:include data='blog' name='google-analytics'/>

Tuesday, May 22, 2018

သွေးဆိုတာ ?

သွေးဆိုတာ သာမန်မျက်စိနဲ့ကြည့်ရင် နီတဲ့အရည်လို့သာ မြင်ပါလိမ့်မယ်။ တကယ်ကသွေးမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ သွေးဥနီ (သူ့ကြောင့်အနီရောင်ဖြစ်တာပါ)၊ သွေးဥဖြူ (အရောင် မရှိပါဘူး)၊ သွေးဥမွှား (အသားစအမွှာလို အရွယ်အစားအမျိုးမျိုးရှိပါတယ်)၊ တွေဟာ အ၀ါနု ရောင်ရှိတဲ့ သွေးရည်ကြည်ထဲမှာ မျောနေကြတာပါ။
     ဒါကို လက်တွေ့သိချင်ရင်တော့ လူ (၀ါ) တိရ စ္ဆန်ရဲ့ သွေး အနည်းငယ်ကို ပုလင်းဖြူ တစ်လုံးထဲမှာ ထဲ့ထားလိုက်ပါ။ သွေးခဲသွားတဲ့အခါ (သွေးခဲဆိုတာ သွေးဥတွေအားလုံး စုပြီးခဲသွားတာပါ) သွေးခဲအပြင် အ၀ါနုရောင်ရှိတဲ့ သွေးရည်ကြည်ကို တွေ့ရပါလိမ့်မယ်။ လူတွေရဲ့ သေးဥနီက နှစ်ဖက်ခွက်တဲ့အ၀ိုင်း လုံး တွေပါ နှစ်ဖက်မြင် (Two dimension) တဲ့ မှန်ဘီးဘူးအောက်မှာ အ၀ိုင်းပြားတွေအနေနဲ့ တွေ့ရပါတယ်။
    သွေးဟာ အသက်” လို့ပြောတဲ့ အတိုင်း၊ သွေးမရှိရင် အသက်မရှင်နိုင်ပါဘူး။ ကျမတို့ ကိုယ်ထဲမှာသွေး ၅ လီတာခန့် ရှိပါတယ်။ သွေးတွေ သွေးကြောတွေထဲကနေ ကိုယ်ခန္ဓာရဲ့ အတွင်းသို့ (၀ါ) အပြင်သို့ အချိန်အနည်းငယ်အတွင်း ထွက်သွားရင် ထွက်သွားတဲ့သွေးရဲ့ ပမာဏပေါ်မူတည်ပြီး အဆင့်လေးဆင့် ခွဲနိုင်ပါတယ်။ သွေး ၅ လီတာရဲ့ (၁၀-၁၅%)  ထွက် သွားရင် ကျန်းမာသောလူမှာ ဘာပြဿနာမှ မဖြစ်ပါဘူး။ ဘာမှလည်း လုပ်စရာ မလိုပါဘူး။ သွေးလှူတဲ့အခါ သွေး (၈-၁၀%) ယူတာမို့ကျန်းမာရေးကို မထိခိုက်စေပါဘူး။ (၁၅-၃၀%) ဆိုရင်တော့ နှလုံးခုန် မြန်လာပါတယ်။ လက်ဖျားခြေဖျားတွေ ဖြူပြီး အေးလာ ပါတယ်။ အဲ့ဒီ အခါမျိုးမှာ သွေးဒုထယ် (volume) ပြန်ပြည့်အောင် ဆားရည် သွင်းဖို့ လိုပါလိမ္မယ်။ သွေးသွင်း ဖို့ မလိုသေးပါဘူး။ (၃၀-၄၀%) ဆိုရင်တော့ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သတိမေ့ ခြင်းများ ဖြစ်တတ်ပါတယ်။ ဒီအဆင့်မှာတော့ သွေးသွင်းဖို့ လိုအပ်ပါတယ်။ သွေးမရခင် သွေး ဒုထယ် (volume) ပြန်ပြည့်အောင် ဆားရည် သွင်းထားရပါမယ်။ (>၄၀%) ဆိုရင်တော့ သွေး အမြန်ဆုံးသွင်းခြင်း၊ ဆားရည်များသွင်းခြင်းများကို အမြန်ဆုံး လုပ်ရပါမယ်၊ အချိန်နောက်ကျ ပါက သေဆုံးနိုင်ပါတယ်။
   သွေးတွေက ကိုယ်ခန္ဓာမှာရှိတဲ့ဆဲလ် (cell)တွေ လိုအပ်တဲ့အောက်ဆီဂျင် (Oxygen) ကို အဆုတ်ကနေ သယ်ပေးပါတယ်။ ကိုယ်ခန္ဓာအတွက်အန္တရာယ်ရှိတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် (Carbondioxide) ခေါ်တဲ့ ဆဲလ် ထဲကထွက်လာတဲ့  အဆိပ်ဓါတ်ငွေ့တွေကို အဆုတ်ဆီကို ပြန်သယ်သွားပေးပြီး၊ အဆုတ်ကတဆင့် လေထုထဲကို ထုတ်ပါတယ်။
     အောက်ဆီဂျင်အပြင် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အစာတွေကို အစာချက်ရာ အစာ လမ်းကြောင်းမှ ဆဲလ်တွေဆီကို ပို့ပေးပါတယ်။ ဆဲလ်တွေဆီက ထွက်လာတဲ့အဆိပ်တွေကို အသဲ ဆီပို့ပေးပါတယ်။ အသဲမှာ အဆိပ်တွေကို အဆိပ်အတောက်ပျောက် (Detoxification) အောင် လုပ်ပါတယ်။ အသဲက မချေဖျက်နိုင်တဲ့အဆိပ်တွေကို ကျောက်ကပ်ကို ပို့ပေးပြီး ကျောက်ကပ်က ဆီးအနေနဲ့ အပြင်ကို ထုတ်ပြစ် ပါတယ်။
     သွေးမှာရှိတဲ့ သွေးဥနီတွေကအောက်ဆီဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့တွေ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ အဲ့ဒီအလုပ် အတွက်သွေးဥနီမှာရှိတဲ့ အနီရောင်ဟီမိုဂလိုပင် (Hemoglobin) လိုအပ်ပါတယ်။ ဟီမိုဂလိုပင်နဲ့ အောက်ဆီဂျင်ပေါင်းတဲ့အခါ သွေးဟာ အနီရဲရဲ အရောင် ရှိပါတယ်။ အဲ့ဒီသွေးတွေက သွေးလွှတ်ကြောတွေ (arteries) ထဲမှာရှိပါတယ်။ ဟီမိုဂလိုပင်နဲ့ကာဘွန်ဒိုင်အောက်ဆိုက် ပေါင်းရင် သွေးဟာ နီညိုရောင်ရှိပါတယ်။ ဒီသွေးတွေ ကို သွေးပြန်ကြော (Veins) တွေကတဆင့် အဆုတ်ဆီကို ပို့ပေးပါတယ်။ အဆုတ်ကနေ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ကို လေထဲသို့ မှုတ်ထုတ် လိုက်ပါတယ်။
သွေးပြန်ကြောတွေက နံရံပါးပြီး ကိုယ်ရဲ့အပြင်ပိုင်း မြင်လွယ်တဲ့နေရာတွေမှာရှိပါတယ်။ သွေးလွှတ်ကြောတွေကတော့ ကိုယ်အတွင်းပိုင်း ကြွက်သား (Muscles) တွေကြားမှာရှိလို့ များသောအားဖြင့်မမြင်ရပါဘူး။
     သွေးထုတ်စစ်ဆေးတဲ့အခါ သွေးပြန်ကြောတွေဆီက သွေးကို ထုတ်ပြီး စစ်တာပါ။ သွေးတစ် စက်မှာ သွေးဥနီတွေ သန်းပေါင်းများစွာ ပါရှိပါတယ်။
သွေးအားနည်းတယ်ဆိုတာ သွေးဥနီတွေ နည်းတာကို ပြောတာပါ။ ဟီမိုဂလိုပင်မှာ သံဓါတ် (Iron) နဲ့ ပရိုတင်းခေါ် (Protein) အသားဓါတ် ပါ ပါတယ်။ သံဓါတ်နဲ့ အသားဓါတ် နည်းရင် ဟီမိုဂလိုပင်လည်း နည်းတာမို့ သွေးအားနည်းရောဂါ ဖြစ်ပါတယ်။ ပရိုတင်းက ဟီမိုဂလိုပင်အပြင် အခြားသော ကိုယ်အစိတ် အပိုင်းတွေမှာလဲ အများအပြား ပါဝင်တာမို့ ပရိုတင်းနည်းရင် သွေးအားနည်းရောဂါအပြင် အခြားရောဂါ   တွေလဲ ဖြစ်ပါတယ်။ ဒါကြောင့် သွေးအားပဲ နည်းတယ် ဆိုရင်တော့ သံဓါတ်ကြောင့်ပါ။ သံဓါတ်က အစားအစာက ရပါတယ်။
          သာမန်မျှတတဲ့အစာ စားသူ၊ သက်သတ်လွတ်စားသူများမှာတောင် သံဓါတ် အစား နည်းလို့ သွေးအားနည်းတာ မဖြစ်ပါဘူး။ (အရှင်ဆန္ဒဓိက၏ သွေးအလှူနဲ့ပါရမီ (၁၀) ပါး စာအုပ်မှာ မည်သည့် အစားအစာများတွင် သံဓါတ် ပါကြောင်း အသေးစိတ် ရေးသားထား ပါတယ်)။
အများဆုံး သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းက ကိုယ်ထဲက သွေးတွေ အပြင် ထွက် သွားတာကြောင့်ပါ။
    အမျိုးသမီးများမှာ ဓမ္မတာသွေး အနေနဲ့ လစဉ်သွေးများအပြင်ထွက်တာမို့ အစာထဲမှာ သံဓါတ် လုံလောက်စွာမပါရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီး များမှာ သွေးအားနည်း ရောဂါ အဖြစ်များ ပါတယ်။ အမျိုးသားများ သွေးအားနည်းတယ် ဆိုရင်တော့ သွေးထွက်တဲ့ရောဂါ တစ်ခုခု ကို ရှာဖွေရပါမယ်။ ဥပမာ။ သွေးထွက်နေတဲ့ ကျောက်ကပ် ရောဂါ၊ အူနာရောဂါ၊ အစာအိမ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ စသည်တို့ပါပဲ။
     ကိုယ်ထဲက သံဓါတ်က သွေးအနေနဲ့သာ ကိုယ်ခန္ဓာအပြင်ကို ထွက်နိုင်ပါတယ်။ ကိုယ် ခန္ဓာအနေနဲ့ ပိုနေတဲ့ သံဓါတ်ကို ထုတ်ပြစ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် သံဓါတ်ကို ကိုယ်ထဲကို ထိုးသွင်းခြင်း (အသားထဲသို့ ထိုးသွင်းခြင်း၊ အကြောထဲသို့ ထိုးသွင်းခြင်း) များကို တကယ် လိုအပ်မှသာ ပြုလုပ်သင့် ပါတယ်။ သွေးအားကောင်းအောင်ဆိုပြီး အလကား မထိုးသင့်ပါဘူး။
     သံဓါတ်ကို အသားထဲထိုးထားရင် ထိုးတဲ့နေရာက အသားထဲမှာရှိနေတဲ့သံဓါတ်ကြောင့် ထိုးတဲ့နေရာကို ညိုမဲ စေပါတယ်။ အကြောထဲထိုးလိုက်တဲ့ အပိုသံဓါတ်တွေက  အသဲ၊ နှလုံး၊ ပင်ကရိယ စတဲ့ အင်္ဂါတွေမှာ သွားစုရင် အသဲရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ပါ တယ်။ ဒီဘေးထွက်ရောဂါတွေကြောင့် သွေးခဏခဏသွင်းရတဲ့  မွေးရာပါ သွေးအားနည်း ရောဂါဖြစ်တဲ့ သလဲစီးမီးရာ (Thalassemia) လူနာတွေသေဆုံးနိုင်ပါတယ်။ ယခုအခါ တိုးတက်တဲ့ နိုင်ငံတွေမှာ ကိုယ်ထဲက သွေးသွင်းလို့ ပိုနေတဲ့ သံဓါတ်တွေကို စက်နဲ့ပြန်စုပ် ထုတ်ပါတယ်။ ဒါကြောင့် တန်ဆေး၊လွန်ဘေး” တဲ့။
    ဆေးပညာတွေတိုးတက်နေပေမဲ့ လူ့ရဲ့သွေးဥနီကိုတော့ မပြုလုပ်နိုင်သေးပါဘူး။ ဒါကြောင့် သွေး အရေးပေါ်လိုတယ်ဆိုရင် အခြားလူတစ်ဦးဆီက သွေးကိုသွင်းပေး ရပါတယ်။ သူတစ်ပါး ရဲ့သွေး သွင်းခြင်း ရဲ့ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် သွေးလိုမယ်ဆိုတာ ကြိုသိတဲ့ ခွဲစိပ် ကုသမှု (Planned operation) များမှာ မခွဲစိပ်ခင် လူနာရဲ့သွေးကို တစ်ပတ်၊ နှစ်ပတ်က ကြို ထုတ်ထားပြီး ခွဲစိတ်တဲ့အခါ သူ့သွေးကိုပဲ ပြန်သွင်းပေးတဲ့ အော်တို သွေးသွင်းခြင်း (Autotransfusion) ကို လုပ်နိုင်ပါတယ်။
     သွေးဥနီတွေက အမြဲရှင်သန်နေတာ မဟုတ်ပါဘူး လူတွေလိုပဲ မွေးလိုက် သေလိုက် ဖြစ်နေတာပါ။ သွေးဥနီရဲ့သက်တန်းက (၃) လ ပါ။ သွေးတစ်စက်မှာ အသစ်မွေးဖွါးလာတဲ့ သွေးဥနီတွေ၊ အသက်ကြီးလို့ သေခါနီးတဲ့ သွေးဥနီတွေ၊ အသက်ငယ်သေးတဲ့ သွေးဥနီတွေ၊ အသက်လတ်တန်း သွေးဥနီတွေ ရောနေ ပါတယ်။ သူတို့အားလုံးရဲ့ ဖြန်းမျှအသက်ကို ယူမယ် ဆိုရင် တစ်လခွဲပါ။
သွေးတွေကို ကိုယ်ထဲကထုတ်ပြီး အမြဲတန်း (+ 5 C) ၅ ဒီဂရီ စင်တီဂရိတ် ထားနိုင်မှ သွေးသွင်း ခံရတဲ့ လူနာရဲ့ကိုယ်ထဲမှာ အသုံးဝင်သေးတဲ့ အသက်ရှင်နေသေးတဲ့ သွေးဥနီက သုံးပုံတစ်ပုံလောက်ပဲ ရှိပါတော့တယ်။ သွေးထုတ်ထားတာ တလကြာပြီဆိုရင်တော့ လူနာ အတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုများမှာမို့ တလကြာတဲ့ သွေးတွေကို လူနာထဲ သွင်း ပေးလို့ မရပါဘူး။
     လွန်ခဲ့တဲ့နှစ် (၄၀) က တောင်ကြီးမြို့မှာ လျှပ်စစ် ၂၄ နာရီ မရလို့ သွေးလှူရှင်ဆီက  သွေးထုတ်ပြီး အအေးခန်းမှာသိမ်းတဲ့ သွေးဘဏ်အလုပ်ကို မလုပ်နိုင်ပါဘူး။ အရှင် သွေး လှူရှင်စနစ် ( Living donor) ကို အသုံးပြုရပါတယ်။ သွေးလှူရှင်တွေရဲ့ တဲလီဖုန်းနံပါတ် (ခေတ်ပေါ်လက်ကိုင်ဖုန်းတွေ မရှိသေးလို့)၊ များသောအားဖြင့် အိမ်လိပ်စာယူထားပြီး သွေးလို တဲ့အခါ သွေးလှူရှင်ကို အိမ်လိုက် ခေါ်ရပါတယ်။ အခုလှူ၊ အခု လူနာသွေးနဲ့တဲ့မတဲ့ စစ်ပြီး ချက်ချင်းသွင်းရတာမို့ ကူးဆက်တတ်တဲ့ ရောဂါတွေ စစ်ဖို့ အချိန်မရပါဘူး။ တော်ပါသေးရဲ့ ဆိုးဝါးတဲ့ AIDS ရောဂါတွေ မပေါ်သေးလို့။
          ဆေးပညာ အသိဉာဏ်နည်းပါးတဲ့ တောင်သူတွေဟာ သူတို့ကိုယ်ထဲက သွေးထုတ်ရင် သွေးအား နည်းသွားမယ်ထင်ပြီး သူတို့အမျိုးသမီး ကိုယ်ဝန်ကြောင့် သွေးဆင်း လွန်ပြီး သေနိုင်တဲ့အချိန်မှာတောင် သွေးပေးဖို့ ငြင်းဆန်ကြပါတယ်။ ဒီတော့ တောင်ကြီးမြို့ကဆရာဝန်တွေ ဆရာဝန်သိက္ခာ (Doctor`s ethique )  နဲ့လူ့အခွန့်အရေး (Human rights ) ဆိုတာတွေကို ဘေးချိတ်ပြီး လူနာလာပို့တဲ့သူ (လူနာလာပို့ရင် ဂျစ်ကား တစ်စီးနဲ့ အပြည့် လာပို့လေ့ ရှိပါတယ်) အားလုံးကိုစမ်းသပ်ပြီး သွေးလှူနိုင် သူတွေဆီက အတင်း အားဓမ္မထုတ်ယူ ရပါတယ်။
    တကယ်က ဆရာဝန် သိက္ခာနဲ့ လူ့အခွန့်အရေး ဆိုတာတွေက မသမာသူတွေ မတရား မလုပ်နိုင်အောင် သတ်မှတ်ထားရတဲ့ ဥပဒေ တွေပါ။ ဒီလိုမှ သွေးမဖေါက်ရင် လူနာရော၊ ခလေးပါ ဆုံးရမှာပါ၊ ပြီးတော့ သွေးဆိုတာ လူလိုပဲ သူ့သက်တန်း ၃ လပြည့်ရင် ထုတ်ထုတ် မထုတ်ထုတ် သေတာပါပဲ။
          သွေးဥနီတွေရဲ့ သဘာဝကို သိရတော့ အို၊ နာ၊ သေ တဲ့ လူ့ဘ၀ကို ပိုပြီး တရားရ မိပါ တယ်။ အမှန်တော့ သွေးဥနီမှ မဟုတ်ပါဘူး၊ ကိုယ်ထဲမှာရှိတဲ့ ဘယ်အရာမှ မမြဲပါဘူး။ ယခင်ကဆေးပညာမှာ မသေဘူး၊ အမြဲတည်တဲ့ ( Permanent cells) လို့ ထင်ခဲ့တဲ့ အရိုဲးလ် (Bone cells) တွေလဲ မွေးသေ ဖြစ်နေကြတာ ဆေးပညာတိုးတက်လာမှ သိကြရပါ တယ်။ မွေးသေတွေနဲ့ စုစည်းထားတဲ့ ကျမတို့ရဲ့ခန္ဓာ ကိုယ်ကြီး မမြဲဘူး၊ အမြဲသေနေတယ် ဆိုတာ သွေးထွက်အောင် မှန်တယ်” လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။
    သွေးဥနီတွေကို ရိုးတွင်းချင်ဆီက ထုတ်ပါတယ်။ တနည်းသူတို့ကို သွေးဥနီတွေရဲ့ သားဖွါးဆေးရုံ၊ သွားဖွါးခန်းလို့ ပြောရပါမယ်။ သေသွားထဲ့ သွေးဥနီတွေကိုတော့ သရက်ရွက် မှာ ရှင်းလင်းပြစ်ပါတယ်။ သူကတော့ သွေးဥနီတွေရဲ့သင်္ချိုင်းပေါ့။ သွေးဥနီတွေ သေတာများ တဲ့ အချို့သောရောဂါသည်တွေမှာ သရက်ရွက်ကြီး လာတတ်ပြီး၊ အသဲကလည်း ကူညီ ရှင်း ပေးတာမို့ အသဲပါနည်းနည်းကြီး လာတတ်ပါ တယ်။ သင်္ချိုင်းဟောင်း မဆန့်လို့  သင်္ချိုင်း အသစ် လုပ်တယ်လို့ ပြောရမယ် ထင်ပါတယ်။

