:include data='blog' name='google-analytics'/>

Wednesday, April 18, 2018

ဆရာဝန်ရဲ့ဒုက္ခ


စပ်စံထွန်းဆေးရုံကို ရောက်စ ဆရာဝန်သစ်တွေကို ဘယ်ဆရာဝန်မှမလုပ်ချင်တဲ့ ပြင်ပလူနာဌာနမှာ တာဝန်ချထားပါတယ်။ အဲ့ဒီမှာ လက်ထောက်ဆရာဝန် (AS-assistant surgeon) ဆိုတဲ့တာဝန် ထမ်းဆောင်ရပေမဲ့ ကိုယ်ကူညီ (assist) ရမဲ့ ဆရာဝန်ကြီး မရှိ သလို၊ ကိုယ် လက်ထောက်ရမဲ့ ဆရာဝန် ငယ် ဝေးလို့ အလုပ်သင်ဆရာဝန် (House surgeon) တောင်မရှိပါဘူး။ ကိုယ်တစ်ယောက်ထဲ တပင်တိုင် ကပြနေ ရပါတယ်။ ဆေးရုံ လာပြတဲ့ လူနာတွေရဲ့ တစ်ဝက်ကျော်က မြန်မာစကားမတတ်တဲ့ ရှမ်း၊ပအို့၊နဲ့တောင်သူတွေဖြစ်ပါတယ်။ ကျမကလည်း တိုင်းရင်းသားစကားမတတ်။ အတူကျတဲ့သူနာပြုက တိုင်းရင်း သားစကားတတ်ရင်တော့ ဟန်ကျ တယ်။ နို့မို့ဆိုရင်တော့ လူနာတစ်ယောက်ကို ၅ ယောက်စာလောက် အချိန်ကုန်တယ်။ ပြင်ပလူနာဌာနမှာက ပုံမှန်အတိုင်း မနက်ပိုင်းကို လူနာ ၅၀-၆၀ လောက်ကြည့်ရ တယ်။ ဈေးနေ့နဲ့ စုံရင် ၈၀-၁၀၀ နား ကပ်သွားပြီ၊ ရာသီအပြောင်း တုတ်ကွေးထချိန်၊ ရင်ကျပ်နာ (asthma) ထချိန်ဆိုရင်တော့ သေပေတော့ ထမင်းစားပိတ်ချိန်အထိ လူနာမဆဲဘူး။ ကျမတို့ အားအင်ကုန် ခမ်းသလို တစ်လစာရတဲ့ ဆေးလည်း တစ်ပတ်၊ ၁၀ ရက်နဲ့ကုန်တယ်။ တကယ့် အရေးကြီးလိုအပ်တဲ့ လူနာ အတွက် ဆေးမကျန်လို့မဖြစ်ဖူး။ ဆေးကလည်း တစ်လစာကုန်ရင် ထပ်မရဘူး။ ကိုယ့် ဘာသာ ကြည့်ရှင်းပဲ။ လူနာ အများစုကလည်း ဆေးထိုးမှ သောက်ဆေးပေးရင် မကြိုက်ဘူး။ သူတို့ ရောဂါ မပျောက်ဖူးလို့ထင်တယ်။ အဲ့ဒီတော့ သူနာပြုဆရာမနဲ့ ကျမနဲ့ အချိတ်အဆက်လုပ်တားရတယ်။ ဥပမာ တကယ်အားနည်းတဲ့ ဗီတာမင်ဆေးထိုးဖို့ လူနာဆိုရင် ကျမက ဆေးစာအုပ်မှာ Injection Burplex  လို့ရေးတဲ့အပြင်  (* star ) ပါထဲ့ရတယ်။ ဆိုလိုတာက Burplex အပြည့်ထိုးပေးဖို့။ (* star ) မပါရင် Burplex  လျော့ထိုးဖို့။ ဘယ်လောက်လျော့ရမလဲဆိုတာကတော့ သူ့မှာလက်ကျန် (Stock) ရှိတဲ့ Burplex  အရည်အတွက်ပေါ် မူတည်ပြီး သူလျော့လိမ့်မယ်။  

