:include data='blog' name='google-analytics'/>

Thursday, June 28, 2012

ကျနော်က ဦးမောင်မောင်ရဲ့အဆုတ်ပါ။


ကျနော်က ဦးမောင်မောင်ရဲ့ ညာဘက်အဆုတ်ပါ။ ကျနော်က ဘယ်ဘက် အဆုတ် ထက်ကြီးတာမို့ အဆုတ်ကိုယ်စားပြောခြင်းဖြစ်ပါတယ်။ ကျနော့်မှာ အပိုင်း(lobe) ၃ပိုင်းရှိပြီး၊ ကျနော့်မိတ်ဆွေ ဘယ်ဘက် အဆုတ်မှာ အပိုင်း၂ ပိုင်းပဲရှိပါတယ်။ ဦးမောင်မောင် ကျနော်တို့ ကိုမြင်ရင် အံ့သြသွားမယ်။ သူက ကျနော် တို့ကို ဟောင်လောင်းပေါက် ဘော်လုံးတွေသူ့ရင်ပတ် ထဲမှာချိတ်ထားတယ်လို့ထင်တာ။ ကျနော်တို့က ဟောင်လောင်းပေါက်မဟုတ်ပါဘူး။ ကျနော် တို့ ကိုဖြတ်ကြည့်ရင် ရာဘာ ရေမြုပ်လိုမျိုး တွေ့ရပါမယ်။ (မြတ်ဘုရားက အဆုတ်ကို မညီမညာ ဖြတ်တောက်ရာရှိသော မုန့်အပိုင်းအစတွေနဲ့ တူတယ်လို့ ဟော တော် မူခဲ့ပါတယ်)

ကျနော်က ပန်းရောင်မဟုတ်ပါဘူး။ ဦးမောင်မောင် ခလေးဘ၀တုန်း ကတော့ ဟုတ် တယ်။ အခုတော့ တစ်သန်းရဲ့လေးပုံတစ်ပုံ စီးကရက်တွေရယ်၊ တစ်ဘီလီရံရဲ့ တစ်ဝက်ခန့် သော ညစ်ညမ်းတဲ့ မြို့လေထုကြောင့် စိတ်ဝင်စားစရာမကောင်းတဲ့ အမည်းစက်တွေနဲ့ မီးခိုး ရောင်ဖြစ်နေပါပြီ။

ဦးမောင်မောင်ရဲ့ရင်ပတ်ထဲမှာ သပ်သပ်စီခွဲခြားထားတဲ့ အလုံပိတ်အခန်း ၃ခန်း ရှိပါ တယ်။ တစ်ခန်းက နှလုံးအတွက်၊ တစ်ခန်းက ကျနော့် အတွက်၊ ကျန်တစ်ခန်း က ကျနော့် မိတ်ဆွေ ဘယ်ဘက် အဆုတ်အတွက်ပါ။ ကျနော်က အခန်းလုံးပြည့် လွတ်လွတ် လပ်လပ် တွဲလောင်းဆွဲနေပါတယ်။ ကျနော့် ကိုယ်အလေးချိန် ၅၀၀ ဂရမ်ရှိပါတယ်။ ကျနော့်မှာ ကြွက်သားတွေမရှိပါဘူး။ ဒါကြောင့် ကြွက်သား အားကိုးပြီး ဘာမှ တက်တက်ကြွကြွ မလုပ်နိုင် ပါဘူး။ ကျနော့်အခန်းထဲမှာ လေဟာနယ် အနည်းငယ်ရှိ ပါတယ်။ ဒါကြောင့် ဦးမောင်မောင်ရဲ့ ရင်ပတ် ပြန့်ကား(expand) သွားရင် ကျနော်လည်းလိုက် ပြန့်ကား ပါတယ်။ ဦးမောင်မောင် အသက်ရှုထုတ်လိုက်ရင် ကျနော် ပျော့ခွေ (collapse) သွားပါ တယ်။ တကယ်က ဆန့်လိုက်၊ ရှုံ့လိုက် လုပ်တဲ့ စက်ပါပဲ (recoil machine)။ တကယ်လို့ ဦးမောင်မောင်ရဲ့ ရင်ပတ် ဒါဏ်ရာ ရပြီး ဖေါက်မိသွားရင် ကျနော့် လေဟာနယ် ပျက်သွားပါတယ်။ အနာကျက်ပြီး လေဟာနယ် ပြန်မဖြစ်မချင်း ကျနော်ပျော့ခွေကျကာ ဘာအလုပ်မှ မလုပ်နိုင် တော့ပါဘူး။

ကျနော့်ကိုအနားကပ်သေသေချာချာကြည့်ပါ။ ဦးမောင်မောင်ရဲ့ ၁၀ စင်တီမီတာရှည်တဲ့
လေပြွန်ဟာ အောက်ပိုင်းမှာ နှစ်ခွဖြစ်သွားပါတယ်။ တစ်ခုကကျနော့်အတွက် ကျန်တစ်ခုက ကျနော့် မိတ်ဆွေ အတွက်။ အဲ့ဒီလေပြွန်က ကျနော့်ကိုယ်ထဲမှာ သစ်ပင်ဇောက်ထိုး ထားသလိုထပ်ပြီး ခွဲသွား တယ်။ အဲ့ဒီ လေပြွန်တွေက လေသယ်တဲ့ လေပိုက်ရိုးရိုးတွေပဲ။ တကယ် အလုပ် လုပ်တာက နောက်ဆုံး သပျက်သီးလို အလွန်သေးငယ်တဲ့ လေအိပ်ကလေးတွေပါ။ သူတို့တွေအားလုံးကိုဖြန့်ခင်း လိုက်မယ်ဆိုရင် တင်းနစ်ကွင်းတစ်ဝက်လောက်ရှိမယ်။
 
          လေအိပ်ကလေးတိုင်းကို ပင့်ကူမျှင်လို သွေးကြောမျှင်လေးတွေနဲ့ ဖုံးအုပ်ထားတယ်။  နှလုံးက မှုတ်ထုတ်လိုက်တဲ့ သွေးတွေ သွေးကြောမျှင်တွေထဲရောက်လာတယ်။ အဲ့ဒီမှာ သွေးဥနီတွေ တစ်လုံးချင်း တန်းဆီပြီး တစ်စက္ကန့်လောက် သွားကြတယ်။ အဲ့ဒီအချိန်မှာ အလွန် ထူးခြားတဲ့ ဖြစ်ပျက်မှုတွေဖြစ်ပွါးတယ်။ လေအိပ်ကလေးတွေရဲ့ အလွန်ပါးလွှာတဲ့ အရေပြား (membrane) ကနေ ကာဘွန်ဒိုင်အောက်ဆိုက် အဆိပ်ဓါတ်တွေ လေအိပ်ထဲစိမ့်ဝင်သွားတယ်။ တချိန်ထဲမှာ သွေးဥနီတွေက လတ်ဆပ်တဲ့ အောက်ဆီချင် ဓါတ်ကိုစုပ်ယူသွားကြတယ်။ ဓါတ်ငွေ့ ဖလှယ်ရာဆိုင် လိုပါပဲ တစ်ဘက်က အပြာရောင်သွေးတွေဝင်လာ ကြပြီး အခြား တစ်ဘက်က ချယ်ရီနီရောင်သွေးတွေပြန်ထွက်သွားကြတယ်။
         
ဦးမောင်မောင်ရဲ့အရေးကြီးတဲ့ အင်္ဂါတွေ အထူးသဖြင့်နှလုံးက အောတို (auto) အလုပ် လုပ်တယ်။ များသောအားဖြင့် ကျနော်တို့လည်း အောတို ပါ။ ဒါပေမဲ့ စိတ်ကြိုက်လည်း လုပ်နိုင် တယ်။ ခလေးဘ၀တုန်းက ဦးမောင်မောင် စိတ်ဆိုးပြီး အသက်မရူပဲအောင့်ထားတဲ့အခါ သူ အပြာရောင် ပြောင်းသွားတယ်။ သူ့အမေက အလွန်အမင်းစိတ်ပူသွားတယ်။ ဒါပေမဲ့ သူ ဒုက္ခ မရောက်ခင် ကျနော်တို့က အောတို အသက်ပြန်ရူတယ်။ သူကြိုက်ကြိုက် မကြိုက်ကြိုက် အသက် ပြန်ရူမှာ။

ကျနော်တို့ရဲ့ အောတို အသက်ရူတဲ့ စင်တာ (auto respiratory centre) က ဥဏှောက်ရဲ့ အောက်၊ ကျော်ရိုးထဲက လာတဲ့ နပ်ကြောမကြီးနဲ့စုံတဲ့ medulla oblongata မှာရှိတယ်။ အလုပ်လုပ်တဲ့ ကြွက်သားတွေက အောက်ဆီဂျင်ကိုမီးရှိုပြစ်ပြီး ကာဘွန်ဒိုင် အောက်ဆိုက် အဖြစ်ပြောင်းလိုက်တယ်။ ကာဘွန်ဒိုင်အောက်ဆိုက်က အက်စစ်သတ္တိရှိတာမို့ သူတို့များ လာတာကို အသက်ရူတဲ့စင်တာက သိတယ်။ စင်တာက သိတာနဲ့ ကျနော့်တို့ကို မြန်မြန် ရှုခိုင်း တော့တာပဲ။ အက်စစ်သတ္တိတွေ ပိုများလာရင် ဥပမာ ဦးမောင်မောင် အားကစား လုပ်တဲ့ အခါ မျိုးမှာ ကျနော့်တို့ကို မြန်မြန်နဲ့ ပြင်းပြင်းရှုခိုင်းတယ်။

          ဦးမောင်မောင် အေးအေးဆေးဆေးလှဲနေတဲ့အခါ တစ်မိနစ်ကို လေ ၉ လီတာပဲ လိုပါ တယ်။ ထိုင်ရင် ၁၈ လီတာ၊ လမ်းလျှောက်ရင် ၂၇၊ ပြေးရင် ၅၆ လီတာလိုပါတယ်။ ဦးမောင်မောင်က စားပွဲ ကုလားထိုင်မှာ ထိုင်အလုပ်လုပ်သူမို့ သူ အောက်ဆီဂျင်သိပ်မလိုပါဘူး။

သာမန်အားဖြင့် သူတစ်မိနစ်ကို ၁၆ ခါ ရှုပါတယ်။ တစ်ခါရူတိုင်း လေ လီတာဝက် ရှုသွင်းပါ တယ်။ အဲ့ဒီလေက ကျနော့်ကို ဖေါင်းရုံဖောင်းစေပါတယ်။ ဒီထက် ၈ ဆ ကျနော်ဖေါင်းနိုင် ပါ တယ်။ အဲ့ဒီလို အများဆုံးဖေါင်းရင်တောင် လေ အားလုံးကျနော့်ဆီမရောက်ပါဘူး။ သုံးပုံ တစ်ပုံက လေပိုက်တွေ ထဲမှာ ပဲ ရှိနေ ပါတယ်။

