:include data='blog' name='google-analytics'/>

Saturday, August 30, 2014

ကျန်းမာရေးနှင့် တစ်ခါသုံး ဆေးထိုးအပ်

လွမ်းမပြေသုတရပ်ဝန်းမှကူးယူပါသည်
Posted: 16 Jul 2014 01:23 AM PDT
လူသားတို့၏ ရောဂါ ကာကွယ်ရေးနှင့် ကုသရေး အတွက် ရှေးယခင်က သောက်ဆေး လိမ်းဆေးနှင့် ရှူဆေးတို့ကို အသုံးပြုကာကွယ် ကုသရာမှ နောက်ပိုင်းတွင် ခန္ဓာကိုယ်ပေါ်ရှိ ဆေးထည့် လိုသော နေရာကို ဓားဖြင့်ခွဲ၍ ပြွှန်ဖြင့် ဆေးရည် လောင်းထည့်ခြင်းဖြင့် အနာရောဂါ အတွက် ပိုမိုထိရောက် လျင်မြန်သော ကုသမှုကို လုပ်ဆောင် လာခဲ့ကြသည်။ ထိုသို့ပြွန်ဖြင့် ဆေးရည် လောင်းထည့်ခြင်းသည် ဆေးထိုးခြင်း၏ အစပင်ဖြစ်သည်။ ဆေးထိုးအပ်(Syringe) ဆိုသည်မှာ ဂရိစကား Syrinx မှ ဆင်းသက် လာခြင်းဖြစ်ပြီး ပြွှန်(Tube) ဟု အဓိပ္ပာယ် ရပါသည်။

၁၈၄၄ ခုနှစ်တွင် အိုင်းရစ် သမားတော် Fraucis Ryrd က Hollow Needle ကို စတင် တီထွင်နိုင်ခဲ့ခြင်း သည် မျက်မှောက်ခေတ် ဆေးထိုးအပ်များ၏ အစပင်ဖြစ်သည်။ ၁၈၅၃ ခုနှစ်တွင် စကော့တလန် သမားတော် Alexander Wood နှင့် ပြင်သစ်သမားတော် Charles Pravaz တို့က ဆေးချိန်ကို တိကျစွာ ပေးနိုင်သည့် ကိုယ်ထည် စကေးပါရှိသော သတ္တုနှင့်ဖန် ဆက်စပ်ထားသည့် ဆေးထိုးအပ်နှင့် ဖန်ဆေးထိုး အပ်များကို တီထွင်ခဲ့သည်။ ခေတ်အဆက်ဆက်တွင် ပညာရှင်အသီးသီးမှ ဆေးထိုးအပ်များကို ပိုကောင်း မွန်အောင် အဆင့်ဆင့် တီထွင်ခဲ့ကြပေသည်။ သို့ရာတွင် ဖြုတ်၍ တပ်၍ရသော ဆေးထိုးအပ်နှင့် ဆေးထိုး ပြွန်တို့ကို လူနာသို့ ဆေးမထိုးမီနှင့် ဆေးထိုးပြီးတွင် အန္တရာယ် ကင်းစေရန်အတွက် ရေနွေးငွေ့နှင့် ပြုတ်ခြင်း၊ ဗေ့စ်၊ ဆပ်ပြာ၊ အရက်ပြန်စသည်တို့ကို အသုံးပြု၍ ဆေးကြောခြင်းဖြင့် ပိုးသတ်ကြရမြဲသာ ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန်နှင့်သူနာပြုတို့သည် ဆေးထိုးအပ် တစ်ချောင်း တည်းနှင့် လူနာများစွာကို ဆေးထိုးကြရသဖြင့် လူနာသို့ ကူးစက်ရောဂါ ကူးစက်ခံရမှုများလည်း ရှိခဲ့ကြပါ သည်။ ၁၉၆၁ ခုနှစ် မတိုင်မီအချိန်အထိ ဖန်ထည်ဆေးထိုးအပ်ကို ပိုမိုကောင်းမွန်အောင် တီထွင်လာခဲ့ သော်လည်း ဆေးထိုးခြင်းကြောင့် ကူးစက်ရောဂါရရှိနိုင်သည့် အခြေအနေကို လျှော့ချနိုင်ခြင်း မရှိခဲ့ပေ။

