:include data='blog' name='google-analytics'/>

Saturday, July 18, 2015

အရှက် နဲ့ တန်ဖိုး

Ashoka Rama's photo.

Ashoka Rama's photo.
Ashoka Rama's photo.
Ashoka Rama's photo.

အရှက် နဲ့ တန်ဖိုး
-----------------------
"အရှက်" ကြောင့် လူတွေ မိုက်မှားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ သေခဲ့ကြရပါတယ်။ "အရှက်" ကြောင့် လူတွေ "ယဉ်ကျေး" ခဲ့ကြရ...ပါတယ်။ "အရှက်" ကြောင့် လူတွေ "လိမ္မာ" ခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူနဲ့ တိရစ္ဆာန် ခြားနားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ "အ၀တ်" ၀တ်လာ ခဲ့ကြ ပါတယ်။ အဲဒီလို "ကိုယ်ရုံအ၀တ်" ၀တ်ဆင်လာခဲ့တဲ့ အချိန်ကစပြီး လူသားတွေကို "ယဉ်ကျေးတဲ့သတ္တ၀ါ" လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။
အရှက် ဆိုတဲ့ "ဟီရိသြတပ္ပ" တရားဟာ လူသားတိုင်းအတွက် အရေးကြီးဆုံးအရာ ဖြစ်ပါတယ်။ လူ့တန်ဖိုးကို အဲဒီလူရဲ့ "ရှက်စိတ်" နဲ့ တိုင်းတာလို့ ရပါတယ်။ အရှက်ဆိုတဲ့ အရာ နှစ်မျိုးနှစ်စား ရှိပါတယ်။ သူတပါးကို ရှက်တတ်ခြင်းနှင့် ကိုယ့်ကိုယ့်ကို ရှက်တတ်ခြင်းပါ။ ကိုယ့်ကိုယ်ကို "ကိုယ့်လိပ်ပြာ ကိုယ်" ရှက်တတ်တဲ့ သူဟာ တန်ဖိုးရှိတဲ့လူ ဖြစ်ပါတယ်။ "ကိုယ့်လိပ်ပြာကိုယ်" မရှက်တတ်တဲ့သူ၊ ရှက်ရကောင်းမှန်းကို မသိတဲ့သူဟာ၊ "လူ" လို့ ခေါ် ဖို့တောင် မထိုက်တန်တဲ့သူ ဖြစ်ပါတယ်။

ကိုလိုနီနယ်ပယ်သစ်တွေ ချဲ့ထွင်ကြတဲ့ နယ်ချဲ့စနစ်ကြီးရဲ့ အစဦးပိုင်းကာလတွေမှာ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဒပ်ခ်ျ စတဲ့နိုင်ငံကြီးတွေဟာ စားကျက်နယ်မြေတွေ လုကြရင်း တဦးနဲ့တဦး အပြိုင်အဆိုင် စစ်ပွဲကြီးတွေ တိုက်ခိုက်ကြပါတယ်။ လှေသင်္ဘောကြီးတွေနဲ့ တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီး တွေမှာ သင်္ဘောတွေ အမြောက်ကျည်ဆံ ထိမှန်ပြီး နစ်မြုပ်တော့မယ်ဆိုရင်၊ သင်္ဘောသားတွေကို သင်္ဘောက ထွက်ခွါခွင့် ပေးခဲ့ပေမယ့်၊ သင်္ဘောရဲ့ ကပ္ပတိန်တွေကတော့ သူ့သင်္ဘောကို စွန့်ခွါထွက်ပြေးလေ့ မရှိပါဘူး။ ခန့်ခန့်ညားညား ၀တ်စုံပြည့် ၀တ်စားဆင်ယင်ပြီး