Monday, May 21, 2018

ပန်းကမ္ဘာ ၀က်ဆိုက်မှာ တောင်တန်းသာသနာပြုဆရာတော်ကြီးဦးဥတ္တမသာရရဲ့ကိုယ်တွေ့ ကိုယ်ဖောရောင်ရောဂါကို ပဲဇင်းငုံပြုတ်စားခြင်းဖြင့် ရောဂါသက်သာပျောက်ကင်း သွားတဲ့ အကြောင်းကိုဖတ်လိုက်ရပါတယ်။

ကိုယ်လက်အင်္ဂါတွေဖောရောင်စေတဲ့ရောဂါတွေ အများကြီးရှိပါတယ်။ အဓိကအချက်ကတော့
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အသားဓါတ်တွေ နည်းသွားတဲ့ အခါ ရေဓါတ်တွေ သွေးထဲကနေ သွေးကြောအပြင်ရှိ အသားတွေ၊ အရေပြားတွေအောက် ရောက် သွားတဲ့အခါ အဲ့ဒီနေရာတွေ နဂိုထက် ပထမ ပြည့်ဖြိုးလာတယ်။ နောက်ပိုကြီးလာတယ်။ ပိန်ရာကနေ ၀ လာတဲ့သူတွေမှာလည်း လက်ခြေတွေပြည့်ဖြိုးလာပါတယ်။ ဖောရောင်တာနဲ့        ၀ လာတာဘယ်လိုခွဲမလဲ။ ၀ လာတာက အဆီတွေ အသားတွေများလာလို့ဖြစ်တာပါ။ ဖောတာက ရေတွေရောက်လာလို့ပါ။ ဒီတော့ ရောင်တဲ့နေရာကို လက်နဲ့ ခဏလောက် ဖိထား ပြီး လက်ကိုလွှတ်လိုက်မယ်ဆိုရင် ဖောတဲ့နေရာက လက်ရာအတိုင်းချိုင့်ပြီးကျန်နေပါတယ်။ လက်ရဲ့ ဖိအားကြောင့် ရေတွေရွှေ့သွားလို့ပါ။ ၀ တာဆိုရင်တော့ လက်ဖယ်လိုက်ရင် ဘာမှ မဖြစ်ပါဘူး။

