:include data='blog' name='google-analytics'/>

Tuesday, November 26, 2013

အမောပြေသွားပြီ။


 
                                           Mont Blanc (တောင်ဖြူ)

            မြန်မာပြည်မှရောက်လာမည့် မောင်ဖြစ်သူက နှင်း မမြင်ဘူးလို့ကြည့်ချင်လှပါတယ်ဆိုတာနဲ့ နှင်းအမြဲကျ တဲ့ပြင်သစ်၊ဆွစ်စလန်၊အီတလီနယ်စပ်မှာရှိတဲ့ နံမည်ကြီး (Mont Blanc) ကိုခေါ်သွားဖို့စီစဉ်ပါတယ်။ မောင်နှမ ၂ယောက်လုံး အီတလီမရောက်ဖူးတာနဲ့ အီတလီဘက်ပါဆက် သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

 ရထားလက်မှတ်တွေကကြိုတင်ဝယ်ရင်ဈေးသက်သာတာမို့ သူမရောက်ခင် စက်တင်ဘာလထဲက TGV ခေါ်တဲ့ အမြန်ရထားလက်မှတ်ကို internet က၀ယ်တာအစဉ်မပြေဖြစ်နေတာနဲ့ လက်မှတ်ရောင်းတဲ့ရုံးကို ထွက်ခဲ့ပါတယ်။ ရုံးရောက်မှ Mont Blanc တောင်ခြေမှာရှိတဲ့ လှိုင်းခေါင်းထဲကရထားလမ်းတွေပြင်နေတာမို့ တောင်ခြေက ဘူတာဖြစ်တဲ့ Chamonix ကိုရထားနဲ့တိုက်ရိုက် မသွားနိုင်လို့ internet က၀ယ်လို့အစဉ်မပြေဖြစ်နေကြောင်းသိရပါတယ်။ လမ်းပြင်တဲ့နေရာမှာ ရထားအစား Autocar နှင့် သွားရ မှာ ဖြစ်ပါတယ်။ အခုဝယ်ရင် ယူရို ၈၀ ကျော်ပေးရမှာဖြစ်ကြောင်း။ ဒီနှုန်းနဲ့ လက်မှတ် ၃ စောင်သာ ကျန် ကြောင်း၊ နောက်နှုန်းထားက ၁၃၀ ဖြစ်မယ်လို့သိရတာကြောင့် လက်မှတ် ၂စောင်ဝယ်လိုက်ပါတယ်။ ခရီးမထွက်ခင် internet မှာ မကြာခဏကြည့်ပြီး လမ်းပြင်ပြီးသွားပါက ကားလက်မှတ်အစား  ရထား လက်မှတ်နှင့်လာလဲနိုင်ကြောင်းပြောပါတယ်။ ခရီးသွားလက်မှတ်များက အသက် ၆၀ ကျော်တွေကို လျော့ပေးလေ့ရှိတာမို့ မောင်နှမ ၂ ယောက်လုံး ၆၀ ကျော်တွေဖြစ်ကြောင်းပြောပြတော့ လက်မှတ်ခက ၃၀% လျော့မှာဖြစ်ပေမဲ့ လူအို လက်မှတ် (Senior card) လုပ်ခက ၅၀ ကျော်ကျမှာမို့ တစ်နှစ်အတွင်း ပြင်သစ်နိုင်ငံအတွင်းရထား လက်မှတ် တစ်စောင်သာဝယ်ပါက မကိုက်ကြောင်းပြောပါတယ်။ အပြန်လက်မှတ်ကို အီတလီက ၀ယ်မှာမို့ အပြန်လက်မှတ်အတွက် လျော့ဈေးမရဘူးလို့လဲပြောပါတယ်။

