:include data='blog' name='google-analytics'/>

Thursday, August 23, 2018

ကျနော်ကဦးမောင်မောင်ရဲ့မျက်လုံးပါ။


ဖွဲ့စည်းတည်ဆောက်မှုရှုပ်ထွေးတဲ့နေရာမှာ ကျနော့်ကို ဦးမောင်မောင်ရဲ့ဘယ်အင်္ဂါအစိတ်အပိုင်းကမှ ယဉ်ပြိုင်နိုင်မယ်မထင်ပါဘူး။ ကျနော်က ပင်ပေါင်ဘော်အရွယ်ရှိပေမဲ့ မီလျှံပေါင်းများစွာသော လျှပ်စစ် ဆက်သွယ်မှုတွေနဲ့ တစ်မီလျှံခွဲ ရှိတဲ့ သတင်းအချက်အလက်တွေကို နေ့စဉ် ပို့ဆောင်ပေးနိုင်ပါတယ်။ ဦးမောင်မောင်ရတဲ့ သတင်းအချက်အလက်   ၈၀%  ဟာ ကျနော်တို့ဆီကရတာပါ။ သူက ကျနော့်ကို အသေးစား television camera လို့ထင်တယ်။ ဒါဟာ ကျနော့်ကိုစော်ကားတာပဲ။ ကျနော်က အမြင်နဲ့ပတ်သက်တဲ့ အထူး ခြားဆုံးသော အံ့သြဖွယ်ရာ ဖြစ်ပါတယ်။ ကျနော်ဟာ အကြီးမာဆုံး၊ တန်ဖိုးအကြီးဆုံး TV camera တွေထက် များစွာစွမ်းဆောင်နိုင်တဲ့အင်္ဂါဖြစ်ပါတယ်။

ယခုခေတ်က ကျနော့်ကို ဒုက္ခရောက်စေ၊ပင်ပန်းစေပါတယ်။ ကျောက်ခေတ်တုန်းက လူသားတွေ ဟာ အန္တရာယ် ရှောင်ရှား ဖို့အတွက် အဝေးမြင် ဖို့သာ လိုအပ်ပါတယ်။ အခုတော့ အနီးမြင်ဖို့အတွက် ကျနော်အမြဲအလုပ်လုပ်နေရတယ်။ ကျနော်ရဲ့တည်ဆောက်ပုံကိုကြည့်ခြင်းအားဖြင့် အနီးမြင်ဖို့အတွက် ကျနော်ဘယ်လို လုပ်ဆောင် ရတယ် ဆိုတာ သဘောပေါက်မှာပါ။


ကျနော့်ရှေ့မှာ အမေရိကန်နိုင်ငံသုံး ဆယ်ပြား ခန့်ရှိတဲ့ cornea ခေါ်တဲ့ ကြည်လင်တဲ့ ပြူးတင်ပေါက်မှန် ရှိပါတယ်။ သူက အလင်းရောင်တန်းတွေကိုညီညီညာညာဖြစ်အောင် လုပ် ပေးတယ်။ cornea နောက်မှာ (Pupil) ခေါ်တဲ့ ကျဉ်းနိုင်ကျယ်နိုင်တဲ့ အပေါက်ရှိတယ်။ စူးရှတဲ့နေရောင် အောက်မှာ ကျဉ်းသွားပြီး၊ညမှောင်မှောင်မှာကျယ်လာပါတယ်။ ဒီအဆင့်အထိ မမြင်နိုင်သေးပါဘူး။ ဒါပေမဲ့အပေါစား camera အနေနဲ့ဒါတွေကိုမလုပ်ပေးနိုင်ပါဘူး။ ကျနော်ရဲ့ ထူးခြားတဲ့အလုပ်တွေက မှန်ဘီးလူးက စပါတယ်။ ကျနော်ရဲ့ မှန်ဘီးလူးက ဘဲဥပုံရှိတဲ့ ဗီတာမင်ဆေးလုံး အရွယ်လောက်ရှိပါတယ်။ မှန်ဘီးလူးကို အလွန် သေးငယ်ပြီး သန်မာတဲ့ ထူးခြားဆန်းကြယ်တဲ့ iris ခေါ် ကြွက်သားငယ်တွေနဲ့ဝန်းရံထားပါတယ်။  သူတို့တွေ ကျုံ့လိုက်ရင် မှန်ဘီးလူးပြားသွားပြီး အနီးမှာရှိတဲ့အရာတွေကိုမြင်နိုင်ပါတယ်။ ကြွက်သားငယ်တွေ လျော့ချ လိုက်ရင် အဝေးက အရာတွေကိုမြင်နိုင်ပါတယ်။ ဒါဟာ ကျောက်ခေတ်လူသားတွေအတွက် လိုအပ် ချက် ပါပဲ။ သူတို့အတွက် ၆ မီတာအကွာလောက်ကအန္တရာယ်ကိုမြင်ဖို့သာလိုအပ်ပါတယ်။ အခု ခေတ်မှာတော့ ဦးမောင်မောင်ရဲ့ကမ္ဘာဟာကျဉ်းမြောင်းလာပြီ အနီးကပ် စာဖတ် တာတွေ၊ အလုပ်လုပ် တာတွေကြောင့် ကျနော့်ကြွက်သားငယ်တွေအမြဲအလုပ်လုပ်နေရတယ်။ ကြွက်သားငယ်တွေ ပင်ပန်းကြ တယ်။

         မှန်ဘီးလူးရဲ့အရှေ့နဲ့အနောက်မှာ အရည်တွေနဲ့ပြည့်နေတဲ့ အခန်း ၂ခုရှိတယ်။ ရှေ့ခန်းကအရည်က ရေလိုပဲ။ နောက်ခန်းကအရည်ကတော့ ကြက်ဥအကာရည်နဲ့တူတယ်။ရှေ့ခန်းအရည်က မှန်ဘီးလူးကို ပြည့်တင်းနေစေတယ်။ အလင်းရောင်ဖြတ်သန်းဖို့အတွက် အရည်၂ ခုလုံးကြည်လင်နေဖို့လိုအပ်တယ်။ ဦးမောင်မောင် လင်းလက်တဲ့ အရာတွေ ကြည့် တဲ့အခါ မြင်ရတဲ့ အစက်အပြောက်တွေက သူ ငယ်ငယ် အမေ့ဝမ်းမှာရှိတုန်း မှန်ဘီးလူဖြစ်စက ကျန်ခဲ့တဲ့ ဆဲလ်တွေဖြစ်တယ်။ သူတို့တွေ မျက်လုံးထဲက အရည် ထဲမှာ ဦးမောင်မောင် အသက်ရှင် နေသမျှကာလပတ်လုံး လွင့်မျောနေပါမယ်။

         ဦးမောင်မောင် တစ်ခုခုကိုကြည့်တဲ့အခါ အလင်းတန်းတွေ မှန်ဘီးလူးကိုဖြတ်သွားကြတယ်။ မှန်ဘီးလူးက Retina လို့ခေါ်တဲ့ အပေါ်မှာ ပုံရိပ်ထင်အောင်လုပ်ပေးတယ်။ Retina ဆိုတာ ကြက်သွန်ခွံလို နံရံကပ်စက္ကူ (wallpaper) လို မျက်လုံးရဲ့ အနောက်ဘက် သုံးပုံ နှစ်ပုံကိုဖုံးအုပ်ထားတယ်။ ဦးမောင်မောင်ရဲ့ ဥဏှောက်ကလွဲရင် အလွန်သေးငယ်တဲ့ နေရာမှာ Retina လို ဆဲလ်တွေစုပုံနေတာမရှိဘူးလို့ထင်တယ်။ ၃ စင်တီမီတာအကျယ်အ၀န်းရှိတဲ့ Retina မှာ အလင်းရောင်ကိုသိတဲ့ဆဲလ် ၁၃၇ မီလျှံ ရှိပါတယ်။ ၁၃၀ မီလျှံ ဆဲလ်တွေက အဖြူ အမည်းကိုမြင်နိုင်တဲ့ ဒုတ်ချောင်းပုံ (rods) ဆဲလ်တွေဖြစ်ပြီး၊ ၇ မီလျှံက အရောင်ကိုမြင် နိုင်တဲ့ ကတော့ပုံ (cones) ဆဲလ်တွေဖြစ်ပါတယ်။ ဒုတ်ချောင်းပုံ ဆဲလ်တွေက Retina ရဲ့ နေရာ အနှံ့အပြား မှာပြန့်ကျဲနေကြပါတယ်။ ညဘက်မှာ ပိုးစုန်းကြူးတစ်ကောင်ကိုမြင်တယ်ဆိုရင်။ ကျနော့်တို့ကိုယ်ထဲမှာ ရှုပ်ထွေးတဲ့ဓါတ်ပြုမှုတွေဖြစ်ပျက်ကြတယ်။ ကျနော်တို့ရဲ့ ဒုတ်ချောင်းပုံ ဆဲလ်ထဲက ခရမ်းရောင်လွှမ်းတဲ့ အနီ ရောင်ကို ပိုးစုန်းကြူးရဲ့မှုန်မွှားတဲ့အလင်းရောင်က အရောင်ချွတ်ပြစ်လိုက်တယ်။ အဲ့ဒီလို အရောင် ချွတ်ချိန် မှာ အလွန် အားနည်းတဲ့ လျှပ်စစ်တွေ (ခြင်တစ်ကောင်ကိုတောင် ဂလိမထိုးနိုင်တဲ့ ဗိုလ်အားတစ်ခုရဲ့ မီးလျှံ ပုံမျှ) ထုတ်လွှတ်တယ်။ အဲ့ဒီလျှပ်စစ်က ကျနော်ရဲ့ ကောက်ရိုးလောက်ကြီးတဲ့ အမြင်အာရုံကြော (optic nerve) က နေတစ်ဆင့် ဥဏှောက်ဆီကို တစ်နာရီ ၄၅၀ ကီလိုမီတာနှုန်းနဲ့စီးဆင်းသွားတယ်။ ဥဏှောက်က အဲ့ဒါကို ပိုးစုန်းကြူးလို့ အဓိပ္ပါယ်ဖေါ်ပေးတယ်။ အဲ့ဒီကိစ္စတွေအားလုံး တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံ ၂ပုံ အတွင်းမှာပြီးစီးသွားတယ်။ ကျနော့်ရဲ့ ကတော့ပုံ ဆဲလ်တွေကပိုလို့တောင်ရှုပ်ထွေးသေးတယ်။ သူတို့တွေက အ၀ါရောင် ပင်အပ်အရွယ် ရှိတဲ့ fovea ခေါ်တဲ့ အနည်းငယ်ချိုင့်နေတဲ့ နေရာမှာရှိကြတယ်။ အဲ့ဒီနေရာက အမြင်အားအကောင်းဆုံးနေရာဖြစ်တယ်။ ဒီနေရာက စာဖတ်တာ၊ အနီးကပ်ကြည့်တာနဲ့ အရောင်တွေခွဲခြားမြင်အောင် လုပ် ပေးတယ်။ ကတော့ပုံဆဲလ်တွေမှာလည်း အရောင်ချွတ်နိုင်တဲ့ ဆေးရောင် (pigment) တွေရှိတယ်။ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် တစ်မျိုးဆီ အတွက် pigment တွေ သီးခြား ရှိတယ်။ ပန်းချီဆရာလိုပဲ ဥဏှောက်က အဲ့ဒီ အခြေခံအရောင်တွေကိုရောထွေးခြင်းဖြင့် အရောင်အမျိုးမျိုးဖြစ်စေနိုင်တယ်။ တကယ်လို့ အဲ့ဒီ လျှပ်စစ်ဓါတုပြောင်းလဲခြင်း တွေမှာ ပြဿနာဖြစ်ရင် ဦးမောင်မောင် အရောင်တွေခွဲခြားမမြင်နိုင်တော့ဘူး (color blind)။ လူ ၈ ယောက်မှာ တစ်ယောက် အနည်းနဲ့အများ အရောင် ခွဲခြားမြင်မှု အားနည်းတတ်တယ်။

