ကျမရဲ့ ဖေဖေ
ဖေဖေမဆုံးခင် ၃ ပတ်အလို အသက် ၉၈ နှစ်ကရိုက်ထားတဲ့ပုံပါ။
မေမေကအေးဆေးသလောက် ဖေဖေက စိတ်မြန်လက်မြန်သမားပါ၊ မေမေကအိမ်တွင်းမှု့တွေသင်ပေးသလို ဖေဖေက သူဝါသနာပါတဲ့စက်ပစ္စည်းတွေ ပြင်တဲ့အတတ်ပညာကိုသင်ပေးပါတယ်။ သူကားပြင်တိုင်း ကျမနဲ့အမကြီးက assist လုပ်ရပါတယ်၊ စလိုက်မီး ကို ပြင်တဲ့နေရာထိုးပေးရပါတယ်။ မီးကိုငြိမ်နေအောင်ကိုင်ပေးရတဲ့အပြင် နေရာရွေ့သွားရင်လဲ ရွေ့တဲ့နေရာ လိုက်ရွေ့ပေးရပါတယ်။ ငယ်ငယ်တုံးကတော့ မလုပ်ချင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကစားဖို့အချိန်ရော့သွားတဲ့အပြင် ၊ အဆူခံရဖို့လဲ ရှိပါတယ်။ ဒါပေမဲ့ house surgeon ဖြစ်တော့ ကျမ ကို surgeon တိုင်းက assist လုပ်စေချင်ပါတယ်။ very good assistant တဲ့။ ဒါကြောင့် house surgeon ဘ၀ကတဲက surgeon နဲ့ OG တို့ရဲ့ major surgery အားလုံးကို assist လုပ်ခဲ့ရပြီး surgeon နဲ့ OG တို့ကပြန် assist လုပ်ပြီး major surgery တွေလဲလုပ်ခဲ့ရပါတယ်။ Anesthetic ကတော့ နင်က အလုပ်ကောင်းတော့ နှဖါးကြိုးအထိုးခံရတာပေါ့လို့ စတတ်ပါတယ်။ ကျမ ဂျပန် ပညာတော်သင်သွားတုံး မြန်မာ ပညာတော်သင်တွေ စုပြီးချက်တဲ့ rice cooker ပျက်သွားပါတယ်။ လောလောဆယ် ချက်စရာမရှိလို့ အခက်တွေ့နေတုံး ကျမဖြုတ်ကြည့်တော့ rice cooker အောက်က coil ကိုသွားတဲ့ wire ကြိုးပြုတ်နေတာမို့ ဆက်လိုက်တာနဲ့ကောင်းသွားပါတယ်။ အဲ့ဒီအချိန်မှာ မြန်မာပညာတော်သင်အမျိုးသား ၃ ဦးလောက်ရှိပါတယ်။ သူတို့က မလုပ်တတ်ဘူးတဲ့။ တစ်ယောက်က engineer တဲ့ သူ့ကိုတော့ လုံးဝ အကူအညီ မတောင်းကြဘူးတဲ့ ။ မနေ့ကတင် ကျမတို့ ဈေးသွားဝယ် တုံး သူထမင်းချက်ထားမယ်ဆိုပြီး rice cooker အပြင်အခွံထဲ ရေနဲ့ဆန်ထဲ့ ချက်လို့ တဲ့။ အတွင်းခွက်က ရေဆေးပြီးမှောက်ထားတာတဲ့။ထမင်းတခါမှ rice cooker နဲ့ချက်တာမတွေ့ဖူးဘူးထင်တယ်။ အဲ့ဒါကြောင့် wire shock ဖြစ်ပြီးပြုတ်သွားတာဖြစ်မယ်။ ဖေဖေက ဆရာဝန်သာမဟုတ်တယ် psyco