:include data='blog' name='google-analytics'/>

Monday, October 1, 2012

ဆရာဝန်ဖြစ်ရတဲ့ဒုက္ခ။

 
တစ်နေ့လယ် စပ်စံထွန်းဆေးရုံ အပြင်လူနာဌာနမှာ တာဝန်ကျနေစဉ်၊ လူအုပ်ကြီး ထမ်းစင်နဲ့ ရောက်လာပါတယ်။ အဖြစ်က လက်ဝှေ့ပြိုင်ပွဲမှာလက်ဝှေ့ထိုးနေရင်း လဲကျ သေဆုံးသွားလို့ပါတဲ့။ လူနာကိုစမ်းသပ်ကြည့်တော့ ဟုတ်ပါတယ်။ သေဆုံးနေပါပြီ။ ကိုယ်ပေါ်မှာတော့ ဘာမှကြီးကြီး ကျယ်ကျယ်ဒါဏ်ရာမတွေ့ရပါဘူး။ ဆေးရုံကို အလောင်းရောက် လာတယ်ဆိုတော့ထုံစံအတိုင်းရင်ခွဲစစ်ဆေးဖို့ပြင်ဆင်ရပါတယ်။ ရင်ခွဲလိုက်တော့ ရင်ပတ်နံရိုးတွေအောက်က နှလုံးကွဲနေတာတွေ့လိုက်ရပါတယ်။ လက်ဝှေ့အားက တော်တော်ပြင်း ပုံရပါတယ်။ အပြင်မှာ ဒါဏ်ရာမရှိပဲ အတွင်းကြေ ကြေတယ်လို့ပြောရမယ်ထင်ပါတယ်။ မြန်မာ၊ထိုင်းလက်ဝှေ့တွေကအလွန်အန္တရာယ်များပါတယ်။ အရေးကြီးတဲ့ သေစေနိုင်တဲ့အင်္ဂါ တွေရှိတဲ့နေရာတွေကို ထိုးခွင့်ရှိတယ်လို့ပြောပါတယ်။ အခုလိုယဉ်ကျေးလာတဲ့ လူ့အသိုင်းအ၀ိုင်းမှာ လူ လူချင်းထိုးသတ်တဲ့လက်ဝှေ့လိုမျိုး မရှိသင့်တော့ဘူးထင်ပါတယ်။ ကျမတော့ ဒီလိုထိုးသတ်တာ အားကစားလို့မမြင်ပါဘူး။ ပြိုင်တဲ့သူရော၊ကြည့်တဲ့သူရော အကုသိုလ်ပွါးဖို့ပဲရှိပါတယ်။

နောက်တစ်လလောက်နေတော့ လူအုပ်ကြီး ထမ်းစင်နဲ့ ထပ်ရောက်လာပါတယ်။ တောင်ကြီးကော်လိပ် (ယခုတက္ကသိုလ်) မှ ကျောင်းသားများစုပေါင်း ကန် သန့်ရှင်းရေး လုပ်ရာမှကျောင်းသားတစ်ယောက်ရေနစ်သေဆုံးသွားလို့ အလောင်းသယ်လာတာဖြစ်ပါတယ်။ ကျမလည်း လူအုပ်ကိုဆေးခန်းအပြင်ကို ထွက်ခိုင်းပြီး ထမ်းစင်ပေါ်က လူငယ် ကိုစမ်းသပ်ပါတယ်။ လူငယ်က သေဆုံးတာအချိန်အနယ်ငယ်ကြာခဲ့တာမို့သူ့ရဲ့ သူငယ်အိမ်တောင် ကျယ်ဝန်းနေပါပြီ။ လူငယ်ရဲ့ ပါးစပ်ကလည်း အမြုတ် ငယ်များ ထွက်ကျ နေပါတယ်။ ဒီအချက်က ရေနှစ်သေဆုံးတယ်ဆိုတဲ့သက်သေပါပဲ။ ဆေးပညာမှာ ထူးခြားသောလက္ခဏာ (characteristic signs) လို့ခေါ်ပါတယ်။ လူငယ်ရဲ့လက်မှာတော့ ဘာမှဆုပ်ကိုင် ထား တာမတွေ့ရပါဘူး။ များသောအားဖြင့်ရေနှစ်သေဆုံးသူများကြောက်အားလန့်အားနဲ့အနားမှာရှိတဲပစ္စည်းတွေကို အားကိုး တစ်ကြီးနဲ့ ဆွဲကိုင် တတ်ကြပါတယ်။ မြက်ပင်လေးကအစ ဆွဲကိုင်တတ်လို့ လက်ထဲမှာမြက်ပင်တွေ၊ သဲတွေ ဆုပ်ကိုင်ထားတာကို တော်တော်များများတွေ့ရတတ်ပါတယ်။