          ဖောရောင်တဲ့အခါ အသားပျော့တဲ့နေရာတွေဖြစ်တဲ့ မျက်ခွံ၊ ခြေထောက်တွေ မှာ အဖြစ်များပါတယ်။ ခြေထောက်ရောင်တာက မနက်ထက် ညနေဘက်မှာ ပိုရောင်ပါတယ်။ နေ့ဘက် ရပ်နေ၊ထိုင်နေတဲ့အခါ ခြေထောက်ပေါ် သွေးချိန်ပိုများလို့ပါ (gravity) ထိုင်ပြီး ခြေထောက်ကို အမြင့်ပေါ်တင်ထားမယ်ဆိုရင် အရောင်သက်သာတာတွေ့ရပါမယ်။ မျက်လုံး တစ်ဝိုက် ရောင်တာကတော့ မနက်အိပ်ရာထမှာ ပိုရောင်ပြီး၊ ညနေဘက်မှာအရောင် လျော့ ပါမယ်။

          အသားဓါတ်နည်းဆေးတဲ့ရောဂါတွေက အသဲခြောက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊
စတာတွေဖြစ်နိုင်သလို အစားအစာမှာ လိုအပ်သလောက်အသားဓါတ်မပါရင် (nutritional
edema) အာဟာရကြောင့်ဖောရောင်ခြင်းဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဆောင်းပါးအရ တစ်လ ကျော်အပြင်းဖျားတယ်၊ပြီးတော့ခံတွင်းပျက်တယ် ဆိုတော့ nutritional edema ဖြစ်တာပါ။
အဲ့ဒီတော့ အသားဓါတ်များတဲ့ အစာတွေစားပေးရင် အသားဓါတ်ပြန်ပြည့်ပြီး ဖောရောင်တာ လည်းပျောက်သွားမှာဖြစ်ပါတယ်။ ဒီရောဂါက သွေးထဲမှာ အသားဓါတ်နည်းလို့ဖြစ်တာမို့ ဆေးလိမ်းလို့ မပျောက်နိုင်ပါဘူး။ 

          အသားဓါတ်ရနိုင်တဲ့အစာတွေကိုနှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးက တိရိစ္ဆာန်တွေဆီက ရတဲ့ အသားဓါတ်။ နောက်တစ်မျိုးက ဟင်းသီးဟင်းရွက် အထူးသဖြင့် ပဲအမျိုးမျိုးက ရပါတယ်။ ဒီနှစ်မျိုးမှာဘယ်ဟာက ပိုကောင်းသလဲ။ အသားဓါတ်တွေဆိုတာ (amino acids) တွေစုပေါင်း ထားတာပါ။ (amino acids)  ၂၂ မျိုး ရှိပါတယ်။ အဲ့ဒီထဲမှာ ၉ မျိုးကို (essential amino acids) မရှိမဖြစ်လိုအပ်တဲ့ (amino acids) လို့ခေါ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူတို့ကို ကျမတို့ အသဲက မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် အစာထဲမှာ ပါရ ပါမယ်။ ကျန်တာတွေကို ကျမတို့ အသဲက လိုအပ်ရင် ထုတ်လုပ်နိုင်ပါတယ်။ (essential amino acids) တွေအားလုံး ပါတဲ့ အသားဓါတ်ကို (complete protein) ပြည့်စုံသော အသားဓါတ်လို့ခေါ်ပြီး၊(essential amino acids) အားလုံးမပါတဲ့ အသားဓါတ်ကို (incomplete protein) မပြည့်စုံသော အသားဓါတ်လို့ခေါ်ပါတယ်။

တိရစ္ဆာန်တွေရဲ့ အသားဓါတ်တွေက ပြည့်စုံသော အသားဓါတ်တွေဖြစ်ပါတယ်။ ပဲအမျိုးမျိုး ကရတဲ့ အသားဓါတ်တွေက မပြည့်စုံသော အသားဓါတ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ပဲတစ်မျိုး ချင်းမှာပါတဲ့အသားဓါတ်တွေမှာ (essential amino acids) တွေအပြည့်အစုံမပါပေမဲ့ ပဲမျိုး စုံအောင်စားမယ်။ ဒါမှမဟုတ် ကေါက်ပဲသီးနှံတွေနဲ့ရော စားမယ်ဆိုရင် လိုအပ်တဲ့ (essential amino acids) တွေအားလုံးအစာထဲကရနိုင်ပါတယ်။

ပဲတွေအနေနဲ့ (essential amino acids) တွေမပြည့်စုံတာကလွဲရင် တိရစ္ဆာန်အသားထက် သာတဲ့အချက်တွေအများကြီးရှိပါတယ်။
၁။ ဈေးသက်သာတယ်။
၂။ သွေးထဲမှာ အဆီတက်စေတဲ့ ကျန်းမာရေးကိုဒုက္ခပေးတဲ့ အဆိပ်အဆီတွေနည်းတယ်။
၃။ ဗီတာမင်ဓါတ်တွေပေါကြွယ်ဝတယ်။
၎။ သတ္ထုဓါတ်တွေများစွာပါဝင်တယ်။
၅။ အမျှင်ဓါတ်တွေများစွာပါတဲ့အတွက်ဝမ်းမှန်စေတယ်။
၆။ ချက်ပြုတ်ရာမှာ အပူချိန်ပြင်းတဲ့ချက်နည်းတွေဖြစ်တဲ့ ကင်တာ၊ဘုတ်တာ တွေနဲ့ မချက် တဲ့အတွက် အပူပြင်းလို့ထွက်လာတဲ့ အဆိပ်ဓါတ်တွေ၊ ကင်ဆာဖြစ်စေတဲ့ဓါတ်တွေ ဖြစ်ပွါး ခြင်းမရှိဘူး။

ဆရာတော်ဘုရားကြီးရဲ့ဆောင်းပါးမှာပါတဲ့ ပဲစိမ်းငို (အဘိဓါန်ထဲမှာ ပဲဇင်းငို Botanical name Cajanus cajan) ကို pigeon bean လို့ခေါ်ပါတယ်။ ရှေးက ခိုတွေကိုကြွေးတဲ့ ပဲမို့လို့ပါ။ သူ့မှာ
အမျိုးများစွာရှိပါတယ်။ အရောင်က အဖြူ၊ အ၀ါ၊အညို၊အမည်းရောင်ထိရှိပါတယ်။ ပဲပုံသဏ္ဍန် ကလည်း အလုံး၊ဘဲဥပုံ၊ လေးထောင့်ပုံနည်းပါးအထိရှိပါတယ်။














ကမ္ဘာအရပ်ရပ်မှတိုင်းရင်းဆေးဆရာများရဲ့ ပဲဇင်းငိုကိုဆေးအဖြစ်အသုံးပြုပုံများ။
၁။ အစာအိမ်ရောဂါများ။ အစာအိမ်အချဉ်ပေါက်ခြင်း။
၂။ ဖောရောင်ခြင်း။
၃။ လေနာရောဂါ။
၎။ အဆိပ်သင့်ခြင်း။
၅။ ချောင်းဆိုးခြင်း။
၆။ လိပ်ခေါင်းရောဂါ။


အာဟာရစွမ်းအားများ။
၁။ ပဲဇင်းငိုတစ်ခွက် (100 g) တွင် စွမ်းအင် Calorie 343 ပါဝင်ပါတယ်။
၂။ သတ္ထုဓါတ်များဖြစ်တဲ့ ပိုတက်စီရမ်၊ ဖေါ့ဖိုရပ်၊ မက်ကနီဆီရမ်၊ ထုံးဓါတ်၊ သံဓါတ်၊ ဆလဲနီယမ်များ များစွာပါဝင်ပြီး၊ ဇင့်၊ ကော့ပါး၊ မက်ဂနီးတို့ အသင့်အတင့် ပါဝင်ပါတယ်။
၃။ ဗီတာမင် အေ နဲ့ နီယာဆင် များစွာ ပါဝင်ပြီး၊ ဗီတာမင် ဘီ၁၊ ဗီတာမင်ဘီ၂၊ ဗီတာမင် ဘီ၅၊ ဗီတာမင် ဘီ၆၊ ပန်တိတဲနစ်ဆက်စစ် တို့လည်း ပါဝင်ပါတယ်။
၎။ ကျန်းမာရေးအတွက်လိုအပ်တဲ့ အိုမီဂါ ၃ နဲ့ ၆ များစွာပါဝင်ပါတယ်။
၅။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ် methionine, lysine, နဲ့ typtophan တို့ပါဝင်ပါတယ်။
၆။ အသားဓါတ် 11.4 g (23%)။
၇။ ကဆီဓါတ် 159 calorie။
၈။ မကောင်းသောအဆီဓါတ် (saturated ) 0.1 g
၉။ ကောင်းသောအဆီဓါတ် (unsaturated ) 0.3 g
၁၀။ အမျှင်ဓါတ်  11.3g (45%)

9 essential amino acids.
1. Isolucine.
2. Lucine.
3. methionine
4. phenylalanine
5. Threonne
6. typtophan
7. Valine.
8. Histidine.
9. lysine


ကျမ်းကိုး
၂။ http://en.wikipedia.org/wiki/Essential_amino_acid
၃။ http://www.onlyfoods.net/pigeon-peas.html








ဒီလိုလိမ်လို့ရကြေားလား ?

    တစ်နေ့မှာ ဓါတ်ခွဲခန်းကို လဘက်ခြောက် အနည်းငယ် ခတ်ထားတဲ့ လဘက်ခြောကရည် ထည့်ပြီး ဆီးစစ်ရန် ဆိုပြီး ပို့လာပါတယ်။ လာပို့သူကို ခေါ်မေးတော့ အလုပ်ဝင်ဖို့ ဆေးစစ် ခိုင်းလို့ ဆေးကျရင် အလုပ် မရမှာစိုးလို့ လုပ်မိ ပါတယ်လို့ ပြောပါတယ်။

   ဆီးက အရောင်အားဖြင့် လဘက်ခြောက်ရည်နဲ့ တူပေမဲ့ အသေအချာ ကြည့်ရင် လဘက်ခြောက်ရည်လို ကြည် မနေပါဘူး။ ငါး ဆ က နေ အဆတစ်ထောင်ထိ ချဲ့နိုင်တဲ့ မှန်ဘီးလူး အောက်မှာဆိုရင် ဆီးလမ်းကြောင်းက ကြွေကျလာတဲ့ အသားစများ အပြင်၊ ကိုယ်ခန္ဓာ အတွက် အန္တရယ် ရှိလို့ ထုတ်ပြစ်တဲ့ ခရစ်စတယ် (Crystal) များကိုပါ တွေ့ရပါ တယ်။

