:include data='blog' name='google-analytics'/>

Sunday, April 27, 2014

ယောက်ျား မီးရပ် ဘယ်တော့ဆုံးသလဲ ?




ဒီခေါင်းစဉ်ကိုဖတ်မိတဲ့သူတွေကတော့ ဒီစာရေးသူတော်တော် နမော်နမဲ့ နိုင်တာဘဲ။ ယောကျာ်းနဲ့မိန်းမ
တောင် မှားရေးတယ်လို့ထင်မိပါလိမ့်မယ်။ မှားရေးတာ မဟုတ်ပါဘူး။ အမှန် ရေးတာပါ။ အမျိုးသမီးတွေ မီးရပ် ဆုံးသလို  ယောကျာ်းတွေမှာလည်း အမျိုးသမီးတွေ မီးရပ် ဆုံးသလို တူညီတဲ့ ခံစားမှုများ ခံစား ရပါတယ်။ ဆေးပညာအရ Andropause လို့ခေါ်ပါတယ်။ အမျိုးသမီးတွေ မီးရပ် ဆုံးတာကို Menopause
လို့ခေါ်ပါတယ်။ Menopause ဖြစ်ရတာက လူလတ်ပိုင်း (middle age) လောက်မှာ အမျိုးသမီး တစ်ယောက်ရဲ့ လက္ခဏာတွေကိုဖြစ်စေတဲ့ အမျိုးသမီးဟော်မုန်း oestrogen  တွေနည်းလာတဲ့ အတွက် ကြောင့်ပါ။ ထို့အတူအမျိုးသားတွေလည်း လူလတ်ပိုင်း (middle age) လောက်မှာ  အမျိုးသား ဟော်မုန်းဖြစ်တဲ့ testosterone တွေ နည်းလာပါတယ်။ ဒါကြောင့် အမျိုးသမီးတွေခံစားရတဲ့ Menopause လက္ခဏာတွေဖြစ်တဲ့
၁။ ကိုယ်ခန္ဓာ ပူခြင်း။ (Hot flashes)
၂။ စိတ်တိုခြင်း။ (Irritability)
၃။ ရာဂစိတ်များလျော့နည်းခြင်း။ (lack of libido)
၎။ အိပ်မပျော်ခြင်း။(Insomia)
၅။ စိတ်ဓါတ်ကျခြင်း။ (depression)
၆။ စိတ်ပူပန်ခြင်း။ (Anxiety)
၇။ ကြောနာ၊ခေါင်းနာခြင်း။ (Back and Headache)
၈။ စိတ်သဘောထားပြောင်းလဲခြင်း။ (Mood swing)
စတာတွေကိုခံစားရပါတယ်။ ဒါပေမဲ့ အမျိုးသားတွေမှာ အမျိုးသမီးတွေလို လစဉ် ဓမ္မတာပေါ်ခြင်းမျိုး မရှိတဲ့အတွက် အမျိုးသမီးတွေလို ဓမ္မတာဆုံးသွားခြင်း (မီးရပ်ဆုံးခြင်း) လိုထင်ရှားတဲ့ ပြောင်းလဲမှုကို
မတွေ့ရပါဘူး။ နောက်တစ်ချက်က အမျိုးသမီးတွေမှာ (menopause) မီးရပ်ဆုံးတာနဲ့ရှားပါးသော ချွင်းချက်များမှလွဲရင် ခလေး မရနိုင်တော့ပါဘူး။ အမျိုးသားတွေမှာတော့ (Andropause) ဖြစ်ပေမဲ့ သားသမီးရနိုင်ပါသေးတယ်။

ရောဂါကုသတဲ့နေရာမှာလည်း (Replacement therapy) ခေါ်တဲ့လိုနေတဲ့ ဟော်မုန်းကို အစားထိုး ပေးရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ menopause လက္ခဏာတွေသက်သာအောင် အမျိုးသမီး
ဟော်မုန်းဖြစ်တဲ့ (oestrogen ) ပေးရပြီး၊ အမျိုးသားတွေရဲ Andropause လက္ခဏာတွေသက်သာအောင် အမျိုးသားဟော်မုန်းဖြစ်တဲ့ (testosterone ) တွေပေးရပါတယ်။

