:include data='blog' name='google-analytics'/>

Tuesday, May 28, 2013

ငါသိ ငါတတ်။




ကျမ ၈ တန်းနှစ်မှာ သိပ္ပံတွဲယူတာမို့ (အများယူလို့လိုက်ယူတာပါ။ သိပ္ပံတွဲဆိုတာဘာမှန်းမသိခဲ့ပါဘူး။) ဓါတုဗေဒနဲ့ ရူပဗေဒပညာတွေစသင်ရပါတယ်။ ရူပဗေဒပညာမှာ အရာဝတ္ထုတွေဟာ အပူချိန်များရင် ပွလာပြီး၊အပူချိန်အေးတဲ့အခါကြုံ့သွားကြကြောင်း စသဖြင့်သင်ရပါတယ်။ အငယ်တန်း တွေမှာ မသင်ခဲ့ရတဲ့ အသစ်အဆန်းတွေသင်ရလို့ ကျမအလွန်စိတ်ဝင်စားပါတယ်။

     မိုးတွင်း တစ်နေ့ မိုးတွေရွာလို့ ပြူးတင်ပေါက်တွေလှမ်းပိတ်နေရာက မေမေက မိုးတွင်ရောက်ရင် တံခါးတွေက ကြပ်ပြီး  ပိတ်ရတာသိပ်ခက်တာပဲလို့ငြီးပါတယ်။ ကျမ စဉ်းစားမိတာက မိုးတွင်း ရာသီဥတု အေးတဲ့အချိန်မှာ ရူပသိပ္ပံသဘောအရ  ပြူးတင်ပေါက်တွေ ကြုံမှာမို့ ပိတ်လို့ပိုလွယ်ရမယ်။ နွေလို ပူပြင်း တဲ့ရာသီမှာ ပြူးတင်ပေါက်တွေ အပူကြောင့်ပွမှာမို့ တံခါးပိတ်ရတာ ပိုခက် ရမယ်။ မေမေပြောတာ ပြောင်းပြန်ဖြစ်နေတယ်လို့ယူဆတာမို့ ကျမရဲ့ သိပ္ပံပညာသဘောတွေကို ကျောင်းမနေခဲ့ရတဲ့ မေမေ့ကို ရှင်းပြပါတယ်။ မေမေက နင့်သိပ္ပံ ပညာခဏထား လက်တွေ့အရ မိုးတွင်းမှာ ရာသီဥတုအေးလို့ တံခါးတွေ ကြုံ့တာက တော်တော် မိုးရေတွေတံခါးတွေထဲဝင်ပြီး ရေတွေနဲ့ပွနေလို့ မိုးတွင်းမှာ တံခါးပိတ်ရ ခက် ကြောင်း။ နွေမှာတော့ ရာသီဥတုခြောက်သွေ့တာကြောင့် တံခါးတွေပိတ်ရဖွင့် ရ လွယ် ကြောင်း လက်တွေ့ရော်၊ အကြောင်းအကျိုးပါရှင်းပြပါတယ်။ စာတွေ့သာရှိတဲ့ ကျမ လက်မြှောက် အရှုံး ပေးလိုက်ရ ပါတယ်။

       တစ်မိုးကုန်လို့ တစ်နွေထပ်ရောက်ပြန်တော့ မေမေတစ်ယောက်သနပ်ခါးလိမ်းနေရာက နွေဆိုရင်
သနပ်ခါးခြောက်ခဲကြောင်း ရပ်တောင်ခပ်နေရာကငြီးသံကြားလိုက်ရပါတယ်။ ဒီတခါတော့ ကျမ နိုင်မယ်လို့
ဝမ်းသာအားရနဲ့ မေမေ့ဆီသွားပြီး မေမေကလည်းနွေ ပူတဲ့ရာသီမှာ သနပ်ခါးအခြောက်မြန်ရမှာပေါ့လို့ ဆရာသွားလုပ်ပါတယ်။ မေမေပြန်ဖြေလိုက်တာကတော့ နွေမှာ ကိုယ်ကချွေးထွက်တာမို့သနပ်ခါး မခြောက်ကြောင်း လက်တွေ့ပြလိုက်ပါတယ်။ ကျမ သိပ္ပံပညာရှင်ကြီးလည်း ခွေးအကြီး လှည့်နင်းသလို
ဖြစ်နေရုံကလွဲပြီးဘာမှ အတွန့်မတတ်နိုင်တော့ပါဘူး။

          ဒီအကြောင်းတွေ အဖေ့ကိုပြောပြတော့ အဖေက သမီးလိုပဲ ကျောင်းဆင်းခါစ ဆောက်လုပ်ရေး ကျောင်းသားတွေကြောင့် တံတားဆောက်တဲ့ လက်သမားတွေကို သစ်တွေခိုးတယ်ဆိုပြီး အတိုင်းခံ ခဲ့ရ ဘူးတယ်တဲ့။ ကျောင်းသားတွေက သစ်ဘယ်လောက် ကုန်မလဲဆိုတာကိုတွက်ချက်ထားတာနဲ့ တကယ် ကုန်တာက အများကြီးဖြစ်နေတယ်တဲ့။ ဒါကြောင့် လက်သမားတွေ သစ်တွေအလွဲသုံးစား လုပ်တယ် ဆိုပြီးတိုင်တာတဲ့။ အထက်လူကြီးတွေ ကွင်းဆင်း စစ်ဆေးတော့ သစ်ချောင်းတွေက ပိတ်စတွေလို တစ်ဆက်ထဲ အရှည် လိုက် ရှိတာမဟုတ်လို့ ၊လိုအပ်တဲ့အရှည်အတိုင်း ဖြတ်လိုက် တဲ့အခါ သစ် အစ ပိုင်းတွေကျန်ရစ်တယ်။ အဲ့ဒါကို ကျောင်းသား တွေက ထဲ့မတွက်မိကြလို့ တွက်တာနဲ့ တကယ်ကုန်တာ မကိုက်ဖြစ်ရတာတဲ့။

       ဒီလို သာမန်ကိစ္စတွေမှာတောင် စာတွေ့နဲ့တင် မလုံလောက်ပဲ လက်တွေ့ ပါ ပါမှသာ အမှန်သိမှာဖြစ် တယ်ဆိုရင်။ သံသရာကလွတ်မြောက်စေမဲ့ လောကသစ္စာတရားအမှန်ကိုသိဖို့အတွက် စာတွေ့ဖြစ်တဲ့ ဘာသာရေးစာပေတွေဖတ်ခြင်း၊တရားနာခြင်းများသာပြုလုပ်ထားတဲ့ သုတမယဥာဏ်သာရှိတဲ့သူတွေ        ၀ိပဿနာဘာဝနာ ခေါ်တဲ့ လက်တွေ့အလုပ် မလုပ်ကြရင်တော့ သူမှန်တယ် ငါမှန်တယ်ငြင်းနေကြ ရမှာပဲလို့ သဘောပေါက်မိပါတော့တယ်။





No comments:

Post a Comment