Burplex က ဗီတာမင်ဘီမို့ ရောဂါကြောင့်ဖြစ်ဖြစ်၊အစားအသောက်ကြောင့်ဖြစ်ဖြစ်လိုအပ်မှ ထိုး ရတာပါ။ မပြို့ မအံတဲ့သူမှာ ဆေးလုံးသောက်လည်း အတူတူပါပဲ။ ဆေးထိုးမှပျောက်မယ်လို့အဆွဲ ရှိတဲ့ လူနာတွေကို (Psychology) စိတ်ပိုင်းအရထိုးပေးတာပါ။ သောက်ဆေးအနေနဲ့လည်း တစ်ပတ်စာ ပေး လိုက်တာမို့ပျောက်မှာပါ။ Burplex ထိုးဆေးရောသောက်ဆေးရော အ၀ါရောင်ရှိတယ်။ တစ်ချို့လူနာက  အ၀ါရောင်မှတ်ထားတယ်။ ပြီးတော့ Burplex ထိုးဆေးက ဆေးဝင်သွားရင် အသားနာတယ်။ တစ်ချို့လူနာကျတော့ အသား နာတာကိုမှတ်ထားတယ်။

အရောင် မမှတ် ထားတဲ့သူ၊ နာမှန်းဘာမှန်းမသိတဲ့သူ၊ဆေးထိုးရရင်ပြီးရော်ဆိုတဲ့လူနာတွေတော့ အသားမနာတဲ့ B12  ထိုးပေးရတယ်။ တစ်ချို့လူနာကလည်း B12 ထိုးရမှဆိုတဲ့အဆွဲရှိတယ်။ B12 က အနီရောင်၊ အသားလည်းမနာဘူး။  အပြင်လူနာဌာနမှာလာပြတဲ့သူတွေထဲမှာ B12 တကယ်လို အပ် တဲ့ သူမရှိသလောက်ပါပဲ။ မွေးရာပါ B12 ကိုယ်ထဲကိုမစုပ်နိုင်တဲ့သူ (နိုင်ငံခြားမှာရှိပေမဲ့ မြန်မာပြည်မှာတော့ တစ်ယောက်မှ မတွေ့ဖူး သေးဘူး)၊ အစာအိမ်ဖြတ် တောက်ထားထာတဲ့သူ၊ဆီချိုရောဂါဖြစ်တာကြာနေ တဲ့ သူလောက်သာ B12 လိုတာပါ။ ဒါပေမဲ့ဘာကြောင့်မှန်းမသိ မြန်မာပြည်မှာ B12 ဆွဲလမ်းတဲ့သူတွေ တော်တော်များတယ်။ B12 ဆိုလို့ ကျမတို့ ဘက် (Batch) မှာ နဲနဲ ကြောင်နေတဲ့သူတစ်ယောက်ရှိတယ်။ သူက ငါ့ဆီမှာ B12 ကုန်နေတုံး လူနာတစ်ယောက်က B12 ထိုးချင်လို့ဆိုပြီးရောက်လာတယ်။ အဲ့ဒါနဲ့ငါလည်း B6 နှစ်လုံးထိုးပေးလိုက်တယ်တဲ့။ ဘုန်းကြီးရူးနဲ့ လှေလူး ဆိုတာ ဒါမျိုး ထင်တယ်။  B12 က B6 နှစ်လုံးပေါင်းထား တာမဟုတ်ပါဘူး။ ဗီတာမင်တွေကို A, B, C, D, E, F, K ဆိုပြီးသူတို့ရဲ့လုပ်ငန်းနဲ့သဘာဝမတူညီလို့ အက္ခရာခွဲပြီးသတ်မှတ်ထားတာပါ။ B မျိုးမှာမှ မျိုးစိတ် တွေများတာကြောင့် နံပါတ် တွေထပ် တပ်ပြီး B1, B2, …..B12 ရယ်လို့မှဲ့ခေါ်ထားတာပါ။  