၁၉၅၆ ခုနှစ်တွင် နယူးဇီလန်နိုင်ငံမှ ဆေးဝါးထုတ်လုပ်သူ Colin Murdoch သည် တစ်ခါသုံး ဆေးထိုးအပ် (Disposable Syringe) ကို စတင်တီထွင်နိုင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် Becton Dickinson (BD) ကုမ္ပဏီ သည် တစ်ခါသုံးဆေးထိုးအပ်ကို ကမ္ဘာသုံး အတိုင်းအတာအထိ တွင်ကျယ်စွာ ထုတ်လုပ်ဖြန့်ချိခဲ့သည်။ ယနေ့ခေတ် ဆေးဝါးကာကွယ် ကုသမှုများတွင် တစ်ခါသုံး ဆေးထိုးအပ်ကို သုံးစွဲလာကြသဖြင့် ဆေးထိုး ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကူးစက်ရောဂါ ရရှိမှုများကို ရှောင်ရှားနိုင်ခဲ့ပါသည်။

တစ်ခါသုံးဆေးထိုးအပ် (Disposable Syringe) ကို ထုတ်လုပ်ရာတွင် ယေဘုယျအားဖြင့် Polypropylene ပလတ်စတစ် ကော်စေ့ကို ပလတ်စတစ် ပုံသွင်းစက်(Injection Moulding Machine) များဖြင့်ဆေးထိုးပြွန် (Barrel) နှင့်ထိုးတံ (Plunger) တို့ ပုံသွင်းထုတ်လုပ်ကာ ကျန်အစိတ်အပိုင်းများကို သီးခြား ထုတ်လုပ်သော စက်ရုံများမှ မှာယူလေ့ရှိကြပါသည်။ တစ်ခါသုံး ဆေးထိုးအပ် တစ်ချောင်းတွင် ပါဝင် တည်ဆောက်ထားသည့် အပ်ဖုံး(Needle Cap)၊၊ အပ် (Needle)၊ အမစွပ်(Hub) ၊ အဖိုစွပ်(Nozzle) ၊ ထုထည်အမှတ် အသား(Graduate Scale) ၊ ဆေးထိုးပြွန်(Barrel) ၊ ရော်ဘာစို့(Rubber Gasket) ၊ ထိုးတံ(Plunger) တို့ကို အစိတ်အပိုင်း တပ်ဆင်စက်(Assem- bling Machine) ဖြင့် တပ်ဆင်ကြရပါ သည်။

တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်မှုသည် စက်မှုနည်းပညာအဆင့်အတန်း အလယ်အလတ်အဆင့် သာရှိသည့် သာမန် ပလတ်စတစ် စက်ရုံများတွင် ထုတ်လုပ်နိုင်သည်ဟု ထင်မှတ်ရသော်လည်း လူ့ အသက်ကိုရင်း၍ ကာကွယ် ကုသရမည့် ဆေးဝါးပစ္စည်းဖြစ်သဖြင့် ကောင်းမွန်သော ထုတ်လုပ်မှုနည်းစဉ် GMP (Good Manufacturing Practices for Pharmaceutical Products) ကို တိကျစွာလိုက်နာ ထုတ်လုပ်ပြီး ဘေးအန္တရာယ် ကင်းရှင်းမှု(Safety) နှင့် အရည်အသွေးပြည့်မီမှု(Quality) တို့ပြည့်စုံရန် အထူးလိုအပ်ပေသည်။ ထို့ကြောင့် တစ်ခါသုံးဆေးထိုးအပ် ထုတ်လုပ်မှုသည် ဆေးဝါးထုတ်လုပ်သည့် စက်ရုံများ၏ အဆင့်အတန်းနှင့် နည်းပညာ လိုအပ်ချက်အတိုင်း နိုင်ငံတကာစံညွှန်းဖြင့် တိကျစွာ ထုတ်လုပ် ကြရပါသည်။

