:include data='blog' name='google-analytics'/>

Thursday, June 28, 2018

ရှေးရှေးက ရန်ကုန်ပုဂ္ဂလိကဓါတ်ခွဲခန်းများ


မြန်မာနိုင်ငံက ၀ိသမလောဘ အထူးကုဆေးရုံတွေ၊အထူးကုဆရာဝန်ကြီးတွေရဲ့ မကောင်းသတင်း   ကြားသိနေတာ အလွန် ၀မ်းနည်း မိပါတယ်။ မြန်မာပြည်မှာ အထူးကုဆရာဝန်ကြီး တစ်ယောက်အနေနဲ့ မှန်မှန် ကန်ကန် လုပ်စားမယ်ဆိုရင် မချမ်းသာရင်သာ နေမယ်။ ငတ်သေမှာ မဟုတ်ပါဘူး။ လူ့ဘ၀ရောက်လာပြီး၊ ဆရာဝန်ကြီးတောင်ဖြစ်နေမှ ဘာကြောင့်များ သံသရာဝဋ်ကျွေးတွေ ယူချင်ကြရတာလဲ။ လို့ ကရုဏာသက်မိပါတယ်။

ကျမ ရန်ကုန်ကနံမည်ကြီး Poly clinic ဆေးခန်းမှာ ရောဂါဗေဒဆရာဝန်အဖြစ် လွန်ခဲ့သော နှစ် ၃၀ ခန့်ကလုပ်ခဲ့ဖူးပါ တယ်။ အများနဲ့တစ်ယောက် ဆိုတော့ ကိုယ်ပဲ အရူး abnormal ဖြစ်ခဲ့ပြီး ဆေးခန်းမထိုင်ဖြစ်တော့ပါ။

ရောဂါဗေဒဆရာဝန်ဆိုတာ လူနာတွေနဲ့တွေ့ထိမှုနည်းပေမဲ့ အထူးကုဆရာဝန်အားလုံးရဲ့ မကျွမ်းကျင်မှုနဲ့ မသမာမှုတွေကို မသိချင် အဆုံး သိနေရတဲ့ ဆရာဝန်ပါ။ (နိုင်ငံခြားကဆေးရုံတွေမှာ ရောဂါဗေဒဆရာဝန်ရဲ့အရည်အချင်းပေါ်မူတည်ပြီးဆေးရုံရဲ့ အရည်အသွေးကိုခန့်မှန်းပါတယ်။ လူနာတစ်ဦးဦးက တိုင်ကြားရင်ဖြစ်ဖြစ်၊ နှစ်စဉ် ဆေးရုံရဲ့ အသေအပျောက်နှန်း၊ ရောဂါပျောက်ကင်းမှုနံန်းတွေကို ဆေးရုံကခန့်ထားတဲ့ ရောဂါဗေဒဆရာဝန်က တာဝန်ယူစစ်ဆေးရပါတယ်။ မြန်မာနိုင်ငံမှာအဲ့လိုဆေးရုံရှိတယ်လို့မကြားမိပါ)။

တစ်ချို့ အထူးကုဆိုတဲ့ဆရာဝန်ကြီးတွေက တကယ် အထူးကုမဟုတ်ကြပဲ နိုင်ငံခြားမှာ စာတွေ့ theory စာမေးပွဲသာအောင်ပြီး လက်တွေ့အနေနဲ့အထူးကုဆေးရုံ ဥပမာ အသဲအထူးကုဆို အသဲအထူးကုဆေးရုံမှာ မလုပ်ခဲ့ပဲ မြန်မာပြည်ရောက်မှ အသဲ ရောဂါသည်တွေကိုလက်တဲ့စမ်းကြပါတယ်။ ရလာဒ်ကတော့ လက်တွေ့မကျွမ်းကျင်မှုကြောင့် လူနာ တွေဆီက အသဲစ စစ်ဆေးဖို့ယူပေမဲ့ အသဲစ ပါမလာပဲ အသဲနဲ့နီးတဲ့ ကျောက်ကပ်တွေ၊ အဆုတ်တွေ ပါလာပါတယ်။ ဒါကြောင့်ရောဂါမသိနိုင်တဲ့ အပြင် တစ်ခါတစ်ရံမှာသွေးကြောတွေဖေါက်မိလို့ ကိုယ်တွင်း သွေးထွက်မှု (internal bleeding)နဲ့ အသက်ဆုံးရှုံး သည်အထိဖြစ်ကြပါတယ်။ လူနာခမြာမှာ တော့ မသိရှာပါဘူး။ ဆရာဝန်ကြီးကြိုးစားကုပေမဲ့ ကံကုန်လို့သေရရှာတယ်ဆိုပြီး ဆရာဝန်ကြီးကိုတောင် ကျေးဇူးတင်ကြပါတယ်။