     ဆီးစစ်ခြင်းဖြင့် ရောဂါတော်တော်များများကို သိနိုင်ပါတယ်။အထူးသဖြင့် ဆီးလမ်းကြောင်း ပိုးဝင်သော ရောဂါများ၊ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း မှာဖြစ်တဲ့ ကင်ဆာရောဂါ၊ လိင်ရောဂါ၊ ဆီးချိုရောဂါ၊ အသဲရောဂါ၊ သွေးရောဂါ၊ အချို့သော အဆစ်အမြစ်ရောဂါ၊ နှလုံးရောဂါ စသည်များ အပြင် ကိုယ်ဝန်ရှိမရှိ၊ တို့ကိုပါသိရှိ နိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းခွက် တစ်ခွက်စာခန့် ဆီးရရင် စစ်ဆေးဖို့ လုံလောက် ပါတယ်။

     အပြင်ကပိုးတွေ စစ်မဲ့ဆီးထဲ မပါစေဖို့ ဆီးသွားနေစဉ် အလယ်မှဆီး (ပထမထွက်လာတဲ့ ဆီးမှာ ဆီးသွားတဲ့ အင်္ဂါက ပိုးတွေ ပါနိုင်လို့ပါ) ကို သန့်ရှင်း ခြောက်သွေ့တဲ့ ပုလင်းထဲသို့ တိုက်ရိုက် ပေါက်ထဲ့ ရပါမယ်။ ပုလင်း မှောက်ခြင်း ဖိတ်ခြင်း မဖြစ်စေဖို့ အရစ်ရှိတဲ့ ပုလင်းကို သုံးရပါမယ်။ 
ဆီးပုလင်း အပြင်ကိုလည်း မပေစေရန်နှင့် ကူးဆက်တတ်တဲ့ ရောဂါပိုးတွေ မပြန့်ပွါးစေဖို့ သုတ်သင်ပြီး၊ စက္ကူ (၀ါ) ပလပ်စတစ် အိပ်မှာထည့်ပြီး ယူသွား သင့်ပါတယ်။

   ဆီးရောဂါ ဖြစ်စေတဲ့ ပိုးတွေဟာ ကျမတို့ ပတ်ဝန်ကျင်မှာ အလွန်များတာမို့ ဆီးယူတဲ့ နေရာမှာ အလွန်သတိထား ရပါမယ်။ တကယ်တော့ ကျမတို့ အူထဲမှာ သဘာဝ အလျောက် ရှိနေတဲ့ပိုးတွေ အကြောင်းတစ်ခုခုကြောင့် ဆီးလမ်းကြောင်းထဲ ရောက်သွားလို့ ဆီးပိုး ရောဂါ ဖြစ် ရတာ များပါတယ်။

    ဆီးရောဂါမရှိတဲ့လူ (၀ါ) သတ္တ၀ါရဲ့ ဆီးမှာ ဘာပိုးမှ မရှိပါဘူး။ ဒါကြောင့်များ ရှင်တော် ဘုရားက သူရဲ့သား ရဟန်းတွေ အတွက်ဆေးကို နွားကျင်ငယ်ရေနဲ့ ဆေးဘက်ဝင်တဲ့ အခါးဓါတ် ပါတဲ့ ဇီးဖြူ၊ ဖန်ခါး၊သျှစ်သျှသီးတွေနဲ့ ဖော်စပ်ခိုင်းခဲ့ တာလားလို့ စဉ်းစား မိပါ တယ်။ကျမသာ စွမ်းနိုင်ခဲ့ရင် မြတ်ဘုရားရဲ့ဆေးနည်းကို သုတေသန ပြုချင်ပါတော့တယ်။

အပြင်ပိုးတွေပါရင် ဆီးရောဂါ ဖြစ်စေတဲ့ပိုးလို့ အဖြေမှား သွားနိုင်ပါတယ်။ ဒါကြောင့် ပြင်ပပိုး တွေမပါဖို့ အလွန်အရေးကြီး ပါတယ်။

ရောဂါဖြစ်စေတဲ့ ပိုးတွေကို တွေ့ရဖို့ အတွက် လတ်လတ် ဆတ်ဆတ် ဆီးရမှကောင်းပါတယ် ဆီးယူပြီး နာရီဝက်အတွင်း (၀ါ) ဆီးကို ဓါတ်ခွဲခန်း ရောက်မှ ယူသင့် ပါတယ်။ ဆီးမှာရှိတဲ့ပိုးတွေကို မွေးပြီး သူတို့ကို သတ်နိုင်တဲ့ ဆေးတွေ (Sensitive Drugs)  ရှာဖို့ ဆိုရင် တော့ အထူးပိုးသတ်ထားတဲ့ ပုလင်း (sterile bottle) ကို ဓါတ်ခွဲခန်းက တောင်းယူရပါမယ်။

      ကိုယ်ဝန် ရှိမရှိ စစ်ချင်တာ ဆိုရင်တော့ ဆီးကို ခြောက်သွေ့တဲ့ ပုလင်းသန့်သန့်နဲ့  ယူလို့ ရပါ တယ်။ကိုယ်ဝန်ရှိလို့ ထွက်လာတဲ့ ဟိုမုန်း (Hormone) တွေက ပတ်ဝန်ကျင်မှာ မရှိလို့ပါ ။ ဟိုမုန်း ဓါတ်တွေက ပဋိသန္ဓေရှိပြီး ၄ ပတ်ကြာမှ ဆီးထဲမှာစစ်ဆေး လို့တွေ့ နိုင်ပါတယ်။ တစ်နည်းအားဖြင့်ဓမ္မတာလာရမည့်ရက် မလာရင်စစ်ဆေးတွေ့ရှိ နိုင်ပါတယ်။ ဒါပေမဲ့ လူနာက ဓမ္မတာလာရမည့်ရက် အမှတ်မှားရင် ဖြစ်စေ၊ဓမ္မတာ မှန်မှန် မလာသူဖြစ်ရင်၊ ဒါမှမဟုတ် သန္ဓေသားကကြီးထွားမှု နှေးရင်လဲ၎ပတ်နဲ့ မတွေ့နိုင်ပါဘူး။အဲ့ ဒီလိုအခါမျိုးမှာ နောက်တစ်ပတ် ကြာမှ ပြန်စစ်ဆေး သင့်ပါတယ်။ယခုအခါ မိမိဖာသာ စစ်ဆေး နိုင်တဲ့ စမ်းသပ် ပစ္စည်းများ အလွယ်တကူ ၀ယ်ယူစစ်ဆေး နိုင်ပါတယ်။

   ဆီးချိုရောဂါအတွက်စစ်မယ်ဆိုရင်လဲ ဆီးကို သန့်ရှင်းခြောက်သွေ့တဲ့ ပုလင်းနဲ့ယူ လို့ရ ပါတယ်။ကိုယ်တိုင် စစ်ဆေးနိုင်တဲ့ ပစ္စည်းများကိုလည်း အလွယ်တကူ ၀ယ်ယူ စစ်ဆေး နိုင်ပါ တယ်။ ဒီမှာ သတိထား ရမှာက အစာစားချိန်နဲ့ ဆီးယူတဲ့ အချိန်ပါပဲ။ အစာ စားပြီး တစ်နာရီ၊ နှစ်နာရီမှာ ဆီးထဲမှာ သကြားဓါတ် အများဆုံးပါ ပါတယ်။

   ကျောက်ကပ်ရောင်တဲ့ ရောဂါကြောင့် ဆီးထဲမှာပါတဲ့ အသားဓါတ် တွေကိုစစ်ဆေးချင် တယ် ဆိုရင်လဲ ဆီးချိုအတွက်စစ်သလို ကိုယ့်ဘာသာ စစ်ဆေးတဲ့ပစ္စည်းတွေ ၀ယ်ပြီး စစ်ဆေး နိုင် ပါတယ်။


   ဆီးထဲမှာသွေး ရှိမရှိ စစ်ချင်တယ် ဆိုရင်တော့ ဓါတ်ခွဲခန်းရောက်မှ ဆီးယူတာ  အကောင်း ဆုံး ပါ။သွေးတွေ ဆီးထဲ ရောက်တာနဲ့ မိနစ်ပိုင်း အတွင်း ပေါက်ကွဲ ပျက်စီးကုန်လို့ပါ။

ကျန်းမာရေးဗဟုသုတပြည့်စုံနိုင်ကြပါစေ။

Friday, May 18, 2018

ှSpecial လစ်များ


ကျမ ဆေးခွင့်ပြည့်လို့ စပ်စံထွန်းဆေးရုံကိုအလုပ်ပြန်ဝင်တော့ ကျမကို OPD နဲ့ Emergency မှာပဲပြန်တာဝန်ပေးပါတယ်။ ကျမတို့ဆရာဝန်လောကရဲ့ professional အကိုကြီးအမကြီးများရဲ့ professional  ညီငယ်ညီမငယ်လို့ ပြောရမဲ့ juniors aတွအပေါ်မှာထားတဲ့ စေတနာတွေကိုကျမ၀မ်းနည်းစွာကြုံတွေ့လိုက်ရပါတယ်။ ကျမအနေနဲ့ TB ရောဂါ တပ်မံအကူးမခံနိုင်ပါဘူး၊ နောက်တခါ ကူးရင် အခုလိုကံကောင်းချင်မှကောင်းမယ်။ မကူးရင်တောင် ကျမ TB ဘယ်တော့ကူးမလဲဆိုပြီး Psyco ဖြစ်မှာသေခြာပါတယ်။

ကျမ အဖြစ်က ဆရာဝန် ၂၅ ဦးသာရှိတဲ့ ဆေးရုံမှာ ဟိုလေးတကြော်ဖြစ်ပြီးသားမို့ ကျမကို တာဝန်ချတဲ့ ဆရာဝန်ကြီးလဲသိပြီးသားပါ။ ဒါပေမဲ့ ဘာကြောင့် OPD နဲ့ Emergency မှာပြန်ချသလဲဆိုတော့ OPD နဲ့ Emergency ကိုဘယ်သူမှမသွားချင်လို့ပါ။

ဆရာဝန်ကြီးတွေကလဲ ညနေပိုင်း ဆေးရုံလစ်ြပီး golf ကွင်းသို့သွားနိုင်အောင် တပည့် တစ်ယောက်ဆီမွေးထားပါတယ်။ AS ဆရာဝန်တွေကလည်း ၀မ်းမြောက်ဝမ်းသာ တပည့်ခံပါတယ်။ သူတို့အနေနဲ့OPD နဲ့ Emergency ကိုသွားစရာမလိုတော့ပါဘူး။ eye တို့ plastic surgery လိုဌာနမျိုး က တလနေလို့ အရေးပေါ်လူနာတစ်ယောက်လာတာမှမဟုတ်တာ။ ဒီတော့ ရောက်ကာစ ဆရာဝန်အသစ်တွေ က OPD နဲ့ Emergency မှာဘဲတောက်လျောက်တာဝန်ထမ်းဆောင်ကြရပါတယ်။

