:include data='blog' name='google-analytics'/>

Tuesday, October 23, 2012

ကုန်းဘောင်ခေတ်ပထမဗန်းမော်ဆရာတော်ဘုရားကြီး၏ ထူးခြားချက်များ။


 
ဗန်းမော်ဆရာတော်သည်ပိဋကတ်သုံးပုံနှင့်တကွကျမ်းဂန်အရပ်ရပ် အလွန်နှံ့စပ်ပြီးအလွန် ထက်သော ဆရာတော်တစ်ပါးဖြစ်သည်။ ဘိုးတော်ဘုရား၏ မိဖုရား  ဝေသာလီမင်းသမီး ဗန်းမော်မြို့ စား ဥပေါတရာ ဆောက်လုပ်လှူဒါန်းသောဗန်းမော်ကျောင်းတွင်သီးတင်သုံးသောကြောင့် ဗန်းမော် ဆရာတော်ဟု တွင်သည်။

ဆရာတော်အားရွှေတောင်မြို့ကွပ်ညှပ်စင်ရွာ၌သက္ကရာစ် ၁၁၆၈ တွင်ဖွါးမြင်သည်။ ငယ်မည် မောင်ဖြူဝင်း၊ ရဟန်းဘွဲ့ ဦးပဏ္ဍိတဖြစ်သည်။ မင်းတုန်းမင်းကြီးက ပဏ္ဍိတ၀ံသာဘိဓဇ မဟာဓမ္မရာ ဇာဓိ ရာဇဂုရုဘွဲ့တော်ကိုဆက်ကပ်လှူဒါန်းသည်။

         ဆရာတော်သည်ဥပဓိရုပ်အလွန်ထူးခြားသည်။ လွန်စွာကြံ့ခိုင် ခန့်ညားသည်။ အသံတော် မှာလည်းနက်ကြယ်ပြတ်သားသည်။ ထိုခေတ်တွင် အသံနှင့်ဥပဓိရုပ်အလွန်ကောင်းသောပုဂ္ဂိုလ် ၂ ဦးရှိရာ ၎င်းတို့မှာဆရာတော်နှင့် မင်းတုန်းမင်းတို့ဖြစ်သည်။

         ဗန်းမော်ဆရာတော်သည် ကုန်းဘောင်ခေတ်တွင်ထင်းရှားခဲ့သောသင်္ဂဇာဆရာတော်နှင့် စလေဦးပုညတို့ ၏ဆရာတစ်ဆူဖြစ်ပြီး၊ ၀ိနည်းဘက်တွင်ပြိုင်ဘက်ကင်းသော သာသနာပိုင် ဗားကရာဆရာတော်ကြီးစီရင်ဆုံးဖြတ် ခဲ့သမျှဝိနည်းစီရင်ထုံးများကိုရေးမှတ်ရသော ဖြတ်ထုံးရေး ရဟန်းနှင့် ဗားကရာဆရာတော် စာချစဉ် မိန့်သမျှကို တစ်လုံးမကျန်လိုက်ဆိုရသော စာဆိုရဟန်း လည်းဖြစ်ခဲ့ဘူးသည်။

ဗန်းမော်ဆရာတော်သည်ကြောက်စိတ်မရှိ၊အပြစ်ပေးလျှင်လည်းပြုံးပြုံးပင်ခံယူသဖြင့် သာသနာပိုင်ဆရာတော်က ပရစ် နှင့်တူသည်။ ရှင်စဉ်လည်း မျက်လုံးပြူးပြူး၊ သေတော့လည်း မျက်လုံးပြူးပြူး၊ဟုမိန့်တော်မူသည်။

 

