:include data='blog' name='google-analytics'/>

Sunday, July 28, 2013

စိတ်ဝင်စားစရာပြင်သစ်နတ်သမီး (၀ါ) သူတော်စင်။

 
                                                          Jeanne D`Arc



ပြီးခဲ့တဲ့လက ပြင်သစ်နိုင်ငံ အနောက်ဘက်နော်မန်ဒီနယ်က Rouen မြို့ကို အလည်ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာထင်ရှားတဲ့နေရာတွေလျှောက်ကြည့်ရာက Tour Jeanne d`Arc ဆိုတဲ့ အဆောက်အဦးဆီ ရောက်ခဲ့ပါတယ်။ 


                                         Tour Jeanne d`Arc (1412-30 May 1431)

ဒီအဆောက်အဦးမှာ သူများအဆောက်အဦးတွေနဲ့မတူ ထူးခြားချက်က ရက်အတိအကျထိုးထားတာပါပဲ။
ဘာဖြစ်လို့လဲဆိုတော့  Jeanne d`Arc ဆိုတဲ့ အမျိုးသမီးကိုအဲ့ဒီနေ့မှာဖမ်းချုပ်နှိပ်စက်ခဲ့ကြပြီး အရှင် လတ်လတ်မီးရှို့သတ်ခဲ့လို့ပါပဲ။


Jeanne d`Arc ကို 1412 ခုမှာ Orléans မြို့ကလယ်သမားမိသားစုမှာမွေးဖွါးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ပြင်သစ်နိုင်ငံနဲ့အင်္ဂလန်နိုင်ငံတို့ နှစ် ၁၀၀ စစ်ပွဲဖြစ်နေတဲ့အချိန်ဖြစ်ပြီး၊ပြင်သစ်နိုင်ငံတစ်ခုလုံးနီးပါးအင်္ဂလိပ်
လက်အောက်ကျနေချိန်ဖြစ်ပါတယ်။ သူမသည်အလွန်ဘာသာတရားကိုင်းရှိင်းသူဖြစ်ပါတယ်။ သူမ ၁၃ နှစ်သမီးမှာ ပြင်သစ်နိုင်ငံဘုရင် Charles VII အားဘုရင်ခံနိုင်ရန်ကူညီဖို့ပြောဆိုသံများကြားနေပါတယ်။
ထိုအသံများကို ၄ နှစ်တိုင်တိုင်ကြားနေရပါတယ်။ အခြားသူများအားပြောလျှင်ယုံမည့်သူမရှိသဖြင့်မည်သူ့ကိုမှမပြောပဲ ၎င်း ၁၇ နှစ်သမီးတွင် Charles ဘုရင်အားသွားရောက်တွေ့ဆုံပြီး၎င်းကြားရသော အသံများ အကြောင်းပြောပြပါတယ်။ ဘုရင်ကယုံကြည်သဖြင့် ၎င်း၏စစ်တပ်အားဦးဆောင်တိုက်ခိုက်ခိုင်းရာ တိုက်ပွဲတိုင်းလိုလိုအောင်ခဲ့ပြီး၊ Charles ဘုရင်ကိုဘိတ်သိပ်ခံနိုင်ခဲ့ပါတယ်။



                      ပြင်သစ်ဘုရင်တိုင်းဘိတ်သိပ်ခံရသော Reims မြို့ခရစ်ယံဘုရားကျောင်း


Charles ဘုရင်ကိုဘိတ်သိပ်ခံပြီးနောက် ၎င်းကြားနေသောအသံများတိတ်သွားခဲ့ပါတယ်။ Jeanne လည်းမိမိတာဝန်များ ပြီးဆုံးပြီဟုယူဆကာ Charles ဘုရင်အားလျောက်ထားပါတယ်။ ဒါပေမဲ့ Charles ဘုရင်ကဆက်လက်တာဝန်ယူခိုင်းရာမှ Jeanne အားတိုက်ပွဲတွင်အဖမ်းခံခဲ့ရပါတယ်။ Jeanne  အား အင်္ဂလိပ် လက်အောက်ခံပြင်သစ်တို့အားေ၇ာင်းချခြင်းခံရပြီးအမျိုးမျိုးနှိပ်စက်ကြပြီးနောက်ဆုံးတွင်
အင်္ဂလိပ်အလိုတော်ယှိ ခရစ်ယံဘုန်းကြီးများက စုံးမ ဟုစွပ်စွဲကာ အရှင်လတ်လတ်မီးရှို့သတ်ခဲ့ကြပါတယ်။
၎င်းကူညီခဲ့သော Charles ဘုရင်က ၎င်းလွတ်မြောက်ရေးအတွက်ဘာမှမလုပ်ဆောင်ခဲ့ပါဘူး။

၎င်းသေဆုံးပြီး ၂၅ နှစ်မှာ Pope Callixtus III က၎င်းအမှုကိုပြန်လည်စစ်ဆေးပြီး၊အပြစ်မရှိကြောင်း နှင့်သူရဲကောင်းအဖြစ်ဆုံးဖြတ်ခဲ့ပါတယ်။ ယခုအခါ ၎င်းအားပြင်သစ်နိုင်ငံရဲ့ အခြားသောသူတော်စင်များ ဖြစ်တဲ့ St Denis, St Martin, St Louis IX, St Martin of Toursand St Theresa of Lisieux တို့နည်းတူ
သတ်မှတ်ပြီးနှစ်စဉ်နှစ်တိုင်း ၎င်းဇတ်လမ်းကိုကပြကြပါတယ်။

 Jeanne ဟာအနောက်နိုင်ငံရဲ့ထင်ရှားကျော်ကြားသူဖြစ်ပြီး၊  နပိုလီရံလက်ထက်မှစ၍ ပြင်သစ် နိုင်ငံေ၇း သမားများ၊ ပညာတတ်အသိုင်းအ၀ိုင်းများရဲ့အမှတ်ရစရာ၊ဖြစ်ခဲ့ပါတယ်။ ၎င်းအကြောင်းကို ထင်းရှားသော စာရေးဆရာများဖြစ်တဲ့ William Shakespeare, Voltaire, စသည်တို့ရဲ့စာဖွဲ့ခြင်း၊ရုပ်ရှင်ပြဇတ်များရေးဖွဲ့ခြင်း၊သီချင်း၊TV ၊ video games များအဖြစ်ဖန်တီးခြင်းများပြုလုပ်ကြပါတယ်။