အလင်းရောင်အားနည်းတဲအခါများမှာ ကတော့ပုံဆဲလ်တွေရဲ့စွမ်းအားကျဆင်းတာကြောင့် အရောင်ခွဲခြားမြင်နိုင်မှုလည်းကျဆင်းပြီး အရာအားလုံး မီးခိုးရောင်တွေ အနေနဲ့ ပဲ မြင်တာဟာ ဒုတ်ချောင်းပုံ ဆဲလ်တွေက ကတော့ပုံဆဲလ်တွေရနေရာကိုဝင်ရောက်တာဝန်ယူကြတာကြောင့်ပါ။

ဦးမောင်မောင်က မျက်လုံးနဲ့မြင်တယ် ထင်ပေမဲ့ တကယ်က သူ့ဦးဏှောက် ကမြင်တာပါ ဒါကြောင့် သူ့ခေါင်းနောက်မှာအပြင်းအထန်ဒါဏ်ရာရပြီး အမြင်အာရုံဆိုင်ရာဥဏှောက်နေရာကိုထိခိုက်မိရင် မျက်လုံး ကောင်းပေမဲ့ သူမမြင် တော့ပါဘူး။ ဒါဏ်ရာက ကန်း လောက်အောင် အားမပြင်းဘူးဆိုရင် ကြယ် တွေ မြင်နေပါမယ်။ လျှပ်စစ်ထုတ်လုပ်မှုတွေ ကဆင့်ကလျားဖြစ်ကုန်ကြလို့ပါ။

ဦးမောင်မောင်အိပ်မက်မက်တဲ့အခါ မျက်လုံးတွေမှိတ်ပြီး၊ အမှောင်ထဲ့မှာရောက်နေပေမဲ့ သူရုပ်ပုံတွေမြင်ရတာဟာ ဥဏှောက်ရဲ့စွမ်းဆောင်ချက်ပါ။ တကယ်လို့သူ ဟာ မွေးဖွါးကတဲက မျက်မမြင် ဆိုရင် သူအိပ်မက်ထဲမှာရုပ်ပုံတွေမမြင်နိုင်ပါဘူး။ အသံတွေ၊ အနံ့တွေ၊ အတွေ့အထိ စတာတွေကိုပဲ အိပ်မက်မက်ပါလိမ့်မယ်။ 

ဦးမောင်မောင်မွေးကာစက အလင်းရောင်နဲ့ အရိပ်တွေပဲမြင်နိုင် ပါတယ်။ ပထမ လ အနည်းငယ်မှာ သူ ကျောက်ခေတ်လူသားတွေလို အဝေးကိုပဲမြင်နိုင်ပါတယ်။ သူ့ရဲ့ ကစား စရာတွေလေ့လာဖို့ သူ့မျက်လုံးနဲ့ အဝေးဆုံးရောက်အောင်သူ့လက်ကိုဆန့်တန်းထားရပါတယ်။ ပြီးတော့ သူ့မျက်လုံး ၂ လုံးက လည်း ဟန်ချက်ညီညီ မလုပ်နိုင်သေးဘူး။ ကျနော်က တစ်ဘက်ကိုကြည့် နေချိန်မှာ ကျနော့် အဖေါ်ကနောက် တစ်ဘက်ကိုကြည့်နေတတ်တာကြောင့် သူ့အမေ လန့် တတ်ပါတယ်။ ကြောက်ဖို့မလိုပါဘူး။ လ အနည်း ငယ်အတွင်း ကျနော်တို့ ၂ ယောက် ညီညီညာညာလှုပ်ရှားတတ်ပါပြီ။ သူ ၆ လသားအရွယ်မှာတော့ သူ့ရဲ့ အမြင်အာရုံ အထူးကောင်မွန်နေပါပြီ။ ဒါပေမဲ့အမြင်အာရုံ အမြင့်ဆုံးကိုတော့ အသက် ၈ နှစ် ရောက်မှ ရရှိ မှာဖြစ်ပါတယ်။ သူငယ်ငယ်က အလင်းရောင်မှိန်မှိန်မှာ သူစာဖတ်နိုင်တယ်။ သူ့မိခင်က သူ့ကို မျက်လုံး အားနည်း စေ တယ်လို့ပြောတယ်။ ဒါ မမှန်ဘူး။ လူငယ်တွေဟာ လူကြီးတွေထက် အလင်းရောင်မှိန်မှိန်မှာ ပိုမြင်နိုင်တယ်။ ဒါကြောင့် အမြင်အာရုံကိုထိခိုက်မှုမရှိဘူး။

         ကျနော့်မှာ အခြားထူးခြားတဲ့ အရာတွေရှိသေးတယ်။ တစ်ခုကတော့ ကျနော့်ရဲ့ အလွန်သေး ငယ် တဲ့ကြွက်သားတွေပဲ။ မီလီဂရမ်ချင်းနှိုင်းဆမယ်ဆိုရင် သူတို့ဟာ ကိုယ်ထဲမှာရှိတဲ့ အားအရှိ ဆုံး ကြွက်သား စာရင်းဝင်တွေဖြစ်တယ်။ သာမန်နေ့တစ်နေ့မှာ ကျနော် အရာဝတ္ထုတွေမြင်နိုင်အောင် အခါပေါင်း တစ်သိန်း လောက် လှုပ်ရှားရတယ်။ သူ့ခြေထောက်က ကြွက်သားတွေ ကျနော့်ကြွက်သားတွေနည်း တူလှုပ်ရှားဖို့ သူ မိုင် ၅၀ လမ်းလျောက် ရမယ်။

         ကျနော်ရဲ့သန့်ရှင်းရေးအဖွဲ့ကလည်း ကြွက်သားတွေလို စွမ်းဆောင်မှုထူးချွန်တယ်။ ကျနော်ရဲ့ မျက်ရည်အိပ် (lacrimal gland) တွေက အစဉ်အမြဲမျက်ရည်တွေထုတ်ပြီး မျက်လုံးတွေကို ဆေးကြော ပေးတယ်။ ကျနော့်ရဲ့ မျက်ခွံက ကားရှေ့မှန် ရေသုတ်လို မျက်လုံးထဲရောက်လာတဲ့ အမှိုက်တွေကို ဖယ်ရှားပေးတယ်။ ဦးမောင်မောင် တစ်မိနစ်မှာ ၃-၆ ခါ မျက်တောင်ခတ်တယ်။ ကျနော်တို့ပင်ပန်းရင် ပိုပြီးမျက်တောင်ခတ်တယ်။ ဒီလိုလုပ်ခြင်းဖြင့် ကျနော်ရဲ့ cornea ခေါ်တဲ့ အပြင်ဆုံးပြူတင်းပေါက်မှန်ကို သန့်ရှင်းဆွတ်ဆိုစေတယ်။ မျက်ရည်ထဲမှာ lysozyme ခေါ်တဲ့ ဓါတ်တစ်မျိုးပါတယ်။ သူက စွမ်းအား ထက်တဲ့ ပိုးသတ်စေဖြစ်တယ်။ ကျနော် မပင်ပန်းအောင်တတ်နိုင်သမျှ ကျနော်အနားယူတယ်။ ဦးမောင်မောင် မျက်တောင်ခတ်တဲ့အချိန် ကျနော်အနားရတယ်။ ကျနော်နဲ့ ကျနော့်အဖေါ် တစ်လှည့်ဆီတာဝန်ယူကြ တယ်။ ကျနော်က ၉၀%  အလုပ်လုပ်တဲ့ အချိန် ကျနော့်အဖေါ်က အနားယူတယ်။ ကျနော့် အဖေါ်က  ၉၀ % အလုပ်လုပ်ချိန်မှာ ကျနော် အနားယူတယ်။

သဘာဝက ကျနော့်ကို အကာအကွယ်ပေးတားတယ်။ ကျနော့်ကို အရိုးအိမ်ထဲမှာထဲ့ထားတယ်။ ငေါထွက်နေတဲ့ ပါးရိုးတွေနဲ့ နဖူးရိုးတွေက ကျနော့်ကို ကာကွယ်ပေးတယ်။ ကျနော့်ဆီ မီးသွေးပြာလို အန္တရာယ်တွေဝင်လာ နိုင်တယ်ဆိုတာ အကြောင်းကြားမဲ့ အလွန်အာရုံသိလွယ်တဲ့ အာရုံကြောတွေ လည်းရှိတယ်။ 

         ဒါပေမဲ့ ကျနော့်မှာအခြားပြဿနာတွေ ဖြစ်လာနိုင်တယ်။ ကျနော်ရဲ့ ပုံရိပ်ထင်မှုတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူး။ မျက်မှန်တွေက ဒီပြဿနာရဲ့ ၉၅ %ကိုဖြေရှင်းပေးနိုင်ပါတယ်။ မျက်လုံး ရောဂါတွေက ပိုပြီးဆိုးတယ်။ ရောဂါတစ်ခုက ကျနော်ရဲ့ မျက်ရည်ထုတ်လုပ်မှု လွန်ကဲပြီး၊ မျက်ရည်သိမ်းဆည်းမှုအားနည်း လို့ မျက်လုံးထဲမှာ ရေဖိအားတွေများလာပြီ အမြင်အာရုံကြောကိုဖိတဲ့ glaucoma ခေါ်တဲ့ရေတိမ် ရောဂါဖြစ် ပါတယ်။ ရောဂါဆိုးရင် ရက်ပိုင်းအတွင်း လုံးဝ ကန်းသွားနိုင်ပါတယ်။ ဒီရောဂါရှိ  မရှိသိဖို့ သူ့မိသားစုဆရာ ၀န်အနေနဲ့မျက်လုံးထဲကရေဖိအားကို tonometer ခေါ်တဲ့ကရိယာလေး မျက်လုံးပေါ်တင်ပြီး တိုင်းနိုင်ပါ တယ်။ ဦးမောင်မောင်အနေနဲ့ တစ်နှစ်တစ်ခါ စမ်းသပ် စစ်ဆေးသင့်ပါတယ်။ ရေတိမ်ရောဂါကို မျက်စင်း ဆေး၊ ခွဲစိပ်ကုသခြင်းများနဲ့ ကာကွယ်၊ကုသနိုင်ပါတယ်။

နောက်ပြဿနာတစ်ခုက astigmatism ခေါ်တဲ့ ကျနော်ရဲ့ ပြူတင်းမှန် (cornea) အခုံ မညီမှုဖြစ် ပါတယ်။ ဒီရောဂါမှာတော့ အရာဝတ္ထုတွေ ပုံသဏ္ဍန်မမှန်ဖြစ်နေပါတယ်။ မျက်မှန်တွေနဲ့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

နောက်ပြဿနာတစ်ခုက ပိုအန္တရာယ်ရှိတယ်။ အဲ့ဒါက ပုံရိပ်ထင်တဲ့ retina မှာ ရည်ကြည်ဖု တွေ ဖြစ်တာ၊ ကွာကျတာတွေပါ။ သူဖြစ်ရင် မီးရောင်လိုလင်းလက်တာတွေမြင်ရပါတယ်။ ပုံရိပ်တွေ ပုံသဏ္ဍန် မမှန်တာ၊ ပုံရိပ်မှုန်မွှားတာတွေဖြစ်ပါတယ်။ ခွဲစိပ်ဆရာဝန်အနေနဲ့ ၈၀% ခန့်ပြန်လည်ကပ်ပေးနိုင်ပါတယ်။ ကျနော်ရဲ့ ပြူတင်ပေါက်မှန်နဲ့ မှန်ဘီးလူးတွေဟာ လုံးဝကြည် လင်နေပါတယ်။ သူတို့ တိမ်ဆွဲရင် မမြင်နိုင် တော့ပါဘူး။ တကယ်လို့ ပြူတင်းပေါက်မှန်မှာတိမ်ဖြစ်ရင် တစ်ခြားလူရဲ့ cornea နဲ့အစားထိုး ကုသ နိုင်ပါတယ်။ တကယ်လို့ မှန်ဘီးလူးမှာတိမ်ဖြစ်တာဆိုရင် (အတွင်းတိမ်) ခွဲစိပ်ထုတ်ပြီး မျက်လုံးထဲမှာ မှန်ဘီး လူး တပ်ခြင်း ( implant)၊ အပြင်မျက်မှန်အထူတပ်ခြင်းဖြင့်ကုစားနိုင်ပါတယ်။

ကံကောင်းထောက်မစွာ ဦးမောင်မောင်မှာ အခုထက်ထိ အဲ့ဒီရောဂါတွေမဖြစ်သေးပါဘူး။ သူအိုလာသလို ကျနော်လည်းအိုလာပါပြီ။ ကျနော်ရဲ့ကြည်လင်တဲ့ အစိတ် အပိုင်းတွေလည်း သိပ် မကြည်လင် တော့ပါဘူး။ကျနော်ရဲ့ကြွက်သားတွေလည်း အားပျော့လာပါပြီ၊ ကျနော်ရဲ့ သွေးကြောတွေ ကလည်း retina ကိုသွေးပို့တာနည်းလာပါပြီ။ ဒါတွေ အားလုံးဆက်လက်ဖြစ်နေကြပါအုံးမယ်။ ဒါပေမဲ့ ဦးမောင်မောင်အနေနဲ့ ကျနော့်အတွက်သိပ်စိတ်ပူဖို့မလိုပါဘူး။ ကျနော် သူအသက်ရှင်နေသမျှ ကာလ ပတ်လုံးသူ့ကိုတတ်နိုင်သမျှ ကူညီသွားမှာပါ

J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။




Wednesday, August 22, 2018

ကျမ ဒေါ်မမရဲ့သားအိမ်ပါ။

ကျမက ဒေါ်မမရဲ့ သားအိမ်ပါ။ ကျမက ပန်းနုရောင် ကြွက်သားအိပ်ပါ။ ဒေါ်မမရဲ့ ၀မ်းဗိုလ် အောက် ပိုင်းမှာ အရွတ်တွေနဲ့ချိတ်ဆွဲထားပါတယ်။ အကြမ်းအားဖြင့် ပဲသီး (pear) အရွယ်လောက်ရှိပါတယ်။ မြန်မာအသီးအနှံအနေနဲ့တော့ ခရမ်းသီးအငယ်စားလို့ ပြောရပါမယ်။

ကျမကိုယ်အလေးချိန် ၅၇ ဂရမ်ရှိပါတယ်။ ကျမကို ကြက်ဝပ်ကျင်းလို့ မတရားပြောကြတယ်။ ကျမက စကြာဝဠာတစ်ခုလုံး ရင်သပ်ရှုမောရမဲ့ အံ့သြဖွယ်ရာကိုလုပ်နိုင် ပါတယ်။ ကျမက မြင်သာရုံရှိတဲ့ ဆဲလ်အနည်းငယ်ကနေ ဆဲလ်ပေါင်းကုဋေချီရှိတဲ့လူသား တစ်ယောက်ဖြစ်လာအောင်ပြုစု ပျိုးထောင်ပေး လို့ပါပဲ။

ဘ၀သစ်အတွက် စောင့်ရှောက်ရေးဟာ ရိုးရှင်းတဲ့အလုပ်လို့ထင်ရတယ်။ တကယ်က အလွန် ရှုပ်ထွေးပွေလီပြီး ကျမအတွက်စိတ်ပျက်စရာအလုပ်ပါ။ လစဉ် အပျိုဖေါ်ဝင်ကစပြီး မီးရပ်ဆုံးချိန် တိုင် အောင် ကျမ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အကြီးအကျယ်ပြင်ဆင် လိုက် ရတာ အကြိမ် ပေါင်း ၄၀၀ ကျော်ရှိမယ်။ ဒါပေမဲ့ ဒေါ်မမ သုံးခါပဲကိုယ်ဝန်ဆောင်ပါတယ်။ ပြောရမယ်ဆိုရင် အလှပဆုံး ပန်းစီးတွေနဲ့ ဖိတ်စာပေါင်း ၄၀၀ လုပ်ခဲ့ပေမဲ့ သုံးယောက်ပဲ လက်ခံခဲ့သလိုပါပဲ။

          လစဉ် ပြင်ဆင်ရတာ မျက်စိပြာလု့နီးပါး၊ ဓါတုဗေဒဓါတ်ခွဲခန်းဆောင် ရွက်ချက် တွေ လဲပါတယ်။ အလွန်အနုစိတ်တဲ့သွေးကြောမျှင်ကွန်ရက်တွေတည်ဆောက်ရတယ်။ အသစ် အသစ်သော အကျိတ်အိပ် တွေ၊ တစ်ရှုး (tissues) သစ်တွေလည်းတည်ဆောက်ရတယ်။ ဒေါ်မမ ရဲ့မျိုးပွါးအိမ် (ovary) ကထွက်လာတဲ့ အမျိုးသမီးဟော်မုန်း (estrogen hormone) ကြောင့် ကျမရဲ့ (endometrium) ခေါ်တဲ့ ကတ္တီပါလိုနုညံ့တဲ့ သွေးအိပ်ရာခင်းဟာ ထူထပ်လာပြီး၊ ကျမ ရဲ့အကျိတ်အိပ်တွေဟာလည်း ဘ၀သစ်အတွက် လိုအပ်တဲ့ အာဟာရတွေပေးဖို့ များပြား လာတယ်။ လလယ် ရောက်တဲ့အခါ နောက်ထပ်ထူးဆန်းတဲ့ ဓါတ်ပြောင်း လဲခြင်းတွေဖြစ်တယ်။

ကျမက ဟောင်းလောင်းပေါက်ကြွက်သားအိပ်ဖြစ်ပြီး လက်ဖက်ရည်တစ်ဇွန်းစာလောက် အရည် ကိုသာလက်ခံနိုင်တယ်။ ပြီးတော့ကျမရဲ့ကြွက်သားတွေက မှန်မှန်ကြီး ကျုံ့ (contract) နေကြတယ်။ ဒီကြွက်သားကျုံ့ခြင်းတွေက သန္ဓေသားကိုသတ်ပြစ်မှာ။ ကြွက်သား တွေမကျုံ့အောင် ဒေါ်မမရဲ့ မျိုးပွါးအိမ် က လလယ်ရောက်တဲ့အခါ (progesterone)  ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထပ်ထုတ်တယ်။ ဒီဟော်မုန်းက ကျမရဲ့ သွေးအိပ်ရာခင်းကို သန္ဓေသား လက်ခံနိုင်အောင်ပြင်ပေးတယ်။ (estrogen hormone) ကြောင့် ကြီးထွား၊ များပြား နေတဲ့ အကျိတ်အိပ်တွေကနေ အကျိတ်ရည်တွေထွက်စေတယ်။အဲ့ဒီအကျိတ်ရည်တွေက သန္ဓေသားလေး ကြီးထွားဖို့လိုအပ်တဲ့ အစာအာဟာရတွေပေးတယ်။

          ကျမမှာ အပေါက် ၃ ပေါက်ရှိတယ်။ ၂ ပေါက်က (fallopian tube) လို့ ခေါ်တယ်။ သူတို့က ဘယ်၊ ညာမှာရှိတဲ့ အမမျိုးဥအိပ်တွေဆီက ထွက်ကျ လာတဲ့ အမမျိုးဥ (ovum) တွေကို ကျမရဲ့ ကိုယ်ထဲ ရောက်အောင်သယ်ပေးတယ်။ ကျမမှာ အမမျိုးဥအိပ် နှစ်ခု ရှိပေမဲ့ တလမှာ အမမျိုးဥအိပ်တစ်ခုက အမမျိုးဥတစ်လုံးပဲကြွေတယ်။

ကျန်တဲ့ တတိယ ပေါက်က အချိုရည်စုပ်တဲ့ပိုက် (straw) လောက်ရှိတဲ့ သားအိမ်ခေါင်း လို့ခေါ်တဲ့ (cervix) ပါ။ ဒီအပေါက်ကနေ အဖိုမျိုးဥဖြစ်တဲ့ (sperm) တွေဝင်လာတယ်။ ခလေး မွေးတဲ့ အခါလည်း ဒီအပေါက်ကအပြင်ကိုထွက်ရတာ။ ဒေါ်မမရဲ့ အမမျိုးဥ ကြွေတဲ့အချိန်မှာ cervix ထဲမှာရှိတဲ့ အကျိတ်အိပ် တွေကနေ အချွဲတွေပိုထုတ်တယ်။ အဲ့ဒီအချွဲစီးချောင်းကနေ sperm တွေအလွယ်တကူ အမမျိုးဥဆီ ကူး သွား စေတယ်။ အခုကျမ သန္ဓေသားကိုပြုစု စောင့် ရှောက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ သန္ဓေသား မရောက်လာဘူးဆိုရင် ကျမပြင်ဆင်ခဲ့တဲ့ သွေးကြောတွေ၊ အကျိတ်အိပ်တွေ၊ တစ်ရူးသစ်တွေ အားလုံးကို ဖျက်ဆီးပြစ်ရမှာ။ အဲ့ဒီလုပ် ရပ်က ဒေါ်မမ မီးရပ်သွေး လာခြင်းပဲ။

