ဦးမောင်မောင်က ကျနော့်ကိုသိပ်အရေးကြီးတယ်လို့ထင်တယ်။ တကယ်က ကျနော်က သူ့အစာ တွေကို ခေတ္တသိမ်းဆည်းပေးထားရုံလောက်ပါ။ ကျနော့်ကြောင့် သူတစ်နေ့ကို ၃ ခါပဲစားဖို့လိုပါတယ်။ ကျနော်မရှိရင်တော့ တစ်နေ့ ၆ ခါထက်မနည်း စားရပါလိမ့်မယ်။ အစာခြေတဲ့ကိစ္စကို အူသိမ်က အများ ဆုံးလုပ်ပေးပါတယ်။
ကျနော်က အသားတုံးတွေကို သေးသေးလေးတွေဖြစ်အောင်လုပ်ပေးပါတယ်။ နောက်ဆုံး ကိုယ် ထဲစုပ်လို့ရတဲ့အထိကိုတော့ အူသိမ်ကပဲလုပ်ပါတယ်။ တခြားအစာတွေဖြစ်တဲ့ ကဆီဓါတ်နဲ့ အဆီဓါတ် တွေကိုလည်းအူသိမ်ကပဲခြေဖျက်ပါတယ်။
ကျနော့်မှာစိတ်ဝင်စားစရာအသွင်အပြင်မရှိပါဘူး။ အပြင်ပန်းက ချောမွေ့တဲ့ပန်းရောင်ဖြစ်ပြီး အတွင်းပိုင်းမှာတော့ တောက်ပတဲ့ ကတီပါးလှိုင်းလိုမျိုးတွေဖြစ်ပါတယ်။ ကျနော်က နံရိုးတွေရဲ့ အောက် နားက ဗိုလ်ထဲမှာရှိပါတယ်။ ကျနော့်မှာအစာမရှိတဲ့အခါ ပြားခြပ်နေတဲ့ဘောလုံးနဲ့တူပြီး၊ အစာနဲ့ပြည့်နေ ရင်တော့ ဗိုလ်ထဲမှာအစောင်းလိုက်လေး ရှိနေပါတယ်။ ကျနော်ရဲ့အပေါ်ပိုင်းကကြီးပြီး၊ အောက်ပိုင်းက သေးပါတယ်။ ဗိုလ်ဖေါင်းနေတဲ့ အင်္ဂလိပ်အက္ခရာ J နဲ့တူပါတယ်။
ကျနော်က ၂ လီတာလောက်လက်ခံနိုင်ပါတယ်။ ကျနော်က ဦးမောင်မောင်ထင်သလို သိပ် အရေးပါတဲ့အင်္ဂါမဟုတ်ပေမဲ့ သူသက်တောင့်သက်သာရှိအောင်စွမ်းဆောင်ပေးပါတယ်။ ကျနော့် မှာ တစ်နေ့ကို အစာခြေရည် ၃ လီတာထုတ်ပေးတဲ့ ၃၅ မီလီယံ အကျိတ်အိပ်တွေရှိပါတယ်။ အစာခြေရည်
မှာ ဟိုက်ဒရိုကလိုရစ်ခေါ်တဲ့ အက်စစ်အများဆုံးပါ ၀င်ပါတယ်။ ဟိုက်ဒရိုကလိုရစ်အက်စစ်က ပက်ဆင် ဆိုတဲ့ အစာခြေအင်ဇိုင်း ကိုထုတ်စေပါတယ်။ ပက်ဆင် (pepsin enzyme) သာမရှိရင် ဦးမောင်မောင် ကြိုက်တဲ့ အမဲသား (steak) တွေစားဖို့ခက်အုံးမယ်။ ကျနော့်အကျိတ်အိပ်တွေက တခြားအင်ဇိုင်းတွေကို လည်းထုတ်သေးတယ်။ ဥပမာ ခဲနေတဲ့နို့ကနေ အစာခြေလွယ်တဲ့ နို့ဓမ်းကြည်(ဒိန်ရည်) နဲ့ ဒိန်(cheese) ကိုပြောင်းပေးတဲ့ အင်ဇိုင်းတွေဖြစ်ပါတယ်။
