:include data='blog' name='google-analytics'/>

Monday, July 22, 2013

Silica gel နှင့် ဂျပန်ပညာတော်သင်




ကျမ ဂျပန်ပြည်မှာပညာတော်သင်ရောက်နေစဉ် (၁၉၈၈-၁၉၈၉) မှာလယ်စိုက်ရှင်းမှ ဒါရိုက်တာတစ်ဦး
အသက် ၅၀ ကျော် ၆၀ နီးပါး၊ ခြောက်လ၊ ပညာတော်သင်ရောက်လာပါတယ်။ ထုံစံအတိုင်း ခိုးချောင်
ခိုးဝှက် ကျမအခန်းမှာ ညနေ ထမင်း စုစားချိန်မှာအခန်းထဲမှာလူများနေတာနဲ့ ကျမတို့ကကြမ်းပေါ်မှာ ထိုင်ကြပြီး ဦ...ကိုတော့ ကျမကုတင်ပေါ်မှာထိုင်စေပါတယ်။

ထမင်းစားပြီးထွေရာလေးပါးစကားပြောကြတဲ့အချိန်မှာ ကျမတို့ကကြမ်းပေါ်မှာဆက်ထိုင်နေကြပြီး ဦး...ကတော့ ကုတင်ပေါ်မှာလှဲအိပ်လိုက်ပါတယ်။ လှဲအိပ်ပြီးမကြာခင်မှာဦ.. လဲအိပ်နေရာက ကမန်းကတမ်း
ထထိုင်ပြီးမကြာခင်သူ့အခန်းကိုပြန်သွားပါတယ်။ ကျမလည်း ချက်ချင်းကြီးပြောင်းလဲသွားတဲ့သူ့အပြုအမှုကို စဉ်းစားမရတာနဲ့ ဘာဖြစ်တာလဲလို့ ကျန်နေသူများကိုမေးလိုက်တော့.....
အမကလဲ သူကကုတင်ပေါ်မှာအိပ်နေပြီး ကျနော်တို့ကအောက်မှာထိုင်စကားပြောနေကြတော့ အသုဘ
နဲ့တူသွားတာပေါ့ ဒါကြောင့်သူပြန်ပြေးတာ ဆိုတော့မှ ကျမ ငတုံးလဲ သဘောပေါက်သွားပါတယ်။

ဒါနဲ့သူ့အကြောင်းဆက်ပြောဖြစ်တာက သူက ၀န်ကြီးတစ်ဦးရဲ့သမက်တော်ကြောင်း၊ ရိုးသားလို အသက်
၂၀ လောက်ကွာတဲ့ သမီးဖြစ်သူနဲ ပေးစားထားပြီး၊ မကြာခင် ပင်ဆင်သွားရတော့မှာမို့ ပင်ဆင်မယူခင် ကား
ဝယ်နိုင်အောင် motology အတွက်ပညာတော်သင်လွှတ်လိုက်တာတဲ့။ ပညာတော်သင်ကိုယ်တိုင်သာမက
ပညာတော်သင်ရွေးချယ်တဲ့သူတွေကလည်း ရည်ရွယ်ချက်ကြီးမားလိုက်ကြတာ motology တဲ့။

ဦး..က ခြေတစ်ဘက်နဲနဲဆာနေပြီးမျက်မှန်လည်းတပ်ထားရလို့ ကျမတို့နဲ့အတူမြို့ထဲလျှောက် လည်တဲ့ အခါတစ်ယောက် ယောက်ကိုတွဲခိုင်းထားရတယ်။ အခန့်မသင့်ချော်လဲမှာထိခိုက်ဒါဏ်ရာရမှာစိုးလို့ပါ။ ညာဘက်မျက်စေ့ကလည်းသိပ်မမြင်ရှာဘူး။ တစ်နေ့မှာ ကျမကို အစစအရာရာကူညီပေးလို့ကျေးဇူးတင် လွန်းလို့ဆိုပြီးသူ ရန်ကုန်က ပါလာတဲ့ ငါးခြောက်ဆိုပြီးယူလာပေးတယ်။ ကျမကြည့်လိုက်တော့
ဖိနပ်တိုက်တဲ့ Brush ဘရပ်ဖြစ်နေတယ်။ နောက်မှသူလဲသိသွားပြီးကျမကိုအခါခါတောင်းပန်ရှာတယ်။
ကျမ စိတ်မဆိုးတဲ့အပြင်သူ့ကိုတော်တော်သနားမိပါတယ်။

