ဗုဒ္ဓကိုယ်တော်ရောင် ၇-ပါး။
သီရိဘုန်းတော်တွင် ပါဝင်ထင်ရှားသော ရောင်လျှံတော်များကိုသာ ဆိုလိုသည်၊ ထိုမှတပါး အရာမက များသော ရောင်လျှံတော်များလည်း ရှိသေး၏။
(၁) အင်္ဂိရသ ပဘာ- တန်ခိုးယမိုက် ပြာဋိဟာ မပြဘဲ ပကတိသော ကိုယ်တော် အလုံးမှ အမြဲအစဉ် ပြိုးပြိုးပြက် ထွက်နေသော ရောင်ခြည်တော် ခြောက်သွယ်၊
(၂) ဗျာမပ္ပဘာ- ပကတိ ကိုယ်တော်မြတ်မှ အမြဲမပြတ် ၄-တောင်ပတ်လည်အတွင်း၌ ၀န်းဝိုင်း တည်ထွန်းနေသော အတွင်း ရောင်ခြည်တော်၊
(၃) အသီတိပ္ပဘာ- အတွင်းရောင်ခြည်တော်၏အပြင်ဘက်မှ အတောင် ရှစ်ဆယ် အရပ် တိုင်အောင် ထက်ဝန်းကျင် ၀ိုင်းဝန်းထွန်းပနေသော ရောင်ခြည်တော်၊
(၄) ကေတု မာလာ ပဘာ- ရောင်လျှံတော်ခေါ် ဦးခေါင်းတော်ထက်မှ ထွက်ပ ထွန်းတောက် သော ရောင်ခြည်တော်၊
(၅) ဥဏ္ဏာ ပဘာ- ဥဏ္ဏလုံမွေရှင်တော်မှ ထွက်မြူး ကွန့်ကြွသော ရောင်ခြည်တော်၊
(၆) ဒါဌာ ပဘာ- နှုတ်တော်ဖွင့်ခိုက် စွယ်တော်မြတ် လေးဆူမှထွက်မြူး ကြွမြန်းသော ရောင်ခြည်တော်၊
(၇) အနန္တ ပဘာ- ရတနာဃရတိုက်ခန်း၌ ပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ် ဆင်ခြင်တော် မူ သောအခါ, တန်ခိုးပြာဋိဟာတို့ကိုပြတော်မူသောအခါ စသည်တို့၌ အရပ်ဆယ်မျက်နှာလုံး ပိတ်ဖုံး၍ ထွက်ကြွသည့် အဆုံးမရှိသော ရောင်ခြည်တော် ၆-သွယ်။
မှကူးယူပါသည်။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး-၏ ရောင်ခြည်တော်ဖွင့် ဘုရားပင့်။
နီလာ နီလာ နိစ္ဆရန္တိ၊ ပီတာ ပီတာ စ ရံသိယော။
လောဟိတာ လောဟိတာ စာဘာ၊ သြဒါတာ ဒါတရံသိယော။
ပဋ္ဌာနံ = နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။
သမ္မသန္တဿ = အနုလုံ ပဋိလုံ အစုံအဆန် အဖန်ဖန် အထပ်ထပ် သုံးသပ်ဆင်ခြင်တော်မူသော ဘုရား ရှင်ကိုယ်တော်မြတ်၏။
နီလာ = ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသော အရပ်ဌာနမှ။
နီလာ = ကြာညို ခွာညို ရတနာညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော် တို့သည်။
နိစ္ဆရန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူး တော်မူကြလေကုန်၏။
ပီတာ စ = သိင်္ဂီရွှေလှော် အရေတော်မှလည်း။
ပီတာ = မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပ၀င်းကုန်သော။
ရံသိယော = ၀ါရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓာတ်တို့သည်။
နိစ္ဆရန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူး တော် မူကြလေကုန်၏။
လောဟိတာ = အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖ၀ါးတော် လက်ဖ၀ါးတော်စသော ကိုယ်တော်အစိတ်စိတ်မှ။
လောဟိတာ = ခေါင်ရမ်း နှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်း ရှိကုန်သော။
အာဘာ = နီရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓာတ်တို့သည်။
နိစ္ဆရန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူး တော် မူကြလေကုန်၏။
သြဒါတာ = စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံ မွေရှင်တော်ဓာတ်မှ။
သြဒါတရံသိယော = စံပယ် ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ၀တ်လဲတော် ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော် ဓာတ်တို့သည်။
နိစ္ဆရန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော် မူကြလေကုန်၏။
တမှာ တမှာ စ မဉ္ဖိဋ္ဌာ၊ ပဘာသန္တိ ပဘဿရာ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသိယော၊ ဌာတု မေ ဘဂ၀ါ သိရေ။
တမှာ တမှာ = အထက် ဆံဖျားတော် တလျှောက်မှ အောင်ခြေဖ၀ါးတော်တခို ထိုထိုကိုယ်တော် အစိတ်မှ။
မဉ္ဖိဋ္ဌာ စ = ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေေ၀ တပြောင်ပြောင် သပြေရောင် အဆင်း ကဲ့သို့ ထိန်ဝင်းညိုမှောင်သော ရောင်ခြည်တော်တို့သည်လည်းကောင်း။
ပဘဿရာ စ = နတ်မီးအရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင် ၀င်းလက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်ပြက် သော ရောင်ခြည် တော်တို့သည် လည်းကောင်း။
ပဘာသန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင် က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော် မူကြလေကုန်၏။
ဧ၀ံ = ဤသို့ ရောင်ခြည်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း။
ဆဗ္ဗဏ္ဏရံသိယော = အညိုတဖြာ အ၀ါတလီ အနီတဆူ အဖြူတကြောင်း အမောင်းတချက် ပြိုးပြက် ငွားငွား ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင် စိုးပိုင်ရရှိတော်မူပေထသော။
ဘဂ၀ါ = ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွတ်ရုံး အထွတ်ဆုံးလည်း ဖြစ်တော်မူပေ ထသော။
သော = ထိုသုံးလောကညွှန့်ဖူး နိဗ္ဗာန်မှူးဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည်။
မေ = ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏။
သိရေ = ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွတ်ပေါ်၌။
ဌာတု = ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောက ကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား။
No comments:
Post a Comment