လူတွေကထင်တယ်ကျနော်က ထောပတ်ချက်လုပ်တဲ့စည်လို အလွန်ကြမ်းတမ်းတယ်၊ ဦးမောင်မောင်စားသမျှကိုခြေဖျက်နိုင်တယ်လို့။ မဟုတ်ပါဘူး။ သူညစာ စားတဲ့အခါ အစာတွေက
တစ်လွှာပြီးတစ်လွှာရောက်လာတယ်။ ဥပမာ ပုဇွန်ဟင်းချို ပထမရောက်လာတယ်။ နောက် အသား
တွေ၊အားလူးတွေ၊အသီးအရွက်တွေ၊ နောက်ဆုံးမုန့်တွေ။ ပထမဦးဆုံး ကျနော့်ကိုယ်နဲ့ ထိနေတဲ့ ပုဇွန် ဟင်းချိုပေါ်မှာ အရင်လုပ်ငန်းစလုပ်ပါတယ်။ ကျနော့်မှာရှိတဲ့ကြွက်သားတွေညှစ်လိုက်ရင် လှိုင်းတွေ အပေါ် ကအောက်အထိပြန့်သွားပြီး၊ အစာတွေကို အစာခြေရည်နဲ့သမသွားအောင်လုပ်တယ်။ ခဏကြာတော့ အစာတွေ ပျစ်ခဲတဲ့ ကော်လိုဖြစ်သွားတယ်။ အဲ့ဒီ့ကော်လိုအစာတွေကို အူသိမ်ထဲကို တဖြည်းဖြည်းချင်း ပို့ပေးတယ်။ ဒီနေရာကအရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ဆီက အက်စစ်တွေ အူသိမ်ထဲ အများကြီးရောက်သွားရင် အူသိမ်နံရံကိုစားပြစ်မှာ။ ဒါကြောင့်လည်း ဒီနေရာမှာ အနာပေါက် (ulcer) တွေ အဖြစ်များတာ။ ကံကောင်းထောက်မစွာ ကျနော့်မှာ (pyloric valve) ခေါ်တဲ့ အပေါက်ကျဉ်းလေး ရှိလို့ အစာတွေက နည်းနည်းချင်းပဲအူသိမ်ကိုရောက်တယ်။ ရောက်ရောက်ချင်းအူသိမ်မှာရှိတဲ့ (alkali) ခေါ်တဲ့ ဓါတ်က အက်စစ်ဓါတ်တွေကိုခြေဖျက်လိုက်တယ်။
ခြေထားတဲ့ အားလူးအတွက်တော့ ကျနော်လုပ်ဖို့ မိနစ်အနည်းငယ်ပဲလိုပါ တယ်။ အသားတွေ အတွက်တော့အချိန်ပိုလိုတယ်။ အသီးအရွက်အတွက်ဆို အသားထက်အချိန်ပိုလိုတယ်။ ဘယ်လောက် အချိန်ကြာလဲဆိုရင်ပြောရခက်တယ်။ ဦးမောင်မောင်ရဲ့ စိတ်အခြေအနေ (mood) ပေါ်အများကြီးမူတည် တယ်။ များသောအားဖြင့် ၄ နာရီလောက်ကြာပါတယ်။ ဒါပေမဲ့ ၂၄ နာရီအထိလည်းကြာနိုင်တယ်။
အဆီများတဲ့အစာတွေက ပိုဒုက္ခပေးတယ်။ ဥပမာ သူ မနက် ၇ နာရီမှာ နံနက်စာကို ကြက်ဥ၊ ထောပတ်၊မလိုင်၊အသားတွေစားတယ်ဆိုရင်။ အူသိမ်က ဟောမုန်း တစ်မျိုးထုတ်တယ် အဲ့ဒီဟောမုန်း ကကျနော့်ရဲ့ကြွက်သားတွေကိုနှေးစေတယ်။ ဒါကလဲ အူသိမ်က များပြားတဲ့ အဆီတွေကို ချက်ချင်း မခြေ ဖျက်နိုင်လို့ ဘရိုက်လိုမျိုး ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်ဦးမောင်မောင် နေ့လည်စာ စားဖို့ထိုင်တဲ့ အချိန်မှာ ကျနော်က သူ့နံနက်စာရဲ့ လေးပုံတစ်ပုံကိုခြေနေရတုံးရှိသေးတယ်။
