ကျနော်နှင့်ယှဉ်ရင် စကြာဝဠမှာ ရှိသမျှ အံ့သြဖွယ်အားလုံးမြှေးမှိန်ပျောက်ကွယ်သွားကြပါမယ်။ ကျနော်က တစ်ကီလိုခွဲ လေးပြီး၊ ချွဲတဲတဲနဲ့ မီးခိုးရောင်လွှမ်းတဲ့ အရောင်ရှိပါတယ်။ (မြတ်ဘုရားက မုန့်ညက်ဖတ် အခဲ ကဲ့သို့ ပြစ်ခဲသည်ဟု ဟောတော်မူပါတယ်)။
ကျနော့်လို လုပ်နိုင်တဲ့ computer မရှိသေးပါဘူး။ ကျနော့်မှာ ဘီလီရံ ၃၀ ခန့် နူရုံး (neuron) လို့ခေါ်တဲ့ အာရုံဆဲလ်တွေနဲ့ ၅-၁၀ ဆ ပိုများတဲ့ glial cell လို့ခေါ်တဲ့ဆဲလ်တွေရှိ ပါတယ်။ အဲ့ဒီဆဲလ်အားလုံး နံပတ် ၇ အုပ်ထုပ်အရွယ် ခေါင်းရိုးခွံထဲမှာရှိနေပါတယ်။
ကျနော်က ဦးမောင်မောင်ရဲ့အင်္ဂါ တစ်ခု တင်မဟုတ်ပါဘူး။ ဦးမောင်မောင်လို့ခေါ်တဲ့ ပုဂ္ဂိုလ်ပါ။ သူ့ရဲ့စိတ်နေသဘောထား၊ သူ့ရဲ့အရည်အသွေး၊ သူ့ရဲ့အတွေးအခေါ်၊ သူ့ရဲ့ စရိုက် အားလုံးသူနဲ့ ပတ်သက်တာ ကျနော်ပါ။ ဦးမောင်မောင်က သူ့နားနဲ့ကြားတယ်၊ သူ့ မျက်စိနဲ့ မြင်တယ်၊ သူ့ နှခေါင်းနဲ့အနံရတယ်၊သူ့လျှာနဲ့ အရသာခံတယ်၊ သူ့ကိုယ်နဲ့ ထိတွေ့တယ်လို့ ထင်တယ်။ တကယ်က အဲ့ဒီခံစားမှုအားလုံး ကျနော့်ထဲမှာ ဖြစ်တာ။
နား၊ မျက်စိ၊ နှာ၊ လျှာ၊ လက် အပါအ၀င် ကိုယ်ခန္ဓာတွေက အာရုံ (information) ကို လက်ခံရုံ သက်သက်ပဲ။ ကျနော်က သူနေမကောင်းတာ၊ ဗိုလ်စာတာ၊ ပျော်တာ၊ စိတ်ပျက်တာ စတာ တွေကိုလည်း သူ့ကိုပြောပြတယ်။ သူ့ရဲ့ ခံစားမှုအားလုံးကို ကျနော်သိတယ်၊ ထိန်းချုပ် တယ်။ သူအိပ်ပျော်နေရင်တောင်မှ ကျနော်က သူ့ဆီရောက်လာတဲ့ အာရုံတွေကို တကမ္ဘာလုံး မှာရှိတဲ့ telephone exchange တွေလို ကိုင်တွယ်ဖြေရှင်းပေးတယ်။ ကျနော် အဲ့ဒါတွေ အားလုံးကို ဘယ်လိုလုပ်သလဲ။ ရှင်းပါတယ်။ အရေးမကြီးတာတွေကို ဖယ်ရှားပြစ်တယ်။ ဥပမာ သူ သီးချင်းဖွင့်ပြီး စာဖတ်နေရင် ကျနော်က စာဖတ်တဲ့ အပေါ်မှာဂရုစိုက်စေတယ်။ သူ နှစ်မျိုးလုံးကို ဂရုစိုက်လို့ မရဘူးလေ။ တကယ်လို့ သူစိတ်ဝင်စားတဲ့ ၀တ္ထုဖတ်နေရင် သူကြိုက် တဲ့ သီးချင်းကို ကြားမှာ မဟုတ်ဘူး။