                      Charles ဘုရင်အားလျောက်ထားခဲ့သောနေရာရှိအဆောက်အဦးဟောင်း။


 
Jeanne အားမီးရှိ့သတ်ခဲ့သောနေရာတွင်ထုလုပ်ထားသောကျောက်ရုပ်။
 
 
 
                                               Paris မြို့ Jeanne ကျောက်ရုပ်။



                   Paris မြို့ Notre-Dame ခရစ်ယံဘုရားကျောင်းရှိ Jeanne ကျောက်ရုပ်။



                                           Jeann D`Arc ရုပ်ထု


                                                      Jeann D`Arc ရွှေဒင်္ဂါ




                                                     Jeann D`Arc ရုပ်ထု




                                                    Jeann D`Arc ရုပ်ထု


Jeann D`Arc ပန်းချီကား
 
 
 
 
Jeann D`Arc ပန်းချီကား
 
 
 
 
 

Monday, July 22, 2013

Silica gel နှင့် ဂျပန်ပညာတော်သင်




ကျမ ဂျပန်ပြည်မှာပညာတော်သင်ရောက်နေစဉ် (၁၉၈၈-၁၉၈၉) မှာလယ်စိုက်ရှင်းမှ ဒါရိုက်တာတစ်ဦး
အသက် ၅၀ ကျော် ၆၀ နီးပါး၊ ခြောက်လ၊ ပညာတော်သင်ရောက်လာပါတယ်။ ထုံစံအတိုင်း ခိုးချောင်
ခိုးဝှက် ကျမအခန်းမှာ ညနေ ထမင်း စုစားချိန်မှာအခန်းထဲမှာလူများနေတာနဲ့ ကျမတို့ကကြမ်းပေါ်မှာ ထိုင်ကြပြီး ဦ...ကိုတော့ ကျမကုတင်ပေါ်မှာထိုင်စေပါတယ်။

ထမင်းစားပြီးထွေရာလေးပါးစကားပြောကြတဲ့အချိန်မှာ ကျမတို့ကကြမ်းပေါ်မှာဆက်ထိုင်နေကြပြီး ဦး...ကတော့ ကုတင်ပေါ်မှာလှဲအိပ်လိုက်ပါတယ်။ လှဲအိပ်ပြီးမကြာခင်မှာဦ.. လဲအိပ်နေရာက ကမန်းကတမ်း
ထထိုင်ပြီးမကြာခင်သူ့အခန်းကိုပြန်သွားပါတယ်။ ကျမလည်း ချက်ချင်းကြီးပြောင်းလဲသွားတဲ့သူ့အပြုအမှုကို စဉ်းစားမရတာနဲ့ ဘာဖြစ်တာလဲလို့ ကျန်နေသူများကိုမေးလိုက်တော့.....
အမကလဲ သူကကုတင်ပေါ်မှာအိပ်နေပြီး ကျနော်တို့ကအောက်မှာထိုင်စကားပြောနေကြတော့ အသုဘ
နဲ့တူသွားတာပေါ့ ဒါကြောင့်သူပြန်ပြေးတာ ဆိုတော့မှ ကျမ ငတုံးလဲ သဘောပေါက်သွားပါတယ်။

ဒါနဲ့သူ့အကြောင်းဆက်ပြောဖြစ်တာက သူက ၀န်ကြီးတစ်ဦးရဲ့သမက်တော်ကြောင်း၊ ရိုးသားလို အသက်
၂၀ လောက်ကွာတဲ့ သမီးဖြစ်သူနဲ ပေးစားထားပြီး၊ မကြာခင် ပင်ဆင်သွားရတော့မှာမို့ ပင်ဆင်မယူခင် ကား
ဝယ်နိုင်အောင် motology အတွက်ပညာတော်သင်လွှတ်လိုက်တာတဲ့။ ပညာတော်သင်ကိုယ်တိုင်သာမက
ပညာတော်သင်ရွေးချယ်တဲ့သူတွေကလည်း ရည်ရွယ်ချက်ကြီးမားလိုက်ကြတာ motology တဲ့။

ဦး..က ခြေတစ်ဘက်နဲနဲဆာနေပြီးမျက်မှန်လည်းတပ်ထားရလို့ ကျမတို့နဲ့အတူမြို့ထဲလျှောက် လည်တဲ့ အခါတစ်ယောက် ယောက်ကိုတွဲခိုင်းထားရတယ်။ အခန့်မသင့်ချော်လဲမှာထိခိုက်ဒါဏ်ရာရမှာစိုးလို့ပါ။ ညာဘက်မျက်စေ့ကလည်းသိပ်မမြင်ရှာဘူး။ တစ်နေ့မှာ ကျမကို အစစအရာရာကူညီပေးလို့ကျေးဇူးတင် လွန်းလို့ဆိုပြီးသူ ရန်ကုန်က ပါလာတဲ့ ငါးခြောက်ဆိုပြီးယူလာပေးတယ်။ ကျမကြည့်လိုက်တော့
ဖိနပ်တိုက်တဲ့ Brush ဘရပ်ဖြစ်နေတယ်။ နောက်မှသူလဲသိသွားပြီးကျမကိုအခါခါတောင်းပန်ရှာတယ်။
ကျမ စိတ်မဆိုးတဲ့အပြင်သူ့ကိုတော်တော်သနားမိပါတယ်။

တစ်နေ့မှာဦး..ဖုန်း ဆက်တယ်သူ့ဖိနပ်အောက်ကကွာသွားလို့ ဘယ်လိုလုပ်ရမလဲတဲ့။ ကျမလည်း
အလွန်ကပ်တဲ့ superglue tube တစ်ခု အဆောင် (JICA centre) အောက်ကဆိုင်က ၀ယ် ကပ်လိုက်ဖို့အကြံပေးလိုက်ပါတယ်။ ခဏကြာတော့ ကျမဆီထပ်ဖုန်းဆက်လာတယ်။ ကျနော့်လက်ဖိနပ်မှာ ကပ်နေလို့ ဘယ်လိုလုပ်ရမလဲတဲ့။ ဦး...ရိုးသားတယ်ဆိုတာ မှန်ပါတယ်လို့သာထောက်ခံရတော့ မှာပါ။

