:include data='blog' name='google-analytics'/>

Saturday, May 3, 2014

မြန်မာစကားလုံးလေးတွေရဲ့နောက်ကွယ်ကလေးနက်သောအဓိပ္ပါယ်များ။



မြန်မာစကားတွေရဲ့နောက်ကွယ်မှာ လေးနက်တဲ့အဓိပ္ပါယ်တွေရှိပါတယ်။ များသောအားဖြင့် ဗုဒ္ဓဘာသာက ဆင်းသက်တာများပါတယ်။ နေ့စဉ် ကျမတို့တစ်တွေစကားတွေဖေါင်နေအောင်ပြော နေကြပေမဲ့ ကိုယ်ပြောတဲ့စကားရဲ့အဓိပ္ပါယ်ကိုမသိကြတာများပါတယ်။ ဥပမာ။

၁။ တိရစ္ဆာန် ဆိုတာ အိပ်၊စား၊ကာမဂုဏ်ခံစားခြင်းဆိုတဲ့ သုံးမျိုးကိုသာသိတဲ့ သတ္တ၀ါကိုခေါ်တာပါ။
၂။ လူ့တိရစ္ဆာန် ဆိုတာ (အိပ်၊စား၊ကာမ၊ ဤသုံးဝတွင်လူနဲ့နွားဟာ မခြားတူတူ၊လူ လူ တစ်ခုထဲထူး၊အသိဥာဏ်တရား။) ဆိုတဲ့သီးချင်းစာသားထဲကလို အိပ်၊စား၊ကာမဂုဏ်ခံစားခြင်းကိုသာသိရင် လူဖြစ် နေပေမဲ့ လူအစစ်မဖြစ်သေးတဲ့သူတွေကိုဆိုလိုတာပါ။
၃။ ရှေးကအဘိဓမ္မာသိကြတဲ့ သူတွေက တိဟိတ် တိရစ္ဆာန် ဆိုပြီး နာမ၀ိသေသန (adjective) တတ်ပြီး တောင်ပြောကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိရစ္ဆာန် ဆိုတာကောင်းတဲ့ ဟိတ် သုံးပါးဖြစ်တဲ့ အလောဘ၊အဒေါသ၊အမောဟ တစ်ခုမှမပါဘဲပဋိန္ဓေနေကြတဲ့သူတွေမို့ပါ။
၃။ ကာမပိုင်ယောက်ျား ဆိုတာ ယောကျာ်းတိုင်းကိုပြောတာမဟုတ်ပါဘူး။ သူမရဲ့ ကာမဂုဏ်ကို
တရားဝင်ပိုင်ဆိုင်တဲ့ယောက်ျားကိုပြောတာပါ။
၎။ မသိမသာ ဆိုတဲ့စကားကို မထင်ရှားတဲ့အပြောအဆို၊အပြုအမှု တွေမှာ သုံးကြ ပါတယ်။ ရပ်ရွာအရေး ဆောင်ရွက်ခဲ့တဲ့သူ ဆိုရင် တစ်ရပ်လုံးတစ်ရွာလုံးကသိကြပါတယ်။ ဒါပေမဲ့ရပ်အကျိုးရွာအကျိုး မဆောင် ရွက်တဲ့သူဆိုရင် ဘယ်သူမှ မသိကြပါဘူး။ အဲ့ဒီလိုလူသေတဲ့အခါ ဘယ်သူမှ မသိတဲ့ မသာအလောင်း။ အတိုချုံးတော့  မသိ မသာ ဖြစ်သွားပါတယ်။
၅။ ကျေးဇူးကန်းသည်။ ကန်းတယ်ဆိုတာ မမြင်တာပါ။ မိမိအပေါ်ပြုထားဖူးသော ကျေးဇူးတရား များကိုမမြင် တဲ့အတွက် ကျေးဇူးရှင်အပေါ် မလုပ်သင့်တာတွေ လုပ်ကြ တာကိုဆိုလိုတာပါ။
၆။ ကမ်းတက်သည် (spoilt)။ လိုက်လျောမှုကိုအခွင့်ကောင်းယူပြီး ပိုမိုအခွင့်အရေးယူခြင်း။ မြစ်၊ချောင်း၊