ဒါပေမဲ့သူ့ကိုဒုက္ခပေးမဲ့အန္တရာယ်ကျရောက်လာရင်တော့ကျနော်ချက်ချင်း ဂီယာ(gear) ပြောင်းလိုက်တယ်။ ဥပမာ သူချော်နေတဲ့ လမ်းပေါ်မှာ လဲတော့မယ်ဆိုရင် သူလဲ မကျအောင် သူ့လက်တွေကို ဟန်ချက်ညီအောင် လုပ်ဖို့ သတင်းပို့ ပေးတယ်။ တကယ်လို့ သူ လဲကျသွား ရင်တောင် သူဒါဏ်ရာ ရသလား၊ မရဘူးလား ဆိုတာကို အသိပေးတယ်။ ပြီးတော့ ဒီအဖြစ် အပျက်ကို ကျနော့်သိမ်းထားပြီး။ နောက်တခါ သူ ချော်လဲနိုင်တဲ့လမ်းပေါ်လျှောက် ရတော့ မယ်ဆိုရင် ဂရုစိုက်ဖို့ကျနော် သတိပေးတယ်။ အဲ့ဒီလို အရေးပေါ်ကိစ္စတွေအပြင် ကျနော် သူ့ရဲ့ အိမ်ရှင်မလို အလုပ်မျိုးလဲ လုပ်ပေးသေးတယ်။ ဥပမာ၊ အသက်ရှုတာနဲ့ ပတ်သက်ပြီး ကျနော်ရဲ့ အာရုံခံကိရိယာ (sensor) တွေက ဦးမောင်မောင်ရဲ့သွေးထဲမှာ ကာဘွန်ဒိုင် အောက်ဆိုက် အဆိပ်ဓါတ်ငွေ့တွေများနေတယ်။ အောက်ဆီဂျင်ဓါတ်တွေ ပိုလိုတယ်လို့ သတင်းပို့လာရင် ကျနော်က သူ့ရဲ့ အသက်ရှုတဲ့ကြွက်သားတွေကို အသက်ရှုမြန်စေတယ်။ အဲ့ဒီလိုမျိုး ထောင် ပေါင်းများစွာသော အလုပ်တွေကို လုပ်ပေးခြင်းဖြင့် ကျနော် သူ့ကို ခလေး တစ်ယောက် လို စောင့်ရှောက်တယ်။ ကျနော် အလုပ်လုပ်သလောက် ကျနော်လိုအပ်တာတွေ ကိုလည်း တောင်းဆိုတယ်။ ကျနော်က ဦးမောင်မောင်ကိုယ်အလေးချိန်ရဲ့ ၂% သာရှိပေမဲ့ ကျနော်က သူရှုတဲ့အောက်ဆီဂျင်ရဲ့ ၂၀% နဲ့ သူ့နှလုံးကမှုတ်ထုတ်လိုက်တဲ့ သွေးရဲ့ ငါးပုံ တစ်ပုံ လိုတယ်။ ကျနော်က အောက်ဆီဂျင်နဲ့ သွေး အမြဲလိုအပ်နေတယ်။ တကယ်လို့ ဒီနှစ်ခု ခဏလေး နည်း သွားတာနဲ့ သူမေ့သွားမယ်။ မီနစ်အနည်းငယ်ကြာအောင်နည်းသွားမယ်ဆိုရင် သူ့အနေနဲ့ ကိုယ်အစိတ်အပိုင်းတွေ သေတာမျိုးအပြင် သေဆုံးသည်အထိ ဖြစ်နိုင်တယ်။ နောက်ပြီး ကျနော့် အစာဖြစ်တဲ့သကြားကိုလည်း အဆက်မပြတ်လိုတယ်။ အစာရေစာ ငတ်မွတ်ခေါင်းပါး တဲ့အခါမျိုးမှာတောင် ကျနော်က စားရမှ၊ နို့မဟုတ်ရင် သူသေမှာ။
