ကျမ စပ်စံထွန်းဆေးရုံ၊သွေးဘဏ်မှာတာဝန်ထမ်းဆောင်စဉ် ညနေမှာ ဒေါ်တင်မြတ် ဆေးခန်းကို
မေမေနဲ့အတူ သွားကြပါတယ်။ စနေ တနင်္ဂနွေဆို သုံးယောက်သား တင်သမျှ ရုပ်ရှင်တွေ ပျော်ပျော်ပါးပါး
သွားကြည့်ကြပါတယ်။ ကျမ ကျောင်းသူဘ၀က ကျောင်းစာပျက်ကွက်မှာစိုးလို့ အဖေက ကားမောင်း သင်မပေးပါဘူး။
TB ရောဂါဖြစ်ပြီး တောင်ကြီးအပြန်မှ ဖုတ်ပူမီးတိုက် သူ့ကားနဲ့တစ်ပုံစံထဲတူတဲ့ Morris
minor ကားတစ်စီးဝယ်ပေးပြီး၊ ကားမောင်းလည်း သင်ပေးလိုက်တာမို့ ကျမ တောင်ကြီးရောက်မှ
အမောင်းကျင့်ရပါတယ်။ လမ်းစည်းကမ်းလည်း သိပ်မသိပါဘူး။ တောင်ကြီးမြို့က တောင်တက်တောင်ဆင်း များတာမို့
တောင်တက်ဆို ဒေါ်တင်မြတ်က ကျမရဲ့ စပယ်ရာလုပ်ပြီး ကားအသွားအလာကြည့်တာ၊ လက်ကိုင်ဘရိတ်
(hand brake) ဆွဲတာတွေ လုပ် ပေးပါတယ်။ မေမေကလည်းသူတတ်သလောက်
ကျမ ကိုကူညီပါတယ်။ တောင်တက်လမ်းမှာ ကျမကားလျော်ကျနေရင်
မေမေကနောက်ခုံကနေ ရှေ့က ကျမ ခုံကိုတွန်းထားတယ်တဲ့။
တစ်ခါတော့ ကျမတို့ မ၀င်ရတဲ့လမ်းထဲ ၀င်သွားကြပါတယ်။ တစ်ဘက်က
ကားက ဒီလမ်းက မ၀င်ရဘူး ဆိုတော့မှ ဟုတ်လား ဆိုပြီ ပြန်ထွက်ခဲ့ရပါတယ်။
နောက်တစ်ကြိမ်ကျတော့ တောင်ကြီးဈေးသွားရင်း ကားမရပ်ရတဲ့နေရာမှာရပ်ထားခဲ့ပါတယ်။
ယဉ်ထိန်း လာပြောမှသိပါတယ်။
တစ်နေ့ ကျမလမ်းသွယ်တစ်ခုက အထွက် လမ်းမကြီးက မြင်းရထားက အ၀င်
မျက်နှာချင်းဆိုင်တွေ့ကြပါတယ်။ ကျမက မြင်မြင်ချင်း ကားဘရိတ်ကိုဆွဲလိုက်နိုင်ပေမဲ့။
မြင်းက အရှိန်မသတ်နိုင်ပဲ ကျမ ကား ခေါင်းမိုး ပေါ် တက်သွား ပါတယ်။ ကားခေါင်မိုးမှာ မြင်းခွါတွေကျန်ခဲ့သလို၊
မြင်းလှည်းရဲ့သစ်သားချောင်းက ကားမီးလုံးအောက်ကို ထိုးဖေါက် သွားပါတယ်။ ကံကောင်းထောက်မစွာမီးလုံးမထိလို့
မီးလုံးမကွဲပဲ၊ Body ချိုင့်ရုံပဲဖြစ်ပါတယ်။ အဖေက ဂျပန်ကားဆို သမီးကား မုန့်ကြိုးလိမ်ဖြစ်မှာတဲ့။
ဂျပန်ကားတွေက ဆီစား သက်သာအောင် Body ကိုပါးပါးလွှာလွှာလေးလုပ်ထားတယ်လို့ပြောပါတယ်။
တစ်ညနေမှာတော့ ဒေါ်တင်မြတ်ဆေးခန်းကိုအသွား လမ်းမကြီးကနေ ရပ်ကွက်လမ်းထဲချိုးရမှာမို့
ချိုးဝင်မဲ့မီးအချက်ပြ၊ ဘရိတ်အုပ်ပြီး တစ်ဘက်က ကားအရှင်းစောင့်နေတုံး ကျမကားကို နောက်ကနေ
လိုင်းပြေးတဲ့ ဟီနိုးကားကြီးတစ်စီးက ၀င်တိုက်လိုက်ပါတယ်။ (တောင်ကြီးက ဟီးနိုဒရိုင်ဘာတွေ
ညနေ ပိုင်းဆို နဲနဲထွေနေကြလေ့ရှိပါတယ်) တော်သေးတယ် ကျမ ကားက ရပ်ထားလို့၊ နောက်ပြီး Morris Minor ကား
Body တွေက တော်တော်မာတယ်။ ကားဘာမှဖြစ်မသွားဘူး။ ဒါပေမဲ့ ကျမတော့ စိုက်ကို (Psyco) ဖြစ်သွားတယ်။
ကျမနောက်မှာ ကားတစ်စီးကပ်ပါလာရင် ကျမ မမောင်းတတ်တော့ဘူး။ နောက်ကားနဲ့ ဝေးအောင် အမြန်မောင်း