TGV အစား ကားနဲ့သွားရမှာမို့ Chamonix ကို ၂ နာရီ နောက်ကျပြီး ည ၁၂ နာရီမှရောက်မှာဖြစ်ပါတယ်။ ဘယ်တတ်နိုင်မလဲ နှင်းသေချာပေါက်ရှိတာ ဒီတစ်နေရာပဲရှိတာ။ သူနဲ့ နှင်းကလဲ ပြေးတန်း လိုက်တန်း ကစားသလိုပဲ။ သူ ပါရီရောက်တာ ဒါပါနဲ့ဆို ၄ ခေါက်ရှိပြီ တစ်ခါမှ နှင်းကျတာနဲ့မဆုံဘူး။ ပြီးခဲ့တဲ့ ၂ နှစ်က သူ့ကို နှင်းကျလေ့ရှိတဲ့ Haute Savoir (ဆွစ္စလံနိုင်ငံ နှင့်ပြင်သစ် နယ်စပ် တောင်ပေါ်ဒေသ) က သူငယ်ချင်းဆီခေါ်သွားဖို့စီစဉ်တော့လဲ အဲ့ဒီနှစ်က နှင်းက နောက်ကျတယ်။ သူပြန်သွားမှကျတယ်။ နှင်းပျောက်တဲ့ နွေ မဟုတ်ဘဲ သူပျောက်တဲ့နှင်းဖြစ်နေတယ်။

          ၂၉ ရက်အောက်တိုဘာလ သူရောက်လာတဲ့အချိန်မှာ ရထားလမ်းပြင်မပြီးသေးပေမဲ့ ခရီးသွားတွေများလာတာကြောင့် ရထားက ညနေပိုင်းအပြင် မနက်ပိုင်းပါ ထွက်ပေးတာတွေ့ရပါတယ်။ မနက်ရထားနဲ့ဆိုရင် ညနေရောက်သွားမှာဖြစ်ပါတယ်။ ဒါနဲ့ လက်မှတ်ရုံးကိုပြေးပြီး လက်မှတ်ပြောင်းဖို့သွားပါတယ်။ ကံကောင်းစွာလက်မှတ်လဲလို့ရပါတယ်။ အရောင်းစာရေးမက ရထားအချိန်တွကို ပါ အရောင်ဆိုးပေး (high light) လိုက်ပါတယ်။

         မောင်ဖြစ်သူက အောက်တိုဘာ၃၀ ရက်က နိုဝင်ဘာ ၃ ရက်အထိ အစည်းအဝေးတက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်  နိုဝင်ဘာ ၄ ရက်နေ့ ကိုခရီးထွက်ဖို့စီစဉ်ထားပါတယ်။ အစည်းအဝေးအတွင်း သူကြိုက်တတ်တဲ့ အစာတွေချက်ပြုပ်ကြွေးရတာ၊ သူနဲ့ပါလာတဲ့ သူတွေကို ၎င်းတို့အားတဲ့အချိန် ပါရီမြို့လိုက်ပြရတာ၊ ကော်မရှင်မပေးရပဲ ဈေးကောင်းကောင်းရနိုင်တဲ့နေရာမှာ ယူရိုဝယ်ဖို့ လုပ်ရတာနဲ့ မအား နိုင်ပါဘူး။ ခရီးထွက်မည့်နံနက် သူ့ ဟိုတယ်က မနက်စောစော checkout လုပ်၊အိမ်မှာ နံနက်စာ စားပြီး ဘူတာရုံကိုသွားဖို့  စီစဉ်ပါတယ်။

      ရထားက ၁၁ နာရီ ၄၈ မီနစ် ထွက်မှာမို့ အိမ်က စားသောက်ပြီးတာနဲ့ ၁၀ နာရီ။ ၁၀နာရီခွဲ လောက် သွားဖို့စီစဉ်ပါတယ်။ TGV  ဘူတာဆီ မြေအောက်ရထားကနေသွားလို့ရသလို၊  (bus) ဘစ်ကား၊  RER ခေါ်တဲ့ (semi rapid) အလယ်အလတ်မြန်တဲ့ရထား၊ မြေပေါ်လျှပ်စစ်ရထား (TRAM) တွေနဲ့လဲသွားလို့ရပါတယ်။ ဒါပေမဲ့ ခရီးသွားသေတ္တာတွေကိုဆွဲသွားလို့ရတာက RER နဲ့ TRAM ဖြစ်ပါတယ်။ မြေအောက်ရထားတွေက လှေးကားတွေတက်လိုက်ဆင်းလိုက်လုပ်ရတယ်။ ကျမရဲ့ညာလက်က  ၁၃ နှစ်တိတိ အသေးစိတ်လုပ်ရတဲ့ဆေးသုတေသနလက်တွေ့တွေလုပ်ခဲ့တာမို့ မသန်တော့ပါဘူး။ နဲနဲလေးတာဆို မ မနိုင်လို့ ဘယ်လက် အသုံးများလာတာ။ ညာသန်ကနေ ဘယ်သန်တောင်ဖြစ်နေပါပြီ။ ငယ်ငယ်က ဘယ်ကျော်တွေကို စခဲ့မိလို့ ၀ဋ်လိုက် တာများလားလို့ တခါတခါတွေးမိပါတယ်။