ဆရာတော်သည်-

၁။ မဟုတ်လျှင်နည်းနည်းမျှမခံတတ်။
၂။ အမြင်မတော်လျှင်ဆော်ထဲ့သည်။
၃။ မင်းအလိုလိုက်မင်းအကြိုက်မဆောင်။
၎။ သာသနာပိုင်များဟူ၍အညှာမပေး။
၅။ အရွဲ့တိုက်ရာတွင်ကြောက်စရာကောင်းသည်။
၆။ ကန့်လန့်လုပ်ရာတွင်လည်းမည်သူ့မျှမကြောက်။
၇။ ရေးစရာရှိလျှင်အတုံးလိုက်အတစ်လိုက်ရေးသည်။
၈။ နှိုက်နှိုက်ချွတ်ချွတ်ခတ်ကြမ်းကြမ်းရေးတတ်သည်။
၉။ မိမိမှန်သည်ထင်လျှင်ပြောရမှ ရေးရမှကျေနပ်လေ့ရှိသည်။
၁၀။ စာ ကဗျာ အရေးအသား (ဂါမဒေါသ) သင့်အောင်ရေးသည်။
၁၁။ အပြောအဆိုရင့်သီးသည်။
၁၂။ အနေအထိုင်ကြမ်းတမ်းသည်။
၁၃။ ယခုခေတ်အခေါ် ပစ်စာ (ငှက်ခါးပျံစာ) လုပ်ခြင်း ၀ါသနာပါသည်။
၁၄။ အစားအသောက်ကြမ်းသည် (ဆန် နို့ဆီဖူးလေးလုံးချက်၊ စာကလေး တစ်ပိဿာချက်၊ ၀က်သား တစ်ပိဿာချက်၊အမဲသား တစ်ပိဿာချက်၊ဟင်းချိုဇလုံးကြီးနဲ့ ၃ လုံး၊မုန့်ဆီကြော်ကြီး ၃  ချပ်၊                နံ့သာပုငှက်ပျော ၆ဖီး၊ မန်ကျည်ဖျော်ရည် ၆ ပိဿာ ကို တစ်ထိုင်တည်း တစ်ဆက်တည်း နှင့် အကုန် ဘုန်းပေးနိုင်သည်)။

    ကိုရင်ဘ၀ အိပ်ငိုက်တတ်၍ရေတွင်းနှုတ်ခမ်းပေါ်တွင် လူတစ်ကိုယ်စာပျဉ်ပြားတစ်ချပ်ခင်း၍ထို
ပျဉ်ပြားပေါ်တွင်အိပ်ပြီးစာကျက်သည်။ စာပြန်ပွဲတွင် မြင်းကောင်းပြေးသကဲ့သို့ မေးသမျှကို               ပုဒ်ပါဋ္ဌ် ပီပြင်ကျနစွာရွတ်ဆိုသည့်ကြား မှမြန်လွန်းသဖြင့် ပုရပိုတ်ဖတ်၍စစ်သော စာစစ်ဆရာတော်များ           မှီ အောင်မဖတ်နိုင်ပဲ ပုရပိုတ်တစ်ချပ်လှန်တိုင်းကျန်ခဲ့သဖြင့် ဟဲ့ ကိုရင် ရပ်အုံး ဟုအမိန့်ရှိသည့်တိုင် အောင် ဆက်လက်ရွတ်ဖတ် သဖြင့် ရပ်အုံး ဆိုတာ မကြားရော့သလား ဟု ငေါက်ငန်းရာ။

ဘာ ခုမှရပ်အုံးလည်း အစက ပဏ္ဍိတလို ကျက်လာခဲ့ပါလားဟု စာစစ်ဆရာတို့ကိုပြန် ငေါက်ငန်း လေသည်။

ပဉ္စင်းပျိုဘ၀ ကြမ်းပြဲရွာဘုန်းကြီးကျောင်းတွင် ခရီးသွားရင်းဝင်ရောက် တည်းခိုစဉ် ကျောင်း ထိုင်ဆရာတော်အား စာသံပေသံဖြင့်

ကျောင်းထိုင်ဘုန်းတော်၊ မထေရ်ကျော်၊၀ါတော်မည်မျှရှိပြီနည်း  ဟုလျောက်ထားသည်။ ဆရာတော်က ၄၂ ၀ါ သိက္ခာရပြီ ဟုပြန်ဖြေရာ ချက်ချင်းစာပြန်စပ်သည်မှာ-

ဝါလေးဆယ့်နှစ်၊ရသည်ဖြစ်ရာ၊အပြစ်တောင်လိုမို့လတံ့။

ကျောင်းထိုင်ဆရာတော် သဘောကျ၍ နေမကောင်းလျက်က ဆွမ်းပြင်ခိုင်းပြီး ဆွမ်းဘုန်း ပေးပြီးနောက် ဒူးပေါ်ပေါင်ပေါ် ထိုင်၍ကွမ်းရာဝါးသည်။ ကျောင်းထိုင်ဆရာတော်သည် အစားကြမ်း သည်။ ဖျားနေသောလည်း အစာမရှောင် အကုန်စားသည်။ လက်တိုလက်တောင်းခိုင်းသော တူ တစ်ယောက်သာရှိသည်။ ဆရာတော်က အကြောင်း စာတစ်ပုဒ်စပ်ခိုင်းရာ -

