:include data='blog' name='google-analytics'/>

Friday, August 17, 2012

ဘတ်စကား (Bus) ပေါ်ကဒုက္ခများ။


            သက်တန့်ချိုရဲ့ဝက်ဆိုဒ်က (သူ့ဆိုဒ်ကကျန်းမာရေးဗဟုသုတအပြင်၊ အထွေထွေ ဗဟုသုတတွေနဲ့ စုံလင်တဲ့ဖတ်ဖို့အလွန်ကောင်းတဲ့ပိုစ့်လေးပါ)။ နှစ်ပိုင်းတစ်ပိုင်းဆိုတဲ့ပိုစ့်လေး ဖတ်ရတော့ ကျမတို့ ဆေးကျောင်းသူ   ဘ၀က ဂျပန်ကလာတဲ့ ဟီးနိုးကားအသေး နံပါတ် ၁၆ ကားနဲ့ဆေးကျောင်းတက်ခဲ့ရတာကိုအမှတ်ရ မိပါတယ်။

            အဲ့ဒီတုန်းက ဆေး() ပထမနှစ် အငယ်တန်း၊အကြီးတန်း၊ဒုတိယနှစ် အငယ်တန်း၊ အကြီးတန်း၊တွေကို ပြည်လမ်း၊ ရန်ကုန်တက္ကသိုလ်နားက လိပ်ခုံးလို့ လူသိများတဲ့ဆေးကျောင်း မှာ တက်ရပါတယ်။ ၁၆ ကားကို တာမွေကနေစီးရင် ရန်ကုန်တက္ကသိုလ်ရှေ့ကိုရောက်ပါတယ်။ အဲ့ဒီကနေ ပိတောက်လမ်းလို့ခေါ်တဲ့ ပိတောက်ပင်တွေအုပ်ဆိုင်းနေတဲ့လမ်းက လျှောက်သွား ရင်ဆေးကျောင်းရဲ့ နောက်ဘက်ကို ရောက်ပါ တယ်။


         ကျောင်းတက်ခါစကတော့အဖေက ကားကိုယ်တိုင်မောင်းပြီး ကိုပို့ ပါတယ်။ ကျမ အဖေက အချိန် အလွန်တိကျတဲ့အပြင် အလွန်ဝီရိယကောင်းပါတယ်။ ညနေ ၃ နာရီပြီးမယ် လို့ပြောထားရင် ညနေ ၂ နာရီ ခွဲထဲကကျောင်းရောက်နေပါပြီ။ ကျမ ၃ နာရီထိုးပြီးလို့မှ ထွက် မလာရင်တော့ ဒေါကန် နေပါပြီး။

 ဆေးကျောင်းမှာညနေပိုင်းတွေမှာ လက်တွေ့တွေ လုပ်ရပါ တယ်။ အချိန်ဇယားမှာ ၃ နာရီ ရေးထားပေမဲ့ ဘယ်တော့မှ ၃ နာရီမပြီးပါဘူး။ ဒါကြောင့် အဖေ မစောင့်ရအောင် ပိုပိုလိုလို ကျမက တစ်နာရီနောက်ကျ ပြီးလာကြိုဖို့ပြောပါတယ်။ ဒါလည်း အစဉ်မပြေပါဘူး။ ကျောင်းရောက်မှ အချိန်က ပြောင်းသွားတာ၊ လက်တွေ့ မလုပ်ဖြစ်တာတွေ ကြောင့် ကျမ အဖေ မလာမချင်း ထိုင်စောင့်ပေတော့ အဲ့ဒီအချိန်က အခုလို လက်ကိုင်ဖုန်းတွေလည်း မပေါ်သေးတဲ့အပြင် fixed phone တွေတောင်လွယ်လွယ် ကူကူ ဆက်စရာ မရှိပါဘူး။ ဒါနဲ့ လမ်းထဲက ရန်ကုန်တက္ကသိုလ်ကျောင်းသူတွေကို အကြိုအပို့လုပ်တဲ့ ferry ဆရာကိုအကြို  အပို့ လုပ်ပေးဖို့အကူအညီတောင်းပါတယ်။ သူနဲ့လည်း အစဉ်မပြေပါဘူး။ ရန်ကုန်တက္ကသိုလ် ကစောစော ပြီးတယ်။ အဲ့ဒီတော့ကျမကို မစောင့်နိုင်ဘူး။ နောက်ဆုံး တာမွေမှာ နေတဲ့တစ်တန်း ထဲသား အ၀င်းနဲ့အဖေါ် ရပြီးအတူတူ ၁၆ ကားစီး ပြန်ကြတယ်။ (အ၀င်းတောင် ဆုံးသွား ရှာပါပြီ။ ကျမလည်းဘယ်တော့ လိုက်ရ မယ်မသိဘူး)။

