:include data='blog' name='google-analytics'/>

Wednesday, May 27, 2015

မိတ်ဆွေအားလုံးကို ဖတ်ကြည့်စေချင်သော စာတစ်ပုဒ်။

Han Lim with Tun Wai and 48 others
မိတ်ဆွေအားလုံးကို ဖတ်ကြည့်စေချင်သော စာတစ်ပုဒ်။
တကယ်တော့..
ဒီအကြောင်းအရာဟာ
ကျွန်တော်ငယ်ငယ်က ကျွန်တော့်အဖိုး ပြောပြခဲ့တဲ့ တစ်ကယ့် အဖြစ်မှန် ဇာတ်လမ်းပါ။
အားလုံးအတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ် ။
ကျွန်တော့်အဘိုးငယ်ငယ်က ..
သူ အရမ်းကြိုက်တဲ့ သူ.တစ်ယောက် ရှိပါတယ်တဲ့။
အဲဒီတစ်ယောက်ကို အဘိုး တစ်ယောက်ထဲက
ကြိုက်တာလားဆိုတော့လည်း မဟုတ်ပါဘူး။
အဘိုးပြောပြတာကတော့...
သူတို့ တနယ်လုံးမှာ ရှိတဲ့ လူပျိုတွေ အကုန်လုံး နီးပါး
အဲဒီတစ်ယောက်ကို ကြိုက်ကြတာတဲ့။
အဲဒီတစ်ယောက်ကလည်း ....
အသားအရေလေးက အစ.
မဖြူလွန်း မဝါလွန်း
ကြားထဲက ဆင်စွယ်နှစ်ရောင်။
မျက်တောင်လေးတွေက အစ ကော့နေပြီး
စိတ်သဘောကလည်း အလွန်ကောင်း ။
ဒီကြားထဲ..
မြို့ကျောင်းမှာက ၉ တန်းအထိ နေခဲ့ဖူးတော့
တနယ်လုံးမှာလည်း စာအတတ်ဆုံးလို့ ဆိုရမှာပါ။
မိဘတွေကလည်း
တနယ်လုံးမှာ အချမ်းသာဆုံးလို့ ပြောရမယ့် သူတွေဆိုတော့..
တွေးသာ ကြည့်ကြပေါ့ဗျာ။
ဒီလိုနဲ့ ..
တနယ်လုံးမှာ ရှိတဲ့ လူပျိုတွေ အကုန်လုံး နီးပါး ဝိုင်းကြိုက်ကြရင်း..
ကျွန်တော့်အဘိုးလည်း အဘွားနဲ့ အိမ်ထောင်ကျပြီး အဖေ့ကိုမွေး။
အဘိုးသူငယ်ချင်းတွေ တော်တော်များများလည်း
အိမ်ထောင်တွေကျကုန်ကြပြီ။
ပြီးတော့..
သူတို့ အရမ်းကြိုက်ခဲ့တဲ့သူဟာ
ဒီနယ်က ဘယ်သူနဲ့များ အိမ်ထောင်ကျ မလဲဆိုပြီး စောင့်ကြည့်နေကြတာပေါ့ ။
တနေ့တော့.. .
သတင်းတစ်ခု ကြားရတယ်။
သူတို့ကြိုက်ခဲ့တဲ့သူ
ယောက်ကျားယူသွားပြီတဲ့ ။
အဲ့ဒါနဲ့..
ဘယ်သူနဲ့များ အိမ်ထောင်ပြုတာလဲ။
ကံထူးရှင်ဟာ ဘယ်သူလဲ။
အဲဒီတစ်ယောက်ကရော ဘယ်လို အရည်အချင်းတွေ ရှိလို့လဲလို့ စုံစမ်းကြည့်တဲ့အခါ
အားလုံးပဲ အံ့သြသွားရတယ်။
အဲဒီတစ်ယောက်ယူလိုက်တဲ့သူက
သူတို့နယ်သားမဟုတ်ပဲ
သူတို့နယ်မှာ စာရင်းငှါးအနေနဲ့ လာပြီးတော့ လုပ်ကိုင်နေရတဲ့သူ။
အရပ်ကပုပု
လက်ပြင်ကုန်းကုန်းနဲ့ ဆိုတော့..
