:include data='blog' name='google-analytics'/>

Saturday, September 24, 2016

#မိုဘိုင်းဖုန်းနှင့်အရေပြားပြဿနာ


Eternal Light Magazine with U Kyaw Kyaw.

#မိုဘိုင်းဖုန်းနှင့်အရေပြားပြဿနာ
#ဒေါက်တာကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး)
ခေတ်ရေစီးကြောင်းမှာ အဆိုးနဲ့အကောင်း ယှဉ်တွဲပါလာတတ်တာ သဘာဝပါ။ အဲဒီ မျောပါလာတဲ့ ပစ္စည်...း ဒါမှမဟုတ် နည်းပညာကို နည်းမှန်လမ်းမှန် အသုံးချတတ်ရင် အကျိုးရှိပေမယ့် တစ်လွဲသုံးမိရင်တော့ ဆိုးကျိုးတွေ ကြုံတွေ့ရမှာပါ။ ဥပမာအားဖြင့် ဒီနေ့ခေတ်မှာ တွင်ကျယ်စွာ အသုံးပြုနေကြရတဲ့ ကြိုးမဲ့တယ်လီဖုန်းနဲ့ အင်တာနက်ပါ။ ကောင်းတာတွေ တစ်ပုံတစ်ပင်ရှိသလို မသုံးတတ်ရင် ဘေးထွက်ဆိုးကျိုးတွေကလည်း မနည်းမနောပါပဲ။ ကောင်းတာတွေကို အသာထား၊ မကောင်းတာတွေကိုတော့ သတိပေး ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့် ဆက်နွှယ်နေတဲ့ အရေပြားပြဿနာတွေပေါ့။
#ဖုန်းတွေပေါမှပေါ
တစ်ချိန်က ရှားပါးပစ္စည်းဖြစ်တဲ့ တယ်လီဖုန်းဟာ ဒီနေ့တော့ ပေါမှပေါပါ။ တချို့ဆို ဟန်းဆက်နှစ်လုံး၊ သုံးလုံးတောင် ကိုင်နေကြတာပါ။ ဆက်သွယ်ရေးဌာနနဲ့ ကုမ္ပဏီတွေကလည်း အပြိုင်အဆိုင် ဈေးလျှော့၊ မက်လုံးပေးနေကြတော့ တယ်လီဖုန်းနဲ့ကို မခွဲမခွာ ဖြစ်နေကြပါပြီ။ ဖုန်းပြောရုံတင် မဟုတ်တော့ဘဲ ဖေ့စ်ဘွတ်နဲ့ ဂိမ်းတွေကိုပါ တမ်းတမ်းစွဲ သုံးနေတဲ့ခေတ်ပါ။ လမ်းသွားရင်းလည်းပွတ်၊ ဘတ်စ်ကားစောင့်ရင်းလည်းပွတ်၊ ကားပေါ်မှာလည်းပွတ်၊ လုပ်ငန်းခွင်မှာလည်း လစ်ရင်လစ်သလိုပွတ်၊ ပြောရရင် အီအီးပါရင်းနဲ့တောင် ပွတ်နေကြတော့တာပါ။ အိပ်ရေးပျက်ခံပြီး ညသန်းခေါင်ထိတောင် ပွတ်နေတာပါ။ အလွန်အကျွံဆိုရင် ဘယ်ဟာမှ မကောင်းပါဘူး။ ကြာတော့ ဖုန်းဘေလ်ကုန်တာအပြင် ဆိုးကျိုးတွေ မသိမသာ ၀င်လာပါရော။
#ကျန်းမာရေးပြဿနာတွေ
ဆဲလ်ဖုန်းတွေ အသုံးများလို့ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေရှိတယ်လို့ တချို့သုတေသီတွေက ရှေးကတည်းက ဆိုနေကြပါတယ်။ ဖုန်းကထွက်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ ကင်ဆာမဖြစ်ဘူးလို့ ဆိုကြပေမယ့် အလွန်အကျွံသုံးရင်တော့ ကြာရင် ကြုံနိုင်တယ်လို့ ဆိုသူက ဆိုပါတယ်။ ထားပါတော့၊ ဒီအချက်က ကံသေကံမ မပြောနိုင်ပေမယ့် လတ်တလောကတော့ ဖုန်းစကရင်ကို ကြာကြာကြည့်နေရင် မျက်လုံးတွေ ညောင်းတာ၊ မှုန်တာ၊ မျက်သားခြောက်တာ၊ မျက်ကြောတင်းတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောထိုးတာ၊ နောက်ကြောထိုးတာတွေ ကြုံရမှာပါ။ ဒီပြဿနာတွေကို ငယ်ရွယ်သူတွေထက် အသက်အရွယ်ရလာတဲ့သူတွေမှာ ပိုလို့တောင် ကြုံရနိုင်ပါတယ်။ တချို့ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်အရွယ်တွေတောင် မျက်စိက မှုန်မှုန်နဲ့ ဖေ့ဘွတ်ကို တမ်းတမ်းစွဲ သုံးနေကြတဲ့ခေတ်ပါ။ ဖုန်းပွတ်နေတော့ ဘုရားမေ့၊ တရားမေ့ ဖြစ်ကုန်ပါလေရော။
ဒီလို မျက်စိပြဿနာတွေနဲ့အတူ အရေပြားပြဿနာတွေလည်း ဖုန်းသုံးစွဲသူတွေမှာ ကြုံနေရပါပြီ။ နိုင်ငံတကာမှာလည်း အရေပြားပညာရှင်တွေက ဒီကိစ္စကို အလေးပေး ပြောနေကြပါပြီ။
#ဖုန်းနဲ့ဝက်ခြံ
ဖုန်းကို ပါးနဲ့ကြာကြာ ဖိကပ်ပြောတဲ့အခါ အဆီပေါက်တွေ ပိတ်သွားတော့ အဲဒီနေရာမှာ ၀က်ခြံဖုတွေ ထွက်လာတတ်ပါတယ်။ အဲဒီလို ပွတ်လိုက်၊ ဖိလိုက်လို့ အဆီပေါက်ပိတ်ပြီး ပေါက်လာတဲ့ဝက်ခြံကို Acne mechanica လို့ခေါ်ပါတယ်။ ဘယ်ဘက်ပါးကို ဟန်းဆက်နဲ့ ဖိကပ်တာများရင် ဘယ်ဘက်ပါးမှာ ထွက်တတ်သလို ညာဘက်ပါးကို ဖိကပ်ပြောရင် ညာဘက်ပါးမှာ ပေါက်ပါတယ်။ ၀က်ခြံပေါက်လေ့ရှိတဲ့ လူငယ်လူရွယ်တွေမှာ အလွန်ကြုံရတတ်ပါတယ်။ နဂိုရှိပြီး ၀က်ခြံတွေလည်း ဖုန်းနဲ့ဖိကပ်လိုက်တာကြောင့် ပိုဆိုးစေပါတယ်။
နောက်တစ်ချက်က တချို့လူတွေဟာ အိပ်ရေးပျက်ခံပြီး ဖုန်းသုံးကြတော့ ၀က်ခြံတွေ ပိုဆိုးစေပါတယ်။ အိပ်ရေးမ၀ရင် အိပ်ချိန်မလုံလောက်ရင် ၀က်ခြံပိုဆိုးစေတာ၊ ပိုပေါက်စေတာ အမှန်ပါပဲ။ ဖေ့ဘွတ်တို့၊ ဂိမ်းတို့ဆိုတာ အဆုံးမှမရှိတာ၊ သုံးရင်သုံးသလောက် အချိန်တွေ ကုန်သွားတာပါ။ တစ်ခါက သတင်းတစ်ပုဒ်မှာ ကောင်းကောင်းမစားမသောက်ဘဲ (၇)ရက် (၇)လီ မရပ်မနား ဂိမ်းကစားရင်း သေသွားတဲ့ လူငယ်တစ်ယောက်အကြောင်းကို ဖတ်မိဖူးပါတယ်။
#ညစ်ပတ်တဲ့ဖုန်း
တယ်လီဖုန်းစကရင်မှာ ရောဂါပိုးတွေ အများကြီးတဲ့။ ဟုတ်မှာပေါ့။ ဟိုဟာကိုင်၊ ဒီဟာကိုင်ပြီးတော့ ဖုန်းကိုင်လိုက်နဲ့ဆိုတော့ ညစ်ပတ်နေတာပါ။ အီအီးပါတုန်းတောင် ဖုန်းပွတ်နေတတ်ကြတာဆိုတော့ စဉ်းစားကြည့်ရင် ရွံစရာပါ။ လုပ်ငန်းခွင်မှာလည်း ဖုန်းဆိုတာ လိုအပ်ရင် သုံးနေရတာဆိုတော့ ဖုန်တွေ၊ ဆီတွေ၊ ကြေးညှော်တွေ ပေချင် ပေနေတတ်တာပါ။ ဘယ်သူမှလည်း ဖုန်းကို တယုတယ သန့်ရှင်းရေး လုပ်လေ့မရှိပါဘူး။ ဒီတော့ ဖုန်းဟာ ရောဂါသယ်ဆောင်ရာ ပစ္စည်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီလိုညစ်ပတ်တဲ့ ဖုန်းကို ပါးမှာကပ်လိုက်တဲ့အခါ ၀က်ခြံဖုတွေထဲကို ပြင်ပကပိုးတွေ ၀င်နိုင်ပါတယ်။ နောက်ပြီး ဖုန်းပွတ်လိုက်၊ ၀က်ခြံကို ပွတ်လိုက်၊ ညှစ်လိုက်လုပ်ရင်လည်း ၀က်ခြံတွေ ရင်းသွား၊ ရောင်သွားတတ်ပါတယ်။ ၀က်ခြံပိုးဟာ အရေပြားထဲမှာ ရှိနေပြီးသားပါ။ အရမ်းအန္တရာယ် မပေးပါဘူး။ ဒါပေမဲ့ ပြင်ပက ဘက်တီးရီးယားပိုးတွေ ထပ်ဆင့်ဝင်လာရင်တော့ ၀က်ခြံဖုတွေ သိသိသာသာ ရောင်ကိုင်းသွားတတ်ပါတယ်။ လက်လည်းမဆေး၊ ဖုန်းကိုလည်း သန့်ရှင်းရေး မလုပ်ရင်တော့ ရောဂါကူးစက်မှုတွေ ကြုံရမှာပါ။ ဘာနဲ့တူသလဲဆိုတော့ ညစ်ပတ်မှိုတက်နေတဲ့ ပိုက်ဆံတွေလိုပါပဲ။ ပိုက်ဆံက တစ်ခါတလေမှ ကိုင်ရပေမယ့် ဖုန်းကတော့ တစ်ချိန်လုံး သုံးနေရတော့ သတိထားစရာပါ။
#ဓာတ်မတည့်နှင်းခူ
ဖုန်းကပေးတဲ့ နောက်ပြဿနာတစ်ခုကတော့ ဓာတ်မတည့်နှင်းခူပါပဲ။ ဆေးပညာစကားနဲ့ပြောရရင် Allergic Contact Dermatitis ပါ။ အတိုအားဖြင့် ACD ပေါ့။ တယ်လီဖုန်းရဲ့ ကိုယ်ထည်ကို သတ္တုနဲ့ လုပ်ကြတာများပါတယ်။ အထူးသဖြင့် သတ္တုစပ်ပေါ့။ နီကယ်၊ ခရိုမီယမ်၊ ကိုဘော့ စတဲ့ သတ္တုဓာတ်တွေ ပါစမြဲပါ။ ဒီသတ္တုဓာတ်တွေနဲ့ အရေပြားဓာတ်မတည့်တဲ့အခါ ကြာကြာထိတွေ့တဲ့ နေရာတွေမှာ နှင်းခူဖြစ်ပါလေရော။ အသားရဲတာ၊ ခြောက်တာ၊ ထူအမ်းလာတာ၊ ယားတာတွေပေါ့။ လူတိုင်းတော့ မဟုတ်ပါဘူး။ အယားဓာတ်ခံရှိတဲ့သူတွေမှာ ပိုပြီးကြုံရပါတယ်။ ခေတ်သစ်ဝေါဟာရအနေနဲ့ Mobile Phone Dermatitis လို့ အမည်ပေးပါတယ်။ ပါးနဲ့ ကပ်ပြောရင် ပါးမှာ၊ နားနဲ့ကပ်ပြောရင် နားမှာ ဓာတ်မတည့်နှင်းခူ တွေ့ရလေ့ရှိပါတယ်။ အနည်းဆုံး ယားတာ၊ ရောင်တာ၊ နီရဲတာ ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ ဖုန်းကိုင်တဲ့လက်ပေါ့။ လက်ဖ၀ါး၊ လက်ချောင်းလေးတွေမှာ အတွေ့များပါတယ်။ လက်မအတွင်းဘက်မှာဆို အတွေ့ရတတ်ဆုံးနေရာလို့တောင် ပြောနိုင်ပါတယ်။ Keypad ဖုန်းသုံးတဲ့သူတွေဆိုရင် လက်ညှိုးထိပ်လေးတွေပေါ့။ အဲဒီနေရာတွေမှာ တဖြည်းဖြည်းနဲ့ အရေပြားဟာ ထူလာပြီး ခြောက်သွေ့ကွဲအက်တာမျိုး၊ ယားယံတာမျိုး ကြုံရတတ်ပါတယ်။ ဒီလို နှင်းခူမျိုး ဖြစ်လာတာကို ကာယကံရှင်က တရားခံဟာ တယ်လီဖုန်းဆိုတာ မသိကြပါဘူး။ အရေပြားဆရာဝန်တွေနဲ့ ပြသကြည့်ကာမှ သူတို့ရဲ့ လက်စွဲတော် ဟန်းဆက်ဖြစ်နေမှန်း သိကြတာပါ။