ဆရာဝန်တစ်ယောက်အနေနဲ့ လူနာ့ရောဂါအကြောင်းသိဖို့ လိုအပ်ရင် ဓါတ်ခွဲ စစ်ဆေးမှုတွေ လုပ်ရ ပါတယ်။ အဲ့ဒီလိုစစ်ဖို့အတွက် သွေး၊ဆီး၊အသား စတာတွေကိုဓါတ်ခွဲခန်းပို့ရပါတယ်။ ဒီလိုပို့ထဲ့အခါမှာ စိတ်ချရတဲ့ ဓါတ်ခွဲခန်းကိုပို့ဖို့လိုပါတယ်။ ဆရာဝန်များ အထူးသဖြင့် ဆရာဝန်ကြီးများ ဘယ်ဓါတ်ခွဲခန်းမှာ အရည် အချင်းရှိတဲ့သူ ရှိတယ် ဆိုတာသိပါတယ်။

မြန်မာပြည်မှာ အထူးကုတွေမွေးထုတ်တော့ Diploma in Pathology (D.P) ဆိုပြီး ၂ နှစ် သင်ရ ပါတယ်။ ရည်ရွယ်ချက်က နယ်က အထူးကုဆေးရုံတွေက ဓါတ်ခွဲခန်းတွေကို အုပ်ချုပ်ဖို့ပါ။ မြန်မာပြည်က Diploma အားလုံး တစ်နစ်ပဲတက်ရပါတယ်။ ဒါပေမဲ့ Pathology ဘာသာ ရပ် အောက်မှာ Histopathology, Hematology, Biochemistry, Microbiology including Virology , Immunology, တွေပါသင်ရတာမို့ ၁ နှစ်နဲ့ဘယ်လိုမှ မဖြစ်နိုင်လို့ပါ။

၂ နှစ်သင်ရ တဲ့အပြင် ဒီပြင် Diploma တွေမှာ ကျလို့ထွက်ရတာမရှိပေမဲ့ (D.P) ကတော့ ထွက်ရတဲ့ သူများပါတယ်။ ဓါတ်ခွဲခန်းလောကမှာ ဆရာဝန်အောင်ပြီး Postgrat ရတဲ့ ရောဂါဗေဒဆရာဝန် အပြင် Medical techoogist ဆိုတာ ရှိပါတယ်။ သူတို့က ဘွဲရ ဆရာဝန်မဟုတ်တဲ့ D.P လို့ပြောရမယ် ထင်ပါ တယ်။ နောက် Medical technician grade 1,2,3 ဆိုပြီး ၃ ဆင့်ရှိပါတယ်။ အဆင့်အနိမ့်ဆုံး grade 3 ဆိုတာ campagne တွေမှာအသုံးပြုဖို့ ရောဂါတစ်မျိုးကိုစစ်နိုင်အောင်သင်ထားတဲ့သူတွေပါ။ ဥပမာ TB campagne အတွက် TB ပိုး ရှိမရှိ စစ်တတ်အောင် သင်ထားသူပါ။

