:include data='blog' name='google-analytics'/>

Saturday, May 12, 2018

  အနာကြီးရောဂါ (Leprosy)ဆိုတာ အလွန်ရှေးကျတဲ့ရောဂါပါ။ မြတ်စွာဘုရားလက်ထက်တော်ကတဲက ရှိခဲ့တဲ့ရောဂါမို့ ပုထုဇဉ်တွေ ကာမဂုဏ်ခံစားတာ ကိုအနာကြီး ရောဂါသည်အယားသက်သာအောင် မီးလှုံတဲ့ ဥပမာနဲ့ မြတ်ဘုရား ခိုင်းနှိုင်းတော်မူခဲ့ပါတယ်။

မြတ်ဘုရားရဲ့ တတိယသားတော်ကြီး လို့ပြောရမဲ့ အရှင်မဟာ ကဿပရဲ့ ကရုဏာတော်ကို ညွှန်းပြတဲ့ အနေနဲ့ အရှင်မြတ်ကြီး အနာကြီး ရောဂါသည် လှူတဲ့ဆွမ်းထဲမှာ ပြတ်ပါလာတဲ့ လက်ချောင်းကို ဖယ်ပြီး ဆွမ်းဘုဉ်ပေးတယ်ဆိုတာကိုလည်း ဗုဒ္ဓဘာသာ လေ့လာ လိုက်စား သူတိုင်းသိကြပါတယ်။

   ဒါပေမဲ့ ဒီရောဂါ ဘယ်လို ဖြစ်တယ်ဆို တာတော့ သိသူ အလွန်နည်း ကြပါတယ်။ အနုပညာတီထွင်သူ  ပညာရှင်များ ကိုယ်တိုင် တိတိပပ မသိကြတာကြောင့် ၀တ္ထုဇတ်လမ်းတွေမှာ မိန်းမ ပွေရှုပ်သူများ အနာကြီး ရောဂါ ဆွဲကပ်ပြီး သေဆုံးတာနဲ့ အဆုံးသပ်လေ့ရှိ ကြပါတယ်။ အနာကြီး ရောဂါ နဲ့ စစ်ဖလစ် (syphilis) ဆိုတဲ့ မြာပွေလို့ရတဲ့ ရောဂါနဲ့  ရောကုန် ကြတာပါ။

   အနာကြီး ရောဂါ ဆိုတာ (Bacteria) ဆိုတဲ့ပိုးကြောင့် ဖြစ်တာပါ။ ပိုးကြောင့် ဖြစ်လို့ကူးဆက်နိုင် ပါတယ်။ ဒါပေမဲ့ ဒီပိုးရဲ့ ကူးဆက်နိုင်တဲ့ စွမ်းအားက သိပ်ကိုနည်းပါတယ်။ လူတစ် ယောက်က တစ်ယောက် ကူးဖို့ ဆိုရင် ရောဂါရှိသူနဲ့ အနည်းဆုံး ၅ နှစ်ခန့် လက်ပွန်းတတီး နေမှ ကူးတာပါ။ဒါကြောင့် အနာကြီး ရောဂါရှိပြီး ရောဂါပိုးတွေ ထွက်နေတဲ့ အမေက ခလေး ကို နှစ်ချီ ပြီး နို့ချိုတိုက် ကြွေးမှ ကူးနိုင်ပါတယ်။ နို့ဆို့ ခလေး တွေရဲ့ ခုခံအားတွေ ကောင်းကောင်း မဖွံ့ဖြိုး သေးလို့ပါ။ တစ်အိမ်တည်း အတူနေတဲ့ သူများကို မကူးပါ ဘူး။
အနာကြီး ရောဂါ ပိုးတွေက အချင်းကိုလည်း ဖေါက်မသွား  နိုင်တာကြောင့် ရောဂါ သည်အမေက မွေးတဲ့ ခလေးမှာလည်း ရောဂါ ပါ မလာပါဘူး။ အဲ့ဒီ ခလေးကိုရောဂါသည်အမေရဲ့ နို့မတိုက်စေပဲ လူကောင်းတွေ က မွေးစားကြမယ်ဆိုရင် ခလေးမှာရောဂါ မဖြစ်ပါဘူး။

