:include data='blog' name='google-analytics'/>

Thursday, June 28, 2018

အန္တရယ်ကင်းအောင်ငရုပ်သီးဘယ်လိုစားမလဲ



ကျမ တို့ငယ်ငယ်က ငရုပ်သီးစားရင် မျက်စိမှုန်မယ်၊တကိုယ်လုံးပူမယ်ဆိုပြီး ခလေးတွေကိုမကြွေးပါဘူး။
ဟုတ်ပါတယ်။ ငရုပ်သီးဟာ ပူစပ်တဲ့ အရသာရှိတာကြောင့် ခလေးငယ်များနဲ့မသင့်တော်ပါဘူး။ နောက်ပြီး
အစာအိမ်နံရံကို ကလိတာကြောင့် (irritation) အစာအိမ်ရောဂါသည်များအတွက်မသင့်တော်ပါဘူး။ ဒါပေမဲ့သူ့မှာ အဖိုးတန်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေများစွာပါဝင်ပါတယ်။

၁။ သူ့မှာပါတဲ့ capsaicin ဓါတ်ကြောင့် သူ့ရဲ့အရသာနဲ့အနံကိုဖြစ်စေတာပါ။ ဒါပေမဲ့ဒီဓါတ်ဟာ ဘက်တီရီးယားပိုးတွေ၊ကင်ဆာဆဲလ်တွေကိုသတ်နိုင်ပြီး၊ ဆိုးဝါးတဲ့အဆီဓါတ် (LDL) ကိုလျော့စေ တယ်။ အနာ သက် သာစေတယ် (analgesic)။ ဆီချိုရောဂါကိုသက်သာစေတယ်ဆိုတာကို
ဓါတ်ခွဲခန်းက နိ့တိုက်တိရစ္ဆာန်တွေမှာစမ်းသပ်တွေ့ရှိပါတယ်။

၂။ လတ်ဆတ်တဲ့ အနီရောင်နဲ့အစိမ်းရောင်ငရုပ်သီးစိမ်း (fresh chili) တွေမှာ ဗီတာမင် စီ များစွာ           ပါဝင်ပါတယ်။ ငရုပ်သီးစိမ်း ၁၀၀ ဂရမ်မှာ ဗီတာမင် စီ ၁၄၄ မိုက်ခရိုဂရမ်ပါဝင်ပါတယ်။ ဗီတာမင် စီ         ဟာ ရေမှာပျော်ဝင်တဲ့ အစွမ်းထက်တဲ့ အဆိပ်ဖြေဆေး (anti-oxidant) ဖြစ်ပါတယ်။

၃။ ငရုပ်သီးမှာသတ္ထုဓါတ်တွေဖြစ်တဲ့ ပိုတက်စီရမ်၊မက်ကနီစီရမ် (magnesium)၊သံဓါတ်နဲ့ မက်ဂနီစ်ဓါတ် (manganese) တွေလည်းများစွာပါဝင်ပါတယ်။ ပိုတက်စီရမ်ဟာ ဆဲလ်နဲ့ကိုယ်တွင်းရေဓါတ် တွေရဲ့ အရေးပါတဲ့ဓါတ်ပစ္စည်းဖြစ်တာကြောင့် နှလုံးခုန်နှုန်းနဲ့သွေးချိန် (blood pressure) ကို ထိန်းချုပ်ပါတယ်။ မက်ကနီစီရမ် (magnesium) ကတော့ အဆိပ်ဖြေဆေး (anti-oxidant) တွေရဲ့ လုပ်ငန်းတွေကိုကူညီ  (co-factor ) ပေးပါတယ်။

၎။ ငရုပ်သီးမှာ ဗီတာမင် ဘီတွေ ဖြစ်တဲ့ niacin, riboflavin, ဗီတာမင် ဘီ ၁၊ ဗီတာမင် ဘီ ၆၊ တွေ လည်း ပါဝင်ပါတယ်။ ဒီဗီတာမင် တွေကို ကျမတို့ ကိုယ်ခန္ဓာ က မထုတ်လုပ်နိုင်ပဲ အပြင်အစားအစာက သာ ရရှိနိုင်တာမို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (essential vitamins) တွေ လို့ခေါ်ပါတယ်။


