:include data='blog' name='google-analytics'/>

Tuesday, February 10, 2015

ဗမာ ဆရာဝန် with Bamar Sayawon

ဗမာ ဆရာဝန် with Bamar Sayawon
သူ. အမြင်
...
အထင်ရှားဆုံးအမှတ်စက်
"ဆရာဝန်တွေလည်း ဆရာဝန်အလုပ်ကို မလုပ်ကြတော့ဘူး”
ဆိုင်တစ်ဆိုင်မှာ ထိုင်နေရင်း ရုပ်သံမှာလွှင့်နေတဲ့ ဆရာဝန်ဘွဲ့ရ အဆိုတော်မလေးတစ်ယောက်ရဲ့ ဖျော်ဖြေမှုကို ကြည့်နေတုန်း ကျွန်တော်ကြားလိုက်ရတဲ့အသံ ဖြစ်ပါတယ်။ ဒီစကား၊ ဒီအမြင်တွေက ခုမှကြားရတာတော့ မဟုတ်ပါဘူး၊ ဆရာဝန်တွေကို ဝေဖန်ချင်လို့ဖြစ်စေ၊ ဆိုနေတဲ့အဆိုတော်ကို မကြိုက်လိုဲ့ဖစ်စေ၊ အစိုးရနဲ့ပညာရေးစနစ်ကို အပြစ်ပြောချင်လို့ဖြစ်စေ၊ အကြောင်းတခုခုကြောင့် လူတွေ မကြာခဏပြောလေ့ရှိကြတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဆရာဝန်ဘွဲ့ရပြီး ဒါရိုက်တာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်၊ စီးပွါးရေးသမား၊ နိုင်ငံရေးသမားစသဖြင့် ဘ၀ရပ်တည်နေကြတဲ့သူတွေ ရှိပါတယ်။ သူတို့သာ ကိုယ်ဝါသနာမပါဘဲနဲ့ ဘွဲ့ရရုံသက်သက် ဆေးကျောင်းမတက်ခဲ့ဘူးဆိုရင်၊ သူတို့နေရာမှာ တကယ်ဝါသနာပါတဲ့သူတွေသာ တက်ခွင့်ရခဲ့ရင် တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိမလဲ တဲ့၊ သူတို့ပြောလေ့ရှိကြတယ်။ ခုတော့ တကယ်ဆရာဝန်ဖြစ်ချင်သူတွေ နစ်နာ၊ ဆရာဝန်လိုအပ်နေသူတွေလည်း နစ်နာ၊ ဆရာဝန်ပညာတွေလည်း ဆုံးရှုံးရတော့တာပေါ့ တဲ့။


ဒီအကြောင်းကို တွေးနေရင်းနဲ့ ကျွန်တော့်အပေါ် အလွှမ်းမိုးဆုံးစာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ “ကြိုးကြာတောင်ပံခတ်သံ” စကားလုံးလေးက ပါးစပ်ဖျား ရောက်လာတယ်၊ ဆရာပုံဖော်ထားသလို ပညာစုံလို့ ဆရာဝန်ဘွဲ့ ရပြီး ပရော်ဖက်ရှင်နယ်အဖြစ် လုပ်ငန်းနယ်ပယ်အသီးသီးကို ရောက်ရှိကုန်ကြတဲ့ ဆရာဝန်တွေကိုလည်း အတောင်စုံလို့ အမိဆေးတက္ကသိုလ်ကနေ နေရာအနှံ့အပြားကို ပျံဝဲထွက်ခွါ သွားကြတဲ့ ကြိုးကြာလေးတွေအဖြစ် မျက်စိထဲမြင်လာတယ်။ တခုပိုထူးခြားလာတာက ကျွန်တော်တို့ခေတ်ရဲ့ ကြိုးကြာလေးတွေက ပြန့်ကျဲမှု