:include data='blog' name='google-analytics'/>

Saturday, October 26, 2013

ပီတိမျက်ရည်





 
 

 


 

အောက်တိုဘာလ၊၂၄ ရက် ပါရီမြို့ရဲ့မှောင်မှောင်မဲနေတဲ့နံနက် နာရီမှာ ပြင်သစ်နိုင်ငံ Strasbourg မြို့ (ဂျာမနီနိုင်ငံ နယ်စပ်)၊ ဥရောပပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည်အား (Sakharov Prize for Freedom of Thought) လူ့အခွင့်အရေးဆုပေးပွဲ အမှီသွားရောက်အားပေးရန် မြန်မာနိုင်ငံသား ဦး ကားတစ်စီး ယူရို ၆၀၀ နဲ့စုငှါးပြီး ထွက်ခဲ့ကြ ပါတယ်။  မနက် ၁၀ နာရီ ခွဲလောက်မှာ Strasbourg မြို့  European အဆောက်အဦးဆီ ရောက်ပါတယ်။ အဲ့ဒီမှာ မြန်မာတိုက်ပုံဝတ်ထားတဲ့ အမျိုးသားတစ်ဦး တွေ့လို့ မေးလိုက်တော့ ဂျာမနီနိုင်ငံ၊ ဒိန်မတ်နိုင်ငံတွေက မြန်မာတွေဖြစ်နေကြပါတယ်။
ကားကို နေရာရှာရပ်ပြီး အဆောက်အဦးဆီ လာခဲ့ကြပါတယ်။ အခန်းအနားက ၁၂ နာရီမှ စမှာမို့ အချိန်စောသေး တဲ့အတွက် အဆောက်အဦးရှေ့မှာစောင့်ရင်း အမှတ်တရ ဓါတ်ပုံတွေ ရိုက် ကြပါတယ်။ ဒါပေမဲ့ ၁၁ နာရီကျော်လာလို့ အဆောက်အဦးထဲ ၀င်ရမဲ့ အချိန်မှာတော့ ကျမတို့ စောင့်နေတဲ့ အဆောက်အဦးကနေ ၀င်လို့မရဘူးတဲ့။ သူ့နောက်မှာရှိတဲ့ အဆောက်အဦးက ၀င်ရမယ်တဲ့။                  ၀င်ရမဲ့ အဆောက်အဦးက ကြောခြင်း ကပ်နေပေမဲ့ ချောင်းခြားနေတဲ့အတွက် ဖြတ်လို့ရမဲ့ တံတားဆီ သွားကြ ရပါတယ်။ ကားပြန်ယူပြီ ချောင်းဖြတ် မယ်ဆိုတော့လည်း တံတားက ကားဖြတ်လို့မရဘူး။
အခန်းအနားမမှီမှာ စိုးတဲ့အတွက်အပြေး အလွှား သွားကြပါတယ်။ အဖွဲ့ထဲမှာ ဂျာမနီက အသက် ၈၁ နှစ် အန်ကယ်ပါလာလို့ သူလျောက်မှလျောက်နိုင်ပါ့မလားလို့ စိတ်ပူနေကြပါတယ်။ ဒါပေမဲ့ အံသြစရာ လူငယ် တွေနည်းတူ လျောက်နိုင်တာတွေ့ရလို့စိတ်အေးသွားပါတယ်။