ကျနော့်အလုပ်ကိုနှောင့်နှေးစေတဲ့နောက်အကြောင်းတစ်ခုက အအေးဓါတ်ပဲ။ သူ အိုင်စကင် တစ်ပန်ကန်ပြားကြီး စားမယ်ဆိုရင် ကျနော့်ရဲ့ အပူချိန် ၂၀ ဒီဂရီဖါရင်ဟိုက်အထိကျနိုင်တယ်။ အဲ့ဒီ အပူ ချိန်မှာ ကျနော့် လုပ်ငန်းတွေအားလုံးရပ်သွားတယ်။ နဂိုအပူချိန်ပြန်ရောက်ဖို့ နာရီဝက်လောက်လိုတယ်။ ဒါပေမဲ့ ဘာဒုက္ခမှတော့ မဖြစ်ပါဘူး။ ကျနော့်အတွက် ဘာမှ အရေးတကြီးလုပ်စရာမလိုပါဘူး။ ကျနော်က အေးအေးလူလူ နေတတ်ပါတယ်။ အသဲ၊နှလုံး၊အဆုတ်၊ကျောက်ကပ်တွေက ၂၄ နာရီအလုပ်လုပ်ရတာ။ ကျနော်က သူအိပ်ရာဝင်ရင်အလုပ်ပြီးပြီ၊ သူလဲအိပ် ကျနော်လည်းအိပ်ပဲ။
တစ်ခုမေးစရာရှိတယ်။ ကျနော်က အသားဓါတ်တွေခြေဖျက်တယ်ဆိုတော့ ဘာဖြစ်လို့ ကျနော့် ကိုယ်ကျနော်ပြန်မခြေပြစ်တာလဲ။ ကျနော်က ကျနော့်အလုပ်ကို လိမ်မာပါးနပ်စွာလုပ်တယ်။ ကျနော့် ကိုယ်ထဲမှာ ကျနော့်ကို ကာကွယ်ပေးတဲ့ အချွဲလွှာရှိတယ်။ အဲ့ဒီအချွဲတွေကိုခြစ်ထုတ်လိုက်ရင်တော့
ကျနော်ကိုယ် ကျနော်ပြန်စားတဲ့သူ ဖြစ်သွားမှာ။
နောက်ထူးဆန်းတဲ့အချက်က ကျနော်က ဦးမောင်မောင်ရဲ့စိတ်အခြေအနေကိုရောင်ပြန်ဟပ် တယ်။ သူ့မျက်နှာ ဒေါသကြောင့်နီရဲလာရင် ကျနော်လည်းနီလာတယ်။ သူကြောက်ပြီး ဖြူဖတ်ဖြူရော ဖြစ်လာရင် ကျနော်လည်းဖြူသွားတယ်။ သူ ဘောလုံးပွဲကြည့်ပြီး စိတ်လှုပ်ရှားနေရင်ကျနော့်ကြွက်သား တွေလည်း အလွန်လှုပ်ရှားလာတယ်။ အစာခြေရည်တွေလည်း သုံးဆလောက် ပိုထွက်လာတယ်။
သူကြိုက်တဲ့ ဟင်းနံ့ ရရင် (၀ါ) အရသာရှိတဲ့အစားအစာတွေ တွေ့ရင်လည်းကျနော်အလုပ်စလုပ်ပြီ။ သူက အဲ့ဒါကို ဗိုလ်ဆာတာလို့ ပြောတယ်။ သူပြောတာမှန်ပါတယ်။
သူစိတ်မချမ်းသာရင် ကျနော်လည်း သူ့လိုပဲ ခံစားရတယ်။ ကျနော်ကြွက်သားတွေ နှေးသွားတယ်။ အစာခြေရည်တွေလည်း သိပ်မထွက်တော့ဘူး။ ဒါပေမဲ့ ထုံစံအတိုင်း သူအစာစားရင် အစာတွေကျနော့် ထဲမှာ ဒီအတိုင်းရှိနေတယ်။ အဲ့ဒီအခါဗိုလ်ဖေါင်းပြီး မအီမသာဖြစ်စေတယ်။ ဒီလိုအချိန်မျိုးမှာ မစားတာ ကောင်းတယ်။
