:include data='blog' name='google-analytics'/>

Saturday, May 9, 2015

ပခုက္ကူဆေးရုံကြီးတွင် ဖြစ်ပွားသည့် Cefotaxime ဓာတ်မတည့်၍ သေဆုံးမှုမျိုး မြစ်ခြေဆေးရုံ၌လည်း ဖြစ်ပွားခဲ့ပြီး ယင်းဆေးနှင့်ပတ်သက်၍ ပိုမိုသတိပြုရန် လိုအပ်လာ

ပခုက္ကူဆေးရုံကြီးတွင် ဖြစ်ပွားသည့် Cefotaxime ဓာတ်မတည့်၍ သေဆုံးမှုမျိုး မြစ်ခြေဆေးရုံ၌လည်း ဖြစ်ပွားခဲ့ပြီး ယင်းဆေးနှင့်ပတ်သက်၍ ပိုမိုသတိပြုရန် လိုအပ်လာ
ပြီးခဲ့သည့် ဧပြီ ၃၀ရက်က ပခုက္ကူ ဆေးရုံကြီးတွင် အပူလောင်ဒဏ်ရာအား ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသော ကလေးငယ်၏ အသားစနှင့် အသုံးပြုခဲ့သည့် ဆေးဝါးများ ဓာတုဓာတ်ခွဲစစ်ဆေးမှု လာမည့်အပတ်တွင် အဖြေသိရဖွယ်ရှိကြောင်း ပခုက္ကူဆေးရုံအုပ်ကြီးထံမှ သိရသည်။ ဆေးကုသမှုခံယူစဉ် သေဆုံးသွားသော လေးနှစ်အရွယ် မောင်ထူးမြတ်အောင်မှာ ထမင်းရည်ပူလောင်ဒဏ်ရာကြောင့် ဧပြီ ၂၉ ရက်ညတွင် ပခုက္ကူဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ကြောင်း၊ ထိုညမှစတင်၍ ဆေးဝါးကုသမှု ခံယူခဲ့ကြောင်း၊ ၃၀ ရက်နံနက်က ပဋိဇီဝဆေးဝါးတစ်မျိုးဖြစ်သည့် Cefotaxime ထိုးပြီးချိန်တွင် ခန္ဓာကိုယ်ယားယံခြင်းနှင့် ပါးစပ်မှ အမြှုပ်များထွက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ပခုက္ကူဆေးရုံကြီး တာဝန်ရှိသူများက ကလေးငယ်၏ အသားစနှင့် အသုံးပြုခဲ့သော ပဋိဇီဝဆေးဝါးတစ်မျိုးဖြစ်သည့် Cefotaxime ကို နေပြည်တော် ဆေးဝါး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ပေးပို့၍ ဓာတုဗေဒဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဆေးရုံတာဝန်ရှိသူများက ကလေးငယ်သေဆုံးရခြင်းမှာ ဆေးထိုးမှား၍ သေဆုံးခြင်း မဟုတ်ကြောင်း၊ ဆေးမတည့်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ၊ ဆေးမထိုးမီ ဆေးဝါးနှင့် တည့်ခြင်း ရှိ မရှိ ဦးစွာစမ်းသပ်ခဲ့ကြောင်း၊ ဆေးမတည့်သည့်လက္ခဏာ မပြသည့်အတွက် ဆေးထိုးပေးခဲ့ကြောင်း၊ ဒုတိယအကြိမ် (၃၀ ရက် နံနက်) ထိုးရာတွင် ဆေးမတည့်မှုဖြစ်ပေါ်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသွားသည့် ကလေးမိသားစု၊ မြို့ခံများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
သေဆုံးသွားသော ကလေးအား ထိုးပေးခဲ့သည့် ပဋိဇီဝဆေးဝါးတစ်မျိုးဖြစ်သည့် Cefotaxime ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီအမည်နှင့် ဆေးသက်တမ်းကုန်ဆုံးရက်များအား သိရှိနိုင်ရန် ပခုက္ကူဆေးရုံအုပ်ကြီးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းအနေနှင့် ပြင်ပသို့ ရောက်ရှိနေကြောင်း ၊ ဆေးမှတ်တမ်းများမှာ ရုံးခန်းအတွင်း ကျန်ရှိကြောင်းသာ ပြန်လည်ဖြေကြားသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်ကလည်း ပခုက္ကူ မြို့နယ် မြစ်ခြေတိုက်နယ်ဆေးရုံတွင် ၀မ်းပျက်ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ကလေးငယ်တစ်ဦးသည်လည်း ပဋိဇီဝဆေးဝါးတစ်မျိုးဖြစ်သည့် Cefotaxime ထိုးရာတွင် ဓာတ်မတည့်မှုဖြစ်ပေါ်ခဲ့ပြီး ခြေလက်များ ပြာနှမ်းကာ ပါးစပ်မှ အမြှုပ်ထွက်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်အား ဧပြီ ၂၅ ရက်တွင် ပဋိဇီဝဆေးဝါးတစ်မျိုးဖြစ်သည့် Cefotaxime အား ဓာတ်တည့်ခြင်း ရှိ မရှိ စမ်းသပ်၍ ထိုးပေးခဲ့ကြောင်း၊ ဓာတ်မတည့်သည့် လက္ခဏာမပြကြောင်း၊ ဒုတိယနေ့နံနက်တွင် အဆိုပါ ပဋိဇီဝဆေးဝါးတစ်မျိုးဖြစ်သည့် Cefotaxime ဆက်လက်ထိုးရာ ဓာတ်မတည့်သည့်အတွက် အရေးပေါ်ကုသမှုပေးခဲ့ကြောင်း၊ ကုသနေစဉ်မှာပင် ကလေးငယ်သေဆုံးသွားကြောင်း မြစ်ခြေဆေးရုံမှ ဒေါက်တာရဲခေါင်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကလေးငယ် သေဆုံးပြီးနောက် ပဋိဇီဝဆေးဝါးတစ်မျိုးဖြစ်သည့် Cefotaxime သုံးစွဲခြင်းကို ယာယီတားမြစ်ခဲ့ပြီး သေဆုံးကလေးငယ်၏ အသားစနှင့် အသုံးပြုခဲ့သည့် ဆေးလက်ကျန်များအား ဓာတုဗေဒဌာနသို့ ပေးပို့စစ်ဆေးနေကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တစ်ခုတည်း၌ပင် Cefotaxime ဓာတ်မတည့်၍ သေဆုံးမှုနှစ်ခု လေးရက်သာခြားပြီး ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပြီး ဖြစ်ရပ်နှစ်ခုစလုံး၌ ပထမနေ့၌ ဓာတ်မတည့်မှုဖြစ်ပေါ်ခြင်းကို မတွေ့ရှိရဘဲ ဒုတိယနေ့ နောက်တစ်ကြိမ်ထိုးမှသာ ဓာတ်မတည့်မှု ဖြစ်ပွားကာ သေဆုံးခြင်းကို တွေ့ရှိရသည်။
ပခုက္ကူဆေးရုံကြီးတွင် အသုံးပြုခဲ့သည့် Cefotaxime ဆေးဝါးအကြောင်း သိရှိရခြင်း မရှိသေးသော်လည်း မြစ်ခြေဆေးရုံတွင် အသုံးပြုခဲ့သည့် Cefotaxime ဆေးဝါးသည် Taxim အမည်ဖြင့် ထုတ်လုပ်သော ပဋိဇီဝဆေးဝါးဖြစ်ကြောင်းနှင့် ယင်းကို သြစတြေးလျ ကုမ္ပဏီဖြစ်သော Zifam Pinnacle Pty Ltd က ဈေးကွက်တင်သွင်းခြင်းဖြစ်သော်လည်း အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့အခြေစိုက် ALKEMLab မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အခြား မြန်မာနိုင်ငံတွင် အသုံးပြုသော Cefotaxime ဆေးဝါးတစ်မျိုးမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် RDCL မှဖြန့်ချိသော အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့အခြေစိုက် Vida Laboratories (P) Ltd မှ ထုတ်လုပ်သည့် Cefotan 1 အမည်ရှိ ဆေးဖြစ်သည်။ ယခုဖြစ်ရပ်များ၌ ဆေးထိုးပုံကို သိရှိရခြင်းမရှိသော်လည်း Cefotaxime သည် I.M ဟုခေါ်သော အသားထဲသို့ ထိုးသွင်း၍ရသကဲ့သို့ I.V ဟု ခေါ်သော သွေးကြောထဲသို့ ထိုးသွင်း၍လည်းရသော ဆေးအမျိုးအစားဖြစ်သည်။
Cefotaxime သည် 3rd Generation Cephalosporins အမျိုးအစား ပဋိဇီဝဆေးဝါး ဖြစ်သည်။ Cephalosporins ပဋိဇီဝဆေးများ၏ မော်လီကျူးဖွဲ့စည်းပုံ၌ β-Lactam ring ပါရှိသောကြောင့် β-Lactam ပဋိဇီဝဆေးအမျိုးအစားတွင် ပါဝင်သည်။ β-Lactam ပဋိ ဇီဝဆေးများသည် Gell and Coombs ၏ ဆေးဓာတ်မတည့်ခြင်း အမျိုးအစားခွဲခြားမှုအရ အမျိုးအစား-၁ ဖြစ်သော IgE-mediated နှင့်သာ ပတ်သက်လေ့ရှိသည်။ အမျိုးအစား-၁ ၌ ဓာတ်မတည့်ခြင်း တုံ့ပြန်မှုများသည် ဆေးပေးပြီး တစ်နာရီမကြာခင် စတင်ဖြစ်ပေါ်တတ်ပြီး တစ်နာရီမှ ၇၂ နာရီအတွင်း အရှိန်မြင့်လာတတ်ကြောင်း သိရသည်။
ပခုက္ကူမြို့နယ် အတွင်း၌ပင် အလားတူဖြစ်ရပ်နှစ်ခု ဖြစ်ပေါ်ခဲ့မှုက Cefotaxime ဆေး နှင့်ပတ်သက်၍ အန္တရာယ်ကြီးမားလာပုံကို ထောက်ပြနေကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆေးဝါးသုတေသနဦးစီးဌာနတို့အနေဖြင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်နိုင်ကြောင်း ဆရာဝန်အချို့၏ ဝေဖန်မှုများလည်းရှိကြောင်း သိရသည်။

No comments:

Post a Comment