တစ်နေ့မှာဦး..ဖုန်း ဆက်တယ်သူ့ဖိနပ်အောက်ကကွာသွားလို့ ဘယ်လိုလုပ်ရမလဲတဲ့။ ကျမလည်း
အလွန်ကပ်တဲ့ superglue tube တစ်ခု အဆောင် (JICA centre) အောက်ကဆိုင်က ၀ယ် ကပ်လိုက်ဖို့အကြံပေးလိုက်ပါတယ်။ ခဏကြာတော့ ကျမဆီထပ်ဖုန်းဆက်လာတယ်။ ကျနော့်လက်ဖိနပ်မှာ ကပ်နေလို့ ဘယ်လိုလုပ်ရမလဲတဲ့။ ဦး...ရိုးသားတယ်ဆိုတာ မှန်ပါတယ်လို့သာထောက်ခံရတော့ မှာပါ။

တနင်္ဂနွေတစ်နေ့မှာ ကျမတို့တွေလျှောက်လည်ကြရင်းနဲ့ Roller Coster ခေါ်တဲ့ လူတွေကို အထက် အောက်လှည့်မွှေတဲ့ စက်တွေဆီရောက်သွားပါတယ်။ အဲ့ဒီမှာ ဦး.. အပါအ၀င် လူငယ်တွေကစီးကြတယ်။
ကျမနဲ့ ကြောက်တတ်တဲ့အမျိုးသမီးအချို့မစီးပဲ အောက်ကနေစောင့်နေကြတယ်။ စီးပြီးပြန်လာတဲ့ လူငယ်တစ်ချို့ မူးနောက်နောက်ဖြစ်ပေမဲ့ဦး.. ကတော့ ဟန်မပျက်ပဲ။ ကျမလည်း အံ့သြတာနဲ့ ဦး ..ကို ကပ်မေးလိုက်တယ်။ ဦး.. ကတော်တော်ခံနိုင်တာပဲ။ မမူးဘူးလားဆိုတော့။ ဟဲဟဲ ကျနော်က မမူးအောင်
ဘီရာ သောက်ထားတာတဲ့။ သြ ဒါကြောင့် ၀န်ကြီးသမက်တော်ပေတာပဲလို့မှတ်ချက်ချမိပါတယ်။

ညနေထမင်းစားဝိုင်းမှာ ရောက်တတ်ရာရာပြောကြရင်းနဲ့ ဂျပန် TV အကြောင်းရောက်သွားတယ်။
ဂျပန်မှာ နိုင်ငံခြားရုပ်ရှင်အားလုံးကို ဂျပန်အသံထဲ့ထားတယ်။ တစ်ခါ Columbo ဇတ်ကားပြလို့ ဒီတခါတော့ ကိုယ်နားလည်တဲ့ကားကြည့်ရတော့မယ်ဆိုပြီးဖွင့်လိုက်တော့ ဇတ်ကောင်အမေရိကန်တွေက ဂျပန်လို ပြောနေကြတာတွေ့ရပါတယ်။ ပညာတော်သင်တစ်ယောက်က ကျနော်စဉ်းစားမိတယ်။ ကျနော်တို့
ဆီမှာလည်း ဒီမှာလို dupping လုပ်ရင် အမေရိကန်တွေက မြန်မာစကားပြောရင်တော်တော်ရီရမှာ။
ဒါကြောင့် ကျနော်တို့ မလုပ်သေးတာလို့ ၀င်နောက်တယ်။ TV လိုင်းပေါင်း ၁၂ ခုလောက်ရှိတယ်ထင်တယ်။
သိပ်မမှတ်မိတော့ပါဘူး။ နံပါတ် ၂ ကတော့ ပိုက်ဆံပေးရတယ်။ ကျန်တာတွေကတော့ အလကားကြည့်လို့ရတယ်။ ကျမတို့က အမူအရာနဲ့ နည်းနည်းနားလည်နိုင်တဲ့ စာမူရိုင်းကားတွေကြည့်တယ်။ ဦး..က လူရွင်တော်တွေပျက်လုံးထုတ်တာကြည့်တယ်တဲ့။ ပျက်လုံးနာလည်ဖို့ ဂျပန်လိုတော်တော်ကျွမ်းကျင်မှ
ဖြစ်မှာမို့ ကျမလည်း ဦး..ကို အထင်ကြီးစွာဂျပန်ရုပ်ရှင်ကိုဘာသာပြန်ဖို့ပြောတော့ ဦး..ကသူဂျပန်လို ဆရာမလောက်နားမလည်ဘူးလို့ပြောပါတယ်။ ကျမလည်း ဒါဖြင့် လူရွှင်တော်တွေရဲ့ပျက်လုံးတွေကို ဘယ်လို နားလည်တာလဲဆိုတော့ ။ ကျနော်နားမလည်ပါဘူး။ သူတို့ရီရင် ကျနော်လိုက်ရီတယ်တဲ့။ မှတ်သားလောက်ပါပေတယ်။