ဆေးထိုးရင်အားရှိမယ်၊ကျန်းမာမယ်လို့ဆွဲနေတဲ့ ပအို့ထိုင်းရင်းသားတစ်ယောက် အကြောင်း ပြော ပြရအုံးမယ်။ သူက တောင်ကြီးဈေးထဲက အူချုပ်တဲ့ ချီဝယ်လာပြီး သူ့ကို အားရှိအောင်ထိုးပေး ပါဆိုပြီး ရောက်လာတယ်။ အဲ့ဒီချီက ဖန်ပြွန်ထဲမှာဆေးရည်နဲ့ဆိမ်ထားတာ။ သူ့ကိုလိမ်ရောင်းလိုက်တာ။ ကျမတို့မှာ သူနားလည်းအောင် မနည်းရှင်းရတယ်။ တော်သေးတယ် အဲ့ဒီနေ့က တာဝန်ကျတဲ့ ဆရာမလေးက ပအို့မလေးဖြစ်နေလို့။ ဆေးထိုးဆွဲတာ နဲ့ပတ်သက်ပြီး ကျမအဖွါးအကြောင်းပြောရအုံးမယ်။ အဖွါးက အစာကို လျော့စားတယ်။ ယခုခေတ်မမ တွေလို ယဉ်တစ်ကိုယ်မယ် (slim body) ဖြစ်ချင်လို့မဟုတ်ဘူး။ သူ့ကို အစား မက်တယ်လို့ အပြောခံရမှာစိုးတယ်။ ဖုတ်ဝင်တယ်လို့ထင်မှာလည်းကြောက်တယ်။ ဒါပေမဲ့ အားနည်းမှာလည်းကြောက်တယ်။ သူအားနည်းတယ်လို့ယူဆရင် သူ့ကိုအားဆေး (အကြောဆေး) ထိုး ပေးမှကြိုက်တယ်။ အသားဆေးဆို နာလို့ မကြိုက်ဘူး။ ကျမက အဖွါးလည်းအသက်ကြီးပြီး အန္တရာယ် လည်း မရှိလို့သူစိတ်ချမ်းသာအောင် တစ်လတစ်ခါ အကြောဆေး ထိုးပေးပါတယ်။ ကျမ တောင်ကြီးမြို့မှာ တာဝန်ကျတော့ အဖွါးရဲ့ ကျန်းမာရေးကို ကျမမောင် ဆရာဝန်က ဆက်လက် တာဝန် ယူတယ်။ သူက အဖွါး အစာ စားနိုင်တာပဲ။ ဘာလို့ဆေးထိုးမလဲ။ အစာသာ ၀၀ စားလို့ပြောတယ်တဲ့။ အဖွါးက (ဦးလေးအိမ် မှာနေပါတယ်) သူ့မြည်းကိုပြောမရတော့ သူ့အိမ်နားက ဆေးခန်းမှာသူ့ဘာသာ သွားထိုးတယ်။ ကျမ ရန်ကုန်ပြန်ရောက်တော့ အဖွါးက ပြောတယ်။ နင့်မောင်က ဆရာဝန်သာဖြစ်တယ်။ ဆေး မထိုးတတ် ဘူး တဲ့။ ကဲမှတ်ထား။

         အပြင်လူနာဌာနမှာ ဆေးထိုးချင်တဲ့လူနာတွေရဲ့ပြဿနာအပြင် နောက်ပြဿနာတစ်ခုက လူနာတိုင်း က နားကျပ်နဲ့စမ်းသပ်မှကြိုက်တယ်။ နားကျပ်ဆိုတဲ့အတိုင်း နားအမှေးပါးဆီကို အပြင်အသံ တွေ မ၀င်ပဲ  လူနာ ကိုယ်ထဲက နှလုံးခုန်သံ၊ အဆုတ်ထဲကို လေ၀င်တဲ့အသံတွေကို ကောင်းကောင်း ကြားရအောင် လုပ် ထားတာ။ လူနာ ၂၀ လောက်ကို နားကျပ် နဲ့နားထောင်ပြီးရင် နားတွေကိုနာနေတာပဲ။ လူနာ ၅၀-၁၀၀ သာ နားကျပ်နဲ့ နားထောင်ရလို့ ကတော့ နားကွဲထွက်မယ်။ ဒါပေမဲ့ လူနာအများစုက သဘော မပေါက်ဘူး။ ရှင်းပြလည်းလက်မခံဘူး။ အပြင်လူနာဌာနကိုလာပြတဲ့ လူနာအများစုကလည်း နားကျပ် နဲ့နားထောင်စ ရာ မလိုဘူး။ ဒါပေမဲ့ မကြေနပ်ပဲ ၁၅ပြားတန် (အဲ့ဒီအချိန်ကတန်းဖိုး) တံဆိပ်ခေါင်းနဲ့ တိုင်စာပို့ရင်လည်း အလကားနေရင်းဖြေရှင်းရတဲ့အလုပ်ရှုပ်တဲ့အပြင် မသိတဲ့သူတွေရဲ့အထင်မှားတာခံရအုံးမယ်။ ဒီပြဿနာ ကိုဘယ်လိုဖြေရှင်းရမှန်းမသိဖြစ်နေတုံး ခလေးအထူးကု ကွယ်လွန်သူ ဆရာဦးဝင်းမြင့်ရှေ့မှငြီးငြူမိတယ်။ ဆရာက ဘာမှမပူနဲ့ နားကျပ်ကို နားမှာချိတ်ရုံချိတ်ထား၊ ဘေးလူးက နားကျပ်တပ် ထား တယ်လိုမြင်မယ်။ ဒါပေမဲ့ နားပေါက်ဝမှာ လေလုံအောင် တပ်ထား တာမဟုတ်လို့ နားမနာဘူး။ လူနာလည်း စိတ်ချမ်းသာ။ ကိုယ်လည်းစိတ်ချမ်းသာပေါ့။ အဲ့ဒီလို နားကျပ်နားမှာချိတ်တားပြီး ဟန်မပျက်လူနာ့ ရင်ပတ် ပေါ် ထောက် ပေမဲ့ ဘာသံမှ မကြားရဘူး။ ဒါကြောင့် တစ်ရက်ကြီး တစ် နည်းသာ လို့ပြောတာကိုး။ ကျေးဇူး အထူး တင် ပါတယ် ဆရာ။ တစ်ခါတစ်ခါ အဲ့ဒီလိုထောက်ထားရင် မရီ၊မပြုံးမိအောင် တော်တော် သတိ ထားရတယ်။

