:include data='blog' name='google-analytics'/>

Monday, May 18, 2015

တန်ဖိုးသင့်ညစာ

daily eleven ကိုပေးပို့မယ့် တန်ဖိုးသင့်ညစာ နောက်ဆက်တွဲ ဆောင်းပါးလေးပါ ကျွန်တော့်အတွေးမွေးစားပေးကြပါ
နန္ဒ၀င်း(ဆေး-၁)
ကျွန်တော်တာဝန်ကျနေတဲ့ အင်္ဂပူမြို့ကလေးမှာ ဆင်းရဲနွမ်းပါး ပြည်သူများအတွက် အဓိကရည်စူးပြီး တန်ဖိုးသင့်ညစာ ဆိုတဲ့ အစီအစဉ်ကလေးကို ၁၃၇၇ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့နောက်ပိုင်း ကစတင်ခဲ့ပါတယ်။ ထမင်းတွေ သီးစုံပဲကုလားဟင်းတွေ ၀က်သားတွေ ကြက်သားတွေချက် ဆိုက်ကားတစ်စီးပေါ်တင် စေတနာ့ဝန်ထမ်း များက နွမ်းပါးတဲ့ ရပ်ကွက်တွေကို တွန်းသွားပြီး ထမင်းနှင့်သီးစုံကုလားဟင်း ဆို နှစ်ရာကျပ် ထမင်းနှင့် ၀က်သားဟင်းဆို သုံးရာကျပ် ထမင်းနှင့်ကြက်သားဟင်းဆို ငါးရာကျပ် အသီးသီးရောင်းချ ပေးခဲ့ပါတော့တယ်။ အဓိက ကျွန်တော်ရည်ရွယ်တာက တစ်နေ့တာပင်ပန်းနွမ်းနယ် နေကြတဲ့ တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲနွမ်းပါးသူမိသားစုများဟာ သူတို့ရဲ့ ညနေစာကို အာဟာရတန်ဖိုးပြည့်ပြည့်နှင့် စားသောက်နိုင်စေရေးဘဲဖြစ်ပါတယ်။ ယခင့်ယခင် ကျွန်တော်တို့သွားရောက်မရောင်းခင်ကဆို အာဟာရစံညွှန်း အနည်းငယ်သာပါတဲ့ ငါးပိချက် (ခုနောက်ပိုင်းငါးပိပါဈေးတက်ကုန်လို့ ငါးပိနည်းနည်းကိုအရေဖျော်) နှင့် မိသားစုတစ်စုလုံး ဖြစ်သလိုစားခဲ့ရပါတယ်။ ခုတော့ငါးပိချက် ငါးပိရည်ဖျော်သာမက အသားဓါတ် ကဇီဓါတ် အဆီဓါတ် ဗီတာမင်နှင့်သတ္တုဓါတ်တွေအကုန်ပါတဲ့ သီးစုံပဲကုလားဟင်း ကိုတော့ ငွေနှစ်ရာကျပ် (သူတို့အဆိုဆို ထင်းဖိုးသာသာနှင့်) စားသောက်နိုင်ခဲ့ပါပြီ။ ရောင်းချပေးနေတဲ့နောက်ကို တစ်ရက်လောက် လိုက်ကြည့်သူတိုင်းပီတိဖြစ်ကြရပါတယ်။ နွမ်းနွမ်းပါးပါး သူတို့ဟာ ဆိုက်ကားနားကပ်လာတယ် ပြီးရင် ဟဲ့ ကြက်သားအိုးပြပါဦး ၀က်သားအိုးပြပါဦး ဒီနေ့အသားကောင်းသားဟဲ့ ကဲကဲ သီးစုံကုလားဟင်းဘဲထည့် ဆိုတာမျိုးလေးတွေ။ ဒီနေ့တော့ ပိုက်ဆံပိုတယ်ဟေ့ ကြက်သားနှင့်စားမှာဟဲ့ ၀က်သားလောက်တော့ ဒီနေ့ စားမှဖြစ်မယ် ဆိုတဲ့ အသံတွေဟာ ပင်ပန်းခံရောင်းချပေးနေတဲ့ စေတနာ့လုပ်အားရှင်တွေအတွက် အားဆေးတွေပါဘဲ။ ၀က်သား ကြက်သားနှင့် ၀ယ်ပြီးပေမယ့် ထမင်းပေါ် သီးစုံကုလားဟင်းလေး စမ်းပါဦး ဆိုလည်း အမြတ်အတွက်ရောင်းနေတာမဟုတ်တဲ့ ကျွန်တော့်လူတွေက စမ်းပေးလိုက်တာပါဘဲ။ ဆိုက်ကား တစ်စီးနှင့်အိမ်ခြေ(၁၀၀)ကိုဘဲ အခြေပြုရောင်းချနေရာကနေ ခုဆို ဆိုက်ကားလေးစီး အိမ်ခြေ(၄၀၀) အထိကိုတိုးချဲ့နိုင်ခဲ့ပါပြီ။ ဆိုခဲ့သလိုပါဘဲစီစစ်ထည့်ပေးတာမဟုတ်ဘဲပိုပိုသာသာထည့်ပေးတတ်တဲ့ လုပ်အားရှင်တွေကြောင့် အမြတ်ကတော့ဆိုက်ကားတစ်စီး တစ်နေ့ (၁၅၀၀-၂၀၀၀) လောက်ဘဲမြတ်ပါတယ်။ ဒါပေမယ့် ဒါဟာ အမြတ်ကြမ်းတယ်ဆိုရပါ့မယ်။ ဆိုက်ကားတစ်စီးအတွက် တစ်နေ့ရင်းနှီးငွေဟာ ၁၅၀၀၀ ကနေ ၁၈၀၀၀ အထိဘဲရှိပါတယ်။ အနည်းဆုံးဆယ်ရာခိုင်နှုန်းနေ့စဉ်မြတ်တယ်ဆိုကတည်းက အမြတ်ကြမ်းတာပါဘဲ။ ကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လို့ဆိုရမှာပါ။ အနယ်နယ်အရပ်ရပ်ကလည်း စိတ်ဝင်တစားနှင့် အရင်းအနှီးတွေမတည်ပေး စေတနာ့ဝန်ထမ်းတွေကို လက်ဆောင်တွေဝယ်ပေး ကြတာ တစ်လအတွင်းမှာ သိန်းငါးဆယ်လောက်အလှူငွေရခဲ့ရတာ အားရစရာဘဲဖြစ်ခဲ့ပါတယ်။ တန်ဖိုးသင့်ညစာ အားပေးနေတဲ့ ဆင်းရဲနွမ်းပါးမိသားစုတွေကို သီးသန့် နေ့ရက်ကလေးတွေမှာ ဟင်းသတ်သတ်ချက်လှူပေးပါ ဆိုလို့ ဘဲဥချဉ်ဟင်း ကြက်သားဟင်း ၀က်သားဟင်း စတာတွေကိုချက်လှူပေးခဲ့ရတာလည်းရှိခဲ့ပါတယ်။ ကျွန်တော်စည်းရုံးထားတဲ့ စေတနာ့လုပ်အားရှင်တွေကလည်း ပံသကူသားရအောင် (ရန်ဘေးမဲ့ အလှူ ဖြစ်အောင်) စီမံနိုင်ခဲ့ခြင်းကိုလည်း ဂုဏ်ယူစွာမှတ်တမ်းတင်ရမှာပါ။ အလှူရှိတဲ့နေ့လည်း တန်ဖိုးသင့်ညစာဟာ အရောင်းမပျက်ပါဘူး။ ပြည်သူတွေကလည်း အားပေးမပျက်ပါဘူး။ အိုးမှောက်ခွက်လှန် ကုန်စင်အောင် အားပေးကြပါတယ်။