တနင်္ဂနွေတစ်နေ့မှာ ကျမတို့တွေလျှောက်လည်ကြရင်းနဲ့ Roller Coster ခေါ်တဲ့ လူတွေကို အထက် အောက်လှည့်မွှေတဲ့ စက်တွေဆီရောက်သွားပါတယ်။ အဲ့ဒီမှာ ဦး.. အပါအ၀င် လူငယ်တွေကစီးကြတယ်။
ကျမနဲ့ ကြောက်တတ်တဲ့အမျိုးသမီးအချို့မစီးပဲ အောက်ကနေစောင့်နေကြတယ်။ စီးပြီးပြန်လာတဲ့ လူငယ်တစ်ချို့ မူးနောက်နောက်ဖြစ်ပေမဲ့ဦး.. ကတော့ ဟန်မပျက်ပဲ။ ကျမလည်း အံ့သြတာနဲ့ ဦး ..ကို ကပ်မေးလိုက်တယ်။ ဦး.. ကတော်တော်ခံနိုင်တာပဲ။ မမူးဘူးလားဆိုတော့။ ဟဲဟဲ ကျနော်က မမူးအောင်
ဘီရာ သောက်ထားတာတဲ့။ သြ ဒါကြောင့် ၀န်ကြီးသမက်တော်ပေတာပဲလို့မှတ်ချက်ချမိပါတယ်။

ညနေထမင်းစားဝိုင်းမှာ ရောက်တတ်ရာရာပြောကြရင်းနဲ့ ဂျပန် TV အကြောင်းရောက်သွားတယ်။
ဂျပန်မှာ နိုင်ငံခြားရုပ်ရှင်အားလုံးကို ဂျပန်အသံထဲ့ထားတယ်။ တစ်ခါ Columbo ဇတ်ကားပြလို့ ဒီတခါတော့ ကိုယ်နားလည်တဲ့ကားကြည့်ရတော့မယ်ဆိုပြီးဖွင့်လိုက်တော့ ဇတ်ကောင်အမေရိကန်တွေက ဂျပန်လို ပြောနေကြတာတွေ့ရပါတယ်။ ပညာတော်သင်တစ်ယောက်က ကျနော်စဉ်းစားမိတယ်။ ကျနော်တို့
ဆီမှာလည်း ဒီမှာလို dupping လုပ်ရင် အမေရိကန်တွေက မြန်မာစကားပြောရင်တော်တော်ရီရမှာ။
ဒါကြောင့် ကျနော်တို့ မလုပ်သေးတာလို့ ၀င်နောက်တယ်။ TV လိုင်းပေါင်း ၁၂ ခုလောက်ရှိတယ်ထင်တယ်။
သိပ်မမှတ်မိတော့ပါဘူး။ နံပါတ် ၂ ကတော့ ပိုက်ဆံပေးရတယ်။ ကျန်တာတွေကတော့ အလကားကြည့်လို့ရတယ်။ ကျမတို့က အမူအရာနဲ့ နည်းနည်းနားလည်နိုင်တဲ့ စာမူရိုင်းကားတွေကြည့်တယ်။ ဦး..က လူရွင်တော်တွေပျက်လုံးထုတ်တာကြည့်တယ်တဲ့။ ပျက်လုံးနာလည်ဖို့ ဂျပန်လိုတော်တော်ကျွမ်းကျင်မှ
ဖြစ်မှာမို့ ကျမလည်း ဦး..ကို အထင်ကြီးစွာဂျပန်ရုပ်ရှင်ကိုဘာသာပြန်ဖို့ပြောတော့ ဦး..ကသူဂျပန်လို ဆရာမလောက်နားမလည်ဘူးလို့ပြောပါတယ်။ ကျမလည်း ဒါဖြင့် လူရွှင်တော်တွေရဲ့ပျက်လုံးတွေကို ဘယ်လို နားလည်တာလဲဆိုတော့ ။ ကျနော်နားမလည်ပါဘူး။ သူတို့ရီရင် ကျနော်လိုက်ရီတယ်တဲ့။ မှတ်သားလောက်ပါပေတယ်။

 ဒီလိုနဲ့ ဦး... သူ့လုပ်ငန်းရှိရာ လယ်စိုက်ခင်းတွေဆီထွက်သွားပါတယ်။ တစ်နေ့မှာ နယ်ကနေ ဦး.. ကျမဆီအရေးတကြီးဖုန်းဆက်လာပါတယ်။ သူအဆိပ်သင့်နေလို့ ရင်တွေလဲ အလွန်ပူနေတယ်။ ဘယ်လိုလုပ်ရမလဲတဲ့။ ကျမလည်း ဘယ်လိုအဆိပ်သင့်တာလည်း ပြောပါအုံးဆိုတော့။
ဒီနေ့ ထမင်းစားချိန်မှာ ဂျပန်တစ်ယောက်နဲ့အတူတူစားကြကြောင်း။ သူက စားနေကြအတိုင်း ဖေါ့ဘူးနဲ့လာတဲ့ ထမင်းဘူးထဲကအထုပ်တွေဖေါက်ထဲ့၊ရေနွေးထဲ့ပြီး၊ခဏနေထမင်းကျက်တော့စားကြောင်း။
သူက ထမင်းဘူးမှာ မှိုမတက်အောင်ထဲ့ထားတဲ့ silica gel လုံးတွေကိုစားစရာထင်ပြီးရောထဲ့ကြောင်း။
ဂျပန်က အဲ့ဒါစားစရာမဟုတ်ကြောင်း၊ အဆိပ်လို့ပြောကြောင်း။ အဲ့ဒါသိကထဲက သူ့လည်ပင်တွေ၊ရင်ပတ်တွေလည်းအလွန်ပူလာကြောင်းပြောပါတယ်။