ကျနော်က အပူပိုင်းဇုံက ဆိုဆွတ်နွေးထွေးတဲ့ လေမျိုး ကြိုက်တယ်။ ဒီလို စပယ်ရှယ် လေမျိုး ရအောင် စင်တီမီတာအနည်းငယ်လေး ထဲမှာ လုပ်ရတာ တော်တော် ပညာသား ပါ တယ်။ ဦးမောင်မောင်ရဲ့ မျက်လုံးကိုစွပ်ဆိုစေတဲ့ မျက်ရည်အိပ်များ၊ အဆိုဓါတ်ထုတ်တဲ့ သူ့နှခေါင်းနဲ့ လည်းချောင်းထဲက ချွဲအိပ်တွေက တစ်နေ့ကို အရည် လီတာဝက်လောက် ထုတ်ပေးခြင်းဖြင့် ကျနော်လိုအပ်တဲ့ ဆိုဆွပ်တဲ့လေ ကိုရစေပါ တယ်။ အဲ့ဒီနေရာတွေမှာရှိတဲ့ သွေးကြောတွေက အေးတဲ့နေ့တွေမှာ ကြုံ့ခြင်း၊ ပူတဲ့နေ့တွေမှာ ချဲ့ခြင်းဖြင့် လေရဲ့ အပူချိန်ကိုထိန်းပေးပါတယ်။

ပတ်ဝန်းကျင်က ကျနော့်ကို ဒုက္ခအတော်များများရောက်စေနိုင်ပါတယ်။ နေ့တိုင် ဦးမောင်မောင် ရူသွင်းတဲ့ လေထဲမှာ ဘက်တီရီးယား ၊ဗိုင်းရပ် စတဲ့ပိုးတွေပါလာပါတယ်။ နှခေါင်းနဲ့ လည်းချောင်းမှာရှိတဲ့ lysosome ခေါ်တဲ့ ဓါတ်တစ်မျိုးက အဲ့ဒီပိုး တော်တော် များ များကိုဖျက်စီးပေးပါတယ်။ ကျန်တဲ့ ကျနော့် ဆီရောက်လာတဲ့ပိုးတွေကိုတော့ ကျနော် တာဝန် ယူနိုင်ပါတယ်။ ကျနော့်မှာ phagocytes ခေါ်တဲ့ ပိုးသတ်တဲ့ ပတ်တရောင် (patrol) တွေရှိပါ တယ်။ သူတို့က ပိုးတွေကိုစားသောက်ပြစ်လိုက်ပါတယ်။

          ညစ်ညမ်းတဲ့လေကတော့ ကျနော့်အတွက် တကယ့်ရန်သူပဲ။ ကျန်တဲ့ အင်္ဂါတွေက အကာ အကွယ် ရှိတယ်။ ကျနော်က ဦးမောင်မောင်ရဲ့ အပြင်မှာ ပတ်ဝန်းကျင်ရဲ့  အန္တရာယ်တွေကြားမှာ။ ကျနော်က နုညံ့တယ်။ နိုင်လွန် တွေကိုတောင် အရည်ပျော်စေတဲ့ nitrogen dioxide lead, sulphur dioxide, benzopyene, တွေရဲ့ ပတ်ဝန်းကျင်မှာနေရတာ။ ကျနော်ရဲ့ လေ သန့်ရှင်းတဲ့အလုပ်က နှခေါင်းက စတယ်။ နှခေါင်းထဲက အမွှေးတွေက အမှိုက်ကြီးတွေကို ဖယ်ပေးတယ်။ နှခေါင်း၊လည်းချောင်းနဲ့ လေပြွန်တွေက ထွက်တဲ့ ဆီးကပ်တဲ့ချွဲတွေက အမှိုက် အသေးတွေကို ခြင်ကပ်တဲ့စက္ကူတွေလို ဖယ်ရှားပေးတယ်။ ဒါပေမဲ့ တကယ့် လေ သန့်ရှင်းရေး ကို cilia လို့ခေါ်တဲ့ မှန်ဘီးလူးအောက်မှာသာ မြင်နိုင်တဲ့ အလွန်သေးငယ်တဲ့ အမွှေးလေးတွေက လုပ်ရတာ။ ကျနော်ရဲ့ လေပြွန်တွေမှာ သူတို့တွေ မီလီယျံ ပေါင်းများစွာ ရှိတယ်။ သူတို့က လေမှာ ယိမ်းနေတဲ့စပါးပင်တွေလို တစ်စက္ကန့်မှာ ၁၂ ကြိမ်လှုပ်ရှားခြင်းဖြင့် အောက်မှာရှိတဲ့ အချွဲတွေနဲ့ အမှုံတွေအမှိုက်တွေကို လည်းချောင်းရောက်အောင် အပေါ်ဘက်ကို တွန်းတင် ပေးတယ်။ လည်းချောင်းကျတော့ သူတို့ကိုမျိုချလိုက်တယ်။ တကယ်လို့ စီးကရက်ငွေ့တွေနဲ့ ညစ်ညမ်းတဲ့လေတွေ cilia တွေပေါ်ရောက်လာရင်သူတို့ရဲ့ လှုပ်ရှားမှုတွေရပ်ကုန်တယ်။ စီးကရက်ငွေ့တွေနဲ့ ညစ်ညမ်းတဲ့ လေတွေ ဆက်လက်ရှိနေရင် cilia တွေပျက်စီးပြီး သေဆုံး ကုန်တယ်။ cilia သေသွားရင်အစားပြန် မရတော့ဘူး။ ဦးမောင်မောင် အနှစ် ၃၀ စီးကရက် သောက်ခဲ့တာမို့ သူ့မှာ cilia တွေ မရှိသလောက်ကိုနည်းကုန်ပြီ။ သူ့ရဲ့ အချွဲထုတ်တဲ့ နေရာက လည်း ၃ဆလောက်ထူလာပြီး ချွဲတွေ မထုတ်နိုင်တော့ဘူး။ ဒါတွေကို ဦးမောင်မောင်လုံးဝ မသိ ဘူး။ တကယ်တော့ သူရေနစ်တော့မှာ။ တကယ်လို့သာ လုံလောက်တဲ့ ချွဲတွေ လေအိပ်တွေထဲ ကိုကျသွားရင် ရေတွေ အဆုတ်ထဲဝင်သလိုပဲ အသက်ရှုရပ်သွားမှာ။ ဒီအန္တရာယ်က ကာကွယ် ပေးနေတာက သူ့ရဲ့ နားငြီးစရာကောင်းတဲ့ဆေးလိပ်သောက်သူတို့ရဲ့ချောင်းဆိုးသံပဲ။ ချောင်းဆိုးခြင်းက အသံတိတ် cilia တွေရဲ့ အလုပ် ကိုဝင်လုပ်ပေးရတာ။ ဦးမောင်မောင်အနေနဲ့ သတိပြု ရမှာက ကျနော်တို့အနေနဲ့ လေသန့်ရှင်းရေး အလုပ်လုပ်ဖို့ ဒီတနည်းပဲရှိတော့တယ် ဆိုတာပဲ။ ဒါကြောင့် ချောင်းဆိုးပျောက်ဆေးတွေ မသောက်ဖို့လိုအပ်တယ်။

          မကြာခဏ ဦးမောင်မောင် အမှိုက်တွေရှုသွင်းတတ်တယ်။ တစ်ချို့အမှိုက်တွေက ကျနော်တို့ရဲ့ လေပြွန်တွေကိုပိတ်ပြစ်တယ်။ တစ်ချို့က ကျနော်တို့ကိုအနာရွတ်ဖြစ်စေတယ်။ ကျနော်တို့ရဲ့နုနယ်တဲ့ လေအိပ်တွေရဲ့နံရံမှာရှိတဲ့ ရှုံနိုင်၊ဆန့်နိုင်တဲ့ သတ္တိ (elasticity) ကို ပျက်စီးစေတယ်။ အဲ့ဒီအခါမျိုးမှာ အသက် ရှုထုတ်လိုက်ပေမဲ့ ကျနော်တို့ ပြားချပ်မသွားဘူး။ ဆိုလိုတာက အသက်ရူသွင်းလို့ ရတယ်။ ဒါပေမဲ့ ရှုထုတ်လို့မရဘူး။ ကာဘွန်ဒိုင်အောက်ဆိုက် တွေ လေအိပ်တွေထဲမှာ ကျန်နေတယ်။ အောက်ဆီဂျင်နဲ့ လဲလှယ်လို့မရဘူး။ အကျိုး (result) ကတော့ emphysema ခေါ်တဲ့ အဆုတ်ဖေါင်းတဲ့ရောဂါဖြစ်တယ်။ ဦးမောင်မောင် မသိပေမဲ့ သူ့ရဲ့ လေအိပ် မီလီယျံပေါင်းများစွာမှာ ဒီအခြေအနေ ဖြစ်နေပြီ။ ဦးမောင်မောင်က စားပွဲမှာ ထိုင်လုပ်ရတဲ့သူမို့ လေ သိပ်မလိုအပ်တာမို့ သူထိုင်နေတဲ့အခါ ဒုက္ခ မပေးပေမဲ့ သူနည်းနည်း လေး လှုပ်ရှားတာနဲ့ အသက်ရှုမ၀ ဖြစ်လာတာ သူသတိထားမိလာတယ်။ အဲ့ဒါကျနော်ရဲ့ သတိပေးချက်ပဲ။ သူ့အနေနဲ့ ကျနော်တို့ကိုနည်းနည်း ဂရုစိုက်သင့်ပြီ။ လေကောင်း လေသန့် ရှုပေးဖို့ လိုတယ်။ အကောင်းဆုံးကတော့ဆေးလိပ်ဖြတ်ဖို့ပဲ။ အဲ့ဒါတွေမလုပ်နိုင်ဘူးဆိုရင် သိပ်ဈေးမကြီးတဲ့ လေသန့်ရှင်းတဲ့စက်တစ်လုံးသူအိပ်ခန်းထဲမှာ ထားရင် အနည်းဆုံး ၈ နာရီ ကျနော်တို့နားရတာပေါ့။ နောက်တစ်လုံး သူ့ရုံခန်းမှာထားရင် နောက်ထပ် ၈ နာရီနားရတာပေါ့။

သူလေ့ကျင့်ခန်း နည်းနည်းနဲ့ အစားအသောက်ဂရုစိုက်ရင်တော်တော်ကောင်းမှာ။ ကိုယ်လက်သွေးပူလေ့ကျင့်ခန်း၊လမ်းလျှေက်ခြင်း၊လှေခါးတက်ခြင်း စတာတွေကအသက်ပြင်း ပြင်း ရှုစေခြင်းဖြင့် လေများများဝင်စေတယ်။ ဒီ့အပြင် ကျနော်တို့ အတွက် အထူး လေ့ကျင့်ခန်းတွေလည်းရှိ တယ်။ များသောအားဖြင့် ဖြေးဖြေးနဲ့ ပြင်းပြင်းရှုတာ ကောင်းတယ်။ လေ များများဝင်ပြီး ဓါတ်ငွေ့ လှဲလှယ် ဖို့အချိန်ပိုရစေတယ်။

ခလေးငယ်တွေနဲ့ အိုပရာသီးချင်းဆိုသူတွေလို ဗိုလ်နဲ့ရှုတာပိုကောင်းတယ်။ ဒီနည်းမှာ ရင်ပတ် ကြီးကျယ်သွားတာမဟုတ်ပဲ၊ diaphragm လို့ခေါ်တဲ့ ရင်ပတ်နဲ့ဗိုလ်ကို ကာထားတဲ့ ခန်းဆီးလို အသားပြား ကြီးကိုအောက်ကိုနှိမ့်ချလိုက်တာ။ ဒါကြောင့် အသက်ရှုတဲ့အခါ ဗိုလ် ဖေါင်းလာတာ (မဟာစည်ဆရာတော် ဘုရားရဲ့ ဖေါင်းတယ်ပိန်တယ်ဆိုတာ ဗိုလ်နဲ့ အသက်ရူတဲ့ နည်းပဲ)။ ဒီနည်းမှာ လေတွေ ကျနော်တို့ရဲ့ အောက်ဆုံးလေအိပ်တွေအထိ ရောက်တယ်။ သူ ဒီနည်းကို လေ့ကျင့်သင့်တယ်။