အားလုံးက အံ့သြမယ် ဆိုလည်း အံ့သြလောက်တယ်လို့
အဘိုးက ခဏခဏ ပြောပြတယ် ။
အားလုံးရဲ့စိတ်ထဲမှာကလည်း
ဘယ်လိုလုပ်ပြီး ဒီလူနဲ့ ရပါလိမ့် ဆိုပြီး အရမ်းပဲ သိချင်ကြတယ်။
အဘိုးပြောပြတာက
သူတို့ရပြီး သိပ်မကြာဘူး။
စစ်တွေလည်း ဖြစ်ကြတော့ ..
ဟိုပြေး ဒီပုန်းနဲ့
အဲဒီမိသားစုတွေလည်း ထွက်ပြေးကြရင်း
စစ်ကြီးပြီးပေမယ့် သူတို့နယ်ကို ပြန်မလာကြတော့ဘူးတဲ့။
ဒီလိုနဲ့..
အဘိုးလည်း အသက်တွေ ကြီးလာလို့ ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နားနီး။
တနေ့တော့..
ရွာမှာရှိတဲ့ ခလေးတွေအားလုံးကို ရန်ကုန်မှာနေတဲ့အလှူရှင်တစ်ယောက်က
အစစအရာရာ တာဝန်ယူပြီး လှူချင်ပါတယ်လို့
ရွာက ဆရာတော်ဆီမှာ လာလျှောက်တယ်။
ဘကြီးဘုန်းကြီးကလည်း ရွာက ရပ်မိရပ်ဖတွေနဲ့ တွေ့ပေးမယ်ဆိုပြီး
အဘိုးတို့ကိုခေါ်တော့..
အဘိုးလည်း သွားတာပေါ့။
ဘုန်းကြီးကျောင်းပေါ်အရောက် မြင်လိုက်ရတာက
သူတို့ ထင်မှတ်မထားတဲ့သူ။
သူတို့ ငယ်ငယ်က ကြိုက်ခဲ့ဖူးတဲ့သူ။
ဒီလိုနဲ့ ...
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြရင်း
သူ့ အမျိုးသား ဆုံးသွားတာ ၅ နှစ်လောက်ရှိပြီဆိုတဲ့အကြောင်း။
သား ၁ ယောက် ပဲ ရှိတယ် ဆိုတာကအစ ပြောဖြစ်ကြမှာပါ။
စကားပြောရင်း ဆိုရင်း..
ရင်းနှီး လာကြတော့..
အဘိုးက သူသိချင်တာတွေကို မေးပါတော့တယ်။
အဘိုးမေးတာက
အဲဒီယောက်ကျားနဲ့ ဘယ်လိုလုပ်ပြီး ရတာလဲ။
သူ့ကို ဘာလို့ လက်ခံလိုက်တာလဲတဲ့။
အဘိုးမေးခွန်းအဆုံး..
စကားဝိုင်းထဲက သူတွေအားလုံးကလည်း ဖြေမယ့်သူရဲ့ မျက်နှာကို ကြည့်ရင်း
စိတ်ပါဝင်စားစွာနဲ့ နားထောင်နေကြတယ်။
အဲ...
သူဖြေလိုက်တဲ့ အဖြေကတော့..
ကျွန်မတစ်သက်တာမှာ
ကျွန်မကို ရည်းစားစကားပြောပြီး
အဖြေတောင်းခဲ့သူဟာ သူတစ်ယောက်ပဲ ရှိခဲ့ပါတယ်။
ကျွန်မ အလွယ်တကူ အဖြေပေးခဲ့တာ မဟုတ်ပဲ
နှစိချီအောင် အချိန်ယူပြီးမှ ဖြေခဲ့တာပါရှင်တဲ့။
ဒါ..