ကျမ ဆရာဝန်သက်တမ်းတစ်လျှောက်မှာ silica gel စားလို့အဆိပ်ဖြစ်တာ မတွေ့ဖူးပါဘူး။ ကျမတို့မြန်မာ
ပြည်မှာ ဂျပန်မှာလို ထမင်းဘူးတွေမှ မစားကြတာ။ ကျမလည်းဘာဖြေရမှန်းမသိဘူး။ ဒါနဲ့ ဦး စားနေတာ
ဘယ်လောက်ကြာပြီလဲဆိုတော့ နယ်ရောက်ကတဲကစားတာ တစ်ပတ်လောက်တော့ရှိပြီတဲ့။ တစ်ပတ်နေမှ ဘာမှမဖြစ်သေးဘူးဆိုရင် ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ရင်ပူတယ်၊လည်ပင်ပူတယ်ဆိုတာ silica gel  ကရေစုပ်တာကြောင့်ရယ်၊ အဆိပ်ဆိုတဲ့ကြောက်စိတ်ကြောင့် ဖြစ်ကြောင်း ရှင်းပြလိုက်ပြီး နောက်တပ် ထပ်မစားဖို့ပြောလိုက်ရပါတယ်။ 

အလွန်အထင်သေးတတ်တဲ့ ဂျပန်တွေ မြန်မာပညာတော်သင်တွေကိုကြည့်ပြီး ဘယ်လောက်များအမိ
မြန်မာပြည်ကြီးကိုအထင်သေးနေကြမလဲလို့ တွေးနေမိပါတယ်။

Wednesday, July 17, 2013

ဂျပန်အကြောင်းအမှတ်ရစေတဲ့သတင်းတစ်ပုဒ်

ပြည်တော်ပြန် မြန်မာများကို လေဆိပ် လဝက ငွေကောက်လျှင် အရေးယူမည် ဆိုတဲ့ သတင်း ဖတ်လိုက်ရတော့ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော် ဂျပန်ရောက်စဉ်က အကြောင်း ကိုပြန်ပြောင်း အမှတ်ရ မိပါတယ်။ အဲ့ဒီအချိန်က ပလပ်စတစ်အိပ်တွေ စပေါ်ကာစ။ မြန်မာပြည်လေယာဉ်ကွင်းက ၀န်ထမ်း တွေကလည်း အကေါက်ကြမ်းတဲ့အချိန်ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ဝင်တာနဲ့ ပါလာတဲ့ သေတ္တာတွေ ဖွင့်ပြရပါတယ်။ ဂျပန်ကပြန်တဲ့သူတွေရဲ့ သေတ္တာဖွင့် ပြီးရင် သူတို့ကြိုက်တဲ့ (ပြန်ရောင်းရင်ဈေးကောင်းရမဲ့)ကီမိုနိစကိုယူလေ့ရှိပါတယ်။ အဲ့ဒါ မယူအောင်သေတ္တာ အပေါ်ဆုံးမှာ ပလပ်စတစ်အိပ်တွေ အများကြီး ထပ်ခင်းထားရပါတယ်။ ပလပ်စတစ်အိပ်တွေရရင် အောက်ကဟာတွေ ရှာမယူတော့ဘူးလို့ သိရပါတယ်။

    ဂျပန်ကပြန်ရင် အကောင်းဆုံးလက်ဆောင်ကတော့ ဂျပန်ကီမိုနိုပါပဲ။ ဌာနဆိုင်ရာက အထက်လူကြီး တွေကိုလည်းကီမိုနိုနဲ့ကတော့ရပါတယ်။ ဆွေမျိုးမိတ်ဆွေတွေ အတွက်လည်း ကီမိုနိုလက်ဆောင်ပါမှ
မျက်နှာကောင်းရပါတယ်။ မြန်မာတွေကြိုက်တဲ့ ကီမိုနိုဆိုတာ တကယ်တော့ဂျပန်တွေသုံးတဲ့ ကီမိုနို မဟုတ်ပါဘူး။ မြန်မာအကြောင်းသိတဲ့ဂျပန်တစ်ယောက်ကသူ့ကိုယ်ပိုင်စက်ရုံမှာ မြန်မာအကြိုက်
ဒီဇိုင်းတွေရိုက်ပြီး လေးထောင်ကွင်းတွေဖြတ်ရောင်းတာဖြစ်ပါတယ်။ အဲ့ဒီအချိန်က တစ်ထည်ကို
ဂျပန်ရမ် ၆၀၀ ပေးရပါတယ်။ အဆင်မကောင်းရင် (မြန်မာဈေးကွက်မှာအရောင်းမသွက်တဲ့အဆင်)
ဆိုရင် တစ်ထည်ကိုရမ် ၄၀၀ ပေးရပါတယ်။ (ဂျပန်ကြီးကမြန်မာလိုပြောနိုင်ပါတယ်။ သူ့ကို ဖုန်းဆက် လိုက်ရင် သူ့အထည်တွေစက္ကူကတ်ပုံးနဲ့ယူလာရောင်းပါတယ်။ အဲ့ဒါကိုမသိတဲ့သူတွေကို မြန်မာတစ်ချို့
က တစ်ထည်ကို ၂၀၀ အမြတ်စားပြီးပြန်ရောင်းပါတယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာအချင်းချင်း ကူညီပေးရမဲ့အစား ခေါင်းပုံဖြတ်နေကြတာပါပဲ။ အထူးသဖြင့်မြန်မာသံရုံးဝန်ထမ်းတွေအနေနဲ့မြန်မာ
နိုင်ငံသားတွေကိုကူညီသင့်တယ်လို့ထင်ပါတယ်။

အဲ့ဒီဂျပန်အဖိုးကြီးနံမည်တောင်မေ့သွားပါပြီး။  ယခုထိ အသက်ရှင်နေသေးလား၊မြန်မာတွေအတွက် ကီမိုနိုရောင်းသေးလားဆိုတာမသိတော့ပါဘူး။ ၁၉၈၈ တုံးက အသက် ၆၀-၇၀ လောက်ရှိပါပြီ။ မြန်မာ
ရည်ဘယ်လောက်လည်သလဲဆိုရင် ပိတ်စအကျန် ၂ဆကိုဆက်ပြီး ၂၀၀ နဲ့ရောင်းပါတယ်။ တစ်နှစ် တစ်ခါလည်းမြန်မာနိုင်ငံကို ကီမိုနိုတွေ သွားရောင်းပါတယ်။ သူ့အတွက်၂၀ ကီလိုအပြည့်ထည့်တဲ့
အပြင်သူ့မိတ်ဆွေတစ်ယောက်ကိုစရိတ်ခံပြီးကီမိုနိုသယ်စေပါတယ်။ မြန်မာနိုင်ငံမှာ ထူးထူး ဆန်းဆန်း တစ်ကြိမ် လေယာဉ်ပြန်ပေးဆွဲတုန်းက အဲ့ဒီဂျပန်ကြီးလေယျာဉ်ထဲမှာပါလာတာကိုသတင်းစာမှာတွေ့လိုက်ရပါတယ်။

