:include data='blog' name='google-analytics'/>

Thursday, August 23, 2018

ကျနော်ကဦးမောင်မောင်ရဲ့မျက်လုံးပါ။


ဖွဲ့စည်းတည်ဆောက်မှုရှုပ်ထွေးတဲ့နေရာမှာ ကျနော့်ကို ဦးမောင်မောင်ရဲ့ဘယ်အင်္ဂါအစိတ်အပိုင်းကမှ ယဉ်ပြိုင်နိုင်မယ်မထင်ပါဘူး။ ကျနော်က ပင်ပေါင်ဘော်အရွယ်ရှိပေမဲ့ မီလျှံပေါင်းများစွာသော လျှပ်စစ် ဆက်သွယ်မှုတွေနဲ့ တစ်မီလျှံခွဲ ရှိတဲ့ သတင်းအချက်အလက်တွေကို နေ့စဉ် ပို့ဆောင်ပေးနိုင်ပါတယ်။ ဦးမောင်မောင်ရတဲ့ သတင်းအချက်အလက်   ၈၀%  ဟာ ကျနော်တို့ဆီကရတာပါ။ သူက ကျနော့်ကို အသေးစား television camera လို့ထင်တယ်။ ဒါဟာ ကျနော့်ကိုစော်ကားတာပဲ။ ကျနော်က အမြင်နဲ့ပတ်သက်တဲ့ အထူး ခြားဆုံးသော အံ့သြဖွယ်ရာ ဖြစ်ပါတယ်။ ကျနော်ဟာ အကြီးမာဆုံး၊ တန်ဖိုးအကြီးဆုံး TV camera တွေထက် များစွာစွမ်းဆောင်နိုင်တဲ့အင်္ဂါဖြစ်ပါတယ်။

ယခုခေတ်က ကျနော့်ကို ဒုက္ခရောက်စေ၊ပင်ပန်းစေပါတယ်။ ကျောက်ခေတ်တုန်းက လူသားတွေ ဟာ အန္တရာယ် ရှောင်ရှား ဖို့အတွက် အဝေးမြင် ဖို့သာ လိုအပ်ပါတယ်။ အခုတော့ အနီးမြင်ဖို့အတွက် ကျနော်အမြဲအလုပ်လုပ်နေရတယ်။ ကျနော်ရဲ့တည်ဆောက်ပုံကိုကြည့်ခြင်းအားဖြင့် အနီးမြင်ဖို့အတွက် ကျနော်ဘယ်လို လုပ်ဆောင် ရတယ် ဆိုတာ သဘောပေါက်မှာပါ။


ကျနော့်ရှေ့မှာ အမေရိကန်နိုင်ငံသုံး ဆယ်ပြား ခန့်ရှိတဲ့ cornea ခေါ်တဲ့ ကြည်လင်တဲ့ ပြူးတင်ပေါက်မှန် ရှိပါတယ်။ သူက အလင်းရောင်တန်းတွေကိုညီညီညာညာဖြစ်အောင် လုပ် ပေးတယ်။ cornea နောက်မှာ (Pupil) ခေါ်တဲ့ ကျဉ်းနိုင်ကျယ်နိုင်တဲ့ အပေါက်ရှိတယ်။ စူးရှတဲ့နေရောင် အောက်မှာ ကျဉ်းသွားပြီး၊ညမှောင်မှောင်မှာကျယ်လာပါတယ်။ ဒီအဆင့်အထိ မမြင်နိုင်သေးပါဘူး။ ဒါပေမဲ့အပေါစား camera အနေနဲ့ဒါတွေကိုမလုပ်ပေးနိုင်ပါဘူး။ ကျနော်ရဲ့ ထူးခြားတဲ့အလုပ်တွေက မှန်ဘီးလူးက စပါတယ်။ ကျနော်ရဲ့ မှန်ဘီးလူးက ဘဲဥပုံရှိတဲ့ ဗီတာမင်ဆေးလုံး အရွယ်လောက်ရှိပါတယ်။ မှန်ဘီးလူးကို အလွန် သေးငယ်ပြီး သန်မာတဲ့ ထူးခြားဆန်းကြယ်တဲ့ iris ခေါ် ကြွက်သားငယ်တွေနဲ့ဝန်းရံထားပါတယ်။  သူတို့တွေ ကျုံ့လိုက်ရင် မှန်ဘီးလူးပြားသွားပြီး အနီးမှာရှိတဲ့အရာတွေကိုမြင်နိုင်ပါတယ်။ ကြွက်သားငယ်တွေ လျော့ချ လိုက်ရင် အဝေးက အရာတွေကိုမြင်နိုင်ပါတယ်။ ဒါဟာ ကျောက်ခေတ်လူသားတွေအတွက် လိုအပ် ချက် ပါပဲ။ သူတို့အတွက် ၆ မီတာအကွာလောက်ကအန္တရာယ်ကိုမြင်ဖို့သာလိုအပ်ပါတယ်။ အခု ခေတ်မှာတော့ ဦးမောင်မောင်ရဲ့ကမ္ဘာဟာကျဉ်းမြောင်းလာပြီ အနီးကပ် စာဖတ် တာတွေ၊ အလုပ်လုပ် တာတွေကြောင့် ကျနော့်ကြွက်သားငယ်တွေအမြဲအလုပ်လုပ်နေရတယ်။ ကြွက်သားငယ်တွေ ပင်ပန်းကြ တယ်။

