြစ်တော့မှာပါ။ ရေနွေး၊ရေအေး လည်း အမြဲရ ပါတယ်။

 

ဒါကတော့ အ၀င်အ၀က အပြင်ဝတ် ကုတ်နဲ့ မာဖလာချိတ် ထားတဲ့တံခါးပေါက်ပါ။




ဖိနပ်တွေထဲ့တဲ့ ဘီဒိုပါ။

 

ကျမ အိမ်မှာ ကျမ အလွန်စိတ်ချမ်းသာပါတယ်။ ကျန်းမာရေးအတွက် တစ်ပတ်နှစ်ခါ aqua gym ခေါ်တဲ့ ရေထဲမှာ အားကစားလုပ်တာ အတွက် သွားတာရယ်၊ စားစရာအတွက် ဈေးဝယ်ထွက်တာ၊ ပြင်သစ် ကျောင်း တစ်ပတ် သုံးခါသွားတာက လွဲရင် ကျမ အခန်းမှာပဲကျမ နေတာများပါတယ်။ အလွန်ခင်တဲ့ မိသားစု နှစ်ဦးကလွဲရင် ဒီပြင်သူတွေနဲ့ အဆက်အသွယ်နည်းပါတယ်။  တစ်ချို့က အထူးသဖြင့် ပြင်သစ်တွေက တစ်ယောက်ထဲနေတာမပျင်းဖူး လားတဲ့။ ကျမ မှာပျင်းဖို့အချိန်မရှိပါဘူး။ ကျမ ဘ၀ အတွက် အဖေါ်ကောင်းရှိနေတာသူတို့မှမသိပဲ။ အဲ့ဒါက တရား အဖေါ်ပဲ။ ဒီပြင် လူအဖေါ်၊ ပစ္စည်းအဖေါ်
ဆိုတာ အမြဲကိုယ့်အနားမှာမရှိနိုင်ဘူး။ တရားက သစ္စာရှိတယ်။ လုပ်ရင်လုပ် သလောက် ကိုယ့်အနားမှာ နေတယ်။ တရားအဖေါ်က ဒီဘ၀တွင်မက သံသရာတစ်လျောက်လုံး ကိုယ့်အဖေါ်အဖြစ် အမြဲရှိနေနိုင်တာ။ အဲ့ဒီလိုဖြစ်အောင်တရားနဲ့အလွန်ရင်းနှီးပြီးကိုယ့်ကို ခွဲမသွား အောင်တော့ လုပ်ထား ရမှာပေါ့။ 
 
       ကံကောင်းထောက်မစွာ ပင်စင်ယူပြီးနောက် ကျန်းမာနေတုံး အကျိုးရှိအောင်ကျမ ဘာလုပ် သင့် သလဲ။ ကိုယ့်အတွက် လောကီအကျိုး မလိုတော့ပါဘူး။ ဒီဘ၀ အတွက် ကျမ အတတ်နိုင်ဆုံး လုပ်ပြီး ပါပြီ။ သံသရာအတွက်ပြင်ဆင်ဖို့နဲ့ အများအတွက် ကျမ တတ်နိုင်တဲ့ လောကီ၊ လောကုတ္တရာ ဗဟုသုတလေး တွေပေးရင်းကျမရဲ့တတိယအရွယ်ကို အဖိုးတန်စွာကုန်ဆုံးဖို့ ဆုံးဖြတ်ထားပါတယ်။