ကျမရဲ့ အရေးကြီးဆုံးအချိန်က ပထမ ခလေးရောက်ရှိလာခြင်းပဲ။ ကျမရဲ့ အရည်အချင်းတွေ စွမ်းဆောင်ချက်တွေပြရတဲ့ အချိန်ပဲ။ အမမျိုးဥနဲ့ အဖိုမျိုးဥပေါင်းမိပြီး ဆဲလ်တွေတောင် စပွါးနေပြီ။ အဲ့ဒီ အောင်မြင်တဲ့ သန္ဓေသားလေး fallopian tube ကနေကျမရဲ့ ကိုယ်ထဲလာ တဲ့ လမ်းတစ်လျောက်မှာ သူ့ အတွက်အစာက တစ်နေရာကပဲရတယ်။ အဲ့ဒါက egg yolk ခေါ်တဲ့မျိုးဥရဲ့ အစာပဲ။ ဒီအစာကလည်း ကျမဆီရောက်ရုံလောက်ပဲရှိတယ်။ ကျမဆီရောက်တာနဲ့ သန္ဓေသားလေးက ကျမကိုယ်ထဲကို လက်တံတွေ ထိုးထဲ့တယ်။ အခုဆိုရင်သူ့အတွက် လုံခြုံ စိတ်ချရတဲ့ နွေးထွေးတဲ့ အစာကြွေးမဲ့အိမ်ရပါပြီ။ ကျမ ၂၄ နာရီ ပတ်လုံးမရပ်မနား ၉ လ တိုင်တိုင်အလုပ်လုပ်နိုင်ဖို့ အချင်းကကူညီပါတယ်။ သူက သေးသေးလေးကနေ တစ်ကီလို လေးပြီး ၁၈ စင်တီမီတာအချင်းရှိတဲ့ အနီရောင် ဘိန်းမုန့်အရွယ်ထိ ကြီးလာတယ်။ သူက ဒေါ်မမ ခလေးအတွက်၊ အဆုတ်၊အသဲ၊ကျောက်ကပ်၊အစာလမ်းကြောင်းတွေရဲ့လုပ်ငန်းတွေကိုဆောင်ရွက်ပေးတယ်။ ခလေးရဲ့အသက်သွေးကြောကတော့ ချက်ကြိုးပါ။ သူက ၁၂ စင်တီမီတာကနေ တစ်မီတာကျော်ရှည်နိုင်တယ်။ ချက်ကြိုးထဲမှာသွေး လွှတ်ကြော၂ချောင်းနဲ့ သွေးပြန်ကြောတစ်ချောင်းရှိတယ်။ လွှတ်ကြော၂ချောင်းကခလေးဆီက အမှိုက်တွေကို အချင်းဆီ သယ်လာ တယ်။ အဲ့ဒီကတဆင့် ဒေါ်မမရဲ့သွေးကြောထဲရောက်တယ်။ ပြီးတော့ ဒေါ်မမရဲ့ အသဲတွေ၊ အဆုတ်တွေ၊ကျောက်ကပ်တွေကနေတဆင့်ထုတ်ပြစ်တယ်။

            သွေးပြန်ကြောကတော့ဒေါ်မမရဲ့သွေးထဲက ဗီတာမင်၊ ကာဗိုဟိုက်ဒရိုတ်၊ အောက်ဆီဂျင်၊ သတ္ထုဓါတ်၊အမိုင်နိုအက်စစ်တွေယူလာပေးတယ်။ အချင်းရဲ့နုညံ့ပါးလွှာတဲ့သွေးကြောမျှင်လေး တွေက ဒေါ်မမနဲ့ သူ့ခလေးကိုခွဲခြားထားပေမဲ့ အညစ်အကြေးနဲ့ အစားအစာလှဲလှယ်ခြင်း ကို လုပ်ပေးတယ်။ သူတို့နှစ်ယောက် သွေးမတဲ့ရင် အန္တရာယ်ကြီးတာမို့ သူတို့သွေးနှစ်မျိုးကတော့ ရော်နှော်ခြင်း မရှိဘူး။

ဒေါ်မမရဲ့ အိမ်ငှါး ကြီးလာတာနဲ့အမျှ ကျမလည်းလိုက်ကြီးလာတာ နောက်ဆုံး အဆ ၅၀၀ အထိ ကို ကြီးလာတယ်။ ကျမရဲ့ပုံသဏ္ဍန်ကလည်း ခရမ်းသီးပုံကနေ၊ ကမ္ဘာလုံးပုံ၊ နောက်ဆုံးဘဲဥပုံဖြစ်လာတယ်။ ဒီထက်ပိုအရေးကြီးတာက ကျမ အလွန်သန်မာလာတာပဲ။ ကျမရဲ့ ကြွက်သားတွေက ကြီးထွားလာရုံမက အလေးချိန်ပါများလာတယ်။ ဒီလိုဖြစ်လာမှ ကျမရဲ့ အိမ်ငှါးရဲ့ ကန်ကြောက်တာတွေကိုခံနိုင်တဲ့အပြင် စူပါမန်(superman) ကို တောင် မောပန်းစေမဲ့ မွေးဖွါးတဲ့ ဒါဏ်ကိုခံနိုင်မှာ။

          ၇ လလောက်မှာ ဒေါ်မမ ခလေးက နေရာခဏခဏပြောင်းတယ်။ နောက်ပိုင်းကျတော့ ကမ္ဘာ့ ဆွဲဆောင်မှုကြောင့် ၉၆%  သောခလေးတွေက ခေါင်းစောက်ထိုးအနေအထားမှာ နေတယ်။ ဘာလို့လဲ ဆိုတော့ ခလေးရဲ့ခေါင်းက အလေးဆုံးသောအပိုင်းဖြစ်လို့ပဲ။ အဲ့ဒီအနေ အထားက တကယ်တော့ မွေးဖွါးဖို့ ကောင်းတဲ့ ပုံလည်းဖြစ်တယ်။

ကျမကြီးထွားပြီးသန်မာလာတာနဲ့အမျှ ကျမလမ်းမှာရှိတဲ့အရာအားလုံးကို ကျမတွန်းထိုး ပြစ်တယ်။ ကျမ ဆီးအိမ်ပေါ် ဖိထားလို့ ဒေါ်မမ ရေအိမ် ခဏခဏသွားနေရတယ်။ ကျမ အစာအိမ်နဲ့ အူလမ်းကြောင်း ကို တိုးကြိတ်လို့ ဒေါ်မမအစာမကြေခြင်းစတဲ့ အစာလမ်းကြောင်း ပြဿနာတွေဖြစ်နေတာ။ ၉ လလောက် မှာတော့ ဗိုလ်တစ်ခုလုံးကိုကျမ မောင်ပိုင်ဆီးထားတယ်။ ကျမအလုပ်လဲပြီးတော့မယ်။ ကျမ အလွန့်အလွန် တိုတောင်းတဲ့အချိန်မှာ ကပ်ပါးလေးကို ၃ ကီလိုမီတာရှိတဲ့ ကိုယ်ဘာသာ ရှင်သန်နိုင်တဲ့ ခလေး အဖြစ် ပြောင်းလိုက်ပါပြီ။

တစ်ညနေမှာ ဘာကြောင့်မှန်းမသိပဲ ကျမရဲ့ လက်သဲလောက်ရှိတဲ့ တတိယပေါက် က ၁၂ စင်တီမီတာလောက် ကျယ်လာတယ်။ ဒါမှခလေးခေါင်းဆန့်မှာ။ မွေးဖွါးတဲ့အလုပ်က တော် တော်လက်       ၀င်ပြီး အချိန်ယူရတဲ့ကိစ္စဖြစ်တယ်။ ကျမရဲ့ကြွက်သားတွေကလည်းပိုပိုကျို့ လာတာ နောက်ပိုင်းမှာ ၂-၃ မီနစ်တစ်ခါ ကျုံ့လာတယ်။ တစ်ခါကျုံ့ရင်လည်း တစ်မီနစ်လောက် ကြာလာတယ်။ တစ်ချိန်လုံး ကျမက ခလေးရဲ့ခေါင်းကို အပေါက်ချဲ့ဖို့ သုံးတယ်။ ကျမရဲ့ ကြွက်သားတွေ ကလည်း ၇ ကီလိုမီတာ အလေး လောက် ကို ကန်နိုင်လာတယ်။ ဒါပေမဲ့ သိပ်မလုံလောက်သေးဘူး။ ၁၂ ကီလိုမီတာအလေးလောက် လိုအပ်တယ်။ ဒေါ်မမရဲ့ ဗိုလ်ကြွက်သားတွေနဲ့ diaphragm တွေကလည်း ၀ိုင်းကူကြတာမို့ နောက်ဆုံးခလေး အပြင် ရောက်သွားတယ်။

          ကျမအခု အိမ် သန့်ရှင်းရေးလုပ်ရမယ်။ အချင်းလည်း မလိုတော့ဘူး။ ကျမ သူ့ကို ကန်ထုတ် လိုက် တော့မယ်။ သွေး မသွန်အောင် သွေးကြောတွေကိုဖိပိတ်ပြစ်ရမယ်။ ကိုယ်ဝန် စကာ စက ကျမ ၅၇ ဂရမ်ပဲ လေးတယ်။ ကျမ ၁၆ ဆလောက်အလေးချိန်တက်လာတာအခု တစ်ကီလိုတောင် ကျော်နေပြီ။ နောက် တလ နှစ်လမှာ ကျမနဂိုအလေးချိန်ပြန်ရောက်အောင် အားကစားတွေလုပ်ရမယ်။ ကျမဒီအလုပ်ကို ဒေါ်မမရဲ့ ဒုတိယနဲ့ တတိယခလေးတွေအတွက် နောက်ထပ်နှစ်ခါ ထပ်လုပ်ရတယ်။ အခု ဒေါ်မမ အသက်၄၂နှစ်ရှိပြီ၊ မီးရပ်ဆုံးခါလဲနီးလာပြီ။ မီးရပ်ဆုံးရင်တော့ ကျမအလုပ်လုပ်စရာမလိုတော့ဘူး။ ကျမ အရွယ် လည်း နဂို ခလေးမလေးရဲ့ သားအိမ်အရွယ်ကိုပြန်ရောက်တော့မယ်။

ဒေါ်မမရဲ့ ဘ၀မှာကျမသူ့ကိုဒုက္ခမကြာခဏပေးခဲ့တယ်။ ပြောရမယ်ဆိုရင် ကျမက ဒုက္ခပေးတဲ့ နေရာမှာ နံပတ်တစ်လို့ပြောရမယ်ထင်တယ်။ အများဆုံးဒုက္ခကတော့ သူ မီးရပ်လာတိုင်း နာအောင် လုပ် တာပဲ။ နောက်တစ်ခုက ကျမရဲ့ကြွက်သားတွေမှာ အရွယ်အစား အမျိုးမျိုးရှိတဲ့အသားပို (Fibroid) တွေ ထွက်လာတာပဲ။ အခြားအမျိုးသမီးတွေလိုပဲ ဒေါ်မမက သူတို့ကိုကင်ဆာလို့ထင်တယ်။ ဒီအတွက် တော့ ပူစရာမလိုပါဘူး။ Fibroid က ကင်ဆာ ဖြစ်တယ်ဆိုတာ ၂၀၀ မှာ တစ်ယောက်တောင်မရှိပါဘူး။ တကယ်လို့ ကျမရဲ့ အခင်း (endometrium) ကောင်းကောင်းမကြီးထွားဖူး၊ မဖျက်သိမ်းဘူးဆိုရင် သူ့ ကို ခြစ်ပြစ်တဲ့ ခွဲစိပ်မှုကိုလုပ်ရမယ်။ ဒီခွဲစိပ်မှုမှာ ကျမရဲ့တတိယ အပေါက်ကိုဇွန်းလို ခြစ်တဲ့ပစ္စည်း ထဲ့လို့ ရအောင်အရင်ချဲ့ရတယ်၊ ပြီးတော့ မကောင်းတဲ့ အခင်းကိုခြစ်ထုတ်ပြစ်ရတယ်။ ဒီလို လုပ်ခြင်း ဖြင့် များသောအားဖြင့် ကောင်းသွားပါတယ်။