    (ကြုံတုန်း ညာသန်၊ဘယ်သန်အကြောင်းနဲနဲပြောပြချင်ပါတယ်။ ကျမတို့ မြန်မာမှာ ဘယ်သန်ဆိုရင်    ချို့ယွင်းချက်လို့မြင်ကြ ပါတယ်။ တကယ်က ဘယ်သန်ဆိုတာ အားသာချက်ပါ။ ဘယ်သန်သူတွေကို လေ့ကျင့်ပေးရင် ဘယ်ရော၊ညာပါ သန်နိုင်ပါတယ်။ ယခုအခါ အချို့ဆိုင်တွေမှာ ဘယ်သန်သူတွေ အသုံးပြုလို့ ပိုအစဉ်ပြေတဲ့ ဒါး၊ကပ်ကျေး စတာတွေကိုဝယ်ယူရရှိနိုင်ပါတယ်။)

     တစ်ချို့ ဘစ်ကားတွေမှာ (handicap) မသန်စွန်းတဲ့သူတွေရဲ့လှည်းတွေ ကားပေါ်တက်လို့ရအောင်သံပြားချပေးနိုင်တာရှိပေမဲ့ လက်ဆွဲအိပ်အတွက်တော့ ကားဆရာကချပေးတာမဟုတ်လို့ ဘစ်ကားနဲ့သွားရင် ဘစ်ကားပေါ် သေတ္တာဆွဲမတင်နိုင်တာကြောင့် RER နဲ့ TRAM စီးသွားဖို့ဆုံးဖြတ် လိုက်ပါတယ်။ ကျမအခန်းရှေ့က TRAM စီးပြီး RER  ၂ မျိုး ပြောင်းစီးရပါမယ်။ TRAM က လူရှုပ်ချိန်မှာ ၅ မိနစ်တစ်ခါလာပြီး၊လူရှင်းချိန်မှာ ၁၅ မိနစ်တခါလာပါတယ်။ RER ကျတော့ လူရှုပ်ချိန်မှာ  ၁၀ မိနစ် တစ်ခါလာပြီး၊လူရှင်းချိန်မှာ ၃၀ မိနစ်တခါလာတာ သတိမထားလိုက်မိဘူး။ RER က တစ်နှစ်နေလို့တစ်ခါမစီးဖြစ်ဘူး။ မြေအောက်ရထားနဲ့ဘစ်ကားပဲ အစီးများတာ။ RER ရောက်တော့ ၁၅ မိနစ်စောင့်ရမယ်။ ပြီးရင် နောက်ထပ် RER တစ်မျိုးပြောင်းစီးရအုံးမယ်။ နောက် RER မှာ ထပ်စောင့်ရရင် ရထားမီမှာ မဟုတ်ဘူး။ ဒီ RER ကတော့ ပြောင်းစရာ မြေအောက်ရထားနဲ့ဝေးတာမို့ RER ပဲစီးပြီးနောက် RER အစား မြေအောက် ရထားစီးဖို့စီစဉ်လိုက်ပါတယ်။ TGV စီးရမဲ့နေရာကို ၁၁ နာရီကျော်ကျော်ရောက်သွားပါတယ်။ ဟူး တော်ပါ သေးရဲ့ ရထားမထွက် လောက်သေးဘူး။ ဘယ်ပလက်ဖေါင်းကစီးရမလဲလို့ information screem ကိုကြည့်တော့ ကိုယ့်ရထား ရှာမတွေ့တာနဲ့ information counter ကိုပြေးရပြန်ပါတယ်။ information counter က ၇ထားထွက်သွားတာကြာပြီလေတဲ့။ ဟင် ဘာဖြစ်လို့လဲ။ ရထားထွက်မှာက  ၉ နာရီကျော် အခု (high light) လုပ်ထားတဲ့ ၁၁ နာရီကျော်က ရထားေ၇ာက်မဲ့အချိန်တဲ့။  ဟိုက် သေပြီ။ ရထားလက်မှတ်ရောင်းတဲ့ counter ကိုပြေးရပြန်ပါတယ်။ နောက်ရထားနဲ့ပြောင်းပေးမယ်ဆိုလို့ နဲနဲ စိတ်အေးရ ပါတယ်။ မကြာပါဘူး။ ရထားလက်မှတ်ပြောင်းတာ ရထားထွက်တဲ့အချိန်ရဲ့ ၁ နာရီအတွင်းမှ ပြောင်းလို့ရမယ်။ အခုက ၁ နာရီ ကျော်သွားလို့ ပြောင်းလို့မရတော့ဘူးတဲ့။ အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ။ ရထားလက်မှတ် အသစ်ပြန်ဝယ်ရမယ်တဲ့။ ကဲ ဘယ် တတ်နိုင်မလဲ။ ၀ယ်ပေါ့။ ၂စောင်အသစ်ပြန်ဝယ်တာ ၂၁၀ ယူရိုကျတယ်။ ၃ နာရီမှာ ရထားထွက်မယ်တဲ့။ အိမ်ပြန်လို့လဲ မဖြစ်။  လမ်းမှာတင် အချိန်ကုန်မှာ။ နောက်တစ်ခါ ထပ်နောက်ကျမှ ဟုတ်ပေ့ဖြစ်နေမယ်။ ဘူတာမှာထိုင်စောင့်ရုံသာရှိတော့တာပေါ့။             ၃ နာရီရထားနဲ့က ဟိုကို ညသန်ခေါင်မှပဲရောက်တော့မယ်။ ခရီးစထဲက အစဉ်မပြေဘူး။  ကျမ မျက်စိရှန်းတာလား။ အသက်ကြီး လာလို့ ကံနည်းရင်ဥာဏ်နည်းတယ်ဆိုတာလို မှတ်ဥာဏ်တွေ နည်း လာတာလား။