စိတ်ပူတဲအအခါ ဒုက္ခတစ်မျိုးဖြစ်တယ်။ အက်စစ်တွေအများကြီးထွက်လာပြီး အနာပေါက် တွေ ဖြစ်စေတယ်။ သူ့အနေနဲ့စိတ်ပူစရာရှိရင် သူ့ရဲ့စားနေကျအကျင့်ကိုပြင်ရမယ်။ အစာကြေလွယ်တဲ့ အစာ တွေကိုနည်းနည်းချင်း ခဏခဏစားပေးရမယါ။ ဒါမှ များနေတဲ့အက်စစ်ဓါတ်တွေကို ပြေပျောက်စေမှာ။ တကယ်က သူ့မှာအနာပေါက် အသေးလေးဖြစ်ဖူးတယ်။ သူတောင်မသိဘူး။ လူတော်တော်များများ မှာ အဲလိုမျိုးဖြစ်တတ်ပါတယ်။ သူကော်လိပ်ကျောင်းသားဘ၀ စာမေးပွဲဖြေခါနီးတုန်းကပေါ့။ သူ သိပ်စိတ်ပူ တယ် အဲ့ဒီတော့အက်စစ်တွေပိုထွက်လာတယ်။ အက်စစ်တွေက ကာကွယ်ထားတဲ့ အချွဲလွှာကနေ ထွက် သွားတယ်။ သူဗိုလ်နည်းနည်း နာတယ်။ ဒါပေမဲ့သူက အစာစားတာနည်းလို့ လိုထင်တယ်။ စာမေးပွဲပြီး သွားတာနဲ့ သူလည်း စိတ်မပူတော့၊ အက်စစ်လဲအထွက်နည်းသွားတာမို့ ကျနော် အချွဲတွေ ပိုထုတ်ပြီး အနာကိုကုစားလိုက်နိုင်တယ်။
အနာပေါက်နဲ့ ကင်ဆာရောကကလွဲရင်ကျနော့်မှာသိပ်ကြီးကြီးကျယ်ကျယ်ဘာမှမဖြစ်ပါဘူး။ ငါးအရိုးဆူးရင်ကျနော် ၂၄ နာရီအတွင်းပျောက်အောင်လုပ်နိုင်ပါတယ်။ အရေပြားပေါ်မှာသာဆိုရင် အဲ့ဒီလိုအနာမျိုးဆို တစ်ပတ်လောက်ကြာမှာ။ ရေသန့်ထဲမှာ သိုးနေတဲ့ အသားတစ်တုံးနဲ့ ပိုးမွှားတွေ (Microbes) ထဲ့လိုက်ရင် ပိုးမွှားတွေပျော်နေကြလိမ့်မယ်။ အဲ့ဒီလိုပဲ သိုးနေတဲ့ အသားတစ်တုံးနဲ့ ပိုးမွှား တွေကျနော့်ဆီရောက်လာရင် အစာခြေရည်ထဲမှာပျောက်ကွယ်သွားလိမ့်မယ်။ သူ့အနေနဲ့စိတ်ပူရမှာက အစာခြေရည်ကို ခံနိုင်ရည်ရှိတဲ့ပိုးမွှားတွေပဲ။ အထူးသဖြင့်တော့ H.pylori ခေါ်တဲ့ ဘက်တီးရီးယားပိုးပဲ။ ဒါကြောင့် သူကျန်းမာရေးအခြေခံမကောင်းတဲ့ (poor sanitation) နေရာတွေသွားတဲ့အခါ စားတဲ့ အစာကို ဂရုစိုက်ရမယ်။
တစ်ချို့အစာတွေကကျနော့်ကို ကလိတယ်။ အထူးသဖြင့် ငရုပ်သီး၊ အကျော်အလှော်၊ ကောက်ညှင်း၊ လက်လုပ်ချဉ်၊ ငရုပ်ကောင်းတွေ။ mustard နဲ့ horseradish ကလည်းနည်းနည်း ကလိ နိုင်တယ်။ အဲ့ဒါတွေကျနော့်ကိုထိရင် ကျနော် နီရဲလာပြီးရောင်ရမ်းလာတယ်။
