:include data='blog' name='google-analytics'/>

Saturday, August 20, 2016

လွဲမှားနေတဲ့ ကျန်းမာရေး အယူအဆများ

လွဲမှားနေတဲ့ ကျန်းမာရေး အယူအဆများ
Health Updates Journal
အမှတ်(၂၂၁)၊မေ၂၅၊၂၀၁၆
၁။ ဓမ္မတာလာစဉ် ခေါင်းမလျှော်ရဘူးဟု ထင်မြင် နေခြင်း
ရာသီလာစဉ်ခေါင်းလျှော်မိရင် ရာသီထိမ်တယ်၊ရာသီ ငုပ်တယ်၊ ဖျားတယ်၊သေတတ်တယ်တဲ့။ အဲဒီအယူအဆတွေက အမျိုးသမီးတော်တော်များများမှာ စွဲကပ်နေကြပါတယ်။ တကယ်တော့ ဥပါဒါန် ကြောင့် ဥပဒ်ရောက်ရတာပါ။ စိတ်ထဲမှာ ရာသီလာစဉ် ခေါင်းလျှော်ရင် ငါတော့တစ်ခုခုဖြစ် တော့မယ်လို့ စိတ်ကစွဲနေလို့ ဖြစ်ရတာပါ။ ရာသီလာစဉ်မှာ တစ်ကိုယ်ရေးသန့်ရှင်းရေး ကို အထူး ဂရုစိုက်ရတာမို့ ခေါင်းလျှော်လို့ ရပါတယ်။အထူးသတိထားရမှက နေပူထဲကပြန်လာလာချင်း ခေါင်းပေါ်ကနေ ရေလောင်းပြီး မချိုးမိဖို့၊ ခေါင်းလျှော်ပြီး ဆံပင်ရေစက်လက်နဲ့ အချိန်အကြာကြီး မနေဖို့၊ ရေကို အကြာကြီး စိမ်ချိုးပြီး အအေးမမိစေဖို့၊ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်ကို ခြောက်သွေ့အောင် သုတ်ဖို့၊ အအေး မပတ်အောင် နေဖို့သာ လိုကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ "ရာသီမလာခင် လူသတ်ချင်"စာအုပ်ထဲမှာ အတိအလင်း ရေးသားထားပါတယ်။ရာသီလာစဉ်မှာ မိန်းမကိုယ်အဂါင်္ အတွင်းအပြင်ကို ရေသန့်သန့်နဲ့ စင်ကြယ်အောင် ဆေးရမယ်။ အတွင်းခံဘောင်းဘီတွေ သန့်ရှင်းရမယ်။ ရာသီသွေးအတွက်သုံးတဲ့ ဂွမ်းထုပ်၊ပိတ်စတွေက သန့်ရှင်းဖို့လိုတယ်။ ရာသီလာစဉ် သွေးလမ်းကြောင်းထဲ ဆပ်ပြာနဲ့ ဓာတုဆေးတွေ မထည့်ရဘူး ။ဝမ်းသွားတဲ့အခါ ရေဆေးတဲ့လက်နဲ့ မိန်းမကိုယ်ကို မကိုင်ရဘူး။ ကိုင်မိရင် ပိုးတွေအလွယ်တကူ ၀င်တတ်ကာ ရောဂါဖြစ်တတ်ပါတယ်။ရာသီလာနေစဉ်မှာ အငန်၊အစပ်၊အချို၊ အဆီအဆိမ့်၊ လက်ဖက်သုပ် တွေလျော့စားရမယ်။ ကော်ဖီ၊ကိုလာလက်ဖက်ရည်တွေက စိတ်ပူပင်သောကရောက်ခြင်း၊ခေါင်းကိုက်
ခြင်းတွေကို ပိုဆိုးစေတတ်လို့ ရာသီလာနေစဉ် လုံးဝ မသောက်သုံးရပါဘူး။ပြုပြင်စီမံထားတဲ့ အစားအစာတွေကို ရှောင်ကျဉ်ရမယ်။
၂။ သွေးတိုးရောဂါ ရှိသူ ဝမ်းလျှောသည့်အခါ ဓာတ်ဆား မသောက်ရဘူးဟု ယုံကြည်နေခြင်း
ဝမ်းလျှောပြီး ဆေးခန်းကိုလာပြကြတဲ့ သွေးတိုးရောဂါအခံ ရှိသူတွေက ဓာတ်ဆား သောက်ခိုင်းသည့်အခါ သွေးတိုးရောဂါ ရှိတာမို့ သွေးတက်မှာစိုးရိမ်နေကြပါတယ်။ ရေတစ်လီတာနဲ့ ဖျော်ရမယ့် ဓာတ်ဆား တစ်ထုပ်မှာ ဆိုဒီယမ် ၃.၅ဂရမ်နဲ့ ပိုတက်ဆီယမ် ၁.၅ဂရမ်ပါရင် ဆိုဒီယမ်ဓာတ် ၉၀mmol နဲ့ ပိုတက်ဆီယမ်က ၂၀ mmol ပါဝင်ပါတယ်။
