:include data='blog' name='google-analytics'/>

Thursday, April 23, 2015

မင်းအလိုလိုက် မင်းကြိုက်ဆောင် ခရိုနီ ငပိန်

မင်းအလိုလိုက် မင်းကြိုက်ဆောင် ခရိုနီ ငပိန်
-----------------------------------------------
ဒီ အကြောင်းကိုရေးမယ်ရေးမယ်နဲ့ခုမှ
ပဲရေးဖြစ်တော့တယ်။
ကြာရင်လူငယ်တွေမသိတော့ဘဲ ဖြစ်ကုန်မှာ—-။ဘာအကြောင်းအရာနေနေ သမိုင်း
ကြောင်းကနောက်ဆက်တွဲရှိပြီးသား။သမိုင်းနဲ့ ကင်းလို့ကိုမရဘူး။တို့လူငယ်တွေ သမိုင်းကြောင်းမသိဘဲ အ တီး အ တ ဖြစ်နေရင် တလွဲကျေးဇူးတင်နေတတ်ပါတယ်။
သာယာဝတီမင်းနတ်ရွာစံလို့ ပုံဂံမင်းနန်းတက်လာတယ်။သာမန် အဖေသေလို့ သားမင်းဖြစ်တာ။လုပ်ရိုးလုပ်စဉ်အတိုင်းပဲ။မင်းပြောင်းမင်းလွဲတွေမှာ က နဂိုရှိရင်းရာထူးကနေပြုတ်တာရှိသလို ထပ်မြင့်သွားတာလည်းရှိတယ်။
ဘယ်လိုပဲနေနေ နေရာရလာတာက တက်လာတဲ့ဘုရင်မင်း မင်းသားဘဝက အမှုထမ်း
ခဲ့တဲ့ အိမ်တော်ပါ ငယ်ကျွန်တွေပဲ။
အဲဒီအထဲမှာ အိမ်တော်ပါအမှုထမ်း ဘိုင်ဆပ်လည်း ပါတယ်ဗျ။ဘိုင်ဆပ်ကို ချီးမြင့်တာ
လွန်ကဲပြီး မြို့ဝန်ရာထူးပါပေးလိုက်တော့ ဇာတ်လမ်းကစတော့တာပဲ။ပုဂံမင်းလက်ထက်
မှာ မြို့ဝန်နှစ်ယောက်ရှိပြီး အဲဒီအပေါ်မှာ ဘိုင်ဆပ်ကို မြို့ဝန်ထပ်ခန့်ခဲ့တယ်။
မြို့ဝန်ရာထူးဆိုတော့ အာဏာလည်းကျယ်ပြန့်လာတယ်။မြို့ဝန်ဆိုတာရှိမှတော့ မြို့စာရေးတွေလည်းပါလာတာပေါ့။ဘိုင်ဆပ် လက်သပ်မွေးလိုက်တာက တပည့်ကျော် ငပိန်။အရင်ကတော့ ငမျောက်ငခြောက်။ခန့်ပြီးနှစ်အနည်းငယ်အတွင်းမှာ သဌေးကြီး
ဦးပိန်၊မြို့စာရေးကြီး ဦးပိန်ဖြစ်လာတော့တာပေါ့။
ပုဂံမင်းမှာက မင်းသားဘဝထဲက ခါတွေချိုးတွေအကောင်ပလောင်တွေမွေးတဲ့ ဝါသနာ
ကရှိတော့ ဘိုင်ဆပ်ကလည်း အဲဒီအလုပ်မှာကျွမ်းကျင်သူ။ဒါနဲ့ပဲမြို့ဝန်ရာထူးရလာတာ။
ဘုရင်ကို ဒီငှက်ကလေးတွေက မြေခွေးပုရစ်လေးတွေကျွေးရင် အသက်တစ်နှစ်ပိုရှည်
ပါတယ်လို့ ပေါက်တတ်ကရလျောက်လည်းဘုရင်ကလက်ခံပြီး မြေခွေးပုရစ်တွေ မြို့အနှံ
မှာရှာစေတယ်။
ဘိုင်ဆပ်နဲ့မောင်ပိန်ရဲ့အကြိုက်ပေါ့။ကလိန်ကကျစ်ဥာဏ်တွေနဲ့ တစ်ခုလုပ်ရင် အလုပ်ငါးခု
လောက်ပြီးမယ်ဆိုတဲ့ ဥာဏ်တွေပါထွက်လာတယ်။
