:include data='blog' name='google-analytics'/>

Monday, May 21, 2012

Paris မှာဘယ်လိုလည်မလဲ

ပါရီမြို့ဟာ မြန်မာများနဲ့ ရင်းနှီးနေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ပါရီလို့ဆိုလိုက်တာနဲ့ အီဖေတာဝါ နဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ အထက်တန်းစား ဇတ်ကောင်တွေသုံးတဲ့ channel 5 ရေမွှေးနံ့ သင်း လာသလို ခံစားရတတ်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ဟာ မြန်မာ့ရာဇ၀င်မှာ ထင်းရှားခဲ့ပါတယ်။ အင်္ဂလိပ်များ မြန်မာပြည်အထက်ပိုင်း မသိမ်းခင်၊ မင်းတုန်းမင်း လက်ထက်က ကင်းဝန်မင်းကြီး ကိုပါရီမြို့ကို သံတမန်အဖြစ်လွှတ်ခဲ့လို့ ကင်းဝန်မင်းကြီးရဲ့ ပါရီခရီးသွားမှတ်တမ်းတွေ အထင် အရှားရှိခဲ့ပါတယ်။ အဲ့ဒီမှတ်တမ်းမှာ ကင်းဝန်မင်းကြီးက  ပါရီမြို့ရဲ့ နံမည်ကြီး ရှောင်ဇလီဈေး (Champs- Elysees ) ဆိုတဲ့ ကမ္ဘာကျော်လမ်းမကြီးမှာ ရှိတဲ့ ဆိုင်တွေက ဈေးအလွန်ကြီး တာ ကြောင့် (ရှောင်) ဆိုတဲ့ စကားအတိုင်း ရှောင် ပါလို့ သတိပေးထား တယ်လို့ သိရပါတယ်။ ဟုတ်ပါတယ်။ ပါရီမြို့မှာ လက်ဘက်ရည်ဆိုင်မှစပြီး၊ ကုန်ပစ္စည်းတွေက အမျိုးအစားတူပေမဲ့ ရပ်ကွက်ပေါ်လိုက်ပြီးဈေးကွာပါတယ်။ ရှောင်ဇလီဈေး လမ်းမကြီးဟာ ပါရီမြို့လယ်ခေါင် ၈ ရပ်ကွက်မှာရှိပြီး၊ ကမ္ဘာလည့်ဧည့်သည်တွေနဲ့ပြည့်နေ တတ်တာမို့ အဲ့ဒီနေရာက ဈေးအကြီး ဆုံးပါပဲ။ ကမ္ဘာ့ milliners တွေကပြောပါတယ်။ အနည်းဆုံး တစ်နှစ်တခါ ရှောင်ဇလီဈေးမှာ လမ်းမလျှောက်ရရင် နေလို့ မကောင်းဘူးတဲ့။

ပါရီမြို့မှာ ရပ်ကွက် ၂၀ ရှိပါတယ်။ ပါရီမြို့အလယ်တဲ့တဲ့ ကနေပြီး ရပ်ကွက် ၁။ ၂။ စသည် ခရုခွေလို လက်ယာရစ် ရယ် သွားပါတယ်။ အဲ့ဒီရပ်ကွက်တွေထဲက အလယ်ဆုံး ရပ်ကွက်နဲ့ ၁၆ ရပ်ကွက်တွေက သူဌေးတွေ၊ နံမည်ကြီး ရုပ်ရှင်မင်းသား၊ မင်းသမီး စသည် တို့နေကြလို့ အဲဒီ နေရာတွေက အစစအရာရာ ဈေးပိုကြီး ပါတယ်။

လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက်တဲ့အခါ သောက်တဲ့ နေရာပေါ်မူတည် ပြီး ဈေးကွာပါတယ်။ ဘားကောင်တာမှာ ရပ်သောက်ရင် လက်ဘက်ရည်တစ်ခွက် ၃ ယူရို ကျ ပါတယ်။ ဆိုင်ထဲမှာထိုင်သောက်ရင် ၅ ယူရို။ ဆိုင်အပြင် လမ်းပေါ်မှာ ခင်းထားတဲ့ ကုလား ထိုင်တွေမှာ ထိုင် သောက်ရင် ပိုဈေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမှာ ရန်ကုန်မှာလို လက်ဘက်ရည် တစ်ခွက် မှာပြီး လမ်းသွားလမ်းလာတွေ ငေးကြလို့ပါ။ နေရောင်ရတဲ့ နေရာ ဆို ရင်တော့ နေရောင်ခံရင်းနဲ့ ငေးကြ တာမို့ မနက်အစောကြီးထဲက နေရာယူမှ ရပါတယ်။ ပါရီမြို့ သားတွေနဲ့ ရန်ကုန်သားတွေ လက်ဘက်ရည် ဆိုင် ထိုင်တာချင်းကတော့တော်တော်တူပါတယ်။ တစ်ခုပဲ ရန်ကုန်သူတွေက နေရောင်မကြိုက်ဘူး။ တိုက်ဆိုင်လို့ ကျမ ပါရီရောက်စ Chateau de Versaille ဗာဆိုင်းနန်းတော် သွားလည်စဉ်က နေပူတာ  ကြောင့် ကျမမှာ ပါလာတဲ့ ထီး အနက်ကြီး ဆောင်းပြီးနန်းတော် ဥယျဉ်ထဲမှာလျှောက်သွားခဲ့ပါတယ်။ ကျမအတွက်ကတော့ နေရောင် ခံရရင် ခေါင်းကိုက် နိုင်တယ်၊ ဖျားနိုင်တယ်ပေါ့။ ခဏကြာတော့ ပတ်       ၀န်းကျင်က ကျမကို ထူးဆန်းသလို ကြည့်ကြတာ သတိထားမိပါတော့တယ်။ သူတို့အတွက်ကတော့ အချိန် တော်တော်များများက ရာသီဥတုအေးလို့ အင်္ကျီးတွေအထပ်ထပ်ဝတ်ရတာမို့ နေရောင် မရတဲ့အပြင် နဂိုကမှ အဖြူလွန်တဲ့ စက္ကူနည်းပါး ဖြူနေတဲ့အသားကို အရောင်ရှိအောင် နေရောင် ခံကြတယ်ဆိုတာ သိရပါတော့ တယ်။

          နွေရာသီ (ဧပြီ၊မေ၊ဂျွန်လ) တွေမှာဆိုရင် ပန်းခြံတွေမှာ နေရောင်ခံနေကြတဲ့ပါရီမြို့ သူ၊ သားတွေ ကို အများအပြားတွေ့ရမှာဖြစ်ပါတယ်။ တစ်ချို့ အမျိုးသမီးများဆို အပေါ်ပိုင်း ဗလာနဲ့ နေရောင်ခံ တတ်ကြ ပါတယ်။ ရီစရာ အဖြစ်လေးတစ်ခု ပြောရအုံးမယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က ရန်ကုန်ဆေးရုံကြီးနဲ့ National Health Institute က ဆရာဝန်ကြီးများ ပါရီကို နွေလမှာရောက်လာကြပါတယ်။ ပါရီမြို့ မှာလျှောက်လယ်ရင်း အီဖေတာဝါနားက မျက်ခင်း ပြင်မှာ ဆံပင်ရှည် ခါးလယ်ခန့် ဖြန့်ပြီး မှောက်လျက် အပေါ်ပိုင်း ဗလာနဲ့ နေရောင်ခံနေတဲ့ ပေါင်တံ ရှည်ရှည်နဲ့ အဖြူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ပွတာပဲ ရန်ကုန်မှာ မတွေ့ရတာ တွေ့ရတော့မယ်ဆိုပြီး၊ အဲ့ဒီလူ ပက်လက်လှန်မဲ့ အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေကြပါတယ် တဲ့။ ဟော့ စောင့်နေရကျိုးနပ်ပါပြီး။ နေရောင်ခံနေတဲ့သူ ပက်လက်လှန်လိုက်ပါပြီး။ အနောက် ဘက်ကတောင် တော်တော်ကိုယ်လုံးလှတာ။ အရှေ့က ဆိုပိုလှမှာပဲလို့လဲ တွက်ထားကြတယ် လို့ ပြောပါတယ်။ ဒါပေမဲ့ သူငယ်ချင်းအားလုံး ဟင်း ဆိုပြီး အမြန်ဆုံး လှဲ့ပြန်ခဲ့ကြ တယ်တဲ့။ ထင်ထားသလို အမျိုးသမီး မဟုတ်ပဲ။ အမျိုးသားဖြစ် နေလို့ ပါပဲ။