ဒီဘူတာကလည်း ထိုင်စရာနေရာက ၁၀ခုံလောက်ပဲရှိတယ်။ ပထမ ခုံတစ်နေရာပဲလွတ်တာကြောင့်     ကျမ ထိုင်ပါတယ်။ နောက်တစ်  နေရာလွတ် သွားတာနဲ့ မောင်လေးလဲထိုင်လို့ရသွားတယ်။ ခဏနေတော့ ရင်ခွင်ပိုက်ခလေးချီပြီး အမျိုးသား တစ်ယောက်နဲ့အထုပ်အပိုးတွေနဲ့ အမျိုးသမီးစုံတွဲ ရောက်လာပြီ ခလေးအနှီးလဲချင်လို့ နေရာထပေးဖို့ပြောပါတယ်။ ကျမနားကအမျိုးသမီးက သူထပေးမယ်ဆိုပြီး ထပေးပါတယ်။ ပြင်သစ်တွေ၇ဲ့ချစ်စရာကောင်းတဲ့အချက်က ကူညီတတ်တဲ့ အလေ့လေးပါပဲ။ ဒါပေမဲ့ အသက်အရွယ်ကြီးတယ်ထင်ပြီး ဆံပင်ဖြူနဲ့ အဖိုးအရွယ်အဖွါးအရွယ်တွေကိုတော့မြန်မာဆန်ဆန် နေရာထ မပေးခင် နေရာယူမလားလို့အရင်မေးဖို့လိုပါတယ်။ နို့မဟုတ်ရင်အချို့ မီးကောင်ပေါက်စိတ်ဝင်နေတဲ့ အဖိုး၊ အဖွါးအရွယ်တွေကသူတို့ကိုလူအိုလို့ထင်တာကိုမကြိုက်ကြပါဘူး။