    အနာကြီး ရောဂါပိုးက တီဘီဖြစ်စေတဲ့ပိုးနဲ့ မျိုးတူပါတယ်။ သူတို့မှာ အနွေးထည်လိုပိုးရဲ့ ကိုယ်အပြင်မှာ အဆီလွှာပါ ပါတယ်။ ဒါကြောင့် ဆေးတွေက ပိုးရဲ့ ကိုယ်ထဲကို တော် တော်နဲ့  မရောက် နိုင်တာကြောင့် ယခင်က အာနိသင် နည်းတဲ့ ဆေးတွေ ဆိုရင် အနည်းဆုံး ၅-၁၀ နှစ် အထိ သောက်ရ ပါတယ်။ ယခု ခေတ်မှီ ဆေးတွေနဲ့ ဆိုရင်တော့ ၆ လ သောက်ရင် ပျောက်ပါ တယ်။ တီဘီပိုးကပို ပိုပြင်းပါတယ်။ တီဘီ ပိုးရဲ့ အဆီလွှာက အက်စစ် ၁၅% အထိ ခံနိုင်ပြီး။ အနာကြီး ရောဂါ ပိုးကတော့ အက်စစ် ၅% ပဲခံနိုင် ပါ တယ်။

   အနာကြီး ရောဂါ နှစ်မျိုး ရှိပါတယ်။ အဆို နဲ့ အခြောက်ပါ။အဆိုရောဂါ ဆိုတာ အများတွေ့ ဖူးတဲ့ အနာ တွေ တရွဲရွဲနဲ့ မြင်မကောင်း ရှုမကောင်း နားရွက်ပြတ်၊ လက်ပြတ် နေတဲ့ ရောဂါသည် တွေပါ။ ဒီလူနာ တွေရဲ့ အနာတွေမှာ ပိုးတွေ ရှိပါတယ်။အဲ့ဒီလူနာတွေနဲ့ ရင်းရင်း နှီးနှီး ဆက်ဆံမယ် ဆိုရင် ရောဂါပိုးတွေ ဆက်ဆံတဲ့ သူဆီရောက်လာ နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါပိုးရောက် လာတဲ့ လူရဲ့ ခုခံအားက ကောင်းမယ် ဆိုရင် အနာကြီး ရောဂါပိုးတွေမပွါး နိုင်တာကြောင့် အနာကြီး ရောဂါ မဖြစ်ပါဘူး။

      သာသနာတော် မှာထင်းရှားတဲ့  ယောနိသော မနသိကာရစကား လိုပါပဲ။ အာရုံလက်ခံသူက ကုသိုလ်အနေနဲ့ (တစ်နည်း) ပေါ့စတစ် စိတ်ထားနဲ့ လက်ခံမယ်ဆိုရင်အကုသိုလ် မဖြစ်သလို ဒီရောဂါ မှာလည်း ရောဂါပိုးကို နှိမ်နင်း နိုင်တဲ့ ခုခံအား ကောင်း နေ ရင်ရောဂါ မဖြစ်ပါဘူး။ တစ်နည်း အနာမရှိတဲ့ လက်နဲ့ အဆိပ်ကိုင် သလိုပါပဲ။

      အနာကြီး ရောဂါကို ဓါတ်ခွဲခန်း တိရစ္ဆာန် တွေမှာ ရောဂါ ဖြစ်စေ ချင်ရင် အခြား ရောဂါပိုးတွေလို တိရစ္ဆာန် ကိုယ်ထဲကို ပိုးထိုးထဲ့ ရုံနဲ့ ရောဂါ မဖြစ်ပါဘူး။ အဲ့ဒီ တိရ စ္ဆာန်ကို အရင်   ကိုယ်ခံအား ကျအောင် လုပ်ရ ပါတယ်။

        ဒါကြောင့် အနာကြီး ရောဂါသည် တွေ တွေ့ရင် သိပ် မကြောက် ကြပါနဲ့ ရောဂါ အ လွယ်တကူ မကူးနိုင်ပါဘူး။ ရောဂါသည် တွေကို သနားပြီး အလှူငွေ ပေးချင် ပေမဲ့ ကူးမှာ ကြောက်ပြီး မပေး မလှူတဲ့ သူတွေ  လှူသာ လှူကြပါ။ ပေးသာ ပေးပါ ကြပါ။ ရောဂါ မကူး ပါဘူး လို့ ပြော ချင်ပါတယ်။