         မှန်ဘီးလူးရဲ့အရှေ့နဲ့အနောက်မှာ အရည်တွေနဲ့ပြည့်နေတဲ့ အခန်း ၂ခုရှိတယ်။ ရှေ့ခန်းကအရည်က ရေလိုပဲ။ နောက်ခန်းကအရည်ကတော့ ကြက်ဥအကာရည်နဲ့တူတယ်။ရှေ့ခန်းအရည်က မှန်ဘီးလူးကို ပြည့်တင်းနေစေတယ်။ အလင်းရောင်ဖြတ်သန်းဖို့အတွက် အရည်၂ ခုလုံးကြည်လင်နေဖို့လိုအပ်တယ်။ ဦးမောင်မောင် လင်းလက်တဲ့ အရာတွေ ကြည့် တဲ့အခါ မြင်ရတဲ့ အစက်အပြောက်တွေက သူ ငယ်ငယ် အမေ့ဝမ်းမှာရှိတုန်း မှန်ဘီးလူဖြစ်စက ကျန်ခဲ့တဲ့ ဆဲလ်တွေဖြစ်တယ်။ သူတို့တွေ မျက်လုံးထဲက အရည် ထဲမှာ ဦးမောင်မောင် အသက်ရှင် နေသမျှကာလပတ်လုံး လွင့်မျောနေပါမယ်။