ရင်သားကင်ဆာပြီးရင် ကျမက ဒေါ်မမအတွက် ဒုတိယကင်ဆာအဖြစ်ဆုံးအင်္ဂါဖြစ်ပါ တယ်။ ကံကောင်းထောက်မစွာ ကျမရဲ့ ကင်ဆာနှစ်ခုဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ(cervical cancer) နဲ့ အခင်းကင်ဆာ (endometrial cancer) တွေကိုအလွယ်တကူစမ်းသပ်လို့ရ ပါ တယ်။ ပြီးတော့ စောစော သိရင် ၉၀% က ကုသလို့ရပါတယ်။ ကျမရဲ့ အခင်းကင်ဆာက မမှန်သောသွေးဆင်းခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အသက်၄၀ ကျော်ရင်ပိုဂရုစိုက်ရပါမယ်။ ဒီသွေးဆင်းခြင်းက တခြားအကြောင်းတွေ ကြောင့် ဖြစ်နိုင်ပေမဲ့ အခင်းကင်ဆာမဟုတ်ဘူးဆိုတာ သေချာအောင် စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။

သားအိမ်ခေါင်းကင်ဆာ(cervical cancer) အတွက် ကာကွယ်ဆေး vaccine ရပါပြီး၊ ဒီကင်ဆာ ဟာလိင်ဆက်ဆံခြင်းမှ ကူးဆက်သော ဗိုင်းရပ်ပိုးကြောင့်ဖြစ်တာမို့ ယခုအခါ US၊ Australia and Europe မှာ လိင်မဆက်ဆံကြသေးတဲ့ မီးကောင်ပေါက်မိန်းခလေးများကိုထိုးပေးပါတယ်။ အမျိုးသမီးကြီးများ ကို တော့ ကင်ဆာ ဖြစ်ဖြစ်ချင်းသိရအောင် Pap test ခေါ်တဲ့ သားအိမ်ခေါင်းကကြွေကျတဲ့ အသားစများကို စစ်ဆေးခြင်းကို မှန်မှန်စစ်ဆေးပေးပါတယ်။

ဝမ်းနည်းဖို့ကောင်းတာက အမျိုးသမီးအများစုက ကျမကိုပြဿနာမ လို့မြင်ကြတာပဲ။ တကယ်က ကျမက ဆုတွေပေးတဲ့သူပါ။ ကျမကြောင့် အမျိုးသမီးအပါအ၀င် လူသား အားလုံး ဖြစ်တည်ကြရတာ ဆိုတာကို မမေ့သင့်ပါဘူး။


J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုဆီလျောအောင်ဘာသာပြန်ပါသည်။

Saturday, August 18, 2018

အချိုးခံရတဲ့ဆူးတစ်ချောင်း။




ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ဆင်ခြေဖုံ စိတ်ငြိမ်အေးချမ်းတဲ့ရပ်ကွက်မှာ ဦးပြဲနဲ့ဒေါ်မာလာတို့နေထိုင်ကြပါတယ်။
၎င်းတို့နှစ်ဦးလုံး ပင်စင်စားများဖြစ်ကြပါတယ်။ လာမဲ့ ဆောင်းရာသီမှာ ယိုဒယားနိုင်ငံဘန်ကောက်မြို့ကို အလည်သွားဖို့စီစဉ်ထားကြပါတယ်။ ဆောင်းရာသီကျောင်းပိတ်ရက်မှာ ခရီးသွားသူများတာကြောင့် ကျောင်းဖွင့်ရက်ကိုစောင့်နေကြပါတယ်။ သူတို့ရဲ့အိမ်ဘေးမှာတော့ လက်ထပ်ပြီးကာစ အသက် ၂၅ နှစ်
သာရှိသေးတဲ့ မောင်မောင်နဲ့ မမတို့ဇနီးမောင်နှံနေကြပါတယ်။ သူတို့မင်္ဂလာဆောင်မှာ ဦးပြဲနဲ့ဒေါ်မာလာတို့ သက်သေ လက်မှတ် ထိုးပေးခဲ့ကြပါသေးတယ်။ မောင်မောင်က ကျောင်းဆရာပါ။ မမကတော့ အပြင် အလုပ်မလုပ်ပါဘူး။

ယခုတစ်လော မောင်မောင်တို့အိမ်က ရန်ဖြစ်သံတွေ၊ ဆူညံ့သံတွေ မကြာခဏကြားနေရပါတယ်။ ဒီနေ့တော့ ဆူညံသံတွေကြားပြီးနောက် မမအိမ်ထဲကထွက်လာပြီးကားမောင်းထွက်သွားတာတွေ့လိုက်ရ ပါတယ်။ မမလက်မှာလည်းသွေးတွေ ပေနေတာတွေ့ရပါတယ်။

ဘာဖြစ်ကြတာလဲ။ မောင်မောင်က မမကိုရိုက်နှက်လို့လား။ ဦးပြဲအနေနဲ့ ဒီအတိုင်းကြည့်နေလို့ မဖြစ်တော့ ပါဘူး။ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့ ကူညီ ရအောင်မောင်မောင်တို့အိမ်ဖက် ကူးလာခဲ့ပါတယ်။

မောင်မောင် ဘာဖြစ်နေကြလဲ။ မမကိုလည်းကားမောင်းသွားတာတွေ့တယ်။သူ့လက်မှာလည်းသွေးတွေ
ပေနေတယ်။
ဦးပြဲ ဘာမှမဖြစ်ပါဘူး။ မမ သူ့ဘာသာ ဓါးခုတ်ရင်းလက်ထိသွားလို့ ဆေးရုံသွားတာပါ။
ဦးပြဲ မောင်မောင်ပြောတာဘယ်လိုမှ မယုံပါဘူး။ လက်ဓါးထိတာဆိုရင်ဘာလို့ ဒေါ်မာလာဆီမလာတာလဲ။
ဒေါ်မာလာက သူနာပြုဆရာမ ပါ။ ဒါပေမဲ့ ကာယကံရှင်က ငြင်းနေမှတော့ အိမ်ပြန်ရုံပဲရှိတောပေါ့။

အိမ်ရောက်တော့ မမရဲ့လက်ကို ဒေါ်မာလာ ဆေးထဲ့ပေးနေတာတွေ့ပါတယ်။ မမက သူချော်လဲ ကျ တာပါတဲ့။ ဆေးရုံသွားမယ်လုပ်ပြီးမှ မသွားချင်တော့တာနဲ့ ဒေါ်မာလာဆီလာပြတာလို့ဆိုပါတယ်။မမရဲ့ဒါဏ်ရာက ချော်လဲလို့ရတဲ့ ဒါဏ်ရာမဟုတ်ပါဘူး။ တစ်ခုခုနဲ့ရိုက်လို့ရတဲ့ဒါဏ်ရာပါ။ ချော်လဲရင် လက်တွင်မက ကျန်နေရာတွေမှာပါဒါဏ်ရာရှိရမှာပေါ့။ ဆေးရုံကမေးရင် မောင်မောင်ရိုက်တာသိမှာစိုးလို့ မသွားတာလား။ ညာနေတယ်ဆိုတာသိပေမဲ့။ မသိချင်ရောင်ပဲနေလိုက်ကြပါတယ်။

သူတို့အခက်အခဲကို ကူညီနိုင်အောင်လို့ ရင်ဖွင့်ချင် ဖွင့်နိုင်အောင် ညနေစာ အိမ်မှာလာစားဖို့ ထမင်းစာ
ဖိတ်လိုက်ပါတယ်။ ညနေထမင်းစားချိန်မှာ စကားစကြည့်ပေမဲ့ နှစ်ယောက်လုံးက ဘာမှ မဖြစ်ပါဘူး
လို့ တွင်တွင်ငြင်းနေတာမို့ ညစာ စားပွဲမှာ ဘယ်သူမှ စကားဆက်မပြောကြတော့ပဲ မောင်မောင်တို့လင်မယား ကျေးဇူးတင်ပါတယ်ပြောပြီးပြန်သွားကြပါတယ်။

ဒီိမနက်လည်း မောင်မောင်တို့အိမ်က ဆူညံသံတွေကြားရပြန်ပါပြီ။ မကြာခင် မမ အ၀တ်သေတ္တာဆွဲပြီး
ထွက်လာတာတွေ့ရပါတယ်။ ဦးပြဲမနေနိုင်တော့ပါဘူး။ မမ ခင်မျာသနားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့
သူ့ယောက်ျားရဲ့ အရိုက်အနှက်ကိုခံနေရရှာတယ်။ မောင်မောင့်ကိုချစ်တဲ့စိတ်နဲ့ ဘာမှမပြောရှာဘူး။ သူမပြောပေမဲ့ ဦးပြဲတို့ဒီအတိုင်းကြည့်နေလို့မဖြစ်ပါဘူး။ ပုလိပ်ကိုဖုန်းဆက်ပြီး အကြောင်းကြား လိုက် ပါတယ်။ ပုလိပ်များရောက်လာပြီး မောင်မောင့်ကိုဖမ်းသွားကြပါတယ်။ မမကိုတော့ဦးပြဲတို့အိပ်ယာမှာပဲအိပ်စေပါတယ်။ မမလည်းစိတ်ချလက်ချ အိပ်နေလိုက်တာ ခလေးတစ်ယောက်လိုပါပဲ။ သနားပါတယ်။ ဦးပြဲတို့သာမရှိရင် သူမခင်မျာ တော်တော်ဒုက္ခရောက်မှာ။ အဆိုးဆုံးအနေနဲ့သေတောင်သေနိုင်တယ်။ ပြင်သစ်မှာ ၃ ရက်မှာ အမျိုးသမီးတစ်ယောက်သူတို့ယောက်ျားတွေရိုက်နှက်လို့သေနေကြတယ် မဟုတ်လား။

အဲ့ဒီညနေမှာ မောင်မောင်ဦးပြဲတို့အိမ်ရောက်လာပါတယ်။ မမက တရားမဆွဲတာကြောင့် ပုလိပ်ကပြန် လွှတ်လိုက်တာပါ။ မောင်မောင်က မမနဲ့ ခဏ နှစ်ယောက်ထဲဆွေးနွေးခွင့်တောင်းပါတယ်။ ဦးပြဲက ၅ မိနစ်ပဲခွင့်ပြုနိုင်မှာဖြစ်ကြောင်း။ မင်း မမ ကိုဒုက္ခပေးဖို့တော့ မကြံနဲ့ ငါတို့အိမ်ပေါ်ထပ်ကနေစောင့်ကြည့် နေမယ်လို့ သတိပေးပြီးတွေ့ခွင့်ပေးလိုက်ပါတယ်။