          ပါရီမြို့မှာ Public transport ကတော်တော်ကောင်းပါတယ်။ မြေအောက်ရတား၊မြေပေါ်
ရထား၊ မြေပေါ်လျှပ်စစ်ရထား၊ Bus ကား၊ အစုံရှိပါတယ်။ ရုံးတတ်၊ရုံဆင်းချိန်တွေမှာ ၃ မိနစ် တစ်ကြိမ် လာပြီး၊ ကျန်တဲ့အချိန်တွေမှာတော့ ၅-၁၀ မိနစ်တစ်ကြိမ်လာပါတယ်။ ပါရီမြို့တွင်း သွားလာဖို့ လက်မှတ်က တစ်စောင်ချင်းဝယ်ရင် ၁.၇ ယူရို၊ ၁၀ စောင်တွဲ ဆို ၁၂.၇၀ ယူရို ပေး ရပါတယ်။ အဲ့ဒီလက်မှတ်တွေက မြေအောက်ရထားအ၀င်မှာ ၀ယ်လို့ရပါတယ်။ Ticket ကို ပြင်သစ်လို (တစ်ကေ) လို့ပြောပေမဲ့ အင်္ဂလိပ်လို ပြောလည်း နားလည်ကြပါတယ်။ ၁၀ စောင် တွဲ ၀ယ်ချင် ရင် လက် ၁၀ ချောင်းသာထောင်ပြလိုက်ပါ။ ပြင်သစ်လိုက (carnet ကာနေ လို့ ပြောရပါ တယ်)။ ယူရို ပိုက်ဆံရှိရင် စက်ကနေ၀ယ်လို့ရပါတယ်။ စက်မှာ အင်္ဂလိပ်လိုပြောင်း လို့ရပါ တယ်။ Bus ကားပေါ်မှာလည်း လက်မှတ်ဝယ်လို့ရပါတယ်။ ဒါပေမဲ့ Bus ကားပေါ်မှာ တော့ တစ်စောင်ချင်းပဲ ၀ယ်လို့ရပြီး ၁.၉ ယူရိုပေးရပါတယ်။ Bus ကားပေါ်မှာဝယ်တဲ့ လက်မှတ်က အဲဒီ Bus ကားပေါ်မှာပဲစီးလို့ရပါတယ်။ နောက် Bus ကားပြောင်းရင် လက်မှတ် အသစ် ထပ်ထဲ့ရပါတယ်။

Bus ကားကတစ်စီထဲဆိုရင် driver ရှိတဲ့ ရှေ့အပေါက်ကပဲထက်ရပါတယ်။ နောက် ပေါက်က ဆင်းရပါတယ်။ နှစ်စီးတွဲထားတာဆိုရင် နောက်ပေါက်ကလည်းတက်လို့ရပါတယ်။
Bus ကားဂိက် တွေ မှာ ကားသွားမဲ့ direction နဲ့ ရပ်မဲ့ ဂိတ်တွေရေးထားပါတယ်။ ဂိတ်တိုင်းမရပ်ပါဘူး။ ဂိတ်မှာစောင့်တဲ့သူရှိရင်၊ဒါမှမဟုတ် ကားထဲကရပ်ခိုင်းတဲ့သူ ရှိမှ ရပ် ပါတယ်။ မှတ်တိုင် မရောက်ခင် ကားရပ်ဖို့ ခရုပ်နှိုပ်ရပါတယ်။ ဒါကြောင့် ကိုယ်ဆင်းမဲ့ မှတ်တိုင် မရောက်ခင် မှတ်တိုင် နံမည်ကို   မှတ် ထားပြီး၊ အဲ့ဒီမှတ်တိုင်က ကားထွက်တာနဲ့ ခလုပ်နှိုပ်ထား တာသေချာပါတယ်။ ကားရဲ့အလယ် screen မှာနောက်ရပ်မဲ့ မှတ်တိုင်နံမည်ဖေါ်ပြပါတယ်။