         ဦးမောင်မောင် တစ်ခုခုကိုကြည့်တဲ့အခါ အလင်းတန်းတွေ မှန်ဘီးလူးကိုဖြတ်သွားကြတယ်။ မှန်ဘီးလူးက Retina လို့ခေါ်တဲ့ အပေါ်မှာ ပုံရိပ်ထင်အောင်လုပ်ပေးတယ်။ Retina ဆိုတာ ကြက်သွန်ခွံလို နံရံကပ်စက္ကူ (wallpaper) လို မျက်လုံးရဲ့ အနောက်ဘက် သုံးပုံ နှစ်ပုံကိုဖုံးအုပ်ထားတယ်။ ဦးမောင်မောင်ရဲ့ ဥဏှောက်ကလွဲရင် အလွန်သေးငယ်တဲ့ နေရာမှာ Retina လို ဆဲလ်တွေစုပုံနေတာမရှိဘူးလို့ထင်တယ်။ ၃ စင်တီမီတာအကျယ်အ၀န်းရှိတဲ့ Retina မှာ အလင်းရောင်ကိုသိတဲ့ဆဲလ် ၁၃၇ မီလျှံ ရှိပါတယ်။ ၁၃၀ မီလျှံ ဆဲလ်တွေက အဖြူ အမည်းကိုမြင်နိုင်တဲ့ ဒုတ်ချောင်းပုံ (rods) ဆဲလ်တွေဖြစ်ပြီး၊ ၇ မီလျှံက အရောင်ကိုမြင် နိုင်တဲ့ ကတော့ပုံ (cones) ဆဲလ်တွေဖြစ်ပါတယ်။ ဒုတ်ချောင်းပုံ ဆဲလ်တွေက Retina ရဲ့ နေရာ အနှံ့အပြား မှာပြန့်ကျဲနေကြပါတယ်။ ညဘက်မှာ ပိုးစုန်းကြူးတစ်ကောင်ကိုမြင်တယ်ဆိုရင်။ ကျနော့်တို့ကိုယ်ထဲမှာ ရှုပ်ထွေးတဲ့ဓါတ်ပြုမှုတွေဖြစ်ပျက်ကြတယ်။ ကျနော်တို့ရဲ့ ဒုတ်ချောင်းပုံ ဆဲလ်ထဲက ခရမ်းရောင်လွှမ်းတဲ့ အနီ ရောင်ကို ပိုးစုန်းကြူးရဲ့မှုန်မွှားတဲ့အလင်းရောင်က အရောင်ချွတ်ပြစ်လိုက်တယ်။ အဲ့ဒီလို အရောင် ချွတ်ချိန် မှာ အလွန် အားနည်းတဲ့ လျှပ်စစ်တွေ (ခြင်တစ်ကောင်ကိုတောင် ဂလိမထိုးနိုင်တဲ့ ဗိုလ်အားတစ်ခုရဲ့ မီးလျှံ ပုံမျှ) ထုတ်လွှတ်တယ်။ အဲ့ဒီလျှပ်စစ်က ကျနော်ရဲ့ ကောက်ရိုးလောက်ကြီးတဲ့ အမြင်အာရုံကြော (optic nerve) က နေတစ်ဆင့် ဥဏှောက်ဆီကို တစ်နာရီ ၄၅၀ ကီလိုမီတာနှုန်းနဲ့စီးဆင်းသွားတယ်။ ဥဏှောက်က အဲ့ဒါကို ပိုးစုန်းကြူးလို့ အဓိပ္ပါယ်ဖေါ်ပေးတယ်။ အဲ့ဒီကိစ္စတွေအားလုံး တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံ ၂ပုံ အတွင်းမှာပြီးစီးသွားတယ်။ ကျနော့်ရဲ့ ကတော့ပုံ ဆဲလ်တွေကပိုလို့တောင်ရှုပ်ထွေးသေးတယ်။ သူတို့တွေက အ၀ါရောင် ပင်အပ်အရွယ် ရှိတဲ့ fovea ခေါ်တဲ့ အနည်းငယ်ချိုင့်နေတဲ့ နေရာမှာရှိကြတယ်။ အဲ့ဒီနေရာက အမြင်အားအကောင်းဆုံးနေရာဖြစ်တယ်။ ဒီနေရာက စာဖတ်တာ၊ အနီးကပ်ကြည့်တာနဲ့ အရောင်တွေခွဲခြားမြင်အောင် လုပ် ပေးတယ်။ ကတော့ပုံဆဲလ်တွေမှာလည်း အရောင်ချွတ်နိုင်တဲ့ ဆေးရောင် (pigment) တွေရှိတယ်။ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် တစ်မျိုးဆီ အတွက် pigment တွေ သီးခြား ရှိတယ်။ ပန်းချီဆရာလိုပဲ ဥဏှောက်က အဲ့ဒီ အခြေခံအရောင်တွေကိုရောထွေးခြင်းဖြင့် အရောင်အမျိုးမျိုးဖြစ်စေနိုင်တယ်။ တကယ်လို့ အဲ့ဒီ လျှပ်စစ်ဓါတုပြောင်းလဲခြင်း တွေမှာ ပြဿနာဖြစ်ရင် ဦးမောင်မောင် အရောင်တွေခွဲခြားမမြင်နိုင်တော့ဘူး (color blind)။ လူ ၈ ယောက်မှာ တစ်ယောက် အနည်းနဲ့အများ အရောင် ခွဲခြားမြင်မှု အားနည်းတတ်တယ်။

အလင်းရောင်အားနည်းတဲအခါများမှာ ကတော့ပုံဆဲလ်တွေရဲ့စွမ်းအားကျဆင်းတာကြောင့် အရောင်ခွဲခြားမြင်နိုင်မှုလည်းကျဆင်းပြီး အရာအားလုံး မီးခိုးရောင်တွေ အနေနဲ့ ပဲ မြင်တာဟာ ဒုတ်ချောင်းပုံ ဆဲလ်တွေက ကတော့ပုံဆဲလ်တွေရနေရာကိုဝင်ရောက်တာဝန်ယူကြတာကြောင့်ပါ။