      နောက် တစ်မျိုးက အခြောက် ရောဂါသည် ပါ။ ဒီလူနာတွေ မှာတော့ အနာတွေ မရှိ ပါဘူး။ ဒါ ကြောင့် ရောဂါပိုး တွေလည်း မထွက် ပါဘူး။
အနာကြီး ရောဂါပိုးက နပ်ကြော် (Nerve) တွေမှာ ပွါးများ ပါတယ်။ ဆေးပညာ မှာ နပ်ကြော နှစ်မျိုး ရှိပါ တယ်။ တစ်မျိုးက ခံစား သောနပ်ကြော (sensory neurone) ပါ။ သူတို့က ကိုယ်ခန္ဓာရဲ့ ပူမှု၊ အေးမှု၊ နာမှု၊ ကျင်မှု စတဲ့ ခံစားမှု (sensation or feeling) တွေ ကို အရေပြား မှာရှိတဲ့ သေးငယ်တဲ့ ကွန်ရက် ကဲ့သို့ သော နပ်ကြောမြှင် ကလေးများမှ ရယူသယ် ဆောင်ပါ တယ်။ဒီ ကွန်ရက် နပ်ကြောမြှင်တွေက မြတ် ဘုရားရဲ့ ကာယပသာဒ ရုပ်တွေလို့ပြောနိုင် ပါတယ်။
   
အနာကြီး ရောဂါသည် တွေမှာ ခံစားမှု နပ်ကြောတွေ ပျက်စီးကုန်တာကြောင့် ပူတာအေးတာ မသိတော့ပါ ဘူး၊ နာလည်း မနာတော့ ပါဘူး။ဒါကြောင့် အနာကြီး ရောဂါသည်တွေ ဟာ အလွယ်တကူ ပူနေတဲ့ ထမင်းအိုး၊ မီးသွေးခဲ စသည် တို့ကို  လက်နဲ့ ကိုင် တွယ်လေ့ ရှိ ပါတယ်။လူက ပူမှန်း မသိပေမဲ့ အပူက လက်ကိုလောင် တာမို့ လက်တွေပြတ် ကျတတ် ပါတယ်။

    နောက် နပ်ကြောတစ်မျိုးက ကြွက်သား တွေလှုပ်ရှား အောင် လုပ်ပါတယ်။သူတို့ကို လှုပ်ရှားမှု နပ်ကြော (motor neurone) လို့ခေါ် ပါတယ်။ သူတို့ တွေကြောင့် ကျမတို့ ရဲ့ ကြွက်သားတွေ လှုပ်ရှား ပါတယ်။

    အနာကြီး ရောဂါမှာ ဒီနပ်ကြော တွေလည်း ပျက်စီး တာကြောင့် ကြွက်သားတွေ လှုပ်ရှားမှု မရှိ လို့ ကြွက်သားတွေ သေးသိမ် သွားပြီ လူနာရဲ့ လက် ခြေတွေ ကေါက်သွား တာမျိုး ဖြစ်နိုင် ပါတယ်။

   (ဗုဒ္ဓတရား တော်အရ ကြွက်သားတွေ လှုပ်ရှားတာက အာရုံကို တုန့်ပြန်တဲ့ စိတ္တဇရုပ်တွေ ဖြစ်တာပါ။ တနည်း အားဖြင့်တော့ အတူတူပါပဲ။ မြတ်ဘုရားက လူ့ကိုယ် ခန္ဓာရဲ့အတွင်း အင်္ဂါအစိပ် အပိုင်း တွေကို မလေ့လာ ထားတဲ့ ရဟန်းတွေ၊ လူတွေ ကို နားလည် လွယ်အောင် မြင်သာတဲ့ ကိုယ်ခန္ဓာ ပြင်ပက ရုပ်ဝတ္ထု တွေနဲ့ ဟောခဲ့ တာပါ။

      အံသြ စရာ နောက်တစ်ခု ကတော့ စိတ္တဇရုပ် တွေဖြစ်ရတာ ၀ါယောဓါတ် ခေါ်တဲ့ တစ်ကိုယ်လုံးက ပရမတ် ဓါတ်တွေ ရွေ့လျားလို့ ဖြစ်ရ တယ်လို့ ဟောထား ပါတယ်။   “စိတ်ကြောင့်ဖြစ်သော ဓါတ်ဝါယော နှံ့ နှော် ကိုယ်မှာရှိ ” တဲ့။