ဒီနေရာမှာ ရောင်းတယ်ဆိုတာကလည်း ပထမအစ ဆောင်းပါးတွေမှာ ကျွန်တော်ဖော်ပြခဲ့သလိုပါဘဲ။ ၁)ငွေရင်းမပျောက်ရေရှည်လုပ်နိုင်မယ် ၂)စားသုံးသူတွေမှာဂုဏ်ရှိစေပါတယ်(ပိုက်ဆံပေးဝယ်စားတာအလကား စားတာမဟုတ်ဘူး) ၃)လုပ်ငန်းအရောင်းသွက်လာရင်လုပ်ကိုင်သူစေတနာ့လုပ်အားရှင်တွေအတွက် အထောက်အပံ့ဖြစ်စေပါလိမ့်မယ် (ကြက်သား ၀က်သား ကိုနွမ်းပါးသူတွေရဲ့ မျှော်လင့်ချက်အဖြစ်သာ ရောင်းချပေးနေတာပါ သုံးရာ ငါးရာဆိုတာ မမြတ်ပါဘူး ရှုံးပါတယ်။ တကယ်လို့ သီးစုံပဲကုလားဟင်းတစ်မျိုးတည်း ထမင်းနှင့်ရောင်းလို့ကတော့ နှစ်သောင်းရင်း ငါးထောင်သေချာမြတ်ပါတယ်။ ခုတော့ သူ့အမြတ်က ကြက်သား ၀က်သားအတွက်မျှခံပေးနေရလို့ အမြတ်နည်းနေတာဖြစ်ပါတယ်။)
သတင်းမီဒီယာတွေ လူမှုကွန်ရက်တွေကတဆင့် တန်ဖိုးသင့်ညစာကိုသိကြပြီး အနယ်နယ်အရပ်ရပ်က စိတ်ဝင်တစား ဖုန်းဆက်ကြ မေးကြ message ပို့ကြတာလည်းကျေနပ်စရာပါဘဲ။ လိုက်ပါလုပ်ဆောင်လိုသူ များပေမယ့် နေ့စဉ် ချက်ရပြုတ်ရ ရောင်းရ ဆိုတော့ အချိန်မပေးနိုင်ကြပါဘူး။ ဒီ့အတွက်ကြောင့် လုပ်ချင်တယ် ခက်နေတယ်ဆိုတဲ့မိတ်ဆွေများကိုအကြံလေးတွေပေးချင်ပါတယ် ဒီအကြံတွေပေးနိုင်တာကလည်း ကျွန်တော့်အိပ်မက်ထဲမှာ တန်ဖိုးသင့်ညစာ ကလေးကို မက်နေခဲ့တာ သုံးလေးနှစ်ကြာခဲ့မှ အောင်မြင်ခဲ့တာ ဆိုတော့ ကြိုတွေးမိထားတာလေးတွေပါ…
၁) ကျွန်တော်တို့လို ဆိုက်ကားပေါ် တင်ရောင်းမှ ရောင်းဖြစ်မှာမဟုတ်ပါဘူး နွမ်းပါးသူများတဲ့ လက်လုပ်လက်စားများတဲ့ နေရာတွေမှာဆို တစ်ပိုင်တစ်နိုင် မိမိ အိမ်ရှေ့မှာတွင် တန်ဖိုးသင့်ညစာဆိုင်ကလေးဖွင့်နိုင်ပါတယ်မိမိပတ်ဝန်းကျင်မှာ လက်လုပ်လက်စား အိမ်ခြေ၁၀၀ရှိရင် ဖွင့်လို့ရပါပြီ အဲဒါဆိုရင် လိုက်လံရောင်းရတဲ့ဒုက္ခ ကင်းဝေးသွားပါပြီ တစ်ခုရှိတာက အိမ်ဆိုင်ဖြစ်လို့ စားသောက်စရာ ပုဂံခွက်ယောက် အိုး ခုံ စားပွဲခင်း အစရှိသော ဆိုင်ခင်းပစ္စည်းများလိုအပ်ပါလိမ့်မယ် ကျွန်တော်တို့အနေနဲ့ အဲသည်လိုအိမ်ဆိုင်ဖွင့်မယ် တန်ဖိုးသင့်ညစာ အမည်ကိုယူမယ် ဈေးကလည်း ကျွန်တော်တို့လို သီးစုံ+ထမင်း ၂၀၀ ၀က်သားနှင့်၃၀၀ ကြက်သားနှင့်၅၀၀ ရောင်းမယ် ကျွန်တော်တို့ ချက်သလိုစံချိန်စံညွှန်းနှင့်ချက်မယ်ဆိုရင် (အချိုမှုန့်မသုံး စားအုန်းဆီမသုံးခဲ့ရင်) အိုးတစ်စုံစာရယ် ၉လက်မစတီးဇလုံ(၂၀)ရယ် (ထမင်းဟင်းပုံစားရန် ) ငွေအရင်း