:include data='blog' name='google-analytics'/>

Thursday, August 18, 2016

တို့နိုင်ငံမှာ အကာအကွယ်မဲ့နေတဲ့ ဘဝတွေ ပိုပိုများလာတယ်။

Aye Chan Ko
တို့နိုင်ငံမှာ အကာအကွယ်မဲ့နေတဲ့ ဘဝတွေ ပိုပိုများလာတယ်။ ကိုယ့်ကိုကိုယ်လည်းပါတယ်။
.
ဘတ်စ်ကားက လမ်းလယ်မှာရပ်ပြီး ခရီးသည်တွေကို ဆွဲဆွဲချတယ်။ ခရီးသည်က လမ်းမအလယ်မှာရပ...်ရင်း၊ ထီးဖွင့်ရင်း၊ အရှိန်ပြင်းပြင်းကားတွေက ဟွန်းတီးရင်း တစ်ပေအကွာက ဖြတ်မောင်းနေတယ်။ လမ်းတစ်ဖက်ကမ်းကို မရောက်ခဲ့တော့တဲ့ ခရီးသည်တွေ ဘယ်လောက်တောင် ရှိနေခဲ့မလဲ။
.
ညဘက်ဆို ကလေးတွေ လမ်းဆုံလမ်းခွတွေမှာ စံပယ်ပန်းလိုက်ရောင်းတယ်။ မီးနီတဲ့နေရာမှာရောင်းရင်း မီးစိမ်းသွားရင် အခြားဘက် မီးနီတဲ့ဆီ ပြေးကြပြန်တယ်။ ပြေးရင်းနဲ့ လမ်းမကြီးတွေထက်မှာ အချင်းချင်းစကြ၊ ကစားကြ၊ တခါတလေမှာ ကားဘရိတ်အုပ်သံတွေကြားရ၊ တခါတလေတော့ ဒုန်း….အမယ်လေး ဆိုတဲ့ အသံတွေကြားရ။
.
ကန်ထရိုက်တိုက်မြင့်ကြီးတွေဆောက်တဲ့ခါ ဖိနပ်မပါ၊ ဦးထုပ်မပါဘဲ အုတ်ခဲတွေ၊ ဘိလပ်မြေအိတ်တွေကို အမြင့်ကို ထမ်းပို့ကြရတယ်။ ခြေချော်လို့ အမြင့်က ကျရတဲ့အခါ ဆိုးဆိုးရွားရွား ဖြစ်ကြတယ်။ ဖိနပ်စီးဖို့၊ ဦးထုပ်ဆောင်းဖို့ ပြောလည်း အလုပ်သမားကိုက မလုပ်ချင်တာတွေ အများကြီး။
.
မျက်မှန်၊ လက်အိတ်မပါဘဲ ဝရိန်ဆော်ကြရင်း မျက်စိပျက်စီးတာ၊ ဓါတ်လိုက်တာတွေ။
.
လမ်းအလယ်ကျွန်းက မြက်ကိုရိတ်တာ ကားတွေအရှိန်နဲ့ မောင်းနေတဲ့ လမ်းမပေါ် မတ်တပ်ရပ်ပြီး ရိတ်တယ်။
.
အားရပါးရခပ်စားရင် ၅ စွန်းစာမရှိတဲ့ အသုတ်တစ်ပွဲကို အချိုမှုန့် ၂ စွန်းထည့်တယ်။
.
အကြော်တွေ ကြာကြာခံအောင် ပလပ်စတစ်အိတ်တွေ ထည့်ကြော်တယ်။
.
အသီးတွေ မှည့်အောင်၊ အရောင်လှအောင်၊ မပုပ်အောင် မသုံးသင့်တာတွေ သုံးတယ်။
.
ရက်လွန်နေတဲ့ တာယာတွေကို အသစ်ဆိုပြီးရောင်းလို့ မသိဘဲဝယ်စီးမိတဲ့သူတွေ အမြန်လမ်းမမှာ လမ်းစဆုံးကုန်တယ်။
.
ကိုက်ချင်သလိုကိုက်တတ်တဲ့ လမ်းဘေးခွေးတွေ နေရာတိုင်းမှာရှိတယ်။
.
ဘယ်သူ့ကို ဘယ်သူက တာဝန်ယူကြမလဲ၊ ကာကွယ်ရမလဲ အဖြေရှိသင့်တယ်။ ကားဆရာရဲ့ တာဝန်က ကားပေါ်က ခရီးသည်ဆင်းသွားရင်ပြီးရောလား။ အသုတ်တစ်ပွဲဟာ အရသာရှိရင်ပြီးရောလား။
.
ယာဉ်ရပ်နားခတွေတော့ ကောက်တယ်၊ ဖြစ်ရင်ဘာမှတာဝန်မယူဘူးဆိုပဲ။ ဒီတော့ ကျောင်းတက်ချင်တက် - စာတတ်မတတ် တာဝန်မယူဘူးဆိုရင် ဘယ်လိုနေမလဲ။ စားချင်စား သေရင်တာဝန်မယူဘူး။ ခွေးစာကျွေးချင်ကျွေး - ကိုက်ရင်တာဝန်မယူဘူး။
.
တခါတလေတော့လည်း တို့နိုင်ငံကလူတွေအတွက် ငယ်ငယ်က ကစားတဲ့ Super Mario ဂိမ်းလို “အကောင်တိုး” ရှိရင်ကောင်းမယ်လို့ တွေးမိတယ်။ အကောင်တိုးရှိရင် သေသွားလည်း အသက်အသစ်နဲ့ သေတဲ့နေရာနားက ပြန်စလို့ရတယ်လေ။
.
အကာအကွယ်မဲ့နေတဲ့ ဘဝတွေ ပိုပိုများလာတယ်။ ကိုယ့်ကိုကိုယ်လည်းပါတယ်။

No comments:

Post a Comment