သင်္ဘောနဲ့အတူ နစ်မြုပ်အသေခံ သွားတာဟာ ရေတပ်ရဲ့ အစဉ်အလာကြီးတခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ မိမိရဲ့ သင်္ဘောကို စွန့်ခွါထွက်ပြေး သူအဖြစ် အကဲ့ရဲ့ခံရမယ့် အရှက်တကွဲ အဖြစ်ကြီးကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အသက်ကို စွန့်သွားကြတာ ဖြစ်ပါတယ်။ အရှက်ကို အသက်နဲ့ လဲသွားတာပါ။
ကမ္ဘာ့သမိုင်းမှာ အထင်ရှားအကျော်ကြားဆုံး ရေကြောင်းဗိုလ်ချုပ်ကြီးဖြစ်တဲ့ "နယ်လ်ဆင်" ဆိုရင် သူ့သင်္ဘောကို အဆမတန် အင်အားကြီးမားတဲ့ ရန်သူရေတပ် သင်္ဘောတွေက ၀ိုင်းဝန်းတိုက်ခိုက်တာကို ခံနေရတဲ့အတွက် သူ့အထက်က ရေကြောင်း ဗိုလ်ချုပ်မှူးကြီးက သင်္ဘောကို ဆုတ်ခွါလာခဲ့ဖို့ အချက်ပြအမိန့်ပေးတာကိုတောင်မှ မမြင်ချင်ယောင်ဆောင်ပြီး၊ ဆက်လက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။ စစ်ရှုံးလို့ ထွက်ပြေးရ တယ်ဆိုတဲ့ နာမည် ကို ခံရမှာထက် အသက်သာ အသေခံမယ်ဆိုပြီး အရှက်ကို အသက်နဲ့ လဲသွားခဲ့တာပါ။ သူ့အကြောင်းကို မြန်မာစွယ်စုံကျမ်းမှာ ဒီလို ရေးသား ဖော်ပြ ထားခဲ့ပါတယ်။
[နယ်လဆင်, ဟိုရေးရှိုး (ခရစ် ၁၇၅၈-၁၈၀၅)။ ။ ဟိုရေးရှိုးနယ်လဆင်သည် အင်္ဂလိပ်လူမျိုး ရေကြောင်းဗိုလ်ချုပ်မှူးဖြစ်၍၊ ဗြိတိသျှ ရေကြောင်းတိုက်ပွဲ သမိုင်း၌ အထင်ရှား ဆုံးသော ပုဂ္ဂိုလ်တဦးဖြစ်၏။ ယင်းသည် ထရာဖဲလဂါတွင် ပြင်သစ်နှင့် စပိန်တပ်တို့ကို တိုက်ခိုက်အောင်မြင်၍ နပိုလီယန်ကို အနိုင်ယူလိုက်ရာ၊ ဤအောင်မြင်မှုသည် အင်္ဂလန်ပြည်၏ သမိုင်းတွင် အကြီးဆုံးသော အောင်မြင်မှုဖြစ်၏။ (နပိုလီယန်ဘုရင်များ။ ထရာဖဲလဂါတိုက်ပွဲ- ရှု။) နယ်လဆင်သည် ၁၇၅၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် နောဖို့ခရိုင် ဗာနမ်သော့ရွာတွင် ဖွားမြင်၍ သင်းအုပ်ဆရာတဦး၏ သားဖြစ်သည်။ ငယ်စဉ်က အလွန် ချူချာသော သူတယောက် ဖြစ်သော်လည်း ပင်လယ်ခရီးထွက်ရန် အလွန်ဝါသနာပါသည်။ ထို့ကြောင့် ၁၂ နှစ်သား အရွယ်တွင် အကြောင်းမသင့်သဖြင့် ကျောင်းမှထွက်ခဲ့ရသောအခါ ဘုရင့်ရေတပ်မတော်တွင် ရေတပ်ဗိုလ်ကလေးအဖြစ်ဖြင့် အမှုထမ်းပြီးနောက်၊ ဖောက်ကလန် ကျွန်းသို့ သွားသော သင်္ဘောတွင် ပဌမဦးစွာ လိုက်ပါသွားခဲ့လေသည်။