ဦးမောင်မောင်က မျက်လုံးနဲ့မြင်တယ် ထင်ပေမဲ့ တကယ်က သူ့ဦးဏှောက် ကမြင်တာပါ ဒါကြောင့် သူ့ခေါင်းနောက်မှာအပြင်းအထန်ဒါဏ်ရာရပြီး အမြင်အာရုံဆိုင်ရာဥဏှောက်နေရာကိုထိခိုက်မိရင် မျက်လုံး ကောင်းပေမဲ့ သူမမြင် တော့ပါဘူး။ ဒါဏ်ရာက ကန်း လောက်အောင် အားမပြင်းဘူးဆိုရင် ကြယ် တွေ မြင်နေပါမယ်။ လျှပ်စစ်ထုတ်လုပ်မှုတွေ ကဆင့်ကလျားဖြစ်ကုန်ကြလို့ပါ။

ဦးမောင်မောင်အိပ်မက်မက်တဲ့အခါ မျက်လုံးတွေမှိတ်ပြီး၊ အမှောင်ထဲ့မှာရောက်နေပေမဲ့ သူရုပ်ပုံတွေမြင်ရတာဟာ ဥဏှောက်ရဲ့စွမ်းဆောင်ချက်ပါ။ တကယ်လို့သူ ဟာ မွေးဖွါးကတဲက မျက်မမြင် ဆိုရင် သူအိပ်မက်ထဲမှာရုပ်ပုံတွေမမြင်နိုင်ပါဘူး။ အသံတွေ၊ အနံ့တွေ၊ အတွေ့အထိ စတာတွေကိုပဲ အိပ်မက်မက်ပါလိမ့်မယ်။ 

ဦးမောင်မောင်မွေးကာစက အလင်းရောင်နဲ့ အရိပ်တွေပဲမြင်နိုင် ပါတယ်။ ပထမ လ အနည်းငယ်မှာ သူ ကျောက်ခေတ်လူသားတွေလို အဝေးကိုပဲမြင်နိုင်ပါတယ်။ သူ့ရဲ့ ကစား စရာတွေလေ့လာဖို့ သူ့မျက်လုံးနဲ့ အဝေးဆုံးရောက်အောင်သူ့လက်ကိုဆန့်တန်းထားရပါတယ်။ ပြီးတော့ သူ့မျက်လုံး ၂ လုံးက လည်း ဟန်ချက်ညီညီ မလုပ်နိုင်သေးဘူး။ ကျနော်က တစ်ဘက်ကိုကြည့် နေချိန်မှာ ကျနော့် အဖေါ်ကနောက် တစ်ဘက်ကိုကြည့်နေတတ်တာကြောင့် သူ့အမေ လန့် တတ်ပါတယ်။ ကြောက်ဖို့မလိုပါဘူး။ လ အနည်း ငယ်အတွင်း ကျနော်တို့ ၂ ယောက် ညီညီညာညာလှုပ်ရှားတတ်ပါပြီ။ သူ ၆ လသားအရွယ်မှာတော့ သူ့ရဲ့ အမြင်အာရုံ အထူးကောင်မွန်နေပါပြီ။ ဒါပေမဲ့အမြင်အာရုံ အမြင့်ဆုံးကိုတော့ အသက် ၈ နှစ် ရောက်မှ ရရှိ မှာဖြစ်ပါတယ်။ သူငယ်ငယ်က အလင်းရောင်မှိန်မှိန်မှာ သူစာဖတ်နိုင်တယ်။ သူ့မိခင်က သူ့ကို မျက်လုံး အားနည်း စေ တယ်လို့ပြောတယ်။ ဒါ မမှန်ဘူး။ လူငယ်တွေဟာ လူကြီးတွေထက် အလင်းရောင်မှိန်မှိန်မှာ ပိုမြင်နိုင်တယ်။ ဒါကြောင့် အမြင်အာရုံကိုထိခိုက်မှုမရှိဘူး။

         ကျနော့်မှာ အခြားထူးခြားတဲ့ အရာတွေရှိသေးတယ်။ တစ်ခုကတော့ ကျနော့်ရဲ့ အလွန်သေး ငယ် တဲ့ကြွက်သားတွေပဲ။ မီလီဂရမ်ချင်းနှိုင်းဆမယ်ဆိုရင် သူတို့ဟာ ကိုယ်ထဲမှာရှိတဲ့ အားအရှိ ဆုံး ကြွက်သား စာရင်းဝင်တွေဖြစ်တယ်။ သာမန်နေ့တစ်နေ့မှာ ကျနော် အရာဝတ္ထုတွေမြင်နိုင်အောင် အခါပေါင်း တစ်သိန်း လောက် လှုပ်ရှားရတယ်။ သူ့ခြေထောက်က ကြွက်သားတွေ ကျနော့်ကြွက်သားတွေနည်း တူလှုပ်ရှားဖို့ သူ မိုင် ၅၀ လမ်းလျောက် ရမယ်။