         ကျမတို့က ကားစနဲ့ ဂိတ်ဆုံးနားလောက်ကစီးရတာမို့ ထိုင်စရာနေရာရတတ်ပါတယ်။ ဒါပေမဲ့ ကားတွေက သေးပြီး နှစ်ယောက်တွဲခုံတွေပါ။ အတူထိုင်ရတဲ့လူက အထူးသဖြင့် အကျင့်ပုပ်တဲ့ ယောက်ျားတွေက သူ့တို့ပေါင်ကိုကားပြီး ထိုင်ရင် သူ့တို့အသားနဲ့ မထိချင်ပဲ ထိနေရတယ်။ ကားဒရိုင်ဘာကလည်း များသောအားဖြင့် ဒလကြမ်းမောင်တာမို့    အသားချင်းထိရုံမက ပွတ်တိုက် နေပါတော့ တယ်။


         ကျမဆေးကျောင်းသူဘ၀က စာတွေပိပြီးအလွန်ပိန်ပါတယ်။ ကိုယ်အလေးချိန် ပေါင် ၈၀ ကျော်သာ ရှိပါတယ်။ အဲ့ဒါတောင် အသားချင်း မထိအောင်ဆိုရင် ကျမကိုယ်တစ်ဝက်လောက် ကားပြူတင်းပေါက်က အပြင်ထွက်ထားရပါတယ်။ တစ်နေ့မှာ အ၀င်းထိုင်နေတာကို နောက်ကနေ လူတစ်ယောက်က သူ့ပခုံးကို လက်နဲ့ပွတ်သတ်ပါတယ်။ သူလည်း လက်မှာ ကိုင်ထားတဲ့ ထမင်းဘူးနဲ့ခုတ်ထဲ့လိုက်တာ ဒေါင် ဆိုတဲ့ အသံတောင် မည်သွားတယ်။ ကားထဲက လူတွေလည်းအသံလာရာကို ၀ိုင်းကြည့်ကြတော့ အဲ့ဒီ လူလည်း ရှက်ရှက်နဲ့ဆင်း သွားတယ်။ သူက သူ့အပြစ်ကို မမြင်ပဲ အ၀င်းကိုအရှက်ခွဲတယ်လို့ သတ်မှတ်ပြီး အ၀င်း ကားပေါ် တက်မဲ့ ကားဂိတ်မှာ လာလာစောင့်တာနဲ့ အ၀င်းအဖေက တစ်ပတ်လောက် ကား ဂိတ် အထိ လိုက်စောင့်ရှောက်ပေးရပါတယ်။ ဒါတွေက ထိုင်ခုံမှာထိုင်ရတဲ့ဒုက္ခတွေပါ။ (မှတ်ချက်။ အဲ့ဒီ တုန်းက ထမင်းဘူးက သံထည်နဲ့လုပ်ထားတဲ့ ဘူးအပြားတွေပါ အထဲမှာ ဟင်းထဲ့ဖို့ ခွက် တစ်ခုပါ ပါတယ်)


         ထိုင်စရာမရတဲ့ဒုက္ခက ပိုဆိုး ပါသေးတယ်။ ကားကြပ်ပြီဆိုရင် ယောက်ျားတွေ နောက်က အတင်းတိုးတော့တာပါပဲ။ တမင်တိုးတာလား။ မတော်တဆလားဆိုတာ မိန်းခလေး တိုင်း နောက်လှည့် မကြည့်ပဲ သိပါတယ်။ တိုက်ဆိုင်လာလို့ နံပြားဆိုင်ကအကြောင်းကို သတိ ရမိ ပြန်ရော်။