OPD နဲ့ Emergency ကလူပင်ပမ်းတဲ့အပြင် စိတ်ပါပင်ပမ်းရပါတယ်။ လုပ်ငန်းအရတွေ့ကြုံလာတဲ့ အခက်အခဲကိုဘယ်သူ့ကို ဆရာတင်ရမှန်းမသိ၊ အကူအညီတောင်းရမဲ့သူလဲမရှိပါဘူး။ အရေးအကြောင်းဆိုဖတ်စရာ ဆေးစာအုပ်တောင်မရှိပါဘူး။ အရေးကိစ္စကြုံလာရင်လဲ အားလုံးကခေါင်းရှောင်သွားကြပါတယ်။ ကျမ တောထဲက ခေါင်းပြတ်၊လိင်အင်္ဂါပြတ်လူသေအလောင်းကိုလိုက်ကြည့်ရတဲ့ အကြောင်း၊စကားစပ်မိလို့ဆရာဝန်ကြီးတစ်ဦးကိုပြောပြတာ၊ နောက်ဆို ဘယ်သူ့ခေါ်သွား ဘယ်လိုလုပ်ဆိုတဲ့အကြံဥဏ်မပေးပဲ၊
အဲ့ဒီအလောင်းကိုခွဲရင် မိန်းမဆို သားအိမ်တွေ့မယ်တဲ့။ သားအိမ်တွေ့တော့ကော် ဘာထူးမှာလဲ။ သူသာဆို၊ သူ့ဆွေမျိုးဆို အဲ့လိုလုပ်ခိုင်းမလားလို့မေးချင်လိုက်တာ။

 OPD နဲ့ Emergency တာဝန်ကျတုံး က အဖြစ်တစ်ခု ကြုံတုံးပြောပြချင်ပါတယ်။

တစ်နေ့မှာ ၀ါဆီဆိုတဲ့ပိုးသတ်ဆေးသောက်ပြီး လူငယ်တစ်ယောက်ယောက်လာတာ အစာအိမ်ဆေးပေး၊ ဆေးကုသဆောင်တင်ပေးပေမဲ့ ဆေးကုသဆောင်ရောက်ပြီးမကြာခင်ဆုံးသွားပါတယ်။ မွတ်ဆလင်ဖြစ်တာကြောင့်အလောင်းချက်ချင်းယူချင်တယ်ဆိုလို့ OPD နဲ့ Emergency တာဝန်ကျဆရာဝန် ဖြစ်တဲ့ ကျမ
ရင်ခွဲစစ်ဆေးပေးရပါတယ်။ ဒါနဲ့တင်မပြီးသေးပါဘူး။ တရားရုံမှာ ဆေးအစစ်ခံဖို့သွားရပါတယ်။ဝါဆီဆိုတာလူနာပြောလို့သာပိုးသတ်ဆေးမှန်းသိရတာ၊ကျောင်းမှာတုံးကလဲမသင်ခဲ့ရ၊ ဘာပိုသတ်ဆေးမှန်းလဲမသိ၊ ဘာအာနိသင်ရှိမှန်းလဲမသိ၊လူ့ခန္ဒာကိုယ်ဘယ်အပိုင်းကိုဘာဖြစ်စေမှန်းလဲမသိ၊မေးရမဲ့သူလဲမရှိ၊သူ့အကြောင်းဖတ်စရာစာအုပ်လဲမရှိ၊ အစာအိမ်ဆေးတာတောင်ကြောက်ကြောက်နဲ့ဆေးရတာ၊ အစာလမ်းကြောင်းကို ထိခိုက်မဲ့ အက်စစ်လိုမျိုးဆို အစာအိမ်ဆေးရင်ပိုဒုက္ခရောက်မှာ၊ မဆေးပြန်ရင်လဲ လူနာရှင်က အဆိပ်မိတာ အစာအိမ်တောင်မဆေးဘူးဆိုတဲ့ ပြစ်စာကလာအုံးမယ်။

တရားရုံရောက်တော့ ထင်တဲ့အတိုင်း အစိုးရရှေ့နေက ဘာကြောင့် ၀ါဆီကြောင့်သေဆုံးတယ်လို့ပြောနိုင်ပါသလဲ၊ ဆရာမအနေနဲ့ဒီလိုအမှူမျိုးဘယ် နစ်ခါလောက်တွေ့ဘူးပါသလဲဆိုပြီးစတင်ပါတော့တယ်။ တကယ်လဲ ကျမ ဒီတခါဘဲမြင်ဘူးပါတယ်။ ဒါပေမဲ့ မုသာမပါ လင်္ကာမချော်ဆိုတဲ့ထုံနှစ်လုံးမူပြီး၊ လူနာက အသက် ၂၀ သာရှိသေးပြီး ရင်ခွဲစစ်ဆေးတဲ့အခါ သေစေနိုင်တဲ့ဘာရောဂါမှ မတွေ့ကြောင်း၊ ကျမအနေနဲ့ ဒါပထမဦးဆုံးကိုယ်တိုင်ရင်ခွဲစစ်ဆေးရတာဖြစ်ကြောင်း။ ဒါပေမဲ့ဆေးကျောင်းသူအနေနဲ့များစွာတွေ့ဖူးကြောင်း။ ၀ါဆီသာတကယ်ကိုယ်ထဲဝင်သွားရင် (တချို့ကမသောက်ပဲပါးစပ်မှာသုပ်ရုံသုပ်ြ့ပီးလာတာရှိပါတယ်)။ လက်ဖက်ရည်ကြမ်းတစ်ခွက်စာလောက်နဲ့တင်သေကြောင်း မယုံရင်သောက်ကြည့်နိုင်ပါတယ်လို့ဖြေလိုက်တော့ ရှေ့နေလဲဆက်မမေးတော့ပါဘူး။

ဒီအကြောင်းတွေရေးရတာ လူကြီးတွေကို အပြစ်တင်ချင်လို့မဟုတ်ပါဘူး။ သူတို့လဲမရှိကြတော့ပါဘူး။ နောက်လာမဲ့ ဆရာဝန်ငယ်များကို စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်မှာပျော်ရွှင်အောင် ၀ိုင်းဝန်းကူညီနိုင်အောင်ပါ။
ဆေးကျောင်းသားဘ၀က စာတွေ့သာသင်ခဲ့ရတာပါ၊ အလုပ်သင်ဘ၀မှာလဲ ဆေးရုံကြီးလို ဘွဲ့လွန်တက်မဲ့ဆရာဝန်တွေနဲ့ပြည့်နေတဲ့နေရာမှာ ဆရာဝန်ပညာပါတဲ့ ဘာအလုပ်မှမလုပ်ရပဲ၊ လူနာသွေးဖေါက်တာ၊ လူနာဆေးထိုးတာ သွေးအဖြေယူတာ ၊ စတဲ့ အလုပ်သမားတွေတောင်လုပ်နိုင်တဲ့ အလုပ်တွေပဲလုပ်ရတယ်လို့ငြီးသံတွေကြားရပါတယ်။ အဲ့ဒီလို ဘာလက်တွေ့မှမလုပ်ခဲ့ရတဲ့ဆရာဝန်တွေကို စပ်စံထွန်းလို အနယ်နယ်အရပ်ရပ်က လူနာတွေလာတတ်တဲ့ OPD နဲ့ Emergency မှာတစ်ယောက်ထဲ တာဝန်ချမယ်ဆိုရင်တော့ လူနာကော်ဆရာဝန်သစ်လွင်တွေပါဒုက္ခရောက်ကြမှာပါ။

လွန်ခဲ့တဲ့ နှစ်များစွာကအတွေ့အကြုံပါ။ အခုအချိန်မှာ အများကြီး ကောင်းမွန်ပြောင်းလဲနေပြီလို့မျှော်လင့်ပါတယ်။

Thursday, May 17, 2018

တိုက်ဆိုင်မှုလား ?

house surgeon တစ်နှစ်လုပ်ပြီး ချက်ချင်း AS post တွေမခေါ်သေးတာနဲ့ သာကေတက သမ၀ါယမဆေးခန်းမှာ ခေတ္တ တာဝန်ထမ်းဆောင်စဉ် ဆေးခန်းအကူ အမျိုးသမီးနဲ့စကားစပ်မိပြီး ၄င်းတရားထိုင်သည်ဆိုသည့် စွန်းလွန်းတရားရိပ်သာသို့ တစ်နေ့လိုက်သွားခဲ့ပါသည်။ တရားစခန်းတွင်တရားပြသူမှာ သီလရှင်အမျိုးသမီးဖြစ်ပါတယ်။ ၄င်းသီလရှင်မှာ မိသားစုကိုစွန့်ပြီးသီလရှင်ဝတ်လာကြောင်း၊ တရားဖြင့်သာမွေ့လျော်တော့ကြောင်းသိရပါသည်။ တရား၇ိပ်သာမှာပြင်ထောင်နှစ်ထပ်ဖြစ်ပြီး မြို့စွန်တွင်ရှိပြီး ထိပ်ဆိတ်ငြိမ်သက်ပါသည်။ ကျမတို့ရောက်သွားတော့ အပေါ်ထပ်သို့ခေါ်သွားပါတယ်။ အပေါ်မှာလူ ၁၀ ယောက်ခန့် တင်ပလွင်ခွေထိုင်နေကြပါတယ်။ ကျမတို့နှစ်ယောက်ကိုလည်း နေရာပေးပါတယ်။ အားလုံး ငြိမ်သက်စွာ နေရာယူပြီးတဲ့အချိန်မှာ တရားခွေဖွင့်ပေးပါတယ်။ တရားကတော့ လူတစ်ယောက်သေသွားကြောင်း၊ ယခု တစ်ရက်ရှိလို့ တစ်ကိုယ်လုံးတောင့်တင်းအေးဆက်နေကြောင်း။ ၂ ရက်မြောက်ဖြစ်ကြောင်း၊ အသားအရေများမဲလာကြောင်းစသည်ဖြင့် လူသေတစ်ယောက်ရဲ့ ဖြစ်ပျက်နေပုံကိုပြောပြနေပါတယ်။ ကျမအနေနဲ့ဆေးကျောင်း Forensic medicine ဘာသာရပ်မှာ ဆေးရုံရောက်ပြီး ၂၄ နာရီအတွင်းသေသူတွေ၊ ရဲမှူ့ခင်းနဲ့ပတ်သက်တဲ့ လူသေမှူ၊လူသတ်မှူ့အလောင်းတွေအပြင်၊ တိုးအေးသင်္ဘောနစ်စဉ်ကဆယ်ယူလာသော ရေနစ်အလောင်းများစွာကိုတွေ့ခဲ့ရတာကြောင့် တရားတိပ်ခွေက ပြောနေသော အသုဘအလောင်းတွေကိုမျက်ဝါးထင်ထင်မြင်နေရသလိုဖြစ်တာကြောင့်စိတ်အစဉ်ဟာ အသုဘအလောင်းတွေပေါ်မှာသာရှိနေပြီး ဘယ်အချိန်တရားခွေဆုံးသွားမှန်မသိပါဘူး။ စ ထိုင်စဉ်က အပေါ်ထပ်မှာ လေ ပြေလေညှင်းတိုက်ပြီး နဲနဲ အေးသလိုရှိပေမဲ့၊ တရားခွေဆုံးတဲ့အချိန်မှာတော့ ကျမတစ်ကိုယ်လုံးချွေတွေဆိုရွှဲနေပြီး ကျမခေါင်းကလဲခြာလပတ်လည်နေတယ်လို့ခံစားရပါတယ်။ ကျမ မလှုပ်အောင်ထိန်းပေမဲ့မရပါဘူး။ သီလရှင်ကျမ အနားလာပြီး ဖြေဖြေမှန်မှန်ရှဖို့ပြောပါတယ်။ မကြာခင် ကျမ ကိုယ် ငြိမ်ကျသွားပြီး ၊ ကိုယ်လှူပ်ယမ်းတာလဲမဖြစ်တော့ပါဘူး။ ချွေးထွက်တာလဲမရှိတော့ပါဘူး။ တရားခွေက ၂ နာရီကြာပြီ၊ အသုဘ ဘာဝနာကမဋ္ဌာန်းဆိုတာနောက်မှသိရပါတယ်။ ဒါကျမရဲ့မထမဦးဆုံး ကမဋ္ဌာန်း အတွေ့အကြုံပါ။