မကြာပါဘူး အောက်ထပ်က ဆူညံသံတွေကြားတာမို့ ဦးပြဲတို့လင်မယား အောက်ထပ်ကိုအပြေးအလွှား ဆင်းလာကြပါတယ်။ ထင်ထားတာနဲ့တက်တက်ဆင်လွဲကာ မောင်မောင်တစ်ယောက်ကြမ်း ပေါ်မှာ ခေါင်းပေါ်လက်အုပ်ပြီး မမကို မရိုက်ဖို့တောင်ပန်နေပါတယ်။ မမက အားကုန် စီးထားတဲ့ရူးဖိနပ်နဲ့ မောင်မောင့်ကို ပိတ်ကန်နေတာတွေ့ရပါတယ်။

မောင်မောင်ရယ်ဘယ်လိုဖြစ်ရတာလဲ။ ဘာလို့ တို့ကိုမပြောတာလဲ။
ကျနော်ရှက်လို့မပြောတာပါ။ လက်ထပ်ပြီးကတဲက မမတစ်ယောက် ကျနော့်ကိုအကြီးအကျယ်စိတ်မချ
ဖြစ်ပြီး၊ ကျနော့် ကျောင်းက ကျောင်းသူတွေစာမေးဖို့ ဖုန်းဆက်ရင်ဖြစ်ဖြစ်၊ အခြားဆရာမ တစ်ယောက် ယောက်ကအလုပ်နဲ့ပတ်သက်ပြီးဖုန်းဆက်ရင်ဖြစ်ဖြစ် အဲ့ဒီအမျိုးသမီးတွေနဲ့သင်္ကာမကင်းဖြစ်ပြီး ကျနော့်ကို ရိုက်တော့ တာပါပဲ။ အခုဆို တစ်နှစ်နီးပါးရှိပါပြီတဲ့။

ဦးပြဲတို့လင်မယားလည်း မိမိတို့ မောင်မောင့်ကို အထင်မှားခဲ့တာကိုစိတ်မကောင်းဖြစ်မိပြီး စိတ်ပြေ လက်ပျောက် ဘန်ကောက်ကိုအလည်လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မမ အနေနဲ့တော့ စိတ်ရောဂါကု ဆေးရုံမှာ ဆေးကုသဖို့ပို့ပေးလိုက်ပါတယ်။

ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊
ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်.... ဆိုတဲ့စကားလေးက မြန်မာမိန်းခလေးငယ်များကို မိခင်များက
ဒုက္ခပေးနိုင်တဲ့ ယောက်ျားများရဲ့အန္တရာယ်ကို သတိထားရန်ပြောဆိုကြတဲ့စကားဖြစ်ပါတယ်။

စကားပုံကို ဗေါင်ပြန်လှန်တဲ့ အမျိုးသမီးတွေကိုသူရဲကောင်းတွေလို့ ချီးမွမ်းသင့်တယ်လို့ထင်ပါသလား။
မထင်ပါနဲ့  မြတ်ဘုရားက လူအချင်းချင်းနှိပ်စက်ခြင်းကင်းကြဖို့ဆုံးမတော်မူထားတာမမေ့သင့်ပါဘူး။
ဘယ်သူ့ ဘယ်သူမှ မနှိပ်စက် မစော်ကားပဲ ချစ်ချစ်ခင်ခင်နေခြင်းဖြင့်လောကကြီးကိုအလှဆင်ကြပါဆို့။


မှတ်ချက်။
ပြင်သစ်နိုင်ငံမှာယောက်ျားများရဲ့ရိုက်နှက်ခြင်းကြောင့်အမျိုးသမီးတစ်ဦး သုံးရက် မှာတစ်ယောက်နှုန်းနဲ့သေဆုံး နေကြ တယ်လို့သိရပါတယ်။ အနှိက်စက်ခံရပြီးတိုင်းကြားသောအမျိုးသမီးပေါင်း တစ်သန်း ကျော်ရှိပါတယ်။ အမျိုးသမီး ၂ ယောက်မှာ တစ်ယောက် ဟာ၎င်းတို့ရဲ့ ချစ်သူဆိုသူတို့ရဲ့ ရိုက်နှက်မှုကို ခံနေကြရတယ်လို့လည်းသိရပါတယ်။

အမျိုးသမီးတွေရဲ့ရိုက်နှက်နှိပ်စက်ခံရတဲ့ အမျိုးသား သုံးထောင်ခန့်ရှိတယ်လို့လည်းသိရပါတယ်။ အမျိုးသားများက ရှက်ပြီးမတိုင်ကြားကြဖူးလို့သိရပါတယ်။ ဒါကြောင့် အမျိုးသမီးများရဲ့ အနှိပ်စက်ခံ အမျိုးသားများက အစည်းအရုံးတည်ထောင်ထားပြီး (ဖက်ကြောင့်ကျိုးတဲ့ဆူးများ) ကို ကူညီပေး နေကြပါတယ်။

ပြင်သစ် တယ်လီဗင်းရှင်း တကဲ့အဖြစ်အပျက်များအစီအစဉ်မှာ တင်ပြတဲ့ဇတ်လမ်းကို သင့်လျော်အောင် ဘာသာပြန်ပါတယ်။

ကျနော်က ဦးမောင်မောင်ရဲ့ ညာဘက်နားပါ။




Pinna=နားရွက်
Eardrum=နားအမှေး
Ear canal=နားမြောင်း
Middle ear=အလယ်နား။
Inner ear=အတွင်းနား။
Eustachain Tube= လည်ချောင်းနှင့်ဆက်သောမြောင်း။



                                                          hazelnut

ဦးမောင်မောင်က သူမကြာခင်က၀ယ်လာတဲ့ ကွန်ပြူတာကိုသိပ်အထင်ကြီးတယ်။ ကွန်ပြူတာက အထူးအဆန်းတွေလုပ်နိုင်တယ်တဲ့။ ကျနော့်အတွက်တော့ ကွန်ပြူတာဆိုတာ ကွန်ဂရိဖျော်တဲ့ စက်လောက် ပဲရှိပါတယ်။ ကျနော် မနာလို လို့ ပြောမိတာဖြစ်ပါတယ်။ ကျနော်က အသေးစား အောင်မြင်မှုတွေရဲ့ သရဖူ ပါ။ ဦးမောင်မောင်ရဲ့ကိုယ်ထဲမှာကျနော့်လို နေရာကျဉ်းကျဉ်း ထဲမှာသွတ်ထည့် ထားတဲ့ အင်္ဂါမျိုး မရှိပါဘူး။

         ကျနော့်ဆီမှာ မြို့ကြီးတစ်ခုရဲ့ တယ်လီဖုန်းတွေအတွက် လျှပ်စစ် ပတ်လမ်း (electrical circuits) တွေရှိပါတယ်။ ကျနော်က ဦးမောင်မောင် လိမ့်မကျအောင်ထိန်းပေးတဲ့ အလိုအလျောက်ထိန်းပေးနိုင်တဲ့ ပိုင့်လော့ (automatic pilot ) လည်းဖြစ်ပါတယ်။ ကျနော်ကတော့ ဦးမောင်မောင်ရဲ့ညာဘက်နားပါ။ ကျနော်က လုပ်ငန်းအားလုံးကို ဟေဇယ်သီး (hazelnut) အရွယ်လောက်နေရာကနေလုပ် ဆောင် ပါတယ်။ ဦးမောင်မောင်က သူ့မျက်လုံးတွေက အာရုံခံစားမှု အတွက်အရေးအကြီးဆုံးလို့ထင်တယ်။ တကယ်က ကျနော်နဲ့ ကျနော့်ရဲ့အဖေါ် လက်ဝဲနားသာ မရှိရင် သူတိတ်ဆိတ်မှုကမ္ဘာထဲရောက်နေမှာ။ ခံစားမှုအနေနဲ့လည်း မျက်မမြင်ထက်ပိုပြီး ခံစားရမှာ ဖြစ်ပါတယ်။

         ဦးမောင်မောင်က ကျနော်ဟာ သူ့ခေါင်းဘေးက အသားဖတ်လေးလို့သာသိပါတယ်။ အဲ့ဒီအပြင် ဘက်မှာရှိတဲ့နားရွက်က အသံတွေကိုစုပေးရုံသာလုပ်ပေးတဲ့ အသံကတော့ တစ်ခုသာ ဖြစ်ပါတယ် ။နားရွက်ကနေ အတွင်းဘက်ကိုစောင်းနေတဲ့ ၃ စင်တီမိတာရှည်တဲ့မြောင်းလေးကနေ နားအမှေးပါး ဆီကို ရောက်ပါတယ်။ ဒီမြောင်းက ကျနော်ရဲ့အတွင်းနားကို ကာကွယ်ပေးပါတယ်။ အပြင်က၀င်လာတဲ့ လေကို လည်းနွေးထွေးစေပါတယ်။ ဒီမြောင်းလေး ထဲမှာ အမွေးအမျှင်တွေနဲ့ ဖရောင်းထုတ်တဲ့ အကျိတ်အိပ် လေးထောင် ရှိပါတယ်။ သူတို့က ရင်ကောင်တွေကို ဖမ်းတဲ့ ကော်စက္ကူတွေလို လေထဲမှာပါလာတဲ့ ဖုံတွေနဲ့ ရောဂါပိုးတွေကို ဖယ်ရှား ပေးပါတယ်။ အထူးသဖြင့် ရေကူးတဲ့အခါ နားထဲဝင်လာတဲ့ ပိုးတွေကို ဖယ်ရှား ပေးပါတယ်။ သူ့အနေနဲ့ အမြင်မတင့်တယ်တဲ့ နားဖါကြေးတွေကိုဖယ်နိုင်ပါတယ် ဒါပေမဲ့ ကျနော့်ရဲ့ အမှေးပါးကို မထိခိုက်အောင်တော့သတိထားရပါမယ်။

         ကိုယ်ခန္ဓရဲ့ အပြင်လောကနဲ့ အထိအတွေ့ဆုံးအင်္ဂါဖြစ်တဲ့အားလျော်စွာ ကျနော်တို့မှာ ရောဂါ တွေ အများကြီးဖြစ်နိုင်ပါတယ်။ တစ်ချို့ရောဂါပိုး အထူးသဖြင့် စစ်ဖလစ် (syphilis) နဲ့ တီဘီပိုး
(Tuberculosis) တွေကကျနော်ရဲ့အရိုးနုတွေကိုဖျက်ဆီးပြီးကျနော့်ရဲ့ ပုံသဏ္ဍန်ကိုဖျက်ဆီးနိုင်ပါတယ်။ မှိုလို အသားပိုတွေလည်းကျနော်ဆီမှာထွက်လာနိုင်ပါတယ်။ သူတို့တွေက ပဲ အရွယ်ကနေ သပျက်သီး အရွယ် ထိကြီးနိုင်ပြီး လေ၀င်လေထွက်ကိုပိတ်ဆို့ခြင်းအားဖြင့် ရောဂါမျိုးစုံဖြစ် စေနိုင်ပါ တယ်။ ဆေးလိပ်ခိုး၊လေထုညစ်ညမ်းမှု၊ ရောဂါများဖြစ်စေသည့် (Allergens) များကြောင့်လည်း ကျနော်ရဲ့ အမှေးအမျှင်တွေ ရောင်ပြီ်း၊အရည်များထွက်လာကာ ထိုအရည်များလည်ချောင်းထဲသို့စီးဆင်းနိုင်ပါတယ်။ နောက်ဆက်တွဲ နှခေါင်းပိတ်ခြင်း၊ နှာစေးခြင်း စတဲ အအေးမိရောဂါလက္ခဏာ တွေဖြစ် နိုင်ပါတယ်။