တော့တာပဲ။ အဲ့ဒီ စိုက်ကို ကတော်တော်နဲ့မပျောက်ဘူး။ ရန်ကုန်ပြန်ရောက်ပြီး ဆေးသုတေသနကို
ပြောင်းတော့ ရုံးကို ကန်တော်ကြီးပတ်လမ်းက နေ့စဉ် ကျမရဲ့ Morris minor ကားလေးနဲ့ရုံးတက်ပါတယ်။
တစ်နေ့မှာ ကျမကား နောက်က နောက်ဆုံးပေါ် Corolla အနီရောင် ကားသစ်လေးတွေ့တာနဲ့ ကျမလည်း လီဗာအတင်းနင်းပြီး
ဝေးရာကိုမောင်းပြေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်နေ့မှာ မနေ့က ကားနီလေးက ကျမ ကား ကို အတင်းကျော်တတ်
ပါတယ်။ မနေ့က သူ့ကားသစ်ကို ကျမ ကားစုပ်က အပြိုင်မောင်းသွားတယ်ထင်လို့ ပြန်လုပ်တာကိုး
(ကားဒရိုင်ဘာတွေရဲ့ မာန ဆိုတာ ဒါထင်ပါရဲ့)။
ဆေးသုတေသနကို အလုပ်ပြောင်းတော့ မြွေဆိပ်သုတေသန စ လုပ်ရပါတယ်။
မြန်မာနိုင်ငံ အချို့ အထူးသဖြင့်မြေလတ်ပိုင်းတွေမှာ မြွေ ဟောက် (Viper snake) တွေပေါ်ပြီး
စပါးပေါ်ချိန်၊ လယ်ကွင်းထဲက စပါးတွေလာစားတဲ့ ကြွက်တွေကို လာစားတဲ့မြွေတွေနဲ့ စပါးလာရိတ်တဲ့
လယ်သမားတွေ့ကြပြီး၊ လယ် သမားတွေ မကြာခဏမြွေပေါက်ခံကြ ရပါတယ်။ မြွေဆိပ်သုတေသနအတွက် အင်းစိန်
BPI ကို သွားပြီး မြွေဆိပ်တွေယူရပါတယ်။ ပြည်လမ်း အ၀ိုင်းကို ပတ်လိုက်ရင် ကျမ မျက်စေ့
လည် သွားပြီး လမ်းမှား သွား တတ်ပါတယ်။ ဒါကြောင့် မကြာခဏ အင်းစိန်မရောက်ပဲ မင်္ဂလာဒုံ ရောက်သွားလေ့ရှိပါတယ်။
တစ်ခါတော့ ဆုလေးဘုရားလမ်းက နီလာဆံပင်အလှပြင်ဆိုင်ကို အမကြီးကိုလိုက်ပို့ပါတယ်။
အဲ့ဒီအချိန်က တစ်လမ်းမောင်းတွေ စလုပ်ခါစမို့ ကျမ အ၀ိုင်းပတ်လိုက် မျက်စေ့လည်လိုက်နဲ့
ဆိုင်ရှေ့မှာ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ဖြစ်နေပါတယ်။ နောက်ဆုံး လမ်းမှာတွေ့တဲ့ ယဉ်ထိန်းရဲကို
အကူအညီ တောင်းမှ ဆိုင်ရှေ့ကိုရောက်ပါတော့တယ်။
တစ်နေ့ ရုံးပြန်နည်းနည်းနောက်ကျတယ်။ ဦးထောင်ဘိုကုန်းအဆင်းမှာ နွားအုပ်ကြီးနဲ့လမ်းပေါ်မှာ ပက်ပင်းတွေ့ပါတယ်။ နွားအုပ်ကြီးက ကျမကားကိုဝင်တိုက်ကြတာကြောင့် ကားရှေ့က shell ကြီးချိုင့်ဝင် သွားပါတယ်။ ပြန်ထုလိုက်တော့လည်းအကောင်းအတိုင်းဖြစ်သွားပါတယ်။ အဖေပြောတာမှန်ပါတယ်။ morris minor ကားရဲ့ဘော်ဒီကတော်တော် အထုအရိုက်ခံပါတယ်။ ကျမလို ကားမောင်း ကျွမ်းကျင် တဲ့ သူတွေအတွက်အထူးကောင်းမွန်ပါတယ် လို့ ထောက်ခံလိုပါတယ်။
ကျမရဲ့ ကားမောင်းကျွမ်းကျင်မှုကြောင့် ကျမကား စီးရဲတဲ့သူရှားပါတယ်။ စာဖတ်သူတွေရော စီးကြအုံးမလား ?
This comment has been removed by the author.
ReplyDeleteလာဖတ်သွားပါတယ်ခင်ဗျ။
ReplyDeleteကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်ထဲကဖဲ့ပြီးလာရောက်အားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။
ReplyDelete