 နောက်နေ့ညနေဆေးခန်းသွားတော့ Asthmatic attack  နဲ့ရင်ကျပ်လူနာတစ်ယောက် ရောက်လာပါတယ်။ လူနာက စကားမပြောနိုင်ပါဘူး။ အသက်ကိုမနဲ ရူနေရပါတယ်။ ကျမလဲ လိုအပ်တဲ့ aminophylline iv တစ်လုံးထိုးပေးပါတယ်။ သိပ်မသက်သာတာနဲ့ adrenaline subcutaneous ထပ်ထိုးပေးပါတယ်။ နဲနဲပဲသက်သာပါတယ်။လူနာကိုဆေးရုံသွာဖို့ပြောတော့ ဆေးရုံမသွားချင်ကြောင်း၊ ဒီမှာပဲကုပေးပါ၊ သေမယ်ဆိုလဲ ဒီမှာပဲသေပါရစေတဲ့။ ဒါနဲ့ drip  မှာ solucortex ထဲ့ပြီး ဖြေးဖြေးချင်း သွင်းပေးနေပါတယ်။ ကျမလူနာကို ပျောက်စေချင်ပါတယ်။ မသေစေချင်ပါဘူး။ ကျမ ကြားဖူးနားဝရှိတာက ကမဋ္ဌာန်းတရားအားထုတ်ရင်အသက်ရှည်တယ်တဲ့၊ ဒီလူနာကို တရားအားထုတ်ခိုင်းလို့လဲမဖြစ်၊ သူ့ခမျာ မနဲအသက်လု့ရှူနေရတာ။ ကျမ မနေ့က တရား ၂ နာရီထိုင်ခဲ့တာကိုသတိရမိပါတယ်။ အဲ့ဒီကုသိုလ်ကိုဒီလူနာကိုပေးလို့ရရင်ကောင်းမှာပဲ။ ရတာ မရတာအပထား။ ကျမဆန္ဒနဲ့ အလှု ကိုတော့လုပ်ရမယ်လို့ ဆုံးဖြတ်ပြီး ကျမ မနေ့ကပြုလုပ်သော ကုသိုလ်အား ယခု အသက်ရူရခက်နေသောလူနာအားပေးပါသည်။ လူနာအသက်ရှင်ပါစေလို့ စိတ်ထဲက အလှူပေးဆုတောင်းလိုက်ပါတယ်။ ဆေးခန်းအကူကို လူနာကိုဆေးရုံသွားဖို့တိုက်တွန်းဖို့နဲ့  drip  ပြီးရင်ဖြုတ်ပေးဖို့မှာကြားပြီး၊ အိမ်ပြန်ခဲ့ပါတယ်။ ကျမ ဖေကနေ့စဉ် သူ့ကားနဲ့ဆေးခန်းလိုက်ပို့ စောင့်နေပြီး အိမ်အတူပြန်ကြပါတယ်။
 နောက်နေ့ညနေဆေးခန်းသွားတော့ ဆေးခန်းအကူညီမလေးက လူနာဆေးရုံမသွားကြောင်း  drip ဖြုတ်ပေးလိုက်ကြောင်းသာပြောပါတယ်။ နောက်နေ့တွေလဲ လူနာအကြောင်းမေးပေမဲ့သတင်းမရပါဘူး။ ကျမ စိတ်ထဲတော့ ဆေးရုံပဲရောက်သွားလား၊ သေပဲသေသွားလားလို့ တထိပ်ထိပ်ဖြစ်နေခဲ့ပါတယ်။
တစ်ပတ်လောက်ကြာတော့ ကျမ အဖေအရွယ်လူတစ်ဦး သနပ်ခါးတုံးတစ်တုံးလက်ဆောင်လာပေးပါတယ်။ သူက ဆရာမ ကျနော့ကိုမမှတ်မိဘူးလား။ ပြီးခဲ့တဲ့အပတ်က ဆရာမကျနော့ကို  drip  သွင်းပြီး အသက်ကယ်ခဲ့တာလေတဲ့။ အမလေးဝမ်းသာလိုက်တာ။ ဦးလေး ဆေးဆက်မသောက်ဘူးလား ဆိုတော့ ကျနော်အားလုံးကောင်းသွားပြီးဘာမှ မဖြစ်တော့ဘူးတဲ့။ solucortex  ပေးထားတာ tailing မလုပ်ရင် rebound ဖြစ်ပြီး Asthmatic attack  ပြန်ရနိုင်တဲ့အကြောင်း သေသေချာချာရှင်းပြပြီး prenisalone ဆက်သောက်ခိုင်းလိုက်ပါတယ်။ ဖြစ်ချင်တော့ လူနာက ကျမအဖေရဲ့ သူငယ်ချင်းဖြစ်နေပါတယ်။ Asthmatic attack  ရတဲ့နေ့က လူနာ မျက်ဖြူလန်နေ တော့ ကျမအဖေလဲ သူ့သူငယ်ချင်းမှန်း မမှတ်မိလိုက်ပါဘူး။

လူနာကောင်းသွားတာတော့ ဟုတ်ပါပြီါ် ဒါပေမဲ့ ကျမရဲ့ ကမဋ္ဌာန်းအလှူကြောင့်လား တိုက်ဆိုင်မှူလားဆိုတာကို ဆက်စမ်းသပ်ရပါအုံမယ်။

Saturday, May 12, 2018

သား (၀ါ) သမီး လိုတရစေတဲ့ နံမည်ကြီး OG

ultrasound မပေါ်ခင်က တောမြို့လေးတစ်မြို့မှာ အလွန်နံမည်ကြီးတဲ့ သားဖွါးနဲ့မီးယပ်ဆရာဝန်ကြီးတစ်ဦးရှိပါတယ်။ သူနံမည်ကြီးတာက ဆေးကုတော်လို့၊ ခွဲစိတ်တော်လို့မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တွေ လိုချင်တဲ့ သားသား (၀ါ) မီးမီးကို လူနာဆန္ဓ အတိုင်းမွေးပေးနိုင်လို့ပါပဲ။ ကိုယ်ဝန်ဆောင်တွေက သူ့ဆီသွားပြ ပြီး ကိုယ်လိုချင်တဲ့ သား (၀ါ) သမီးကိုပြောရုံပါဘဲ။ ဆရာဝန်ကြီးကလဲ လိုအပ်တာတွေစမ်းသပ်ပြီးရင် သမီးလိုချင်တဲ့ သား (၀ါ) သမီးရမယ်လို့ကောင်းချီးပေးလိုက်ပါတယ်။ ထူးဆန်းတာက မွေးလာတဲ့အခါ ဆရာဝန်ကြီး ဂတိပေးတဲ့ အတိုင်း ကိုယ်ဝန်ဆောင်မိခင်လိုချင်တဲ့ သား ယောက်ျား (၀်) သမီးကိုမွေးတာပါပဲ။ ဘယ်လောက်တော်တဲ့ ဆရာဝန်ကြီးလဲ။ သူလိုဆရာဝန်မှ နံမည်မကြော်ရင် ဘယ်သူနံမည်ကြော်မှာလဲ ?
တစ်နေ့တော့ သူ့ရဲ့အချစ်ဆုံးသူလို မြို့က OG ဆရာဝန်ကြီး၊ သူ့သူငယ်ချင်းရဲ့ အံ့သြဖွယ် သတင်းကြောင့် အကြောင်းအကျိုးမေးမြန်းဖို့ရောက်လာပါတယ်။ သူကြားတဲ့သတင်းအတိုင်း သူ့ သူငယ်ချင်းရဲ့ ဆေးခန်းရှေ့မှာ ကိုယ်ဝန်ဆောင်တွေ တန်းစီနေပါတယ်။ နံနည်ကြီးသူငယ်ချင်း လူနာတွေစမ်းသပ်ပြီးတာနဲ့မြို့ကသူငယ်ချင်းလဲ သူသိချင်တာကို အမြန်ဆုံးမေးလိုက်ပါတယ်။ သူတို့နှစ်ယောက်တူတူ ဆေးကျောင်းတတ်ကျ၊ တူတူ အထူးကုတက်ကျ ပေမဲ့ သူ့သူငယ်ချင်းက ဘာကြောင့် သူနဲ့ တခြား OG တွေမသိတဲ့ မမွေးသေးတဲ့ ကိုယ်ဝန်ဆောင်သန္ဓေသားရဲ့ လိင်ကို လိုသလိုဖြစ်စေရတာလဲ ? ဒီ့ထက်ပိုထူးဆန်းတာက သန္ဓေသားရဲ့ လိင်က ၀မ်းထဲမှာဘယ်လိုမှပြောင်းလဲလို့မရတာ၊ သူ့သူငယ်ချင်းက ဘယ်ကိုယ်ဝန် အချိန်ဖြစ်ဖြစ် သူ့ဆီလာပြတဲ့အချိန်မှာ လိုအပ်တဲ့ လိင်ဖြစ်စေတယ် ဆိုတာ သူဘာမှ နားမလည်နိုင်ပါ။
သူ့သူငယ်ချင်းကတော့ မေးလာတဲ့ မြို့ကဆရာဝန်ကြီးကို မင်းတော်တော် အ သေးတာဘဲ၊ ငါ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ဘာမွေးမယ်ဆိုတာလဲ ငါမသိပါဘူး။ ငါသိတာက လောကမှာ သား (၀ါ) သမီး နှစ်ခုထဲကတစ်ခုပဲဖြစ်ရမယ် မဟုတ်လား ? ငါ့ဆီလာပြတဲ့ကိုယ်ဝန်ဆောင် ကို သူမ ဘာလိုချင်လဲဆိုတာ မေးလိုက်တယ်။ ဥပမာ သမီးလေးလိုချင်တယ်ဆိုရင် ၊သမီးပဲ ရပါစေလို့ ငါက ကောင်းချီးပေးလိုက်တယ် ။ ဒါပေမဲ့ ငါ့ရဲ့စာရင်းထဲမှာတော့ သားရမယ်လို့မှတ်ထားလိုက်တယ်။ အဲ့လိုဘဲ သားရမယ်လို့ကောင်းချီးပေးထားတဲ့သူကျတော့ သမီးရမယ်လို့မှတ်ထားတယ်။ ကောင်းချီးပေးတဲ့အတိုင်းရတဲ့သူတွေက ၀မ်းသာပြီးငါပြောတာမှန်တယ်လို့ သတင်းလွင့်ကြတာပေါ့။ အဲ ပြောတဲ့အတိုင်းမရတဲ့သူက ငါ့ကို မှားတယ်ဆိုပြီးရန်လာတွေ့ရင် ငါက ဟုတ်တယ်.မင်းလိုချင်သလိုမဖြစ်ဘူးဆိုတာသိတယ် ဒါပေမဲ့ မင်းစိတ်ချမ်းချမ်းသာသာနဲ့ကိုယ်ဝန်ဆောင်ပြီးချော်ချော်မော်မော် မွေးဖွါးနိုင်အောင် မင်းစိတ်တိုင်းကျပြောခဲ့တာ တကယ်က မင်းလိုချင်တဲ့ သားလေးမမွေးပဲ သမီးမွေးမယ်ဆိုတာ ငါ့ရဲ့မှတ်စုမှာမှတ်ထားတယ်ဆိုပြီး ငါ့မှတ်စုကိုပြလိုက်တာပေါ့ တဲ့။