ကားမှတ်တိုင်က ကားနံပတ်တစ်မျိုးထဲရပ်တာမဟုတ်ရင်၊ ကိုယ်စီးမဲ့ကားလာတဲ့အခါ လက်ပြမှ ရပ်ပေး ပါတယ်။ ကားနံပတ်တစ်မျိုးထဲရဲ့မှတ်တိုင်ဆိုရင်တော့ လူရှိနေရင် ရပ်ပေးပါတယ်။ ကားပေါ်ကဆင်း တဲ့  အခါမှာ တံခါးပေါက်ရဲ့တိုင်မှာတံခါးဆွင့်တဲ့ ခလုပ်တွေရှိပါတယ်။ အဲဒါနှိုပ်မှ တံခါးပွင့်ပါတယ်။

          မြေအောက်ဘူတာမှာဝယ်တဲ့ လက်မှတ်တွေက ပါရီမြို့တွင်း ရထားဖြစ်ဖြစ်၊ bus ကားဖြစ်ဖြစ် စီးလို့ ရပါတယ်။ မြေအောက်ရထား (Metropolitan =  Metro အတိုကောက် အနေနဲ့ မက်ထရို လို့ ပြောပါ တယ်) အ၀င်မှာ စက်ထဲ ထဲ့လိုက်ရင် တံခါးပွင့်သွားပါတယ်။ ရထားလက်မှတ်ပြန်ထွက်လာ တာကို ပြန် ယူပြီးသိမ်းထားပါ။ ရထားဘူတာထဲက မထွက် မချင်း သိမ်းထားရပါမယ်။ လက်မှတ် စစ်လို့ လက်မှတ်မပြ နိုင်ရင်ဒါဏ်ငွေ (၁၂၀ ယူရို) ချက်ချင်းဆောင်ရပါတယ်။ မြေအောက်ထဲမှာ ရထားပြောင်းစီးရင်ပဲဖြစ်ဖြစ်၊ ရထားမှားလို့ ပြန်စီးရင်ပဲဖြစ်ဖြစ်၊ လက်မှတ်အသစ်ထပ်ထဲ့ဖို့မလိုပါဘူး။ Bus ကားတစ်စီးက တစ်စီး ပြောင်းစီး လို့လဲရပါမယ်။ လက်မှတ်တစ်စောင်ကို စပြီး စက်ထဲကိုထဲ့ တဲ့ အချိန်ကနေ တစ်နာရီနဲ့ ၃၀ မိနစ်အတွင်း သုံးလို့ရပါတယ်။ ဒါပေမဲ့ မြေအောက်ရထားမှာသုံးထားတဲ့ လက်မှတ်ကို တစ်နာရီ နဲ့ ၃၀ မိနစ်အတွင်းဖြစ်ပေမဲ့ Bus ကားနဲ့မြေပေါ်လျှပ်စစ် ရထားမှာသုံး လို့မရပါဘူး။ Bus ကား မှာသုံးထားတဲ့ လက်မှတ်ကိုတော့နဲ့ မြေပေါ်လျှပ်စစ် ရထားမှာ သုံးလို့ ရပါတယ်။ ထိုနည်းအတူ မြေပေါ်လျှပ်စစ်ရထားမှာ သုံးထားတဲ့ လက်မှတ်ကို Bus ကားမှာ သုံးနိုင်ပါတယ်။