#မျက်စိလည်ချင်စရာ
အကိုင်များတဲ့လက်မှာ ဒီလိုပြဿနာတွေ့တာ မဆန်းပေမယ့် တစ်ခါတလေ ဒီဓာတ်မတည့်နှင်းခူကို အခြားနေရာမှာတွေ့ရင် ခေါင်းခဲစရာပါ။ တချို့အမျိုးသမီးတွေ (အနောက်နိုင်ငံတွေမှာပါ) အလုပ်များတော့ ဖုန်းကို ကြိုးနဲ့လည်ဆွဲပြီးထားတဲ့အခါ ဖုန်းဟာ ရင်သားနှစ်ခုအကြားမှာ ရှိနေတာမို့ အဲဒီနေရာမှာ နီရဲရောင်ရမ်းနေတတ်ပါတယ်။ ဒီအခါမှာ တရားခံရှာဖို့ ခက်ပါတယ်။ ဖုန်းကို ဘယ်လို ကိုင်သလဲ၊ ဘယ်လိုထားသလဲ သေချာမေးမှ သဲလွန်စရပါတယ်။ တချို့ဆို ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ အထည့်များတော့ ပေါင်မှာ လာပြီး ပြဿနာပေးတော့တာပါ။ ဘာကြောင့် ပေါင်အရှေ့ပိုင်းမှာ ယားတာလဲ၊ နီရဲပြီး နှင်းခူဖြစ်တာလဲဆိုတာ သေချာလေ့လာလိုက်ရင် တရားခံက ဖုန်းပါ။ ကျွန်တော် ထိုင်းမှာ အရေပြားပညာ သင်ယူစဉ်က ထိုင်းကျောင်းသားလေးတစ်ယောက် ပေါင်မှာ နီရဲအကွက်လေးတစ်ကွက်နဲ့ ယားတာတွေ့တော့ ရောဂါရှာဖို့ အခက်ကြုံခဲ့ပါတယ်။ ပွေး မဟုတ်၊ ညှင်းမဟုတ်၊ ဘာမှန်းမသိလို့ ကြီးကြပ်သူဆရာဝန်မကြီးကို ပြကြည့်တော့ ဓာတ်မတည့်နှင်းခူတဲ့။ သူတို့က ထိုင်းဘတ်စေ့ (အကြွေစေ့)ကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်လေ့ရှိတာကိုး။ အကြွေစေ့မှာပါတဲ့ နီကယ်နဲ့ အရေပြား ဓာတ်မတည့်တာကြောင့်ပါ။
#သူတို့လည်းသိတာပေါ့
တယ်လီဖုန်းဟန်းဆက်တွေ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေက ဒီပြဿနာတွေကို ကောင်းကောင်းသိတာပေါ့။ ဒါကြောင့်လည်း သတ္တုကိုယ်ထည်ကို ဓာတ်မတည့်နှင်းခူ မဖြစ်ရလေအောင် ကြိုးစားထုတ်လုပ်ကြပါတယ်။ ဒါပေမဲ့ တယ်လီဖုန်း ဟန်းဆက်အမျိုးမျိုးကို လေ့လာကြည့်တဲ့အခါ Black Berry ဖုန်းတွေရဲ့ ၅၀ ရာခိုင်နှုန်း၊ ဆမ်ဆောင်းဖုန်းတွေရဲ့ ၇၅ ရာခိုင်နှုန်း၊ Motorola ဖုန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ နီကယ် ဒါမှမဟုတ် ကိုဘော့ဓာတ်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အိုင်ဖုန်းနဲ့ နိုကီယာမှာတော့ အဲဒီ ဓာတ်ပစ္စည်းတွေ မတွေ့ရဘူးတဲ့။ ဒီတော့ ဆမ်ဆောင်းဖုန်းကိုင်သူတွေ ဓာတ်မတည့်နှင်းခူဖြစ်လို့ အိုင်ဖုန်းပြောင်းကိုင်ပါလို့ အကြံပေးရင် ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့လို့ ဆိုတာမျိုး ဖြစ်မှာစိုးရပါတယ်။ အလွယ်တကူ ပလတ်စတစ်ဖုန်းကာဘာ စွပ်လိုက်ရုံပါပဲ။