         ဦးမောင်မောင် ဆယ်နှစ်သားလောက်က အဲ့ဒီလိုဖြစ်ခဲ့ပါတယ်။ ပိတ်နေတဲ့ နှခေါင်းကို အတင်း မှုတ်ထုတ်ဖို့သူကြိုးစားခဲ့တာကြောင့် ကျနော့်ရဲ့ ဆိုင်းနပ် (sinuses) လို့ခေါ်တဲ့ ခေါင်းရိုးထဲကအင်္ဂါတွေနဲ့ အလယ်နား (middle ear) တွေရောင်ခဲ့ပါတယ်။

         ဦးမောင်မောင် အခု ၄၇ နှစ်ရှိပါပြီ။ ကျနော့်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေလည်း အားနည်း စ ပြု လာပါပြီ။


J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။






Friday, August 17, 2018

ဗာဟုဿစ္စဉ္စမင်္ဂလာ။

ကျမ တောင်ကြီးမှာ အပြင်ဆေးခန်းစထိုင်တော့ ခြေထောက်မှာသံဆူးမိလို့ဆိုပြီးလူနာတစ်ယောက် ယောက်လာပါတယ်။ အနာကိုကြည့်တော့ သံစူးရာလောက်ဘဲရှိတာမို့ အနာကို ဘာမှလုပ်ပေးစရာမလိုပါဘူး။ ဒါပေမဲ့ အနာပြည်မတည်အောင်နဲ့ မေးခိုင်ပိုးမ၀င်အောင်အတွက် Penstrep တစ်လုံးနဲ့ မေးခိုင်ကာကွယ်ဆေးတစ်လုံးထိုးပေးပါတယ်။ ရန်ကုန်မှာဆိုရင် ဆေးတစ်လုံးထိုးရင် ၅ ကျပ်နဲ့ နှစ်လုံးထိုးရင် ၁၀ ကျပ်ယူပါတယ်။ တောင်ကြီးက living standard မြင့်ပါတယ်။ ၁၉၇၆ မှာ ကားခကအစ အစစ အရာရာက ၁ ကျပ်အနည်းဆုံးပါ။ ခလေးတွေကလမ်းမှာအကြွေတွေ့ရင်မကောက်ကြဘူးတဲ့။ ဘာမှ အသုံးမ၀င်လို့တဲ့။ ဒါကြောင့်ကျမက ၁၀ အစား ၂၀ ကျပ် ကျတယ်လို့ပြောလိုက်ပါတယ်။ လူနာကကျေးဇူးမတင်တဲ့အပြင် ဆရာမ ဆေးအတုတွေထိုးပေးတယ်လို့ကျမ ကိုစွပ်ဆွဲပါတယ်။ ကျမလဲတော်တော်ဒေါသထွက်ပြီး။ ရှင်ဘာစကားပြောတာလဲ ။ ကျမဆေးကိုပြန်စုပ်ထုပ်လို့ရရင်စုပ်ထုပ်တယ်လို့ ပြန်ပြောလိုက်ပါတယ်။ လူနာလဲ မကြေမနပ်နဲ့ပြန်သွားပါတယ်။ နောက်နေ့ တောင်ကြီးဈေးထဲသွားပြီး မေးခိုင်ကာကွယ်ဆေး ဈေးမေးလိုက်တော့ တစ်လုံး ၃၀ ကျပ်တဲ့ ။ ဒါကြောင့် ဆေးအတုလို့ အပြောခံရတာကိုး။
  ကျမလို ဘ၀တူသူငယ်ချင်းတစ်ယောက်ရှိသေးတယ်။သူက တောင်ကြီးအင်းထဲမှာ ဆေးကုတယ်။ တစ်နေ့မှာ moriamin s 2 ထိုးချင်တယ်ဆိုလို့ ထိုးပေးတာ သူ့ကိုလဲ လူနာက ဆေးအတုလို့ပြောသွားတယ်တဲ့။
လူနာထိုးနေကျ  moriamin s 2 က အပြာနုရောင်ရှိတယ်။ နောက်လာတဲ့ moriamin s 2 က အရောင်မရှိဘူး။ လူနာက ဆေးအရောင်မှတ်ထားတာ။
 
အကြားအမြင်များခြင်းသည် မင်္ဂလာ (လောကီ၊လောကုတ္တရာ တိုးတက်၊ကြီးပွါး၊ချမ်းသာ၊အောင်မြင်ခြင်း)မည်၏ လိုမြတ်စွာဘုရား မင်္ဂလာတ၇ားမှာဟောတော်မူပါတယ်။ ကျမတို့က အကြားအမြင်မရှိတော့ အမင်္ဂလာ (မအောင်မြင်) ဖြစ်သွားတာပေါ့။

Aggressive (ရန်လိုသူ) တဲ့လား

ဂျပန်ရောက်တာ တစ်နစ်လောက်ရှိတာ့ ကိုယ်သိပြီးသား အကြောင်းကိုပြောနေရင် လုံးစေ့ပတ်စေ့နားမလည်ပေမဲ့ ၈၀ % လောက်နားလည်ပါတယ်။

ကျမရဲ့ prof က ရောက်ရောက်ချင်း electron microscope အတွက် thin sections တွေဖြတ်ခိုင်းပြီးသူကိုယ်တိုင်ကြည့်ပါတယ်။  thin sections တွေကြည့်ပြီးသဘောကျသွားပြီး သူကိုယ်တိုင်က computer တစ်လုံးနဲ့အလုပ်ရှုပ်နေပြီး Assistant Prof နဲ့လွှဲထားပါတယ်။ AP ကအသက်သိပ်မကြီးသေးပါဘူး။ ကျမ ဂျပန်ရောက်နေတုံးသူက ရန်ကုန်ကို expert အနေနဲ့သွားရပါတယ်။ အဲ့ဒီကအပြန် ကျမတို့ lunch အတူတူစားနေတုံးသူက ဂျပန်လို မြန်မာပြည်က အလွန်ညစ်ပတ်ကြောင်း၊ ထမင်းစားတာလဲ လက်နဲ့စားကြကြောင်း၊ လက်ကြားတွေက ဟင်းရည်တွေစီးကျကြောင်း၊ကျမရှေ့မှာဂျပန်လို အတင်းပြောပါတယ်။ အများရှေ့မှာ ပြီးတော့ ဂျပန်လိုမို့ နားလည်မှူလွဲတာပါလို့ လွှဲချနိုင်တာကြောင့် ချက်ခင်းပြန်မပြောပေမဲ့ ရင်ထဲမှာတော့ ခုလု ခုလုနဲ့ ဘယ်လိုဖြေရှင်းရမလဲလို့စဉ်းစားနေမိတယ်။ ကျမကလဲတမျိုးပဲ ကိုယ့်ကိုပြောရင်သည်းခံနိုင်ပေမဲ့။ ကိုယ့်မိဘ၊ကိုယ့် profession၊ ကိုယ့် တိုင်းပြည်နဲ့လူမျိုးကိုပြောရင်သည်းခံလို့မရဘူး။ Hate letter ရေးပြီးသူ့ဆီပို့ရမလားလို့စဉ်းစားမိတယ်။ ဒါလဲ မဖြစ်ဘူး။ သူမဖတ်ရင် အလကားဖြစ်မယ်။ ပြီးတော့ သူပြောတာက သက်သေမရှိဘူး။ ကိုယ့်စာက သက်သေဖြစ်မယ်။ အခြောက်တိုက် ဂျပန်မုန်းသူလို့ အပြောခံရမယ်။
  တစ်နေ့တော့ ကျမတို့တွေ sushi ဆိုင်ကိုသွားကြပါတယ်။ အဲ့ဒီမှာ ကျမက တမင် စားဖို့ ဇွန်းခရင်းတောင်းတော့ ဆိုင်ရှင်က လက်နဲ့စားမှ ပိုအရသာရှိတာလို့ ဂျပန်လို့ပြောပါတယ်။ ကျမက ဆိုင်ရှင်ကို ဘာမှမပြောပဲ  AP ကိုသာ အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်ပါတယ်။ သူကတော့ ကိုယ်ပြောထားတာ မေ့နေသလား၊ မေ့ချင်ရောင်ဆောင်သလားတော့မသိပါဘူး။ဘာမှ မပြောပါဘူး။ ကျမလဲ sushi ကိုဇွန်းခရင်းနဲ့ စားလိုက်ပါတယ်။
  နွေ ပိတ်ရက်မှာ ကျမတို့ အဖွဲ့ တောဘက်ကို အပျော်ထွက်ကြပါတယ်။ အဲ့ဒီေ၇ာက်တော့ လူတွေကတန်းဆီပြီးပိုက်ဆံပေးဖို့စောင့်တာတွေ့တာနဲ့ကျမလဲဝင်တန်းစီလိုက်ပါတယ်။ ကျမနဲ့ အတူတူလုပ်တဲ့ ဂျပန် မလေးက ကျမအကြောင်းသိတာမို့ ကျမ ကို နင်ရေချိုးမှာမို့လို့တန်းစီတာလားဆိုတော့မှ ကျမလဲ မဟုတ်ဘူး။ ဆိုပြီး တန်းစီတဲ့ဆီကထွက်ခဲ့ပြီး အနားမှာရှိတဲ့ အိမ်သာဆီထွက်ခဲ့ပါတယ်။ အိမ်သာပုတင်းပေါက်က တွေ့ရတာက တောင်ခပမ်းတစ်လျောက်မှာ ရေပူစမ်းစီးဆင်းနေပြီး အဲ့ဒီမှာ အပေါ်ပိုင်းက အမျိုးသားတွေ၊ အောက်ပိုင်းကအမျိုးသမီးတွေ ဂျပန်လိုရေချိုးနေတာတွေ့လိုက်ရပါတယ်။ ဘာအကာအကွယ်မှ မရှိ လူမြင်ကွင်းမှာချိုးနေကြတာပါ။
ကျမအကြံရသွားတယ်။ တစ်ယောက်တည်းသော အင်္ဂလိပ်လိုနားလည်တဲ့ ဂျပန် technician မလေးက တဆင့် ကျမရဲ့ မကျေနပ်ချက်ကို AP ရောက်အောင်ပြောမယ်။ ဒါမှ သက်သေလဲရှိမယ်။ ကျမက ဂျပန်မလေးကို နင်တို့တွေ အဲ့လိုချိုးတာ နင်တို့ရဲ့ culture ဘဲလေ။ အဲ့ဒါကိုငါက အရှက်မရှိဘူးလို့ ပြောရင်နင်တို့ ကြိုက်ပါ့မလား။ အဲ့ဒီလိုပဲ ငါတို့ လက်နဲ့စားတာလဲ ငါတို့ရဲ့ culture ဘဲ။ ရွံစရာလို့မပြောသင့်ဘူး။ နောက်ပြီး ငါတို့က ချက်ပြီးမှစားတယ်။ နင်တို့က ကျန်းမာအောင်ဘဲဆိုဆိုဘာကြောင့်ပဲဖြစ်ဖြစ် sushi မှာအသားစိမ်း၊ငါးစိမ်းတွေစားတာ နင်တို့ culture  ပဲ။ ဒါပေမဲ့ မစားတဲ့ ငါတို့ကို ကပ်စေးနဲတယ်လို့ပြောတာကတော့ မဟုတ်ဘူး။ ငါတို့က တိရိစ္ဆာန်တွေ အစိမ်းစားတယ်။ လူတွေ မီးမသုံးတတ်ခင်ကအစိမ်းစားတယ်ဆိုရင်နင်တို့ သဘောကျမလားလို့ပြောလိုက်ပါတယ်။ အဲ့နောက်ပိုင်းကျမကို နောက်ကွယ်မှာ aggressive ဖြစ်တယ်လို့ အတင်းပြောကြပါတယ်။ ကျမကလဲ ပြန်ကြားအောင်ပြောလိုက်ပါတယ်။ aggressive မဟုတ်ဘူး။ explosive လို့။ ဂျပန်ကိုလာတာ အနှိမ်ခံဖို့မဟုတ်ဘူး။ပညာသင်ဖို့လာတာ။ မကြေနပ်ရင်အခုပြန်မယ်လို့ကြေငြာလိုက်ပါတယ်။ ကျမရဲ့ နည်းပညာကြောင့်လား တကယ်ပဲ့ အမှန်သိသွားလားတော့မသိ ဒုတိယအကြီမ်နဲ့ တတိယအကြိမ်မြောက် AP ရန်ကုန်ကအပြန်မှာ ကျမ ကို တကယ်က မြန်မာပြည်က ဂျပန်ထက်ချမ်းသာတယ်။ အဲ့ဒီမှာ လူတွေ အလုပ်မလုပ်ဘဲ နေနိုင်တယ်။ ငါတို့ အလုပ်မလုပ်ရင်ငတ်မှာ။ ငါငယ်ငယ်က အမြဲ ဗိုလ်ဆာနေတာ သတိရတယ်။ နင်တို့ အိမ်တွေက အကြီးကြီးပဲ။ ငါတို့က အခန်းကျဉ်းကျဉ်းနဲ့နေရတယ်။ နင်တို့အိမ်မှာ အိမ်ဖေါ်တွေလဲထားနိုင်တယ်။ လက်ဝတ်လက်စားဆိုလဲ အဖိုးတန် ရတနာနဲ့ရွှေအစစ်တွေတဲ့။ ဒီမှာက fancy တွေတဲ့။