သမုဒ္ဒရာရေတွေဟာ သဘာဝအားဖြင့် ကမ်းကိုကျော်ပြီးမတက်ပါဘူး။ သဘာဝမဟုတ်ဘဲ ကျော်တက် ရင် တော့ ရေကြီးခြင်းစတဲ့ အန္တရာယ်တွေနဲ့တွေ့ကြုံပါလိမ့်မယ်။ ဒီလိုဘဲ အခွင့်ကောင်းပိုယူမိရင်အန္တရာယ်
တွေ့ပါလိမ့်မယ်။
ရ။ ကံတူအကျိုးပေး။ ကံမ နိယာမအရ ကံတစ်ခုကိုပြုလုပ်လိုက်ပြီဆိုရင်၊အဲ့ဒီကံရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို ခံစား ရပါမယ်။ မိသားစုတစ်စု၊ဒါမှမဟုတ် ကား၊ရထားစတာတွေနဲ့အတူသွားသူတွေ အတူတူအန္တရာယ်တစ်ခုခုနဲ့ရင်ဆိုင်ရတာဟာရှေးဘ၀တွေကပြုခဲ့တဲ့ကံတွေတူကြလို့အကျိုးတူ ခံစား ရတာပါ။
၈။ ကံကုန်သည်။ လူ့ဘ၀ရဖို့အတွက်လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေကုန်သွားရင် လူအနေနဲ့ဆက်လက် ရှင်သန်လို့မရတော့ပါဘူး။ ဒါကြောင့် ကံကုန်တယ်ဆိုတာ သေဆုံးတယ်ဆိုတာထက်  ပိုပြီး အဓိပ္ပါယ်
လေး နက်ပါတယ်။
၉။ ကျွန်းကိုင်းမှီ  ကိုင်းကျွန်းမှီ (mutual reliance)။ ကျွန်းတစ်ခုရပ်တည်နေဖို့ဒီကျွန်းမှာပေါက်နေတဲ့ ကိုင်းပင်တွေက ထောက်ပံ့ပါတယ်။ ကိုင်းပင်တွေဆက်လက်ရှင်သန်ဖို့အတွက်လဲ ကျွန်းရှိမှဖြစ်ပါတယ်။ ဒါကြောင့်တစ်ဦးနဲ့တစ်ဦးအပြန်အလှန်အမှီသဟဲပြုကြတဲ့အခါမှာအသုံးပြုပါတယ်။
၁၀။ ပေါ့ဆ သည်။ ပေါ့တယ်ဆိုတာ မလေးနက်တာ၊ ဆ တယ်ဆိုတာ အလေးချိန် ဘယ်လောက်ရှိ သလဲဆိုတာ လက်ပေါ်တင်ပြီးမှန်းဆကြည့်တာ။ ဒါကြောင့် မတိကျဘူး။ အားလုံးချုံလိုက်တော့ လေးနက်မှုတိကျမှု မရှိဘူးလို့အဓိပ္ပါယ်ရပါတယ်။

လေးနက်တဲ့အဓိပ္ပါယ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာစကားတွေကိုထိန်းသိမ်းတဲ့အနေနဲ့ အဓိပ္ပါယ် မရှိတဲ့ ဗန်းစကားတွေ (slang) မပြောဆိုခြင်းဖြင့်  ကာကွယ်စောင့်ရှောက်ကြပါဆို့

ဆက်လက်ဖေါ်ပြပါမည်။

အခြားသောမြန်မာစကားများအပြင်။  စာလုံးပေါင်း အမှားများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အမှားများ၊ တွေ့ရှိပါက comment ပေးခဲ့ခြင်းဖြင့် အားပေးကြပါလို့။

No comments:

Post a Comment