ဒီအကြောင်းတွေရေးပြနေတာအကြောင်းရှိပါတယ်။ မြန်မာနိုင်ငံမှာ ဆရာဝန်မျိုးစုံ၊ technician မျိုးစုံအပြင် ဆေးပညာနဲ့မပတ်သက်ပဲ Biochemistry ဘာသာနဲ့ ဘွဲ့ရတဲ့သူတွေပါ ဓါတ်ခွဲခန်းတွေစည်းကမ်း မရှိ ဖွင့်နေကြတာပါပဲ။ ဒီထက်ပိုဆိုးတာက တစ်ချို့က ဓါတ်ခွဲခန်း technician တောင်မဟုတ်ပဲ ဓါတ်ခွဲခန်း တစ်ခုမှာလုပ်အားပေး ခဏလုပ်ပြီး ဆရာဝန်ကြီးတွေနဲ့ချိတ်ဆက်ပြီး ဓါတ်ခွဲခန်းဖွင့်ကြတာမို့ပါ။

ဓါတ်ခွဲခန်းအနေနဲ့ ဆရာဝန် ethic အရ ကိုယ့်ဆီ (Refer) လုပ်တဲ့ဆရာဝန်ကို (kick back) ဆိုတာမျိုး မပေးရပါဘူး။ ဒါပေမဲ့ ၁၉၈၀ လောက်မှာ Poly clinic ပိုင်ရှင်တွေရဲ့ business စံစံ ဓါတ်ခွဲခန်း၊ဓါတ်မှန်ခန်း တွေကနေ ပို့တဲ့ဆရာဝန်ကို ဓါတ်ခွဲစစ်ဆေးခရဲ့ ၂၀% ပေးကြ ပါတယ်။ နောက်ပိုင်းတဖြေးဖြေးနဲ့ % တွေ တိုးလာ လိုက်တာ တစ်ချို့ဓါတ်ခွဲခန်းက ၆၀% အထိတောင်ပေးကြတယ်လို့ကြားရပါတယ်။ ၆၀% ပေးရင် ဘယ်လိုမှ ဓါတ်ခွဲစစ် ဆေးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဓါတ်ခွဲစစ်ဆေးဖို့ ဓါတုပစ္စည်း တွေလိုပါတယ်။ အဲ့ဒါတွေကနိုင်ငံခြားက၀ယ်ရတာမို့ ဈေးကြီးပါတယ်။ ဓါတ်ခွဲခန်းစစ်ဆေးတဲ့ technician ဖိုး၊ ဆေးခန်းခ၊ မီတာခ၊ စက်ပစ္စည်း စတာတွေပါ ထဲ့တွက်ရင် အိပ်ထဲကတောင်ထပ်စိုက်ရမှာ ဘယ်လို ပေးပါလိမ့်လို့စုံစမ်းလိုက်တော့ လားလား မယုံနိုင်စရာ Ballpen method (or) Basin method သုံးတာတဲ့။ အဲ့ဒီ method ဆိုတာ လူနာဆီက အပ်နဲ့ဖေါက်ယူထားတဲ့သွေးတွေကို Basin ခေါ်တဲ့ လက်ဆေးခွက် ထဲ သွန်ပြစ်ပြီး ၊ အားလုံး ကောင်းပါ တယ် ဆိုပြီး Ballpen နဲ့ အဖြေရေးပေးလိုက်တာတဲ့။ ကြောက်စရာ ကောင်းလိုက်တဲ့ နည်းပါပဲ။ နောင်ဘ၀ လူဖြစ်ရင်တောင် သွေးတွေ မကြာခဏဖေါက်စစ်ဆေးခံနေရတဲ့(Thalassemia) ရောဂါသည်တွေဖြစ်မဲ့ အကုသိုလ်မှုတွေလို့မြင်မိပါတယ်။ ပို့တဲ့ ဆရာဝန်တွေက ဒီနည်း လုပ်နေတာ မသိဘူးလား ဆိုတော့ သိတယ်တဲ့။ ဒါဖြစ်ရင်ဘာလို့ ပို့တာလဲဆိုတော့။ ပို့တဲ့လူနာအတွက် စစ်ရန်မလိုပဲ ပို့တာတဲ့။ အဲ့ဒီဆရာဝန်ကြီးတွေထဲမှာ သူထက်သူ၊ပို လူစွမ်းကောင်းတဲ့ ဆရာဝန်ကြီးတွေက ဘာလုပ် သလဲဆိုတော့သူ့ လူနာကို ဓါတ်ခွဲခန်း ၁ ခုအစား ၂ ခုကို ပို့တယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချို့ ဓါတ်ခွဲခန်းက သွေးစစ်ရာမှာ Hematology အတွက် ၂၀% ပေးပြီး၊ Biochemistry အတွက် ၃၀%။ အချို့ဓါတ်ခွဲခန်းက Hematology အတွက် ၃၀% ပေးပြီး၊ Biochemistry အတွက် ၂၀% ပေးလို့တဲ့။ လူနာခမြာ အထူးသဖြင့် ခလေးငယ်များမှာ မလိုအပ်ပဲ အခါခါသွေးဖေါက်ခံရရှာပါတယ်။ လူစိတ်မရှိတဲ့ ဆရာဝန်ကြီးတွေ သားသမီးချင်းမစာနာ ကြတဲ့အပြင်အရှက်မရှိ တလတလ % ဘယ်လောက်ရတယ် ဆိုတာ ကြွားကြ ပါသေးတယ်။ တစ်ချို့ ဆရာဝန်ကြီးတွေကတော့ ကိုယ်ပိုင်ဓါတ်ခွဲခန်းဖွင့်ထားပြီး သူ့ဓါတ်ခွဲခန်းက စစ်တာ မဟုတ်ရင် မယုံဘူးဆိုပြီး အစ အဆုံး၊ (battery of tests)၊ စစ်လို့ရတာမှန်သမျှ သူ့ဓါတ်ခွဲခန်းမှာပြန် စစ် ခိုင်းပါတယ်။