စာဖတ်သူများ ဘယ်လိုထင်ပါသလဲ ? ဥာဏ်ကိုလွှာသုံးသူလို့ ထင်ပါသလား ? ဒါမှ မ ဟုတ် လိမ်လည်သူလို့ထင်ပါသလား ?
  အနာကြီးရောဂါ (Leprosy)ဆိုတာ အလွန်ရှေးကျတဲ့ရောဂါပါ။ မြတ်စွာဘုရားလက်ထက်တော်ကတဲက ရှိခဲ့တဲ့ရောဂါမို့ ပုထုဇဉ်တွေ ကာမဂုဏ်ခံစားတာ ကိုအနာကြီး ရောဂါသည်အယားသက်သာအောင် မီးလှုံတဲ့ ဥပမာနဲ့ မြတ်ဘုရား ခိုင်းနှိုင်းတော်မူခဲ့ပါတယ်။

မြတ်ဘုရားရဲ့ တတိယသားတော်ကြီး လို့ပြောရမဲ့ အရှင်မဟာ ကဿပရဲ့ ကရုဏာတော်ကို ညွှန်းပြတဲ့ အနေနဲ့ အရှင်မြတ်ကြီး အနာကြီး ရောဂါသည် လှူတဲ့ဆွမ်းထဲမှာ ပြတ်ပါလာတဲ့ လက်ချောင်းကို ဖယ်ပြီး ဆွမ်းဘုဉ်ပေးတယ်ဆိုတာကိုလည်း ဗုဒ္ဓဘာသာ လေ့လာ လိုက်စား သူတိုင်းသိကြပါတယ်။

   ဒါပေမဲ့ ဒီရောဂါ ဘယ်လို ဖြစ်တယ်ဆို တာတော့ သိသူ အလွန်နည်း ကြပါတယ်။ အနုပညာတီထွင်သူ  ပညာရှင်များ ကိုယ်တိုင် တိတိပပ မသိကြတာကြောင့် ၀တ္ထုဇတ်လမ်းတွေမှာ မိန်းမ ပွေရှုပ်သူများ အနာကြီး ရောဂါ ဆွဲကပ်ပြီး သေဆုံးတာနဲ့ အဆုံးသပ်လေ့ရှိ ကြပါတယ်။ အနာကြီး ရောဂါ နဲ့ စစ်ဖလစ် (syphilis) ဆိုတဲ့ မြာပွေလို့ရတဲ့ ရောဂါနဲ့  ရောကုန် ကြတာပါ။

   အနာကြီး ရောဂါ ဆိုတာ (Bacteria) ဆိုတဲ့ပိုးကြောင့် ဖြစ်တာပါ။ ပိုးကြောင့် ဖြစ်လို့ကူးဆက်နိုင် ပါတယ်။ ဒါပေမဲ့ ဒီပိုးရဲ့ ကူးဆက်နိုင်တဲ့ စွမ်းအားက သိပ်ကိုနည်းပါတယ်။ လူတစ် ယောက်က တစ်ယောက် ကူးဖို့ ဆိုရင် ရောဂါရှိသူနဲ့ အနည်းဆုံး ၅ နှစ်ခန့် လက်ပွန်းတတီး နေမှ ကူးတာပါ။ဒါကြောင့် အနာကြီး ရောဂါရှိပြီး ရောဂါပိုးတွေ ထွက်နေတဲ့ အမေက ခလေး ကို နှစ်ချီ ပြီး နို့ချိုတိုက် ကြွေးမှ ကူးနိုင်ပါတယ်။ နို့ဆို့ ခလေး တွေရဲ့ ခုခံအားတွေ ကောင်းကောင်း မဖွံ့ဖြိုး သေးလို့ပါ။ တစ်အိမ်တည်း အတူနေတဲ့ သူများကို မကူးပါ ဘူး။
အနာကြီး ရောဂါ ပိုးတွေက အချင်းကိုလည်း ဖေါက်မသွား  နိုင်တာကြောင့် ရောဂါ သည်အမေက မွေးတဲ့ ခလေးမှာလည်း ရောဂါ ပါ မလာပါဘူး။ အဲ့ဒီ ခလေးကိုရောဂါသည်အမေရဲ့ နို့မတိုက်စေပဲ လူကောင်းတွေ က မွေးစားကြမယ်ဆိုရင် ခလေးမှာရောဂါ မဖြစ်ပါဘူး။

    အနာကြီး ရောဂါပိုးက တီဘီဖြစ်စေတဲ့ပိုးနဲ့ မျိုးတူပါတယ်။ သူတို့မှာ အနွေးထည်လိုပိုးရဲ့ ကိုယ်အပြင်မှာ အဆီလွှာပါ ပါတယ်။ ဒါကြောင့် ဆေးတွေက ပိုးရဲ့ ကိုယ်ထဲကို တော် တော်နဲ့  မရောက် နိုင်တာကြောင့် ယခင်က အာနိသင် နည်းတဲ့ ဆေးတွေ ဆိုရင် အနည်းဆုံး ၅-၁၀ နှစ် အထိ သောက်ရ ပါတယ်။ ယခု ခေတ်မှီ ဆေးတွေနဲ့ ဆိုရင်တော့ ၆ လ သောက်ရင် ပျောက်ပါ တယ်။ တီဘီပိုးကပို ပိုပြင်းပါတယ်။ တီဘီ ပိုးရဲ့ အဆီလွှာက အက်စစ် ၁၅% အထိ ခံနိုင်ပြီး။ အနာကြီး ရောဂါ ပိုးကတော့ အက်စစ် ၅% ပဲခံနိုင် ပါ တယ်။

   အနာကြီး ရောဂါ နှစ်မျိုး ရှိပါတယ်။ အဆို နဲ့ အခြောက်ပါ။အဆိုရောဂါ ဆိုတာ အများတွေ့ ဖူးတဲ့ အနာ တွေ တရွဲရွဲနဲ့ မြင်မကောင်း ရှုမကောင်း နားရွက်ပြတ်၊ လက်ပြတ် နေတဲ့ ရောဂါသည် တွေပါ။ ဒီလူနာ တွေရဲ့ အနာတွေမှာ ပိုးတွေ ရှိပါတယ်။အဲ့ဒီလူနာတွေနဲ့ ရင်းရင်း နှီးနှီး ဆက်ဆံမယ် ဆိုရင် ရောဂါပိုးတွေ ဆက်ဆံတဲ့ သူဆီရောက်လာ နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါပိုးရောက် လာတဲ့ လူရဲ့ ခုခံအားက ကောင်းမယ် ဆိုရင် အနာကြီး ရောဂါပိုးတွေမပွါး နိုင်တာကြောင့် အနာကြီး ရောဂါ မဖြစ်ပါဘူး။

      သာသနာတော် မှာထင်းရှားတဲ့  ယောနိသော မနသိကာရစကား လိုပါပဲ။ အာရုံလက်ခံသူက ကုသိုလ်အနေနဲ့ (တစ်နည်း) ပေါ့စတစ် စိတ်ထားနဲ့ လက်ခံမယ်ဆိုရင်အကုသိုလ် မဖြစ်သလို ဒီရောဂါ မှာလည်း ရောဂါပိုးကို နှိမ်နင်း နိုင်တဲ့ ခုခံအား ကောင်း နေ ရင်ရောဂါ မဖြစ်ပါဘူး။ တစ်နည်း အနာမရှိတဲ့ လက်နဲ့ အဆိပ်ကိုင် သလိုပါပဲ။

      အနာကြီး ရောဂါကို ဓါတ်ခွဲခန်း တိရစ္ဆာန် တွေမှာ ရောဂါ ဖြစ်စေ ချင်ရင် အခြား ရောဂါပိုးတွေလို တိရစ္ဆာန် ကိုယ်ထဲကို ပိုးထိုးထဲ့ ရုံနဲ့ ရောဂါ မဖြစ်ပါဘူး။ အဲ့ဒီ တိရ စ္ဆာန်ကို အရင်   ကိုယ်ခံအား ကျအောင် လုပ်ရ ပါတယ်။

        ဒါကြောင့် အနာကြီး ရောဂါသည် တွေ တွေ့ရင် သိပ် မကြောက် ကြပါနဲ့ ရောဂါ အ လွယ်တကူ မကူးနိုင်ပါဘူး။ ရောဂါသည် တွေကို သနားပြီး အလှူငွေ ပေးချင် ပေမဲ့ ကူးမှာ ကြောက်ပြီး မပေး မလှူတဲ့ သူတွေ  လှူသာ လှူကြပါ။ ပေးသာ ပေးပါ ကြပါ။ ရောဂါ မကူး ပါဘူး လို့ ပြော ချင်ပါတယ်။

      နောက် တစ်မျိုးက အခြောက် ရောဂါသည် ပါ။ ဒီလူနာတွေ မှာတော့ အနာတွေ မရှိ ပါဘူး။ ဒါ ကြောင့် ရောဂါပိုး တွေလည်း မထွက် ပါဘူး။
အနာကြီး ရောဂါပိုးက နပ်ကြော် (Nerve) တွေမှာ ပွါးများ ပါတယ်။ ဆေးပညာ မှာ နပ်ကြော နှစ်မျိုး ရှိပါ တယ်။ တစ်မျိုးက ခံစား သောနပ်ကြော (sensory neurone) ပါ။ သူတို့က ကိုယ်ခန္ဓာရဲ့ ပူမှု၊ အေးမှု၊ နာမှု၊ ကျင်မှု စတဲ့ ခံစားမှု (sensation or feeling) တွေ ကို အရေပြား မှာရှိတဲ့ သေးငယ်တဲ့ ကွန်ရက် ကဲ့သို့ သော နပ်ကြောမြှင် ကလေးများမှ ရယူသယ် ဆောင်ပါ တယ်။ဒီ ကွန်ရက် နပ်ကြောမြှင်တွေက မြတ် ဘုရားရဲ့ ကာယပသာဒ ရုပ်တွေလို့ပြောနိုင် ပါတယ်။
   
အနာကြီး ရောဂါသည် တွေမှာ ခံစားမှု နပ်ကြောတွေ ပျက်စီးကုန်တာကြောင့် ပူတာအေးတာ မသိတော့ပါ ဘူး၊ နာလည်း မနာတော့ ပါဘူး။ဒါကြောင့် အနာကြီး ရောဂါသည်တွေ ဟာ အလွယ်တကူ ပူနေတဲ့ ထမင်းအိုး၊ မီးသွေးခဲ စသည် တို့ကို  လက်နဲ့ ကိုင် တွယ်လေ့ ရှိ ပါတယ်။လူက ပူမှန်း မသိပေမဲ့ အပူက လက်ကိုလောင် တာမို့ လက်တွေပြတ် ကျတတ် ပါတယ်။