ပိုများလာတာပါပဲ၊ တချို့ကတော့ အစိုးရ၀န်ထမ်းအဖြစ် မြန်မာနိုင်ငံအနှံ့အပြားက ဒေသတွေဆီ ရောက်ကုန်တယ်၊ တချို့က တိုးတက်ပါပေ့ ဆိုတဲ့ နိုင်ငံရပ်ခြားမှာ၊ တချို့က ပြည်သူ့ကျန်းမာရေးအတွက် လုပ်ငန်းတွေဆောင်ရွက်နေကြတယ်၊ တချို့က NGO လောကထဲ၊ တချို့က ဆေးကုမ္ပဏီတွေမှာ၊ တချို့က စီးပွါးရေးလုပ်ငန်းအသီးသီးမှာ၊ တချို့ကျတော့လည်း အနုပညာအလုပ်တွေ လုပ်ရင်း ပရိသတ်တွေနဲ့ ပျော်မွေ့လို့ပေါ့။ တချို့လည်း ဆရာဝန်ပညာကို တိုက်ရိုက်အသုံးချပြီး ဆရာဝန်စစ်စစ်အဖြစ် ရပ်တည်နေကြတယ်။ တချို့လည်း ရောဂါကုသတဲ့
ဆရာဝန်စစ်စစ်တော့ ဟုတ်မနေပေမဲ့ ရောဂါကာကွယ်ပေးတဲ့ ကျန်းမာရေးစောင့်ရှောက်သူများအဖြစ် ရပ်တည်နေကြတယ်။ တချို့ကျပြန်တော့ ကျန်းမာရေးကဏ္ဍကို စီးပွါးရေးနဲ့ တွဲဖက်ပြီး အထောက်အကူပြုလို့၊ အနုပညာရှင်များကျပြန်တော့လည်း ဆရာဝန်ပညာနဲ့ ဘာမှကိုမဆိုင်တော့သယောင်။ အဓိကအပြောခံရဆုံးကတော့ အဲဒီလိုဆရာဝန်ပညာကို တိုက်ရိုက်အသုံးမချတော့တဲ့ ဆရာဝန်ဘွဲ့ရ များပါပဲ။ အများပြောကြသလို သူတို့တွေဟာ အလဟဿ အချိန်ဖြုန်းခဲ့ကြတာလား၊ အဆိုတော်လုပ်မှဖြင့် ဘာလို့ ဆေးကျောင်းမှာ နှစ်တွေအများကြီး အချိန်ကုန်ခံနေမလဲ၊ စောစောစီးစီးကတည်းက အဆိုသင်တန်းတွေတက်၊ ပြိုင်ပွဲတွေဝင်ပြိုင်၊ အခွေတွေထုတ်၊ ရှိုးတွေဆိုနေရင် ခုလောက်ဆို နာမည်တောင် ကြီးနေလောက်ပြီ မဟုတ်ဘူးလား။ ဒီကျောင်းကရလိုက်တဲ့ ဒီပညာ ဒီအသိတွေဟာ သူတို့အတွက်၊ နောက်ပြီး လူ့အဖွဲ့အစည်းအတွက် ဘယ်နေရာမှာမှ သုံးမရတော့ဘူးလား၊ စဉ်းစားစရာတော့ ကောင်းပါတယ်။
ဆရာဝန်တစ်ယောက်အတွက် အရေးအကြီးဆုံး အရည်အချင်းဟာ ဘာလဲဆိုရင် ကြောင်းကျိုး ဆက်စပ်တွေးခေါ်ခြင်း (Reasoning)ပါပဲ။ ဆေးတက္ကသိုလ်တက်စဉ်ကာလတစ်လျှောက်လုံး ဒါကိုပဲ အထပ်ထပ်လေ့ကျင့်ခဲ့ရတယ်၊ သင်ယူခဲ့ရတယ်။ ဒီအရည်အသွေးအပေါ် အခြေခံပြီး ရောဂါတွေရှာဖွေကြရတယ်၊ ရောဂါအမည်တပ်ကြတယ်၊ နောက်ပြီး ကုသမှုတွေ ပေးကြတယ်။ ဒီအလေ့အကျင့်တွေ ရလာခဲ့တဲ့သူတစ်ယောက်ဟာ လက်တွေ့ဘ၀မှာ ဘာကိုမှ အလွယ်တကူ မယုံကြည်တော့ဘူး၊ ချင့်ချိန်စဉ်းစားတတ်လာတယ်၊ အထောက်အထားကိုရှာတယ်၊ အချက်အလက်ခိုင်မာအောင် အရင်လုပ်တယ်။ လက်လွတ်စပယ်လည်း ဘာကိုမှ မလုပ်တတ်၊ မပြောတတ်ဘူး။ ဆေးရုံကို လူနာတစ်ယောက် ရောက်လာတဲ့အခါ “ရောဂါဖြစ်မှာပေါ့၊ ဟိုလူက ဘယ်လို၊ ဒီလူကြောင့် ဘယ်လို”ဆိုပြီး အပြစ်ထိုင်တင်နေတာ ဆရာဝန်တစ်ယောက်ရဲ့ အလုပ်မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ အလုပ်က ဘာကြောင့် ဒီရောဂါဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို ရှာပြီး အဲဒါ ကိုပျောက်ကင်းအောင် ရှင်းလင်းပေးရတဲ့အလုပ်ပဲ။ လက်တွေ့ဘ၀မှာလည်း ပြဿနာတစ်ခုဖြစ်လာတိုင်း အပြစ်တင်ခြင်းထက် အဖြေရှာခြင်းယဉ်ကျေးမှုနဲ့ ပိုနီးစပ်လာတယ်။
တစ်ခါတစ်လေ စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ အဖြေအားလုံးက ကောင်းနေတာပဲဆိုပြီး လူနာ တကယ်ခံစားနေရတာတွေကို မေးဖို့ လွတ်လွတ်သွားတတ်တယ်။ အဲဒီအခါတိုင်း လူနာကို အလေးထားကြည့်ပေးတတ်တဲ့ အလေ့အကျင့်ရလာစေဖို့ “Chart ကိုမကုနဲ့၊ Patient ကို ကု” ဆိုတဲ့ လေးစားရတဲ့ ဆရာကြီးဦးညွှန့်သိန်းရဲ့ ဆုံးမစကားကလည်း ကျွန်တော်တို့ကို အရေးကြီးတာ ဦးစားပေး တတ်အောင်၊ စာရွက်ပေါ်က အခြေအနေတွေထက် လက်တွေ့မှာ အလုပ်ဖြစ်နေဖို့ကို ပိုဦးစားပေး တတ်အောင် သင်ပြသွားခဲ့တယ်။ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာ အစည်းအဝေးလုပ်တဲ့အခါ စာရွက်ပေါ်မှာ Meeting Minutes မှတ်ပြီး ပြီးရော မလုပ်ချင်တော့ဘူး၊ အဲဒီမှတ်ထား၊ ဆွေးနွေးထားကြတဲ့ ကိစ္စတွေကို တကယ်အလုပ်ဖြစ်အောင် လုပ်တတ်လာတယ်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ လုပ်တယ်ဆိုတာ စာရွက်ပေါ်မှာ ရေးထားတဲ့ မိခင်သေနှုန်း ၄ ကနေ ၂ ဖြစ်သွားအောင် လုပ်တာ မဟုတ်ဘူး၊ မြေကြီးပေါ်မှာ တကယ်ရှိနေတဲ့ မိခင်တွေ တကယ်ကိုအသေအပျောက်နည်းလာအောင် ဆောင်ရွက်ကြတာကို ခေါ်ပါတယ်။ လက်တွေ့အလုပ်ဖြစ်ဖို့ထက် လူကြီးလာကြည့်တဲ့အခါ အပြလှဖို့သာ ဦးစားပေးရင်း အဖြစ်လုပ်နေကြတဲ့လူတွေကို တွေ့ရတဲ့အခါတိုင်း ဆရာကြီးရဲ့ ဆုံးမစကားကို ကြားယောင်မိတယ်။
