:include data='blog' name='google-analytics'/>

Tuesday, May 28, 2013

ငါသိ ငါတတ်။




ကျမ ၈ တန်းနှစ်မှာ သိပ္ပံတွဲယူတာမို့ (အများယူလို့လိုက်ယူတာပါ။ သိပ္ပံတွဲဆိုတာဘာမှန်းမသိခဲ့ပါဘူး။) ဓါတုဗေဒနဲ့ ရူပဗေဒပညာတွေစသင်ရပါတယ်။ ရူပဗေဒပညာမှာ အရာဝတ္ထုတွေဟာ အပူချိန်များရင် ပွလာပြီး၊အပူချိန်အေးတဲ့အခါကြုံ့သွားကြကြောင်း စသဖြင့်သင်ရပါတယ်။ အငယ်တန်း တွေမှာ မသင်ခဲ့ရတဲ့ အသစ်အဆန်းတွေသင်ရလို့ ကျမအလွန်စိတ်ဝင်စားပါတယ်။

     မိုးတွင်း တစ်နေ့ မိုးတွေရွာလို့ ပြူးတင်ပေါက်တွေလှမ်းပိတ်နေရာက မေမေက မိုးတွင်ရောက်ရင် တံခါးတွေက ကြပ်ပြီး  ပိတ်ရတာသိပ်ခက်တာပဲလို့ငြီးပါတယ်။ ကျမ စဉ်းစားမိတာက မိုးတွင်း ရာသီဥတု အေးတဲ့အချိန်မှာ ရူပသိပ္ပံသဘောအရ  ပြူးတင်ပေါက်တွေ ကြုံမှာမို့ ပိတ်လို့ပိုလွယ်ရမယ်။ နွေလို ပူပြင်း တဲ့ရာသီမှာ ပြူးတင်ပေါက်တွေ အပူကြောင့်ပွမှာမို့ တံခါးပိတ်ရတာ ပိုခက် ရမယ်။ မေမေပြောတာ ပြောင်းပြန်ဖြစ်နေတယ်လို့ယူဆတာမို့ ကျမရဲ့ သိပ္ပံပညာသဘောတွေကို ကျောင်းမနေခဲ့ရတဲ့ မေမေ့ကို ရှင်းပြပါတယ်။ မေမေက နင့်သိပ္ပံ ပညာခဏထား လက်တွေ့အရ မိုးတွင်းမှာ ရာသီဥတုအေးလို့ တံခါးတွေ ကြုံ့တာက တော်တော် မိုးရေတွေတံခါးတွေထဲဝင်ပြီး ရေတွေနဲ့ပွနေလို့ မိုးတွင်းမှာ တံခါးပိတ်ရ ခက် ကြောင်း။ နွေမှာတော့ ရာသီဥတုခြောက်သွေ့တာကြောင့် တံခါးတွေပိတ်ရဖွင့် ရ လွယ် ကြောင်း လက်တွေ့ရော်၊ အကြောင်းအကျိုးပါရှင်းပြပါတယ်။ စာတွေ့သာရှိတဲ့ ကျမ လက်မြှောက် အရှုံး ပေးလိုက်ရ ပါတယ်။

       တစ်မိုးကုန်လို့ တစ်နွေထပ်ရောက်ပြန်တော့ မေမေတစ်ယောက်သနပ်ခါးလိမ်းနေရာက နွေဆိုရင်
သနပ်ခါးခြောက်ခဲကြောင်း ရပ်တောင်ခပ်နေရာကငြီးသံကြားလိုက်ရပါတယ်။ ဒီတခါတော့ ကျမ နိုင်မယ်လို့
ဝမ်းသာအားရနဲ့ မေမေ့ဆီသွားပြီး မေမေကလည်းနွေ ပူတဲ့ရာသီမှာ သနပ်ခါးအခြောက်မြန်ရမှာပေါ့လို့ ဆရာသွားလုပ်ပါတယ်။ မေမေပြန်ဖြေလိုက်တာကတော့ နွေမှာ ကိုယ်ကချွေးထွက်တာမို့သနပ်ခါး မခြောက်ကြောင်း လက်တွေ့ပြလိုက်ပါတယ်။ ကျမ သိပ္ပံပညာရှင်ကြီးလည်း ခွေးအကြီး လှည့်နင်းသလို
ဖြစ်နေရုံကလွဲပြီးဘာမှ အတွန့်မတတ်နိုင်တော့ပါဘူး။

