:include data='blog' name='google-analytics'/>

Friday, April 20, 2018

TB ရောဂ့ဘယ်လိုပျောက်


ကျမ TB ရောဂါဖြစ်တာ၊ TB ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့်ကျမ ဆေး ၃ မျိုးလုံး မသောက်နိုင်ပဲ၊ အားအပျော့ဆုံး isoniazid တစ်မျိုးပဲ သောက်နိုင် တာမို့ ဆေးယဉ် မှာ ကြောက်ရတဲ့ အကြောင်းတွေ၊ ဒီကြားထဲ inferon shock ရပြီး သေမလိုဖြစ်ခဲ့တာတွေကို (သေကံ မရောက်သေးလို့သက် မပျောက်ခဲ့တာလား) မှာတင်ပြထားပါတယ်။

ရန်ကုန်ရောက်တော့ မဂိုလမ်းမှာကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ TB အထူးကုဆီသွားပြပါတယ်။ သူရဲ့ လူနာစောင့်တဲ့ အခန်းမှာ အမွှေးတိုင်အခိုးတွေနဲ့မွှန်နေပါတယ်။ သိရတာကသူက နတ်ကနား လည်း   ကတဲ့ အခြောက်ဆရာဝန်တဲ့။ ကျမရဲ့ ဓါတ်မှန်ကိုကြည့်ပြီး၊ အဆုတ်အသားထဲမှာ TB ရောဂါမရှိဘူး။ TB အဆုတ်ရေ၀င်တာ (Pleural effusion) က (hyperseneitivity Reaction) ခေါ်တဲ့ ကျမကိုယ်က ရောဂါ ကိုပြန်တိုက်တာအရှိန်လွန်သွားလို့ ဖြစ်တာပါ။ isoniazaid တစ်မျိုးပဲသောက်လည်းရပါတယ်တဲ့။ သူ့ရဲ့ထူးဆန်းတဲ့ အသွင်အပြင်နဲ့အပြုမူတွေကြောင့် သိပ် မထင်မကြီးပေမဲ့၊ သူပြောတာဟုတ်နိုင်တယ်။ မဟုတ်လည်း ကျမ ဘာမှလုပ်လို့မှ မရတာကြောင့် isoniazid တစ်မျိုးပဲသောက်နေခဲ့ပါတယ်။

မေမေကတော့ တစ်ရပ်ကွက်ထဲမှာနေတဲ့ ကျမရဲ့ငယ်သူငယ်ချင်းပြောတဲ့ နတ်ဆရာကိုသွားပြဖို့တိုက်တွန်းတာနဲ့ မေမေစိတ်ချမ်းသာအောင်ရယ်။ ဘယ်လို နတ်ဆရာက ကုတယ်ဆိုတာလည်းသိချင်တာနဲ့လိုက်သွားပါတယ်။

နတ်ဆရာဆိုတာက ကျမတို့နေတဲ့ ကျောက်မြောင်းဈေးလမ်းရဲ့အနောက်ဘက်ကသူဌေးတွေနေတဲ့ ဖိုးစိန်လမ်း (မင်းသားကြီးဦးဖိုးစိန်တို့နေခဲ့တဲ့လမ်း) ကအိမ်ပါ။ အဲ့ဒီက အိမ်တွေကခြံနဲ့ဝင်းနဲ့တိုက်အိမ်တွေပါ။ အိမ်ပိုင်ရှင်တွေက ရုံးမှာအလုပ်လုပ်ကြတဲ့ ရုံးဝန်ထမ်းအရာရှိတွေလို့ပြောပါတယ်။ အိမ်ရဲ့ဧည့်ခန်းမှာ နတ်ရုပ်တွေအများကြီးရှိနေပါတယ်။ နတ်ကနေသူ၊နတ်မေးနေသူတွေလည်းရှိနေကြပါတယ်။ နတ်ရုပ်တွေ ရှေ့မှာတင်ထားတဲ့ ငွေစက္ကူတွေ၊ စားစရာတွေလည်း အများကြီးပါပဲ။ ကျမ၊မေမေနဲ့သူငယ်ချင်းတို့ကို ရောက်ရောက်ချင်း ဒန်ပေါက်စားမလားဆိုပြီးဒန်ပေါက်လာကြွေးပါတယ်။ နတ်တင်ထားတဲ့ဆီက ယူကြွေး တာပါ။ ကျမတို့အရင်ရောက်နေတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်မေးကြပါတယ်။ အားလုံး နီးပါးက မှောင်ခိုကုန်ကူးကြမဲ့သူတွေပါ။ သူတို့အလုပ်အဆင်ပြေဖို့၊ အဖမ်းမခံရဖို့ဆုတောင်းပြီး၊ အလုပ်အောင်မြင်ရင် ဘယ်လို ကန်တော့မယ်ဆိုပြီး ဂတိပေးနေကြတာ ကြားနေရ ပါ တယ်။