နေ့လည် ၁ နာရီခွဲလောက်မှာ ခုံတွေနားက စားသောက်ဆိုင်မှာ သွားစားကြပါတယ်။ ၂ နာရီ မှာ ကျမတို့စီးရမဲ့ ရထားက အခု စောင့်နေတဲ့ နေရာ Hall 3 လို့ information screem  မှာ ပေါ်လာပါတယ်။ ဒါပေမဲ့ ကျမတို့သွားရမဲ့ ဘူတာက bellgrade။ ရထားက Geneva ဖြစ်နေတယ်။ information counter ကိုပြေးပြီးမေးရပြန်ပါတယ်။ counter ကချာတိတ်က စကားပြော တာကလဲမြန်လိုက်တာ Geneva သွားမဲ့ ရထားဟုတ်တယ်လို့ပြောတယ်။ ဒါပေမဲ့ သူပြောသမျှ လုံးစေ့ပတ်စေ့ နားမလည်လို့ ပိုသေချာအောင်နောက် information counter မှာထပ်မေးဖို့ ကြည့်တော့ မရှိတာနဲ့ ချာတိတ်နဲ့ ကြောချင်းကပ်ရက်က အမျိုးသမီးကိုပဲထပ်မေးပါတယ်။ Geneva သွားမဲ့ရထားပဲစီးရမှာဖြစ်ပြီး ကျမတို့သွားမဲ့ bellgrade မှာရထားပြောင်းစီးရမယ်လို့  ပြောပါတယ်။ အင်း ဒါဆိုရင်တော့ သေချာပြီ။ information screem ကိုကြည့်တော့ Hall 3 ကနေ Hall 2 ဖြစ်သွားတယ်။ ၅ မိနစ်ဆက်စောင့် တော့ Hall 2 ပဲ ပြနေ တာကြောင့် Hall 2 ဆီတက်ခဲ့ပါတယ်။ ခဏကြာတော့ ဂိတ် ၁၅ ကထွက်မဲ့အကြောင်း  screem မှာ ပေါ်လာလို့ ဂိတ် ၁၅ ဆီသွားကြပါတယ်။ ဂိတ်ထဲမ၀င်ခင် ရထားလက်မှတ်ကို validate လုပ်ဖို့ မောင်လေးကိုပြောရပါတယ်။ validate မလုပ်ဘဲစီးရင် လက်မှတ်စစ်တဲ့အခါ fine ပေးရပါလိမ့်မယ်။ ကိုယ်စီးရမဲ့တွဲ ၁၆ ရှာ၊ထိုင်ခုံ ၃၅၊၃၆ ရှာထိုင်ပါတယ်။ ရထားထဲရောက်တာတောင် အနားက ပြင်သစ် တွေကို bellgrade သွားမဲ့ရထားလားလို့သေချာအောင်ထပ်မေးရပါတယ်။ လေးမှန်ဘူးတဲ့စာသူငယ်လို ကြောက်စိတ်တွေဝင်နေခဲ့ပါတယ်။ ရထားစထွက်ပါပြီ။ ကျမတို့ခုံက ရထားသွားတာနဲ့ ပြောင်းပြန်ဖြစ်နေလို့ မောင်လေးက နေရာလွတ်တဲ့ အတည့်ခုံမှာသွားထိုင်ပါတယ်။ ကျမလည်း၂ ယောက်ခုံကြားက လက်တန်း မပြီးခြေဆင်းလိုက်ခဲ့ပါတယ်။ အရပ်ပုတာဒီနေရာကျတော့ အဆင်ပြေသား။ bellgrade ကိုရောက်ပါပြီ။ ဒီမှာ TGV အစား TRAIN ရိုးရိုးရထား ပြောင်းစီး  ရပါတယ်။ သေချာအောင် ရထားဝန်ထမ်းကို မေးတော့ ဟုတ်တယ်။ ဒီနေရာကစီးပါလို့ အင်္ဂလိပ်လိုပြန်ဖြေပါတယ်။ ဒီရထား  မှာတော့ ခုံနံပါတ် မရှိပါဘူး။ ထိုင်ချင်တဲ့နေရာထိုင်လို့ရပါတယ်။ မောင်လေးက ရထားအတည့်ခုံမှာသွားထိုင်ပါတယ်။ ကျမ   ရထား screem ကိုကြည့်တော့  ကျမတို့ ဆင်းရမဲ့ဘူတာမတွေ့ဘူး။ ဒါနဲ့ ရထားထဲက အမျိုးသမီး တစ်ယောက်ကိုမေးတော့  ဒီတွဲက ကျမတို့သွားမဲ့   St Garvais အထိ မသွားဘူး။ နောက် ၂မှတ်တိုင်အထိပဲသွားမယ်။ အဲ့ဒီကျ၇င် ဒီတွဲရဲ့ နောက်က တစ်တွဲ၊နှစ်တွဲလောက်ကိုပြောင်းစီးရမယ်တဲ့။ ဟိုက် မှားပြန်ပြီ။ အခုထဲက ပြောင်းစီးဖို့ တံခါးဖွင့်တော့ ဖွင့်လို့မရတော့ဘူး။  