ဒါပေမဲ့ မကြာပါဘူး ဒိန်မတ်က အမျိုးသမီးရဲ့ညာဘက်ဒေါက်ဖိနပ်ကဒေါက်ပြုပ်ထွက်သွားပါတယ်။ ဖိနပ်ချွတ်လျောက်ဖို့ကလည်းရာသီဥတုအေးတာရယ်၊ နိုင်ငံခြားသားအမြင်မှာ မတင့်တယ်တာရယ် ကြောင့်ဒီအကြံကိုစွန့်လွှတ်လိုက်ရပါတယ်။။ ဖိနပ်တစ်ဘက်မြင့်၊တစ်ဘက်နိမ့်နဲ့လျောက်ဖို့ကလည်းလျောက်လို့မရတာကြောင့် ဘယ်ဘက်က ဒေါက်ကို ဖြုတ်ဖို့ကြိုးစားကြပါတယ်။ ဖြတ်ချင်ပါတယ်ဆိုမှ ဒေါက်ကတော်တော်နဲ့ဖြုတ်လို့မရဘူး။ ရာသီဥတုအေးပေမဲ့ အချိန်မမှီမှာစိုးလို့ချွေးစလေးတွေထွက်စပြုလာပါတယ်။ ကံကောင်းစွာ နောက်ဆုံးမှာဒေါက်ဖြုတ်လို့ရ သွား ပါတယ်။ အမြန်ပြေးကြရင်း ၀င်ရမဲ့အပေါက်ရောက် လာပါ တယ်။ ၀င်ပေါက်တွေကလည်းအများကြီး၊ ဘယ်ကနေ    ၀င်ရမှန်းလဲမသိ။ အခန်းအနားဆီခေါ်သွားမဲ့ ပြင်သစ်အမျိုးသမီးက အရင်ရောက်နှင့်တဲ့မြန်မာအဖွဲ့ကိုအထဲသွင်းသွားပြီတဲ့။ ဒုက္ခပဲ အပင်းပန်းခံပြီး လာခဲ့သမျှ အလကားဖြစ်သွားပြီလား။

တော်သေးတယ်။ ပြင်သစ်အမျိုးသမီးထွက်လာပါတယ်။ လုံခြုံရေး အရ လေဆိပ်တွေမှာစစ်သလို ပါလာတဲ့ပစ္စည်းတွေနဲ့လူတစ်ဦးဆီစစ်ဆေးပါတယ်။ ဆုပေးတဲ့ခမ်းမထဲ မ၀င်ရသေးပါဘူး။ လာခေါ်မဲ့သူကိုစောင့်နေရပါတယ်။ မနက်စောစောထွက်လာရတဲ့အပြင် စိတ်ရော လူရော ပန်းသွား တဲ့အတွက်အန္တရာယ်မလွယ်နိုင်လို့ အိမ်သာရှာတော့ မတွေ့ပါဘူး။ အဆောက်အဦးမှာ တွေ့တဲ့               ၀န်ထမ်းတွေကိုမေးမှသူ့ ကပ်ပါးနဲ့ အထဲဝင်ပြီးလိုက်ပြပါတယ်။ ဒါပေမဲ့ သန့်ရှင်းရေးလုပ်နေလို့ ၀င်လို့မရပါဘူး။ နောက်ထပ်အိမ်သာထပ်ရှာရပြန်ပါတယ်။ တွေ့ပါပြီ။ အခုမှအန္တရာယ်လွယ် ထား ရာက ဖြေရှင်း နိုင်ကြပါ တော့တယ်။ ဒါပေမဲ့တစ်ယောက်သောသူမှာတော့ အန္တရာယ်ထုပ်ကြီး လမ်းမှာတင် ထွက်ကျ သွားခဲ့ တယ်လို့သိရပါတယ်။

အိမ်သာကထွက်လာပြီးချိန်မှာ ခမ်းမထဲဝင်ဖို့ဝန်ထမ်း တစ်ဦး လာခေါ်ပါတယ်။ အချိန်ကလည်း   ၁၂ နာရီထိုးတော့မယ်။ ရှေ့မှာခမ်းမထဲဝင်ဖို့စောင့်နေတဲ့ လူတန်းကြီး ကလည်းနဲနဲရှည်နေတယ်။  အချိန်မှီမှာ မဟုတ်တော့ဘူးလို့စိတ်ပျက်နေတုန်း ပြင်သစ် အမျိုးသမီးတစ်ဦးကဦးဆောင်ပြီး  ဒါမြန်မာအုပ်စု လမ်း ဖယ်ပေး ပါဆိုပြီးဦးဆောင်ပြီးခမ်းမထဲခေါ်သွားပါတယ်။ (နောက်မှသိရတာက အဲဒီအမျိုးသမီးက             ၀န်ထမ်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံကိုချစ်တဲ့ Strasbourg မြို့မှာနေတဲ့ပြင်သစ် အမျိုးသမီးပါ။ ငါကနင်တို့နဲ့ ကပ်လိုက်တာတဲ့။ ဘာပဲဖြစ်ဖြစ်အချိန်မှီရောက်လို့ကျေးဇူးတင်ပါတယ်)