         ကျနော်ရဲ့သန့်ရှင်းရေးအဖွဲ့ကလည်း ကြွက်သားတွေလို စွမ်းဆောင်မှုထူးချွန်တယ်။ ကျနော်ရဲ့ မျက်ရည်အိပ် (lacrimal gland) တွေက အစဉ်အမြဲမျက်ရည်တွေထုတ်ပြီး မျက်လုံးတွေကို ဆေးကြော ပေးတယ်။ ကျနော့်ရဲ့ မျက်ခွံက ကားရှေ့မှန် ရေသုတ်လို မျက်လုံးထဲရောက်လာတဲ့ အမှိုက်တွေကို ဖယ်ရှားပေးတယ်။ ဦးမောင်မောင် တစ်မိနစ်မှာ ၃-၆ ခါ မျက်တောင်ခတ်တယ်။ ကျနော်တို့ပင်ပန်းရင် ပိုပြီးမျက်တောင်ခတ်တယ်။ ဒီလိုလုပ်ခြင်းဖြင့် ကျနော်ရဲ့ cornea ခေါ်တဲ့ အပြင်ဆုံးပြူတင်းပေါက်မှန်ကို သန့်ရှင်းဆွတ်ဆိုစေတယ်။ မျက်ရည်ထဲမှာ lysozyme ခေါ်တဲ့ ဓါတ်တစ်မျိုးပါတယ်။ သူက စွမ်းအား ထက်တဲ့ ပိုးသတ်စေဖြစ်တယ်။ ကျနော် မပင်ပန်းအောင်တတ်နိုင်သမျှ ကျနော်အနားယူတယ်။ ဦးမောင်မောင် မျက်တောင်ခတ်တဲ့အချိန် ကျနော်အနားရတယ်။ ကျနော်နဲ့ ကျနော့်အဖေါ် တစ်လှည့်ဆီတာဝန်ယူကြ တယ်။ ကျနော်က ၉၀%  အလုပ်လုပ်တဲ့ အချိန် ကျနော့်အဖေါ်က အနားယူတယ်။ ကျနော့် အဖေါ်က  ၉၀ % အလုပ်လုပ်ချိန်မှာ ကျနော် အနားယူတယ်။

သဘာဝက ကျနော့်ကို အကာအကွယ်ပေးတားတယ်။ ကျနော့်ကို အရိုးအိမ်ထဲမှာထဲ့ထားတယ်။ ငေါထွက်နေတဲ့ ပါးရိုးတွေနဲ့ နဖူးရိုးတွေက ကျနော့်ကို ကာကွယ်ပေးတယ်။ ကျနော့်ဆီ မီးသွေးပြာလို အန္တရာယ်တွေဝင်လာ နိုင်တယ်ဆိုတာ အကြောင်းကြားမဲ့ အလွန်အာရုံသိလွယ်တဲ့ အာရုံကြောတွေ လည်းရှိတယ်။ 

         ဒါပေမဲ့ ကျနော့်မှာအခြားပြဿနာတွေ ဖြစ်လာနိုင်တယ်။ ကျနော်ရဲ့ ပုံရိပ်ထင်မှုတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူး။ မျက်မှန်တွေက ဒီပြဿနာရဲ့ ၉၅ %ကိုဖြေရှင်းပေးနိုင်ပါတယ်။ မျက်လုံး ရောဂါတွေက ပိုပြီးဆိုးတယ်။ ရောဂါတစ်ခုက ကျနော်ရဲ့ မျက်ရည်ထုတ်လုပ်မှု လွန်ကဲပြီး၊ မျက်ရည်သိမ်းဆည်းမှုအားနည်း လို့ မျက်လုံးထဲမှာ ရေဖိအားတွေများလာပြီ အမြင်အာရုံကြောကိုဖိတဲ့ glaucoma ခေါ်တဲ့ရေတိမ် ရောဂါဖြစ် ပါတယ်။ ရောဂါဆိုးရင် ရက်ပိုင်းအတွင်း လုံးဝ ကန်းသွားနိုင်ပါတယ်။ ဒီရောဂါရှိ  မရှိသိဖို့ သူ့မိသားစုဆရာ ၀န်အနေနဲ့မျက်လုံးထဲကရေဖိအားကို tonometer ခေါ်တဲ့ကရိယာလေး မျက်လုံးပေါ်တင်ပြီး တိုင်းနိုင်ပါ တယ်။ ဦးမောင်မောင်အနေနဲ့ တစ်နှစ်တစ်ခါ စမ်းသပ် စစ်ဆေးသင့်ပါတယ်။ ရေတိမ်ရောဂါကို မျက်စင်း ဆေး၊ ခွဲစိပ်ကုသခြင်းများနဲ့ ကာကွယ်၊ကုသနိုင်ပါတယ်။