အဲ့ဒီလက်မှတ်တွေကို zone 2 လို့ခေါ်ပါတယ်။ အဲ့ဒီလက်မှတ်တွေမှာ အချိန်ကန့် သပ်ချက် မရှိပါဘူး။ အချိန်မရွေး သုံးနိုင်ပါတယ်။ မြို့ပြင်ထွက်မယ်ဆိုရင် ဥပမာ။ ဗာဆိုင်းနန်းတော် သွား မယ်၊ လေယဉ်ကွင်း သွားမယ်ဆိုရင်တော့ zone 2 ထက်ကျော်လို့ zone 3 လက် မှတ် အသစ် ၀ယ်ရင်ဝယ်၊ ဒါမှမဟုတ် လိုသလောက် zone  အတွက် ထပ်ဝယ်လို့ရပါတယ်။

ပါရီမြို့မှာတစ်နေကုန်လျှောက်လယ်ချင်ရင်တစ်နေ့စာလက်မှတ်လည်းဝယ်လို့ရပါတယ်သူကတော့ အချိန်သတ်မှတ်ချက်ရှိပါတယ်။ မနက်ကနေ ည ၁၂ နာရီအထိသုံးနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ရက် ကုန်ရင်သုံးလို့မရပါဘူး။

မြေအောက်ရထား တံခါးတွေက အလိုလိုပွင့်တာရှိသလို ဖွင့်ရတာတွေလည်းရှိပါတယ်။ တစ်ချို့က နှိုပ်ပြီးဖွင့်ရတယ်။ တစ်ချို့က လက်တံကိုအပေါ်လှည့်ဖွင့်ရပါတယ်။  သတိထားဖို့က ရထားထဲမှာ ခါးပိုက်နှိုက်တွေရှိပါတယ်။ အနောက်တိုင်းရုပ်နဲ့ အဖြူမ အသက် ၁၀ နှစ်ဝန်း ကျင် တွေဖြစ်ပါတယ်။ အရှေ့ဥရောပမှလာသူများဖြစ်ပါတယ်။ မြန်မာတိုင်းလိုလို အနှိုက်ခံကြရ ပါ တယ်။ အရှေ့တိုင်းသားတွေ ပိုက်ဆံနဲ့လက်ဝတ်လက်စားတွေ အိပ် ထဲမှာပါလေ့ရှိတာ ကြောင့် ရယ်။ ဟိုငေးဒီငေးနဲ့ တောသားမှန်း သိသာတာကြောင့်တစ်ကြောင်းဖြစ်ပါတယ်။ ရန်ကုန်မှာလို အိပ်ကိုဓါးနဲ့ခွဲထာတွေလဲရှိပါတယ်။

မြေအောက်ရထားထဲမှာ ပိုက်ဆံတောင်းတဲ့ သူတွေရော်၊ ရေမချိုးတဲ့ သူတောင်း စား တွေလဲရှိ ပါတယ်။ ရေမချိုးတဲ့ သူတောင်းစားရှိတဲ့ နေရာဆို လူရှင်း ပါတယ်။ အနံ့ဆိုး လွန်းလို့ လူမရှိတာပါ။ မြတ်ဘုရားဟောတဲ့ ဒီကိုယ်ကြီးဟာ အပုပ်ကောင်ကြီး ဆိုတာ မှန်ကြောင်း သက် သေပြနေတဲ့သူတွေပါပဲ။ ပဲရစ်မှာ ကြောက်ရတဲ့သူတွေက အဲ့ဒီ သူတောင်းစားတွေပါပဲ။ ပုလိပ် ထက်ပိုကြောက်ရပါတယ်။ သူတို့အိပ်နေ၊ ထိုင်နေတဲ့နေရာ ခြေသွားတင်မိရင်တော့ ဆဲလို့မဆုံး ပါဘူး။ ဝေးဝေးကရှောင်ပါ။ တစ်ချို့က ရူးလည်းနေ တာမို့ အခန့်မသင့်ရင် အလကားနေရင်း တံတွေးထွေးတာလည်း ခံရ တတ်ပါတယ်။