ဟုတ်မှာပါ။
ချစ်နေကြပေမယ့်လည်း
ငါ့အနေအထားဆိုရင် မဖြစ်နိုင်ပါဘူးလို့ တွေးမိကြရင်း
ဖွင့်ပြောဖို့ တွန့်ဆုတ်နေခဲ့ကြမှာပါ။
ကျွန်တော့်အဘိုး ကိုယ်တိုင်လည်း ပါခဲ့မှာပါပဲ။
ယောက်ကျားလေးတွေကမှ စပြီး မပြောရင်
မိန်းခလေးတွေကရော ဘာလုပ်လို့ ရမှာလဲ။
ဖွင့်ပြောလာတဲ့သူကို
အနေအထားကိုကြည့်ပြီး လက်ခံယုံပဲ ရှိတော့တာ မဟုတ်လား။
သူတို့မှာ..
သူတို့ကြိုက်တာကို ပြောပိုင်ခွင့် ရှိကြတာမှ မဟုတ်တာပဲ။
ဒါဆိုရင်..
ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို တွေးကြည့်ကြရအောင် ။
သူရထားတဲ့ ဘွဲ့။
သူ့ရဲ့မိဘမျိုးရိုးဂုဏ် ။
သူရဲ့ နေမှု့ထိုင်မှု့နဲ့ အိနြေ္ဒရှိမှု့။
ပြိးတော့..
ဘဝရဲ့ ငယ်ရွယ်နုပျိုစဉ် အချိန်တွေ တော်တော်များများမှာ
နေရတာကအစ သူတပါးတိုင်းပြည်။
ဒီလိုလူမျိုးတစ်ယောက်ကို
နိုင်ငံခြားမှာပဲ ဖြစ်ဖြစ်
မြန်မာပြည်မှာပဲ ဖြစ်ဖြစ်
ဘယ်သူက ရည်းစားစကား ပြောရဲပါ့ မလဲ ။
ဘယ်သူတွေများ ပြောခဲ့မယ် ထင်လို့လဲ။
သင်..
ဆိုရင်ရော ပြောရဲပါ့ မလား။
ပညာအရည်အချင်းတွေနဲ့ အခြားအကြောင်းအရာတွေကို ဖယ်ထားလို့
ဗိုလ်ချုပ်သမီးဆိုတဲ့ ဂုဏ်နဲ့တင် တွေးကြည့်ကြပေါ့ဗျာ ။
သူ့အစ်ကိုဆိုတာက ယောက်ကျားလေး။
ယောက်ကျားလေးဆိုတာ ..
နိုင်ငံခြားမှာ မြန်မာမိန်းခလေးကို မြင်တာနဲ့
ကြိုက်မိသွားရင် ရင်းနှီးအောင်လုပ်။
ပြီးရင် သူ့ဆီကို ခဏခဏ သွားလည်။
နောက်ပိုင်း အခြေအနေကောင်းရင် ရည်းစားစကားပြော။
အရမ်းလွယ်ပါတယ်။
တခါ တခါ
အချို့လူတွေ ရေးကြတဲ့
သူ့အစ်ကိုတောင် မြန်မာ အမျိုးသမီးကို ယူခဲ့တာပဲ ဆိုတဲ့ အသုံးအနှုန်းတွေက
သူတို့ရဲ့ အတွေးအခေါ်တွေကို ဖော်ပြနေသလိုပါပဲ။
အိနြေ္ဒ သိက္ခာရှိတဲ့ မြန်မာ အမျိုးသမီးတစ်ယောက်က
သူ့ကိုမှ ..
မြန်မာအမျိုးသားတွေက ရည်းစား.စကား လာမပြော
ချစ်ကြောင်း ကြိုက်ကြောင်း လာမပြောခဲ့ရင်
သူအနေနဲ့ ဘယ်လိုလုပ်ပြီး မြန်မာ အမျိုးသားကို ယူမလဲ။
အချိန်တန် အရွယ်ရောက်လို့ မိသားစုလေးနဲ့ နေမှ သင့်တော်မယ့်အချိန်မှာ
သူရွေးချယ်ခွင့် ရတာကိုပဲ ရွေးချယ်လိုက်ရတာကို မှားတယ်လို့
ယူဆလို့ ရပါ့မလား။
ဒီနေရာမှာ တစ်ခုပြောချင်တာက..