ထိုသင်္ဘောကို သူ၏ ဦးလေးဖြစ်သူ ဗိုလ်မှူးကြီး ဆပ်ကလင်းက ကြီးမှူးရာ၊ ဦးလေး၏ သွန်သင်မှုကြောင့် တကြောင်း၊ နဂိုကပင် ရေကြောင်းဖက်တွင် ၀ါသနာထုံလှသဖြင့် တကြောင်း၊ ရဲရင့်၍ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော ကြောင့်တကြောင့်၊ နယ်လဆင်သည် ၂၁ နှစ်အရွယ်တွင် အလတ်စား တိုက် သင်္ဘေတစင်း၌ ဗိုလ်မှူးကြီး ဖြစ်လာခဲ့၏။ ထိုအခါမှစ၍ နယ်လဆင်သည် ရက်စက်စွာ အပြစ်ဒဏ်ပေးမှုများကို ပယ်ဖျက်ကာ၊ ဥပဒေများကို ပြုပြင် ပြောင်းလဲခဲ့၏။ သင်္ဘောသားများကို အထူးဂရုစိုက်တတ်သည့်အပြင်၊ ရဲရင့်စွန့်စားသူများကိုလည်း ရာထူးတိုး မြှင့်ပေးလေ့ ရှိ၏။ အသက်ပင်ငယ်သော်လည်း တကယ်ပင် စွမ်းဆောင်နိုင်သော ဗိုလ်မှူးကြီး ဖြစ်လေသည်။ နယ်လဆင်ကား သူရသတ္တိရှိ၏။ တည်ကြည်၏။ မှုခင်းတို့ကို ဆုံးဖြတ်နိုင်၏။
၁၇၉၃ ခုနှစ်၌ အက်ဂါမံနွန် ခေါ် စစ်သင်္ဘောကို အုပ်ချုပ်ရပြီးလျှင် မြေထဲပင်လယ် ရေတပ်၌ ပါဝင်ရလေသည်။ ထိုအခါမှစ၍ ပင်လယ်မှ ပြန်ရသည် ဟူ ၍ မရှိဘဲ၊ (၁၇၉၃ ခုနှစ်မှ ၁၈၀၀ ပြည့်နှစ်အထိ) ၇ နှစ်တိုင်တိုင် ပင်လယ်၌ အမှုထမ်းရသည်။ သို့ဖြင့် ၁၇၉၄ ခုနှစ်တွင် ကောစီကား ပင်လယ်ကမ်းရိုး တန်းရှိ ကာလဗီမြို့ကို သိမ်းယူသည့် တိုက်ပွဲ၌၊ လက်ျာဖက်မျက်လုံးတွင် ဒဏ်ရာရရှိရာမှ မျက်လုံးကွယ်သွားလေသည်။
ထို့နောက် ၁၇၉၇ ခုနှစ်တွင် စိန်ဗင့်ဆင့် တိုက်ပွဲ၌ သူ၏ ရဲစွမ်းသတ္တိသည် ချီးကျူးလောက်အောင်ပင် ဖြစ်၏။ ထိုတိုက်ပွဲတွင် စစ်ဗိုလ်ချုပ်ကြီး ဆာဂျွန် ဂျားဗစ်နှင့်အတူ စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းဖွဲစည်းထားသော ရေတပ်ကို နှိမ်နင်း အောင်မြင်သောအခါ၊ သူကောင်းပြုခြင်း ခံရလေသည်။ များမကြာမီ ကနေရီကျွန်းစုရှိ ဆန်တာခရု ခံတပ်ကို တိုက်ခိုက်ရာ၌ အနာတရ ဒဏ်ရာရရှိပြီးလျှင်၊ လက်ျာဖက်လက်ကို တတောင်ဆစ်မှ ဖြတ်ပစ်ရပြန်လေသည်။ နယ်လဆင်သည် အင်္ဂလန်သို့ ပြန်သွားပြီးလျှင်၊ အချိန်အတန်ကြာ ဝေဒနာကို ကုသပြီးနောက်၊ စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိလာပြန်သည်။