         ဆေးရုံတင်ဖို့လိုတဲ့လူနာဆိုရင် ဆေးရုံတင်မှတ်တမ်းမှာ (Admission chart) လူနာရဲ့ ရောဂါ ရာဇ၀င် (History) ဘယ်အချိန်ကစဖြစ်တယ်။ ဘယ်လိုဖြစ်တယ်စသည်၊ စမ်းသပ်တွေ့ရှိချက်၊(Physical findings) ၊ ဖြစ်နိုင်သော ရောဂါ (များ) Diagnosis (Differential Diagnosis) စတာတွေအပြင် လူနာရဲ့ လိုအပ် လျှင် ဆက်သွယ်နိုင်မဲ့နေရပ်လိပ်စာပါရေးပေးရပါတယ်။ တစ်နေ့ ပအို့အမျိုးသားလူနာကို အဖိုး ဘယ်မှာနေသလဲ လို့မေးတော့ အံ့သြတဲ့ မျက်နှာနဲ့ အိမ်မှာနေတယ်လေတဲ့။ ဟုတ်ပေသားပဲ။ ဘယ်သူမှ ဇရပ်မှာမှ မနေတာ။ ဒီမိန်းမ ဆရာဝန်ဖြစ်နေပြီး ဒီလောက်တောင်မသိဘူး။ အင်းဘယ်လိုမေးရပါ့။ ဘယ်ကလာလဲ ဆိုရင် အိမ်ကလာတယ်လို့ထပ်ဖြေရင် အခက်။ အိမ်လိပ်စာလို့ မေးရင်။ ပေါက်ပေါက်ဆုတ်နဲ့ ကဇွန်ရွက်လို့တော့ မဖြေတန်ပါဘူး။ ဒါက နောက်တောက်တောက်လူတွေပဲ ပြောတာပါဆိုပြီး အရဲစွန့်မေးတော့မှ အဖြေမှန် ရပါတော့တယ်။ 

          အခုနှစ်ပေါင်း ၄၀ နီးတာတောင်မှတ်မိနေတဲ့ ပအို့စကားတစ်ခုက ဘိန်းဘိန်း။ ဘိန်းဘိန်းဆိုတာ အိပ်ရာမှာ အိပ်လို့ပြောတာ။ ဘိန်းတစ်အားဆို။ ပက်လက်အိပ်ခိုင်းတာ။ ရန်ကုန်ရောက်တော့ သူငယ်ချင်းတွေကိုပြောပြတော့ ။ လူနောက်တွေက ရူရူ လို့ လိုက်ပြောကြတယ်။

ရှမ်းပြည်မှာတွေ့ဖူးတဲ့ တိုင်းရင်းသားတွေထဲမှာ ကျမအချစ်ဆုံးက ပအို့တွေပဲ။ သူတို့က ခလေးတွေလိုပဲ အရမ်းရိုးသားတယ်။ ပအို့မလေးတွေနဲ့ ခလေးတွေဆို ပါးနီ မဆိုးရပဲ ပါးလေးတွေ နီနေကြတယ်။ အသား တွေဖြူပြီးသဘာဝအတိုင်းလှကြတာ။ ဒါကြောင့် သဘာဝအလှမြင်တတ်တဲ့ သူငယ်ချင်း နှစ်ယောက် ပအို့သူနာပြုနဲ့ ရှမ်းသူနာပြုတွေနဲ့ ဖူးစားဆုံသွားကြတယ်။ နောက်ပြီး ဟုတ်ကဲ့ အစား သြ သြ လို့ထူးတာကိုက တော်တော် နားထောင်လို့ကောင်းတယ်။


     









No comments:

Post a Comment