ဒီရောဂါကို ၁၉၄၄ ခုမှ Heller and Myers တို့ကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ WHO က အသိအမှတ် မပြုသေးပါဘူး။ ဒီရောဂါ အကြောင်းဖတ်ရတော့ သဘာဝတရားရဲ့ ယောကျာ်း၊မိန်းမ မခွဲခြားတဲ့ တရားမျှတ တဲ့သဘောကို သိရပါတယ်။ ဒါကြောင့်သဘာဝတရားတွေကို အမှန်အတိုင်းသိ မြင်တော်မူတဲ့မြတ်ဗုဒ္ဓ ရဲ့ တရားတော်တွေဟာလည်း ကျား၊မ ခွဲခြားမှုမရှိဘဲ တရားမျှတ တာပါလားလို့သဘောကျမိပါတယ်။

(ပြင်သစ်နိုင်ငံမှာ အမျိုးသား၊အမျိုးသမီးတွေ အသက် ၄၀ လောက်မှာ စိတ်နေစိတ်ထားတွေပြောင်းပြီး ငယ်စဉ်ကပေါင်းသင်းလာတဲ့ မိမိရဲ့ကြင်ဖေါ်ကြင်ဘက်တွေ အပေါ်မှာစိတ်မ၀င်စားတော့ဘဲ အခြားသော
အမျိုးသား၊အမျိုးသမီးတွေ ကိုစိတ်ဝင်စားပြီး၊ကြင်ဖေါ် ကြင်ဘက်တွေ ပြောင်းလဲဖို့ပြုလုပ်ကြတာကို အသက် ၄၀ ရောက်ရောဂါလို့ခေါ်ပါတယ်။)

ကျန်းမာရေးဗဟုသုတပြည့်ဝပြီးကျန်းမာကြပါစေ။


ကျမ်းကိုး။
Wikipedia

Tuesday, April 22, 2014

ကိုယ့် ကိုယ်သာအချစ်ဆုံးတဲ့။



လွန်ခဲ့တဲ့ အနှစ် လေးဆယ်ကျော်လောက်၊ မှတ်မှတ်ရရ ကျမတို့နောက်ဆုံးနှစ်ဆေးကျောင်းသားတွေ
တောင်ဥက္ကလာပ ခလေးမွေးဖွါးခန်းကျဉ်းကျဉ်းမှာသဘာဝအတိုင်းခလေးမွေးဖွါးတာကို (normal delivery) ပထမဦးဆုံးကြည့်ခဲ့တဲ့အချိန်ကပါ။ အားလုံး ကျောင်းသား/ကျောင်းသူ ဆယ်ယောက်ထင်ပါတယ်။

(ဆေးကျောင်းနောက်ဆုံးနှစ်မှာ normal delivery ဆယ်ဦးနဲ့သဘာဝမဟုတ်တဲ့/ခက်ခဲတဲ့ ခလေး မွေးဖွါးခြင်း(abnormal delivery) ဆယ်ဦး။ ဥပမာ၊ တင်ပုဆုံဖြင့်မွေးခြင်း၊အမွှါးမွေးခြင်း၊ဗိုလ်ခွဲ မွေးခြင်းစသည် တို့ကိုအရင်ကြည့် (Observation) ရပါတယ်။)

ဖြစ်ချင်တော့ မိခင်ဖြစ်သူက အသက် ၁၄ နှစ်သာရှိပါသေးတယ်။ သဘာဝအတိုင်းမွေးတယ်ဆိုပေမဲ့ သားဦးလည်းဖြစ်ပြန်၊မိခင်ကလည်း အလွန်ငယ်ရွယ်သူဖြစ်နေတာမို့ခလေးကတော်တော်နဲ့ အပြင် ရောက်မလာပါဘူး။ မိခင်ကညှစ်လိုက် ခလေးခေါင်းကပြူလာလိုက်၊ မိခင်ကမောပြီးညှစ်အားလျော့
လိုက် ခလေးခေါင်းကပြန်ဝင်သွားလိုက်နဲ့ဖြစ်နေပါတယ်။ မိခင်နဲ့ခလေးရဲ့ခံစားနေရတဲ့ ဝေဒနာတွေကို
မြင်နေရတာရယ် အခန်းကျဉ်းထဲမှာမွန်ကျပ်ပြီး၊မူးမိုက်လာတာနဲ့အခန်းပြင်ဆေးရုံဝင်းထဲ အထိ ထွက်လာခဲ့ပါတယ်။