အဲ့ဒီဂျပန်ကြီးကသူ့ကိုလေဆိပ်မှာ မညစ်အောင်ဘယ်လိုမြန်မာစကားပြောရမလဲလို့ မြန်မာတွေကို မေးပါတယ်။ လေဆိပ်က အကောက်ကြမ်းတဲ့ ၀န်ထမ်းတွေကို အလွန်ချစ်တဲ့ ဥာဏ်ရွှင်ကြတဲ့ မြန်မာတွေကလည်း သင်ပေးလိုက်ပါတယ်။ အဲ့ဒီစကားကြောင့် လေဆိပ်မှာ ၀န်ထမ်းတွေက ဘာမှမတောင်း၊ မယူပဲလွှတ် လိုက်တယ်ဆိုပြီး စကားသင်ပေးတဲ့ မြန်မာတွေကို သိပ်ကျေးဇူးတင်
ကြောင်း ပြောပြပါတယ်။
စာဖတ်သူများ အဲ့ဒီစကားတွေသိပါသလား ?

သူခိုးကြီးများ၊ဓပြကြီးများ ခင်ဗျာ
ကျနော့်မှာ ပါတာအားလုံး သူခိုးကြီးများ၊ဓပြကြီးများ ကြိုက်တာ ယူနိုင်ပါတယ်။

ဂျပန်က မမျှော်လင့်ပဲ မြန်မာစကားပီပီသသ ပြောလို့ ကြက်သေသေပြီး လွှတ်လိုက်တာလား။ ဒါမှမဟုတ်
အကောင်ကြီးကြီးတွေနဲ့သိတယ်ထင်လို့လွှတ်လိုက်တာလား မပြောနိုင်ပါ။

လေဆိပ်ဝန်ထမ်းတွေတင် အကျင့်ပျက်သလားဆိုတော့ မဟုတ်ပါဘူး။ စာတိုက်ဝန်ထမ်းတွေကလည်း
နိုင်ငံခြားက ဘာပစ္စည်းပို့ပို့ ဥပမာ ပို့စကဒ်လှလှလေး ပို့ရင်တောင်မရပါဘူး။ စာတိုက်မှာတင် လမ်းဆုံး ပါတယ်။ မိတ်ဆွေတစ်ယောက်က သူ့အမေအတွက် မြန်မာနိုင်ငံမှာဝယ်မရတဲ့ ဆေးတွေပို့တဲ့အခါဆေးကဒ်
မှာပြန်ရောင်းလို့မရအောင်၊စာတိုက်က၀န်ထမ်းတွေမယူအောင်၊ အကြားမရှိ (သူခိုးတွေ) လို့ရေးပြီးပို့မှ ရပါတယ်။ ဒါပေမဲ့ ဆေးလာရွေးတဲ့သူကို သူတို့ကိုသိက္ခာချတယ်ဆိုပြီးရန် လုပ်ပါတယ်။ ကိုယ့်သိက္ခာကို
ဘယ်သူကမှချလို့မရပါဘူး။ ကိုယ့်သိက္ခာကို ကိုယ်ကိုယ်တိုင်စောင့်စည်းရမှာဖြစ်ပါတယ်။

ဝန်ထမ်းကောင်းများဖြစ်ကြပါစေ။





Friday, July 12, 2013

လိမ်တတ်တဲ့သူ မလုပ်ရဲတာ ဘာမှမရှိဘူးတဲ့။

 
ကျနော်မလိမ်ပါဘူး။ စက်ကတော့မင်းလိမ်တယ်လို့ပြနေပါလား။စက်ကလိမ်နေတာပါဗျာ။


ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း) ဆရာတော်က မထေရ်မြတ်တို့ စကားဝိုင်းမှာတရားဓမ္မနဲ့ပတ်သက် တာတွေပြောကြဆိုကြတာတွေ ကိုပြန်ပြောင်းရေးသားဖေါ်ပြခဲ့တာတွေဖတ်ရတာအလွန်အကျိုးရှိပါတယ်။
တရားဓမ္မနဲ့ပတ်သက်ပြီးအများကြီးဗဟုသုတရ၊ကြည်နူးဝမ်းမြောက်ရလို့လဲကုသိုလ်တွေရကြပါတယ်။

ကျမဂျပန်မှာတွေ့ကြုံခဲ့တာတွေကို နောက်လာမဲ့သူတွေအကျိုးရှိအောင် ဂျပန်အကြောင်းသိကောင်းစရာဆို
ပြီးဆောင်းပါးအနေနဲ့ရေးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ၈၈ အရေးအခင်းဖြစ်လို့ ကျမပြန်မဲ့အချိန်မှာ သင်္ဘောကမြန်မာပစ္စည်း ဘာမှလက်မခံတာကြောင့် အရေးကြီးတဲ့ပစ္စည်းတွေကိုယ်နဲ့တစ်ပါးတည်း လေယျဉ်ပျံနဲ့သယ်ပြီးကျန်တာတွေလွှင့်ပစ်ခဲ့ရတာမို့ ဆောင်းပါးတွေလည်း လွှင့်ပစ်တဲ့အထဲပါသွားပါတယ်။ ယခု internet ခေတ်ရောက်ပြီး၊ blog စရေးတော့မှ ဂျပန်အကြောင်းတွေကိုမှတ်မိသလောက်ပြန်ရေးတာမို့ ယခု အခြေ အနေနဲ့ကိုက်ညီချင်မှညီတော့မှာပါ။ လွဲမှားနေတယ်ဆိုရင် ပြင်ပေးကြပါလို့ တောင်းဆိုပါရစေ။