          ဦးမောင်မောင်အနေနဲ့ နေ့စဉ် အိမ်သန့်ရှင်းရေးလိုမျိုးလုပ်သင့်တယ်။ သူထင်တာက အသက်ရှု ထုတ်လိုက်ရင် ကျနော့်မှာ ဘာမှ မကျန်တော့ဘူးလို့။ အဲ့ဒါ လုံးဝမဟုတ်ဘူး။ သူ့ အနေနဲ့ ပါးစပ်ကနေ လေတွေကို တတ်နိုင်သမျှမှုတ်ထုတ်ရမယ်။ တကယ်လို့ သူ့နှခန်းကို စုထား (purse)  မယ်ဆိုရင် သူ လေ ပိုပြီးမှုတ်ထုတ်နိုင်မယ်။ ဆေးလိပ်သောက်နေတုံး သူ့ ပါးစပ်စုပြီးလေမှုထုတ်ရင်သူအံ့သြပြီးရပ်သွားမှာ။ ဘာလို့လဲဆိုတော့ ဆေးလိပ်ငွေ့တွေ သူ့ ပါးစပ်ထဲက ထွက်လာတာ သူမြင်ရလိမ့်မယ်။ အဲ့ဒီဆေးလိပ်ငွေ့ တွေက သာမာန်အားဖြင့် အဆုတ်ထဲမှာကျန်နေတာ။ 

          ကျန်တဲ့အင်္ဂါတွေက အဆိပ်တွေကို ဖယ်ရှားနိုင်တယ်။ ကျနော်တို့မှာ အဲ့ဒီလို ဖယ်ရှားနိုင်စွမ်း မရှိဘူး။ ဒါကြောင့် အခုခေတ်လေထုညစ်ညမ်းမှုကြောင့် အဆုတ်ရောဂါ တွေကြောက်ခမန်းလိလိ အဖြစ်များလာတာ။

J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။

Monday, June 25, 2012

ကျန်တော်က ဦးမောင်မောင်ရဲ့ နှလုံးပါ

ကျန်တော်က ရုပ်မချောပါဘူး။  အထင်ကြီးစရာကောင်းတဲ့ ဥပတိရုပ်လည်း မရှိပါဘူး။ ကျန်တော့်အသားက နီညိုရောင်ပါ။ ကိုယ်အလေးချိန် ၁၂ အောင်စ ရှိပါတယ်။ ကျန်နော်ဟာ ဦးမောင်မောင်ရဲ့ သစ္စာရှိတဲ့ကျွန်ပါ။ ဦးမောင်မောင်ဟာ အသက် ၄၅ နှစ် ရှိ ပါပြီး။ သူဟာ ရုပ်ရည် ချော်မော်ခန့်ငြားပြီး သားသမီး ၃ ယောက်ရဲ့ဖခင်၊ ဇနီးချော်လေးရဲ့ အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက်ပါ။

ကျန်နော်က ဦးမောင်မောင်ရဲ့ရင်ပတ်ထဲမှာ အကြောတွေနဲ့ တွဲဆိုင်းပြီးရှိနေပါတယ်။ ကျန်တော့် အရပ် ၆ လက္ခရှည်ပြီး၊ ကျန်တော်ရဲ့ အ၀ဆုံးနေရာမှာ ၄ လက္ခကျယ်ပါတယ်။ ကျန်တော့် ပုံဏ္ဍန်က အများသိကြတဲ့ ချစ်သူများရဲ့ သင်္ကေတ နှလုံးပုံ ပါ။ (ကျမတို့ရဲ့မြတ်ဘုရားက နှလုံးကို ငုံနေတဲ့ ပဒုမ္မာကြာဖူးအောက်စိုက်နေတာနဲ့တူတယ်။ အရွယ်က ယောက်ျားတစ်ယောက်ရဲ့ လက်သီးဆုပ်ခန့်ရှိတယ်လို့ လူ့နှလုံး မမြင်သူတွေ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင်ဟောတော်မူခဲ့ပါတယ်)

ဆောင်းပါးတွေ ကဗျာတွေ ရေးသလို ကျန်တော်က စိတ်ကူးယဉ်အချစ် ကဗျာဆန်သူ မဟုတ်ပါဘူး။ ကျန်တော်က အလွန် အလုပ်လုပ်တဲ့ အခန်း ၄ ခန်းရှိတဲ့ မှုတ်စက် Pump ပါ။  ကျန်တော့်မှာ မှုတ်စက် ၂ ခုရှိပါတယ်။ တစ်ခုက သွေးတွေကို အဆုပ်ထဲ မှုတ်ထုတ်တယ်။ ကျန်တစ်ခုက သွေးတွေကို တကိုယ်လုံး ရောက်အောင် မှုတ်ထုတ်တယ်။ တစ်နေ့ကို သွေးတွေ ကို မိုင်ပေါင်း ၆ သောင်းရှည်တဲ့ သွေးကြောတွေထဲ မှုတ်ထုတ်တယ်။ တစ်နည်းအားဖြင့် ဂါလံ ၄ ထောင်ရှိတဲ့ သွေးတွေကို မှုတ်ထုတ် ပေးတယ်။ 

ဦးမောင်မောင်က ကျန်တော့်ကို ခံစားလွယ်တယ် နုနယ်တယ်လို့ထင်တယ်။ သူ့ဘ၀ သက်တမ်းမှာ ကျန်တော်သွေးပေါင်း တန် ၃ သိန်း မှုတ်ထုတ်ပေးခဲ့ပြီးပြီ။ ကျန်တော်ဟာအပြေး ချန်ပီရံရဲ့ ခြေထောက်ကြွက်သား၊ အလေးမ ချန်ပီရံရဲ့ လက်မောင်းကြွက်သားတွေထက် ၂ဆ အလုပ် လုပ်တယ်။ သူတို့ကို ကျန်တော့်နေရာမှာ ခိုင်းကြည့်ပါ သူတို့နှစ်ယောက် မိနစ်အတွင်း အရည်ပျော်ကုန်မှာ။ လူ့ကိုယ်ထဲက ဘယ်ကြွက်သားမှ ကျန်တော့လောက် မသန်မာဘူး။ ချွင်းချက်ကတော့ ခလေးကိုညှစ်ထုတ်ပြစ်လိုက်တဲ့ သားအိမ်ကြွက်သား ပါ။ ဒါပေမဲ့ သူလည်း ကျန်တော့လို နေ့စဉ်နဲ့အမျှ အနှစ် ၇၀ လောက် အလုပ် မလုပ်ရပါဘူး။ ကျန်တော်နည်းနည်း လေထွားသွားတယ်။ ကျန်တော် နားတဲ့အချိန် ရှိပါတယ်။ နှလုံး တစ်ခုန်နဲ့ တစ်ခုန် ကြားပေါ့။
ကျန်တော်ရဲ့ ဘယ်ဘက်မှုတ်စက်ကနေ တကိုယ်လုံးကိုသွေးတွေညှစ်ထုတ်တာ တစ်စက္ကန့်ရဲ့ ၃ ပုံ ၁၀ ပုံကြာတယ်။ ပြီးတော့ ကျန်တော် စက္ကန့်ဝက်နားတယ်။ ကျန်တော့ သခင်အိပ်တဲ့အခါ သူ့ရဲ့သွေးကြောမွှားတွေ အလုပ်မလုပ်တော့တာကြောင့် သူတို့ဆီသွေးပို့စရာမလိုဘူး။ ဆိုလိုတာက ဦးမောင်မောင်အိပ်တဲ့အခါ နှလုံးခုန်နှုန်းက တစ်မိနစ် ၇၂ ကြိမ်ကနေ ၅၅ ကြိမ်ပဲ ခုန်ဖို့လိုတော့တယ်။

ကျန်တော့်သခင်က ကျန်တော်ကိုသိပ်သတိမရဘူး။ အဲ့ဒါကောင်းပါတယ်။ ကျန်တော် သူ့ကို စိတ်မပူစေချင်ဘူး။ သူစိတ်ပူရင် သူရော ကျန်တော်ရော ဂျောက်ကျမှာ။ သူကျန်တော့် ကိုစိတ်ပူရင် အမြဲတန်းလိုလို မဟုတ်တဲ့အကြောင်းတွေကြီးပဲ။ တစ်ညမှာ သူအိပ်မပျော်ခင် ကျန်တော့်ရဲ့ အဆို့ရှင်တွေ ဖွင့်တာပိတ်တာကို နားထောင်နေတယ်။ ပြီးတော့ ကျန်တော် ခုန်ဖို့ တစ်ချက် လွတ်သွားတယ်လို့ ထင်လိုက်တယ်။ သူသိပ်စိတ်ပူသွားတယ်။ အဲ့ဒါ သူ့အမှားပဲ။ သူ စိတ်မပူသင့်တာ ပူနေ တာပဲ။ မကြာခဏ ကျန်တော့်ရဲ့ ignition system ခေါ်တဲ့ နှလုံးခုန်ဖို့ အချက်ပေးစနစ်က သူ့ကား ignition system လိုပဲ တခါတခါ အောက်သွားတယ်။ ကျန်တော်က ကိုယ့်လျှပ်စစ် ကိုယ် ထုတ်လုပ်တယ်။ အဲ့ဒီလျှပ်စစ်နဲ့ နှလုံးခုန်အောင်လုပ်တယ်။ တခါတလေ နှလုံးခုန် အောင် မလုပ်နိုင်ပဲဖြစ်သွားတယ်။ မကြာခဏဆိုသလို ဒီလိုဖြစ်လေ့ ရှိပါ တယ်။ သူ သတိ မထားမိ လို့ပါ။

တခါတလေ သူ အိမ်မက်ဆိုးကနိုးလာတဲ့အခါ ကျန်တော်အရမ်းပြေးနေတာကို သိပြီး လန့်သွား တယ်။ တကယ်က သူအိပ်မက်ထဲမှာ အရမ်းပြေးနေ လို့ ကျန်တော်လည်း ပြေးရ တာပေါ့။ သူ စိတ်ပူရင် ပိုဆိုးတယ်။ သူစိတ်ပူလေ ကျန်တော်ပိုပြေးရလေပဲ။ သူစိတ်အေးရင် ကျန်တော်လည်း အေးဆေးသွားတာပဲ။ တကယ်လို့ သူ စိတ်အေးအောင် မလုပ်နိုင်ဘူးဆိုရင် ကျန်တော့်ကို ဘရိုက်အုပ်နိုင်တဲ့နည်း ရှိပါတယ်။ ကျန်တော့်ရဲ့ ဘရိုက် က Vagus nerve လို့ခေါ်တဲ့ အာရုံကြောပါ။ အဲ့ဒီအကြောက လည်းပင်ပေါ်၊ နားရဲ့အနောက်၊ အောက်မေးရိုး အဆစ်နားမှာ ရှိပါတယ်။ အဲ့ဒီနေရာကို ညင်ညင်သာသာလေး နှိပ်ပေးမယ်ဆိုရင် ကျန်တော် အပြေး နှေးသွားပါမယ်။

ဦးမောင်မောင်ကဘာဖြစ်ဖြစ် ကျန်တော့်ကြောင့်လို့ထင်တယ်။ ဥပမာ ပင်ပန်းတာ၊ ခေါင်းမူးတာ၊ မိုက်ခနဲဖြစ်တာ စသည်ဖြင့်။ အဲ့ဒါတွေက ကျန်တော်နဲ့မဆိုင်ဘူး။ ခေါင်းမူးတာ၊ မိုက်ခနဲဖြစ်တာက များသောအားဖြင့် နားကြောင့်။ မကြာခဏ သူအလုပ်စားပွဲမှာ အလုပ်လုပ် နေရင်း ရင်ပတ်က စူးပြီးနာရင် နှလုံးရောဂါလို့ထင်တယ်။ သူစိတ်မပူသင့်ဘူး။ ဒီလိုအနာမျိုးက သူ့ အစာလမ်းကြောင်း ကလာတာ။ အစား များသွားလို့ဖြစ်တာ။ ကျန်တော်ဒုက္ခရောက်တယ် ဆိုရင် သူ အလုပ် ပင်ပင်ပန်းပန်းလုပ်နေစဉ် ဒါမှမဟုတ် စိတ်သောက ရောက်တဲ့ အခါမျိုးမှာမှ နာတာ။ ကျန်တော်ပြောချင်တာက သူခိုင်းတဲ့အလုပ်တွေလုပ်ဖို့ ကျန်တော့်မှာ လိုအပ်တဲ့ အာဟာရ လုံလုံလောက်မရဘူး လို့။ ကျန်တော့် အာဟာရက ဘယ်ကရသလဲ။ သွေးထဲက ပဲ ပေါ့။ ကျန်တော်က ကိုယ်ခန္ဓာရဲ့ ၂၀၀ ပုံ တစ်ပုံလောက်သာ အလေးချိန်ရှိပေမဲ့ အစာကျတော့ ကိုယ်ခန္ဓာရဲ့ ၂၀ ပုံ တစ်ပုံလိုအပ်တယ်။ ဆိုလိုတာက တခြားအင်္ဂါတွေထက် ၁၀ ဆ ပိုလိုတယ်။ ကျန်တော့်ကိုယ်ထဲက ဖြတ်သွားတဲ့သွေးတွေဆီက ကျန်တော် မယူပါဘူး။ ကျန်တော့်မှာ ကိုယ်ပိုင်သွေးပေးတဲ့ coronary ခေါ်တဲ့သွေးကြော ၂ချောင်းရှိတယ်။ သူတို့က သိပ် မကြီးဘူး။ အချိုရည်သောက်တဲ့ ပိုက်လေး လောက်ပဲရှိတာ။ အဲ့ဒါ ကျန်တော့်ရဲ့ အားနည်းချက်ပဲ။ အဲ့ဒီနေရာမှာ ပြဿနာဖြစ်ရင် ကျန်တော် သေပြီ။

ဘယ်သူမှ ဘယ်လိုဖြစ်မှန်းမသိကြဘူး။ ဒါပေမဲ့ ဘ၀ရဲ့ စောစောပိုင်းထဲက တစ်ချို့ဆို မွှေးဖွါး ကတည်းက အဆီတွေ coronary သွေးကြောထဲမှာ စုပုံလာတယ်။ ကြာရင် သွေးကြော ကို ပိတ်စေတယ်။ တခါတလေ သွေးခဲလေးကြောင့် ချက်ချင်းပိတ်သွားနိုင်တယ်။

ဒီသွေးကြောတွေပိတ်ရင် သူ့ကိုမှီခိုနေတဲ့ နှလုံးကြွက်သားတွေသေသွားတယ်။ သေသွားတဲ့ ကြွက်သားနေရာမှာ အနာရွတ်ဖြစ်သွားတယ်။ အနာရွတ်က ကျောက်စရစ်ခဲ လောက် ကနေ တင်းနစ်ဘောလုံးလောက်ရှိနိုင်တယ်။ အခြေအနေ ဘယ်လောက် ဆိုးဝါးမယ် ဆိုတာ သွေးကြော ဘယ်လောက်အထိ ပိတ်သွားတယ်။ ဘယ်နေရာမှာ ပိတ်တယ် ဆိုတဲ့ အချက် တွေပေါ်မှာ မူတည်တယ်။ ကျန်တော့်ဆရာ လွန်ခဲ့တဲ့ ၅ နှစ်က နှလုံးအတက် (heart attack) တစ်ခါ ရဖူးတယ်။ ဒါပေမဲ့သူ သိတောင်မသိလိုက်ဖူး။ သူကသိပ်အလုပ်များနေတဲ့သူမို့ မသိမသာ သူ့ရင်ပတ်ထဲက တစ်ချက် နှစ်ချက်လောက် နာလိုက်တာ သတိမထားမိခဲ့ဘူး။ပိတ်သွားတဲ့ သွေးကြောက ကျန်တော့်ကိုယ်ပေါ်က သွေးကြောငယ်လေးပါ။ ကျန်တော် နှစ်ပတ်ကြာအောင် ပိတ်တဲ့နေရာကို ပဲစေ့ လောက်ရှိတဲ့ အနာရွတ်နဲ့ ပြန်ပြုပြင်ရတာ။

ကျန်တော့်ဆရာ မိသားစုမှာ နှလုံးရောဂါဖြစ်လေ့ရှိတယ်။ ဒါကြောင့် စာရင်းဇရားများ အရ ကျန်တော့်လည်း သူ့ကို ဒုက္ခပေးမှာပဲ။ မွေးရာပါဗီဇ သတ္တိကိုတော့ သူပြင်လို့မရဘူး ဆိုတာ ကျန်တော်လက်ခံပါတယ်။ ဒါပေမဲ့ သူအများကြီး အန္တရာယ်နည်းသွားအောင်တော့ လုပ်နိုင် ပါတယ်။

ပထမဦးဆုံး ကိုယ်အလေးချိန်နဲ့ စကြရအောင်။ ကျန်တော့်ဆရာရဲ့ဗိုလ်ဟာ တစ် ဖြည်းဖြည်း ပူလာပြီ၊ ဒါကိုသူက ဟာသ လုပ်တယ်။ အရွယ်လတ်ပိုင်းရဲ့ အလှတဲ့။ ဒါ ရီစရာ မဟုတ်ဘူး။ သူ့ရဲ့ အပိုဆီ တစ်ပေါင်မှာ မိုင် ၂၀၀ လောက်ရှည်တဲ့ သွေးကြောမွှား တွေရှိတယ်။ အဲ့ဒီ့သွေးကြောမွှားတွေဆီ ရောက်အောင် သွေးတွေကို ကျန်တော်က ညှစ်ထုတ် ပေးရတာ။ အဲ့ဒီ့အလုပ်အပြင် သူ့ရဲ့ အပိုဆီ တစ်ပေါင်အတွက် ကျန်တော့်အလုပ် ပိုလုပ် ရသေးတယ်။ အဲ့ဒါကြောင့် ကျန်တော့်ဆရာရဲ့သွေးပေါင်ချိန်က ၁၄၀ / ၉၀ ဖြစ်သွားတယ်။ ဒီသွေးပေါင်ချိန်က သူ့အသက်အတွက် လူကောင်းသွေးချိန်ရဲ့ အပေါ်ဆုံး လစ်မစ် (Limit) ကိုရောက်နေပြီ။ ၁၄၀ ဆိုတာ ကျန်တော်ညှစ်ထုတ်နေတဲ့အချိန်မှာရှိတဲ့ သွေးပေါင်ချိန်။ ၉၀ ကကျန်တော် အနားယူတဲ့ အချိန်မှာရှိတဲ့ သွေးပေါင်ချိန်။ ဒီသွေးပေါင်ချိန်က ပိုအရေးကြီးတယ်။ ဒီသွေးပေါင်ချိန်မြင့်လေ ကျန်တော် မနား မရလေပဲ။ ကျန်တော်မနားရရင် ကျန်တော်အလုပ်လုပ်ရင်းသေမှာ။

သူ့အနေနဲ့ သွေးပေါင်ချိန်ကျအောင်အများကြီးလုပ်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ သူ့ရဲ့ အပို ကိုယ်အလေးချိန်ကို လျော့ပစ်ဖို့ပဲ။ ကိုယ်အလေးချိန်လျော့တာနဲ့ အမျှ သွေးပေါင်ချိန် လျော့သွားတာ သူအံ့သြသွားပါ လိမ့်မယ်။

နောက်တစ်ချက်ကဆေးလိပ်သောက်တာပဲ။ သူကတစ်နေ့ ဆေးလိပ် နှစ်ဘူး သောက် တယ်။ အဲ့ဒါဆို သူကိုယ်ထဲကို နစ်ကိုးတင်း (Nicotine) ၈၀-၁၂၀ mg နေ့တိုင်း စုတ်ယူနေတယ်။ နစ်ကိုးတင်းက တော်တော်ပြင်းတဲ့ အဆိပ်ပဲ။ သူကသွေးကြောတွေကိုကြုံ့စေတယ် အထူးသဖြင့် ခြေ လက်တွေကသွေးကြောတွေပဲ။ အဲ့ဒီကြုံ့နေတဲ့ သွေးကြောတွေထဲ သွေး ရောက်အောက် ကျန်တော်ကညှစ်ရတာ။ နစ်ကိုးတင်းက ကျန်တော့်ကို မြန်မြန်ခုန်အောင် လှုံ့ဆော် သေးတယ်။ ကျန်တော်ခုန်နေကျ ၇၂ က ၈၀ အထိ ခုန်အောင်လုပ်တယ်။ ကျန်တော့် ဆရာကပြောလေ့ရှိတယ် ဆေးလိပ်ဖြတ်ဖို့ သိပ်နောက်ကျသွားပြီတဲ့။ အနာရွတ်တွေ ဖြစ်ပြီး သွားပြီတဲ့။ ဒါပေမဲ့ နစ်ကိုးတင်းရဲ့ အမြဲမပြတ် ကျန်တော့်ကို နှိုးဆွမှုကို ဖယ်နိုင်ရင် ကျန်တော့်
အတွက်တော်တော် နေသာထိုင်သာရှိမှာ။

သဘောက ဒီလို။ ကျန်တော့်ဆရာနားရင် ကျန်တော်လည်းနားတယ်။ တချိန်လုံး သူပူလောင် မနေသင့်ဘူး။ တစ်ခါတစ်လေ အနားယူအိပ်စက်တာ အထောက်အကူပြုပါတယ်။ ပြီးတော့ ပေါ့ပါးတဲ့ စာဖတ်ခြင်းများပြုသင့်တယ်။ သူ့အလုပ်က ပါလာတဲ့ စာတွေဖတ်တာမျိုး မဟုတ်ဘူး။

နောက်တစ်ခုက အားကစား။ ကျန်တော့်ဆရာက ပင်စင်စား အားကစားသမား တွေလို တခါထဲနဲ့ အရမ်းကစားပြစ်တတ်တယ်။ သူက ကော်လိပ်ကျောင်းသားတစ်ယောက်လို တင်းနစ် အပြင်းအထန်း ကစားတတ်သေးတယ်။ သူအဲ့ဒီလို လုပ်ရင် ကျန်တော်က ၅ဆ လောက်အလုပ် ပိုလုပ် ရတယ်။ တကယ်က မှန်မှန် ပေါ့ပါးတဲ့ အားကစားမျိုးလုပ်ရမှာ။ တစ်နေ့ ၁-၂ မိုင် လမ်းလျှောက်တာမျိုး။ သူအလုပ်သွားတဲ့အခါ နှစ်ထပ်လောက်ကို လမ်းလျှောက် တက်တာမျိုး ပေါ့။ သူ့အလုပ်က ၁၀ ထပ်မှာရှိတယ်။ ပထမ ၂ထပ်ကို လမ်းလျှောက်တက်ပြီး၊ တတိယ ထပ် ကျမှ ဓါတ်လှေးခါး စီးတာမျိုး လုပ်ခြင်းကအများကြီး တာစားတယ်။ ဒီလို မှန်မှန်နဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း တွေလုပ်ခြင်းဖြင့် ကျန်တော်ရဲ့ပိတ်နေတဲ့သွေးကြောတွေနားမှာ သွေးကြော အသစ်တွေ ဖြစ်စေတယ်။ တကယ်လို့ ပိတ်နေတဲ့ သွေးကြော လုံးဝပိတ်သွားရင် အဲ့ဒီ သွေးကြောသစ် တွေက တဆင့် ကျန်တော့်ဆီသွေးရောက်နိုင်တယ်။