ကော်ဖီ၊ဆေးလိပ်နဲ့အရက်ကကျနော်ရဲ့အက်စစ်ထုတ်လုပ်မှုကိုတိုးမြင့်စေတယ်။ martinis တစ် ခွက်လောက်ဆို အက်စစ်နှစ်ဆထွက်တယ်။ ဒါကြောင့် အနာပေါက်ရှိတဲ့သူတွေ အဲ့ဒီ အစာအသောက် တွေကို ရှောင်ရတာ။ ကျနော်ကသူ့ကိုဆေးလိပ်နဲ့အရက်လုံးဝဖြတ်ဖို့ပြောတာမဟုတ်ပါဘူး။ သူ နည်းနည်း လျော့မယ်ဆိုရင် ကျနော်နေရထိုင်ရတာသက်သာမှာ။ သူ့အတွက်လည်း အလုပ်တွေပိုပြီး ကောင်းကောင်း လုပ်ပေးနိုင်မယ်။ တကယ်လို့သူကော်ဖီမဖြတ်နိုင်ဘူးဆိုရင် ကော်ဖီကို နို့ နဲ့ရော သောက်သင့်တယ်။
သူကဆေးသောက်တာ ၀ါသနာပါတယ်။ ကျနော်လိုလို မလိုလို သူက သောက်ချင်သောက်တာ။ များသောအားဖြင့်ကျနော့်အတွက်ဆေးမလိုပါဘူး။ တကယ်က ဘယ်ဆေးဖြစ်ဖြစ် ကျနော့်ကို ကလိကြ တာပဲ။ ဥပမာ ကျနော့်လို ကျန်းမာတဲ့ အစာအိမ်တောင် ခေါင်းကိုက်ပျောက်ဆေး အက်ပရင် (aspirin) သောက်တာများရင် အပ်ပေါက်ရာလောက်သွေးတွေ ထွက်နိုင်တယ်။ ခဏခဏမဖြစ်ရင်တော့ ကိစ္စ မရှိ ပါဘူး။ နောက်တစ်ချက်က သူက အက်စစ်အစာအိမ် အတွက်ဆိုပြီး ဆိုဒါ သောက်တတ်တယ်။ ဒါပေမဲ့ ဆိုဒါက သွေးထဲကိုချက်ချင်း ရောက်သွားတယ်။ ခဏခဏသောက်ရင် alkalosis ခေါ်တဲ့ အယ်ကာလီ များတဲ့ သွေးဖြစ်စေတယ်။ alkalosis က acidosis ခေါ်တဲ့အက်စစ်များတာထက်ပိုဆိုးတယ်။ alkalosis ဖြစ်ရင်ကျောက်ကပ်ကိုဒုက္ခပေးတယ်။ ကောင်းတာက သွေးထဲကိုမရောက်နိုင်တဲ့ အက်စစ်ခြေဖျက်ပစ္စည်း ဥပမာ magnesia တို့ aluminium တို့ သောက်သင့်တယ်။
သူက တော်တော်များများကိစ္စတွေမှာကျနော့်အပြစ်မဟုတ်ဘဲကျနော့်ကိုအပြစ်တင်လေ့ရှိတယ်။
ဥပမာ အရှက်ရစေတဲ့ဗိုလ်ထဲကအသံတွေ။ ဒီအသံတွေကအူသိမ်ထဲကလာတာ။ ကျနော်က ဓါတ်ငွေ့ မထုတ်ပါဘူး။ သူလေဂျင်တက်တာကလည်း ဆူတဲ့အရည်တွေသောက်လို့(၀ါ) အစာစားရင်း လေတွေ ရူသွင်းလိုက်လို့ပါ။ သူအေးအေးဆေးဆေးစားမယ်ဆိုရင်မဖြစ်ဘူး။ အံတာက အစားမတော်ရင် (၀ါ) အရက်သောက်လို့ပါ။ ထူးဆန်းတာက အံတာ ကျနော့်ကြောင့်မဟုတ်ဘူး။ ဥဏှောက်ကလုပ်တာ။ ဗိုလ်နဲ့ ရင်ပတ်ကကြွက်သားတွေကကျနော့်ကိုဝိုင်ညှစ်ကြတာ။ ကျနော့်ရဲ့အပေါ်မှာရှိတဲ့ cardiac valve ခေါ်တဲ့ အစာပြွန်နဲ့ဆက်တဲ့ အပေါက်ပွင့်သွားတယ်။ ကျန်တာတော့ခင်ဗျားတို့သိပါတယ်။