ကျမတို့ဂျပန်ရောက်မြန်မာ ပညာ တော်သင်တွေကတော့ညနေထမင်းဝိုင်းမှာ ရောက်တတ်ရာရာ စကား တွေသာပြောဖြစ်ကြပါတယ်။ အများဆုံးကတော့ motology အကြောင်း။ motology ဆိုတဂျပန်ကအပြန် ဘာကားဝယ်ပြန်မယ်၊ဆိုတာနဲ့ပတ်သက်ပြီး ဆွေနွေးကြတာကိုပြောတာပါ။ မှတ်မှတ်ရရ မြန်မာပညာ တော် သင်တွေ တွေ့တဲ့အခါ။ ဘယ်ဌာနက ဘယ်သူဆိုတာလောက်မိတ်ဆက်ကြပြီး ဘာ ဘာသာရပ်အတွက် လာတယ်ဆိုတာဘယ်သူမှ စိတ်ဝင် တစားမမေးကြ၊မပြောကြပဲ။ motology ပဲပြောဖြစ်ကြပါတယ်။ အဲ့ဒီအချိန်က ကားဝယ်ပြန်တဲ့သူ ၉၉% ကစီးမဲ့သူမဟုတ်ပဲ ပြန်ရောင်းကြမဲ့သူတွေမို့၊ ဈေးကောင်းရမဲ့ကား
ဝယ်ဘို့သာစိတ်ဝင်စားကြပါတယ်။ ကျမတို့ ကျောက်မြောင်းရပ်ကွက်မှာတောင် သင်္ဘောသား တွေ ကားရောင်းလို့ရတဲ့ပိုက်ဆံနဲ့တိုက်ခန်းတွေ  ၀ယ်ကြလို့သင်္ဘောသားရပ်ကွက်လို့တောင်အမည်တွင်နေပါပြီ။

တစ်နေ့ထမင်းဝိုင်းစားရင်းနဲ့ ရောက်တတ်ရာရာပြောကြရာက motology အကြောင်း ရောက်သွားပါ တယ်။  ကားအကြောင်းကျွမ်းကျင်တဲ့ အင်ဂျင်နီယာပညာသင်အကိုကြီး ၃ ယောက်လည်းပါဝင် ဆွေနွေးပါတယ်။ တစ်ယောက်က ကားအင်ဂျင်က ရှေ့ရက်မှပိုကောင်းကြောင်း ကားရဲ့စွမ်းအင်
ပိုကောင်းအောင်တီထွင်ထားတာ လို့ပြောပါတယ်။

နောက်တစ်ယောက်က  ဒါပေမဲ့ နောက်ရက် အင်ဂျင်မှ ပြန်ရောင်းလို့ရကြောင်း၊ ရှေ့ရက်ဆိုဝယ်မဲ့သူ မရှိဘူးလို့ ပြောပါတယ်။

ကားကိုမောင်းရုံ၊စီးရုံသာလုပ်တတ်တဲ့ ကျမက ဘာဖြစ်လို့ ပိုကောင်းတဲ့ ရှေ့ရက်ကိုမကြိုက်ကြတာလဲလို့
ဝင်စပ်စုလိုက်ပါတယ်။ 

နောက်ရက်က မြန်မာနိုင်ငံမှာပြင်တတ်တဲ့သူရှိတယ်။ ရှေ့ရက်ကိုပြင်တတ်တဲ့ သူ မရှိဘူး။ ပျက်ရင် အင်ဂျင် တစ်ခု လုံးလဲရတယ်။ ဒါကြောင့်မကြိုက်တာတဲ့။ သြ ဟုတ်ပေသားပဲ။ မြန်မာနိုင်ငံမှာ ကားမှ မထုတ်နိုင်တာ ကားဟောင်းပဲပြင်သုံးနေရတာကိုး။ ဒါနဲ့တစ်ဆက်ထဲ စစ်တွေမြို့မှာ အင်္ကျီချုပ်ဆိုင်လို့  ဆိုင်းပုတ် မတတ်ပဲ အင်္ကျီပြင်ဆိုင်လို့ ဆိုင်းပုတ် တတ်တယ်လို့ သိရပါတယ်။ ဘာလို့လဲဆိုတော့ အင်္ကျီအသစ်ချုပ်တာ မဟုတ်ပဲ၊ ရေဘေးအတွက် ရောက်လာတဲ့ အင်္ကျီတွေကိုပြင်ချုပ်လို့တဲ့။

မြန်မာပညာတော်သင်တွေကရတဲ့ ပညာတော်သင်စရိတ်လေးကို ကုတ်ကပ်စုပြီး၊ကားဟောင်းတွေ ကားသင်္ချိုင်းကသွားဝယ်၊ပြန်ပြင်ပြီး၊ပြန်ကြတာဆိုတော့ ကားသင်္ချိုင်းမှာ နောက်ရက်အင်ဂျင်ကားတွေ မကုန်ခင်အပြေးဝယ်ကြမှဖြစ်မှာ။ တိုကျိုလိုမြို့ကနေကားသင်္ချိုင်းကိုသွားဖို့ဆိုတာ ခရီးစရိုက်နဲ့တင် စုထားသမျှကုန်မှာမို့ မြန်မာပညာတော်သင်တွေကို အထူးရောင်းတဲ့ သူကိုဆက်သွယ်ရပါမယ်။ အဲ့ဒီမှာ
အထူးသတိထားရမှာက မြန်မာအကြောင်းနော်ကြေတဲ့ မြန်မာတစ်ချို့ကိုသိထားဖို့လိုပါတယ်။ ပညာတော် သင်တွေအနေနဲ့ အထူးသဖြင့် ၃လ သာလာရတဲ့သူတွေ ကားဝယ်ဖို့ပိုက်ဆံပြည့်ဖို့ဆိုတာပြန်ခါနီးမှ ရတာ၊ နောက်ပြီးမြန်မာဈေးကွက်ကလိုချင်တဲ့ကားက ရချင်မှရအုံးမှာဆိုတော့ စိတ်ချရမယ်ထင်တဲ့ ကားရောင်း သူကိုပိုက်ဆံအကုန်ခြေခဲ့ရမှာ။ သူ မပို့ပေးရင်ဘယ်လိုမှ မတတ်နိုင်ဘူး။ ပညာတော်သင်တွေ ချွေးနည်းစာ
နဲ့  ဆုထားတဲ့ငွေတွေကိုလိမ်လည်မဲ့ သူတွေကလည်း ပေါ်မှပေါ်။ ကျမ ရှိနေတဲ့ ၂ နှစ်အတွင်း မှာကို လိမ်လည်တဲ့သူ နှစ်ဦးကိုကြုံခဲ့ရပါတယ်။ တစ်ဦးက ဂျပန်ရောက်မြန်မာသံရုံးဝန်ထမ်း။ ကျန်တစ်ဦးက ဂျပန်TV မြန်မာပိုင်း အစီအစဉ်မှာတာဝန်ကျသူဆိုတော့ ယုံကြည်ကြတာပေါ့။ သံရုံးဝန်ထမ်းကတော့ ၃ ယောက် မြောက် လိမ် လည် မှုမှာ အတိုင်ခံရပြီး အလုပ်ထုတ်ခံလိုက်ရတယ်လို့ကြားရပါတယ်။