နောက်ပြဿနာတစ်ခုက astigmatism ခေါ်တဲ့ ကျနော်ရဲ့ ပြူတင်းမှန် (cornea) အခုံ မညီမှုဖြစ် ပါတယ်။ ဒီရောဂါမှာတော့ အရာဝတ္ထုတွေ ပုံသဏ္ဍန်မမှန်ဖြစ်နေပါတယ်။ မျက်မှန်တွေနဲ့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

နောက်ပြဿနာတစ်ခုက ပိုအန္တရာယ်ရှိတယ်။ အဲ့ဒါက ပုံရိပ်ထင်တဲ့ retina မှာ ရည်ကြည်ဖု တွေ ဖြစ်တာ၊ ကွာကျတာတွေပါ။ သူဖြစ်ရင် မီးရောင်လိုလင်းလက်တာတွေမြင်ရပါတယ်။ ပုံရိပ်တွေ ပုံသဏ္ဍန် မမှန်တာ၊ ပုံရိပ်မှုန်မွှားတာတွေဖြစ်ပါတယ်။ ခွဲစိပ်ဆရာဝန်အနေနဲ့ ၈၀% ခန့်ပြန်လည်ကပ်ပေးနိုင်ပါတယ်။ ကျနော်ရဲ့ ပြူတင်ပေါက်မှန်နဲ့ မှန်ဘီးလူးတွေဟာ လုံးဝကြည် လင်နေပါတယ်။ သူတို့ တိမ်ဆွဲရင် မမြင်နိုင် တော့ပါဘူး။ တကယ်လို့ ပြူတင်းပေါက်မှန်မှာတိမ်ဖြစ်ရင် တစ်ခြားလူရဲ့ cornea နဲ့အစားထိုး ကုသ နိုင်ပါတယ်။ တကယ်လို့ မှန်ဘီးလူးမှာတိမ်ဖြစ်တာဆိုရင် (အတွင်းတိမ်) ခွဲစိပ်ထုတ်ပြီး မျက်လုံးထဲမှာ မှန်ဘီး လူး တပ်ခြင်း ( implant)၊ အပြင်မျက်မှန်အထူတပ်ခြင်းဖြင့်ကုစားနိုင်ပါတယ်။

ကံကောင်းထောက်မစွာ ဦးမောင်မောင်မှာ အခုထက်ထိ အဲ့ဒီရောဂါတွေမဖြစ်သေးပါဘူး။ သူအိုလာသလို ကျနော်လည်းအိုလာပါပြီ။ ကျနော်ရဲ့ကြည်လင်တဲ့ အစိတ် အပိုင်းတွေလည်း သိပ် မကြည်လင် တော့ပါဘူး။ကျနော်ရဲ့ကြွက်သားတွေလည်း အားပျော့လာပါပြီ၊ ကျနော်ရဲ့ သွေးကြောတွေ ကလည်း retina ကိုသွေးပို့တာနည်းလာပါပြီ။ ဒါတွေ အားလုံးဆက်လက်ဖြစ်နေကြပါအုံးမယ်။ ဒါပေမဲ့ ဦးမောင်မောင်အနေနဲ့ ကျနော့်အတွက်သိပ်စိတ်ပူဖို့မလိုပါဘူး။ ကျနော် သူအသက်ရှင်နေသမျှ ကာလ ပတ်လုံးသူ့ကိုတတ်နိုင်သမျှ ကူညီသွားမှာပါ

J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။




No comments:

Post a Comment