         ကျမတို့လမ်းထိပ်မှာ လက်ဘက်ရည်ဆိုင်ရှိပါတယ်။ အဲ့ဒီမှာ မနက် ၇ နာရီလောက် ဆိုရင် လူ အလွန်စည်ပါတယ်။ ဆိုင်မှာလာ စားသောက်တဲ့သူတွေရှိသလို နံပြားလာဝယ်တဲ့ သူ တွေလည်းရှိပါတယ်။ နံပြားက လတ်လတ် ဆတ်ဆတ် ဖိုထဲမှာ ဖုတ်တာကို စောင့်ယူရ ပါတယ်။ နံပြားဖုတ်သူက ဆိုင်မှာ ထိုင်စားတဲ့သူကို ဦးစားပေးပြီးအရင် ပေးပါတယ်။ အဲ့ဒီမှာ လျှာကြမ်း အာကြမ်းတဲ့ အဒေါ်ကြီး အသက် ၆၀ ကျော်လောက် ခါးလည်းနဲနဲကုန်း နေတဲ့သူက ငါ့အလှည့်မရောက်သေးဘူးလား။ ငါစောင့်နေတာကြာလှပြီး။ ငါမြို့ထဲ သွားစရာရှိတယ်လို့ အော်ပြောပါတယ်။ ဆိုင်ကကောင်းလေးတွေကလည်း အဒေါ်အရွယ်၊ အဖွါး အရွယ်မို့ စတဲ့ အနေနဲ့ အဒေါ်ကလည်းဘာလို့ဒါလောက်လော်နေရတာလဲ။ ဖြေးဖြေးပေါ့လို့ပြန်ပြောကြ ပါ တယ်။ အဒေါ်ကြီး ပြန်ပြော တဲ့ စကားကြောင့် လူငယ်လေးတွေလဲ ရှက်ရှက်နဲ့နှုတ်ပိတ် သွားကြ ပါတယ်။ အဒေါ်ကြီးက ဟဲ့ ကား ကြပ်ရင် အကောင်တွေက ငါလိုအဖွါးကြီးတောင် မရှောင်ပဲ သူတို့ဟာနဲ့ ကလိကြတာ မခံနိုင်လို့ဟဲ့ တဲ့။


       တချို့အမျိုးသမီးများက ချိတ် ဆောင်ထားပြီး အကျင့်ပုပ်တဲ့သူနဲ့တွေ့ရင် ချိတ်နဲ့ထိုးတယ် လို့ ပြော ပါတယ်။ ကျမကတော်တော် သတ္တိကောင်းတယ်။ ဆရာဝန်ဖြစ်ကာစက အသားဆေး မထိုးရဲလို့ ဘူးဘောင်းနဲ့ ဆေးထိုး တော်တော်ကျင့်ယူရတယ်။ သူများအသားကို နာအောင် မလုပ်ရက်ဘူး။ အဲ့ဒီလို အထိလည်း မခံနိုင်ဘူး။ တခါက ကားပေါ် လူကြပ်တုန်း အနောက်မှာက လည်းယောက်ျားတစ်ယောက် ကားဆောင့်လိုက်တဲ့အခါမှာ သူကကျမအပေါ်ပိကျလာတယ်။ မတော်တဆမှန်းတော့သိတယ်။ ဒါပေမဲ့ မတော်တာနဲ့ ထိမိသလားလို့ ရွံ့သလိုဖြစ်တာနဲ့ မရဲ တရဲလှည့်ကြည့်လိုက်တော့ သူ့လက်မှာထီးခေါက်ကြီး ကိုင်ထားတာတွေ့မှ သြ တော်ပါသေးရဲ့ လို့သက်ပြင်းချရတယ်။ နို့မို့ဆိုတစ်နေလုံး၊ ကိုယ့်ကိုယ် ရွံ့လို့ ဆုံးမှာ မဟုတ်ဘူး။ ချိတ်နဲ့ မထိုး ရဲတဲ့ကျမက နည်းတစ်မျိုးထွင်တယ်။ ကျမ နောက်မှာ မရိုးသားတဲ့ ယောက်ျား ပါလာရင် ကျမ နောက်လှည့်ပြီး သူနဲ့မျက်နှာချင်းဆိုင်လိုက်တယ်။ ကားပေါ်မှာ မျက်နှာ အရှေ့လှည့် ရပ်ရ မယ်လို့ သတ်မှတ်ထားတာမှ မဟုတ်ပဲ။ မျက်နှာချင်ဆိုင်ဆိုတော့ ဘာမှမလုပ်ရဲတော့ ဘူး။ ကားထဲက သူတွေကလည်း သဘောပေါက်တဲ့မျက်လုံးနဲ့ကြည့်ကြတာမို့ သကောင့်သား လည်း နီးရာ မှတ်တိုင်မှာ ဆင်းပြေးလေ့ရှိပါတယ်။

     နှစ်ပိုင်းတစ်ပိုင်းပိုစ့်မှာ ယောက်ျားချင်းတောင် ကြက်သီးမွှေးချင်းထရတယ်၊ ဆိုတော့ အမျိုးသမီးတွေကို ကိုယ်ချင်းစာနိုင်ကြမယ်လို့ထင်ပါတယ်။

     ကိုယ့် အမ၊ညီမ၊ အမေလိုသာမက ကိုယ့်ကိုယ်တိုင် နှစ်ပိုင်းတစ်ပိုင်းနဲ့ တွေ့ရတဲ့ ဘ၀လို ကိုယ်ချင်းစား နိုင်ကြပါစေ။

No comments:

Post a Comment