လူနာကုသရန်အတွက် ထိုးသွင်းမည့်ဆေးသည် အာနိသင်ရှိမှု(Efficacy)၊ ဘေးအန္တရာယ် ကင်းရှင်းမှု (Safety) နှင့် အရည်အသွေးပြည့်မီမှု(Quality) တို့ မည်မျှကောင်းမွန် သည်ဖြစ်စေ အသုံးပြုသည့် ဆေးထိုးအပ်သည် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် အမှုန်အမွှား လုံးဝကင်းစင်သော Sterile Product မဖြစ်ခဲ့လျှင် လူနာတွင် အခြားသော ရောဂါဝေဒနာများ တိုး၍ ဖြစ်ပွားနိုင်ပါသည်။ အဆိုးဆုံး အခြေအနေ မှာ တစ်ခါသုံး ဆေးထိုးအပ်၏ ဆေးထိုးပြွန် (Barrel) အတွင်းတွင် အကြောင်း အမျိုးမျိုးကြောင့် အမှုန် အမွှား တစ်စုံတစ်ရာပါရှိပါက ယင်းအမှုန်အမွှားသည် ထိုးသွင်းသည့် ဆေးနှင့်အတူ လူနာ၏သွေးကြော အတွင်းရောက်ရှိကာ အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်သူ အနေဖြင့် စီးပွားရေးအရ တွက်ခြေကိုက်မှု တစ်ခုတည်းကိုသာ ရှေးရှုခြင်းမဟုတ်ဘဲ အသုံးပြုသည့် ကုန်ကြမ်း အားလုံးကို ဆေးဝါးပစ္စည်းများအတွက် သီးခြားထုတ်လုပ်ထား ရှိသည့် Medical Grade ကုန်ကြမ်းများဖြင့်သာ ထုတ်လုပ်ရန် လိုအပ်ပါသည်။ ကျန်းမာရေးစောင့်ရှောက် သူများအပါအဝင် ပြည်သူ အားလုံးသည် တစ်ခါသုံး ဆေးထိုးအပ် အသုံးပြုမည်ဆိုပါက မှန်ကန်စွာ ရွေးချယ်တတ်ရန် လိုအပ်ပါ သည်။ ပြည်သူများအနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်း မျိုးစုံထုတ်လုပ်ရာတွင် ကမ္ဘာ့အသိအမှတ်ပြု သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အသိအမှတ်ပြုသည့် စက်မှုနိုင်ငံကြီးများ၏ ဆေးဝါးကုမ္ပဏီ တံဆိပ်ဖြင့် ထုတ်လုပ်သည့် တစ်ခါသုံးဆေးထိုးအပ် (Branded Products) များကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ ထိုသို့မဟုတ်ပါက သက်ဆိုင်ရာနိုင်ငံများ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ (FDA) ကဲ့သို့ ကြီးကြပ်စစ်ဆေးရန် အလှမ်းမမီသည့် မိမိနိုင်ငံပြင်ပ နယ်စပ်ဒေသများမှ ထုတ်လုပ် တင်သွင်းလာသော ဇာစ်မြစ်မသိရှိနိုင်သည့် တစ်ခါသုံး ဆေးထိုးအပ် တံဆိပ်မျိုးစုံကို ဈေးနှုန်းသက်သာမှု တစ်ခုတည်းဖြင့် ဝယ်ယူအသုံးပြုရန်မသင့်ပါ။

မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီးဌာန၊ ဆေးဝါးနှင့်စားသောက်ကုန်လုပ် ငန်း၊ အမှတ်(၂)ဆေးဝါးစက်ရုံ (အင်ရောင်း)အား ကျောက်ဆည်မြို့နယ်အတွင်း တည်ထောင်၍ MYANMA PHARMACEUTICAL FACTORY KYAUKSE (MPF KYAUKSE) အမှတ်တံဆိပ်ဖြင့် မိမိနိုင်ငံသားများ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် တစ်ခါသုံး ဆေးထိုးအပ် Disposable Syringe များအား 3ml ဆေးထိုးအပ်၊ 5 ml ဆေးထိုးအပ်နှင့် 20ml ဆေးထိုးအပ်ဟူ၍ အရွယ်အစားသုံးမျိုးခွဲကာ ကမ္ဘာ့အဆင့်မီ ထုတ် လုပ်လျက်ရှိပါသည်။ ယင်းအမှတ် (၂)ဆေးဝါးစက်ရုံ (အင်ရောင်း)တွင် တစ်ခါသုံး ဆေးထိုးအပ်များ သာမက ပြည်သူများ၏ ရောဂါကာကွယ်ရေးအတွက် ထိုးဆေးမျိုးစုံ၊ သွေးကြောသွင်း ဆေးရည်မျိုးစုံ၊ ဓာတ်ဆား၊ ဂလူးကို့စ်နှင့် တက်ထရာဆိုက်ကလင်း မျက်စဉ်းဆေးတောင့်တို့ကို ဆေးအမယ်ပေါင်း ၃၁ မျိုးခွဲ၍ ထုတ်လုပ်ဖြန့်ချိ လျက်ရှိပါသည်။

MPF (Kyaukse) တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်သည့် အဆောက်အအုံအား (WHO) ၏ GMP Guide Line သတ်မှတ်ချက်အတိုင်း အနံ့ အသက်ကင်းစင်ပြီး ကောင်းမွန်ကျယ်ဝန်း သန့်ရှင်းသော ပတ်ဝန်းကျင်တွင် လုံလောက်သော အလင်းရောင်၊ လုံလောက်သော လေဝင်လေထွက်ရှိသည့် သီးခြား အဆောက်အအုံဖြင့်သာ ထုတ်လုပ်လျက်ရှိသည်။ အဆောက်အအုံ အတွင်းရှိကြမ်းခင်း၊ နံရံ၊ မျက်နှာကြက် များကို အမှုန်အမွှား မထွက်စေရန်နှင့် အမှုန်အမွှား မကပ်နိုင်စေရန် တည်ဆောက်ထားရှိပြီး မျက်နှာပြင် ချောမွေ့စေရန် Epoxy Paint သုတ်လိမ်း ထားရှိသည်။ အဆောက်အအုံအတွင်း၌ အထက်၊ အောက်၊ ဘေးနံထောင့်ချိုးများတွင် ပိုးမွှားများ မခိုအောင်းနိုင်စေရန်နှင့် သန့်ရှင်းမှု လွယ်ကူစွာ ပြုလုပ်နိုင်ရန်အတွက် ထောင့်ချိုးနေရာများအား ထောင့်ကွေးပုံစံ(Curves) များ ပြုလုပ်ထားရှိပါသည်။

တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်ရေး စက်များဖြစ်သည့်(Injection Moulding Machine၊ Printing Machine၊ Assembling Machine & Packing Machine )တို့ တပ်ဆင်ထားရှိသည့် အခန်းများအား ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံး အဆင့်ဖြစ်သည့် Cleaned Room များအဖြစ် အထောက်အကူပြု စက်ပစ္စည်း (Utility) များဖြင့် တပ်ဆင်တည်ဆောက် ထားရှိပါသည်။ တစ်ခါသုံးဆေးထိုးအပ် ထုတ်လုပ် သည့် အခန်းသန့်များအတွင်း၌ အလျား၊ အနံ၊ အမြင့် တစ်ပေပတ်လည်(1ft3) တွင(0 .5um) ထက်ကြီး သော အမှုန်အမွှားများ(Particles) အရေအတွက် 10000 ထက်မပိုစေရန် ထိန်းချုပ်ထားရှိသည်။ အဆောက်အအုံ အတွင်းသို့ ပြင်ပလေတိုက်ရိုက် ထိတွေ့ခြင်းမရှိစေရန်နှင့် အခန်းသန့်အတွင်း၌ အပူချိန်၊ စိုထိုင်းဆနှင့် သန့်ရှင်းမှုတို့ကိုသတ်မှတ်ချက်အတိုင်း ထိန်းချုပ်နိုင်ရန်နှင့် ပြင်ပလေထုထက် လေဖိအား များစေခြင်း(Positive Pressure) ရရှိစေရန်တို့အတွက် Heating Venlation & Air Conditioning (HVAC) System များတပ်ဆင်ထားရှိပါသည်။ အခန်းသန့် များအတွင်း အဝင်အထွက် ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် Positive Pressure မလျှော့စေရန်နှင့် အခန်းသန့်၏ ပြင်ပလေမဝင်စေရန် ကြားခံ အကန်(Air Lock) များတပ်ဆင်ထားရှိပြီး အခန်းသန့်များအတွင်းသို့ ဝင်/ထွက်ခွင့်ရှိသူ ထုတ်လုပ်ရေး ဝန်ထမ်းများသာ အဝင်/အထွက် ပြုလုပ်ရသည်။ အခန်းသန့် များအတွင်းသို့ ဝင်/ထွက်ခွင့် ရှိသူများသည် လည်း တစ်ကိုယ်ရည်သန့်ရှင်း စင်ကြယ်ပြီးနောက် ပိုးသတ်ထားသော ထုတ်လုပ်ရေးဝတ်စုံ(Clean Gown) ဝတ်ဆင် ပြီးမှ ဝင်/ထွက် ကြရပါသည်။

တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်ရန်အတွက် အသုံးပြုသော ကုန်ကြမ်း များကို WHO အသိအမှတ်ပြု Certificate နှင့်သက်ဆိုင်ရာနိုင်ငံ FDA မှ ခွင့်ပြုထားသော ထုတ်လုပ်ရောင်းချမှု လိုင်စင်ရှိသူများဖြစ်သည့် Reliable Supplier ကုမ္ပဏီများထံမှသာ ပေးသွင်းစေပြီး ယင်း Supplier များမှ ကုန်ကြမ်းများ၏ COA (Certificate of Analysis ) နှင့် ဆေးဝါးကုန်ကြမ်း နမူနာ(Buying Sample)များကို တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်သည့် စက်ရုံသို့ ပေးပို့စေကာ စက်ရုံ၏ အရည်အသွေး စစ်ဆေးရေးနှင့် သုတေသန ဓာတ်ခွဲခန်းတွင် စမ်းသပ်အောင်မြင်မှုရှိသည့် ကုန်ကြမ်းကိုသာ အသုံးပြုနိုင်ပါသည်။

တစ်ခါသုံးဆေးထိုးအပ် ထုတ်လုပ်သော ထုတ်လုပ်ရေး ဝန်ထမ်းများသည် ဆေးဝါးပညာရှင်၊ ဓာတုပညာ ရှင်၊ အဏုဇီဝ ပညာရှင်နှင့် အင်ဂျင်နီယာများ ပါဝင်ထုတ်လုပ်လျက် ရှိသည့်အပြင် ကူးစက်ရောဂါ၊ အရေပြားရောဂါနှင့် စိတ်ရောဂါကင်းရှင်းစေရန် နှစ်စဉ်နှစ်ပတ်လည် ဆေးစစ်အောင်မြင်သူများ ဖြစ်ရပါသည်။ ထုတ်လုပ်ရေး ဝန်ထမ်းများသည် တာဝန် ထမ်းဆောင်စဉ်အတွင်း အမှုန်အမွှားနှင့် ချည်မျှင်စများ ကျွတ်ထွက်ခြင်းမရှိသည့် ပိုးသတ်ထားသော ထုတ်လုပ်ရေးဝတ်စုံ (Lint Free Clean Gown) များ ဝတ်ဆင်လုပ်ဆောင် ကြရပါသည်။