အဲ့ဒီအချိန်မှာကျမနောက်နားက ပါလာတဲ့ သူငယ်ချင်းမောင်ဘက သူ့မှတ်စုစာအုပ်နဲ့ကျမကို ရက်ခတ်ပေးရင်း၊ ခလေးမွေးရတာတော်တော်မလွယ်တာပဲ။ ငါမိန်းမယူရင် ငါ့အမျိုးသမီးကိုခလေး
မမွေးခိုင်းဘူးလို့တွေတွေကြီးပြောလိုက်ပါတယ်။ ကျမကတော့ ဘာမှပြန်မပြောဖြစ်ခဲ့ပေမဲ့ ဒီလိုအဖြစ်မျိုးနဲ့ကြုံရမှာကိုတော်တော်ကြောက်မိပါတယ်။

                အခုပင်ဆင်ယူပြီး မြတ်ဘုရားရဲ့တရားတွေ ဖတ်ဖြစ်၊နာဖြစ်တော့ ခလေးဖြစ်သူဟာ ဆင်ပြောင်
ကြီးကိုအပေါက်သေးသေးထဲကနေအတင်းသံဂေါက်တွေနဲ့ဆွဲထုတ်သလိုအလွန်နာကျင်တဲ့ဝေဒနာ ခံစားရတယ်တဲ့။ ဟုတ်လိုက်တာ။ ခလေးအပြင်ရောက်လို့ မိခင်ဖြစ်သူက အမောပြေသွားပေမဲ့၊ ခလေးဖြစ်သူမှာ အနာရှိန်ကြောင့်ကြူကြူပါအောင်ငိုနေသေးရှာတာကိုး။

              မောင်ဘနဲ့လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပြန်တွေ့တော့ သူ့မှာသားတစ်ယောက်၊သမီး တစ်ယောက် ထွန်းကားပြီ၊ သူ့သမီးကမွေးတဲ့ မြေးကလေးနဲ့ပင်ဆင်အချိန်တွေကိုအသုံးချနေတယ်လို့
ပြောပါတယ်။ ပြီးတော့ နင်ရောအပျိုကြီးပဲလားတဲ့။
လွန်ခဲ့တဲ့ အနှစ် ၄၀ ကသူပြောခဲ့တာ၊မှတ်မိသေးလားလို့ မမေးဖြစ်ခဲ့ပါဘူး။

ဒါကြောင့်မြတ်ဘုရားက လောက မှာကိုယ့်ကိုယ်ကိုသာအချစ်ဆုံးလို့လည်းခဲ့တာကိုး။

Thursday, April 17, 2014

အချိန်တန်ဖိုးကိုခွဲခြမ်းစိပ်ဖြာကြည့်ခြင်း။




တစ်နှစ်ရဲ့တန်ဖိုးကိုသိချင်ရင် စာမေးပွဲကျတဲ့ကျောင်းသားကိုမေးပါ။
တစ်လရဲ့တန်ဖိုးကိုသိချင်ရင် လမစေ့ဘဲမွေးတဲ့မိခင်ကိုမေးပါ။
တစ်ပတ်ရဲ့တန်ဖိုးကိုသိချင်ရင် အပတ်စဉ်ထုတ်ဂျာနယ်အယ်ဒီတာကိုမေးပါ။
တစ်ရက်ရဲ့တန်ဖိုးကိုသိချင်ရင် နေ့စား၊ခလေးခြောက်ယောက်ဖခင်ကိုမေးပါ။
တစ်နာရီရဲ့တန်ဖိုးကိုသိချင်ရင် ဆုံစည်းခွင့်စောင့်နေတဲ့ချစ်သူများကိုမေးပါ။
တစ်မိနှစ်ရဲ့တန်ဖိုးကိုသိချင်ရင် ရထားမမီလိုက်တဲ့ခရီးသည်ကိုမေးပါ။
တစ်စက္ကန့်ရဲ့တန်ဖိုးကိုသိချင်ရင် ယာဉ်တိုက်မှုနဲ့သီသီလေးလွဲသွားတဲ့ဒရိုင်ဘာကိုမေးပါ။
တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကိုသိချင်ရင် အိုလံပစ်ငွေတံဆိပ်ရှင်ကိုမေးပါ။
ကျော်ဝင်း

ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ)မေတ္တာဖြင့်စီးပွါးရှာခြင်း။နှာ၆၀။

Sunday, April 13, 2014

ဒုလ္လဘဦးပဉ္ဇင်း (၃) ပါး။





ဒုလ္လဘဦးပဉ္ဇင်း (၃) ပါး။

၁။ ဦးပြင်ဆင်။
သိမ်ဆင်းပြီးနေ၊့မပျော်မွေ့၍၊
ရက်မစေ့ခင်၊လူထွက်ချင်ကာ၊
ကြင်ယာဇနီး၊ခေါ်တွေ့ပြီးလျှင်၊
ဇွတ်ကြီးပြင်ဆင်ခိုင်းတော့သည်၊
ဦးပြင်ဆင်ပါဘုရား။

၂။ဦးပျင်းဆင်း။
သိမ်ဆင်းပြီးနေ၊့စိတ်ငြီးငွေ့ဟု၊
ပုတီးမကိုင်၊မထိုင်တရား၊
တ၀ါးဝါးသန်း၊ကြမ်းနှင့်ကျောခင်း၊
ပျင်းဆင်းဓုတင်ကျင့်တော့သည်၊
ဦးပျင်းဆင်းပါဘုရား။

၃။ ဦးပင်စင်။
သိမ်ဆင်းပြီးနေ၊့စိတ်ငြီးငွေ့ဟု၊
လူ့ဘ၀တွင်အမျှင်မပြတ်၊တရစပ်ရှုပ်၊
သူ့အလုပ်များ၊ခုမှနားဟု၊
အိပ်စားနှစ်လီကျင့်တော့သည်၊
ဦးပင်စင်ပါဘုရား။

ရခဲပေစွ၊ဒုလ္လဘဟု၊
ဗုဒ္ဓအမွေ၊ခံယူပေလည်း၊
ဓမ္မနည်းယူ၊ကျင့်မှုမရှိ၊
အသိမလိုက်၊စရိုက်မပြင်၊
အရှင်သုံးပါး၊ပဉ္ဇင်းများတို့၊
ဘုရားအမွေ၊မရစေကောင်း၊
ပါရမီဟောင်းလောင်းဖြစ်တော့သည်၊
ဦးတင်ပါသည်ဘုရား။
(ဘိုးရာဇူ)

ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ)၏မဂ်တားဖိုလ်တားအန္တရာယ်များ။နှာ၂၇၀။

Thursday, April 10, 2014

မျက်နှာသစ်ရင်းကုသိုလ်ယူမယ်။



၁။ ဤမျက်နှာသစ်သောရေကို ကိလေသာအပူခတ်သိမ်းအေးငြိမ်းတော်မူသောမြတ်စွာဘုရားအား
ကပ်လှုပါ၏။ (ဒါန၊ဗုဒ္ဓာနုဿတိ)
၂။ ဤရေကဲ့သို့သတ္တ၀ါအများ ကြည်လင် အေးမြ ချမ်းသာကြပါစေ။ (မေတ္တာဘာဝနာ)
၃။ မျက်ဝတ်ထွက်ခြင်း၊ခံတွင်းမှအပုပ်ရည်စီးကျခြင်းကြောင့်အမြဲတမ်းဆေးကြောပေးရသော ဤခန္ဓာကိုကြီးသည်စက်ဆုပ်ရွံရှာဖွယ်အတိ ပါတကား။ (အသုဘဘာဝနာ)
၎။ အင်း  တစ်ရက်တစ်ညတော့ ငါ၏အသက်မြဲခဲ့ရပြီ၊ ထွက်လေမ၀င်ခင် ၀င်လေမထွက်ခင်၊နံနက်          
 နေ့ညမရွေးသေနိုင်ပေသည်တကား။ (မရဏနုဿတိ)
   
