:include data='blog' name='google-analytics'/>

Thursday, June 14, 2018

ရှေးရှေးက ဂျပန်ရောက်မြန်မာပညာတော်သင်။



JICA (Japanese International Co-operation Agency ) ရဲ့အထောက်အပံ့ဖြင့် ဂျပန်နိုင်ငံကို ၁၉၈၆-၁၉၈၈ ပညာတော်သင်သွားစဉ်က တိုကျိုမြို့ JICA centre မှာ နေရပါတယ်။ JICA centre မှာ ၅၈ နိုင်ငံက JICA အထောက်အပံ့ ဖြင့် လာရောက်သူများလည်းရှိပါတယ်။

              မြန်မာနိုင်ငံမှ ပညာတော်သင်လာသူများမှာ ဌာနစုံကဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ရက်ပိုင်း၊လပိုင်းမှ တစ်နှစ်အထိဖြစ်ပါတယ်။ ကျမအနေနဲ့ ခက်ခဲတဲ့ အနုကြည့် မှန်ဘီး လူး (electron microscope) သုံးပြီးမြန်မာနိုင်ငံ မန္တလေးမြို့မှာဖြစ်ပွါးခဲ့တဲ့ အသဲရောင်အသားဝါရောဂါနဲ့ပတ်သက်ပြီး သုတေသနပြု လုပ် ရမှာဖြစ်တဲ့အတွက် exceptionally ချွင်းချက်အနေနဲ့ ၂ နှစ်နေရမှာဖြစ် ပါတယ်။  ဒါကြောင့်ကျမ ကိုမြန်မာ ပညာသင်တွေက နှစ်ကြီးသမားလို့ (ချစ်စနိုးခေါ်ကြတယ် ထင်ပါတယ်။)

          ညနေဘက်ဆိုရင် သင်းတန်းကပြန်လာကြတဲ့ မြန်မာကျောင်းသားတွေ ကျမအခန်းမှာစုပြီး မြန်မာထမင်းဟင်းခိုးချက်စားကြပါတယ်။ (JICA centre မှာ အခန်းထဲမှာ ချက်ခွင့်မရှိပါဘူး။ အောက်ထပ်မှာ restaurant ရှိပါတယ်။ မီးလောင်မှာကြောက်လို့ထင်ပါတယ်။ မြန်မာအများစုက ကိုယ့်မြန်မာ ထမင်းဟင်းကိုသာ နုတ်မိန်တာရော၊ ပိုက်ဆံစုချင်တာရောကြောင့်ပါ။ အဲ့ဒီအချိန်က နိုင်ငံခြားမှာ ၃ လတိတိနေထိုင်တဲ့သူ ကားသွင်းခွင့်ရှိပါတယ်။ ၃လနဲ့ ကားသွင်းမယ်ဆိုရင်တော့ ပိုက်ဆံ အသေစုရ ပါမယ်။ (အဲ့ဒီအချိန်က နိင်ငံတကာက restaurant တွေရှိတဲ့ တိုကျိုမြို့မှာ မြန်မာထမင်းဆိုင် တစ်ဆိုင်မှ မရှိပါဘူး။ ယခုတော့ရှိပြီလားမသိပါဘူး။)

           ထမင်းစားရင်း ထွေရာလေးပါးပြောဆိုကြရာက တစ်နေ့မှာ အသစ်ရောက်လာတဲ့ ပညာတော်သင် တစ်ယောက်က သူဒီနေ့သင်တန်းသွားတာ ၀င်ဖို့တံခါးပေါက်ရှာမတွေ့လို့ပြန်လာခဲ့ရကြောင်းပြော ပါတယ်။ အဲ့ဒီအချိန်ထဲက ဂျပန်နိုငံမှာ အဆောက်အဦးအားလုံးက တံခါးတွေက လူလာရပ်မှ အလိုလိုပွင့်တဲ့
တံခါးတွေဖြစ်တာမို့ သူပွင့်နေတဲ့တံခါး မတွေ့ခဲ့တာပါ။ မြန်မာပြည်မှာတော့ ရန်ကုန်အင်းယားလိပ်ဟော်တည် တစ်ခုမှာပဲရှိသေးတယ်ထင်ပါတယ်။(ကျမ ငယ်ငယ်တုန်းက မေမေ စာတိုက်ပုံမှာစာထဲ့ဖို့ခိုင်းစဉ်ကလည်း စာတိုက်ပုံမှာ အပေါက်ရှာမရလို့ပြန်လာခဲ့ဘူးပါတယ်။)