တော့ အတော်ကျွမ်းတယ်။ ကျမ အောက် မောင်က engeniering သွားချင်တယ်။ ဒါပေမဲ့ ဖေဖေတို့ကဆရာဝန်လိုင်းသွားစေချင်တယ်။ အဲ့ဒီအချိန်က ကျမအဖေကိုကိုယ်စားလှယ်လွှဲထားတဲ့BOC, IVP စတာတွေကို ပြည်သူပိုင်းသိမ်းလို့ ဖေဖေ့ကားတွေကို အဆိုးရဆန်တင်တဲ့ အလုပ်လုပ်နေရတယ်။ နေ့စဉ် ကားခ၊ driver ခ၊ ဆီဖိုးစတာတွေ အိပ်စိုက်ထားရပြီး အစိုးရဆီက ၂ နှစ်လောက်မှ ပိုက်ဆံထုတ်လို့ရတော့ စားအုပ်ဖိုးသက်သာအောင် ကျမ တတ်တဲ့ ဆေးကျောင်းကိုတတ်စေချင်တာ မသိခဲ့ဘူး။ စီးပွါးရေးအစဉ်မပြေတာကို သားသမီးတွေပညာရေးမှာအနောက်အယှက်ဖြစ်မှာစိုးလို့မပြောခဲ့ကြဘူး။ ဖေဖေက သူ့သားကို မင်းက 3D ရပေမဲ့ နင့်အမ 2D လောက်အမှတ်မကောင်းဘူးလို့ပြောတယ်။ အဲ့ဒီအချိန်က D မပါသူတွေတောင် အမှတ်ကောင်းရင်ဆေးကျောင်းဝင်တဲ့ ခေတ်ပါ။ မောင်လေးလဲ မခံချင်တာနဲ့ ဆေးကျောင်းကို first choice ထားပြီး သူကြိုက်တဲ့ engineering ကို second choice ထားတော့ ဆေးကျောင်းရောက်သွားပါရော။
ဖေဖေကကားပြင်တာဝါသနာပါသလို ပစ္စည်းအသစ်အဆန်းထွင်တာလဲ ၀ါသနာ ပါတယ်။ ကျမတို့ က ဦးတည်ထွင်လို့ မောင်နှမတွေသာသိတဲ့ nick name ပေးထားပါတယ်။ ယခုခေတ်ဈေးကွက်မှာရှိတဲ့ အမြင့် ချိန်လို့ရတဲ့ စာအုပ်အထူ ကြီးတွေထောင်ဖတ်လို့ရတဲ့ စာအုပ်စဉ် ကို ကျမ ဆေးစာအုပ်တွေတင်ဖတ်လို့ရအောင်သူ့မှာရှိတဲ့ ကားပစ္စည်းဟောင်းတွေနဲ့လုပ်ပေးပါတယ်။ အခုမှ ခေတ်စားတဲ့ recycle ဆိုတာ ဖေဖေစခဲ့တာပါလို့ပြောရမလိုဖြစ်နေတယ်။ ကျမ D. Path အောင်တော့ ဓါတ်ခွဲခန်းအတွက် လိုအပ်တဲ့ လက်လှဲ့ centrifuge၊ ESR stand စတာတွေလဲလုပ်ပေးပါတယ်။ တောင်ကြီးမှာ TB ဖြစ်ပြီး AS တာဝန်ယူစဉ်ကလဲ ကျမ bus စောင့်ရရင် အအေးပြန်မိမှာစိုးတဲ့အတွက် သူ့မှာရှိတဲ့ morris minor ကားအတိုင်းရှာဝယ်ပြီး ၊ကားထဲမှာ သူတည်ထွင်ထားတဲ့ lever အပို၊ hand brake အပြင် driver ခုံကိုရှေ့နောက်ရွေ့လို့ရအောင်လုပ်ထား ပေးပါတယ်။ မေမေနဲ့တူတဲ့အချက်တွေကတော့နှစ်ယောက်စလုံး