လက်တွေ့စမ်းသပ်ကြည့်ပါက မိမိကိုယ်တိုင် (မမြင်နိုင်သေးသည့် များပြား လှသည့် သံသရာ နှင့်လောကုတ္တရာအကျိုးစီးပွါးတို့ကိုအပထား၍) လောကီ ကိစ္စများ အဆင်ပြေချောမွေ့လာခြင်း၊ အခက်အခဲများမှ လွန်မြောက်ခြင်းများကို တွေ့ရှိပါလိမ့်မယ်။

ကျမ်းကိုး
ဓမ္မစရိယဦးဌေးလှိုင်၏ရတနာသုံးပါးကျေးဇူး၊ နှာ ၁၈၉။

Friday, April 4, 2014

နေပြည်တော်သို့တစ်ခေါက်

                                     နေပြည်တော်ရဲ့လမ်းကိုကားပေါ်မှရိုက်ခဲ့ခြင်း

ဒီတစ်ခေါက်ရန်ကုန်ရောက်တုန်း နံမည်ကြီး နေပြည်တော်သို့အလည်ရောက်ခဲ့ပါတယ်။ နံမည်ကြီး လောက်အောင် တိုးတက်တဲ့နိုင်ငံကမြို့လေးလိုလှပ သတ်ရပ်နေတာတွေ့ရပါတယ်။ နေပြည်တော် သွားရာလမ်းကိုက မီးတိုင်တွေထိန်ထိန်လင်းတဲ့ ချော်မောတဲ့လမ်းကျယ်ကြီးတွေဖြစ်ပါတယ်။
လမ်းတစ်လျောက် ကားနားရာနေရာတွေကလည်းအဆင့်အတန်းမြင့်တဲ့စားသောက်ဆိုင်တွေ၊ဓါတ်ဆီဆိုင်တွေနဲ့ဖြစ်နေပြီး၊ စိတ်အချမ်းသာဆုံးကတော့ အိမ်သာတွေပဲဖြစ်ပါတယ်။ အရင်က ပေါက်တော ဆိုပြီး ချုံပုပ်တွေနေရာမှာအပေါ့သွားကြရတာတွေ မရှိတော့ပါဘူး။ လမ်းဘေးတွေမှာလည်း ရေသိပ်မလိုပဲ၊နေရောင်ကြိုက်တဲ့ စက္ကူပန်းရောင်စုံပင်တွေစီတန်းစိုက်ထားတာကလည်း အမြော်အမြင်ရှိတာ ကိုပြနေ ပါတယ်။ လမ်းစုံလမ်းခွတွေကိုလည်းမြန်မာ့ပန်းတွေနဲ့အလှဆင်ထားပါတယ်။ ကျန်တဲ့မြို့တွေလည်း နေပြည်တော်လိုသန့်ရှင်းလှပ ပါကြပါစေလို့ဆုတောင်းမိပါတယ်။

       ယခင်ကလိုဝါးလုံးတွေနဲ့တားတဲ့(၀ါးတားဂိတ်) အစားလမ်းကြေးကေါက်ခံသောဂိတ်။

                                       အဝေးပြေးလမ်းပေါ်ရှိစားသောက်ဆိုင်များ။

 
 
 
 
နေပြည်တော်ရဲ့ဟိုတည်တစ်ခု
 
 
နေပြည်တော်ရဲ့ကိုယ်ပိုင်အိမ် များ။
 
နေပြည်တော်ရဲ့ကိုယ်ပိုင်အိမ်တစ်လုံး။
 
ကားလမ်းဘေးကြောငြာဆိုင်းပုဒ်။
 
 
 
 
 
 
 
 
 

 
 
 
 
ဓါတ်ဆီထဲ့သည့်နေရာမှဆိုင်ကလေး။
 
နေပြည်တော်ရဲ့ဧည့်ရိပ်သာ။
 
 
နေပြည်တော်ရဲ့ရွှေပုဇွန်စားသောက်ဆိုင်။