ခမ်းမထဲကမြန်မာအဖွဲ့အတွက်နေရာ ရောက်လို့ထိုင်လိုက်တာနဲ့ အခန်းအနားစပြီး အမေစု ၀င်လာပါတယ်။ ဘုရားမလို့ ချိန်ကိုက်ရောက်တာပါလားလို့ဝမ်းသာရပါတယ်။ အမေစုပြောတာ တွေကို ၀မ်းသာ အားရ လက်ခုတ်တီးအားပေးရတာ၊ဓါတ်ပုံရိုက်ရတာလဲ မမောနိုင်ပါဘူး။ အခမ်းအနားပြီးလို့ထွက်လာတော့ ဖြစ်နိုင်ရင် အမေစုကိုသီထင်းကျွတ်လမို့ ကတော့ချင်ကြောင်း တွေ့ခွင့် ရမယ်ဆိုရင် မိနစ်လောက်တွေ့ချင်ကြောင်းပြောဆိုကြပါတယ်။ တာဝန်ကျ ၀န်ထမ်းက ဖြစ်နိုင်မယ်တော့ မထင်ဘူး ဒါပေမဲ့မေးပေးပါ့မယ်လို့ပြောပါတယ်။ ၁၀ မိနစ်လောက်ကြာတော့ အမေစုက တွေ့မယ်တဲ့။ အခုထမင်းကျွေး နေတာမို့ နောက်တစ်နာရီမှထွက်လာနိုင်မယ်တဲ့။ အို တွေ့မယ်ဆိုလို့ကတော့ တစ်နာရီမက စောင့်နိုင်တယ်။ အဆောက်ဦးအပြင်ထွက်ပြီး ဓါတ်ပုံ တွေ ရိုက်ရင်းစောင့်နေကြပါတယ်။ တစ်နာရီပြည့်ပါပြီ အဆောက်အဦးထဲကို ခုဏကလို အစစ်ဆေး ခံပြီးပြန်ဝင်ကြပါတယ်။ အမေစုထွက်လာပါပြီ။ အမေစုကို ပထမဦးဆုံးအကြိမ် နီးနီးကပ်ကပ် မြင် လိုက်ရတာပါ။ အမေစုက ဘာလို့တွေ့ချင်တာလဲလို့မေးပါတယ်။ အဖွဲ့ထဲက လူငယ် တစ်ဦးက အမေစုကို သီတင်ကျွတ်လ မှာကြုံကြိုတ် တုန်းကတော့ချင်ပါတယ်ဆိုတော့။ ဒါဆိုရင် အမေ အပါအ၀င် အဖွဲ့မှာပါလာတဲ့ ရဟန်းနှစ်ပါးကို အရင်ကတော့ကြမယ်။ ပြီးမှ အမေ့ကိုကတော့ပေါ့ဆိုပြီး တမံတလင်း ပေါ်ထိုင်ချလိုက်ပါတယ်။ အနားမှာရှိတဲ့ နိုင်ငံခြားသား တွေလဲ အံသြသင့်နေရာက  ဓါတ်ပုံတွေ တစ်ဖြတ်ဖြတ်ရိုက်ကြပါတယ်။
 
               မြန်မာနိုင်ငံတွင်သာမကနိုင်ငံတကားက လေးစားရတဲ့ အမေစု။ မာနတရား ဆိုတာ ဘာမှ မရှိပါလား။ ရိုးသားလိုက်တာ၊ မြန်မာဆန်ဆန်အ၀တ်ဝတ်ရုံသာမဟုတ်။ နှလုံးသား ကလည်း မြန်မာ ပိပိသသ ရိုးသားဖြူစင်ပါလားဆိုတဲ့အသိကြောင့် ၀မ်းသာပီတိနဲ့အတူ မျက်ရည်တွေ ဝေ့ တက်လာပါတယ်။ အမေစုပြောနေတဲ့ စကားတွေကိုနားထောင်ရင်း နောက်ဆုံး အမေစုပြန်ထွက် သွားမှ အမေစုနောက်က အမြဲအားပေးနေပါတယ်ဆိုတဲ့စကားတွေ ပလုံပထွေးနဲ့ ပြောလိုက် မိပါ တယ်။ အမေစုကြားမကြားတော့ မသိပါဘူး။ ကြားတာမကြားတာကအရေးမကြီးပါဘူး။ အမေစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ တိုင်းပြည်အကျိုးကို ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းရင်း ကိုယ်တတ်နိုင်တဲ့ အခန်းဏ္ဍန်ကနေ အတတ်နိုင်ဆုံးအားပေးနေရမှာပါ။