အဲ့ဒီအချိန်ကမှောင်ခိုခေတ်စားတဲ့အချိန်ပါ။ ၁၀ ယောက်သွားရင် ၁-၂ ယောက်က သူ့ဘာသာ အဆင်ပြေမှာပါ။ ဒါပေမဲ့ နတ် မတာဆိုပြီး လာကန်တော့ကြလို့ ဒီအိမ် ဆန်းပွင့် နေတာလို့ မြင်မိပါတယ်။ တိုက်အိမ်နဲ့ခြံဝင်းရဲ့ ဟိတ်ဟန်၊ လာတဲ့သူတွေကို ကြွေးမွေးဧည့်ခံတာတွေက အထင်ကြီးစေပါတယ်။ တကယ်က သူများ နတ်တင်ခဲ့တဲ့ဟာတွေ သူတို့လည်းစား၊ ပိုတာ ရောက်တဲ့သူ အထင်ကြီး အောင်ကြွေး တာပဲ။

နတ်ဝင်သယ်တွေ တစ်ယောက်ပြီးတစ်ယောက်ဝင်ပူးကြတယ်။ မနှဲလေး ပူးရင် ခလေးလိုချွဲပြစ်တဲ့ အသံထွက်လာတယ်။ အဲ့ဒါပြီးတော့ နောက် တစ်ယောက်က နောက် နတ်တစ်မျိုးဝင်ပြန်တယ်။ ဒီနတ် ကျတော့ ထူးဆန်းတယ်။ ဘာစကားမှ မပြောဘူး။ ၀ူးဝူးဝါးဝါးနဲ့ အ အ လိုပဲ။ ကျမ နတ် ဗဟုသုတ သိပ် မရှိပေမဲ့။ အ အ နတ် တော့ မကြားဖူးပါဘူး။ နတ်ဝင်ရောင် ဆောင်တဲ့သူ အသံဖျက် မပြောတတ်လို့ဖြစ် ရမယ်။ နောက်တစ်ချက်က အိမ်တိုင်းမှာ အိမ်စောင့်နတ်ရှိတယ်။ ဒါကြောင့် နတ်ကနားပေးရင် နတ်မျိုး စုံလာလို့ရအောင် အိမ်အပြင်မှာပဲ နတ်ကနားပေးရတယ်လို့မြင်ဘူး၊ကြားဘူးပါတယ်။ အခုအိမ်ထဲမှာ ဆယ့်နှစ်ရာသီ ၊နတ်ပေါင်းစုံဝင်နေတာ မဖြစ်နိုင်ဘူးလို့စဉ်းစားနေတုံး ကျမ အလှည့် ရောက်လာ ပါတယ်။

မေမေက ကျမကျန်းမာရေးအကြောင်းပြောပြပါတယ်။ နတ်ဆရာက ကျမမျက်စေ့ထဲကို ရေမန်း ထဲ့ပြီး နတ်ပြုစားထားသလားဆိုတာစမ်းမဲ့အကြောင်းပြောပါတယ်။ ရေမန်းဆိုတာ သောက်ရေကို နတ် တင်ပြီးကျမမျက်စေ့ထဲ ခတ်ကြည့်ရုံပါဆိုလို့ ကျမ လက်ခံလိုက်ပါတယ်။ ပထမရေမန်းက နတ်ပြုစား ထားရင် စပ်မယ်လို့ပြောပါတယ်။ မျက်စေ့ထဲ ရေထဲ့တာမို့ ဘယ်စပ်မလဲ။ စပ်လဲ ကျမက မစပ်ဘူးလို့ပြောဖို့ ဆုံးဖြတ်ပြီးသားပါ။ မစပ်ဖူးဆိုတော့။ နောက် ရေမန်း ထပ်ထဲ့ပါမယ်။ အဲ့ဒါကျတော့ မစပ်ရင် နတ်ပြုစား တယ်ပေါ့။ ဒီရေ ဒီရေပဲ ထဲ့ တာ အတူတူပဲပေါ့။ ဒါပေမဲ့ စပ်တယ်လို့ပြောလိုက်တယ်။ အဖြေထုတ်လိုက်တော့ နတ်မပြုစားဖူးပေါ့။ ကျမ အဖြေကို နတ်ဆရာရော ကျမရောသိတယ်။ ဒါပေမဲ့နတ်ဆရာက ကျမ မယုံဘူး။ လှည့်စားပြီး ပိုက်ဆံညှစ်လို့ မရဘူးဆိုတာ အကဲခတ်မိတယ် (လူလိမ်ဆိုတာ လူပဲခတ်ပညာတတ်မှ လုပ်လို့ရတာ)။ ဒါကြောင့် နတ် မပြုစားပါဘူး။ ရိုးရိုးပါလို့ အဖြေ ထုတ် လိုက်တယ်။ သူငယ်ချင်းက ရောက်လက်စနဲ့ သူ့အတွက်နတ်ဗေဒင်မေးတယ်။ နတ်က ကျမတို့ကို ရစရာသိပ်မရှိလို့ ၀တ်ကျေတမ်းကျေပဲ ဖြေတယ်။ သူငယ်ချင်းရဲ့အိမ်မှာ ဖိနပ်စုတ်နဲ့ ထီးပျက် ရှိကြောင်း သူတို့ကို သူများ (သို့) လွင်ပစ်လိုက်ဖို့ပြောပါတယ်။ မြန်မာပြည်မှာ ဖိနပ်စုတ်နဲ့ ထီးပျက်မရှိတဲ့ အိမ်ရှိလို့လား။ အဲ့ဒီအချိန်က ဖိနပ်နဲ့ ထီးတွေဈေးကြီးတာမို့ တော်ရုံပျက်လည်း အိမ်နားမှာ သုံးလို့  ရတယ်ဆိုပြီး မပစ်ပဲ ထားကြတာပဲ။ လမ်းရောက်တော့ သူငယ်ချင်းက မှန်ကြောင်းပြောလာပါတယ်။ သူမကကျမနဲ့ ၁၀ တန်း တူတူအောင်ပါတယ်။ BSc ပါ။ အဲ့ဒီအချိန်က အလုပ်တွေသိပ်မရှားသေးလို့ ရုပ်ရှင်ရုံမှာ မာန်နေဂျာလုပ်နေပါတယ်။ သူလို ခေတ်ပညာတတ်တစ်ယောက်ကတောင်ယုံတယ်ဆိုတော့။ ပညာမတတ်တဲ့ အများစု အထူးသဖြင့်တောရွာ တွေက လူရိုးလူအ တွေအလိမ်ခံရတာမဆန်းပါဘူး။