တကယ်လို့ ဝမ်းက တစ်လီတာလောက် လျှောခဲ့ရင် ဝမ်း တစ်လီတာမှာ ဆိုဒီယမ်ဓာတ် ၁၃၀ mmolနဲ့ ပိုတက်ဆီယမ် ၁၀ ကနေ ၃၀ mmol လောက် ပါသွားတာမို့သွေးတိုးရောဂါ သမားတွေ ဝမ်းလျှောလာရင်လည်း ဝမ်းလျှောတဲ့ ပမာဏ အတိုင်း ဓာတ်ဆားသောက်ကို သောက်ရပါမယ်။အဓိက သတိထားရမှာက ဓာတ်ဆားထုပ်မှာ ရေမည်မျှနှင့် ဖျော်ရမလဲဆိုတဲ့ အညွှန်းကို သေချာကြည့်ပါ။ ရေတစ်လီတာနဲ့ ဖျော်ရမယ့် ဓာတ်ဆားကို ရေ ၀.၅လီတာနဲ့ ဖျော်မိရင် ဝမ်းလျှောတာ မရပ်ဘဲ ဝမ်းပိုပြီးသွားမည့် အပြင် ရေဓာတ်ပါ ပိုမို ဆုံးရှုံးစေနိုင်ပါတယ်။ဓာတ်ဆားရည်က ပြင်းအားနည်းတဲ့ဘက်ကနေ
ပြင်းအားများတဲ့ ဘက်သို့ ဆွဲယူနိုင်ပါတယ်။ အညွှန်းအတိုင်း မဖျော်ဘဲ ရေပမာဏနည်းနည်းနဲ့ ဖျော်စပ်ပြီး သောက်သုံးပါက ယင်းဓာတ်ဆားရည်များက အူလမ်းကြောင်းမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ မရောက်ရှိဘဲ ခန္ဓာကိုယ်တွင်းက ရေတွေကိုတောင် အူလမ်းကြောင်းထဲ ပြန်လည်ဆွဲယူပြီး ရေဓာတ်ကို ပိုမိုဆုံးရှုံးစေတတ်ပါတယ်။
၃။ ပွေးပေါက်သည့်အခါ ငုရွက်ကိုသံပုရာရည်နှင့် ရောထောင်းကာ အနာပေါ် ကပ်ပေးခြင်း
ပွေးဆိုတာ အရေပြားအပေါ်ယံလွှာမှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့
မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ အရေပြားပေါ်မှာ ရှင်သန်နေထိုင်တတ်တဲ့ မှိုတွေ ပေါက်ဖွား ပွားများလာလို့ ဖြစ်ပေါ်လာရတာပါ။ ပွေး ဟာ အရေပြားအောက်ဘက်ထိ ပြန့်ပွားမှု မရှိသလောက်ပါပဲ။ ဒါကြောင့် ပြင်းထန်ဆိုးရွားတဲ့ အရေပြားရောဂါတွေထဲမှာ မပါ ပါဘူး။
ပွေးရောဂါက ကုသရလွယ်ကူတဲ့ အရေပြားရောဂါပါ။ အရေပြားပေါ်က
ပွေးရာဂါက ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ မှိုပိုးသတ်ဆေး လိမ်းဆေးကရင်မ် တွေ ရက်သတ္တပတ် အနည်းငယ် လိမ်းရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ရပ်ရွာက လူအများစုက ဆေးမြီးတိုတွေနဲ့ ကုသလို့ ပိုပိုပြီး ဆိုးသွားတတ်ပါတယ်။ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတတ်ပါတယ်။ အနာထဲ ဘက်တီးရီးယားပိုး တွေဝင်ကာ အန္တရာယ် ဖြစ်ကြရပါတယ်။ ကျွန်တော့်ဆေးခန်းကို ပွေးရောဂါဖြစ်နေတဲ့ ၁၀ နှစ်အရွယ် ကလေးနဲ့ သူ့ဖခင် လာပြကြပါတယ်။ ပွေးက ကလေးရဲ့ ရင်ဘတ်အလယ်မှာ ပေါက်နေတာပါ။ ပွေးဖြစ်နေတဲ့ အရေပြားပေါ်ကို ငုရွက်နဲ့သံပုရာရည် ကြိတ်ပြီး အုံခဲ့လို့ အရေပြားက စုတ်ပြတ်သတ်နေပြီး ပြည်တွေတောင် ဝင်နေခဲ့ပါတယ်။နောက် တစ်ယောက်က အိုးမည်းခဲ ကို အမှုန့် ကြိတ် ရေဖျော်ပြီး လိမ်းလာတာပါ။ တချို့ လူတွေကျ ဆေးဆိုင်က လိမ်းဆေး ဝယ်ပြီး လိမ်းကြပါတယ်။ ဒါပေမယ့် တစ်ရက် နှစ်ရက်သာ လိမ်းပြီး အယားသက်သာတာ၊ အနာညှိုးတာနဲ့ မလိမ်းဘဲ ထားကြပြန်ပါတယ်။ အဲဒီအခါ ပွေးက ပြန်ပြန်ပြီး ဖြစ်လာပါတယ်။
ပွေးဖြစ်တဲ့ နေရာပေါ် မူတည်ပြီး ကုသပုံတွေက ကွာခြားပါတယ်။ ပေါင်ခြံမှာ
ဖြစ်တဲ့ ပွေးရောဂါက ရက်သတ္တပတ် လေးပတ်ခန့် ဆေးလိမ်းရင် ပျောက်ကင်းနိုင်ပေမယ့် လက်သည်းခြေသည်းတွေ မှာ ဖြစ်ခဲ့ရင် လိမ်းဆေးအပြင် သောက်ဆေးပါ လိုအပ်လာပါတယ်။အထူးသဖြင့် ကလေးငယ်တွေမှာ ပွေးရောဂါ ဖြစ်ခဲ့ရင် နီးစပ်ရာ ဆရာဝန်နဲ့ ပြသပြီး သင့်တော်တဲ့ ဆေးဝါးကို ညွှန်ပြခိုင်းရပါမယ်။
ပွေးရောဂါကိုဖြစ်စေတတ်တဲ့မှိုတွေက
ပူအိုက်စိုစွတ်တဲ့ နေရာတွေမှာ ရှင်သန်ပေါက်ဖွားနိုင်ကြပါတယ်။ဒါကြောင့် အရေပြားကို သန့်ရှင်းခြောက်သွေ့စွာထားပါ။ ချွေးထွက်များရင် အင်္ကျီလဲပါ။ အတွင်းခံတွေကို သေချာ လျှော်ဖွပ်ပါ။ အများသုံး ရေချိုးခန်း ၊ အားကစား ခန်းမတွေမှာ ဖိနပ်မစီးဘဲ မသွားပါနှင့်။ ပွေးကွက်ရှိသော အိမ်မွေးတိရစ္ဆာန်များကို ကုသပါ။မဝတ်တာကြာပြီဖြစ်သော အဝတ်ဟောင်းများ၊ ဖိနပ်များကို သေချာလျှော်ဖွပ်၊ နေလှန်းပြီးမှ ဝတ်ဆင်ပါ။ပွေးရောဂါ ဖြစ်ပွားခဲ့ရင် ဆေးမြီးတိုတွေနဲ့ ကုသမနေဘဲ မှိုပိုးသတ်ဆေး တစ်မျိုးမျိုး လိမ်းရပါမယ်။ ဆေးလိမ်းပြီး လေးပတ်ကြာသည်အထိ မပျောက်ကင်းခဲ့ပါက နီးစပ်ရာ ဆရာဝန် နဲ့ ပြသကာ ကုသမှုခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေး အသိပေးအပ်ပါတယ်။
၎။ မျက်နှာတစ်ခြမ်းလေဖြန်းခြင်း နှင့်
နတ်ပြုစားခြင်း
ကျွန်တော့် ဆေးခန်းကို ရုတ်တရက် မျက်နှာတစ်ခြမ်းရွဲ့သွားတဲ့ အမျိုးသမီးတစ်ဦးလာပြပါတယ်။ ကောက်စိုက်ရင်း လယ်ထိပ်က ညောင်ပင်အောက်မှာ အပေါ့စွန့်မိလို့ ရုက္ခစိုးနတ်က ပြုစားတာလို့ ပြောပါတယ်။ရုက္ခစိုးနတ်ကိုလည်း ကန်တော့ပွဲတင်ကာ တောင်းပန် ကန်တော့ခဲ့ပြီလို့ဆိုပါတယ်။ တကယ်တော့ သူမခံစားနေရတဲ့ရောဂါက Facial Palsy(ရုတ်တရက် မျက်နှာတစ်ခြမ်း ရွဲ့သွားခြင်း)ပါ။ ဒီရောဂါက လူ တစ်သိန်းမှာ ၁၅ ယောက်ကနေ ၃၀ကျော်အထိ နှစ်စဉ် ဖြစ်နေပါတယ်။ မျက်နှာတစ်ခြမ်းဆီအတွက် အမူအယာ ဖော်ပြပေးတဲ့ ကြွက်သားတွေကို ထိန်းချုပ်ပေးတဲ့ အာရုံကြော(Facial nerve) တစ်ခုစီ ရှိပါတယ်။ အဲဒီအာရုံကြောလေးတွေ ရောင်ပြီး အလုပ် မလုပ်နိုင်တဲ့အခါ နာရီပိုင်းအတွင်း မျက်နှာက ကြွက်သား တွေ အားနည်းလျော့ရဲသွားကာဝေဒနာတွေ ပေါ်လာတတ်တဲ့ ရောဂါပါ။ ရောဂါလက္ခဏာတွေကတော့ ပါးတစ်ခြမ်းရွဲ့ခြင်း၊နှုတ်ခမ်းရွဲ့ခြင်း၊မျက်လုံးတစ်ဘက်ပိတ်ရန်ခက်ခဲခြင်း၊မျက်ရည်အလွန်ထွက်ခြင်း၊ နားအကြားအာရုံလွန်ကဲခြင်း၊ ခေါင်းကိုက်ခြင်း၊စကား ဗလုံးဗထွးဖြစ်ခြင်း၊ အာခြောက်ခြင်း၊ အစားအစာ စားရခက်ခဲခြင်း တို့ပဲ ဖြစ်ပါတယ်။ ရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရပေမယ့် ဗိုင်းရပ်ပိုးဝင်တဲ့အခါ ၊ အအေးမိတဲ့အခါတွေမှာ အဖြစ်များတတ်ပါတယ်။ ဆေးကုကု မကုကု ရောဂါက ပြန်ပြီးသက်သာသွားတတ်ပေမယ့် ကံဆိုးတဲ့လူတချို့ကတော့ အမြဲတမ်းဖြစ်သွားနိုင်ပါတယ်။ ရောဂါဖြစ်ပြီးပြီးချင်း (၇၂)နာရီအတွင်း အချိန်မီ ဆေးကုသမှု ခံယူခဲ့ရင်၊ ဆေးသောက်ခဲ့ရရင်တော့ အများစု(၉၅%)က နှစ်ပတ်အကြာမှာ သက်သာလာတတ်ကြပါတယ်။
၅။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးဆေး
ကျွန်တော် တို့ တောရွာတွေမှာ ဆီးကျဉ်၊ဆီးအောင့်၊ ဆီးသွားနည်းတဲ့အခါ ဆီးဆေးတွေ သောက်လေ့ ရှိကြပါတယ်။ဆီးဆေးသောက်လို့ ဆီးသွားလွန်ပြီး ခြေဖျားလက်ဖျား တွေ အေးစက်ကာ၊ သွေးပေါင်ကျကာ ဆေးခန်းကို လာပြကြတဲ့ လူနာတွေကို တွေ့ဖူးပါတယ်။ တကယ်တော့ ဆီးဆေးဆိုတာ နာတာရှည် နှလုံးရောဂါ၊ သွေးတိုးရောဂါ ၊ကျောက်ကပ်အားနည်းခြင်းကြောင့် ဆီးနည်းသောအခါ ၊ အဆုတ်ဖောရောင်ရောဂါ တွေမှာ အဓိက သုံးပါတယ် ။ဆီးဆေးဆိုတာ ဆီးပမာဏများစေတဲ့ ဆေးဖြစ်ပြီး ဆီးကျဉ်၊ဆီးအောင့်ပျောက်အောင် ကုသတဲ့ဆေး မဟုတ်ပါဘူး။ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ရောဂါပိုးအမျိုးအစားအလိုက် သင့်တော်တဲ့ ပဋိဇီဝ ပိုးသတ်ဆေးနဲ့သာ ကုသမှသာ ပိုးတွေသေကာ ရောဂါသက်သာစေမှာပါ။
ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးပူခြင်း၊ဆီးအောင့်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးသွားစဉ်နာခြင်း၊ ဆီးသွားတဲ့အခါ သွေးပါခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ခါးနာခြင်း၊ဖျားခြင်းတွေ ဖြစ်နိုင်ပါတယ်။
ဟမ်စိုင်း(ဆေး-မန်း)
Health Updates Journal
အမှတ်(၂၂၁)၊မေ၂၅၊၂၀၁၆

No comments:

Post a Comment