ပါရီမြို့မှာ ယဉ်ယဉ်လေးနဲ့ရူးနေတဲ့သူ ၁၀%ရှိပါတယ်။ မြေအောက်ဘူတာမှာ ရထား စောင့်နေသူ အနည်းဆုံး ၅၀-၁၀၀ ရှိတာမို့ ၅-၁၀ ယောက်လောက်ရှိနေတတ်ပါတယ်။ အဲ့ဒီလူတွေ စိတ်အခန့် မသင့်ရင် ရထားလာတဲ့အခါ သူကိုယ်တိုင်ဖြစ်ဖြစ်၊သူများကိုဖြစ်ဖြစ် ရထား လမ်းပေါ်ထွန်းချတာမျိုး၊ ရထားအမှီ ပြေးလာ တဲ့သူတိုက်မိလို့ဖြစ်ဖြစ် ရထားလမ်းပေါ်ကျ သွား ရင်တော့ သေဖို့ပဲရှိပါတယ်။ ဒါကြောင့် ရထားလမ်းဘေးမှာ ရပ်မစောင့်ပါနဲ့။ အန္တရာယ်ရှိ ပါ တယ်။ ရထားထွက်တော့မယ်ဆိုရင် ဥသြမှုတ်ပါတယ်။ တံခါးလဲ အလိုလိုပိတ်ပါတယ်။ ရထား ထဲအဖေါ်ပါသွားလို့ဆိုပြီး အပြေးမလိုက်ပါနဲ့။ လိမ့်ကျတာ၊ တံခါး ညပ်တာ ဖြစ်နိုင်ပါတယ်။ နောက်ရထားနဲ့ လိုက်ပြီး၊ အဖေါ်ကို ရှေ့ဘူတာမှာ ဆင်းပြီး စောင့်ခိုင်းပါ။

မြေအောက်ရထားတွေက အောက်သံလမ်းက လျှပ်စစ်လွှတ်ပြီး လျှပ်စစ်နဲ့သွားတာပါ။ ရထား လမ်း ပေါ်ပစ္စည်းတစ်ခုခုကျရင်ဆင်းမကောက်ပါနဲ့ ဓါတ်လိုက်သေနိုင်ပါတယ်။ တခါကရထားရုတ်တရက် ရပ် သွားလို့ ရထားပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားပါတယ်။ ရထားမောင်းသူ က အသံချဲ့စက်ကပြောပါတယ်။ လူတစ်ယောက် ရထားလမ်းပေါ် သေးပေါက်တာ မြင်လိုက် လို့ ဓါတ်လိုက်မှာစိုးလို့ ရပ်လိုက်ရတာပါတဲ့။ အနှစ် ၂၀၀၀ ပြည့်တုံးကပါရီမြို့ကိုလာလည်တဲ့ သူတွေအလွန်များတာကြောင့် လျှပ်စစ်နဲ့သွားတဲ့ မြေအောက်ရထား မထွက်နိုင် ဖြစ်နေပါ တယ်။ ရထားမောင်းသူက လူတစ်ချို့ဆင်းပေးဖို့ တောင်းပန်ယူရ ပါတယ်။

ပါရီလမ်းမကြီးတွေမှာ၊ Toilettes ၊ တွေရှိတတ်ပါတယ်။ အလကားသုံး လို့ရပါတယ်။ လမ်းမကြီးပေါ်က Toilettes တွေက သူ့ဘာသာ auto ဆေးကြောပါတယ်။ supermarket တွေမှာတော့ toilettes မရှိပါဘူး။ MacDonald စားသောက်ဆိုင်နဲ့လဘက်ရည် ဆိုင်တွေမှာ ပဲရှိပါတယ်။ ပန်းခြံတွေမှာ လည်း Toilettes ၊ တွေရှိတတ်ပါတယ်။ အလကားသုံး လို့ရပါတယ်။ အချို့ဘူတာတွေက Toilettes တွေက ပိုက်ဆံထဲ့ရပါတယ်။