တိုက်ဆိုင်လာလို့ ကျမသိတဲ့ လိမ်နည်းလေးတွေ ပြောပြချင်ပါတယ်။ ပေါ်တော်မူဘုရားအဖြစ်လိမ်တာဖေါ်ပြပြီးပါပြီ၊ နောက်တမျိုးက ဖိုထိုးရင်ရွှေဖြစ်တဲ့နည်းပါ။ ၀တ်ဖြူစင်ကြယ်ဝတ်ပြီးဖြစ်ဖြစ်၊ ရသေ့ပုံဖြစ်ဖြစ်ဝတ်ပြီး လိမ်လို့ရတဲ့နည်းပါ။ ဖိုထိုးတဲ့သူတွေကိုအယုံသွင်းပြီး၊ အလိမ်ခံမဲ့ ယုံလွယ်တဲ့ သူကို အသေအချာ သိမ်းထား တဲ့ ဆေးချောင်းကိုပေးပါတယ်။ အဲ့ဒီဆေးချောင်းကို ဖိုထဲ ဘယ်နေ့ဘယ်ရက် ဘယ်လိုထိုးရမယ်ဆိုပြီး လွယ်လွယ်ထိုးလို့ မရအောင်ပြောရပါတယ်။ ပြီးမှ နက္ခသင့်တဲ့ရက်မှာ ထိုးဖို့ ဆေးချောင်းကို ကပ်ပြီး ပေးပါ တယ်။ အဲ့ဒီဆေးချောင်းကို ရရချင်းဖိုထဲ ထဲ့ထိုးခိုင်းပါတယ်။ ဖိုထိုးတာနဲ့ မျက်စေ့ရှေ့မှာတင် ရွှေချောင်းလေး ပေါ်လာပါမယ်။ တကယ့် ရွှေပါ။ ဘယ်လိုလုပ်ထားသလဲဆိုတော့ တီကောင်ကိုရွှေမှုံတွေကြွေးထားပြီး အခြောက်ခံထားတာပါ။ ဖိုထိုးတဲ့အခါတီကောင်ရဲ့အသားတွေကြွေသွားလို့ သူစားထားတဲ့ရွှေတွေက တီကောင်ကိုယ် အတိုင်းအချောင်းကလေးဖြစ်ကျန်နေတာပါ။

ကျမ TB ရောဂါလည်း ဆေးတစ်မျိုးထဲနဲ့ပျောက်သွားပုံရပါတယ်။ ကျမအဆုတ်ထဲက ရေတွေ တစ်ဖြည်းဖြည်းခြောက်လိုက်လာပြီး အနာရွတ်တွေဖြစ် နေတာမို့ ရင်ပတ်ထဲမှာ အတွင်းကနေကြိုးနဲ့ဆွဲနေသလိုမျိုးခံစားရပါတယ်။ ဓါတ်မှန်ပြန်ရိုက်ကြည့်တော့ အဆုတ်ထဲကရေတွေမရှိတော့ပါဘူး။ လူလဲနေကောင်းလာပါတယ်။ နတ်ပြုစားတယ်ဆိုပြီး ကုခဲ့ရင်၊ နတ်ဆရာ စားပေါက်ပါပဲ။

စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ်တွေတိုးတက်ကြပါစေ။

No comments:

Post a Comment