ရေနှစ်သေတာမျိုး၊ ဆေးရုံရောက်ပြီး ၂၄ နာရီအတွင်းသေဆုံးတာမျိုးဟာ ရာဇ၀တ်မှုကြောင့်သေဆုံးတာဖြစ်နိုင်တာမို့ တာဝန်ကျဆရာဝန်က အလောင်းကိုရင်ခွဲစစ်ဆေးရ ပါတယ်။ သေဆုံးလူငယ်က မူဆလင်ဘာသာဝင်ဖြစ်တာကြောင့် အလောင်းချက်ချင်းပြန်ယူချင်တယ်ဆိုလို့ အပြင်လူနာဌာနမှာ လူနာရှင်းတုံးရင်ခွဲရုံပြေးရပြန်ပါတယ်။ ရင်ခွဲရုံမှာ အလောင်းပေါ်မှာ အခြားသောဒါဏ်ရာများရှိမရှိစစ်ဆေးခြင်း၊ ကိုယ်တွင်းအင်္ဂါများ၌ သေစေနိုင်သောရောဂါများရှိမရှိ၊ အဆိပ်ခတ် ခံထားရခြင်းရှိမရှိတို့ကို စစ်ဆေးပြီး၊ ပိုမိုသေခြာ စေရန်အစာအိမ်အရည်များကိုဓါတ်ခွဲခန်းသို့ပို့စေခဲ့ပါတယ်။

ဓါတ်ခွဲခန်းအဖြေအရ အဆိပ်ခတ်ထားတာလည်းမတွေ့ရ၊ လူအများရှေ့မှာ ရေနှစ်သေဆုံးတာမို့ ဒီအမှုက သာမန်မတော်တဆ ရေနှစ်သေဆုံးမှုဖြစ်ပါတယ်။ ဒါပေမဲ့ အံ့သြစွာ

အလောင်းခွဲစိပ်ပြီး မေ့လောက်သည့်အချိန်မှာ ရုံးတော်မှာအစစ်ခံဖို့ဆိုပြီး ၀ါရမ်းရောက်လာပါတယ်။ တစ်သက်နဲ့တစ်ကိုယ် တရားရုံးဆိုတာလည်းမရောက်ဖူး၊ ၀ါရမ်းဆိုတဲ့ ရုံးအမိန့် ဆိုတာမျိုးလည်းတစ်ခါမှမရဖူးလို့ တော်တော်ထိပ်လန့်သွားမိပါတယ်။ မြန်မာပြည်စာတိုက်တွေရဲ့ အဲဒီအချိန်က အလွန်တာဝန်ကြေ (competent) ကြတာကြောင့် ရက်အတွင်း လာရမယ်ဆိုတဲ့ ၀ါရမ်းကို ကံကောင်းစွာ သွားရမဲ့နေ့ မနက်မှအချိန်မီရလိုက်ပါတယ်။ တရားရုံးကိုတစ်ယောက်ထဲ ရောင်လယ်လယ်နဲ့ရောက်သွားပါတယ်။

ကျမရဲ့ ဆရာဝန်စစ်ချက်ကိုသက်သေခံဖို့ သက်သေခံနေရာမှာထိုင်ရပါတယ်။ ရှေ့နေဆိုသူကကျမရဲ့ဆေးစစ်ချက်ကိုဖတ်ပြပြီး၊ ရေနှစ်သေဆုံးတာဟုတ်သလား၊ အခြား အကြောင်းကြောင့်ရောမသေနိုင်ဘူးလား၊သူများရေနှစ်သတ်တာရောမဖြစ်နိုင်ဘူးလားလို့မေးပါတယ်။ ကျမလည်း ရေနှစ်သေဆုံးတာဖြစ်ကြောင်း၊ သေနိုင်တဲ့ ဘာရောဂါမှ မတွေ့ ကြောင်း၊သူတစ်ပါးရေနှစ်သတ်တဲ့ဒါဏ်ရာတွေမတွေ့ရကြောင်းပြန်လည်းဖြေဆိုပါတယ်။ အဲ့ဒီအချိန်က ကျမအသက် ၃၀ ၀န်းကျင်ရှိပါပြီး၊ ဒါပေမဲ့ကျမကညှက်တယ်။ (ကြုံတုံးကြွား လိုက်အုံးမယ်။ အိမ်မှာဆို ကျမညီမတွေက ကျမကို မမညှက်လို့ စလေ့ရှိတယ်။ ဆေးကျောင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ခုံနံပါတ်အတိုင်းထိုင်ရတယ်။ ကျမနားမှာ ကို - ထိုင်တယ်။ သူက ကျမနဲ့ပြောင်းပြန်ထွားကြိုင်တယ်။ အတန်းသားတွေက ကျမအဖေက ကျမကိုသိပ်ချစ်လို့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအထိလိုက်လာတယ်လို့ထင်ကြတယ်တဲ့)