ရထားလဲထွက်ပြီ။ ကဲ နောက်မှပဲပြောင်းစီးရတော့မှာပေါ့။ ဒါပေမဲ့ ဒီတွဲက ဆက်မသွားဘူးဆိုရင်။ ပြောင်းစီးခြင်းစီးရင် နောက်တွဲအစား၊ေ၇ှ့တွဲပြောင်းစီးရမှာပေါ့။ သူပြောတာပဲမှားသလား၊ ကိုယ်ပဲ မှားကြားတာလား။ နောက်တခါထပ်မှားလို့  တော့မဖြစ်ဘူး။ နောက်တစ်ယောက်ထပ်မေးမှဖြစ်မယ်ဆိုပြီး၊ ခုဏက မေးထားတဲ့သူကို အားနာတာနဲ့ ခပ်ဝေးဝေးက သူမမြင်ရတဲ့၊မကြားရတဲ့နေရာက လူကိုထက်မေးတော့။ ဟုတ်တယ်။ နောက်တွဲကိုပြောင်းစီးရမယ်တဲ့။  ဒါနဲ့ နောက် ၂မှတ်တိုင်မှာ နောက်တွဲကို ပြောင်းစီးပါတယ်။ ဒီက ရထားတွေက ဖင်ပြန်ခေါင်းပြန်မောင်းလို့ရတာကိုး။ မြန်မာပြည်မှာလို ခေါင်းတစ်ခုထဲမှမဟုတ်တာ။ Annamss ဘူတာရောက်တော့ နောက်တွဲကို ပြောင်းစီးပါတယ်။ အဲ့ဒီရထားနဲ့ St Garvais ကို ရောက် ပါတယ်။ ခုဏက ရထားဝန်ထမ်းက သူအင်္ဂလိပ်လိုပြောတတ်တာကြွားချင်တာနဲ့ သူပြောတတ် သလောက်ပြောလိုက်တာ ထင်ပါတယ်။  St Garvais ကနေ Autocar ပြောင်းစီးရမယ်တဲ့ ည ၈နာရီ ပေမဲ့မှောင်ကလည်းလည်းမှောင်နေ၊ မိုးကလဲရွာ နေတယ်။ တခါမှ ရထားကနေ Autocar ပြောင်း မစီး ဖူးဘူး။ အစဉ်မှပြေပါ့မလား။ ဒီခရီးကတခါမှမလာဖူးတဲ့အပြင် စကတဲက အစဉ်မပြေဘူး။ ဒါနဲ့ရထားတဲက အသက်ကြီးကြီးနဲ့ လယ်လယ်ဝယ်ဝယ်ရှိပုံရတဲ့ ပြင်သစ်တစ်ယောက်ကို စကားစလိုက် ပါ တယ်။ ကံကောင်းချင်တော့ သူလဲ Chamonix ကိုသွားမှာ Autocar ပြောင်းစီးမှာဆိုတာနဲ့ အတော်ပဲနောက်ကလိုက်ခဲ့ပါရစေဆိုပြီး  သူ့နော်ကလိုက်ခဲ့ ပါတယ်။ အင်း အခုထက်ထိတော့ အဆင်ပြေသွားပြီ၊ ဒါပေမဲ့တစ်ခုကျန်သေးတယ်။ တည်ဖို့ reserve လုပ်ထားတဲ့ ဟိုတည်ကို ည မှောင်မှောင်မှာဘယ်လိုရှာရမလဲ။ ပြင်သစ်အဖိုးကြီးကို မေးတော့သူက ကျမ reserve လုပ်ထားတဲ့ ဟိုတည်   ကိုသိနေတယ်။ ကားဂိတ်ရဲ့ မျက်နှာချင်းဆိုင်ပဲ။ ကားလမ်းဖြတ်ကူးလိုက်ရုံပဲတဲ့။ ကားဂိတ်ေ၇ာက်တော့ မြို့ကမှောင်နေတယ်။ လမ်းမီးတွေလဲ ပါရီမှာလို လင်းထိန်မနေဘူး။ ဟိုတည်ကလည်းမှောင်နေတယ်။ အနားေ၇ာက်မှပဲမြင်ရတယ်။ တော်သေးတယ်    မေးထားလို့။ မောင်လေးက တောင်တက်တောင်ဆင်းကားစီးရတာရယ်၊ ကားအလုံပိတ်ပြီးအပူပေးထားတာကြောင့် ကားမူးပြီ  ညစာ မစားတော့ပါဘူး။ ကျမ သာ ကြက်သားနဲ့ဟင်းသီးဟင်းရွက်ကိုအုံးနို့ထဲ့ချက်တဲ့ ဟင်းမှာစားပါတယ်။ နောက်နေ့တွေလည်းရာသီဥတုကောင်းမှာမဟုတ်ဘူး။မိုးရွာမယ်တဲ့။ ဒီပုံနဲ့ (Mont Blanc) ပေါ်လည်းတက်နိုင်မှာမဟုတ်၊သူမြင်ချင်တဲ့နှင်းလဲတွေ့မှာ မဟုတ်ဘူး။ ဒီတော့ အီတလီဘက်ပဲ ကူးကြတာပေါ့လို့ စီစဉ်ပြီး ပါရီကသူငယ်ချင်းဆီ SMS ပို့လိုက်ပါတယ်။ မကြာခင်မှာပဲ မောင်နှမ ၂ ယောက် မောမောနဲ့အိပ်ပျော်သွားကြပါတယ်။

          မနက်လင်းတော့ အံသြစရာ မိုးတိတ်သွားပြီး ကျမတို့ ဟိုတယ်ပြူတင်းပေါက်ကနေ နှင်းဖွေးဖွေးနဲ့ တောင်တွေကိုတွေ့လိုက်ရပါတယ်။ မောင်နှမ၂ ယောက် ကင်မရာထုတ်ပြီး ဓါတ်ပုံရိုက်ကြ။ အမြန်ရေမိုးချိုး၊ breakfast စားပြီး၊ hotel counter ကိုဆင်းခဲ့ကြပါတယ်။ Mont Blanc ကအမြင့် ကီလိုမီတာ လေးထောင်ကျော်ရှိပြီး၊ အခုေ၇ာက်နေတဲ့ Chamonix တောင်ကြားမြို့လေးက အမြင့် ကီလိုမီတာ တစ်ထောင်မှာရှိပါတယ်။ ကျမတို့ hotel မျက်နှာချင်းဆိုင်မှာ (Mont Blanc) ရဲ့ အမြင့် ကီလို မီတာ နှစ်ထောင်အထိ (Mer de glace ရေခဲပင်လယ်) တက်တဲ့ရထားရှိကြောင်း၊ဖွင့်မဖွင့်ကိုသွားစုံစမ်းဖို့ပြောပါတယ်။ တောင်တက်ရထားက ၁၀ နာရီမှာဖွင့်မှာဖြစ်ပြီး မီနစ် ၂၀ ကြာ အောင်တက်ရပါတယ်။ တောင်ပေါ်က ၁၁ နာရီခွဲမှာရထားပြန်ဆင်းပါမယ်။ အသွားအပြန်လက်မှတ်ဝယ်ပြီး တောင်ပေါ် တက်ခဲ့ ကြပါတယ်။ နှင်းတွေဖွေးနေတဲ့ တောင်ပေါ်ရှု့ခင်းတွေကြောင့် မောခဲ့သမျှ အမောပြေးသွားပါပြီ။
 
 
 
 ကီလိုမီတာ နှစ်ထောင်မှမြင်ရသော နှင်းတောင် (Mont Blanc 4807 km)
 
တောင်တက်ရထား
 
 
 chamonix
 
 
 
တောင်ပေါ်မှမြင်ရသော chamonix

 
Chamonix
 
 
 
 
 
 
 
 
 

No comments:

Post a Comment