တစ်ခါသုံးဆေးထိုးအပ်ထုတ်လုပ်ရာတွင် ထုတ်လုပ်ပြီးသော ဆေးထိုးအပ်များအား ရေဖြင့်ဆေးကြော သန့်စင်ခြင်း ပြုလုပ်၍မရပါ။ သို့ရာတွင် ထုတ်လုပ်ထားသည့် ဆေးထိုးအပ်များသည် ပိုးမွှားနှင့် အမှုန်အမွှား ကင်းစင်သည့် ပိုးသတ်ထားသော ပစ္စည်း (Sterile Products) များဖြစ်ရပါမည်။ MPF (Kyaukse) တစ်ခါသုံး ဆေးထိုးအပ်များကို Ethylene Oxide (EO) Gas အသုံးပြု၍ EO Sterilizer ဖြင့် ပေါင်းခံ ပိုးသတ်ထားပါသည်။

ထုတ်လုပ်ပြီး တစ်ခါသုံး ဆေးထိုးအပ်ကို အထူးစီမံ ဖော်စပ်ထားသော ပလတ်စတစ်အိတ် Poly Ethylene / Poly Ethylene Terephthalate (PE/PET) Laminated Transparent Flim ဖြင့် လုံခြုံစွာ ထုပ်ပိုးထားရှိပါသည်။(PE/ PET) ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရခြင်းမှာ သာမန်ပလတ်စတစ် အိတ်များ သည် EO Gas ဖြင့် ဖြတ်သန်းနိုင်ခြင်းမရှိသဖြင့် အထူးစီမံဖော်စပ်ထားသည့် ပလတ်စတစ်အိတ် (Packing) များဖြင့် ထုပ်ပိုးထားခြင်းဖြစ်ပါသည်။ EO Gas သည် ပိုးသတ်နိုင်သော အာနိသင်ရှိသော် လည်း ဘေးထွက်ဆိုးကျိုး(Side Effect) မှာ လူ့ခန္ဓာကိုယ်သည် ယင်းဓာတ်ငွေ့မှတစ်ဆင့် ထွက်ပေါ်လာ သော ဓာတ်ပေါင်းများနှင့် ကြိမ်ဖန်များစွာ တိုက်ရိုက်ထိတွေ့ပါက ကင်ဆာရောဂါဖြစ်စေနိုင်သဖြင့် တစ်ခါသုံး ဆေးထိုးအပ် အိတ်အတွင်း၌ EO Gasများ ကြွင်းကျန်နေခြင်း မရှိရန်လိုအပ်ပါသည်။ MPF (Kyaukse) တစ်ခါသုံးဆေးထိုးအပ်၏ PE/PET ပလတ်စတစ်အိတ်တွင် EO Gas များ လွယ်ကူစွာ ပြန်လည်ဖြတ်သန်းထွက်စေမည့် အထူးစက္ကူ(Medical Grade Paper Strip) တပ်ဆင် အသုံးပြုထား ပါသည်။ ယင်းသို့ PE/PET ပလတ်စတစ်အိတ်တွင်Medical Grade Paper Strip ပါရှိ အသုံးပြုခြင်း အားဖြင့်EO Gas ဖြင့် ပိုးသတ်သည့်အခါတွင် Packing ပလတ်စတစ် အိတ်အတွင်းမEO Gas များကို
EO Sterilizer မှVacuum စနစ်ဖြင့် စုပ်ထုတ်သန့်စင်စေရန် ဖြစ်ပါသည်။ Packing ပိတ် ပိုးသတ်ပြီး တစ်ခါသုံး ဆေးထိုးအပ်များတွင်EO Gas လက်ကျန်ရှိ မရှိကိုလည်း ဓာတ်ငွေ့တိုင်းတာသောစက(EO Gas Chromatography ) ဖြင့် ထပ်မံတိုင်းတာ စစ်ဆေးရပါသည်။ ထို့အပြင် ထုတ်လုပ်ပြီး တစ်ခါသုံး ဆေးထိုးအပ်များအား ဗက်တီးရီးယား အသေအကျေ အပိုင်းအစများကြောင့် လူကိုဥပဒ်ဖြစ်စေသည့် ပိုင်ရိုဂျင်f (Pyrogen) နှင့် အဆိပ်အတောက(Toxicity) ကင်းစင်ခြင်းကို အာမခံရန်အတွက် စမ်းသပ် စစ်ဆေးမှု (Microbiological Test) များ ပြုလုပ်ခြင်းဖြင့် သုံးစွဲသူများအား ယုံကြည်စိတ်ချဘေးကင်း စေပါသည်။