          ဒီအကြောင်းတွေ အဖေ့ကိုပြောပြတော့ အဖေက သမီးလိုပဲ ကျောင်းဆင်းခါစ ဆောက်လုပ်ရေး ကျောင်းသားတွေကြောင့် တံတားဆောက်တဲ့ လက်သမားတွေကို သစ်တွေခိုးတယ်ဆိုပြီး အတိုင်းခံ ခဲ့ရ ဘူးတယ်တဲ့။ ကျောင်းသားတွေက သစ်ဘယ်လောက် ကုန်မလဲဆိုတာကိုတွက်ချက်ထားတာနဲ့ တကယ် ကုန်တာက အများကြီးဖြစ်နေတယ်တဲ့။ ဒါကြောင့် လက်သမားတွေ သစ်တွေအလွဲသုံးစား လုပ်တယ် ဆိုပြီးတိုင်တာတဲ့။ အထက်လူကြီးတွေ ကွင်းဆင်း စစ်ဆေးတော့ သစ်ချောင်းတွေက ပိတ်စတွေလို တစ်ဆက်ထဲ အရှည် လိုက် ရှိတာမဟုတ်လို့ ၊လိုအပ်တဲ့အရှည်အတိုင်း ဖြတ်လိုက် တဲ့အခါ သစ် အစ ပိုင်းတွေကျန်ရစ်တယ်။ အဲ့ဒါကို ကျောင်းသား တွေက ထဲ့မတွက်မိကြလို့ တွက်တာနဲ့ တကယ်ကုန်တာ မကိုက်ဖြစ်ရတာတဲ့။

       ဒီလို သာမန်ကိစ္စတွေမှာတောင် စာတွေ့နဲ့တင် မလုံလောက်ပဲ လက်တွေ့ ပါ ပါမှသာ အမှန်သိမှာဖြစ် တယ်ဆိုရင်။ သံသရာကလွတ်မြောက်စေမဲ့ လောကသစ္စာတရားအမှန်ကိုသိဖို့အတွက် စာတွေ့ဖြစ်တဲ့ ဘာသာရေးစာပေတွေဖတ်ခြင်း၊တရားနာခြင်းများသာပြုလုပ်ထားတဲ့ သုတမယဥာဏ်သာရှိတဲ့သူတွေ        ၀ိပဿနာဘာဝနာ ခေါ်တဲ့ လက်တွေ့အလုပ် မလုပ်ကြရင်တော့ သူမှန်တယ် ငါမှန်တယ်ငြင်းနေကြ ရမှာပဲလို့ သဘောပေါက်မိပါတော့တယ်။





Thursday, May 23, 2013

ဘယ်ပန်းသာလို့ ယဉ်




muguet ပန်း
 
ပြင်သစ်နိုင်ငံမှာ မေလ တစ်ရက်နေ့ ရုံးပိတ်ရက်ရောက်တိုင်း လမ်းပေါ်မှာ muguet ပန်းဆိုင်တွေ လမ်းဘေးပလက်ဖေါင်းပေါ်မှာ မှိုတွေလိုအလှိုလှို ပေါ်လာကြတယ်။ ပြင်သစ်ဓလေ့အရ muguet
ပန်းဟာ လဒ်ကောင်းတယ်လို့ယူဆတာကြောင့် မိမိအတွက်ရော် မိတ်ဆွေတွေကိုပါလက်ဆောင်ပေး
ဖို့ဝယ်ကြတယ်။ ကျမကတော့ သဇင်ပန်းမရှိတဲ့အရပ်မှာ သဇင်လို သစ်ခွမျိုးချင်းတူတာရယ်၊တစ်နှစ်တခါ
ပွင့်တာရယ်၊ အဖြူရောင်ချင်း၊အခက်နေပုံချင်းတူတဲ့အပြင် ရနံ့ကလည်းဆင်ဆင်တူနေတာကြောင့်
သဇင်အစားဘုရားကပ်ဖို့ဝယ်လေ့ရှိပါတယ်။
 
မြန်မာနိုင်ငံမှာတုန်းက ဆောင်းရောက်ရင် မင်္ဂလာဆောင်တွေ၊ ဘွဲ့ယူပွဲတွေနဲ့အတူပွင့်ဖူးလာတဲ့ သဇင်ပန်း ဟာ ပန်းတွေထဲမှာ ဈေးအကြီး ဆုံးပဲ။ မေမေက ဈေးကြီးပေမဲ့ တစ်နှစ်တခါပွင့်တဲ့ ပန်းမို့ အနည်းဆုံး တစ်ခါတော့ ဘုရားပန်းတင်လေ့ရှိပါတယ်။ ကျမက မေမေစွန့်ပစ်တဲ့ သဇင်ပန်းတွေ ထဲက နဲနဲ လတ် နေတဲ့အခက်တွေကိုယူပန်လေ့ရှိပါတယ်။ မှတ်မှတ်ရရ ကျမ ဘွဲ့ယူတဲ့နေ့ကတော့ တစ်သက်တစ်ခါ ယူရတာဆိုပြီး သဇင်ပန်းတွေဝေနေအောင် ၀ယ်ပန်းခဲ့တယ်။

