:include data='blog' name='google-analytics'/>

Thursday, May 23, 2013

ဘယ်ပန်းသာလို့ ယဉ်




muguet ပန်း
 
ပြင်သစ်နိုင်ငံမှာ မေလ တစ်ရက်နေ့ ရုံးပိတ်ရက်ရောက်တိုင်း လမ်းပေါ်မှာ muguet ပန်းဆိုင်တွေ လမ်းဘေးပလက်ဖေါင်းပေါ်မှာ မှိုတွေလိုအလှိုလှို ပေါ်လာကြတယ်။ ပြင်သစ်ဓလေ့အရ muguet
ပန်းဟာ လဒ်ကောင်းတယ်လို့ယူဆတာကြောင့် မိမိအတွက်ရော် မိတ်ဆွေတွေကိုပါလက်ဆောင်ပေး
ဖို့ဝယ်ကြတယ်။ ကျမကတော့ သဇင်ပန်းမရှိတဲ့အရပ်မှာ သဇင်လို သစ်ခွမျိုးချင်းတူတာရယ်၊တစ်နှစ်တခါ
ပွင့်တာရယ်၊ အဖြူရောင်ချင်း၊အခက်နေပုံချင်းတူတဲ့အပြင် ရနံ့ကလည်းဆင်ဆင်တူနေတာကြောင့်
သဇင်အစားဘုရားကပ်ဖို့ဝယ်လေ့ရှိပါတယ်။
 
မြန်မာနိုင်ငံမှာတုန်းက ဆောင်းရောက်ရင် မင်္ဂလာဆောင်တွေ၊ ဘွဲ့ယူပွဲတွေနဲ့အတူပွင့်ဖူးလာတဲ့ သဇင်ပန်း ဟာ ပန်းတွေထဲမှာ ဈေးအကြီး ဆုံးပဲ။ မေမေက ဈေးကြီးပေမဲ့ တစ်နှစ်တခါပွင့်တဲ့ ပန်းမို့ အနည်းဆုံး တစ်ခါတော့ ဘုရားပန်းတင်လေ့ရှိပါတယ်။ ကျမက မေမေစွန့်ပစ်တဲ့ သဇင်ပန်းတွေ ထဲက နဲနဲ လတ် နေတဲ့အခက်တွေကိုယူပန်လေ့ရှိပါတယ်။ မှတ်မှတ်ရရ ကျမ ဘွဲ့ယူတဲ့နေ့ကတော့ တစ်သက်တစ်ခါ ယူရတာဆိုပြီး သဇင်ပန်းတွေဝေနေအောင် ၀ယ်ပန်းခဲ့တယ်။

ကျမမှာ ညီမ နှစ်ယောက်ရှိပါတယ်။ ကျမတို့ ညီအမ ငယ်ငယ်က ဘာရယ်မဟုတ် တခါတလေ ကိုယ့်အကြိုက်ဆုံးတွေမေးလေ့ရှိပါတယ်။

ညီမ အကြီးကို ဘယ်ပန်းအကြိုက်ဆုံးလဲလို့ မေးတော့ ခရေပန်းကို အကြိုက်ဆုံးလိုဖြေ တယ်။ မေမေကခရေပန်းအနှံ့ကိုအလွန်နှစ်သက်တယ်။ စပါယ်ပန်းထက် ခရေပန်းကုန်းကို
ပန်လေ့ ရှိပါတယ်။ အဖေကလည်း ခရေပန်းတွေ့ရင် မေမေ့အတွက်ဝယ်လာလေ့ရှိတယ်။
ညီမ အကြီးက မေမေ့ကိုအလွန်ချစ်တယ်။ အဲ့ဒါကြောင့်ပဲ ညီမအကြီးက ခရေပန်းကို ကြိုက်တာလား တော့မသိပါဘူး။

ညီမအငယ်ကတော့ ဈေးပေါ်တဲ့၊ မြေပေါ်ကြွေကျတဲ့ ခရေပန်းမကြိုက် ဘူးတဲ့။ ဈေးအကြီးဆုံးနဲ့၊ သစ်ပင်ထိပ်ဖျားမှာပွင့်တဲ့ သဇင်းပန်းပဲကြိုက်တယ်တဲ့။