ကွမ်းအစ်ကြီးနီတာရဲနှင့်၊ ကြမ်းပြဲမှာသူပျော်၊သာပေါ်တို့တူအရီး၊
         ထိုးကွင်းမှင်ကြောင်နဲ့၊တွေ့မရှောင်အကုန်စားတယ်၊ဖျားတဲ့ခင်ကြီး။ ဟု ချက်ချင်းစပ်ဆိုသည် ကိုကြမ်းပြဲဆရာတော်အလွန်သဘောကျတော်မူသည်။

 
မင်းတုန်မင်းလက်ထက်တိုင်းပြည်ရေးရာကို ၀န်ကြီးလေးပါးကတာဝန်ယူသည်။ သို့ရာတွင် ၃ ပါးမှာ ရောဂါသည်များဖြစ်နေသည်ကိုမြင်သဖြင့် မိမိထင်မြင်ချက်ကိုရေး၍ နန်းတော်တွင် ပစ်စာ အနေနှင့်ထားခဲ့သည်။

ပုခန်းမှာ…………………..လေ။
လောင်းရှည်မှာ…………….ဓါး။
ခမ်းလတ်မှာ……………….နား။
         ရေနံတတိုင်ချင်း လင်းပါ့မလား။

ပုခန်းမြို့စားမှာ လေနာရောဂါကြောင့် အမှုအခင်းများကိုကောင်းစွာမဆုံးဖြတ်နိုင်။
လောင်းရှည်မြို့စားမှာမြင်းကွန်းမြင်းခုန်တိုင်အရေးတွင်ဓါးဒါဏ်ရာရ၍ချိနဲ့နေသည်။
ခမ်းလတ်ရှည်မြို့စားမှာ နားထိုင်းနေသည်။
ရေနံချောင်းမြို့စား သာကျန်းကျန်းမာမာရှိသည်။


ဝန်ကြီးများတင်မကသုဓမ္မာဆရာတော်များအားလည်းဝေဖန်ခဲ့သည်။
မောင်သက်ပန်းက တစ်သန်းဝေေ၀။
မောင်လှထွေမှာစာပေနတ္ထိ။
မောင်စလင်းမှာတော့ ပျင်းလွန်းလို့စာမကြည့်။
မင်းနန်မှာတော့လူနဲ့နှောတယ် သောသောညံ၏။
မဏ္ဍလာ မှုချင်းရာ မစုံစမ်းခင်က ငေါက်ငန်းပါ၏။

သက်ပန်းဆရာတော်က ငိုက်မြည်းလေ့ရှိသည်။
လှထွေဆရာတော်က စာပေမတတ်။
စလင်းဆရာတော်က စာပေအထောက်အထာရှာရန်ပျင်း၍ အခြားဆရာတော်များအားလွှဲထား လေ့ရှိသည်။
ပုခန်းဆရာတော်ဦးန္ဒကို မင်းနန်ဟုစပ်ဆိုထားခြင်းဖြစ်သည်။ ဆရာတော်မှာ လူဒါယကာများနှင့် စကားဖေါင်လောက်အောင်ပြောတတ်ကြောင်း။
မဏ္ဍာရာမဆရာတော်က အမှုမစစ်ဆေးခင်ကြိုတင်ငေါက်ငန်းတတ်သောကြောင့်။ အထက်ပါကဗျာကိုသုဓမ္မာဇရပ်တွင်ကပ်ထားသည်။


ဗန်းမော်ဆရာတော်အားမင်းမိန့်နှင့်ဗန်းမော်မြို့သို့နှင်သည့်အခါ မကြေက်မရွံ့ မင်းတုန်းမင်း၏
ငယ်နံမည်မောင်လွင်နှင့်အောက်ပါစာကိုစပ်ဆိုခဲ့သေးသည်။ ဆရာတော်စပ်ဆိုခဲ့သည့်အတိုင်း မင်းတုန်းမင်းကနေပြည်တော်သို့အကြိမ်ကြိမ်ပြန်ပင့်လျောက်သော်လည်း စစ်ကိုင်းတောင်ရိုးသို           သာသွားရောက် သီးတင်းသုံးတော်မူသည်။

ဗန်းမော်ကိုနှင်
မောင်လွင်လူမိုက်က
မုန်းလိုက်ပါဘိ
နေရစ်ကြနော်
နောင်ခါသော်
မှားပီဘုရားလို့
ကြားယောင်ပါ၏


ဦးကျော်ဦးရဲ့ဗန်းမော်ဆရာတော်ရဲ့ဟာသရသကဗျာများနှင့်ဥပမာပုံပြင်ဝတ္ထုများစာအုပ်မှ။

No comments:

Post a Comment