ကျမမှာ ညီမ နှစ်ယောက်ရှိပါတယ်။ ကျမတို့ ညီအမ ငယ်ငယ်က ဘာရယ်မဟုတ် တခါတလေ ကိုယ့်အကြိုက်ဆုံးတွေမေးလေ့ရှိပါတယ်။

ညီမ အကြီးကို ဘယ်ပန်းအကြိုက်ဆုံးလဲလို့ မေးတော့ ခရေပန်းကို အကြိုက်ဆုံးလိုဖြေ တယ်။ မေမေကခရေပန်းအနှံ့ကိုအလွန်နှစ်သက်တယ်။ စပါယ်ပန်းထက် ခရေပန်းကုန်းကို
ပန်လေ့ ရှိပါတယ်။ အဖေကလည်း ခရေပန်းတွေ့ရင် မေမေ့အတွက်ဝယ်လာလေ့ရှိတယ်။
ညီမ အကြီးက မေမေ့ကိုအလွန်ချစ်တယ်။ အဲ့ဒါကြောင့်ပဲ ညီမအကြီးက ခရေပန်းကို ကြိုက်တာလား တော့မသိပါဘူး။

ညီမအငယ်ကတော့ ဈေးပေါ်တဲ့၊ မြေပေါ်ကြွေကျတဲ့ ခရေပန်းမကြိုက် ဘူးတဲ့။ ဈေးအကြီးဆုံးနဲ့၊ သစ်ပင်ထိပ်ဖျားမှာပွင့်တဲ့ သဇင်းပန်းပဲကြိုက်တယ်တဲ့။

ကျမကတော့ ပန်းဆိုရင်လှတာ ရော် မလှတာရော်အကုန်ကြိုက်တယ်။ မွှေးတဲ့ပန်းကိုတော့ပိုကြိုက်
တယ်။ ဒါကြောင့် မွှေးလည်းမွှေး လှလည်းလှတဲ့ စပါယ်နဲ့နှင်းဆီကိုအကြိုက်ဆုံးပဲ။
(ကျမငယ်ငယ်က ပန်းတွေ့တိုင်း မွှေးလေ့ရှိလို့ မေမေက ဘုရားတင်မဲ့ပန်းဆို ငရဲကြီးမယ် မမွှေးရဘူး။  ဒီပြင်ပန်းတွေလည်း မမွှေးရဘူးနှခေါင်းပုပ်တဲ့ ဒိတ်ခတ်နာဖြစ်မယ်တဲ့။ ကြီးလာမှ တစ်ချို့ပန်းတွေက အဆိပ်ပြင်းလို့ မွှေးရုံနဲ့ အဆိပ်သင့်နိုင်သလို၊ ပန်းဝတ်မှုံကိုမတဲ့တာကြောင့်ဖြစ်တဲ့ (allergy to pollen) ရောဂါတွေလည်းဖြစ်နိုင်တာကိုသိရတယ်။ ကံကောင်းထောက်မစွာ အမျှော်အမြင်ကြီးတဲ့မေမေရဲ့ သမီးဖြစ်ရလို့)