       ကျမ တို့ရဲ့ နပ်ကြောတွေ (both sensory and motor neurones) ဟာ တစ်ကိုယ် လုံးမှာ အပ်ချ စရာ မရှိအောင် များပြား ပါတယ်။ အရေပြား မှာရှိတဲ့ နပ်ကြောမြှင် ကလေးတွေ စုပေါင်းပြီး နပ်ကြောကြီး တွေဖြစ်လာ ပါတယ်။ မြစ်လက်တက် လေးတွေ ပေါင်းပြီး မြစ်ကြီး တစ်ခုဖြစ် သွားသလို ပါပဲ။ လက်က နပ်ကြောတွေ စုပေါင်းထားတဲ့ နပ်ကြောကြီးကို ချိုင်းမှာတွေ့ရပြီး၊ ခြေထောက် ကနပ်ကြောကြီး ကတော့ ပေါင်ရင်း မှာရှိပါတယ်။အဲ့ဒီနပ်ကြော ကြီးတွေက ဗဟိုနပ် စင်တာ (central nervous centre) လို့ခေါ်တဲ့ ဥဏှာက်နဲ့ကျော်ရိုး ထဲမှာရှိတဲ့ နပ်မကြောကြီး ထဲကိုရောက်ကြ ပါတယ်။

     နပ်ကြော တွေဟာ ၀ါယာ ကြိုးတွေလို တဆက်ထဲ မဟုတ်ပါဘူး။ဥပမာ ပေးရ ရင် ဘုရားကျောင်း စသည်တွေ ဆောက်တဲ့  အခါများမှာ လူတွေ လက်တကမ်း စာမှာ ရပ်ပြီး အုပ်ချပ် တွေကို လက်ကမ်း သယ်သလို မျိုး၊ နူရုံး (neurones) လို့ခေါ်တဲ့ နပ်ဆဲ တွေကလည်း တစ်ခုချင်း တန်းဆီ နေကြပြီး တစ်ခုနှင့် တစ်ခု အုပ်ခဲ နဲ့ တူတဲ့  (neurosecretion) နူရိုဓါတ်ရည် တွေကို လက်ဆင့် ကမ်းခြင်းဖြင့် ပသာဒရုပ်တွေ က အာရုံတွေ (ပူတဲ့ အေးတဲ့ ခံစားချက်၊ မြင်ခြင်း ၊ကြားခြင်း၊ ချိုချဉ် အရသာ စသည့် ခံစားမှု (feeling) တွေကိုသယ်ယူပြီး၊ ကြွက်သားတွေ လှုပ်ရှားဖို့ အမိန့် (၀ါ) သတင်း (information) တွေကို ကြွက် သားများ ဆီသယ်ပေးခြင်းဖြင့် ကြွက်သားများကို လှုပ်ရှားစေပါတယ်။ တနည်းအာရုံကြောင့်စိတ္တဇရုပ် များဖြစ်တာနဲ့ အတူတူပါပဲ။

စာရူ့ သူတွေ ဥဏှော ခြောက်သွား ပြီးလား sorry နော်။ နားလည် စေချင်လို့ပါ။သိပ္ပံ ပညာပို သိလေ မြတ် ဗုဒ္ဓရဲ့ ဉာဏ်တော်ကြီးကို ပိုကြည်ညိုလေ မို့ပါ။မြတ်ဗုဒ္ဓက အနာကြီး ရောဂါဟာ ပိုးကြောင့် ဖြစ်တယ် ဆိုတာ ကိုလည်း မှန်ဘီးလူးတွေ မပေါ်ခင် နှစ်ပေါင်း ၂၅၀၀ ကျော်ကတဲ ကဟောခဲ့ ပါတယ်)။

       အနာရှိတဲ့ အဆိုရောဂါသည် တွေမှာ အနာရဲ့ ပုပ်နံ့ကြောင့် ညအချိန်မှာ ကြွက်တွေ အနာကို လာ ကိုက်စားလို့ အနာရှိတဲ့ နေရာများ ဥပမာ၊ နှခေါင်း၊ နားရွက်နဲ့ လက်ချောင်းများ ပြတ်ကျ တတ်ပါ တယ်။ လူကောင်းလို နာမှန်း မသိတာကြောင့် ကြွက်ကိုက် နေပေမဲ့  လက်ကို မဖယ်မိကြလို့ ပိုမိုအကိုက် ခံရပါ တယ်။