လမ်းရောက်တော့မှ မနက်စာစားဖို့ သတိရကြပါတယ်။ လမ်းဘေး အနားယူရာနေရာမှာ ပါလာတဲ့   ခေါက်ဆွဲ ကျော်တွေထုတ်စားကြပါတယ်။ အခက်အခဲအမျိုးမျိုးတွေ့နဲ့ကြုံခဲ့ရပေမဲ့ လာရကျိုး နပ် တယ်။ ကျေနပ်တယ်။ ၀မ်းသာတယ်။ မလာနိုင်တဲ့သူတွေကိုလည်း ကြွားရအုံးမယ်။ လို့ တစ်ယောက် တစ်ပေါက်ပြော ဆိုမိကြ ပါတယ်။
 
                                                     Andrei Sakharov
 
Sakharov Prize ကိုပြင်သစ်နိုင်ငံ Strasbourg မြို့ ရှိဥရောပပါလီမန်မှာ ပေးအပ်ပါတယ်။ ပထမဆုံး ဆုကို ၁၉၈၈ မှာစတင်ပေးခဲ့ပြီး၊နှစ်စဉ်ပေးအပ်ပါတယ်။ အမေစုက ၁၉၉၀ ခုနှစ်အတွက် ရရှိတာ ဖြစ်ပါတယ်။ ဆုကြေးအနေနဲ့ ယူရို ငါးသောင်းဖြစ်ပါတယ်။ ၁၉၇၄ နှစ်အတွက် Peace Prize ရရှိသော ဆိုဗီရက် နိုင်ငံသား သိပ္ပံပညာရှင် Andrei Sakharov ကိုဂုဏ်ပြုသောအားဖြင့် (Sakharov Prize for Freedom of Thought) ကို ၁၉၈၅ တွင်ဥရောပပါလီမန်တွင်စတင်တည်ထောင်ခဲ့ပါတယ်။  လူပုဂ္ဂိုလ်တစ်ဦးချင်း သော၎င်း၊ အဖွဲ့အစည်း အနေအားဖြင့်၎င်း လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာတွေးခေါ်မှုအတွက် အသက်ပေး၍ ဆောင်ရွက် သည်များကိုဂုဏ်ပြုသောဆုဖြစ်ပါတယ်။

 

**အမေ
**သမီးတစ်ယောက်အနေနဲ့ ဖခင်ကို စွန့်လွတ်ခဲ့ရတယ်                               
**ဇနီးတစ်ယောက်အနေနဲ့ ခင်ပွန်းသည်ကို စွန့်လွတ်ခဲ့ရတယ်          
**မိခင်တစ်ယောက်အနေနဲ့ ရင်သွေးတွေကို စွန့်လွတ်ခဲ့ရတယ်                               
**လူသား တစ်ယောက်အနေနဲ့ စည်းစိမ်တွေကို စွန့်လွတ်ခဲ့ရတယ်
**အမျိုးသမီးတစ်ယောက်အနေနဲ့ လွတ်လပ်ခွင့်တွေကို စွန့်လွတ်ခဲ့ရတယ်

**အသက်ရှင်လျက်နဲ့ စွန့်လွတ်ခဲ့ရတဲ့......သူ လုံးဝမစွန့်လွှတ်တာဆိုလို့  
ငါတို့ပြည်သူ သန်းခြောက်ဆယ်၊၊ ၊၊

မိုဃ်းဇော် (မနေ့က စာပေဟောပြောပွဲမှာ ဆရာညီမင်းညိုက အမေစု အကြောင်းပြော
သွားရင်းနဲ့ ရွတ်ဆိုခဲ့တဲ့ ကဗျာလေးပါ)
Facebook မှကူးယူထားပါသည်။ 
 
ကျမ်းကိုး
Sakharov Prize . Wikipedia

No comments:

Post a Comment