နောက်ဆုံးအချက်က အစားသောက်။ ကျန်တော်က ကျန်တော့်ဆရာကို အစား အသောက်ကို ချင်တွယ်စားတဲ့ အစွန်းရောက်သူတွေလို စားခိုင်းတာမဟုတ်ပါဘူး။ အစာမှာ ပါတဲ့အဆီတွေက ကျန်တော့်သွေးကြောတွေကိုပိတ်စေပြီး သွေးကြောပိတ်တဲ့ရောဂါနဲ့သေဖို့ ၅၀% သေချာပါတယ်။ သူထမင်းစားပြီး ဘာဖြစ်တယ်ဆိုတာသူ့ကို ကျန်တော်မြင် စေချင် တယ်။ သွေးထဲက အဆီလုံးလေးတွေက သွေးဥနီတွေကိုစီးကပ်စေပြီး သွေးခဲကြီး ဖြစ်သွား စေ တယ်။ အဲ့ဒီ သွေးခဲကြီး တွေကို သွေးကြောမွှားတွေထဲ ထွန်းထုတ်ရတာ ကျန်တော် အလွန် ပင်ပမ်းပါတယ်။ ကျန်တော်ကငြီးငြူတတ်တဲ့သူမဟုတ်ပါဘူး။ ဘယ်လိုအခြေအနေမျိုး မှာ ဖြစ်ဖြစ် ကျန်တော်ကတော့ လုပ်မှာပဲ။ သူကိုယ်အလေးချိန်နည်းနည်းလျော့မယ်၊ မှန်မှန်လေး အားကစားလုပ်မယ်၊ မကြာခဏ အနားယူမယ်၊ အဆီနဲ့ ဆေးလိပ်နည်းနည်းလျော့မယ်ဆိုရင် ကျန်တော်သူ့ကို ကြာကြာ အလုပ် လုပ်ပေးနိုင်မှာပါ။

Ratcliff, J.D. “I am Joe’s Heart.” Reader’s Digest. 90. 540. (1967): 59-62. April 1967  ကိုသင့်လျောအောင်ဘာသာပြန်ပါသည်။

Friday, June 22, 2012

သဲသဲကို ချစ်ပါ၊ ကြင်နာပါ၊ ဂရုစိုက်ပါ။

ဒီမှာ
ကျမ ရှင့်ရဲ့ သဲသဲပါ။
ရှင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ အချက် ၉ ချက်နဲ့ ပြောပြ ပါရစေ။



၁။ ကျမ ရှင်လိုအပ်တဲ့ သံဓါတ်တွေအပြင်၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေပါသိမ်းထားပေးပါတယ်။
ကျမသာမရှိရင် ရှင်ဆက်လက်ရှင်သန်နိုင်မှာ မဟုတ်ဘူး။




၂။ ရှင် အစာတွေခြေဖျက်တာကူညီဖို့ ကျမ သဲခြေရည်တွေ လုပ်ပေးတယ်။
ကျမသာမရှိရင် ရှင် အလကားဆုံးရှုံးပျက်စီးသွားမှာ။



၃။ ရှင်ကျမကိုပေးတဲ့ အရက်၊ ဘီယာ၊ ၀ိုင်၊ ဆရာဝန်ပေးတဲ့ဆေး၊ ဆရာဝန်မပေးတဲ့ဆေး၊ ဥပဒေ မကင်းတဲ့ဆေး အစရှိတဲ့ ဓါတုအဆိပ်တွေကို အဆိပ်ဖြေပေးတယ်။
ကျမသာမရှိရင် ရှင့်ရဲ့ အကျင့်ဆိုးတွေကရှင့်ကိုသတ်မှာ။



၎။ ကျမက ဘက်ဒရီလို ရှင်လိုအပ်တဲ့အခါသုံးနိုင်ဖို့ သကြား စွမ်းအင်တွေကို ကာဗိုလ်ဟိုက်ဒရိုတ်၊ ပရိုတင်း၊ အဆီ အနေနဲ့ သိမ်းထားပေးတယ်။
ကျမသာမရှိရင် ရှင့်ရဲ့သွေးထဲက သကြားဓါတ်တွေအမြန်ဆုံးကျဆင်းသွားပြီး ရှင် မေ့မျော သွားမှာ။



၅။ ကျမက ရှင်မမွေးခင်ကထဲက သွေးတွေထုတ်လုပ်ပေးတယ်။
ကျမသာမရှိရင် ရှင်လူလောကကိုရောက်လာမှာတောင်မဟုတ်ဘူး။



၆။ ကျမက ရှင်ကိုယ်ခန္ဓာ  ကျန်းမာဖို့နဲ့ ကြီးထွားဖို့ အတွက်လိုအပ်တဲ့ အသားဓါတ်အသစ်တွေ ထုတ်လုပ်ပေးတယ်။
ကျမသာမရှိရင် ရှင် ရှင်သန်ကြီးထွားမှာ မဟုတ်ဘူး။



၇။ ကျမက ရှင်ရှုသွင်းလိုက်တဲ့ အဆိပ်တွေ၊ လေထဲကအညစ်အကြေးတွေကိုဖယ်ရှားပေးတယ်။
ကျမသာမရှိရင် ရှင် လေထုညစ်ညမ်းမှုကြောင့် အဆိပ်သင့်မှာ။



၈။ ကျမက ရှင် မတော်တဆ ထိခိုက်မိတဲ့အခါ သွေးတိတ်စေတဲ့ သွေးတိတ်ပစ္စည်းတွေကို ထုတ်လုပ်ပေးတယ်။
ကျမသာမရှိရင် ရှင် သွေးထွက်လွန်ပြီးသေမှာ။



၉။ ကျမက ရှင့်ကိုယ်ထဲကိုအချိန်ပြည့်ဝင်ရောက်လာတဲ့ ပိုးမွှားတွေရဲ့ရန်က ကာကွယ်ပေးတယ်။
အဲ့ဒီပိုးတွေကို သတ်တယ်။ အနည်းဆုံးအားနည်းသွားအောင်လုပ်ပေးတယ်။
ကျမသာမရှိရင် လူတွေကိုဒုက္ခပေးတဲ့ ပိုးမွှားတွေရဲ့တိုက်ခိုက်မှုကို ရှင် အမြဲလည်စင်းခံနေရမှာ။



 အဲ့ဒါတွေအားလုံးဟာ ကျမရှင့်ကိုဘယ်လောက်ချစ်တယ်ဆိုတဲ့သက်သေတွေပဲ။
ရှင်ကရော်ကျမကိုချစ်ရဲ့လား။



ရှင်ကျမကိုဘယ်လိုချစ်သင့်တယ်ဆိုတာကျမ ပြောပြပါရစေ။






ကျမအကြံပေးတာကိုလိုက်နာပါ။
၁။ ကျမကို ရှင့် မိသားစုဆရာဝန်နဲ့ ပြပါ။
၂။ သွေးစစ်ခြင်းဖြင့် ကျမဒုက္ခရောက်နေတာသိနိုင်ပါတယ်။
၃။ ကျမ ချော်မွတ်နေရင် ကျမနေကောင်းပါတယ်။ ကျမ မာကြောပြီး ဘုတွေ ထွက် လာရင်တော့ ဒုက္ခရောက်နေပြီလို့ သိပါ။
၎။ ရှင့် ဆရာဝန်အနေနဲ့ မသင်္ကာဘူးဆိုရင် ULTRA SOUND and CT SCAN တွေနဲ့ ကျမကို ကြည့်လို့ ရပါတယ်။
၅။ ကျမအသက်နဲ့ ရှင့်အသက်ဟာ ရှင်ကျမကိုဆက်ဆံတဲ့အပေါ်မှာမူတည်ပါတယ်။




ကျမကို အရက်၊ ဘီယာ၊ ၀ိုင်တွေ ထဲမှာ နှစ်မထားပါနဲ့။
အဲ့ဒါတွေ တစ်ခါသောက်ရုံနဲ့ကို သဲသဲဆို့လို အသဲနုတဲ့ တချို့သူတွေကို တော်တော် နာကျင်စေပါတယ်။ တစ်သက်စာအနာရွတ်တွေရစေပါတယ်။



ဆေးတွေကိုဂရုစိုက်ပါ။ ဆေးအားလုံးဟာ ဓါတုပစ္စည်းတွေပါ။ ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဆေးတွေရော်နှော်သောက်ရင် ကျမကိုအဆိပ်ခတ်သလိုဖြစ်ပါတယ်။ ကျမကနုနယ်တယ်။ အလွယ်တကူ အနာရွတ်ဖြစ်တတ်တယ်။ အဲ့ဒီအနာရွတ်တွေ (အသဲခြောက်ခြင်း) က တစ်သက်လုံး မပျောက်တော့ဘူး။ ဆေးတွေကို လိုရင်သောက်ပေါ့။ ဒါပေမဲ့ မလိုအပ်ပဲ ပဲကြီးလှော် စားသလိုစားနေရင်တော့ ကျမကိုဖျက်စီးတဲ့ အကျင့်ဆိုး။



စပရေးတွေကိုလည်းသတိထားပါ။ ကျမရှင် ရှုသွင်းတဲ့ အဆိပ်တွေကို ခြေဖျက် ပေးရတာ သတိရပါ။ ရှင် အခန်းကို စပရေးတွေနဲ့သန့်ရှင်းရေးလုပ်တဲ့အခါ လေ၀င်လေထွက် ကောင်း အောင် တံခါးတွေဖွင့်ထားပါ။ ဒါမှမဟုတ် မက် (နှခေါင်းအုပ်) တပ်ထားပါ။ ဂျပိုးသတ်ဆေး၊ အိမ်သုတ်ဆေးစတာတွေဆို နှစ်ဆပိုပြီးသတိထားပါ။



ရှင့်အရေပြားကိုလည်းဂရုစိုက်ပါ။ ပိုးသတ်ဆေးတွေက ဓါတ်တုပစ္စည်းတွေပါ။ သူတို့က ပိုးတွေ တင်သတ်တာမဟုတ်ဘူး။ ရှင့်အရေပြားကနေ ကျမဆီအထိရောက်လာပြီး ကျမကိုပါ သတ်နိုင် တယ်။
ပိုးသတ်ဆေးကိုင်တွယ်တဲ့အခါ၊ ဒါမှမဟုတ်ပိုးသတ်ဆေးတွေလေထဲမှာရှိနေရင် ရှင့်ရဲ့ အရေပြားကို ဖုံးအောင် အကျီ င်္လက်ရှည်ဝတ်ပါ၊ လက်အိပ်ဝတ်ပါ၊ ဦးထုပ်ဆောင်းပါ၊ မက် (နှခေါင်းအုပ်) တပ်ထားပါ။



ကျမက ကျမဒုက္ခရောက်နေတယ်ဆိုတာ မပြောနိုင်ဘူး။ ပြောလည်းမပြောချင်ဘူး။ နောက်ဆုံးအချိန်ကျမှ။