နောက် သတိထားရမှာက ဟန်းဆက်တစ်ခုဟာ ကြာသွားရင် ချွေး၊ ရေတို့နဲ့ ထိတွေ့ပြီး သတ္တုစပ်တွေ ကွာလာတာပါ။ ပြောရရင် ဖုန်းအသစ်ထက် ဖုန်းအဟောင်းတွေက ပြဿနာပိုပေးတတ်ပါတယ်။ Smart phone touch screen ဆိုရင်တော့ လွယ်လွယ်ကူကူ ဖုန်းကာဘာတွေပဲ ပြောင်းတပ်ပေါ့။ Keypad အမျိုးအစားဆိုရင်တော့ ဟောင်းသွားရင် သတိထားသုံးပေါ့။ ပြဿနာအဖြစ်အများဆုံးကတော့ နီကယ်နဲ့ ဓာတ်မတည့်တဲ့ကိစ္စပါ။ နီကယ်ဆိုတာကလည်း ရှောင်ဖို့ အခက်သား။ သံ၊ ကြေး စတဲ့ သတ္တုပစ္စည်းတွေကို နီကယ်နဲ့စပ်ပြီး သုံးကြတာများတာမို့ သော့၊ ဇစ်ခေါင်း၊ တံခါးလက်ကိုင် စတာတွေမှာ ပါတာချည်းပါ။ နေ့စဉ်သုံးပစ္စည်းတွေဆိုတော့ ဓာတ်မတည့်မှန်းသိတာတောင် ရှောင်ဖို့ အတော်ခက်ပါတယ်။
#ဆင်ဆင်ခြင်ခြင်သုံးကြပါ
ခုဆွေးနွေးခဲ့တဲ့ ပြဿနာတွေ လျော့နည်းအောင် ဒါမှမဟုတ် မကြုံရလေအောင် တယ်လီဖုန်းကို ဆင်ဆင်ခြင်ခြင် သုံးစေချင်ပါတယ်။ အချိန်အကြာကြီးဆက်တိုက် ဖုန်းပြောတာ၊ ဖုန်းပွတ်တာ ရှောင်ပါ။ ၀က်ခြံ အခံရှိသူတွေအနေနဲ့ ညအိပ်ရေးပျက်ခံပြီး ဖုန်းကို သဲကြီးမဲကြီး မပွတ်ကြပါနဲ့။ ဖုန်းကို ပါးနဲ့ဖိကပ်ပြီး မပြောပါနဲ့။ အချိန်ကြာကြာပြောရရင် ဘလူးတုတို့၊ ကြိုးတို့နဲ့ ပြောတာက အဆင်ပြေပါလိမ့်မယ်။ အလွယ်ရတဲ့ လက်သန့်စင်ရည် (Hand Gel/ Hand Sanitizer) နဲ့ ဖုန်းမျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပေးပါ။ လက်ကိုလည်း မကြာခဏ ဆေးပေးပါ။ ဓာတ်မတည့်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖုန်းကာဘာတပ်ထားပါ။ ဖုန်းနဲ့ မကြာခဏ ထိတွေ့တဲ့ လက်ချောင်း၊ ပါး၊ နား စတဲ့နေရာတွေမှာ ယားယံတာ၊ နီရဲတာ၊ အသားထူအမ်းလာတာ ဖြစ်ခဲ့ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
ဒါဆိုရင် အင်မတန်အသုံးဝင်တဲ့ ဖုန်းတစ်လုံးဟာ သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေတော့မှာ မဟုတ်ပါဘူး။
#ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
Eternal Light Magazine
September 2016
(လွတ်လပ်စွာ Share နိုင်ပါသည်။)

No comments:

Post a Comment