ကျမကတော့ ပန်းဆိုရင်လှတာ ရော် မလှတာရော်အကုန်ကြိုက်တယ်။ မွှေးတဲ့ပန်းကိုတော့ပိုကြိုက်
တယ်။ ဒါကြောင့် မွှေးလည်းမွှေး လှလည်းလှတဲ့ စပါယ်နဲ့နှင်းဆီကိုအကြိုက်ဆုံးပဲ။
(ကျမငယ်ငယ်က ပန်းတွေ့တိုင်း မွှေးလေ့ရှိလို့ မေမေက ဘုရားတင်မဲ့ပန်းဆို ငရဲကြီးမယ် မမွှေးရဘူး။  ဒီပြင်ပန်းတွေလည်း မမွှေးရဘူးနှခေါင်းပုပ်တဲ့ ဒိတ်ခတ်နာဖြစ်မယ်တဲ့။ ကြီးလာမှ တစ်ချို့ပန်းတွေက အဆိပ်ပြင်းလို့ မွှေးရုံနဲ့ အဆိပ်သင့်နိုင်သလို၊ ပန်းဝတ်မှုံကိုမတဲ့တာကြောင့်ဖြစ်တဲ့ (allergy to pollen) ရောဂါတွေလည်းဖြစ်နိုင်တာကိုသိရတယ်။ ကံကောင်းထောက်မစွာ အမျှော်အမြင်ကြီးတဲ့မေမေရဲ့ သမီးဖြစ်ရလို့)

ကျမ ၈တန်းနှစ်က သင်္ချာသင်တဲ့ဆရာဦးဘကျင်က သင်္ချာသင်္ခန်းစာတွေပြီးရင်မှတ်သားစရာ ဒဿနတွေ
ပြောပြလေ့ရှိတယ်။ ဆရာက မိန်းခလေးဆိုတာ ပန်းနဲ့တူတယ်တဲ့။ ပန်းရဲ့အလှက မိန်းခလေးတွေရဲ့အလှ။
ပန်းရဲ့အနံ့ကမိန်းခလေးတွေရဲ့အကျင့်နဲ့တူတယ်။
ဒါကြောင့် ပန်းတွေထဲမှာ အဆင်းရော်၊အချင်းပါရှိတဲ့ စပါယ်၊နှင်းဆီ၊သဇင်ပန်းတွေကို လူတွေက မြတ်နိုးကြတာ။ ဒါပေမဲ့ အဲ့ဒါတွေကို မတရားအသုံးပြုမဲ့သူတွေရဲ့ရန်က ကာကွယ်နိုင်တဲ အရည်အချင်း တွေရှိဖို့လဲလိုတယ်တဲ့။ အဲ့ဒီလိုပဲ မိန်းခလေးတွေဟာ စပါယ်လို၊သဇင်ပန်းလို့ မကျင့်ပဲနှင်းဆီလို ကျင့်ရမယ် လို့ ပြောပါတယ်။
စပါယ်ပန်းကိုအလွယ်တကူခူးယူနိုင်တယ်။ ဒါကြောင့် သိပ်တန်းဘိုးမထားပဲ လွယ်ကူလို့ခူးတာ မျိုး ခံရတတ်တယ်တဲ့။
သဇင်ပန်းကိုတော့ အလွယ်တကူမခူးနိုင်ဘူး။ ဒါပေမဲ့သူက သစ်ပင်ပေါ်မှီနေရတယ်။ သစ်ပင်ကြီးပြိုလဲ
သွားရင်သူလဲသေရတာပဲ။ ဒီလိုပဲ တစ်ချို့မိန်းခလေးတွေမှာ ကိုယ်တိုင်ရပ်တည်နိုင်တဲ့ အရည်အချင်း မရှိဘူး။ မိဘ၊မောင်ဘွား၊လင်သားပေါ်မှာလုံးဝမှီခိုနေကြတယ်။ သူတို့မှီခိုစရာမရှိတော့ရင် ဘ၀ပျက် တော့တာပဲတဲ့။
နှင်းဆီပန်းကတော့ အဆင်းရော်အချင်းပါပြည့်စုံတဲ့အပြင် အလွယ်တကူခူးလို့မရအောင်ဆူးတွေနဲ့ကာကွယ်ထားတဲ့အပြင် မိမိခြေထောက်ပေါ်မှာမိမိဘာသာရပ်တည်နိုင်တယ်တဲ့ ဒါကြောင့် သမီးတို့တွေလည်းနှင်းဆီပန်းတွေလိုဖြစ်အောင်ကြိုးစားကြပါလို့ ဆုံးမခဲ့တယ်။ ကျမ အလွန်ကံကောင်းပါတယ်။
အမျှော်အမြင်ကြီးတဲ့ မိဘအပြင်  အမျှော်အမြင်ကြီးတဲ့ဆရာသမားနဲ့လည်းတွေ့ခဲ့ရတယ်။

မြန်မာမလေးတွေအားလုံး အဆင်းေ၇ာ်အချင်းပါပြည့်စုံပြီး မိမိခြေထောက်ပေါ်ရပ်တည်နိုင်တဲ့နှင်းဆီပန်း ကလေးတွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။


No comments:

Post a Comment