သတိရပါ။ ကျမက နားပူနားဆာလုပ်တတ်တဲ့သူမဟုတ်ဘူး။ ဆေးတွေ၊ အရက်တွေနဲ့ အမှိုက် တွေကကျမကို ဖျက်ဆီးနိုင်တယ်။ ဒီစာဟာ ကျမရဲ့ ပထမဦးဆုံးနဲ့နောက်ဆုံးစာဖြစ်ပါတယ်။



အခုကျမ ရှင့်ကိုဘယ်လောက် မြတ်နိုးတယ်ဆိုတာ ရှင်သိပြီမဟုတ်လား။
ကျမကို ရှင် ချစ်ခင် ကြင်နာစွာဆက်ဆံပါ။

ရှင့်ရဲ့ အသံတိတ် အဖေါ်မွန်
အမြဲချစ်လျက်
သဲသဲ

Thursday, June 21, 2012

ရတာ နာတယ်။

    အမေရိကန်နိုင်ငံ Taxes မှာ ၂၀၀၃ ဒီဇင်ဘာလက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ စီးပွါးရေးသမား ၀ီတိတ်ကာမိသားစုအိမ်မှာသေနတ်ပြစ်မှုဖြစ်ပွါးပါတယ်။

ဝီတိတ်ကာမှာ သားနှစ်ယောက်ရှိပါတယ်။ သားကြီးဖြစ်တဲ့ ဘတ် အသက် ၂၃ နှစ်မှာ ဥပဒေ ပညာ ဘွဲ့ရတာမို့ မိသားစုလေးယောက်မြို့လယ်ခေါင်းက စားသောက်ဆိုင်မှာ ညစာ စားသောက်ကြပါတယ်။ ညစာ စားပြီးအပြန် အိမ်အ၀င်မှာ အိမ်ထဲမှ သေနတ် ပြစ်တာ ခံ လိုက်ရပါ တယ်။ ဘတ်က အရေး ပေါ် ဌာနကိုဖုန်းဆက်အကြောင်းကြားတဲ့အတွက် ရဲ့တပ်ဖွဲ့နဲ့ ဆေးရုံကားများ နာရီပိုင်း အတွင်းရောက်လာကြ ပါ တယ်။ ဘတ်ရဲ့အမေနဲ့ ညီငယ် နှစ်ယောက် သေနတ်ဒါဏ်ရာများနဲ့သေဆုံးခဲ့ပါတယ်။ ဘတ်နဲ့ အဖေ ကတော့ လက်မောင်းမှာပဲ ဒါဏ်ရာရပါ တယ်။ အိမ်ထဲကို ဘတ်ညီနဲ့ အမေကရှေ့က၀င်ပြီး ဘတ်အဖေက တတိယ၀င်ပါတယ်။ ဘတ်က နောက်ဆုံးမှဝင်ပါတယ်။

ဘတ်အိမ်မှာသေနတ်ပြစ်မှုဖြစ်ပြီး နာရီအနည်းငယ်မှာ ၎င်းတို့အိမ်နဲ့ ကီလိုမီတာ အနည်းငယ်ဝေး တဲ့နေရာမှာလည်း သေနတ်ပြစ်မှုဖြစ်ပါတယ်။ ပုလိပ်များရောက်သွားတဲ့အခါမှာ သေနတ်သမားဟာ ကိုယ့်ကိုယ်အဆုံးစီရင်လိုက်ပါတယ်။ သေနတ်သမားဟာ ဆေးသုံးဆွဲမှုနှင့် ထောင်ကျနေ သူဖြစ်ပြီး လအနည်းငယ်ကမှထောင်မှ ထွတ်လာသူဖြစ်ပါတယ်။

ဘတ်တို့အိမ်ထဲမှာ သေနတ်တစ်လက်၊ လက်အိပ်တစ်ဘက်ကျနေပါတယ်။ အိမ်မှာရှိတဲ့ မီးခံ သေတ္တာကိုတစ်ခုခုနဲ့ ကလော်ဖွင့်ထားလို့ ပွင့်နေပါတယ်။ သေတ္တာထဲမှာ ဘာမှ မရှိပါ ဘူး။ ဘတ်မိဘ အခန်းက ဘီဒိုအံဆွဲတွေပွင့်နေပါတယ်။ ဒါပေမဲ့ ဘာပစ္စည်း မှပျောက်ဆုံး ခြင်း မရှိပဲ။ ထူးဆန်းစွာ ဘတ်ရဲ့ မိုဘိုင်ဖုန်း တစ်ခုပဲပျောက်သွားပါတယ်။

          အိမ်မှာကျကျန်ခဲ့တဲ့ လက်အိပ်မှလူနံ့ကို စုံထောက်ခွေးများကိုအနမ်းခိုင်းပြီး၊ ကိုယ့် ကိုယ်ကို အဆုံး စီရင်သွားသည့်သေနတ်သမား၏အနံ့နှင့် တူမတူခွေးများအားစမ်းသပ်ရာမတူပါ။ ခွေးတွေဟာ လူများထက် အဆ ၁၀၀ ပိုပြီးအနံ့ခံကောင်းပါတယ်။ ဒါကြောင့် ဘတ်မိသားစုကိုသတ်ခဲ့သူဟာ အဆုံးစီရင်သွား သောသူ မဟုတ်ဘူးလို့သိရပါတယ်။

          ဘတ်မိသားစုမှာ ဘာရန်သူမှမရှိပါဘူး။ စီးပွါးရေးလည်းအောင်မြင်ပါတယ်။ ချိန်းခြောက်စာ စသည် လည်းရရှိခြင်းမရှိပါဘူး။

ဘတ်အိမ်နီးချင်းမှ အမှုဖြစ်တဲ့ညက ဘတ်တို့အိမ်မှ လူနှစ်ယောက်ထွက်ပြေး သွား တာတွေ့တယ်လို့ ဆိုပါတယ်။

ဘတ်ဘွဲ့ရတဲ့ တက္ကသိုလ်ကိုသွားရောက်စုံစမ်းတဲ့အခါမှာ ဘတ် ဘယ်တုန်းကမှ တက္ကသိုလ် တက်ခဲ့ခြင်း မရှိပါဘူး။ 

          အိမ်တွင်တွေ့ရှိသော သေနတ်မှာရှိတဲ့ နံပတ်နဲ့စုံစမ်းတဲ့အခါမှာ ဘတ်ရဲ့ညီ နံမည်နဲ့ ၀ယ်ထား တဲ့ သေနတ်ဖြစ်နေပါတယ်။

          ဘတ်ရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ ခရစ်နဲ့ ကေဗင်တို့ဖြစ်ပါ တယ်။ ၎င်းတို့ နှစ်ယောက်အခန်း စပ်တူငှါးနေကြပါတယ်။ အလုပ်အကိုင်မယ်မယ်ရရမရှိပဲ ကျပမ်းအလုပ်များ လုပ်ကြပါ တယ်။

သေနတ်ကအနံ့နဲ့ ခရစ်ရဲ့ကိုယ်နံ့နဲ့ တူကြောင်းကို စုံထောက်ခွေးများက ဖေါ်ဆိုခဲ့ပါ တယ်။ ဒါပေမဲ့ ဒီအချက်နဲ့သူတို့ကို တရားဆွဲဆိုနိုင်ခြင်းမရှိပါ။ ဒီထက်ပို သေချာတဲ့ သက်သေ လိုအပ်ပါတယ်။

ခရစ်ကိုစစ်ဆေးတဲ့အခါမှာ ဘတ်က လွန်ခဲ့တဲ့ ၂ နှစ်ကထဲက ၎င်း၏မိဘများကို သတ်ရန် တောင်း ဆိုခဲ့တယ်လို့ဆိုပါတယ်။ မိဘများနှင့်ညီသေဆုံးလျှင် ၎င်းအနေနဲ့ မီလျံ များ စွာရရှိမှာမို့ သူငယ်ချင်း နှစ်ယောက်ကို ၁၀ မီလျံစီပေးမယ်လို့မဲဆွယ်ခဲ့ပါတယ်။ ခရစ်အနေနဲ့ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စကို အတွင်းကျကျသိနေတာမို့ မပတ်သက်ချင်၍မရတော့တာမို့ ပါဝင်ခဲ့ရတယ်လို့ဆိုပါတယ်။

ခရစ်ရဲ့ ပြောပြချက်အရ ဘတ်တို့ညစာသွားစားတုန်း ဘတ်ပေးခဲ့သော အိမ်သော့ဖြင့် အိမ်ထဲသို့    ၀င်ခဲ့ကြောင်း၊ အပေါ်ထပ်တွင်ရှိသော မီးခံသေတ္တာကို သံဒုတ်ဖြင့်ကော်ဖွင့်ပြီး သေနတ်ကိုယူခဲ့ကြောင်း။ စီစဉ်ထားသည့်အတိုင်း ဘတ်တို့ပြန်အလာမှာ စီး၍ သေနတ်နဲ့ ပစ်ခဲ့ကြောင်း၊ နောက်ဆုံး ဘတ်အိမ်ထဲ      ၀င်လာသည့်အခါ ၎င်းကို မယုံသင်္ကာ မဖြစ်အောင် လက်မောင်းကိုသေနတ်နဲ့ပြစ်ခဲ့ကြောင်း။ နောက် သေနတ်ကောက်၍ ကားဆီသို့ထွက်ပြေးခဲ့ ကြောင်း၊ ကမန်းကတမ်းဖြင့်လွတ်ကျသွားသော သေနတ် ကောက်၍ ပြေးခဲ့ပေမဲ့ မှားပြီး ဘတ်ရဲ့ တယ်လီဖုန်းကိုကောက်ခဲ့ကြောင်း။ သေနတ်နှင့်လက်အိပ်များကို လမ်းဘေးချောင်း ထဲသို့လွင့် ပစ်ခဲ့ကြောင်းထွက်ဆိုပါတယ်။

၁၈လ အကြာမှာ ချောင်းထဲတွင်ရှာဖွေရာ ခရစ်ပြောသောပလပ်စတစ်အိပ်ကိုတွေ့ရှိ ပါတယ်။ အိပ်ထဲမှာ ရေတစ်ဝက်ရှိသောရေပုလင်း၊ သံဂေါက်တစ်ခု၊ လက်အိပ်တစ်ဘက်နှင့် ဘတ်ရဲ့ တယ်လီဖုန်း၊ တို့ရှိပါတယ်။ ရေပုလင်းရဲ့ နှခန်းမှ DNA များစစ်ဆေးရာ စတီဗင်ရဲ့ DNA များပေနေပါတယ်။ သံဂေါက်မှာကပ်နေသော အပြာရောင်ဆေးစများကို စစ်ဆေးရာ မီးခံ သေတ္တာမှဆေးများဖြစ်နေပါတယ်။

          ဘတ်တို့အိမ်မှ ညစာမသွားစားခင် ရိုက်ထားသောဘတ်နဲ့ညီနှစ်ယောက်ရဲ့ ဓါတ်ပုံထဲ တွင် ဘတ်က လက်ခလယ် တစ်ချောင်းကိုထောင်ထားပါတယ်။ ဒီလိုလုပ်ခြင်းဟာ အသုဘ ဆိုတဲ့အဓိပ္ပါယ် ကိုဆိုလိုတာ ဖြစ်ပါတယ်။

          အမှုစစ်ဆေးနေစဉ် ဘတ် Mexico နိုင်ငံကိုထွက်ပြေးသွားပေမဲ့ အဲဒီနိုင်ငံမှာ ဘတ် ကိုဖမ်းဆီး ရမိခဲ့ပါတယ်။ ဘတ်ကို ကြိုတင်သတ်ရန်ကြံစည်မှုနဲ့ အကြီးဆုံးအပြစ်ဖြစ်တဲ့ သေဒါဏ်ချမှတ်ခဲ့ပါတယ်။ နောင်တမလွန်ဘ၀များမှာလည်း အမိသတ်တဲ့ ပဉ္ခာနန္တိယ ကံရဲ့ ဆိုးကျိုး တွေကိုလည်းခံစားရအုံး မှာဖြစ် ပါတယ်။

          ကိုယ်တိုင်သတ်ခဲ့တဲ့ စတီဗင်ကိုတစ်သက်တစ်ကျွန်းချမှတ်ပြီး၊ အစိုးရသက်သေအဖြစ်
ကူညီခဲ့တဲ့ ခရစ်ကို ထောင်ဒါဏ် ၁၅ နှစ်ချခဲ့ပါတယ်။

ဘတ်လိုသားမျိုးကတော့ စိတ်ချမ်းသာစေသော၊ရွှင်လန်းစေသော သားရတနာ မဟုတ်ပါဘူး။ သူ့ကိုရတာ
မိဘတွေအတွက်အလွန်နစ်နာစေတဲ့ ရတာ နာတဲ့ သားဖြစ်ပါတယ်။

သားကောင်းသားမြတ်ရတနာတွေ ရကြပါစေ။

NT1  မှ ၂၀၁၂ ခုနှစ် ဂျွန်လ ၁၉ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

Monday, June 18, 2012

ချစ်တတ်ရဲ့လား ?