ကျမ ၈တန်းနှစ်က သင်္ချာသင်တဲ့ဆရာဦးဘကျင်က သင်္ချာသင်္ခန်းစာတွေပြီးရင်မှတ်သားစရာ ဒဿနတွေ
ပြောပြလေ့ရှိတယ်။ ဆရာက မိန်းခလေးဆိုတာ ပန်းနဲ့တူတယ်တဲ့။ ပန်းရဲ့အလှက မိန်းခလေးတွေရဲ့အလှ။
ပန်းရဲ့အနံ့ကမိန်းခလေးတွေရဲ့အကျင့်နဲ့တူတယ်။
ဒါကြောင့် ပန်းတွေထဲမှာ အဆင်းရော်၊အချင်းပါရှိတဲ့ စပါယ်၊နှင်းဆီ၊သဇင်ပန်းတွေကို လူတွေက မြတ်နိုးကြတာ။ ဒါပေမဲ့ အဲ့ဒါတွေကို မတရားအသုံးပြုမဲ့သူတွေရဲ့ရန်က ကာကွယ်နိုင်တဲ အရည်အချင်း တွေရှိဖို့လဲလိုတယ်တဲ့။ အဲ့ဒီလိုပဲ မိန်းခလေးတွေဟာ စပါယ်လို၊သဇင်ပန်းလို့ မကျင့်ပဲနှင်းဆီလို ကျင့်ရမယ် လို့ ပြောပါတယ်။
စပါယ်ပန်းကိုအလွယ်တကူခူးယူနိုင်တယ်။ ဒါကြောင့် သိပ်တန်းဘိုးမထားပဲ လွယ်ကူလို့ခူးတာ မျိုး ခံရတတ်တယ်တဲ့။
သဇင်ပန်းကိုတော့ အလွယ်တကူမခူးနိုင်ဘူး။ ဒါပေမဲ့သူက သစ်ပင်ပေါ်မှီနေရတယ်။ သစ်ပင်ကြီးပြိုလဲ
သွားရင်သူလဲသေရတာပဲ။ ဒီလိုပဲ တစ်ချို့မိန်းခလေးတွေမှာ ကိုယ်တိုင်ရပ်တည်နိုင်တဲ့ အရည်အချင်း မရှိဘူး။ မိဘ၊မောင်ဘွား၊လင်သားပေါ်မှာလုံးဝမှီခိုနေကြတယ်။ သူတို့မှီခိုစရာမရှိတော့ရင် ဘ၀ပျက် တော့တာပဲတဲ့။
နှင်းဆီပန်းကတော့ အဆင်းရော်အချင်းပါပြည့်စုံတဲ့အပြင် အလွယ်တကူခူးလို့မရအောင်ဆူးတွေနဲ့ကာကွယ်ထားတဲ့အပြင် မိမိခြေထောက်ပေါ်မှာမိမိဘာသာရပ်တည်နိုင်တယ်တဲ့ ဒါကြောင့် သမီးတို့တွေလည်းနှင်းဆီပန်းတွေလိုဖြစ်အောင်ကြိုးစားကြပါလို့ ဆုံးမခဲ့တယ်။ ကျမ အလွန်ကံကောင်းပါတယ်။
အမျှော်အမြင်ကြီးတဲ့ မိဘအပြင်  အမျှော်အမြင်ကြီးတဲ့ဆရာသမားနဲ့လည်းတွေ့ခဲ့ရတယ်။

မြန်မာမလေးတွေအားလုံး အဆင်းေ၇ာ်အချင်းပါပြည့်စုံပြီး မိမိခြေထောက်ပေါ်ရပ်တည်နိုင်တဲ့နှင်းဆီပန်း ကလေးတွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။


Friday, May 17, 2013

ငှက်ပျော်ပင်တစ်ပင်လောက်မှအသုံးဝင်ရဲ့လား။



ငှက်ပျော်ပင် ဆိုတာ မြန်မာပြည်လိုနေရာမျိုးမှာ အလွယ်တကူပေါက်ရောက်တာမို့ မမြင်ဘူးသူ အလွန်ရှားပါလိမ့်မယ်။ ငှက်ပျော်သီးကို ခလေး၊လူငယ်ကအစ လူကြီးသူမ အဆုံး၊ရဟန်းရှင်များ
အပါအ၀င် လူအမျိုးမျိုး ဘာသာဝင်အမျိုးမျိုး အလွယ်တကူစားသုံးနိုင်တဲ့ ကျန်းမာရေးအတွက်
အထောက်အကူပြုတဲ့ အသီးအနှံ့ဖြစ်ပါတယ်။ ကျမရဲ့မိတ်ဆွေ မူဆလင်ဘာသာဝင် (မူဆလိန်မဟုတ်
တဲ့သူ - လူကွယ်ရာမှာ ၀က်သား အ၀စားတဲ့သူ) ခရီးဝေးထွက်တိုင် လမ်းမှာစားဖို့ ငှက်ပျော်သီးတစ်ဖီး
ဆောင်သွားပါတယ်။

     ငှက်ပျော်သီးမှာအဆီဓါတ် လုံးဝမပါပဲ ကျန်းမာရေးအတွက်အရေးကြီးတဲ့ အမျှင်ဓါတ်၊ ဗီတာမင်နဲ့ အိုမင်စေ၊ကင်ဆာဖြစ်စေတဲ့  oxidants တွေကိုခြေဖျက်နိုင်တဲ့ anti-oxidants တွေများစွာပါဝင်လို့ ငှက်ပျော်သီး တစ်နေ့တစ်လုံးစားရင် ကျန်းမာရုံသာမက ကိုယ်အလေးချိန်ချလိုသူများကိုလည်း ကျန်းကျန်းမာမာနဲ့ ကိုယ်ရေစစ်စေတယ်လို့ သိရပါတယ်။