မြန်မာတွေမှာက ရှေးခေတ်က ဘဏ်တွေမရှိသေးတော့ အိမ်အောက်တွေမှာပဲ အိုးနဲ့ ရွှေတို
ရွှေစ တန်ဖိုးရှိတာတွေ မြုပ်ကြတာကိုး။ဒီအချက်ကို ဘိုင်ဆပ်တို့ကလည်းသိတယ်။မောင်ပိန်
ကလည်း နောက်ကနေ အကြံတွေပေး။
မြေခွေးပုရစ်ဆိုတာ တွင်းအောင်းသတ္တဝါကိုး။ဘုရင်အမိန့်နဲ့မြေခွေးပုရစ်ရှာမယ်ဆိုပြီး မြို့တော်
က အိမ်တွေမှာရှာတယ်။ဘုရင့်အမိန့်ဆိုတော့ ဘယ်ပြောရဲမှာတုန်း။မြေလှန်ရှာမှတော့
မြုပ်ထားတဲ့ရွှေအိုးတွေထွက်လာ ဘိုင်ဆပ်တို့ ဆရာတပည့်တွေကသိမ်းပိုက်။မြို့တော်ကြီးမှာ ပွဲတော်ကြီးကိုဖြစ်လို့။
မတည့်တဲ့အိမ်ဆို အရင်ရှာ။နောက်ပိုင်းမှာ ချမ်းသာတဲ့လူတွေက ကိုယ့်အိမ်ကိုမရှာအောင်
လဘ်ထိုး။ရလိုက်တဲ့ပိုက်ဆံ။ဒီလူတွေမှ မချမ်းသာရင်ဘယ်သူချမ်းသာမှာတုန်းဗျ။
အိမ်တွေကိုရှာရင်းနဲ့ သမီးပျိုရှိတဲ့အိမ်တွေမှတ်။နောက်နေ့မှာငွေလမ်းခင်းပြီးအတင်းဖျက်စီး။
အတင်းသိမ်းပိုက်။ဒီနှစ်ယောက်လုပ်လို့ မြန်မာအမျိုးကောင်းသမီးတွေပျက်စီးခဲ့ရတယ်ဗျ။
တိုင်းသူပြည်သားတွေက ဒီနှစ်ယောက်လုပ်လို့ ပူဆွေးရ၊ငိုကြွေးကြနဲ့ ဖြစ်နေပါတယ်။မှူးမတ်
တွေကသိပေမယ့်လည်း ဘုရင် ဒေါသထွက်မှာစိုးလို့ မလျောက်ရဲကြဘူး။
အိမ်တော်ပါငယ်ကျွန်ကြီးကိုး။
နောက်ပိုင်းမှာဘယ်လောက်တောင်ဖြစ်လာလည်းဆိုတော့နန်းတော်တွင်းမှာပါ ဝင်ရောက်
ချယ်လှယ်လာပါတယ်။ဘုရင်မျက်နှာသစ်တော်ရေ ကျတာနဲ့ အရင်တွေ့ခွင့်ရှိတာ ဘိုင်ဆပ်ပဲ
ဖြစ်နေတာကိုး။အဲဒီအချိန်မှာ ဘိုင်ဆပ်က သူနဲ့မတည့်တဲ့သူတွေ ဂုန်းချော၊တိုင်းပြည်ကိစ္စတွေ
ပြော အဲလောက်ထိကို ဘုရင် ကယုံခဲ့တာ။
မင်းသားကြီးတွေမှူးမတ်တွေမှာ ဘုရင်နဲ့တွေ့ဖို့ ဘိုင်ဆပ်ဆီ သတင်းအရင်မေးရလောက်အောင် တန်ခိုးထက်လာပါတယ်။
ဘိုင်ဆပ်ဆီကနေ အမှုအခင်းဖြစ်တဲ့လူတွေကလာဘ်ထိုး။ဘိုင်ဆပ်က ဘုရင်ကိုလျောက်ပေးနဲ့
အာဏာကလည်း ကျယ်ပြန့်လာပါတယ်။အမှုဖြစ်ရင် ဘိုင်ဆပ်ဆီ အရင်ပြေးကြတော့တာပဲ။
တစ်နေ့ရောက်တော့ ငပိန်က အင်းဝမြို့ဟောင်းကြီးကိုသွားပြီး မြို့ဟောင်းကြီးကနေ သူတို့အတွက် ဘာရနိုင်လဲပေါ့။
အင်းဝမြို့ဟောင်းကြီးကဘကြီးတော်နန်းစံစဉ်ဆောက်လုပ်ခဲ့တာပါ။တော်တော်လေးကြီးကျယ်
ခမ်းနားခဲ့တော့ ဖန်နန်းရှင်ဘွဲ့ကိုတောင်ရခဲ့တာပါ။ခုကျွန်တော်တို့နိုင်ငံမှာပြစရာနန်းတော်
ကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အင်းဝနန်းတော်ကြီးက ဘိုင်ဆပ်နဲ့မောင်ပိန် လက်ချက်ကြောင့် နန်းဆောင်တွေပျောက်ခဲ့ရတာ။မန္တလေးနန်းတော်ကြီးက မဟာမိတ်တပ်
တွေလက်ချက်ကြောင့် ပြာပုံဖြစ်ခဲ့ရတာ။
အင်းဝနန်းတော်ကြီးမှာက ကျွန်းတိုင်ပေါင်း ထောင်ကျော်တယ်။ကျွန်းသားပျဉ်ခင်းတွေ
က ထုလေးလက်မရှိတယ်။ဒီဟာတွေကို မောင်ပိန်က မျက်စိကျပြီး သူ့ဆရာဘိုင်ဆပ်ကို ဘုရင်ဆီ လျောက်ခိုင်း။ဘယ်လိုလျောက်ခိုင်းလဲဆိုတော့——
“တစ်ဘက်ကမ်းက ဘိုးတော်ဘုရားကောင်းမှုကျောက်တော်ကြီးဘုရားနဲ့ တစ်ဖက်ကမ်း
က ဘကြီးတော်ကောင်းမှု ပုထိုးတော်ကြီးဘုရားကို တိုင်းသူပြည်သားလွယ်လွယ်ကူကူ
ဖူးရအောင် အင်းဝမြို့ဟောင်းကြီးကတိုင်တွေနဲ့ တံတားဆောက်ချင်ပါတယ်”တဲ့။
ဘုရင်ကလည်း(အမျှော်မမြင် မရှိတဲ့သူ) ဆိုတော့ ဘိုင်ဆပ်တို့ မောင်ပိန်တို့ တပည့်တွေနဲ့ပျော်ပျော်ကြီး လှော်ကြတော့..ဖျက်စေပေါ့။ဘကြီးတော်ရဲ့ အင်းဝနန်းတော်ကြီးလည်း ခနနဲ့ စုတေပြီး ဘဝပျက်တော့တာပဲ။
အဲဒီထဲကမှ တိုင်ကြီးတိုင်ကောင်းတွေပျဉ်ကောင်းတွေတခြားထွက်လာတဲ့အရာတွေကို ဘိုင်ဆပ်နဲ့မောင်ပိန်ကဘုံးပါတယ်။လက်ရှိ တောင်သမန်တံတားနေရာရောက်လာတဲ့ တိုင်တွေကတော့ တိုင်ပိန်တိုင်ညောင် ပျဉ်ပိန်ပျဉ်ညောင်တွေပဲဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ ကမ္ဘာကတောင် သိတဲ့တံတားကြီးဟာတကယ်တော့ ဘကြီးတော်နဲ့
ပုဂံမင်းရဲ့ကောင်းမှုပါ။
တံတားကြီးထဲမှာဘိုင်ဆပ်နဲ့မောင်ပိန်တို့ နှစ်ယောက်လုပ်လို့ ကျခဲ့တဲ့ ပြည်သူတွေရဲ့
မျက်ရည်တွေပါနေမှာပါ။
တံတားကိုရောက်တိုင်းသမိုင်းကိုပြန်သတိရပြီး တောက်ခေါက်မိပါတယ်။
မင်းအလိုလိုက် မင်းကြိုက်ဆောင် ခရိုနီ ဘိုင်ဆပ်နဲ့ငပိန်တို့ စိတ်ယုတ်မာနဲ့
ဆောက်ခဲ့တဲ့တံတားဖြစ်နေလို့ လျောက်ချင်စိတ်တောင်မရှိပါဘူး။
ဒါကြောင့်လူငယ်တွေ တံတားကိုရောက်ရင် ဓာတ်ပုံရိုက်၊လမ်းလျောက်၊ဂုဏ်ယူတာက
ယူပါ။သမိုင်းကိုတော့မမေ့ကြပါနဲ့ ဗျာ။
သမိုင်းကိုတန်ဖိုးထားချစ်မြတ်နိုးသူများဖြစ်ကြပါစေ။
မှတ်ချက်။ ။ ဦးပိန်တံတားလို့ အမည် မခေါ်တွင်သင့်ပါ

No comments:

Post a Comment