ကျွန်တော်တို့ဆရာဝန်တွေအတွက် Treatment နဲ့ Management က တော်တော်ကွာခြားတယ်၊ အဆုတ်ရောင်ပြီး ဆေးရုံရောက်လာတဲ့ ကလေးကို ပိုးသတ်ဆေးပေးတာဟာ ကုသမှုဖြစ်ပါတယ်၊
ဆရာဝန်တစ်ယောက်အနေနဲ့ ဒါတစ်ခုတည်း တတ်ရုံနဲ့မလုံလောက်ပါဘူး၊ ဆေးရုံကို စရောက်လာချိန်ကစလို့ ရောဂါသက်သာပြီး ပြန်ဆင်းသွားတဲ့အချိန်ထိ၊ နောက်ဆုံး ဒီလိုရောဂါမျိုးတွေ နောက်ထပ်မဖြစ်အောင်ပါ စဉ်းစားစီစဉ်ပေးလိုက်ဖို့ဟာ ကျွန်တော်တို့ရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုလေ့ကျင့်ခဲ့ရတဲ့ ဆရာဝန်တွေဟာ လက်တွေ့ဘ၀မှာလည်း ဘယ်အရာကိုမှ တခုတည်းကွက် မမြင်တော့ဘူး၊ ခြုံငုံသုံးသပ်တတ်လာတယ်။ လူတစ်ယောက်အတွက်ပဲ စဉ်းစား၊ အဖွဲ့အစည်း တစ်ရပ်အတွက်ပဲ စဉ်းစား၊ ကျန်းမာရေး၊ စီးပွါးရေးနဲ့ ပညာရေးဆိုတဲ့ ဒေါက်တိုင်(၃)ခုဟာ ဆက်စပ်နေတယ်။ တစ်တိုင်လဲရင် နောက်နှစ်တိုင်လည်း လိုက်လဲတယ်၊ ပြန်ထောင်မယ်ဆိုလည်း တစ်တိုင်တည်း ကွက်ထောင်လို့မရဘူး၊ သုံးတိုင်လုံးကို တစ်ပြိုင်တည်း ထည့်စဉ်းစားပေးတတ်ဖို့ လိုတယ်၊ ဒီအလေ့အကျင့်ကိုလည်း အမိဆေးတက္ကသိုလ်နဲ့ ဆရာဆရာမတွေရဲ့ သင်ကြားပေးမှုကတစ်ဆင့် ကျွန်တော်တို့ရခဲ့တယ်။
ဆရာဝန် ဆိုတာ လူ့အသက်နဲ့ရင်းပြီး အလုပ်လုပ်နေကြရသူတွေဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ လူတစ်ယောက်၊ နောက်ပြီး ဘ၀တစ်ခု၊ မိသားစုတစ်စုနဲ့ဆိုင်တယ်၊ အဲဒီလောက်ထိ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပေါင်းမြောက်များစွာကို အချိန်တိုင်းမှာ ပြုလုပ်နေရတယ်၊ အချိန်တိုအတွင်းမှာ ချမှတ်နေရတယ်။ ဆရာဝန်တစ်ယောက်ရဲ့ တွေဝေမှု၊ မသေချာမှုဟာ လူနာတစ်ယောက်အတွက် အဆိုးတွေဖြစ်လာဖို့ပဲ ဦးတည်နေတယ်။ အဲဒီလို Emergency အရေးပေါ်အခြေအနေတွေကြားထဲမှာ နေဖူးခဲ့ကြတဲ့ ကျွန်တော်တို့တွေဟာ ဘ၀ရဲ့အရေးကြီးဆုံးအချိန်တွေ၊ အခက်အခဲဆုံးအချိန်တွေ၊ ဘ၀တစ်ခုလုံးကို ပြောင်းသွားစေနိုင်လောက်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချရတော့မဲ့အချိန်တွေမျိုးမှာလည်း