Tuesday, August 14, 2018

အရှေ့နဲ့အနောက် ။

တိုကျိုက JICA center မှာ နိုင်ငံ ၅၈ နိုင်ငံက ပညာတော်တွေကိုထားပါတယ်။  စနေနေ့တိုင်း မနက်စာ စားပြီးရင် electronics တွေရောင်းတဲ့ ဆီကို ကျမခေါင်းဆောင်ပြီးကျမတို့မြန်မာအဖွဲ့သွားလေ့ရှိပါတယ်။ အဲ့ဒီမှာ ခရမ်းရောင်သုတ်ထားတဲ့ အဆောက်အဦးတစ်ခုရှိပါတယ်။ အဲ့ဒီက ဈေးသက်သာပါတယ်။ နောက်ပြီး ဂျပန်လိုပြောရင်ဈေးဆစ်လို့လဲရပါတယ်။ မြန်မာတွေအတွက် ဂျပန်စကားပြောရတာလွယ်ပါတယ်။ အသံထွက်လဲ ပြီပါတယ်။ JICA ကနိုင်ငံခြားသားအတော်များများလဲ အဲ့ဒီမှာဈေးဝယ်လေ့ရှိပါတယ်။ တစ်နေ့ ကျမတို့အဖွဲ့ သွားမလို့ Front Desk မှာအခန်းသော့တွေအပ်တုံး ကျောင်းသားတစ်ယောက်က အဲ့ဒီကိုဘယ်လိုသွားရသလဲလို့မေးနေတာတွေ့တာနဲ့ ကျမတို့လဲသွားမှာမို့လိုက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။ အဲ့ဒီကျောင်းသားက ကျမတို့မြန်မာပညာတော်သင် အင်ဂျင်နီယာတစ်ယောက်နဲ့အတူ သင်တန်းလာတတ်တာဖြစ်နေပြီး ကျမရဲ့အခန်းဖုန်းနံပါတ်ကိုရသွားပါတယ်။ နောက်ပိုင်း ကျမဆီကိုဖုန်းဆက်ပြီး ကျေးဇူးတင်လို့ diner ကြွေးချင်တယ်လို့ ဖိတ်ပါတယ်။
  အနောက်နိုင်ငံသားတွေဖိတ်တာဆို ကြောက်လို့ လက်မခံချင်ပါဘူး။ သူတို့နဲ့ကိုယ်တို့ယဉ်ကျေးမှူမတူတာကြောင့် မအားဘူးလို့သာငြင်းခဲ့ပါတယ်။ အဲ့ဒီလူအပြန်၊နဲ့တစ်ဖွဲ့ထဲဖြစ်တဲ့ မြန်မာကျောင်းသားကိုလိုက်အပို့မှာသူက ကျမကို နင် ၆လကြာတာတောင်မအားဘူးနော်လို့ လှမ်းပြောပါတယ်။
  center မှာ အပတ်စဉ် တနင်္ဂနွေနေ့ထင်ပါတယ်။ ပွဲတစ်ခုခုလုပ်ပါတယ်။ ပန်းအလှပြင်ပွဲ၊ tea ceremony ၊ disco party စသည်ဖြင့် ။အဲ့ဒီပွဲကိုကျမတို့မြန်မာကျောင်းသားအားလုံးတက်ပါတယ်။ အဲ့ဒီမှာ ထမင်းနဲ့ဟင်းတွေ buffel ကြွေးလို့ပါ။ disco party ကြွေးတဲ့နေ့ ထမင်းစားဖို့သွားကြရင်းသူများတွေကနေတာကို ထိုင်ကြည့်နေတုံး၊ အာရှတိုင်းသားရုပ်နဲ့အမျိုးသားတစ်ယောက်က ကဖို့လာခေါ်ပါတယ်။ မကချင်တာရောတကယ်လဲမကတတ်လို့ မကတတ်ကြောင်းငြင်းလိုက်တာ ကိုသူ့ကိုဘာကြောင့်ငြင်းရတာလဲဆိုပြီးစိတ်ဆိုးပါတယ်။ ပြီးတော့ မကတတ်ရင်ဘာလို့ disco party လာလဲလို့ ရန်စကားပြောပါတယ်။ အဲ့ဒီကထဲက disco party ဆိုဝေးဝေးရှောင်ပါတယ်။ အာရှနဲ့ အနောက်၊ဥရောပသားကွာတာအဲ့ဒီအချက်ပဲ။ အာရှသားတွေကငြင်းရင်မကြိုက်ဘူး။ သူတို့မှာချို့ယွင်းချက်ရှိလို့လို့ယူဆတယ်။  အနောက်၊ဥရောပသားကတော့အေးအေးဆေးဆေးပဲ။
   center ရောက်ရောက်ချင်း သင်တန်းတွေမတတ်ခင်မှာ center ကသင်တန်းသူအားလုံးကို တိုကျြိုမို့ site seeing လိုက်ပို့ပါတယ်။ ။ အဲ့ဒီအဖွဲ့တဲမှာ အရပ်မြင့်မြင့်နဲ့ခပ်ချော်ချော် european အမျိုးသားတစ်ဦးလဲပါ ပါတယ်။ အခြား  european အမျိုးသမီးတွေကလဲ european အမျိုးသားဆီမှာ ၀ိုင်းနေကြပါတယ်။ ကျမ က ဂျပန်ရောက်မှ camera ၀ယ်မယ်ဆိုပြီး camera ယူမလာပါဘူး ဒါကြောင့် ကိုယ့်ဘာသာပဲ လျောက်ကြည့်နေတာ။ ဘယ်အချိန်ကမှန်းမသိ european အမျိုးသားကျမအနားရောက်လာပြီး သူဓါတ်ပုံရှိုက်ပေးမယ်လို့ပြောပါတယ်။ ဒီနေရာတွေ နောက်ရောက်ချင်မှ ရောက်မှာမို့ ကျမ က အေး၊ဒါပေမဲ့ငါဓါတ်ပုံဖိုးပေးမယ်နော်လို့ပြောလိုက်ပါတယ်။ (အဲ့ဒီအချိန်က digital camera တွေမပေါ်သေးပါ) သူက ကိစ္စမရှိပါဘူး။ ငါတို့မိတ်ဆွေဖြစ်တဲ့အထိမ်းအမှတ်ပေါ့တဲ့။ site seeingပြီးလို့ ၃ ရက်လောက်ကြာတော့ သူနဲ့ breakfast အခန်းမှာစုံပါတယ်။ ကျမ က မြို့ပြင်အထိသွားရတာမို့မနက်စောစော ကျမတစ်ယောက်ထဲ breakfast စားပါတယ်။ သူက ဓါတ်ပုံတွေရပြီး သူ့အခန်းမှာလိုက်ယူဖို့ပြောပါတယ်။ ဒါနဲ့သူ့အခန်းလိုက်သွားပါတယ်။ ဒါပေမဲ့ ကျမ အခန်းထဲမ၀င်ပဲ အခန်းဝကနေစောင့်နေပါတယ်။ သူက၀င်ခဲ့ဖို့ပြေတော့ ဖိနပ်စီးထားလို့အခန်းပေမှာစိုးလို့ လို့ပြောတာမရဘဲ၊ အတင်းဝင်ခိုင်းနေတာနဲ့မတတ်သာတဲ့အဆုံး၊အခန်းထဲဝင်လိုက်ပါတယ်။ဒါပေမဲ့လက်နောက်ပြန်နဲ့ အခန်းတံခါးမပိတ်အောင်ဂလန့်ကိုသူမမြင်အောင်ထိုးလိုက်ပါတယ်။ သူလဲ ကျမဓါတ်ပုံတွေထုပ်ပေးတာနဲ့ ကျေးဇူးတင်စကားပြောပြီးအမြန်ဆုံးပြေးထွက်ခဲ့ပါတယ်။ တကယ်က သူတို့အဖွဲ့ထဲမှာ မြန်မာကျောင်းသားပါတယ်ဆိုတဲ့အကြောင်း  ပြောပြချင်တာ။ ကျမတံခါးကန့်လန့်ချတာသူမြင်သွားပြီး ကျမဆီညကျတော့ ဖုန်းဆက်ပြီး ၂ နာရီလောက် ရန်တွေ့ပါတော့တယ်။ သူဟာလူကောင်းဖြစ်ကြောင်း သူ့မှာ ရီးစားရှိကြောင်း စုံနေတာပါပဲ။ ကျမလဲ ကျမတို့ culture အကြောင်း တတ်သလောက်ပြောပြပါတယ်။ သူစိတ်ဆိုးလဲမတတ်နိုင်ပါဘူး။ ကျမလုပ်တာရှိုင်းတယ်ထင်ရင်လဲမတတ်နိုင်ပါဘူး။ ဘ၀ပျက်မဲ့ risk ထက်ရန်တွေ့ခံရတာ တော်တယ်လို့ယူဆပါတယ်။