ကျမအမြင်တော့ ဒီဆရာဝန်ကြီးတွေဟာ ကြောက်ဆရာကောင်းပါတယ်ဆိုတဲ့ သွေးစုပ် ဖုတ်ကောင် တွေထက် ပိုဆိုးတဲ့ သွေးစုပ်ရုံမက ပိုက်ဆံပါ လည်းပင်ညှစ်ယူတဲ့သူတွေလို့မြင်ပါတယ်။

မြတ်စွာဘုရားရှင်က ရှင်သာရိပုတ္တရာအား ပါရာဇိကဏ္ဍပါဠိတော်၊ဝေရဉ္ဇကဏ္ဍသိက္ခာကဒ၊ပညာတ္တိယာစနာကထာ တို့မှာ ဟောတော်မူထားတာကို ဆရာကြီးဦးရွှေအောင်က အမြင်များ ပြောင်းလဲခြင်း စာအုပ်မှာ- ကိုယ်ကျင့်သိက္ခာခိုင်မာအောင် တည်ဆောက်ရန်မကြိုးစားပဲ ပညာတတ် ဖြစ်အောင်ကြိုးစားခြင်းသည် ဖြတ်လမ်းဖြစ်သဖြင့် လောကကြီးအတွက်ကြီးမားသော အန္တရာယ်ကို ယူဆောင်ရာ ရောက်တတ်ပါသည် လို့ ရေးသားထားပါတယ်။

တိုင်းပြည်တည်ထောင်နေတဲ့အခုလိုအချိန်မှာ ဓါတ်ခွဲခန်းဖွင့်လှစ်မှုကိုသေသေချာချာ စစ်ဆေးမှုတွေပြုလုပ်
ခြင်းဖြင့် အရည်အချင်းရှိသော ဓါတ်ခွဲခန်းများ သီလ၊ သမာဓိ ၊ ပညာ ရှိသော သူတော်ကောင်း ဆရာဝန်၊ အထူးကု ဆရာဝန်ကြီးတွေဖြစ်လာစေရန် ရည်ရွယ်ရေးသားပါသည်။


No comments:

Post a Comment