၎င်းတို့နှစ်ဦးလုံး ပင်စင်စားများဖြစ်ကြပါတယ်။ လာမဲ့ ဆောင်းရာသီမှာ ယိုဒယားနိုင်ငံဘန်ကောက်မြို့ကို အလည်သွားဖို့စီစဉ်ထားကြပါတယ်။ ဆောင်းရာသီကျောင်းပိတ်ရက်မှာ ခရီးသွားသူများတာကြောင့် ကျောင်းဖွင့်ရက်ကိုစောင့်နေကြပါတယ်။ သူတို့ရဲ့အိမ်ဘေးမှာတော့ လက်ထပ်ပြီးကာစ အသက် ၂၅ နှစ်
သာရှိသေးတဲ့ မောင်မောင်နဲ့ မမတို့ဇနီးမောင်နှံနေကြပါတယ်။ သူတို့မင်္ဂလာဆောင်မှာ ဦးပြဲနဲ့ဒေါ်မာလာတို့ သက်သေ လက်မှတ် ထိုးပေးခဲ့ကြပါသေးတယ်။ မောင်မောင်က ကျောင်းဆရာပါ။ မမကတော့ အပြင် အလုပ်မလုပ်ပါဘူး။
ယခုတစ်လော မောင်မောင်တို့အိမ်က ရန်ဖြစ်သံတွေ၊ ဆူညံ့သံတွေ မကြာခဏကြားနေရပါတယ်။ ဒီနေ့တော့ ဆူညံသံတွေကြားပြီးနောက် မမအိမ်ထဲကထွက်လာပြီးကားမောင်းထွက်သွားတာတွေ့လိုက်ရ ပါတယ်။ မမလက်မှာလည်းသွေးတွေ ပေနေတာတွေ့ရပါတယ်။
ဘာဖြစ်ကြတာလဲ။ မောင်မောင်က မမကိုရိုက်နှက်လို့လား။ ဦးပြဲအနေနဲ့ ဒီအတိုင်းကြည့်နေလို့ မဖြစ်တော့ ပါဘူး။ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့ ကူညီ ရအောင်မောင်မောင်တို့အိမ်ဖက် ကူးလာခဲ့ပါတယ်။
မောင်မောင် ဘာဖြစ်နေကြလဲ။ မမကိုလည်းကားမောင်းသွားတာတွေ့တယ်။သူ့လက်မှာလည်းသွေးတွေ
ပေနေတယ်။
ဦးပြဲ ဘာမှမဖြစ်ပါဘူး။ မမ သူ့ဘာသာ ဓါးခုတ်ရင်းလက်ထိသွားလို့ ဆေးရုံသွားတာပါ။
ဦးပြဲ မောင်မောင်ပြောတာဘယ်လိုမှ မယုံပါဘူး။ လက်ဓါးထိတာဆိုရင်ဘာလို့ ဒေါ်မာလာဆီမလာတာလဲ။
ဒေါ်မာလာက သူနာပြုဆရာမ ပါ။ ဒါပေမဲ့ ကာယကံရှင်က ငြင်းနေမှတော့ အိမ်ပြန်ရုံပဲရှိတောပေါ့။
အိမ်ရောက်တော့ မမရဲ့လက်ကို ဒေါ်မာလာ ဆေးထဲ့ပေးနေတာတွေ့ပါတယ်။ မမက သူချော်လဲ ကျ တာပါတဲ့။ ဆေးရုံသွားမယ်လုပ်ပြီးမှ မသွားချင်တော့တာနဲ့ ဒေါ်မာလာဆီလာပြတာလို့ဆိုပါတယ်။မမရဲ့ဒါဏ်ရာက ချော်လဲလို့ရတဲ့ ဒါဏ်ရာမဟုတ်ပါဘူး။ တစ်ခုခုနဲ့ရိုက်လို့ရတဲ့ဒါဏ်ရာပါ။ ချော်လဲရင် လက်တွင်မက ကျန်နေရာတွေမှာပါဒါဏ်ရာရှိရမှာပေါ့။ ဆေးရုံကမေးရင် မောင်မောင်ရိုက်တာသိမှာစိုးလို့ မသွားတာလား။ ညာနေတယ်ဆိုတာသိပေမဲ့။ မသိချင်ရောင်ပဲနေလိုက်ကြပါတယ်။
သူတို့အခက်အခဲကို ကူညီနိုင်အောင်လို့ ရင်ဖွင့်ချင် ဖွင့်နိုင်အောင် ညနေစာ အိမ်မှာလာစားဖို့ ထမင်းစာ