      ငှက်ပျော်သီးအခွံနွှာစားရတာကမှ ခက်အုံးမယ်လို့ တင်စားပြောရလောက်အောင် ကရိကထ မများပဲ
စားနိုင်တဲ့အသီးလည်းဖြစ်ပါတယ်။(အဲ့ဒါတောင် ကျမ ဘယ်လောက်အပျင်းကြီးပြီး ဂျီးများသလဲဆိုရင်
ရခိုင်ငှက်ပျော်သီးကို တစ်လုံးလုံး ၀ါဝင်းနေမှစားပါတယ်။ အမည်းဆက်တွေပေါ်လာရင် မစားတော့ဘူး။
ကျမတို့အိမ်မှာ ကျမနဲ့ မေမေ နှစ်ယောက်ပဲ ရခိုင်ငှက်ပျော်သီး စားတာဆိုတော့ ငှက်ပျော်သီးတစ်ဖီး ကုန်အောင် ကျမ အချိန်မှီ မစားရင် မေမေတစ်ယောက်ထဲမကုန်နိုင်ပဲပစ်လိုက်ရမှာမို့ပါ။ ငှက်ပျော်သီးကို အိမ်နောက်ဖေးမီးဖိုချောင်မှာထား ပါတယ်။ ကျမက ထမင်းဟင်း မချက်တတ်ပဲ စားသာစားတတ်တဲ့သူ ဆိုတော့ များသောအားဖြင့် အိမ်ရှေ့မှာ အနေများပါတယ်။ အိမ်ရှေ့နဲ့အိမ်နောက်ဖေးက  ၂၅ ပေပဲကွာ ပါတယ်။ ဒါပေမဲ့ ကျမက တစ်ခါတစ်ရံ စာကျက်နေတဲ့အခါ သိပ်မစာရင် အိမ်နောက်ဖေးသွား ငှက်ပျော်သီး ယူစားရမှာပျင်းပြီးမစားပါဘူး။ ကျမ အကြောင်းသိတဲ့ မေမေက ငှက်ပျော်သီးကို အရံသင့် အခွံနွှာပြီး ပါးစပ်ထဲအထိခွံခဲ့တာမှတ်မိနေပါတယ်။ ကျမ ကိုချစ်လွန်းလို့တော့ မဟုတ်ပါဘူး။ ငှက်ပျော်သီးတွေ အလဟတ်သ ဖြစ်သွားမှာစိုးလို့ပါ။ မေမေက အမြဲပြောပါတယ်။ အသုံးနဲ့အဖြုံးခွဲခြားသိရမယ်။ သုံးပါ၊ မဖြုံးပါနဲ့တဲ့။ ကိုယ့်အတွက်ပိုရင် လိုတဲ့သူတွေ လှူပါတဲ့။ မေမေ့လိုသာ အားလုံး မဖြုံးကြရင် ဘယ်လောက် ကောင်းမလဲ။

မေမေတို့ ငယ်ငယ်က မိန်းခလေးတွေစာတတ်စရာမလိုဘူး။ စာတတ်ရင်ရီးစားစာ ဖတ်တတ်ပြီး အိမ်ထောင်မြန်မြန်ကျမယ်ဆိုတဲ့ အဖွါးတို့ခေတ်ရဲ့အယူအဆကြောင့် မေမေစာမသင်ခဲ့ရပါဘူး။ ဒါပေမဲ့ မေမေရဲ့ အမျော်အမြင်ကြီးမှုတွေက အံ့မခံ စရာပါဘဲ။ ယခုခေတ်ပညာရှင်ကြီးတွေရဲ့ တွက်ချက်မှုက ကမ္ဘာမှာ ချမ်းသာကြွယ်ဝသူတွေနဲ့ မသိနားမလယ်သူတို့ရဲ့အပြုအမူကြောင့် ဆင်းရဲ့တဲ့သူတွေ ငတ်သေ နေရကြောင်း လူသားအားလုံး စည်းနဲ့ကမ်းနဲ့ စားသောက်ကြမယ်ဆိုရင် ကမ္ဘာသားအားလုံးအတွက် အစားအသောက်အလုံအလောက်ရှိပါတယ်တဲ့။ 
 
ငှက်ပျော်သီး အခွံက သွားတွေ ကိုဖြူစေရုံသာမက၊ သားရည်နဲ့လုပ်ထားတဲ့ ဖိနပ်၊ အိပ်စသည်တွေကို ပြောင်လက်စေပါတယ်။ ခေါင်းမှာရှိတဲ့ဖေါက်တွေကိုလည်းပျောက်ကင်းစေတယ်လို့ဆိုပါတယ်။

   ငှက်ပျော်ရွက်ကလည်း မုံအမျိုးမျိုးလုပ်စားလို့ရတဲ့အပြင်၊ နိုင်လွန်စသည်တိုက်မိလို့ ကြမ်းတမ်းနေတဲ့ မီးဖူးကို ငှက်ပျော်ရွက်ပေါ်တိုက်ခြင်းဖြင့် ချော်မွေ့စေပါတယ်။