  ချစ်ချစ်ဆိုတာမီးယပ်နဲ့ သားဖွားအထူးကုဆရာဝန်ကြီးနဲ့ ခွဲစိပ်အထူးကု ဆရာဝန်ကြီး တို့ရဲ့တစ်ဦးတည်းသောသမီးလေးပါ။ ချစ်လွန်းလို့နံမည်တောင် မခေါ်ရက်လို့ ချစ်ချစ်လို့ သာ အမည်တွင်ခဲ့ပါတယ်။ ချစ်ချစ်ရဲ့အဖေနဲ့ အမေတို့တစ်လှည့်ဆီ နိုင်ငံရပ်ခြား ပညာတွေသွား ဆည်းပူးနေရတာမို့ သားသမီး မယူနိုင်သေးပဲဆိုင်းငံထားခဲ့ရတာ။

  နောက်ဆုံး မေမေနိုင်ငံခြားကပြန်လာလာချင်းမွေးခဲ့ရတဲ့ အဖိုးတန်ချစ်သမီးလေးပါ။ မိဘနှစ်ပါးအချစ်ပိုလိုက်တာများကတော့ သမီးကို လေစိမ်း တိုက်မှာ ခြင်ကိုက်မှာစိုးလို့ အထူးခြင်လုံ အခန်းမှာထားတာပါ။ လေမခ နေမခ ရွှေပေါ် မြတင်ပါ။ အိမ်မှာကူညီပေးတဲ့ ခလေးမလေးတွေတောင် ချစ်ချစ်နားမကပ်ရပါဘူး။

  မိတ်ဆွေတွေကလည်း ဆရာဝန်အသိုင်းအ၀ိုင်းကဆိုတော့ သူတို့ဆေးရုံကပါလာတဲ့ ရောဂါတွေကူးမှာစိုးလို့ မချီမပိုးအောင်လို့ သမီးလေး အိပ်နေတယ်ဆိုပြီးညာ ပြောရတာက လည်း  အခါခါပါပဲ။

   မိခင်တစ်ယောက်အနေနဲ့ ချစ်ချစ်ကိုနို့ချိုတိုက်ကျွေးချင်ပေမဲ့ ဆေးရုံတာဝန် က တစ်ဖက်၊ ဆေးကျောင်းမှာစာသင်ရတာကတစ်ဘက်မို့ မအားလပ်ပါဘူး။ နောက်ပြီးတော့ ဆေးရုံကရောဂါ တွေလည်းသမီးလေးကိုကူးမှာစိုးပါတယ်။

  ဒီလိုနဲ့ တစ်နေ့မှာတော့ တောက ငယ်ကြောက်အဒေါ် သမီးလေးကိုကြည့်ရအောင် ရောက်လာပါတယ်။ ကျမဘာမှမပြောနိုင်ခင်၊ မတားနိုင်ခင် သမီးလေးရဲ့ အခန်းထဲဝင်သွားပြီး သမီးလေးကို အပြင်ချီထုတ်လာပါတယ်။ ပါးစပ်ကလည်း ညီးတို့က ခလေးကိုအမှောင်ထဲမှာ ထားထားတယ်၊ လေကောင်းလေသန့်လည်းမရဘူး။ ခလေးဆိုတာမြေထိမှ ကျန်းမာတာတဲ့။

   သမီးလေးကိုတွေ့လိုက်တဲ့ ခဏမှာတော့ ကျမမျက်စိတွေ မူးမိုက်သွားပါတော့တယ်။ သမီးလေး တစ်ကိုယ်လုံးဝါနေပါတယ်။ သမီးလေးကို ချက်ချင်းဆေးရုံခေါ်သွားပြီး သွေး ကောင်း တွေနဲ့ သမီးလေးရဲ့ ၀ါနေတဲ့သွေးတွေပြောင်းလဲကုသ (exchange transfusion) ပါတယ်။

  သမီးကိုယ် ထဲကသွေးတွေကတော့၊ အ၀ါရောင်အဆိပ်တွေမရှိတော့ပါဘူး။ ဒါပေမဲ့ အ၀ါရောင်အဆိပ်တွေက သမီးရဲ့နုနယ်တဲ့ ဥဏှောက်ကို ရောက်သွားပြီး ဖျက်စီးလိုက်တာ မို့ သမီးလေးဘ၀ ဆုံးရပါပြီ။ သမီးလေးတစ်ဘ၀လုံး ဥဏှောက်ပျက်နေတဲ့ ရောဂါသည်မလေး ဘ၀နဲ့ နေရတော့ မှာပါ။ ကျမဘယ်လိုဖြေရပါ့မလဲ။ ကျမသမီးလေးလို ဘ၀မဆုံးကြရအောင် ဒီပညာပေးဆောင်းပါးလေးကိုဝေငှရင် ချစ်ချစ်လိုဘ၀နဲ့ ကျမလို ဘ၀မျိုးမရောက်ကြပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

   ချစ်ချစ်လိုမွေးကာစ ခလေးတွေအသားဝါတာကို(Neonatal jaundice) နီရိုနေတဲ ဂျွန်တစ် လို့ခေါ်ပါတယ်။ မွေးကာစ ခလေးငယ်တွေ၊ အထူးသဖြင့် လမစေ့ပဲမွေးတဲ့ခလေးတွေ မှာ မွေးပြီးတစ်ပတ်လောက်မှာ အသားအနည်းငယ် ၀ါတတ်ပါတယ်။ သူတို့ရဲ့အသဲက ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အတွက် ကိုယ်ထဲကသွေးဥနီအသေတွေကထွက်လာတဲ့ အ၀ါရောင်အဆိပ်တွေကို မချေဖျက်နိုင်သေးလို့ပါ။ အသက်နည်းနည်းရလာတာနဲ့အမျှ အသဲ လည်းကြီးထွားလာပြီးသူ့လုပ်ငန်းကို ကောင်းကောင်းဆောင်ရွက်နိုင်တဲ့အခါ အ၀ါရောင်တွေ တစ်ဖြည်းဖြည်း ပျောက်သွားပါတယ်။

  အသားဝါတာကို သဘာဝအလင်းရောင်မှာမှမြင်နိုင်ပါတယ်။ ဓါတ်မီးရောင် အောက် မှာမမြင်ပါဘူး။ ဒါကြောင့်အချစ်ပိုပြီး မီးရောင်အောက်မှာ ထားခဲ့တဲ့သမီးလေးရဲ့အသားတွေ ၀ါတာ ကျမသတိမထားမိခဲ့ပါဘူး။

  ကိုယ်ခန္ဓာရဲ့ သွေးထဲကအဆိပ်တွေဥဏှောက်ထဲမရောက် အောင်တားဆီးတဲ့ (Blood Brain Barrier) ဆိုတာရှိပါတယ်။ အဲ့ဒီကာဗါ (Barrier) ကမွေးကာစ ခလေးတွေမှာသိပ် မဖွံ့ဖြိုး ပါဘူး။ ဒါကြောင့်အ၀ါရောင်အဆိပ်တွေခလေးရဲ့ဥဏှောက်ကိုရောက်သွားပြီးဖျက်စီးလို့ ကာနစ်တရက် (Kernicterus) ခေါ်တဲ့ချစ်ချစ်လို ဥဏှောက်ပျက်တဲ့ ဘ၀ရောက်ရ ပါတယ်။ လူကြီးတွေမှာတော့(Blood Brain Barrier) ကောင်းတာကြောင့် အ၀ါရောင်အဆိပ်တွေ သိပ် များလာလို့အသားတွေ ဆနွင်းခဲလိုသာ ၀ါသွားမယ် ဥဏှောက်ကိုတော့မရောက်နိုင်လို့ ဥဏှောက်ပျက်တဲ့ ရောဂါ မဖြစ်ပါဘူး။

  (Neonatal jaundice)က၊ လမစေ့ပဲ မွေးတဲ့ခလေးတွေအပြင် အမေနို့မတိုက်တဲ့ ခလေးတွေမှာအဖြစ်များပါတယ်။ အမေနို့က နို့ဘူးတွေလို နို့များများမထွက်ပါဘူး။ ဒါကြောင့် အမေနို့ တိုက်တဲ့ခလေးတွေဟာ ဗိုက်မ၀လို့ ခဏခဏစို့ပါတယ်။ နို့စို့တဲ့အခါ ကလေးရဲ့ အူလမ်းကြောင်း လှုပ်ရှား (bowel movement) ပါတယ်။ နို့ခဏခဏ စို့တဲ့ခလေးမှာ အူလမ်းကြောင်းလှုပ်ရှားမှုများလို့ အဆိပ်ဝါတွေကို ၀မ်းက ပိုမိုစွန့်ပြစ် နိုင်ပါတယ်။

   မွေးကာစခလေးတွေရဲ့ အူတွေမှာ ပိုးတွေမရှိသေးပါဘူး။ သဘာဝအူပိုးများလို့ခေါ်တဲ့ ကျမတို့အူထဲမှာရှိတဲ့မိတ်ဆွေပိုးတွေ (Bacterial flora) က အူထဲကိုရောက်လာတဲ့ အဆိပ်ဝါ တွေကိုချေဖျက်ပေးပါတယ်။

  မွေးစခလေးတွေမှာတစ်ဖြည်းဖြည်းနဲ့ ပတ်ဝန်ကျင်ကပိုးတွေစားမိပြီး (Bacterial flora) ခေါ်တဲ့မိတ်ဆွေပိုးတွေအူထဲကိုရောက်လာပါတယ်။ သမီးကိုအချစ်ပိုပြီး၊ ပိုးမ၀င်အောင် ဂရုစိုက်တာလွန်သွားလို့ မိတ်ဆွေပိုးတွေရဲ့ အဆိပ်ဝါတွေကို ကူညီချေပေးခြင်းကိုလည်း မရခဲ့ တာကြောင့် အဆိပ်ဝါ တွေရက်ပိုင်းအတွင်းမှာ များလာပြီးဥဏှောက်ထဲရောက်ကုန်တာပါ။