ဖိတ်လိုက်ပါတယ်။ ညနေထမင်းစားချိန်မှာ စကားစကြည့်ပေမဲ့ နှစ်ယောက်လုံးက ဘာမှ မဖြစ်ပါဘူး
လို့ တွင်တွင်ငြင်းနေတာမို့ ညစာ စားပွဲမှာ ဘယ်သူမှ စကားဆက်မပြောကြတော့ပဲ မောင်မောင်တို့လင်မယား ကျေးဇူးတင်ပါတယ်ပြောပြီးပြန်သွားကြပါတယ်။
ဒီိမနက်လည်း မောင်မောင်တို့အိမ်က ဆူညံသံတွေကြားရပြန်ပါပြီ။ မကြာခင် မမ အ၀တ်သေတ္တာဆွဲပြီး
ထွက်လာတာတွေ့ရပါတယ်။ ဦးပြဲမနေနိုင်တော့ပါဘူး။ မမ ခင်မျာသနားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့
သူ့ယောက်ျားရဲ့ အရိုက်အနှက်ကိုခံနေရရှာတယ်။ မောင်မောင့်ကိုချစ်တဲ့စိတ်နဲ့ ဘာမှမပြောရှာဘူး။ သူမပြောပေမဲ့ ဦးပြဲတို့ဒီအတိုင်းကြည့်နေလို့မဖြစ်ပါဘူး။ ပုလိပ်ကိုဖုန်းဆက်ပြီး အကြောင်းကြား လိုက် ပါတယ်။ ပုလိပ်များရောက်လာပြီး မောင်မောင့်ကိုဖမ်းသွားကြပါတယ်။ မမကိုတော့ဦးပြဲတို့အိပ်ယာမှာပဲအိပ်စေပါတယ်။ မမလည်းစိတ်ချလက်ချ အိပ်နေလိုက်တာ ခလေးတစ်ယောက်လိုပါပဲ။ သနားပါတယ်။ ဦးပြဲတို့သာမရှိရင် သူမခင်မျာ တော်တော်ဒုက္ခရောက်မှာ။ အဆိုးဆုံးအနေနဲ့သေတောင်သေနိုင်တယ်။ ပြင်သစ်မှာ ၃ ရက်မှာ အမျိုးသမီးတစ်ယောက်သူတို့ယောက်ျားတွေရိုက်နှက်လို့သေနေကြတယ် မဟုတ်လား။
အဲ့ဒီညနေမှာ မောင်မောင်ဦးပြဲတို့အိမ်ရောက်လာပါတယ်။ မမက တရားမဆွဲတာကြောင့် ပုလိပ်ကပြန် လွှတ်လိုက်တာပါ။ မောင်မောင်က မမနဲ့ ခဏ နှစ်ယောက်ထဲဆွေးနွေးခွင့်တောင်းပါတယ်။ ဦးပြဲက ၅ မိနစ်ပဲခွင့်ပြုနိုင်မှာဖြစ်ကြောင်း။ မင်း မမ ကိုဒုက္ခပေးဖို့တော့ မကြံနဲ့ ငါတို့အိမ်ပေါ်ထပ်ကနေစောင့်ကြည့် နေမယ်လို့ သတိပေးပြီးတွေ့ခွင့်ပေးလိုက်ပါတယ်။
မကြာပါဘူး အောက်ထပ်က ဆူညံသံတွေကြားတာမို့ ဦးပြဲတို့လင်မယား အောက်ထပ်ကိုအပြေးအလွှား ဆင်းလာကြပါတယ်။ ထင်ထားတာနဲ့တက်တက်ဆင်လွဲကာ မောင်မောင်တစ်ယောက်ကြမ်း ပေါ်မှာ ခေါင်းပေါ်လက်အုပ်ပြီး မမကို မရိုက်ဖို့တောင်ပန်နေပါတယ်။ မမက အားကုန် စီးထားတဲ့ရူးဖိနပ်နဲ့ မောင်မောင့်ကို ပိတ်ကန်နေတာတွေ့ရပါတယ်။
မောင်မောင်ရယ်ဘယ်လိုဖြစ်ရတာလဲ။ ဘာလို့ တို့ကိုမပြောတာလဲ။
ကျနော်ရှက်လို့မပြောတာပါ။ လက်ထပ်ပြီးကတဲက မမတစ်ယောက် ကျနော့်ကိုအကြီးအကျယ်စိတ်မချ
ဖြစ်ပြီး၊ ကျနော့် ကျောင်းက ကျောင်းသူတွေစာမေးဖို့ ဖုန်းဆက်ရင်ဖြစ်ဖြစ်၊ အခြားဆရာမ တစ်ယောက် ယောက်ကအလုပ်နဲ့ပတ်သက်ပြီးဖုန်းဆက်ရင်ဖြစ်ဖြစ် အဲ့ဒီအမျိုးသမီးတွေနဲ့သင်္ကာမကင်းဖြစ်ပြီး ကျနော့်ကို ရိုက်တော့ တာပါပဲ။ အခုဆို တစ်နှစ်နီးပါးရှိပါပြီတဲ့။
ဦးပြဲတို့လင်မယားလည်း မိမိတို့ မောင်မောင့်ကို အထင်မှားခဲ့တာကိုစိတ်မကောင်းဖြစ်မိပြီး စိတ်ပြေ လက်ပျောက် ဘန်ကောက်ကိုအလည်လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မမ အနေနဲ့တော့ စိတ်ရောဂါကု ဆေးရုံမှာ ဆေးကုသဖို့ပို့ပေးလိုက်ပါတယ်။
ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊
ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်.... ဆိုတဲ့စကားလေးက မြန်မာမိန်းခလေးငယ်များကို မိခင်များက
ဒုက္ခပေးနိုင်တဲ့ ယောက်ျားများရဲ့အန္တရာယ်ကို သတိထားရန်ပြောဆိုကြတဲ့စကားဖြစ်ပါတယ်။
စကားပုံကို ဗေါင်ပြန်လှန်တဲ့ အမျိုးသမီးတွေကိုသူရဲကောင်းတွေလို့ ချီးမွမ်းသင့်တယ်လို့ထင်ပါသလား။
မထင်ပါနဲ့ မြတ်ဘုရားက လူအချင်းချင်းနှိပ်စက်ခြင်းကင်းကြဖို့ဆုံးမတော်မူထားတာမမေ့သင့်ပါဘူး။
ဘယ်သူ့ ဘယ်သူမှ မနှိပ်စက် မစော်ကားပဲ ချစ်ချစ်ခင်ခင်နေခြင်းဖြင့်လောကကြီးကိုအလှဆင်ကြပါဆို့။
မှတ်ချက်။
ပြင်သစ်နိုင်ငံမှာယောက်ျားများရဲ့ရိုက်နှက်ခြင်းကြောင့်အမျိုးသမီးတစ်ဦး သုံးရက် မှာတစ်ယောက်နှုန်းနဲ့သေဆုံး နေကြ တယ်လို့သိရပါတယ်။ အနှိက်စက်ခံရပြီးတိုင်းကြားသောအမျိုးသမီးပေါင်း တစ်သန်း ကျော်ရှိပါတယ်။ အမျိုးသမီး ၂ ယောက်မှာ တစ်ယောက် ဟာ၎င်းတို့ရဲ့ ချစ်သူဆိုသူတို့ရဲ့ ရိုက်နှက်မှုကို ခံနေကြရတယ်လို့လည်းသိရပါတယ်။
အမျိုးသမီးတွေရဲ့ရိုက်နှက်နှိပ်စက်ခံရတဲ့ အမျိုးသား သုံးထောင်ခန့်ရှိတယ်လို့လည်းသိရပါတယ်။ အမျိုးသားများက ရှက်ပြီးမတိုင်ကြားကြဖူးလို့သိရပါတယ်။ ဒါကြောင့် အမျိုးသမီးများရဲ့ အနှိပ်စက်ခံ အမျိုးသားများက အစည်းအရုံးတည်ထောင်ထားပြီး (ဖက်ကြောင့်ကျိုးတဲ့ဆူးများ) ကို ကူညီပေး နေကြပါတယ်။
ပြင်သစ် တယ်လီဗင်းရှင်း တကဲ့အဖြစ်အပျက်များအစီအစဉ်မှာ တင်ပြတဲ့ဇတ်လမ်းကို သင့်လျော်အောင် ဘာသာပြန်ပါတယ်။
No comments:
Post a Comment