သုံးသောင်းရယ် ဆိုင်အမည်ဆိုင်းဘုတ် vinyl တို့ကိုထောက်ပံ့ပါ့မယ် အဆင်ပြေမယ်ဆိုရင် တန်ဖိုးသင့်ညစာအကြောင်းကို သက်ဆိုင်ရာဒေသတွေမှာ လာရောက်ရှင်းလင်းပြချင်ပါတယ် (ကျွန်တော်တာဝန်ကျရာ အင်္ဂပူနဲ့လည်းနီးစပ်မယ် ကျွန်တော်လည်း အားမယ်ဆိုရင်ပေါ့ ကျွန်တော်ကလည်း ဆေးရုံဆေးခန်း ခွဲခန်း ဇီဝိတဆေးခန်း ရုံးအလုပ်များ အစည်းအဝေး လူကြီးခရီးစဉ်နှင့် တစ်နေ့တစ်နေ့အသက်တောင်ခိုးရှုနေရတော့အာမမခံနိုင်ပါ စိတ်ထဲကတော့ရှိနေပါတယ်)
၂)ငွေကြေးတတ်နိုင်သူသူဌေးများလုပ်ငန်းရှင်များအနေဖြင့် အဲသည်လုပ်ငန်းကို ၀န်ထမ်းများ ခန့်ထားပြီး လုပ်နိုင်ပါတယ် ကျွန်တော့်မှာသာ လုံလောက်တဲ့ငွေကြေးရှိရင် အဲသည်လိုလုပ်မှာပါ နေရာတစ်ခုရှာမယ် ချက်ပြုတ်တဲ့သူတွေခန့်မယ် ချက်မယ် မိသားစု၎-၅ရာစာချက်မယ် (လက်ရှိကျွန်တော်တို့ချက်နေတာ၃၀၀စာ) light truck ပေါ်မှာတင်မယ် နွမ်းပါးတဲ့နေရာတွေကိုလိုက်ရောင်းမယ် အရောင်းဝန်ထမ်းပါခန့်မယ် မြတ်မြတ်ရှုံးရှုံး လုပ်ငန်းစုတစ်ခုအနေနှင့်ကိုလုပ်မယ် (ကျွန်တော့်တွက်ချက်မှုအရ စီးပွားဖြစ်မမြတ်ပေမယ့် လုံးဝမရှုံးပါဘူး စီးပွားရေးသမားကြီးတွေ နယ်အသီးသီးမှာ တစ်နှစ်စာလိုက်လံအလှူပေးနေတဲ့ငွေရဲ့ တစ်ဝက်လောက်တောင်ရင်းစရာမလိုပါဘူး။ တစ်လစာ ဧည့်ခံပွဲတွေမှာအသုံးပြုမယ့်ငွေထဲက အနည်းငယ် ချွေတာလိုက်ရင်တောင်ဖြစ်နိုင်ပါတယ်) ကျွန်တော်ကတော_င်မနိုင်ဘဲပဲဟင်းစားလိုက်ပါဦးမယ် အကယ်၍များ စီးပွားရေးသမားများက ရေရှည်ပရဟိတအာဟာရ တန်ဖိုးသင့်ညစာ လုပ်ချင်တယ်ဆိုပါရင် မည်သည့်နေရာမှာလုပ်ချင်တယ်သာပြောပါ လိုအပ်ချက် ကုန်ကျစားရိတ် အားလုံးကိုတွက်ချက်ပြီး အဏုစိတ်စီမံချက် (microplan) အခမဲ့ ဥာဏဒါနပြုပါရစေ ဆွဲပေးပါ့မယ်။
၃)တစ်ယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူသော်ရ၏ဆိုတာကြားဘူးမှာပါ ညီညွတ်တဲ့ ရပ်ကွက်တွေမှာဆို ဆွမ်းချက်အသင်းတွေနေ့တိုင်းရှိပါတယ် ဆွမ်းချက်အသင်းလိုက်စိတ်တူကိုယ်တူရင် တန်ဖိုးသင့်ညစာကိုအလှည့်ကျချက်လို့ရပါတယ်။ ဥပမာ တနင်္လာညနေတိုင်း (--)လမ်းထိပ်ဓမ္မာရုံတွင် တန်ဖိုးသင့်ညစာ ရောင်းသည် စသည်ဖြင့်ပေါ့ အဲသည်လိုဆိုလည်း ကျွန်တော်တို့စခဲ့တဲ့ တန်ဖိုးသင့်ညစာ မိသားစုက တတ်စွမ်းသရွေ့လာရောက်ခွဲဝေလှူဒါန်းပေးသွားမှာဖြစ်ပါတယ် ။