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း
မြန်မာ အမျိုးသားကို ယူချင်ခဲ့မယ်လို့ ထင်ပါတယ်။
ဒါကြောင့်သာ..
မြန်မာမှု့ကို မြတ်နိုးတဲ့ စိတ်နဲ့
မြန်မာလို မဂ်လာဆောင်ခဲ့တာ ဖြစ်မှာပါ။
လက်ထပ်ပါရစေလို့..တောင်းဆိုလာသူတွေထဲက
သူလက်ခံရွေးချယ်လိုက်သူဟာလည်း
ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်ရုံမက
ပါဠိ ပါမောက္ခ ။
သားတွေကို ကိုယ်တိုင် ရှင်ပြုပေးရင်းနဲ့
သာသနာ့အမွေကို ခံယူစေခဲ့သူ။
အလှူရေစက် လက်နဲ့မကွာ အမြဲလှူဒါန်းနေတဲ့သူ။
ဒါတွေကို မမြင်နိုင် မတွေးနိုင်ပဲ
သူမ သမ္မတ ဖြစ်ခဲ့ရင်ပဲ
ဘာသာ သာသနာ ကွယ်ပျောက် မလို ရေးနေကြတာတွေဟာ
အရမ်းရွံ့ဖို့ကောင်းပါတယ်။
နောက်တစ်ခုက သူမ အနေနဲ့
နိုင်ငံခြားသားကို ယူခဲ့ခြင်းက နိုင်ငံအတွက် ဘာများထိခိုက်သွားလို့လဲ။
ဘာသာအတွက် ဘာများ ထိခိုက်နေလို့လဲ။
စစ်အစိုးရရဲ့ ဖိနှိပ်မှု့အောက်မှာ
မပြောရဲ မဆိုရဲ
တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ အချိန်။
သူမကပဲ ရှေ့ကနေပြီး
ရဲရဲဝံ့ဝံ့ ပြောခဲ့ ဆိုခဲ့တာ မဟုတ်ဘူးလား။
မြန်မာပြည်သူတွေကို
ဒုက္ခတွင်းထဲမှာ မထားရက်ခဲ့နိုင်လို့
လင်ယောက်ကျား.သေဆုံးခါနီး အချိန်မှာတောင် မပြန်တော့ပဲ
လင်ယောက်ကျားထက်
ပြည်သူတွေကို ချစ်ပြခဲ့တဲ့သူ ဆိုတာရော မသိကြဘူးလား။
အမျိုးသမီး ဖြစ်တဲ့အတွက်
ကိုယ်တိုင် ဖွင့်ပြောခွင့် မရခြင်းရဲ့နောက်
နိုင်ငံခြားသားကို လက်ထပ်ခဲ့ရပေမယ့်
အဲဒီသူထက် ပိုပြီး
နိုင်ငံနဲ့ လူမျိုးကို ချစ်ကြောင်း ပြခဲ့တာကိုရော မမြင်ကြဘူးလား။
ပြီးတော့.. .
နိုင်ငံနဲ့ လူမျိုးအတွက် ပညာရေးနဲ့ ကျန်းမာရေးက အစ
ဖောင်ဒေးရှင်းတွေ ထူထောင်ပေးပြီး တတ်နိုင်သမျှ လုပ်ပေးနေတဲ့သူ။
ဒီလိုလူမျိုးကို ဝေဖန်တိုက်ခိုက်နေကြတာဟာ
ပညာမဲ့နေကြလို့လား
အတွေးအခေါ် ချွတ်ယွင်းနေကြလို့လား ဆိုတာ
တွေးနေရင်းနဲ့ ...
(Credit-ဘုန်းထက်ကြယ်)

No comments:

Post a Comment