ကျနော်ကအလုပ်အများကြီးလုပ်ပြီး အလွန်အရေးပါးတဲ့ အင်္ဂါ ဖြစ်ပေမဲ့ ကျနော့် အကြောင်း သိပ်မသိကြဘူး။ ဥပမာပေးရမယ်ဆိုရင် ကိုလန်ဘို အမေရိကတိုက်ကို ကမ်းစပ် ကတွေ့လိုက်ရသလိုပါပဲ။ ကျနော့်အကြောင်း သိဖို့အများကြီးလိုပါသေးတယ်။ ကျနော့်ကို လေ့လာစူးစမ်းတဲ့သုတေသနပညာရှင်တွေ စူးစမ်းလေ အံ့သြ ကြရလေပါပဲ။ ဥပမာ ကျနော်က ဦးမောင်မောင်ရဲ့ တစ်ကိုယ်လုံးက နာကြင်တဲ့ခံစားမှုတွေကိုသိတယ်။ ဒါပေမဲ့ ကျနော်ကို ခုတ်ဖြတ်ရင်တောင် ကျနော် မနာဘူး။ ဒါကြောင့်ဥဏှောက်ခွဲစိပ်မှုတွေကို လူနာကိုမေ့ဆေး မပေးပဲလုပ်နိုင်တယ်။ သူတေသနပညာရှင်တွေက ကျနော်ရဲ့ ဘယ်နေရာက ဘာခံစားတယ် ဆိုတာ သိရအောင် သိလိုတဲ့ နေရာတွေကို လျှပ်စစ်နဲ့လှုံဆော်ပြီး အစမ်းသပ်ခံပုဂ္ဂိုလ် ဘယ်လို ခံစား ရတယ်ဆိုတာလေ့လာ ကြတယ်။ ဦးမောင်မောင်သာ အဲ့ဒီလိုလေ့လာမှုမျိုး အစမ်းသပ်ခံ မယ်ဆိုရင် သူ တော်တော် အံ့သြသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ရဲ့ တစ်ချို့နေရာကို လျှပ်စစ်နဲ့တို့လိုက်မယ် ဆိုရင် သူမေ့နေခဲ့တဲ့ သုံးတန်းက သူ့ဆရာမကို မျက်ဝါးထင်ထင်မြင် လိမ့်မယ်။ နောက်တစ်နေရာကို လှုံဆော်ရင် မီးရထားဥသြသံ (၀ါ) မူကြိုကျောင်းမှာ ကဗျာတွေ ဆိုခဲ့တာကို ကြား လိမ့်မယ်။
ကျနော်က ဂိုဒေါင်ဟောင်းကြီးလို သူ့တစ်ဘ၀တာ အတွေ့အကြုံတွေကို သိမ်းဆည်း ထားတယ်။ သူ့အနေနဲ့ အဲ့ဒီဂိုဒေါင်ထဲမှာ ဘာတွေရှိမှန်း မသိဘူး။ သုတေသနပညာရှင်တွေ အနေနဲ့ ကျန်ာရဲ့ ဘယ်နေရာတွေက ဘာတွေလုပ်တယ်ဆိုတာကို အကြမ်းအားဖြင့်တော့သိကြ ပါပြီ။ ဥပမာ ကျနော့်နောက်စေ့နေရာက မြင်တယ်။ ဘေးဘက်နေရာတွေက ကြားတယ်။ စိတ်ဝင်စားစရာ နေရာကတော့ ကျနော်ရဲ့ ပျော်ရွင်မှုခံစားတဲ့နေရာပဲ (Pleasure centre)။ တကယ်လို့ ဓါတ်ခွဲခန်းထဲက ကြွက်တွေကို ခလုပ်တစ်ခုနှိုပ်တာ သင်ပေးပြီး၊ အဲ့ဒီခလုပ်ကို နှိုပ် လိုက်တိုင်း ကြွက်တွေရဲ့ ပျော်ရွင်တဲ့နေရာကို လျှပ်စစ်လှုံဆော်မှုပေးမယ်ဆိုရင် ကြွက်တွေဟာ အဲ့ဒီ ပျော်ရွင်မှုပေးတဲ့ ခလုပ်ကိုပဲ အဆက်မပြတ် နှိုပ်နေတာကို တွေ့ရမှာဖြစ်တယ်။ ကြွက်တွေ ဟာ အစာထက် ပျော်ရွင်မှုပေးတဲ့ ခလုပ်ကိုသာ ဦးစားပေးတာကြောင့် သူတို့ အစာငတ်သေ ပေမဲ့ ပျော်ရွှင် နေကြတာတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ ဦးမောင်မောင်စိတ်ဓါတ်ကျ ရောဂါ ရနေရင် လျှပ်စစ်လှုံဆော်မှုပေးတဲ့စက်ကလေးကို သူ့ရဲ့ပျော်ရွင်မှုနေရာလေးမှာ တပ်ထားမယ် ဆိုရင် သူ စိတ်ဓါတ်မကျတဲ့အပြင် ပီတိတွေဖြစ်ပြီး စိတ်တွေတက်ကြွနေမှာဖြစ်ပါတယ်။ (ပျော်နေတဲ့လူရဲ့ ဥဏှောက်ကို scan လုပ်ကြည့်ရင် အဲ့ဒီပျော်ရွှင်မှုနေရာလေးက လင်းနေပါ တယ်။ အမေရိကန်နိုင်ငံမှာတရားထိုင်သူများရဲ့ဥဏှောက်ကို scan လုပ်ကြည့်တဲ့အခါ လူတော် တော်များများရဲ့ပျော်ရွှင်မှုနေရာလေးက လင်းနေတာကိုတွေ့ရတဲ့အတွက် ဗုဒ္ဓဘာသာတွေဟာ အလွန်ပျော်ရွှင်ကြတယ်လို့ သုတေသီတွေကကောက်ချက်ချကြပါတယ်။ တကယ်က တရား ထိုင်လို့ ပီတိ၊ ပဿတိတွေ ဖြစ်လာတာပါ)။
ကျနော်က အလွန်လုံခြုံတဲ့ ခံတပ်ကြီးထဲမှာနေပါတယ်။ ခေါင်းရိုးခွံက ထိပ်ပိုင်းမှာ စင်တီမီတာဝက်ခန့် ထူပါတယ်။ အောက်ဘက်မှာ ပိုထူပါတယ်။ နောက်ပြီး ထိခိုက်ဒါဏ်ရာ တွေရဲ့ အန္တရာယ်က ကာကွယ်ဖို့ ရေကဲ့သို့သောအရည်နဲ့ လည်းဝိုင်းရံထားပါတယ်။ ဥဏှောက် အစောင့်လို့ပြောရမဲ့ Blood-brain barrier ကလည်းဂိတ်စောင့်လိုမျိုး ကျနော့် အတွက် လိုအပ် တာတွေ ပေးဝင်ပြီး၊ ဒုက္ခပေးမဲ့ဟာတွေကို ၀င်ခွင့်မပေးပါဘူး။ ဒါကြောင့် သကြားတွေ ၀င်ခွင့် ရပြီး၊ ပိုးမွှားတွေ အဆိပ်တွေကတော့ ကျနော်ဆီ ၀င်လို့မရပါဘူး။ အနာသက်သာစေတဲ့ ဆေး တွေ၊ မေ့ဆေးတွေ ၀င်ခွင့်ရသလို အရက်နဲ့ ရူးသွပ်စေတဲ့ဆေးတွေလည်း ၀င်ခွင့်ရတာမို့ သူတို့ ကြောင့် ကျနော်လူမှန်း သူမှန်းမသိအောင်ဖြစ်နိုင်ပါတယ်။
ကျနော်ရဲ့တည်ဆောက်မှုကိုသိချင်ရင် မြက်ဖုတ်တစ်ဖုတ်ကိုနုတ်ပြီး သူ့အမြစ်တွေကို ကြည့်ပါ။ ကျနော်က မြက်ဖုတ်အမြစ်တွေလို ပါပဲ။ ဒါပေမဲ့ ကျနော်က မြက်ဖုတ်ထက် သိန်း ပေါင်းများစွာ ပိုရှုပ်ထွေးပါတယ်။ ကျနော်ရဲ့ ဘီလီရံ ၃၀ သောအာရုံဆဲလ်တွေ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေကြတယ်။ တစ်ချို့ဆို ၆၄၀၀၀ လောက်ဆက်နွယ်ထားတယ်။
အာရုံဆဲလ်တစ်ခုဟာသူ့အမျှင်ပေါ်မှာတွဲနေတဲ့ ပင့်ကူနဲ့တူတယ်။ ပင့်ကူက အာရုံ ဆဲလ်ပါ။ သူတွဲနေတဲ့ပင့်ကူမျှင်ကို axon လို့ခေါ်တယ်။ ပင့်ကူရဲ့ ခြေချောင်းတွေကို dendrites တွေလို့ခေါ်တယ်။ အာရုံတွေ (signal) က axon ကနေ ပင့်ကူဆီရောက်လာတယ်။ နောက် axon ကနေပဲ နောက်အာရုံဆဲလ်တစ်ခုဆီကိုရောက်သွားတယ်။ အာရုံတွေဟာ axon ထဲမှာ ၃၄၀ km/hr နဲ့သွားကြတယ်။ အာရုံတစ်ခုဖြတ်သန်းသွားပြီးတိုင်း axon တွေဟာ တစ်စက္ကန့်ရဲ့ အပုံ ၂၀၀ ပုံတစ်ပုံလောက် အချိန်တွင်းမှာ ဓါတုဗေဒနည်းဖြင့် ကိုယ့်ဘာသာ ဓါတ်အားပြန်ဖြည့် တယ်။ ဒါပေမဲ့ ကျနော်က မွေးဖွါး ခြင်း အတတ်ကို မတတ်ဘူး။ အရေပြား၊ အသဲ၊ သွေးဆဲလ် တွေက သေသွားရင်ပြန် လည် မွေးဖွါး နိုင်ကြတယ်။ ကျနော့်ဆဲလ်တစ်ခုပျက်သွားရင် တစ်သက်လုံး ပြန်မရတော့ဘူး။
ဦးမောင်မောင်အသက် ၃၅ နှစ်မွေးနေ့ကစပြီး ကျနော်ရဲ့ အာရုံဆဲလ် တစ်ထောင် လောက် နေ့စဉ် သေဆုံးနေကြတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျနော်ရဲ့အလေးချိန်ရော အာရုံဆဲလ်တွေရောဆုံးရှုံးလာတယ်။ တော်သေးတယ်ကျနော်မှာ အရန်အာရုံဆဲလ်တွေ အများ ကြီးရှိလို့။ တကယ်လို့ ဆဲလ်တစ်ထောင်သေရင်၊ ကျန်တဲ့ဆဲလ်တစ်ထောင်က ဘာမှတောင် သိ မှာ မဟုတ်ဘူး။ ဒါပေမဲ့ အရန်အာရုံဆဲလ်တွေရှိတာထက် ပိုပြီး အာရုံဆဲလ်တွေသေကုန်ရင် တော့ ဦးမောင်မောင်အနေနဲ့ အနံ့ကောင်းကောင်းရချင်မှရမယ်။ နားကောင်းကောင်း ကြားချင် မှကြားမယ်။ အရသာ သိပ်သိချင်မှ သိတော့မယ်။ သူ့အနေနဲ့ အာရုံစိုက်ဖို့ ခက်လာမယ်။ နံမယ်တွေ၊ နံပတ်တွေ၊ လိပ်စာတွေ မှတ်ရ ခက်လာမယ်။ ဒါပေမဲ့ သူ့အတွက်အရေးကြီးတဲ့ကိစ္စ တွေကိုတော့ နောက်ဆုံးအချိန်အထိ ကျနော် လုပ်ပေးမှာပါ။
ဦးမောင်မောင်ကသူ့မှာ အဆုတ်နှစ်ခု၊ ကျောက်ကပ်နှစ်ခုရှိမှန်းသိတယ်။ ဒါပေမဲ့ သူက
ကျနော့်ကို နှစ်ခုလို့မသိဘူး။ တကယ်က ကျနော့်မှာ ဘယ်နဲ့ ညာဆိုတဲ့ သီးသန့် ၂ပိုင်း (lobe) ရှိပါတယ်။ ကျနော်ရဲ့ ညာဘက်အပိုင်းကဦးမောင်မောင်ရဲ့ ဘယ်ဘက်ကိုယ်ပိုင်းကို ထိမ်းချုပ် တယ်။ ကျနော်ရဲ့ ဘယ်ဘက်အပိုင်းကဦးမောင်မောင်ရဲ့ ညာဘက်ကိုယ်ပိုင်းကို ထိမ်းချုပ်တယ်။ ညာသန်တဲ့သူတွေမှာ ကျနော်ရဲ့ ဘယ်ဘက်ပိုင်းက ညာဘက်ပိုင်းထက်ပို အင်အား ကြီးတယ်။ ဘယ်သန်သူတွေအတွက်တော့ သူတို့ရဲ့ညာဘက်ဥဏှောက်ကစိုးမိုးတယ်။
ဘယ်ဘက်ဥဏှောက်က ဦးမောင်မောင်လမ်းလျှောက်ဖို့၊ စာရေးဖို့၊ ဂဏန်းတွက်ဖို့ အတွက်လိုအပ်တယ်။ ညာဘက်ဥဏှောက်ကတော့ spatial judgment လေထဲမှာ ရပ် တည်ဖို့လုပ်တယ်။
ကျနော်ရဲ့ထူးခြားတဲ့အရည်အချင်းက အရန်အာရုံဆဲလ်တွေများစွာရှိတာပဲ။ ဒါကြောင့် ကျနော်ရဲ့အချို့အပိုင်းတွေသေဆုံးသွားပေမဲ့ ကျန်တဲ့ဆဲလ်တွေက အချိန်ယူပြီး ပျက်သွားတဲ့ ဆဲလ်တွေ ရဲ့အလုပ်တွေကိုလုပ်ပေးနိုင်တယ်။ စကားမပြောနိုင်ရာက ပြန်ပြောနိုင်လာတယ်။ အကြောသေသွားတဲ့လက်ခြေတွေပြန်လှုပ်နိုင်လာတယ်။ ဒီအရည်အချင်းကြောင့်သာ နို့မိုဆို ဦးမောင်မောင်မှာအန္တရာယ်တွေဝိုင်းနေတာ။ ဥပမာ ကင်ဆာတွေ အကျိတ်တွေဖြစ် လာရင် ဦးခေါင်းခွံက လိုက်မကြီးနိုင်တာမို့ ကျနော့်ပေါ်ဖိပြီး ကျနော့်ဆဲလ်တွေကိုသတ်ပြစ်တယ်။ ကံကောင်း ထောက်မစွာ ယခုခေတ်မှာ ကင်ဆာတွေ အကျိတ်တွေကိုခွဲထုတ်နိုင်လို့ တော် တော့တယ်။
နောက်အန္တရာယ်က ကျနော့်သွေးကြောတွေမှာသွေးခဲတွေနဲ့ပိတ်ပြီး အဲ့ဒီသွေးကြော ပေါ်မှီနေတဲ့ အာရုံဆဲလ်တွေကိုသေစေတယ်။ သေတဲ့ အာရုံဆဲလ်တွေထိန်းချုပ်တဲ့ ကိုယ်အင်္ဂါ တွေလည်း အကြောသေကုန်တယ်။ ပိတ်တဲ့သွေးကြောကကြီးရင်သေတဲ့အထိဖြစ်နိုင်တယ်။
တတိယ ရန်သူကတော့ ထိခိုက်ဒါဏ်ရာရခြင်းပဲ။ ကျနော်က ဥဏှောက်ခွံထဲက အရည် ထဲမှာရှိပေမဲ့ လိမ့်ကျလို့ဖြစ်ဖြစ် အရိုက်ခံရလို့ဖြစ်ဖြစ် ကျနော်ဆဲလ်တွေကို သေစေနိုင် တယ်။ အရိုက်ခံရတဲ့ လက်လို ကျနော်လည်း ရောင်လာတယ်။ ဒါပေမဲ့ ကျနော်က အရိုးခွံထဲမှာ ထောင်ကျနေတာဆိုတော့ ကျနော်ရောင်တာနဲ့ ကျနော်ပေါ် ဖိအားတွေရောက်လာပြီး မေ့ချင် မေ့၊ သိပ်ဆိုးရင် သေတဲ့အထိဖြစ်နိုင်တယ်။ ကျနော့်အကြောင်းက မပြည့်စုံသေးပါဘူး။ နောက်နှစ်ပေါင်းများစွာကြာလာတဲ့အခါ ကျနော့်အကြောင်းပိုသိလာပါလိမ့်မယ်။
J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။