မြို့ပြင်သွားတဲ့ semi –rapid ရထားကို RER လို့ရေးပါတယ်။ ဒါပေမဲ့ ပြင်သစ်လို (အဲဥအဲ) လို့ပြောတာမို့ (အာအီအာ) လို့ပြောရင် ဘယ်သူမှနားမလည်ပါဘူး။ ဗာဆိုင်းနန်း တော်နဲ့ Disney Land တွေသွားရင် စီးရပါတယ်။ RER ရထားတွေက များသောအားဖြင့် နှစ်ထပ်ဖြစ်ပါတယ်။ Paris မြို့ထဲမှာ ဆို မြေအောက်ရထားရဲ့ ဘူတာမှာပဲရပ်တာလည်းရှိပါတယ်။

နိုင်ငံခြားနဲ့ တခြားမြို့တွေသွားရင် TGV ခေါ်တဲ့ bullet train များစီးရပါတယ်။ Mont Saint Michael သွားရင်စီးရပါတယ်။ အဲ့ဒီရထားတွေမှာတော့ Toilettes နဲ့ စားသောက်ဆိုင် တွေပါ ပါတယ်။

ပဲရီမြို့ကလမ်းတွေ အထူးသဖြင့် လမ်းသေးလေးတွေမှာ ဗုံးတွေရှိပါတယ်။ ခွေးခြေး တွေကိုပြော တာပါ။ အထူးသဖြင့် လမ်းဘေးတွေ၊ သစ်ပင်ရင်းတွေမှာရှိတတ်ပါတယ်။ ချောင်ကျတဲ့ နေရာ တွေမှာ evening in Paris ဆိုတဲ့အတိုင်း ဆီးနံ့လှိုင်နေတတ်ပါတယ်။

အဲဒါတွေအပြင် ပါရီမြို့က tourist sites တွေပို့ပေးတဲ Paris Hop in -Hop out visit ကားတွေ လည်းရှိပါတယ်။ www.parislopentour.com မှာကြည့်လို့ရပါတယ်။ အဲ့ဒီ ကားတွေ ရပ်တဲ့နေရာတွေမှာ နာရီဝက်တစ်ခါကားထွက်ပါတယ်။ ပါရီမှာရှိတဲ့ ကြည့် စရာ နေရာတွေ မှာ ကြည့်ပြီး၊ ကားပြန်တက်စီးပြီး နောက်တစ်နေရာသွားလို့ရပါတယ်။ ကား လက်မှတ်ကို Hotel မှာလည်းဝယ်လို့ရပါတယ်။ ကားပေါ်မှာ လည်းဝယ်လို့ရပါတယ်။ ဈေးအတူတူပါပဲ။ internet ကလည်းဝယ်လို့ရပါတယ်။ နှစ်ရက်စာကို ၃၄ ယူရို ကျပါတယ်။

          ပါရီမြို့သိမ်မြစ်ထဲမှာ မော်တော်ဘုတ်နဲ့ မြစ်ရိုးတစ်လျောက် သွားတာလည်း ရှိပါတယ်။ Bateau Mouche လို့ခေါ်ပါတယ်။ အီဖေတာဝါ အောက်ဆိပ်ကမ်းကနေစီးလို့ရပါတယ်။ သိမ်း မြစ်တစ်လျှောက်  ရပ်တဲ့ဆိပ်ကမ်းတွေအများကြီးရှိပါတယ်။ နေသာတဲ့ ညနေ တွေမှာ စီးလို့ ကောင်းပါတယ်။ guide ရှင်းပြ တာကို ဘာသာစကားအမျိုးမျိုးနဲ့ နားထောင်လို့ရပါတယ်။ မြန်မာလိုတော့မပါဘူးပေါ့။

zone 2 လက်မှတ်
တစ်နေ့စာ ည ၁၂ နာရီထိ =  ၉.၇၅ ယူရို။
၂ ရက်စာ                    = ၁၅.၈၅ ယူရို။
၃ ရက်စာ                     = ၂၁.၆၀ ယူရို။
၅ ရက်စာ                     = ၃၁.၁၅ ယူရို။

ဆက်လက်ဖေါ်ပြပါအုံးမယ်။

No comments:

Post a Comment