ကျန်တစ်ဦးကိုတော့အချိန်မှီ အလိမ်ခံရတဲ့ ပညာတော်သင် ၃ဦးကသူ့အိမ်မှာဝိုင်းဖမ်းနိုင်လို့ ပိုက်ဆံ တွေပြန်ရ ကြပါတယ်။ အဲ့ဒီ ၃ ယောက်ပြန်သွားပြီးနောက် စီးပွါးရေးတက္ကသိုလ်က ဆရာမဆိုတာ ရောက်လာပါတယ်။ အသက် ၄၅ နှစ်ခန့်၊ ၁၀ တန်းကျောင်းသူသမီးတစ်ယောက်ရှိကြောင်းသိရပါတယ်Japanese International Co operation Agency (JICA) Centre ကိုအ၀င်အတွက်ရှိနေတဲ့သူက နောက်ရောက်တဲ့ ဆရာမကိုဆက်သွယ်ပါတယ်။ JICA Centre ကိုမကြာခဏရောက်လာပြီး ဆရာမကို လက်ဆောင်တွေပေး၊တိုကျိုမြို့မှာအလည်ပို့ပေးနဲ့အယုံသွင်းနေပါတယ်။ ယခင်ပညာသင် ၃ ယောက် တုန်းကလိုပါပဲ။ အဲ့ဒီ ၃ ယောက်တုန်းက အသက် အငယ်ဆုံးတစ်ယောက်ကို ပိုးပမ်းတဲ့ပုံစံနဲ့ချဉ်းကပ် ခဲ့ တာပါ။ အခုတစ်ခါလည်း ဆရာမကိုပိုးပမ်းတဲ့ ပုံစံမျိုးသုံးနေပါတယ်။ ကျမ နဲ့ဆရာမကလည်း အခုမှတွေ့ဘူးတာ။ စကားတောင်ကြာကြာမပြောဖူးဘူး။
ဆရာမကို ပိုးပမ်းရောင်ဆောင်ပြီးလိမ်နေတာပါလို့ပြောရင် ယုံမလား။ သက်သေခံမဲ့သူတွေကလည်း မရှိတော့ဘူး။ သူ့ မကြိုက်ပဲ ငါ့ကိုကြိုက်တာ မနာလိုလို့ ပြောတာလို့ပဲအထင်ခံရမှာမို့ ...ဂျပန်မှာ လိမ်တဲ့
သူတွေအလွန်များတယ်။ ဘယ်သူ့ကိုမှ မယုံကြပါနဲ့။ ကားဝယ်ရင် ပညာသင်တွေ အားလုံးစိတ်ချလက်ချ
ဝယ်ကြတဲ့ ဦး.... ဆီကပဲ ၀ယ်ကြပါလို့နှိုးစော်ရုံကလွဲပြီးကျမလည်းဘာမှ မတတ်နိုင်ပါဘူး။ ဆရာမပြန်သွားပြီးသူ့ဌာနက ထပ်ရောက်လာတဲ့သူပြောလို့ ဆရာမ ၆လ စုထားတဲ့ ငွေအားလုံး ကားတစ်စီး၊
စိုက်ကယ်တစ်စီးနဲ့ အိမ်မိုးသွပ်တစ်ထုတ်စာငွေတွေအားလုံးအလိမ်ခံရတယ်တဲ့။ ဆရာမလည်းရှက်လို့
ဘယ်သူကိုမှ မပြော၊မတိုင်ခဲ့ဘူး။ အခုလာတဲ့ သူ့ဌာနကလူ အလိမ်ခံရမှာစိုးလို့သာပြောပြတာလို့ဆိုပါတယ်။
လိမ်တဲ့သူလည်း JICA Centre ကိုရောက်မလာတော့ပါဘူး။ ဆရာမများသူ့ဆီ နောက်လူတွေထပ်လိမ်ရင် အရေးယူမဲ့ အကြောင်းများစာရေးလိုက်လို့လား။ ဘာပဲဖြစ်ဖြစ်လိမ်တဲ့သူတွေ ပပျောက်သွားတာ
ပညာတော်သင်တွေအန္တရာယ်ကင်းတာပေါ့။


 မြတ်စွာဘုရားရှင်က
လိမ်တတ်တဲ့သူ မလုပ်ရဲတာ ဘာမှမရှိဘူးတဲ့။

သူတစ်ပါးကိုလိမ်လည်လှည့်ဖျားသူ မဖြစ်အောင်စောင့်ထိမ်းနိုင်တဲ့အပြင်၊သူတစ်ပါးအလိမ်ခံရခြင်း
မှလည်းကင်းဝေးနိုင်ကြပါစေ။


ကျည်ဆံတတောင့်ဟာလူတယောက်ကိုသာသေစေနိုင်တယ်
လည်ဆယ်လိမ်ညာတဲ့တီဗွီကင်မရာတလုံးကတော့နိုင်ငံတနိုင်ငံလုံးရဲ့ဇီဝိန်ကိုချုပ်ငြိမ်းစေနိုင်တယ်
(အီဂျစ်ပြည်သူတွေရဲ့လက်ကမ်းစာရွက်တရွက်ရဲ့အဆို)

Sunday, July 7, 2013

ဂျပန်နိုင်ငံရောက်ခဲ့စဉ်က (၃) တစ်ခါသုံးစက္ကူအမျိုးမျိုး။

ဒီလိုအလိပ်နဲ့စက္ကူမျိုးကနိုင်ငံခြားမှာအိမ်သာမှာပဲသုံးပါတယ်။ အရောင်အမျိုးမျိုး၊ပန်းပွင့်စသည် ဒီဇိုင်း အမျိုးမျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ တစ်ချို့ဆိုင်တွေမှာ ဘူးနဲ့ထဲ့ပြီးသုံးတာတွေ့ပါတယ်။