ရှေ့နေက ကျမကိုဆရာဝန်ပေါက်စဆိုပြီး အထင်သေးတယ်နဲ့တူပါတယ်။ ကျမဘယ်တုံးကဘွဲ့ရတာလဲတဲ့။ ကျမလည်း နှစ်ရှိပြီးလို့ပြန်ဖြေလိုက်ပါတယ်။ ဒီလို လူသေမှုမျိုး

ဘယ်လောက်မြင်ဘူးသလဲလို့ထပ်မေးပါတယ်။ သူဆိုလိုချင်တာက ကျမအနေနဲ့အတွေ့အကြုံ (experience) မရှိဘူး၊ ဒါကြောင့်ကျမရဲ့ဆေးစစ်ချက်တွေမမှန်နိုင်ဘူးလို့ ဆိုလိုချင်တာပါ။ ကျမလည်း ဟုတ်တယ်။ ကျမ ဆရာဝန် တာဝန်ထမ်းဆောင်ချိန်မှာတော့ ဒီအမှုဟာ ပထမဦးဆုံးသောရေနစ်သေဆုံးမှုဖြစ်တယ်။ ဒါပေမဲ့ ဆေးကျောင်းသူဘ၀မှာ အများကြီးမြင်ဖူးတယ်။ နောက်တစ်ချက်က ဒီအလောင်းမှာတွေ့ရတဲ့ ရေနစ်သေဆုံးသူတွေရဲ့ထူးခြားတဲ့လက္ခဏာတွေရှိတဲ့အတွက်ကြောင့် ရေနစ်သေဆုံးခြင်းကလွဲပြီးဘာမှမဖြစ်နိုင်ဘူးလို့ဖြေလိုက်ပါတယ်။ နောက်မှသိရတာက သေဆုံးသူရဲ့ဖခင်က ၎င်းရဲ့သား မသေဆုံးခင်က ခြေးငှါးထားတဲ့ငွေ ၅၀၀ ကျပ်ပြန်ရလိုလို့တရားဆွဲတာလို့သိရပါတယ်။ အဲ့ဒီအချိန်က ရွှေဈေး ၁၆၀၀ ကျပ် ပဲ ရှိ ပါတယ်။

အဲ့ဒီအမှုကိုသက်သေခံသွားရတဲ့နောက်ပိုင်းမှာကျမ အထူးကု တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ နို့မို့ဆိုဆေးကုသတဲ့အလုပ်ထက် ပိုဥဏှောက်ခြောက်ရတဲ့ အလုပ်တွေနဲ့ အမြဲ ရင်ဆိုင်နေရတော့မှာပါ။ ဆုံးဖြတ်ချက်အပြင် ကျမညအိပ်ရာဝင်တိုင်း ဆုတစ်ခုလည်းအမြဲတောင်းပါတယ်။ အဲ့ဒီဆုကတော့ ကျမတာဝန်ကျချိန်မှာ ကလိမ်ကကျစ် မုဒိန်းမှုတွေ မလာပါစေနဲ့ ဆိုတာပါပဲ။

ကလိမ်ကကျစ် မုဒိန်းမှုဆိုတာ မကောင်းတဲ့မိန်းမတွေနဲ့ပျော်ပါးကြပြီးမှ မဒိန်းမှုအနေနဲ့တိုင်းတန်းတဲ့အမှုတွေပါ။ အဲ့ဒီလိုအမှုမျိုးမှာ အထက်ကလိုထူးခြားတဲ့လက္ခဏာတွေ မရှိတဲ့အပြင်၊တစ်ဘက်နဲ့တစ်ဘက် ဆေးပညာရဲ့အားနည်းချက်တွေကိုသိတဲ့ ရှေ့နေအကျော်အမော်တွေငှါးပြီး၊အပြန်အလှန်ခြေပကြတာမို့ကြားထဲကမြေဇာပင် ဆရာဝန် အရှက် ကွဲရမှာပါ။



No comments:

Post a Comment