တွန့်ဆုတ်မနေတော့ဘူး၊ သွေးပျက်မနေတော့ဘူး၊ တွေဝေမနေတော့ဘူး၊ တည်ငြိမ်နေတတ်တယ်၊ ခိုင်မာနေတတ်တယ်၊ အကောင်းဆုံးလို့ ကိုယ်ယုံကြည်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို အချိန်တိုအတွင်းမှာ ရွေးချယ်နေမိတတ်တယ်၊ အဲဒီဆုံးဖြတ်ချက်ရဲ့နောက်မှာ ဖြစ်လာမဲ့အရာရာတိုင်းအတွက်လည်း အသင့်ဖြစ်နေတတ်တယ်။
ခုနောက်ပိုင်း မီဒီယာတွေမှာ ဝေဖန်မှုတွေ၊ အထင်လွဲမှုတွေ၊ အပုပ်ချမှုတွေ များသထက်များလာတာတောင် ဆရာဝန် ဆိုတဲ့ဘ၀ဟာ မြန်မာအသိုင်းအ၀ိုင်းမှာတော့ လေးစားစရာကောင်းတဲ့ လူတန်းစားတစ်ရပ်အဖြစ် ရှိနေဆဲပါပဲ။ အဲဒါဟာ ကျွန်တော်တို့တတ်ထားတဲ့ ပညာထက် ကျွန်တော်တို့ရင်ထဲမှာ ရှိနေတဲ့
ဆရာဝန်နှလုံးသား ကြောင့်ပါပဲ။ ဝေဒနာခံစားနေရတဲ့သူကို သက်သာသွားစေချင်တဲ့ စိတ်၊ ကျန်းမာ ပျော်ရွှင်တဲ့ မိသားစုဘ၀တွေကို ရစေချင်တဲ့စိတ်၊ လူနာဆီက ကြားရတဲ့ ကျေးဇူးတင်စကားလေးကို လူအများမက်မောကြတဲ့ ငွေကြေး၊ ဂုဏ်ပကာသနတွေထက် ပိုမက်မောတဲ့စိတ်၊ ဆင်းရဲပြီး ကျန်းမာရေး အသိပညာ နိမ့်ပါးတဲ့ ပြည်သူတွေကို သနားညှာတာတတ်တဲ့စိတ်၊ လိုအပ်ချက်တွေရှိနေတဲ့ ကိုယ့်ဘ၀ကိုယ် ခဏမေ့၊ ထွက်နေတဲ့ ဒေါသကို အထဲပြန်သွင်း၊ ဆာနေတဲ့ ဗိုက်ကို နှစ်သိမ့်၊ ကောင်းကောင်းမအိပ်ရလို့ ရဲနေတဲ့ မျက်လုံးတွေကို အတင်းပွတ်ရင်း လူနာတွေရဲ့ အသက်ကို ကယ်နေကြတဲ့ ပရော်ဖက်ရှင် နယ်ပီသတဲ့စိတ်တွေဟာ ဆရာဝန်ပီသတဲ့ ဆရာဝန်တိုင်းရဲ့နှလုံးသားထဲမှာ ရှိနေတတ်ပါတယ်။ အဲဒီစိတ်တွေဟာ ဆရာဝန်အလုပ် ဆက်မလုပ်တော့ဘဲ တခြားဘာပဲလုပ်နေပါစေ၊ သူ့နှလုံးသားထဲမှာ စွဲပါနေတော့မှာ ဖြစ်ပါတယ်။
တကယ်တော့ ကျွန်တော်တို့ဆရာဝန်တွေဟာလည်း စနစ်ရဲ့သားကောင်တွေပဲ ဖြစ်ပါတယ်။ နေရာတကာ အပိတ်ခံထားခဲ့ရတဲ့ အခြေအနေတစ်ရပ်မှာ ကျွန်တော်တို့လည်း ကိုယ့်ကိုကိုယ်ရှာမတွေ့ ဖြစ်ခဲ့ကြရတယ်၊ ကိုယ် ဘာဝါသနာပါမှန်း မသိ ဖြစ်ခဲ့ကြတယ်၊ အိပ်မက်ကြီးကြီး မမက်ရဲဘူး၊ လမ်းသစ်မဖောက်ရဲဘူး၊ အများနည်းတူ ဆယ်တန်းအောင်ပြီးရင် တက်စရာရှိတဲ့ တစ်ခုတည်းသော မြို့ထဲက တက္ကသိုလ်ကိုပဲ မိဘအလိုကျ တက်ခဲ့ရသူတွေရှိတယ်။ ကျွန်တော်တို့လည်း ကိုယ်ဝါသနာပါတဲ့ တက္ကသိုလ် တက်ချင် တာပေါ့၊ ကိုယ်ဝါသနာပါတာ လုပ်ချင်တာပေါ့၊ အိပ်မက်အကြီးကြီးတွေ မက်ချင်တာပေါ့။ ဒီတက္ကသိုလ်က အောင်ပြီးရင် ကိုယ်သင်ခဲ့တဲ့ပညာတွေကို အသုံးချလို့ရတဲ့ နေရာမျိုးတွေမှာ အလုပ်လုပ်ချင်တာပေါ့။ ဆေးတက္ကသိုလ်အောင်ပြီးရင် ဆရာဝန်ဘွဲ့ရပြီးရင်လည်း ဆရာဝန်စစ်စစ် ဖြစ်ချင်တာပေါ့။ လူတစ်ယောက်အတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြနိုင်လောက်တဲ့ အလုပ်ချိန်မျိုး၊ လူတစ်ယောက်ရဲ့ စွမ်းနိုင်လောက်တဲ့ အတိုင်းအတာအတွင်းမှာ ရှိနေတဲ့ အလုပ်ပမာဏ၊ လူတစ်ယောက်၊ မိသားစုတစ်စု စားနိုင်နေနိုင်လောက်တဲ့ လုပ်ခလစာမျိုးနဲ့ ကျွန်တော်တို့တွေလည်း အလုပ်လုပ်ချင်တာပေါ့၊ လူနာတွေကို စိတ်ရှည်ချင်တာပေါ့၊ ဂရုစိုက်ချင်တာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုပေးလာတဲ့ အခြေအနေတစ်ရပ်မှာ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အဖြေတစ်ခုကို ကျွန်တော်တို့တွေ ရွေးချယ်ခဲ့ကြရတယ်။ ကိုယ်ဝါသနာ မပါဘဲ ဆေးကျောင်းတက်ခဲ့လို့၊ ဘွဲ့ရပြီးမှ တခြားအသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို ပြောင်းလိုက်လို့ တကယ်ဝါသနာပါသူတွေ၊ ဆရာဝန်လိုအပ်နေသူတွေ နစ်နာသွားမလားဆိုတာကိုတော့ အဖြေမပေး နိုင်ပေမဲ့ ကျွန်တော်တို့သိခဲ့ရတဲ့ ပညာတွေ ဆုံးရှုံးမသွားဘူးဆိုတာကိုတော့ ရဲရဲကြီး ပြောနိုင်ပါတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး စတိဗ်ဂျော့ဘ်က တစ်ခါပြောဖူးတယ်၊ ဘ၀အောင်မြင်မှုဆိုတာ အမှတ်စက်များကို ဆက်ခြင်းပါတဲ့။ ကိုယ် တက်ခဲ့ဖူးတဲ့ကျောင်း၊ သင်တန်းတွေ၊ ကိုယ်ရခဲ့ဖူးတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေက အမှတ်စက်လေးတွေဆိုရင် အဲဒီအမှတ်စက်လေးတွေကို ဆက်ကြည့်လိုက်တဲ့အခါ အောင်မြင်တဲ့ဘ၀တစ်ခုရယ်လို့ ပုံပေါ်လာတယ်။ သူ တက္ကသိုလ်ကနေ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လာတဲ့အချိန်မှာ ဘာရယ်မဟုတ်ဘဲ ၀ါသနာပါလို့ သူသွားတက်ခဲ့တဲ့ လက်ရေးလှ ရေးနည်းသင်တန်းလေးကပညာတွေဟာ သူနောင်တစ်ချိန် မက္ကင်းတော့ရှ် ကွန်ပျူတာကို ဖန်တီးတဲ့အချိန်မှာ အများကြီးအကျိုးရှိစေခဲ့ပါတယ်။ စတိဂျော့ဆိုတဲ့ ရုပ်ပုံကြီး အောင်မြင်စွာ ပေါ်ထွက်လာဖို့ ဒီသင်တန်းလေးက အရေးပါတဲ့ အမှတ်စက်တစ်စက်အဖြစ် ပါဝင်နေတယ်။
ဒီလိုပါပဲ၊ ကျွန်တော်တို့ဆေးကျောင်းသားတွေ၊ ဆရာဝန်ငယ်တွေဟာလည်း ကိုယ့်ကိုကိုယ်ရှာမတွေ့သေးခင်မှာ မိဘတွေရဲ့တွန်းအားကြောင့်ဖြစ်ဖြစ်၊ တခြားရွေးချယ်စရာမရှိလို့ပဲဖြစ်ဖြစ် ဆေးကျောင်းမှာ နှစ်တွေအများကြီး ပညာသင်ခဲ့ကြရတယ်၊ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုမှာ မဟုတ်ဘူးဆိုတာ သေချာလျက်နဲ့ပေါ့။ တချိျု့ကျတော့လည်း ဆရာဝန်ဘွဲ့ရပြီးနောက်မှာတောင် အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်စစ်စစ်ဘ၀ကို လိုချင်ပါရက်နဲ့ စွန့်လွှတ်ခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျွန်တော်တို့တွေ ဒီတက္ကသိုလ်ကြီးမှာ ကုန်ဆုံးခဲ့ရတဲ့ လူငယ်ဘ၀၊ ပေးခဲ့ရတဲ့ အချိန်တွေ လုပ်အားတွေဟာ အလဟဿ ဖြစ်မသွားပါဘူး။ ဆရာဝန်အလုပ်မလုပ်ပေမဲ့ ဒီတက္ကသိုလ်ကြီးက သင်ပေးလိုက်တဲ့ ပညာတွေဟာ ကျွန်တော်တို့ဘ၀တစ်လျှောက်လုံးမှာ အသုံးဝင်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ကမ္ဘာအနှံ့အပြားက နိုင်ငံတွေမှာ၊ စီးပွါးရေး၊ ပညာရေး၊ အနုပညာစတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရနေကြတဲ့ ဆရာဝန်ဘွဲ့ရ တွေရဲ့ လှေကားထစ်များရာဇ၀င်ကို နောက်ကြောင်းပြန်ပုံဖော်ကြည့်လိုက်တဲ့အခါမှာလည်း ဆေးတက္ကသိုလ်ကြီးက သင်ပေးလိုက်တဲ့ ဒီပညာတွေ၊ ဆေးကျောင်းသားအဖြစ်နဲ့ ရရှိလိုက်တဲ့ ဒီအတွေးအခေါ်တွေဟာ အထင်ရှားဆုံး အမှတ်စက်တစ်စက်အဖြစ် ပါဝင်နေမယ်ဆိုတာ မလွဲမသွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ဆရာဝန်တွေ ဆရာဝန်အလုပ်မလုပ်ပေမဲ့ ဆရာဝန်ပညာ၊ ဆရာဝန်နှလုံးသားကိုတော့ အသုံးချနေဆဲပဲ ဖြစ်ပါတယ်။
Phio Thiha
Yesterday at 10:00am · Edited ·

No comments:

Post a Comment