လိမ်တာမကြိုက်၊ဆဲတာမကြိုက်၊သူများပစ္စည်းခိုးဖို့နေနေသာသာ၊ဈေးသည်ကပိုက်ဆံပိုအမ်းလိုက်ရင်တောင်ချက်ချင်းပြန်ပေးခိုင်းပါတယ်၊ ဈေးသည်ကအကြွေမရှိလို့ အကြွေးပေးရင်လဲမယူရပါဘူး၊ မေ့လို့ဖြစ်ဖြစ်အကြောင်းတစ်ခုခုကြောင့်ပြန်မပေးဖြစ်ရင် သံသရာအကြွေးပါမယ်တဲ့၊အိမ်မှာဘယ်သူမှ မဆဲရပါဘူး၊ မဆဲရုံမက ကန်တော့နော် * စောက် *ဆိုတဲ့ စကားမသုံးရပါဘူး။ ငယ်စဉ်က ဘာကြောင့်မှန်းမသိခဲ့ ပါဘူး၊။ စည်းကမ်းကြီးပြီး wast ဖြစ်တာမကြိုက်ပါဘူး။ ပစ္စည်း တစ်ခုခု ယူသုံးပြီး နေရာတကျ ပြန်မထားရင်၊ အိမ်သား မီးဖွင့်ပြီးပြန်မပိတ်မိရင်၊အဆူခံရပြီးသာမှတ်။ မေမေက ဘုရားရှစ်ခိုးတာ ၊ ဘုန်းကြီးကျောင်းသွားတာ၊သံဃာတွေ လှူတာ ကြိုက်ပေမဲ့၊ ဖေဖေကတော့ ဘုရား က ငါ့ကိုရှစ်ခိုးလို့ မပြောဘူး၊ မကောင်းတာမလုပ်ဖို့ပဲပြောတယ်။ ငါမကောင်းတာမလုပ်ဘူးတဲ့။ ဖေဖေက ဘုန်းကြီးကျောင်းထက် ဆေးရုံဆေးခန်းက နွံပါးတဲ့သူတွေကိုပေးတာပိုဝါသနာပါတယ်။ ဖေဖေက ဘုန်းကြီးကျောင်းကိုလှူချင်တာသွားလှူ ဒါပေမဲ့အိမ်ကိုဆွမ်းခံကြွတာမကြိုက်ဖူး၊ နောက်မှသိရတာ ကျမတို့ငယ်ငယ်က အိမ်နားမှာ အလွတ်ပညာသင်ကျောင်းရှိပါတယ်။ အဲ့ဒီကျောင်းမှာ နယ်ကကျောင်းလာတတ်တဲ့ကျောင်းသားတွေက နေရေးထိုင်ရေအဆင်ပြေအောင် ကိုရင်ဝတ်ပြီး အလွတ်ပညာသင်ကျောင်းတတ်တယ်။ ၁၀ တန်းအောင်ရင်လူထွက်ကြတယ်။ အလွတ်ပညာသင်ကျောင်းက တစ်လတခါလောက် လမ်းဘေးမှာ ပိတ်ဖြူထောင်ပြီး အင်္ဂလိပ်ကားတွေပြတယ်။ တခါတော့ မင်းသမီးတွေ မိမွေးတိုင်းဖမွေးတိုင် တစ်ကိုယ်လုံး ရွှေတွေလိမ်းထားတဲ့ gold finger ထင်တယ်ပြတယ်။ ကျောင်းသားကိုယ်ရင်တွေလဲ ရုပ်ရှင်လာကြည့်တော့ လူနောက်တစ်ယောက်က ကိုယ်ရင်ရဲ့သင်္ကန်နဲ့ သူ့နားမှာထိုင်နေတဲ့ အမျိုးသမီး ကိုချိတ်နဲ့ချိတ်ထားခဲ့ဘူးတယ်။ သူ့ထက်ဆိုးတာက ကျမဖေဖေရဲ့မိတ်ဆွေအိမ်ကိုဆွမ်းခံကြွတဲ့ ကိုရင်ကမိတ်ဆွေရဲ့သမီးကို ရီးစား စာပေးသွားတာပဲ၊ ဘုရားကျောင်းကန်နဲ့အနေဝေးတဲ့မိရိုးဖလာ ဖေဖေ့လို့လူအတွက် သင်္ကန်း ၀တ်အားလုံး ဘုန်းကြီးတွေပဲလို့ထင်နေတော့ သမီး လေးယောက်ရှိတဲ့ အဖေ အနေနဲ့အိမ်ကို ဘုန်းကြီးဆွမ်းခံကြွမှာ သမီးတွေဘုန်းကြီးကျောင်းသွားမှာ မလိုလားဘူးဆိုတာ နောက်မှသိရပါတယ်။ ဒါတွေကြောင့် ဖေဖေရဲ့ နောင်ရေးကိုစိုးရိမ်နေခဲ့ပါတယ်။ မေမေက ၈ နှစ်စောပြီးဆုံးသွားပါတယ်။ မေမေဆုံးတော့ ဖေဖေက မေ့မေ့ကိုသူလုပ်တဲ့ ကောင်းမှူတွေ အမျှ ဝေချင်တာကြောင့် မနက်တိုင်းပုတီးစိတ်ပါတယ်။ သူဘာပုတီးစိတ်တယ် ဘယ် နှစ်ကြိမ်ဆိုတာတော့မသိပါဘူး။ ပြီးရင်မေမေ့ဓါတ်ပုံရှေ့မှာအမျသွားဝေပါတယ်။ အဲ့ဒီဝတ်ကို ဖေဖေမဆုံးခင်၊ အိပ်ရာထဲမလဲခင် ၂ပတ်အလိုအထိ နေ့စဉ်ပြုလုပ်ပါတယ်။ မေမေ့အတွက် နှစ်စဉ် ဆွမ်းကျွေးတာ၊ ၀ါဆိုသင်္ကန်း၊ကထိန်သင်္ကန်းကပ်တာတွေလဲ အိမ်မှာသံဃာတွေပင့်ပြီးဆွမ်းကပ်ခွင့်ပေးပါတယ်။ ဖေဖေဆုံးမဲ့ နေ့ည ၁၁ နာရီလောက်မှာ ဖေဖေ့နားမှာအလှည့်ကျစောင့်နေတဲ့ ညီမလတ်က လာခေါ်ပါတယ်။ ဖေဖေအသက်ရူတာတမျိုးကြီးတဲ့ ကျမသွားကြည့်တော့ အသက်ရူမြန်နေပါတယ်။ မောင်နဲ့ညီမငယ်ကို အိမ်နောက်မှာရှိတဲ့ ရှင်ပါဂူဆေးခန်းက 0xygen သွားယူခိုင်ပြီး၊ အနားမှာရှိတဲ့ မင်းကွန်းဆရာတော်ရဲ့ ပရိတ်တရားတော်ကိုဖွင့်ပေးပါတယ်။ ခဏနေတော့ အသက်ရူတာမှန်လာပြီး တရားတော်ကိုနားစိုက်ထောင်နေတာကို မြင်ရပါတယ်။ ဆရာတော်ဘုရား၇ဲ့ ရတနာ့သုတ် ပထမပိုဒ် အရောက်မှာ လေ၀င်တာရုပ်သွားပြီး ဖေဖေ့မျက်နှာလဲ ပြုံးသွားတာတွေ့လိုက်ရပါတယ်။ ရုပ်ရှင်ထဲကလို ဇက်ကြိုးတာတောင်မဖြစ်လို့ ဆုံးတာမှဟုတ်ရဲ့လားလို့ သံသယဖြစ်မိပါတယ်။ အချိန်က ၁၁ နဲ့ မိနစ် ၂၀ ပါ။ 0xygen သွားယူတဲ့သူတွေ ရောက်လာတော့ သူတို့ကိုထပ်စစ်ခိုင်းရပါတယ်။ အော် ပြုံးသေဆိုတာ ဒါမျိုးကိုပြောတာထင်ပါတယ်။ တစ်သက်နဲ့တကိုယ် အလုပ်သဘောအရ လူသေတာ တွေအများကြီးတွေ့ဖူးပေမဲ့ ဒီလိုငြင်ငြင်သာသာ တခါမှမတွေ့ဖူးပါ။ ဖေဖေ့အတွက်စိတ်အေးရပြီထင်ပါတယ်။ ဖေဖေ့လို သေချင်ပါတယ်။
PS