ဆေးဝါးဈေးကွက်အတွင်း အများဆုံးတွေ့ရှိရသည့် သာမန်ပလတ်စတစ် အိတ်များဖြင့် လှပစွာထုပ်ပိုး ထားသော တစ်ခါသုံးဆေးထိုးအပ် Packing ပလတ်စတစ်အိတ်များသည် ပိုးသတ်သော Ethylene Oxide (EO) Gas ဖြတ်သန်းနိုင်ခြင်းမရှိသဖြင့် လုံခြုံစွာထုပ်ပိုးပြီးမှသာ EO Gas ဖြင့်ပေါင်း၍ ပိုးသတ် ရမည့် အစားထုပ်ပိုးခြင်းမပြုမီ ပိုးသတ်ပြီးမှ ထုပ်ပိုးပါက အမှုန်နှင့် ဗက်တီးရီးယား ပိုးမွှားကင်းစင်ကြောင်း အာမခံနိုင်ခြင်းမရှိပေ။ ထို့ထက်ပိုဆိုးသည်မှာ EO Gasသည် ဈေးနှုန်းကြီးမြင့်၍ ဝယ်ယူရရှိရန်ခက်ခဲသော ကန့်သတ်ပစ္စည်းဖြစ်သဖြင့် EO Gas ပေါင်းခံ ပိုးသတ်ခြင်းမပြုထားပါက သုံးစွဲရန်လုံးဝမသင့်သော တစ်ခါသုံး ဆေးထိုးအပ်များသာ ဖြစ်ပါမည်။MPF (Kyaukse) တစ်ခါသုံး ဆေးထိုးအပ်များအား ထုပ်ပိုးမှု ပုံစံအဖြစ် အတွဲလိုက်သယ်ယူနိုင်သော Blister Packing နှင့် ဆေးထိုးအပ် တစ်ချောင်းစီ ထုပ်ပိုး ထားသော Ribbon Packing တို့ဖြင့် ထုပ်ပိုးထားရှိပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းသည် ကျန်းမာရေးနှင့် တစ်ခါသုံးဆေးထိုးအပ်၏ အခြေခံ ဗဟုသုတကို သိရှိနားလည်လာပြီးနောက် မိမိတို့ကျန်းမာရေးအတွက် ကာကွယ်ကုသရန် ဆေးထိုးရမည် ဆိုပါက ယုံကြည်စိတ်ချရသော တစ်ခါသုံးဆေးထိုးအပ်မျိုးကိုသာ ရွေးချယ်အသုံးပြုနိုင်ပါရန် ရေးသား တင်ပြလိုက်ရပါသည်။


ကိုကိုအောင်(ဆေးဝါး/စားကုန်)

The Mirror Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

No comments:

Post a Comment