       အနာကြီးရောဂါဖြစ်စမှာ အရေပြားမှာ အဖြူရောင် အကွက်ကလေး စဖြစ်ပါတယ်။ အဲ့ဒီ အကွက်ကို အပ်နဲ့ ထိုးကြည့်ရင် စူးမှန်း မသိပါဘူး။သတိထားရမှာက အခြား အနာတစ်ခုခုကြောင့် (ဥပမာ၊ ဓါးရှတာ၊) အနာရွတ် ကျန်ခဲ့ ရင်လည်း ကျန်ခဲ့တဲ့ အနာရွတ်က လည်း  ဖြူပါ တယ်။ အကြောကို ထိထားလို့ စူးမှန်းလဲ မသိဖြစ် တတ်ပါတယ်။ ဒါကြောင့် အနာကြီး ရောဂါ ထင်ရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသ သင့်ပါတယ်။
ရုပ်ပျက် ဆင်းပျက် မဖြစ်ခင် ကုသမယ်။ဒါမှ မဟုတ် ရုပ်ပျက်ဆင်း ပျက်ဖြစ်စေမဲ့အပြုအမူ ဥပမာ၊ အပူ ပစ္စည်းများကို လက်နဲ့ မကိုင်ခြင်း၊ အပုပ်နံ့ ထွက်သော အနာများကိုဆေးလိမ်းပြီး ပတ်တီး စည်းထားခြင်း များပြုလုပ်မယ် ဆိုရင် ရုပ်ပျက်ဆင်းပျက် မဖြစ်တော့ပါဘူး။ ယခုခေတ်လို ပလပ်စတစ်ဆာဂျရီ (plastic surgery) လို့ ခေါ်တဲ့ ခွဲစိပ်ကု သခြင်း ဖြင့်လည်း ပျက်စီးနေသော ရုပ်ဆင်း တွေကိုပြု ပြင်နိုင်ပါတယ်။
တစ်ချို့ ရောဂါသည်တွေက ရောဂါရှိတာ  လူသိမှာ စိုးပြီး မကုသကြလို့ ရောဂါမဆိုး သင့်ပဲဆိုးကြ ရပါတယ်။
ယခင် အနာကြီး ရောဂါဆေးတွေက နှစ်ရှည်လများ သောက်ရပြီး ရောဂါက လည်းသိသိသာသာ မသက်သာ တာမို့ လူနာတွေဟာ သူတို့ဘ၀ မထူးတော့ပါဘူး ဆိုပြီး ဆေးမှန်မှန် မသောက်ကြတာ ကြောင့် လည်း ရောဂါပို ဆိုးရတာပါ။

ဒီရောဂါဟာ တခြား ကူးဆက် ရောဂါတွေ လိုပဲ ရောဂါပိုး ကိုယ်ထဲ ရောက်လာလို့ရောဂါ ဖြစ်ရ တာပါ။ကာမ သောင်းကြမ်းလို့၊ အကျင့် မကောင်းလို့ ဖြစ်ရတဲ့ ရောဂါသည်ရဲ့အပြစ် မဟုတ်ပါဘူး။

     အနာကြီး ရောဂါသည် တွေဟာ ရောဂါကြောင့် မသေပါဘူး။ သူတို့ ခံစားရတဲ့ ဒုက္ခက ရုပ်ပျက် ဆင်းပျက် ဖြစ်ခြင်းနဲ့ ပတ်ဝန်ကျင်ရဲ့ စွန့်ပယ်ခြင်း ကိုခံရတဲ့ (Social problem)   လူမှုရေး ဒုက္ခပါ။ အနာကြီး ရောဂါသည် တွေဟာ အခြား ရောဂါ ဝေဒနာ ခံစားရတဲ့ လူနာ  တွေလိုပဲ ကူညီရမဲ့ သနားရမဲ့ သူတွေပါ။ ဒါကြောင့် “မြေနိမ့်ရာလှန်စိုက်” ဖြစ်စေမဲ့ အပြုအမူ များကို ရှောင်ဖို့ အထူး သတိထား ရပါမယ်။

မှတ်ချက်။ အမေရိကန်နိုင်ငံမှာ အနာကြီးရောဂါ ရှိရင် ဒါမှမဟုတ်ရောဂါသည်နဲ့ တွေ့ဆုံနေထိုင်ခဲ့ တယ်ဆို ရင်ကူးဆက်ရောဂါဌာနကို အကြောင်းကြားရပါတယ်။ ရောဂါရှိမရှိစမ်း သပ်စစ်ဆေးပြီး၊ ဆေးကုသမှု အမြန်ဆုံးပေးနိုင်အောင်ပါ။

ဒုက္ခရောက်နေသူများအား သနားကရုဏထားနိုင်ကြပါစေ။

No comments:

Post a Comment