ဒ့ါအပြင် ဆေးရုံ ၊ဓါတ်ခွဲခန်းတွေနဲ့ဝေးကွာတဲ့နေရာက လူနာတွေရဲ့သွေးတွေကို ပို့မယ်ဆိုရင် အထူး ပြုလုပ်ထားတဲ့ စက္ကူအစား ငှက်ပျော်ရွက်ပေါ်သွေးစက်ချ အခြောက်ခံပြီး အသုံးပြုနိုင်ပါတယ်။
(India မှာအသုံးပြုခဲ့ဘူးပါတယ်)။

ငှက်ပျော်ပင်ကို အနှစ်မရှိတဲ့အပင်ဆိုပြီး ဗုဒ္ဓဘာသာမှာ ဥပမာပေးပါတယ်။ အဲ့ဒီ အနှစ်မရှိတဲ့ငှက်ပျော်ပင်
ကို မုန့်ဟင်းခါးမှာထဲ့ချက်စားလို့ရပါတယ်။ ကျမ က မုန့်ဟင်းခါးမှာပါတဲ့ ငှက်ပျော်အူကို အလွန်ကြိုက်ပါ တယ်။  နိုင်ငံခြားရောက်တော့ ငှက်ပျော်ပင် ရှာမရပါဘူး။ မြန်မနိုင်ငံက အခြောက်လုပ်ထားတဲ့ ငှက်ပျော်အူ ကလည်းတစ်ထုပ်လုံးမှ တစ်ခက် နှစ်ခက် လောက်ပဲစားလို့ရတယ်။ မလုပ်တတ်လို့လား၊ လောဘဇော တတ်ပြီး အရင့်တွေပဲထဲ့လို့လားတော့ မသိပါ ဘူး။ ယခုတော့ ပိုကောင်းလား မသိပါဘူး။ ငှက် ပျော်အူ ကြိုက်တဲ့ ဥပါဒါန်ကို ဖျောက်မယ်ဆိုပြီး ငှက်ပျော်အူ မပါတဲ့ ဟင်းပဲစားပါတော့တယ်။

 မှတ်မှတ်ရရ ဂျပန်မှာပညာသင်သွားရတုန်းက စစ်အတွင်းက ဂျပန်စစ်ဗိုလ်ဟောင်းတစ်ယောက်က (JICA
Japan International Co operation  Agency) ဂျပန်နိုင်ငံတကာအထောက်အပံ့ပြုစင်တာမှာရှိတဲ့ မြန်ကျောင်းသားတွေကိုသူ့အိမ်ဖိတ်ပြီးထမင်းကျွေးလေ့ရှိပါတယ်။ (သူမြန်မာနိုင်ငံမှာ စစ်ရှုံးပြီးထွက်ပြေး နေရတဲ့ အချိန်မှာ မြန်မာတွေက ကယ်ခဲ့တယ်လို့ပြောပါတယ်။ သူ့အိမ်ရောက်တော့ ပန်းခြံထဲမှာ အလှ စိုက်ထားတဲ့ ငှက်ပျော်ပင် ၂ တောင်ခန့်အမြင့်ကိုတွေ့ရပါတယ်။ ကျမတို့အဖွဲ့ထဲက အစားမက်တဲ့ သူ တစ်ယောက်က ဟိုမှာငှက်ပျော်ပင်လို့ပြောပါတယ်။ သူက မုန့်ဟင်းခါးချက်ဖို့ရည်ရွယ်ပြီး ပြောလိုက်တာပါ။
ဂျပန်စစ်ဗိုလ်ဟောင်းက အသီးစားဖို့ထင်ပြီး ငယ်သေးတယ်မရသေးဘူးလို့ပြန်ပြော ပါ တယ်။ ငှက်ပျော်ပင်က အပူပိုင်းဒေသက အပင်မို့ အေးတဲ့ဂျပန်နိုင်ငံမှာ အထူးဂရုစိုက်ပြီး စိုက်ရတာပါ။ ဒါတောင်အပင်ပဲဖြစ်ပြီး အသီးမသီးပါဘူး။ သူ တယုတရစိုက်ထားတဲ့ အပင်ကို ခုတ်မယ်ဆိုရင်တော့ ထမင်းမကြွေးပဲ ရိုက်ထုတ်မှာသေခြာပါတယ်။