ထိုအချိန်၌ နပိုလီယန်သည် ကုန်းဖက် စစ်ပွဲတို့၌ အောင်မြင်ပြီး၍၊ အင်္ဂလန်ကို ရေတပ်ဖြင့် တိုက်ခိုက်လို၏။ ထိုအတွင်းနယ်လဆင်သည် တူလွန်မြို့ရှိ ပြင်သစ်ရေတပ်ကို စောင့်၍ကြည့်ဆဲ၊ ပြင်သစ်ရေတပ်သည် လေမုန်တိုင်း ထနေစဉ် လွတ်မြောက်သွားသဖြင့်၊ နယ်လဆင်သည် ထိုရေတပ်နောက်သို့ ထပ်ကြပ်လိုက်သွားကာ တိုက်ခိုက်လေ၏။ နယ်လဆင်သည် ရေတပ်ကို နှစ်စုခွဲ၍ တိုက်ခိုက်ရာ ၁၇၉၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် အပြီးတိုင် အောင်မြင်လေသည်။ ဤတိုက်ပွဲကြီးကို နိုင်းမြစ်တိုက်ပွဲကြီးဟူ၍ ဗြိတိသျှသမိုင်းတွင် မှတ်တမ်းတင်ကြသည်။ ထိုတိုက်ပွဲတွင် အရေးမလှသည်နှင့် နပိုလီယန်သည် အီဂျစ်ကို တိုက်ခိုက်ရန် အကြံကို လက်လျှော့လျက် သင်္ဘေငယ်တစင်းဖြင့် မြေထဲပင်လယ်ကို ဖြတ်၍ ပြန်ခဲ့ရလေသည်။ နယ်လဆင်၏ အောင်မြင်မှုသည် ကမ္ဘာတ၀ှမ်းလုံးသို့ ပျံ့နှံ့သွား၏။ နယ်လဆင်သည် ဗဲရွန်ခေါ် သူကောင်းဘွဲ့ဖြင့် မှူးမတ်ငယ်အဆင့်အတန်းသို့ ခန့်အပ်ချီးမြှင့် ခံရသည် သာမက ဆုငွေလည်း မြောက်မြားစွာ ရရှိလေသည်။
၁၈၀၁ ခုနှစ်တွင် နယ်လဆင်သည် ရေကြောင်းဗိုလ်ချုပ်ကြီးရာထူးကို ရရှိခဲ့ပြီးနောက်၊ အင်္ဂလန်သည် ဗောလတစ်ကမ်းခြေနိုင်ငံများနှင့် စစ်ဖြစ်ပြန်ရာ၊ ရေတပ်ဗိုလ်ချုပ်မှူးပါကာ၏ ရေတပ်ကြီးတွင် ပါဝင်လိုက်ပါပြီးလျှင် ဒိန်းမတ်နိုင်ငံသို့ ချီတက်သွားပြန်၏။
ပြင်သစ်ဘုရင် နပိုလီယန်သည် နောက်တကြိမ် အင်္ဂလန်ပြည်ကို စီးနင်းရန် ကြံစည်ပြန် ရာ၊ ၁၈၀၃ ခုနှစ်၌ နယ်လဆင်သည် အနားယူနေရာမှ ရေ ကြောင်းဗိုလ်ချုပ်ကြီး အဖြစ်ဖြင့် မြေထဲပင်လယ် သင်္ဘောတပ်ကို ဦးစီး၍ တိုက်ပွဲဝင်ခဲ့ပြန်သည်။ ဦးစွာ၌ ကိုပင်ဟားဂင်းမြို့အနီး တွင် ဒိန်းလူမျိုးတို့၏ ရေတပ်ကို အောင်မြင်သည်။ ဤတိုက်ပွဲ ဖြစ်နေစဉ် ရေကြောင်း ဗိုလ်ချုပ်မှူး၏ သင်္ဘောမှ ပြန်၍ဆုတ်ရန် အချက်ပြသော အလံလွှင့်တင်သည်ကိုပင် နယ်လဆင်သည် မမြင်သော မျက်စိဖြင့် မှန်ပြောင်းနှင့်ကြည့်၍ အချက်ပေးခေါ်သည်ကို မမြင်လေဟန်ဆောင်လျက် ဆက်လက်တိုက်ရာ ရှုံးတော့မည့် အခြေမှ တခါတည်း အနိုင်ရခဲ့ လေသည်။ ဤအောင်မြင်မှုကြောင့်လည်း ဗိုင်းကောင့်ခေါ် သူကောင်းဘွဲ့ထူးဖြင့် မှူးမတ်လတ် အဖြစ် တိုးမြှင့်ချီးကျူးခြင်း ခံရပြန်လေသည်။