ဖေဖေအိပ်ရာထဲလဲတော့သူ့အနားသွားပြီးသူငယ်ငယ်ကအကြောင်းတွေကိုပြောခိုင်းပါတယ်။ ကျမငယ်စဉ်က ဖေဖေကအိမ်စားဝတ်နေရေးအတွက်အလုပ်မအားလို့၊ ဖေဖေအနားယူတဲ့အချိန်ကျတော့လည်း ကျမကစာတွေနဲ့ပိနေတာ၊ စာပြီးတော့အလုပ်နဲ့နယ်ပြောင်းရတာ ရန်ကုန်ပြန်ရောက်တော့လဲ ဘွဲ့လွန်အတွက်စာကြက်ရပြန်(မေမေကမေးဘူးတယ် နင်ဘယ်အသက်အထိစာသင်အုံးမှာလဲတဲ့၊ ကျမ WHO Ph.D award ရလို့ ပြင်သစ်နိုင်ငံသွားမယ်ဆိုတော့ မေမေက ဘာသွားလုပ်မှာလဲတဲ့ ကျမက Ph.D ကိုအလွယ် ဒေါက်တာဘွဲ့သွားယူမှာဆိုတော့၊ မေမေက နင် ဒေါက်တာဘွဲ့ရပြီးလို့ specialist တောင်ဖြစ်နေပြီ မဟုတ်လားတဲ့ ကျမလဲ ကြံရာမရ ဖြစ်ပြီး မေမေ ပေးမသွားမှာစိုးတာနဲ့ မေမေ့သမီးက နံမည် နှစ်ထပ်လေ၊ဒီတော့ ဘွဲ့လဲ နှစ်ထပ်ဖြစ်ရမှာပေါ့လို့တွေ့ကရာဖြေလိုက်ပါတယ်။ အခုမှ ကျမစဉ်းစားမိတယ်။ ကျမက တကယ် square Dr လား ? Dr square လား ? ) ဆေးခန်းထိုင်ရနဲ့ဖေဖေနဲ့တခါမှ စကားအေးအေးဆေးဆေးမပြောဖြစ်ခဲ့ပါဘူး။ ဖေဖေကသူငယ်ငယ်က ကျောင်းပြေးပြီး သရက်သီးတွေခူးခဲ့တာ၊ အင်းယာကန်မှာရေသွားကူးတာ ၊စာမေးပွဲကို အဖိုးမရိုက်အောင် အောင်ရုံပဲဖြေခဲ့တာတွေ၊ ကျောင်းမသွားချင်တဲ့အခါ ချိုင်းအောက်မှာ ကြက်သွန်နီအခွံခွါပြီး ကိုယ်အပူချိန်တက်အောင်လုပ်ခဲ့တာ စတဲ့ငယ်ငယ်က ဗရုတ်ကျခဲ့တာတွေ အမှတ်တရပြောပြပါတယ်။ ပြီးတော့ သူအရက်ဆွဲတာဖြတ်ပုံကိုလဲပြောပြပါတယ်။ ဖေဖေက အရက်ပုလင်းထဲက တစ်ဖန်ခွက်စာထဲ့သောက်ပြီးရင် ပုလင်းထဲကို တစ်ဖန်ခွက်စာရေပြန်ထဲ့တယ်တဲ့။အဲ့လိုနဲ့တဖြည်းဖြည်းရေတွေပဲသောက်ရပြီး၊အရက်ပြတ်သွားတယ်တဲ့၊ သြ ကျမတို့ ဆေးလောကမှာသုံးတဲ့ steroid withdrawal မရအောင် tailing treatment ကို ကျမအဖေက အရက်ဖြတ်နည်းအဖြစ်သုံးခဲ့တာကိုး။
ဖေဖေနဲ့မေမေ စစ်ဒါဏ်ကြောင့် ကုန်းကေါက်စရာမရှိအောင်ဆင်းရဲခဲ့ပေမဲ့ စာရိတ္တမပျက်ပဲ ရိုးသားကြိုးစားခဲ့ကြပြီး သားသမီးတွေကိုလည်း လူတော်လူကောင်းတွေဖြစ်အောင်ပြုစုပျိုးထောင်ခဲ့တာကို အမြဲသတိရ၊ဂုဏ်ယူ၊လေးစား၊ချစ်ခင်၊ကျေးဇူးတင်လျက်ပါ။
No comments:
Post a Comment