      နောက်တစ်ဦးကတော့ JICA centre နားက restaurant မှာမစားဖို့ အကြံပြုပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီဆိုင်က ညစ်ပတ်တယ်တဲ့။ ဂျပန် restaurant တွေမှာ စားသောက်ဖွယ်ရာများကို အစစ်အတိုင်း
မှန်ပြုတင်းမှာ ပြသထားပါတယ်။ မသိရင် တကယ့် စားစရာတွေလို့ထင်ရပါတယ်။ JICA centre နားက restaurant ကဖွင့်တာနဲနဲကြာလို့ ပြထားတဲ့ စားစရာအတုတွေဖုံ နဲနဲထက်နေတာပါ။
       
   ဆင်းခြေတုံးဆပ်ပြာနဲ့မှ ခေါင်းလျော်တတ်တဲ့ ရေတပ်က ဗိုလ်ကြီး တစ်ဦးကတော့ သူ ဆင်ခြေတုံး      ဆပ်ပြာထင်ပြီးဝယ်လာတာ စားစရာမုံ့ဖြစ်နေလို့ ရီကြရသေးတယ်။
 
      ကျမဌာနက ကျမအရင် ဂျပန်ပညာတော်သင်သွားတဲ့ technician ကို ဂျပန်အတွက်ဘာယူသွားရမလဲ ဆိုတော့ ၊ ခဲတံနဲ့ ပုရုပ်လုံးယူသွာားပါတဲ့ ဟိုမှာမရှိဘူးတဲ့။ ဂျပန်မှာက  ကျမတို့ငယ်ငယ်ကသုံးတဲ့ ခဲတံမျိုးမသုံးတော့ဘဲ၊ ခဲချောင်းထဲ့တဲ့ ball pen မျိုးသုံးတာ၊ ပုရုပ်လုံးက အလုံးမဟုတ်ဘဲ အပြားဖြစ်နေတာကြောင့်ပါ။ စကားမပေါက်၊စာမဖတ်တတ်တာလဲပါ ပါတယ်။
 
      ကျမက မြို့ပြင်မှာရှိတဲ့ Nihon University ကို မြေအောက်ရထား၊မြေပေါ်ရထား၊ဘစ်ကားစီးပြီးသွားရပါတယ်။ ကျမတို့ JICA centre နားက Shinjuku ဘူတာက အတော်ကြီးတယ်။ ပထမအခေါက်က မြေအောက်ဘူတာက နေ မြေပေါ်ကိုမရောက်ဘူး။ တစ်နေရာထဲမှာပဲ လည်နေတာ။ Rash hour ဆိုတော့ လူတွေက ပြေးလွှားနေကြတာ မေးစရာလူမရှိဘူး။ မြေအောက်ဘူတာထဲမှာလည်တာ နှစ်နာရီလောက်ကြာပြီး လူနဲနဲပါးမှလမ်းမေးရတယ်။ ကိုယ့် ဂျပန်စကားကလဲ ထမင်းစားရေသောက်လောက်ဆိုတော့ သူတို့လမ်းရှင်းပြတာအပြည့်အစုံနားမလည်ဘူး။ ဒီတော့ လမ်းညွှန်တဲ့သူတွေရဲ့ လက်ညှိုးဆုံးရင် နောက်တစ်ယောက်ကိုထပ်မေးဒီလိုနဲ့ လူတွေရဲ့လက်ညှိုးတွေဆက်ပြီးသွားခဲ့ရတယ်။ University ရောက်မှ အခြားပညာတော်သင်နိုင်ငံခြားသားကိုမေးပြီး ရထားကို ဘယ်အတွဲကစီး ၊ဘယ်အပေါက်ကထွက်ဆိုတာ အသေအခြာမေးထားရတယ်။ ဘူတာကကြီးပြီး ထွက်ပေါက်တွေများတော့ အပေါက်မှားထွက်ရင် ရွာလည်တာပဲ။ ဂျပန်ရောက်မှ စားမတတ်သူတွေရဲ့ဒုက္ခကိုပိုပြီးနားလည်သဘောပေါက်မိတယ်။


   ဒီအကြောင်းတွေကို ကြွားလို၍ရေးခြင်းမဟုတ်ပါ၊အပျင်းပြေဗဟုသုတရစေရန်နှင့် ဆင်းရဲပြီးခေတ်နောက်ကျနေတဲ့နိုင်ငံကနေတိုးတက်နေတဲ့နိုင်ငံသွားရတာ တောသားမြို့ရောက်သလို အခက်အခဲတွေနဲ့တွေ့ခဲ့ရတာတွေ ကိုပြန်လည်ဖေါက်သည်ချခြင်းဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments:

Post a Comment