    နောက် နပ်ကြောတစ်မျိုးက ကြွက်သား တွေလှုပ်ရှား အောင် လုပ်ပါတယ်။သူတို့ကို လှုပ်ရှားမှု နပ်ကြော (motor neurone) လို့ခေါ် ပါတယ်။ သူတို့ တွေကြောင့် ကျမတို့ ရဲ့ ကြွက်သားတွေ လှုပ်ရှား ပါတယ်။

    အနာကြီး ရောဂါမှာ ဒီနပ်ကြော တွေလည်း ပျက်စီး တာကြောင့် ကြွက်သားတွေ လှုပ်ရှားမှု မရှိ လို့ ကြွက်သားတွေ သေးသိမ် သွားပြီ လူနာရဲ့ လက် ခြေတွေ ကေါက်သွား တာမျိုး ဖြစ်နိုင် ပါတယ်။

   (ဗုဒ္ဓတရား တော်အရ ကြွက်သားတွေ လှုပ်ရှားတာက အာရုံကို တုန့်ပြန်တဲ့ စိတ္တဇရုပ်တွေ ဖြစ်တာပါ။ တနည်း အားဖြင့်တော့ အတူတူပါပဲ။ မြတ်ဘုရားက လူ့ကိုယ် ခန္ဓာရဲ့အတွင်း အင်္ဂါအစိပ် အပိုင်း တွေကို မလေ့လာ ထားတဲ့ ရဟန်းတွေ၊ လူတွေ ကို နားလည် လွယ်အောင် မြင်သာတဲ့ ကိုယ်ခန္ဓာ ပြင်ပက ရုပ်ဝတ္ထု တွေနဲ့ ဟောခဲ့ တာပါ။

      အံသြ စရာ နောက်တစ်ခု ကတော့ စိတ္တဇရုပ် တွေဖြစ်ရတာ ၀ါယောဓါတ် ခေါ်တဲ့ တစ်ကိုယ်လုံးက ပရမတ် ဓါတ်တွေ ရွေ့လျားလို့ ဖြစ်ရ တယ်လို့ ဟောထား ပါတယ်။   “စိတ်ကြောင့်ဖြစ်သော ဓါတ်ဝါယော နှံ့ နှော် ကိုယ်မှာရှိ ” တဲ့။

       ကျမ တို့ရဲ့ နပ်ကြောတွေ (both sensory and motor neurones) ဟာ တစ်ကိုယ် လုံးမှာ အပ်ချ စရာ မရှိအောင် များပြား ပါတယ်။ အရေပြား မှာရှိတဲ့ နပ်ကြောမြှင် ကလေးတွေ စုပေါင်းပြီး နပ်ကြောကြီး တွေဖြစ်လာ ပါတယ်။ မြစ်လက်တက် လေးတွေ ပေါင်းပြီး မြစ်ကြီး တစ်ခုဖြစ် သွားသလို ပါပဲ။ လက်က နပ်ကြောတွေ စုပေါင်းထားတဲ့ နပ်ကြောကြီးကို ချိုင်းမှာတွေ့ရပြီး၊ ခြေထောက် ကနပ်ကြောကြီး ကတော့ ပေါင်ရင်း မှာရှိပါတယ်။အဲ့ဒီနပ်ကြော ကြီးတွေက ဗဟိုနပ် စင်တာ (central nervous centre) လို့ခေါ်တဲ့ ဥဏှာက်နဲ့ကျော်ရိုး ထဲမှာရှိတဲ့ နပ်မကြောကြီး ထဲကိုရောက်ကြ ပါတယ်။

     နပ်ကြော တွေဟာ ၀ါယာ ကြိုးတွေလို တဆက်ထဲ မဟုတ်ပါဘူး။ဥပမာ ပေးရ ရင် ဘုရားကျောင်း စသည်တွေ ဆောက်တဲ့  အခါများမှာ လူတွေ လက်တကမ်း စာမှာ ရပ်ပြီး အုပ်ချပ် တွေကို လက်ကမ်း သယ်သလို မျိုး၊ နူရုံး (neurones) လို့ခေါ်တဲ့ နပ်ဆဲ တွေကလည်း တစ်ခုချင်း တန်းဆီ နေကြပြီး တစ်ခုနှင့် တစ်ခု အုပ်ခဲ နဲ့ တူတဲ့  (neurosecretion) နူရိုဓါတ်ရည် တွေကို လက်ဆင့် ကမ်းခြင်းဖြင့် ပသာဒရုပ်တွေ က အာရုံတွေ (ပူတဲ့ အေးတဲ့ ခံစားချက်၊ မြင်ခြင်း ၊ကြားခြင်း၊ ချိုချဉ် အရသာ စသည့် ခံစားမှု (feeling) တွေကိုသယ်ယူပြီး၊ ကြွက်သားတွေ လှုပ်ရှားဖို့ အမိန့် (၀ါ) သတင်း (information) တွေကို ကြွက် သားများ ဆီသယ်ပေးခြင်းဖြင့် ကြွက်သားများကို လှုပ်ရှားစေပါတယ်။ တနည်းအာရုံကြောင့်စိတ္တဇရုပ် များဖြစ်တာနဲ့ အတူတူပါပဲ။

စာရူ့ သူတွေ ဥဏှော ခြောက်သွား ပြီးလား sorry နော်။ နားလည် စေချင်လို့ပါ။သိပ္ပံ ပညာပို သိလေ မြတ် ဗုဒ္ဓရဲ့ ဉာဏ်တော်ကြီးကို ပိုကြည်ညိုလေ မို့ပါ။မြတ်ဗုဒ္ဓက အနာကြီး ရောဂါဟာ ပိုးကြောင့် ဖြစ်တယ် ဆိုတာ ကိုလည်း မှန်ဘီးလူးတွေ မပေါ်ခင် နှစ်ပေါင်း ၂၅၀၀ ကျော်ကတဲ ကဟောခဲ့ ပါတယ်)။

       အနာရှိတဲ့ အဆိုရောဂါသည် တွေမှာ အနာရဲ့ ပုပ်နံ့ကြောင့် ညအချိန်မှာ ကြွက်တွေ အနာကို လာ ကိုက်စားလို့ အနာရှိတဲ့ နေရာများ ဥပမာ၊ နှခေါင်း၊ နားရွက်နဲ့ လက်ချောင်းများ ပြတ်ကျ တတ်ပါ တယ်။ လူကောင်းလို နာမှန်း မသိတာကြောင့် ကြွက်ကိုက် နေပေမဲ့  လက်ကို မဖယ်မိကြလို့ ပိုမိုအကိုက် ခံရပါ တယ်။

       အနာကြီးရောဂါဖြစ်စမှာ အရေပြားမှာ အဖြူရောင် အကွက်ကလေး စဖြစ်ပါတယ်။ အဲ့ဒီ အကွက်ကို အပ်နဲ့ ထိုးကြည့်ရင် စူးမှန်း မသိပါဘူး။သတိထားရမှာက အခြား အနာတစ်ခုခုကြောင့် (ဥပမာ၊ ဓါးရှတာ၊) အနာရွတ် ကျန်ခဲ့ ရင်လည်း ကျန်ခဲ့တဲ့ အနာရွတ်က လည်း  ဖြူပါ တယ်။ အကြောကို ထိထားလို့ စူးမှန်းလဲ မသိဖြစ် တတ်ပါတယ်။ ဒါကြောင့် အနာကြီး ရောဂါ ထင်ရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသ သင့်ပါတယ်။
ရုပ်ပျက် ဆင်းပျက် မဖြစ်ခင် ကုသမယ်။ဒါမှ မဟုတ် ရုပ်ပျက်ဆင်း ပျက်ဖြစ်စေမဲ့အပြုအမူ ဥပမာ၊ အပူ ပစ္စည်းများကို လက်နဲ့ မကိုင်ခြင်း၊ အပုပ်နံ့ ထွက်သော အနာများကိုဆေးလိမ်းပြီး ပတ်တီး စည်းထားခြင်း များပြုလုပ်မယ် ဆိုရင် ရုပ်ပျက်ဆင်းပျက် မဖြစ်တော့ပါဘူး။ ယခုခေတ်လို ပလပ်စတစ်ဆာဂျရီ (plastic surgery) လို့ ခေါ်တဲ့ ခွဲစိပ်ကု သခြင်း ဖြင့်လည်း ပျက်စီးနေသော ရုပ်ဆင်း တွေကိုပြု ပြင်နိုင်ပါတယ်။
တစ်ချို့ ရောဂါသည်တွေက ရောဂါရှိတာ  လူသိမှာ စိုးပြီး မကုသကြလို့ ရောဂါမဆိုး သင့်ပဲဆိုးကြ ရပါတယ်။
ယခင် အနာကြီး ရောဂါဆေးတွေက နှစ်ရှည်လများ သောက်ရပြီး ရောဂါက လည်းသိသိသာသာ မသက်သာ တာမို့ လူနာတွေဟာ သူတို့ဘ၀ မထူးတော့ပါဘူး ဆိုပြီး ဆေးမှန်မှန် မသောက်ကြတာ ကြောင့် လည်း ရောဂါပို ဆိုးရတာပါ။

ဒီရောဂါဟာ တခြား ကူးဆက် ရောဂါတွေ လိုပဲ ရောဂါပိုး ကိုယ်ထဲ ရောက်လာလို့ရောဂါ ဖြစ်ရ တာပါ။ကာမ သောင်းကြမ်းလို့၊ အကျင့် မကောင်းလို့ ဖြစ်ရတဲ့ ရောဂါသည်ရဲ့အပြစ် မဟုတ်ပါဘူး။

     အနာကြီး ရောဂါသည် တွေဟာ ရောဂါကြောင့် မသေပါဘူး။ သူတို့ ခံစားရတဲ့ ဒုက္ခက ရုပ်ပျက် ဆင်းပျက် ဖြစ်ခြင်းနဲ့ ပတ်ဝန်ကျင်ရဲ့ စွန့်ပယ်ခြင်း ကိုခံရတဲ့ (Social problem)   လူမှုရေး ဒုက္ခပါ။ အနာကြီး ရောဂါသည် တွေဟာ အခြား ရောဂါ ဝေဒနာ ခံစားရတဲ့ လူနာ  တွေလိုပဲ ကူညီရမဲ့ သနားရမဲ့ သူတွေပါ။ ဒါကြောင့် “မြေနိမ့်ရာလှန်စိုက်” ဖြစ်စေမဲ့ အပြုအမူ များကို ရှောင်ဖို့ အထူး သတိထား ရပါမယ်။

မှတ်ချက်။ အမေရိကန်နိုင်ငံမှာ အနာကြီးရောဂါ ရှိရင် ဒါမှမဟုတ်ရောဂါသည်နဲ့ တွေ့ဆုံနေထိုင်ခဲ့ တယ်ဆို ရင်ကူးဆက်ရောဂါဌာနကို အကြောင်းကြားရပါတယ်။ ရောဂါရှိမရှိစမ်း သပ်စစ်ဆေးပြီး၊ ဆေးကုသမှု အမြန်ဆုံးပေးနိုင်အောင်ပါ။

ဒုက္ခရောက်နေသူများအား သနားကရုဏထားနိုင်ကြပါစေ။