မည်သည့်နည်းကိုသုံးသည်ဖြစ်စေ အရေးအကြီးဆုံးကတော့ food safety ပါဘဲ လတ်ဆတ်တဲ့အသား သီးနှံ ကျန်းမာရေးနှင့်ညီညွတ်တဲ့ပါဝင်ပစ္စည်းများ သန့်ရှင်းတဲ့ကိုင်တွယ်မှု ကျန်းမာပြီးကူးစက်ရောဂါကင်းတဲ့ အစားအစာပြင်ဆင်ချက်ပြုတ်သူများ အားလုံးလိုအပ်ပါတယ်။ စေတနာကဝေဒနာဖြစ်လို့မရပါဘူး။ ငယ်ငယ်တုန်းက စာထဲမှာသင်ရသလို အင်္ဂလန်ကမေရီဆိုတဲ့ ဘုရားရှစ်ခိုးကျောင်းက ထမင်းချက် အဖွားကြီးကနေတဆင့် တိုက်ဖိုက်ရောဂါ(အူရောင်ငန်းဖျားရောဂါ) ကပ်ရောဂါအသွင်ကူးစက်ခံရဘူးပါတယ် တိုက်ဖိုက်မေရီဆိုတာနာမည်ကြီးပါဘဲ။ ကျွန်တော့်မှာ စာအုပ်လေးတစ်အုပ် (ခုတော့ကွန်ပျူတာထဲမှာ folder လေးတစ်ခုပေါ့) ရှိပါတယ်။ မမက်ရသေးသောအိပ်မက်များပေါ့ အခါအခွင့်သင့်ကြုံကြိုက်လို့တွေးမိတဲ့ အတွေးတိုင်းကိုချရေးထားတာပါ။ သတိရတဲ့အခါတိုင်းလှန်ဖတ်ဖြစ်တော့ အတွေးဆက်မပြတ်တော့ပါဘူး ခု တန်ဖိုးသင့်ညစာကလည်း အဲသည်အတွေးထဲကနေ ပေါက်ဖွားလာတဲ့ ရင်သွေးငယ်တစ်ဦးပါဘဲ (ဆရာကို အကိုလို ရင်းနှီးတဲ့ စာရေးဆရာကြီးတစ်ဦးရဲ့ စကားငှားဆိုရရင် ကိုးလဆယ်လလွယ်ထားရတဲ့ရင်သွေးကို မိခင်ဟာမနေနိုင်တော့ဘဲ မွေးထုတ်လိုက်ရသလို ရင်ထဲကမနေနိုင်မထိုင်နိုင် ဥဒါန်းကျူးရင့်သလို မထွေးထားနိုင်လို့ အန်ထွက်လာတဲ့အတွေးဖြစ်ပါတယ်) တန်ဖိုးသင့်ညစာလုပ်ငန်းကလေးဟာ ကျွန်တော့်အတွေးရင်သွေးဖြစ်ပေမယ့် အများပြည်သူအတွက်အကျိုးရှိမယ်ဆိုရင် မည်သူမဆို ခေါ်ယူမွေးစားနိုင်ပါတယ်။ လိုက်လံလုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော့်ကိုလည်းခိုင်းနိုင်ပါတယ်။ ဆင်းရဲတာတွေကိုမပျောက်နိုင်သေးပေမယ့် ကျွန်တော်တို့ရဲ့စေတနာတွေကြောင့် ပြည်သူတွေကြား ချို့တဲ့တာတွေကိုတော့ လျော့ပါးသွားအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မိ နေပါတော့တယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment