ကျမရဲ့ဆေးကျောင်းသူဘ၀မှာရော်၊ လက်ထောက်ဆရာဝန်ဘ၀မှာရော်၊ဆေးသုတေသနနဲ့ပတ်သက်ပြီးသင်လဲမသင်ခဲ့ရ လုပ်လဲမလုပ်ခဲ့ရ ဘူးပါ။ ကျမရဲ့အမေကဆရာဝန်ကွာတာမှာနေတာတောင်ပြဿနာအကြီးအကျယ်ဖြစ်တာ။ နယ်မှာတာဝန်ကျမယ်ဆိုရင် သူလည်းအသက်ကြီးလို့အဖေါ်မလိုက်နိုင်တော့ကြောင်းတစ်ယောက်ထဲလဲမလွှတ်နိုင်တာ ကြောင့်၊ရန်ကုန်မှာတာဝန်ထမ်းဆောင်ခွင့်ရရင်ဆက်လုပ်၊မရရင်တော့အလုပ်ထွက်ဖို့ပြောတာမို့ အလုပ်မထွက်ချင်တဲ့ ကျမရန်ကုန်မှာနေရမဲ့ အလုပ်တွေ စဉ်းစာတဲ့အခါ ဆေးကျောင်းမှာ ဆရာလုပ်ဖို့စိတ်ကူးမိပြီး DP ကျောင်းသားဘ၀ကပင်နေ့စဉ် ရင်ခွဲရုံမှာတွေ့နေရတဲ့ ရောဂါဗေဒဌာနမှ ပါမောက္ခ ကိုမေးကြည့်တော့ ဆရာက မင်းက ချက်ပြီးခူးခတ်ပြီးသားပဲ ၀မ်းသာအားရ ကြိုဆိုပါတယ်ဆိုတော့ ရန်ကုန်ဆေးတက္ကသိုလ်ရောဂါဗေဒဌာနသို့ပြောင်းရွေ့အမှုထမ်းရန်လျောက်ပါတယ်။ ဒါပေမဲ့ ကျမ DP အတွက် လွှတ်ခဲ့တဲ့ ဒါရိုက်တာက ဆေးရုံးတွေမှာရောဂါဗေဒဆရာဝန်တွေလိုအပ်နေတာကြောင့် မပေးနိုင်ကြောင်းမှတ်ချက်ပေးတာကြောင့် မအောင်မြင်ခဲ့ပါ၊ ဆေးသုတေသန၊ ရောဂါဗေဒဌာနက အထက်တန်း ဆေးသုတေသနရာထူး လျောက်လွှာခေါ်တာနဲ့အလုပ်မထွက်ချင်တာနဲ့မျှော်လင့်ချက်ကင်းစွာလျောက်လိုက်ပါတယ်။ အံသြစွာ ကျမအေ၇ွးခံရပါတယ်။ ဒီတခါတော့ ကျမ ဒါရိုက်တာက ကျမရဲ့ ရာထူးတိုးတဲ့ အလုပ်မို့ မကန့်ကွက်ပါဆိုတာနဲ့ ဆေးသုတေသနကိုရောက်ခဲ့ပါတယ်။ (ကျမရဲ့ မောင်ဖြစ်သူက ဆေးသုတေသနမှာ ရောက်နေတာ ၃ နှစ်ခန့်ရှိနေပါပြီး ၊ သတင်းကျွတ်မှာ DG ကိုမောင်နှမသွားကန်တော့ တော့ DG ကကျမတို့ကိုမောင်နှမမှန်းမသိပဲ ၊ couple ထင်လို့ ရှင်းပြရပါတယ်။ ဒါပေမဲ့ ကောလဟလထွက်နေတာက ကျမမောင်က သွားပြောပေးထားလို့ ကျမ အလုပ်ရတာဆိုပဲ)
ဆေးသုတေသန အတွေ့အကြုံမရှိ၊ ဘာလုပ်ရမှန်းမသိတာကြောင့် ဌာနကလုပ်လက်စမြွေဟောက် မြွေဆိပ်သုတေသနတွင်ပါဝင်လုပ်ဆောင်ရပါတယ်။ မြွေဆိပ်ရဲ့ သေနိုင်လောက်တဲ့ အဆိပ်ပမာဏနဲ့ ဘယ်လောက်ဆိုရင် ဘယ်အင်္ဂါတွေမှာထိခိုက်ဒဏ်ရာရတယ်ဆိုတာကိုသိဖို့ ကြွက်တွေမှာမြွေဆိပ်ထိုးရပါတယ်။ ကြွက်တွေကိုအုပ်စုလိုက်ခွဲရပါတယ်။ မြွေဆိပ်အစား မြွေဆိပ်ဖျော်တဲ့ ဆားရည်သာထိုးတဲ့ တစ်အုပ်စုလဲ control အနေနဲ့ပါရပါတယ်။ ဒီအုပ်စုကတော့ ကြွက်တွေသေကြတာ မြွေဆိပ်ကြောင့်သာဖြစ်ပြီး အခြားအကြောင်းကြောင့်မဟုတ်ဘူးဆိုတာသက်သေပြဖို့ပါ။ ကြွက်တွေကိုအစုလိုက် လှောင်အိမ်နဲ့ထားတဲ့အခါ။ သူတို့ကမွေးကထဲက အတူတူနေခဲ့မှ လှောင်အိမ်တစ်ခုထဲထားလို့ရပါတယ်။ ကြီးမှ အတူတူထားရင်တစ်ကောင်နဲ့တစ်ကောင်ကိုက်သတ်ကြပါတယ်။ စမ်းသပ်မှူကာလဆုံးတဲ့အခါ ကြွက်တွေကို သတ်ကြရပါတယ်။ အဲ့ဒီအချိန်မှာပြဿနာက ဘယ်လိုသတ်မလဲ ? ကျမ boss ကလဲ မသိလို့ တိရိစ္ဆာန်မွေးမူရေးဌာနကိုမေးခိုင်းပါတယ်။ သူတို့က သွေးကြောထဲကို လေ ၂ cc ထိုးရတယ်လို့ပြောပါတယ်။ ကြွက်တွေကို သတ်ပြီး၊ မြွေဆိပ်ထိုးတဲ့နေရာ၊ဥဏှောက်အပါအ၀င် ကိုယ်ထွင်းအင်္ဂါအားလုံးကို သာမန်မျက်စေ့နဲ့လေ့လာသည့်အပြင် အသားစများကို အဆတစ်ထောင်ချဲ့နိုင်တဲ့ မှန်ဘီးလူးအောက်မှာပါ ကြည့်နိုင်အောင် ကြွက်အားလုံး (တစ်အုပ်စုမှာ ၅ ကောင်) ရဲ့အသားစတွေမပုပ်အောင်ဆေးရေစိမ်၊အသားတွေထဲကရေကို ဖြေးဖြေးချင်း အရက်နဲ့လဲပြီး (dehydration) မှ အသားစတွေထဲဖရောင်ဝင်အောင်လုပ်ပြီး(waxing) မှ အသားစတွေကိုပါးပါးညီညီလေးဖြစ်အောင်ဖြတ် (sectioning) ၊ပြီးဆေးရောင်စုံဆိုးပြီး(staining)မှ မှန်ဘီးလူးအောက်မှာ နာရီပေါင်းများစွာ၊ မျက်စေ့ကိုက်အောင်လေ့လာကြရပါတယ်။သုတေသနပြီးတော့ ဆေးစာစောင်မှာ တွေ့ရှိချက်တွေ အများသူငှါကို ဝေမျှဖို့စာတမ်းရေးပြီး သက်ဆိုင်ရာ ဆေးသုတေသနဂျာနယ်ကိုပို့လိုက်ပါတယ်။ မထင်မှတ်ဘဲ ဂျာနယ်ကစာပြန်လာပါတယ်။ ကြွက်တွေသတ်တဲ့နည်းကရက်စက်ကြောင်း ဒါကြောင့် စာတမ်းကို လက်မခံနိုင်ပါဘူးတဲ့။ ကျမတို့ကိုတကယ်မသိလို့သူတို့လုပ်နေကြအတိုင်းပြောတာလား ၊ဒါမှမဟုတ်။ ဆေးသုတေသနမှာ အဲ့ဒီအချိန်က ဆရာဝန်တွေနဲ့ ဆရာဝန်မဟုတ်သူများ၊ဆရာဝန်အချင်းချင်း၊ဆရာဝန်မဟုတ်သူအချင်းချင်း၊မနာလိုဝန်တိုမှူတွေရှိနေပြီး၊ အချို့လူများ စက်များကို မသုံးတတ်အောင် စက်သုံးနည်း instruction manual များကိုဖွက်ထားခြင်း၊ စက်များမှ အရေးကြီးသောအစိတ်အပိုင်းများဖွက်ထားခြင်း၊ ပိုးမွေးရာတွင်လည်း မလိုအပ်သောပိုးများထဲ့ပြီး ပျက်စီးအောင်လုပ်ကြကြောင်းသိရပါတယ်။
ကြွက်တွေလဲသေကြရ၊ ကျမတို့လဲ ပါဏာတိပါတကံအဖြစ်ခံ၊ တိုင်းပြည်နဲ့ကျမတို့ရဲ့ အချိန်တွေ၊ လုပ်အားတွေ ငွေကြေးတွေ အလကားဖြစ်ကုန်ကြရပါတယ်။ အခုခေတ်မှာတော့ internet မှာရှာယုံပါပဲ၊ မကောင်းသောရည်ရွယ်ချက်ရှိသူ၊ မသိဘဲ သိရောင်ကားပြောတဲ့သူတွေရန်ကလဲဝေးကြပြီထင်ပါတယ်။
No comments:
Post a Comment