ဒီစက္ကူတွေကတော့ စားပွဲမှာ လက်သုတ်ပ၀ါလိုအသုံးပြုပါတယ်။ သူလည်းအရောင်အမျိုးမျိုး၊ဒီဇိုင်း အမျိုးမျိုးရှိပါတယ်။


ဒီစက္ကူတွေကိုလည်း စားပွဲမှာ လက်သုတ်ပ၀ါလိုအသုံးပြုပါတယ်။ သူလည်းအရောင်အမျိုးမျိုး၊ဒီဇိုင်း အမျိုးမျိုးရှိပါတယ်။ တစ်ချို့စက္ကူတွေမှာအမွှေးနံ့၊ ပိုးသတ်ဆေး စသည် ထည့်ထားပါတယ်။ဘူးထဲကနေစက္ကူတစ်ရွက်ချင်း ဆွဲသုံးနိုင်ပါတယ်။



ဒီစက္ကူလိပ်တွေကိုလည်း စားပွဲမှာ လက်သုတ်ပ၀ါလိုအသုံးပြုပါတယ်။ သူလည်းအရောင်အမျိုးမျိုး၊ဒီဇိုင်း အမျိုးမျိုးရှိပါတယ်။ အိမ်သာစက္ကူလိပ်တွေထက်ပိုရှည်ပြီး။စက္ကူသားပိုပွပါတယ်။ အရည်တွေကိုစုပ်ယူနိုင်
စွမ်းပိုကောင်းပါတယ်။



ဒါကတော့မိမိနှင့်အတူဆောင်ထားပြီးလက်ကိုင်ပုဝါလိုအထုပ်ထဲကတစ်ရွက်ချင်း ဆွဲထုပ်ပြီး အသုံးပြုရ ပါတယ်။ နိုင်ငံခြားမှာ ဟတ်ချိုးရင်၊ချောင်းဆိုးရင် ပါးစပ်နဲ့နှခေါင်းကို စက္ကူနဲ့အုပ်ပြီးလုပ်ရပါတယ်။ ဒါမှ
သူတစ်ပါးကိုရောဂါကူးဆက်ချင်းမှကာကွယ်မှာဖြစ်ပါတယ်။ အဲ့ဒီလိုမလုပ်ရင်မိမိအနားမှာရှိတဲ့သူတွေရဲ့
မျက်စောင်းထိုးတာ၊ အပြစ်ပြောတာခံရပါလိမ့်မယ်။


ကျမ ဂျပန်မှာရှိနေစဉ် မြန်မာကျောင်းသားအဖွဲ့ရောက်လာတယ်လို့ကြားရပါတယ်။ အဲ့ဒီသတင်းနဲ့အတူ အဖွဲ့ထဲကတစ်ယောက် supermarket ကိုအလည်သွားစဉ် ပစ္စည်းတစ်ခု ငွေမခြေပဲယူလို့ supermarket အထွက်မှာ alarm မြည်ပြီး အဖမ်းခံရတယ်လို့ကြားလိုက်ရတယ်။ တော်ပါသေးရဲ့ ယူတဲ့သူက ကျောင်းသား
ဖြစ်နေလို့ ။ supermarket မှာ ကင်မရာတွေထပ်ထားတာ၊ ပစ္စည်းတိုင်းမှာ computer code တွေထဲ့ထား ပြီး ငွေခြေထဲ့အခါ decode လုပ်လိုက်မှသာ supermarket အပြင်ကိုအသံမမြည်ပဲယူလို့ရအောင် လုပ်ထား တယ်ဆိုတာမသိကြတဲ့အတွက် ဘယ်သူမှမမြင်ဘူး။ အလွယ်တကူယူနိုင်တယ်လို့ထင်ကြတယ်နဲ့တူပါ တယ်။ မြန်မာတွေရဲ့ အားနည်းချက်က ဘာကိုမှလေ့လာမှု၊စူးစမ်းမှုမရှိပဲ အထင်နဲ့ရမ်းလုပ်လေ့ရှိ တာပါပဲ။
    
         ဂျပန်နိုင်ငံမှာ အဆောက်အဦးတိုင်းလိုလို၊ supermarket တွေအပြင်၊လမ်းဒေါင့် တွေမှာ အလကားသုံးလို့ရတဲ့ အိမ်သာတွေရှိပါတယ်။ အဲ့ဒီအိမ်သာတွေမှာ သန့်ရှင်းနေ အောင် ရေ၊စက္ကူတွေကို အပိုအလျှံစီစဉ်ထားပါတယ်။ အသုံးပြုတဲ့သူတွေကလည်းစီကမ်းရှိရှိနဲ့အသုံးပြုကြလို့ အင်မတန် သန့်ရှင်းပါတယ်။ ခြွေတာရေးကျွမ်းကျင်တဲ့ မြန်မာတွေက အိမ်သာထဲကစက္ကူလိပ် တွေကိုယူကြပါတယ်။ တစ်ခါက ဌာနတစ်ခုက ရာထူးကြီးကြီးတစ်ယောက်၊နိုင်ငံတကာအစည်းအဝေးထက်ဖို့ ဂျပန်ကို ရောက် လာစဉ် လူတတ်လုပ်ပြီး အစည်းအဝေးခန်းထဲကို အိမ်သာထဲကစက္ကူလိပ်ကြီး အစည်းအဝေးခန်းထဲ ယူလာလို့ မြန်မာတွေအရှက်ကွဲခဲ့ရဖူးပါတယ်။ ယခု မြန်မာနိုင်ငံမှာ supermarket တွေ လည်းရှိ နိုင်ငံခြားမှာအသုံးပြုတဲ့စက္ကူတွေလည်းအသုံးပြုနေကြပြီမို့ အထက်ကလို အရှက်ကွဲရတဲ့အဖြစ်မျိုးတွေ မကြုံရတော့ဘူးထင်ပါတယ်။

အထွေထွေဗဟုသုတနဲ့ပြည့်စုံနိုင်ကြပါစေ။