တခါက နယ်လဆင်သည် သူ၏ အလံတင် သင်္ဘော 'ဗစ်ထရီ' ကို စီးနင်း၍ တူလွန်မြို့နှင့် ခပ်လှမ်းလှမ်းတွင် စောင့်ဆိုင်းနေရာ ပြင်သစ် သင်္ဘောတပ် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်ရသောအခါ မိမိ၏ ရေတပ်ဖြင့် ထပ်ကြပ်မကွာ အနောက် အိန္ဒိယကျွန်းစုသို့ ရောက်အောင်လိုက်ပြီးမှ ပြန်၍ လှည့်လာခဲ့၏။ ထို့နောက် ရန်သူတပ်ကို ဆုံမိအောင် ၂ နှစ်တောင်မှ စောင့်ဆိုင်းခဲ့ရပြီးနောက်၊ ၁၈၈၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် စပိန်နိုင်ငံ ကမ်းခြေ ထရာဖဲလဂါအငူတွင် ရေကြောင်းတိုက်ပွဲကို စတင် တိုက်ခိုက်ရ လေသည်။ ထိုတိုက်ပွဲတွင် နယ်လဆင်သည် 'အင်္ဂလန်ပြည်သည် လူတိုင်း အား မိမိတာဝန်ဝတ္တရားကို ဆောင်ရွက်လိမ့်မည်ဟု မြှော်လင့်သည်' ဟူသော အဓိက ဆောင်ပုဒ်ကို ဖော်ပြသည့် အလံကို မိမိ၏ အလံတင် သင်္ဘောတွင် လွှင့်ထူကာ ၂၇ စင်းမျှသာ ရှိသော အင်္ဂလိပ်သင်္ဘောများဖြင့် စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းထားသည့် ရေတပ်ကြီးကို မဆုတ်မနစ် တိုက် ခိုက်လေသည်။ ဤတိုက်ပွဲတွင် နယ်လဆင်သည် မိမိကိုယ်တိုင် စီးနင်းသည့် 'ဗစ်ထရီ' ခေါ် အလံတင်သင်္ဘောကို ဘေးဥပါဒ်အများဆုံးနေရာတွင် ချထား၍ တိုက်ခိုက် လေရာ၊ တိုက်ပွဲပြင်းထန်လာချိန်တွင် နယ်လဆင်သည် ကုန်းပတ်အမြင့်ပေါ်၌ လျှောက်ရင်း အမိန့်ပေးနေစဉ်၊ ရန်သူ့ဖက်မှ ကျည် ဆံသင့်၍ ကျလေ၏။ ကျည်ဆံသည် နယ်လဆင်၏ ကျောရိုးတွင် မြုပ်ဝင်လျက်ရှိသဖြင့် နယ်လဆင်အား ဘေးကင်းရာ သင်္ဘေ၀မ်းသို့ ယူသွားရလေ၏။ နောက်ဆုံးတွင် အင်္ဂလိပ်တပ်က နိုင်ကြောင်းကို သိရပြီးမှ ရရှိသောဒဏ်ရာဖြင့် ကွယ်လွန်လေသည်။ "ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကျွန်ပ် ၏တာဝန် ၀တ္တရားများကို ကျေပြွန်စွာ ဆောင်ရွက်ပြီးပါပြီ" ဟူသော နယ်လဆင် သေအံ့ဆဲဆဲတွင် ပြောခဲ့သော စကားသည် သမိုင်း၌ ဥဒါန်းတွင်ရစ်၏။]
အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄နာရီခွဲခန့်အချိန်တွင် နယ်လဆင်သည် ရန်သူရေတပ်ကို အပြီးသပ် အောင်မြင်၍ အင်္ဂလန်နိုင်ငံသူ နိုင်ငံသားများ သည်လည်း ထိုစစ်ပွဲ နိုင်သည့် သတင်းကောင်းနှင့်တကွ ရေကြောင်းဗိုလ်ချုပ်မှူး နယ်လဆင် တိုက်ပွဲတွင် ကျဆုံးရရှာပြီ ဟူသော ၀မ်းနည်းဖွယ် သတင်း ကိုပါ တပါတည်း ကြားကြရလေသည်။ သူ၏ ရုပ်အလောင်းကို ၁၈၀၆ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် လန်ဒန်မြို့ စိန့်ပေါဘုရားရှိခိုးကျောင်းကြီး အတွင်း၌ မြှုပ်နှံထား၏။ ထို့အပြင် အထိမ်းအမှတ်အဖြင့် ပေ ၁၇၀ ကျော်မြင့်သော နယ်လဆင် ကျောက်တိုင်ကြီးကို တည်ဆောက်ထားခြင်းဖြင့် အာဇာနည် ရေ ကြောင်း ဗိုလ်ချုပ်မှူး၏ ကျေးဇူးကို ဂုဏ်ပြု ချီးကျူးထားလေသည်။
"အရှက်နဲ့ လူလုပ်တယ်" ဆိုတဲ့ စကားကို စူဠသုဘဒ္ဒါတို့ခေတ်၊ ဥပကတက္ကဒွန်းကြီးတို့ ခေတ်က ပြောခဲ့ကြသလို ခုခေတ်မှာလည်း ပြောနေကြတာပါ။
"ဟေ့ တို့က အရှက်နဲ့ လူလုပ်တာ၊ အရှက်ကို အသက်ထက် ပိုတန်ဘိုးထားတယ်"ဆိုတာမျိုး လူတိုင်းလိုလို တကြိမ်တခါတော့ ပြောဖူးကြတာချည်းပါပဲ။ ဒါပေမယ့် 'အရှက်' ဆိုတာ ဘာလဲလို့ မေးကြည့်လိုက်ရင်တော့၊ တယောက် တမျိုး၊ေ၀၀ါးထွေပြားတဲ့ အဖြေတွေသာ ထွက်လာမှာ ဖြစ်ပါတယ်။ တိကျ ရေရာတဲ့ အဖြေတခုရဖို့ မလွယ်တော့လောက် အောင်ကို 'အရှက်' ဆိုတာ၊ အလှမ်းကွာဝေးသထက် ကွာဝေးလာနေတဲ့ အရာတခု ဖြစ်နေပါတော့တယ်။

ဒီလို အလှမ်းဝေးလာခဲ့ရတာက "အရှက်" ဆိုတာရဲ့ "တန်ဖိုး" သတ်မှတ်ချက်တွေ ပြောင်းလဲ သွားခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ ဘာမှ မကြာသေးတဲ့ မနေ့ တနေ့ကတွင် ရှက်စရာလို့ ယူဆထားတဲ့ အရာတခုဟာ ကနေ့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလောက် အဖြစ်သာ သဘောထားတာမျိုးတွေ အများကြီး ဖြစ်နေပါပြီ။ "အရှက်" နဲ့ "တန်ဖိုး" တွေ ပြောင်းလဲသွားတာနဲ့အမျှ၊ လူ့အဖွဲ့အစည်းလည်း ပြောင်းလဲသွားရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူ့အဖွဲ့အစည်း ရဲ့ "နေပျော်မှု" "မနေပျော်မှု" ဟာ "အရှက်" နဲ့ "တန်ဖိုး" အပေါ်မှာ အဓိက မူတည်နေကြောင်း ရေးသားလိုက်ရပါတယ်။
လူထုစိန်ဝင်း။
{လူထုစိန်ဝင်း ရဲ့ အရှက်နဲ့တန်ဖိုး စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၉၉ ဖေဖော်ဝါရီမှ ကောက်နှုတ် ကူးယူ ဖော်ပြပါတယ်။}
အသောကာရာမ-မလေးရှား

No comments:

Post a Comment