 ဒီလိုနဲ့ ဦး... သူ့လုပ်ငန်းရှိရာ လယ်စိုက်ခင်းတွေဆီထွက်သွားပါတယ်။ တစ်နေ့မှာ နယ်ကနေ ဦး.. ကျမဆီအရေးတကြီးဖုန်းဆက်လာပါတယ်။ သူအဆိပ်သင့်နေလို့ ရင်တွေလဲ အလွန်ပူနေတယ်။ ဘယ်လိုလုပ်ရမလဲတဲ့။ ကျမလည်း ဘယ်လိုအဆိပ်သင့်တာလည်း ပြောပါအုံးဆိုတော့။
ဒီနေ့ ထမင်းစားချိန်မှာ ဂျပန်တစ်ယောက်နဲ့အတူတူစားကြကြောင်း။ သူက စားနေကြအတိုင်း ဖေါ့ဘူးနဲ့လာတဲ့ ထမင်းဘူးထဲကအထုပ်တွေဖေါက်ထဲ့၊ရေနွေးထဲ့ပြီး၊ခဏနေထမင်းကျက်တော့စားကြောင်း။
သူက ထမင်းဘူးမှာ မှိုမတက်အောင်ထဲ့ထားတဲ့ silica gel လုံးတွေကိုစားစရာထင်ပြီးရောထဲ့ကြောင်း။
ဂျပန်က အဲ့ဒါစားစရာမဟုတ်ကြောင်း၊ အဆိပ်လို့ပြောကြောင်း။ အဲ့ဒါသိကထဲက သူ့လည်ပင်တွေ၊ရင်ပတ်တွေလည်းအလွန်ပူလာကြောင်းပြောပါတယ်။

ကျမ ဆရာဝန်သက်တမ်းတစ်လျှောက်မှာ silica gel စားလို့အဆိပ်ဖြစ်တာ မတွေ့ဖူးပါဘူး။ ကျမတို့မြန်မာ
ပြည်မှာ ဂျပန်မှာလို ထမင်းဘူးတွေမှ မစားကြတာ။ ကျမလည်းဘာဖြေရမှန်းမသိဘူး။ ဒါနဲ့ ဦး စားနေတာ
ဘယ်လောက်ကြာပြီလဲဆိုတော့ နယ်ရောက်ကတဲကစားတာ တစ်ပတ်လောက်တော့ရှိပြီတဲ့။ တစ်ပတ်နေမှ ဘာမှမဖြစ်သေးဘူးဆိုရင် ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ရင်ပူတယ်၊လည်ပင်ပူတယ်ဆိုတာ silica gel  ကရေစုပ်တာကြောင့်ရယ်၊ အဆိပ်ဆိုတဲ့ကြောက်စိတ်ကြောင့် ဖြစ်ကြောင်း ရှင်းပြလိုက်ပြီး နောက်တပ် ထပ်မစားဖို့ပြောလိုက်ရပါတယ်။ 

အလွန်အထင်သေးတတ်တဲ့ ဂျပန်တွေ မြန်မာပညာတော်သင်တွေကိုကြည့်ပြီး ဘယ်လောက်များအမိ
မြန်မာပြည်ကြီးကိုအထင်သေးနေကြမလဲလို့ တွေးနေမိပါတယ်။

No comments:

Post a Comment