   စောစောက ၀ါတာကိုသိရင်(အဆိပ်ဝါတွေဥဏှောက်ထဲမရောက်ခင်) ခလေးကိုနေ အလင်းရောင်မှာထားခြင်း (၀ါ) အပြာရောင်မီးရောင်အောက်မှာ ထားခြင်း( Phototherapy) ဖြင့် အဆိပ်ဝါတွေကိုချေဖျက်နိုင်ပါတယ်။

     ၎င်းအပြင် အရည် (၀ါ) နို့များများတိုက်ပေးခြင်းတို့ ဖြင့် လွယ်ကူစွာကုသနိုင်ပါ တယ်။ အခုတော့

အပြင်ပန်းကြည့်ရင်၊ အချစ်လွန်လို့ မရောက်သင့်တဲ့ ဒုက္ခရောက်ရတယ်ပေါ့။ တကယ် ကတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ မင်းသားခေါင်းစွပ်ထားတဲ့၊ လောဘ၊ တဏှာ ဆိုတဲ့ အမိုက်တိုက်က မေမေတတ်သိထားတဲ့ လောကီဆေးပညာတွေကိုဖုံးလို့ဖြစ်ရတာပါ။





ဥဏှောက်အောက်ပိုင်းတွင်အ၀ါရောင်အဆိပ်များစွန်းနေပုံ။





Friday, June 15, 2012

မရောင်ရာ ဆီလူး။


ဟိုတစ်လောက ပြင်သစ်နိုင်ငံမှာ အာဖရိကလူမျိုး အဖွါးဖြစ်သူနဲ့အဖေဖြစ်သူတို့က သူတို့ရဲ့ သမီးငယ်နှစ်ယောက်ရဲ့ မိန်းမကိုယ်ကိုဖြတ်မှုဖြင့်ထောင်ဒါဏ်အပြစ်ပေးခံရပါတယ်။ တခါမှမကြားဘူးတဲ့ ထူးဆန်းတဲ့ အမှုဖြစ်နေလို့လေ့လာကြည့်တော့မှ အာဖရိကနိုင်ငံက မူစလင် ဘာသာဝင်တွေဟာ ကာမစိတ်လျော့ နည်းစေရန် မွေးလာသောသမီးငယ်များကို အသက် ၁၅ နှစ်မတိုင်ခင်မှာ မိန်းမကိုယ်ကိုလှီးဖြတ်ပြစ်ကြတယ်တဲ့။

ရောဂါကြောင့် မဟုတ်ပဲ မိန်းမအင်္ဂါချို့ယွင်ခြင်း Female genital mutilation (FGM) ဟုခေါ်ပါတယ်။ WHO မှတ်တမ်းများအရ အာဖရိကမှာ အသက်၁၀ နှစ်နှင့် အထက်အမျိုးသမီး ၉၂ သန်းဟာ FGM အလုပ်ခံထားရပြီ၊ တစ်ကမ္ဘာလုံးမှာ ၁၄၀ သန်း ရှိတယ်လို့ သိရ ပါတယ်။ အနောက်၊ အရှေ့နှင့် အရှေ့မြောက်အာဖရိက၊ အချို့အာရှနိုင်ငံနှင့် အီဂျစ်၊ အီရန်နိုင်ငံ များတွင် အလုပ်များကြောင်းသိရပါတယ်။ FGM ဟာ ဘာသာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ယုံကြည်ချက် များကြောင့်ဖြစ်ပါတယ်။

FGM ဟာကာမစိတ် (libido) ကိုလျော့ကျစေတယ်လို့ယုံကြည်တာကြောင့် မိန်းခလေး များအား လက်ထပ်သည့်အချိန်ထိ အမျိုးသမီးကောင်းဖြစ်အောင်လိုအပ်တဲ့ပြုစု ပျိုးထောင်ခြင်း၊ အထူးသဖြင့် အပျိုစင်အဖြစ်စောင့်ထိမ်းနိုင်ခြင်းနှင့်လင်သားအပေါ်သစ္စာရှိအောင်ပြုလုပ်ခြင်းလို့ ယူဆတဲ့အတွက်ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ ဒီအကြောင်းကိုသိရတော့ ဗုဒ္ဓမြတ်စွာ ပထမဦးဆုံး ဟောကြားတဲ့ ဓမ္မစကြာတရားတော်ထဲက အတ္တကိလမထာနုယောဂ အစွန်းဘက်ဖြစ်တဲ့ တိတ္ထိ တွေရဲ့ ကာမဂုဏ်စိတ်တွေနည်းအောင် ကိုယ်ကိုဆင်းရဲပင်းပန်းအောင် မီးလှုံတာမျိုး၊ ရေစိမ်တာ မျိုးတွေထက်တောင် ပိုဆိုးနေပါလားလို့ထင်မြင်မိပါတယ်။ တိတ္ထိတွေကမှ သူတို့ဘာသာ လိုလို လားလား ကျင့်ကြတာ အခုကိစ္စက ဘာမှ  မသိ၊ နားမလည်တဲ့ ကိုယ့်ရင်သွေးငယ်တွေကို အယူအဆမှားကြောင့် မတရားနှိုပ်စက်ကြတဲ့ လူမဆန်တဲ့အပြုအမူတွေပါ။ လိင်ကိစ္စမှာ အမျိုး သမီးများဟာ passive partner ဖြစ်လို့ သဘောတူတယ်ဆိုရင်တောင် သူမအနေနဲ့ တစ်ဦး ထဲ ပြု လုပ်နိုင်တဲ့ အလုပ်မဟုတ်ပါဘူး။ ယောက်ျားဆိုတဲ့ active partner ပါမှ ဖြစ်တာမို့ မရောင်ရာ ဆီလူးပြီး မိန်းမအင်္ဂါကို ဖြတ်ရတယ်လို့။ ဖြတ်ချင်းဖြတ်ရင် ယောက်ျားအင်္ဂါကိုဖြတ်ရ မှာ ဖြစ်ပါ တယ်။ သက်သက်မဲ့ မိန်းမတွေကို လူမဆန်တဲ့ညှင်းပန်း နှိပ်စက်မှု ဖြစ်ပါတယ်။ လူတိုင်း မိန်းမဆိုတဲ့ အမေတွေမွေးလို့ လူဖြစ်လာတယ်ဆိုတာ လူဖြစ်ပြီးမသိတဲ့ လူကိုယ်နဲ့ တိရိစ္ဆာန်တွေလို့ ပြောရမယ်ထင်ပါတယ်။

ယခင်ကရွာများမှာရှိတဲ့ ခလေးမွေးပေးသောလက်သယ်များ၊ တစ်ခါတစ်ရံ အဖွါးများက
ပြုလုပ်ကြပြီး၊ယခုအခါ ကျန်းမာရေးဝန်ထမ်းများ (လူနာကိုကျန်းမာအောင်လုပ်ရမဲ့ အစား ရောဂါလုပ်ကြတဲ့သူတွေကိုကျန်းမာရေးဝန်ထမ်းလို့မခေါ်သင့်ပါဘူး။ ရောဂါဝန်ထမ်းလို့  ခေါ် ရမယ်ထင်ပါတယ်) ကလုပ်ကြတယ်လို့ဆိုပါတယ်။

FGM ၄ မျိုးရှိပါတယ်။                                                                                           

၁။ Clitoridectomy: partial or total removal of the clitoris (a small, sensitive and erectile part of the female genitals) and, in very rare cases, only the prepuce (the fold of skin surrounding the clitoris). အမျိုသမီးအင်္ဂါအပေါ်ဆုံးမှာ ကလိုင်တော်အစ် (Clitoris) လို့ခေါ်တဲ့ သေးငယ်သော၊ကာမဂုဏ်ခံစားတတ်သောအင်္ဂါကို တစ်ပိုင်းတစ်ဆ (၀ါ) အကုန်လုံးကိုဖြတ်ပြစ်ခြင်း။ ဒီအင်္ဂါက ယောက်ျားတွေမှာရှိတဲ့ လီး (Penis) ရဲ့ (counterpart) တူညီသောအင်္ဂါဖြစ်ပါတယ်။                                                                                    

၂။ Excision: partial or total removal of the clitoris and the labia minora, with or without excision of the labia majora (the labia are "the lips" that surround the vagina). အထက်ပါ အပြင် နှခမ်းအသေး (labia minora ) ကိုပါ တစ်ပိုင်းတစ်ဆ (၀ါ) အကုန်  လုံးကိုဖြတ်ပြစ်ခြင်း။                                                                                                

၃။ Infibulation: narrowing of the vaginal opening through the creation of a covering seal. မိန်မကိုယ်ပေါက်ကိုသေးငယ်အောင်ပြုလုပ်ခြင်း။                                              

၎။ အခြားအန္တရာယ်ရှိသောနည်းများ ဥပမာ ဆူးဖြင့်ထိုးခြင်း (pricking)၊ အပေါက် ဖေါက်ခြင်း (piercing)၊ ခွဲခြင်း(incising)၊ ခြစ်ခြင်း (scraping )၊ အပူဖြင့်ရှို့ခြင်း (cauterizing)။

FGM ရဲ့ အနီးကပ်အန္တရာယ်များ (Immediate complications)                                                     

၁။ ပြင်းထန်စွာနာကျင်ခြင်း (severe pain)။                                                                     

၂။ ရှော့ (shock)။                                                                                                     

၃။ သွေးလွန်ခြင်း (haemorrhage (bleeding)။                                                       

၎။ သွေးအဆိပ်တတ်ခြင်း၊ sepsis (bacterial infection)။                                                  

၅။ မေးခိုင်ရောဂါဖြစ်ခြင်း (tetanus)။                                                                               

၆။ ဆီးမသွားနိုင်ခြင်း။                                                                                             

၇။ လိင်အင်္ဂါတွင်အနာများဖြစ်ခြင်း။                                                                       

၈။ လိင်အင်္ဂါပတ်ဝန်းကျင်ရှိ အင်္ဂါများအားဒါဏ်ရာရစေခြင်း။   

FGM ရဲ့ နောက်ပိုင်းအန္တရာယ်များ (Long-term consequences )                                                  

၁။ ဆီးအိမ်နှင့်ဆီးလမ်းကြောင်းတွင်မကြာခဏပိုးဝင်ခြင်း (recurrent bladder and urinary tract infections)။                                                                                                    

၂။ စစ် (cysts) များဖြစ်ခြင်း။                                                                              

၃။  မြုံခြင်း (infertility)။                                                                                                    

၎။ ခလေးဖွါးရာတွင်ပိုမိုအန္တရာယ်ရှိနိုင်ခြင်း (an increased risk of childbirth complications)။                                                                                              
၅။မွေးကင်းစခလေးငယ်များသေဆုံးမှု ပိုမိုများနိုင်ခြင်း (newborn deaths)။                                                                              
၆။ မိန်းမကိုယ်အားခွဲစိတ်ကုသရန်လိုအပ်ခြင်း (the need for later surgery)။
၁၉၉၇ ခုတွင် WHO ၊ UNICEF ၊ UNFPA တို့တွဲဖက်၍ FGM. ကို ဆန့်ကျင်ကြောင်း ထုတ်ပြန် ခဲ့ပါတယ်။ ၂၀၀၈ ခုတွင် United Nations ၏ထောက်ခံချက်ဖြင့် FGM. ဆန့်ကျင်မှုကို ပိုမိုအား ပေးရန်ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၀ တွင် WHO မှ UN agencies and international organizations. နှင့်တွဲ၍၊ကမ္ဘာနှင့်အ၀န်းတွင်ရှိသောကျန်းမာရေးဝန်းထမ်းများ FGM. လုပ်ခြင်း မပြုရန် ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။