  အပျိုကြီးတွေသေရင် ငှက်ပျော်ပင်ဖက်သေရမယ်လို့ အမနာပ ပြောတာတွေလည်းရှိပါတယ်။ အဲ့ဒီလို အဖိုမတန်ဘူးလို့ အများကသတ်မှတ်ထားတဲ့ ငှက်ပျော်ပင်က အသီးအရွက်ပါမက ပင်စည်ကြီးပါ မကျန်တစ်ပင်လုံး လူတွေအတွက်အသုံးဝင်ပါလား။ ၃၁ ဘုံမှာအကောင်းဆုံးဖြစ်တဲ့ လူ့ဘ၀ရနေတဲ့ ငါကရော် ငှက်ပျော်ပင်လောက်မှ အသုံးဝင်ရဲ့လားလို့ အခါခါ စဉ်းစားနေမိပါတယ်။

 blog စလုပ်ပြီး ၆ လ မှာညာဘက်လက်ချောင်းတွေကွေးလို့မရလို့ hand specialist နဲ့ပြတော့ sterioid တွေလက်ဖ၀ါးထဲထိုးပေးပြီး computer မှာ စာရိုက်တာ တွေလျော့ပါတဲ့ နောက်တခါ ပြန်ဖြစ်ရင် ခွဲရမယ်ဆိုလို့ စာရေးတာနည်းနည်းလျော့ထားပါတယ်။ ဒီကြားထဲ အရင်ကရေးထားတဲ့ ဆောင်းပါးတွေ ဖွင့်လို့မရတာ၊ internet explorer ဖွင့်မရတာတွေကြောင့် ရယ်၊ ရေးစရာလည်း သိပ်စဉ်းစားမရတာ တွေ ကြောင့်ပါလို့ အဖြေပေးရင် ဆောင်းပါးတွေ မဖတ်ရတာကြာပြီလို့ဆိုလာတဲ့ မောင်လေး နွေတေးရှင်း(မင်းဧရာ) ကျေနပ်ပါစေလို့ မျှော်လင့်ရင်ဒီပိုစ့်လေးကိုတင်လိုက်ပါတယ်။

ငှက်ပျောပင်မှာပါတဲ့ အာဟာရဓါတ်တွေကိုအောက်မှာကူးယူဖေါ်ပြလိုက်ပါတယ်။
 
Banana fruit (Musa acuminata colla),
Nutritive Value per 100 g
(Source: USDA National Nutrient data base)
PrincipleNutrient ValuePercentage of RDA
Energy
90 Kcal
4.5%
Carbohydrates
22.84 g
18%
Protein
1.09g
2%
Total Fat
0.33 g
1%
Cholesterol
0 mg
0%
Dietary Fiber
2.60 g
7%
Vitamins
Vitamin B12
20 µg
5%
Niacin
0.665 mg
4%
Pantothenic acid
0.334 mg
7%
Vitamin B6
0.367 mg
28%
Vitamin B2
0.073 mg
5%
Vitamin B1
0.031 mg
2%
Vitamin A
64 IU
2%
Vitamin C
8.7 mg
15%
Vitamin E
0.10 mg
1%
Vitamin K
0.5 µg
1%
Electrolytes
Sodium
1 mg
0%
Potassium
358 mg
8%
Minerals
Calcium
5 mg
0.5%
Copper
0.078 mg
8%
Iron
0.26 mg
2%
Magnesium
27 mg
7%
Manganese
0.270 mg
13%
Phosphorus
22 mg
3%
Selenium
1.0 µg
2%
Zinc
0.15 mg
1%
Phyto-nutrients
Carotene-α
25 µg
--
Carotene-ß
26 µg
--
Lutein-zeaxanthin
22 µg
--










 

Wednesday, May 15, 2013

ပထမဦးဆုံသော သဘာဝအတိုင်းအလုပ်လုပ်မည့် နှလုံးတု

ပြင်သစ်ကုမ္ပဏီ Carmat မှ ၎င်းတို့၏ နှလုံးအတုကို လူများတွင်အစားထိုးကုသခွင့်အား ၄ နိုင်ငံမှ နိုင်ငံတကာကျော်ကြားသော နှလုံးအထူးကုဆေးရုံကြီးများက မီးစိမ်းပြခဲ့ကြောင်း မနေ့ကထုတ်ပြန်
လိုက်ပါတယ်။ ထို ၄ နိုင်ငံမှာ ဘဲဂျီရန်၊ ပိုလန်၊ စလိုဗက်ကီးနှင့် စော်ဒီအာရေဗျ နိုင်ငံတို့ဖြစ်ပါတယ်။
သင့်တော်သော လူနာများရွေးချာ်ပြီးပါက နှလုံးအတုကို စတင်တပ်ဆင်မှာဖြစ်ပါတယ်။ ယင်းကုမ္ပဏီ
အနေဖြင့်အခြားနိုင်ငံများအထူးသဖြင့် ပြင်သစ်နိုင်ငံတွင်တပ်ဆင်ခွင့်ကိုမျှော်လင့်ကြောင်းပြောဆိုပါတယ်။