မြန်မာနိုင်ငံတွင်နေထိုင်သူများသတိထားရန်။
မြန်မာနိုင်ငံတွင် အထူးသဖြင့်မိုးရာသီလို ဆိုဆွတ်တဲ့အချိန်မှာ ငရုပ်သီးနဲ့မြေပဲတွေမှာမှိုတက်ပါတယ်။
အဲ့ဒီမှိုတွေက Aflatoxin လို့ခေါ်တဲ့ အလွန်ပျင်းတဲ့ ကင်ဆာဖြစ်စေတဲ့အဆိပ်တွေထွက်ပါတယ်။ အဲဒီ အဆိပ်တွေကိုအသဲမှာ အဆိပ်ဖြေတာမို့ အသဲကင်ဆာအများဆုံးဖြစ်စေပါတယ်။ ဒီအဆိပ်အများကြီး စားမိရင် ချက်ချင်းအသဲပျက်ဆီးခြင်း (Acute live necrosis ) ဖြစ်နိုင်ပြီး၊ နည်းနည်းခြင်းတာရှည်စားရင် အသဲကြုံ့ခြင်း (cirrhosis) နဲ့ အသဲကင်ဆာဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ အရက်မသောက်တဲ့၊ အသဲရောင်အသာဝါးပိုး (hepatitis B,C) လည်းမရှိတဲ့ မြန်မာ အမျိုးသမီးတွေမှာ အသဲကင်ဆာ   အဖြစ်များ တာဟာ ငရုပ်သီးအစားများလို့ပါ။ မိုးတွင်းမှာ ငရုပ်သီးခြောက် တွေရဲ့အတွင်းမှာမှိုတွေနဲ့ပြည့်   နေ တတ်ပါတယ်။ ဒီအဆိပ်ကရေဆေးလို့လဲတော်တော်နဲ့ထွက်မသွားပါဘူး။ ချက်ပြုပ်လို့လဲ မပျောက်  ပျက်ပါဘူး။ ရောင်းတမ်းငရုပ်သီးမှုန့်တွေကဈေးပေါ်တဲ့ မှိုပါတဲ့ငရုပ်သီးတွေနဲ့လုပ်တာများပါတယ်။ အချို့ငရုပ်သီးမှုန့်မှာ ကင်ဆာဖြစ်စေတဲ့ ဆိုးဆေးတွေလည်းပါတတ်ပါသေးတယ်။
ကျမတို့အိမ်မှာ ဟင်းချက်ငရုပ်သီးကို နွေဘက်မှာ မှိုမပါတဲ့ငရုပ်သီး တွေဝယ်၊အခြောက်လှမ်း၊ကြိတ်စက်နဲ့အမှုန့်ကြိတ်၊ ပုလင်းတွေနဲ့ခွဲပြီး၊နေ့စဉ်စားဖို့ကို (4C) ရေခဲသေတ္တာမှာထားပါတယ်။ ကြာကြာသိမ်းမဲ့ဟာ ကိုတော့ (Frozen) ခဲထားပါတယ်။ ငရုပ်သီးအလှော်မှုန့်ကိုလည်း၊ ငရုပ်သီးကို နွေမှာ ၀ယ် လှော်ပြီး၊ခဲထားပါတယ်။ အပြင်က ငရုပ်သီးပါတဲ့ ဟင်းတွေ (ငပိကျော်စသည်) ၀ယ် မစား ပါဘူး။ မုန့်ဟင်းခါး၊အသုပ် စတာမျိုး ၀ယ်စားရင် ကိုယ့်အိမ်က ငရုပ်သီးမှုန့်ပဲထဲ့စားပါတယ်။ အဲ့ဒါကြောင့်ထင်တယ် မေမေဟာ အသက် ၉၀ နှစ်မှာ (လွန်ခဲ့တဲ့ ၈ နှစ်ကဆုံးပါးပါတယ်)။ အဖေကတော့ ယခု အသက် ၉၈ နှစ် ရှိပါပြီ။ မိတ်ဆွေ တွေက ဘာအသက်ရှည်ဆေးတွေ တိုက်သလဲတဲ့ အသက်ရှည်ဆေးဆိုတာမရှိပါဘူး။ အစား အသောက် ဆင်ခြင်တာပါ။ အထူးသဖြင့် ငရုပ်သီးမှိုကိုဂရုစိုက်လို့ပါ။ ပြင်သစ်နိုင်ငံမှာ တင်သွင်းတဲ့အစားအစာတွေကို
စစ်ဆေးပါတယ်။ လွန်ခဲ့တဲ့ နှစ်က တရုပ်ပြည်ကတင်သွင်းတဲ့အစာတွေမှာ  Aflatoxins တွေတွေ့ရှိလို့ ဖျက်
ဆီးလိုက်တယ်ဆိုတဲ့သတင်းဖတ်လိုက်ရပါတယ်။

ငရုပ်သီး ၁၀၀ ဂရမ်စားလျှင်ရရှိမည့် တစ်နေ့စာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ် ရာခိုင်းနှုန်းများ

ဗီတာမင် စီ ၂၄၀%။
ဗီတာမင် ဘီ၆  ၃၉% ။
ဗီတာမင် အေ ၃၂%။
သံဓါတ်  ၁၃%။
ကြေးနီဓါတ် ၁၄%။
ပိုတက်စီရမ် ၇%။
. 

Ref
http://www.nutrition-and-you.com/chili-peppers.html

No comments:

Post a Comment