heartburn လို့ပြောတဲ့ ရင်ပတ်ရိုးနားမှာ ပူလောင်တာက တခြားအကြောင်းကြောင့်ပါ။ ဘီယာ သောက်တာများသွားရင် အူသိမ်ထဲပွင့်တဲ့အဆို့ (pyloric valve) ကောင်းကောင်းမပွင့်ဘူး။ ဒီတော့ အစာ တွေအူသိမ်ထဲ မရောက်ဘူး။ (gas) ဂစ်တွေဖြစ်ပြီး အပေါ်တက်တယ်။ ဂစ်နဲ့ အတူ အက်စစ်တွေပါ အပေါ် တက်လို့ ပူတဲ့ ခံစားမှု ဖြစ်တာ။ သိပ်စိုးရိမ်ရတဲ့ကိစ္စမဟုတ်ပါဘူး။
သူကြားဖူးပါတယ်အစာစားပြီးအားကစားလုပ်တာအန္တရာယ်ရှိတယ်လို့။ သူအဲ့ဒီအကြောင်းကို မေ့ ထားသင့်တယ်။ ပြင်းပြင်းထန်ထန်လုပ်တဲ့ လေ့ကျင့်ခန်းတွေက ကျနော့်လုပ်ငန်းတွေကို ရပ်နိုင်ပေမဲ့ သက်တောင့်သက်သာလုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကျနော်လုပ်ငန်းကို အထောက်အကူပြု ပါတယ်။ ဥပမာ ထမင်းစားပြီးအညောင်းပြေအညာပြေလမ်းလျောက်တာမျိုးက ကျနော့်လုပ်ငန်းတွေကို ထက်မြက်စေတယ်။
လူတိုင်းလိုက်နာသင့်တဲ့ ဥပဒေတစ်ခုရှိတယ်။ တစ်နာရီထက်ပိုကြာတဲ့ ဆူးရှတဲ့ နာကျင်မှု ကျနော့်ဆီကလာရင်တော့ ဆရာဝန်ခေါ်ပါ။ လူတော်တော်များများက အဲ့ဒီအနာကို အစာအိမ် အနာ လို့ထင်ကြတဲ့အတွက် နှလုံးရောဂါနဲ့သေဆုံးကြရတယ်။
ကျနော့်ဆီကလာတယ်ဆိုတဲ့ အနာကလည်း များသောအားဖြင့် သဲခြေအိပ်မှာ ကျောက်တည်လို့ ဖြစ်တာပါ။ အစာအိမ်အနာက ခဏလေးနဲ့ပျောက်ပါတယ်။
ကျနော့်ကို အများဆုံး အစော်ကားခံရတဲ့အင်္ဂါလို့ပြောကြတယ်။ အဲ့ဒါမှန်တယ်။ ကျနော့်ကို အစော် ကားခံရဖို့ တည်ဆောက် ထားတာပဲလေ။ တကယ်လို့ သူသာ ကျနော့်ကို နည်းနည်းပါးပါး ဂရုစိုက် မယ် ဆိုရင် သူ့ကို ဒုက္ခမပေးပဲ တစ်သက်လုံးအလုပ် လုပ်ပေးနိုင်ပါတယ်။ ကျန်တဲ့အင်္ဂါတွေ ကျနော့်လိုမျိုး လုပ်ပေးနိုင်ပါ့ မလား။
No comments:
Post a Comment