ယခုတီထွင်ထားသောနှလုံးတုမှာ တစ်ကီလိုသာလေးပြီး ၎င်းတွင်ပါရှိသော ဘက်ထရိများဖြင့် လူနာ၏ လိုအပ်ချက်များကို အလိုအလျောက်တောင်ရွက်သွားမယ်လို့သိရပါတယ်။ ယခင်ကတီထွင်ခဲ့သော နှလုံးတုများမှာ ၄၀ ကီလိုအထိလေးတယ်လို့သိရပါတယ်။ ယခုအောင်မြင်မှုများမှာ
ပရောဖက်ဆာ Carpentier စတင်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ရဲ့လေ့လာမှုများရဲ့ အသီးအပွင့်များ
ဖြစ်ပါတယ်။

ကျမ်းကိုး
ပြင်သစ်နိုင်ငံ နံနက်သတင်းစာ Direct Matin 15/05/2013

Tuesday, May 14, 2013

ဘုရားမတင်နတ်မတင်လူတွင်ပန်း ၁၀ မျိုး။

၁။ ပန်းထိမ်- လက်ဝတ်လက်စားပြုလုပ်သည့်အတတ်ပညာ။
၂။ ပန်းဘဲ- ဆောက် ဆူးစသည့်ပစ္စည်းများပြုလုပ်သည့်အတတ်ပညာ။
၃။ ပန်းပု-ရုပ်လုံးဖေါ်အတတ်ပညာ။
၎။ ပန်းချီ-မင်ဆေးရေးမှုအတတ်ပညာ။
၅။ ပန်းရန်-အုတ် ကျောက်စည်မှုအတတ်ပညာ။
၆။ ပန်းတဉ်း-ကျေးစည် ခေါင်းလောင်း သွန်းလောင်းသည့်အတတ်ပညာ။
၇။ ပန်းတော့-အင်္ဂတေ ပန်းလှီးအတတ်ပညာ။
၈။ ပန်းတမော့-ကျောက်ဆစ် ကျောက်ရုပ်ထု အတတ်ပညာ။
၉။ ပန်းပွတ်-ပွတ်ခံသမား အတတ်ပညာ။
၁၀။ ပန်းယွန်း-ယွန်းထည်ပြုလုပ်မှုအတတ်ပညာ။

Saturday, May 11, 2013

ကမ္ဘာ့အမြင့်ဆုံး တာဝါ သုံးခု (World tallest 3 Towers)

1. Burj Khalifa in  Dubai, United Arab 829.84 m 2723ft.







2. Tokyo Skytree in Tokyo, Japan. 634m , 2080 ft.





3. Canton Tower in Guang Tower, China, 600m, 2000ft.















Saturday, May 4, 2013

နေရောင်ခြည်ဖြင့်ပျံသန်းမည့်လေယာဉ်ပျံ

 
နေရောင်ခြည်များမှစွမ်းအင်များကိုအသုံးပြု၍ပျံသန်းမည့်လေယာဉ်။
 
ဆွစ်လူမျိုး ၂ဦးတည်ထွင်ထားသည့် နေရောင်ခြည်သုံးလေယာဉ်မှာ လောင်ဇာဆီမသုံးပဲနေ့ရော ညပါ ပျံသန်းနိုင်မည့်လေယာဉ်ဖြစ်ပါသည်။
 
လေယာဉ်သုံးပစ္စည်းအားလုံးကိုအလေးချိန်ပေါ့အောင် တည်ဆောက်ထားသဖြင့်လေယာဉ်တစ်ဆင်းလုံး
၃,၅၂၇ ပေါင်သာ လေးပါသည်။ အမြန်သွားရန်တည်ဆောက်ခြင်းမဟုတ်ပဲ ပတ်ဝန်ကျင်သန့်ရှင်းမှုကို အလေးပေး တည်ဆောက်ထားသဖြင့် ခရီးတိုလေးများကိုသာပျံသန်းမည်ဖြစ်ပါတယ်။
 
၂၀၈ ပေရှည်သောလေယာဉ် လက်မောင်းများတွင် နေရောင်ခြည်သုံး စက် ၁၂၀၀၀ တပ်ဆင်ထားပါတယ်။
ပထမခြေလှမ်းအဖြစ် ၁၈ နာရီကြာခရီးစဉ်ကို Moffett Field  မှ Phoenix Sky Harbor International Airport သို့ပျံသန်းမည်ဖြစ်ပါတယ်။