Friday, November 16, 2012
Wednesday, November 14, 2012
ဆေးဘက်ဝင် ပင်စိမ်း။
နေ့တိုင်း ပင်စိမ်းရွက် =ကင်ဆာရောဂါမဖြစ်။
တစ်နေ့ သံပုရာသီးတစ်လုံး = အဆီမရှိ။
တစ်နေ့နို့တစ်ခွက် = အရိုးပြဿနာမရှိ။
တစ်နေ့ရေ ၃ လီတာ = ရောဂါမရှိ။
Tulsi ဟာပင်စိမ်းမျိုး ဖြစ်ပါတယ်။ သဘာဝအလျောက်ပေါက်သော်လည်း ၎င်းကို ဟင်းခတ် အမွှေးအကြိုင်၊ ဘာသာရေးနှင့်ဆေးဝါး အတွက်စိုက်ပျိုးကြပါတယ်။ ဟိန္ဒူဘာသာဝင်များ Tulsi အပင်နှင့် အရွက်ကို ရှစ်ခိုး ပူဇော်ကြပါ တယ်။
ခေတ်မှီလေ့လာမှုများက ၎င်းသည် အနာသက်သာစေခြင်း၊
အသက်အရွက်ကြီးသူတို့ တွင် ဖြစ်သောဆီချိုရောဂါကိုသက်သာစေခြင်း၊ သွေးတွင်းအဆီလျော့ကျစေခြင်း၊
ဓါတ်ရောင်ခြည်၏ ဆိုးကျိုး များမှကာကွယ်ခြင်း၊အတွင်းတိမ်ဖြစ်ပွါးမှုကိုကာကွယ်ခြင်း၊ ရောဂါပိုး
(bacteria) များသေစေနိုင် ခြင်း၊ ကိုယ်ခံအားမြှင့်တင်ခြင်း စသည့်အစွမ်းများရှိတာကိုတွေ့ရှိကြပါတယ်။
၎င်းရဲ့ ကင်ဆာကာကွယ်နိုင်မှုကို တော့ ဆက်လက် စမ်းသပ်ရအုံးမှာဖြစ်ပါတယ်။
၎င်းကိုဟိန္ဒူဆေးများတွင်နှစ်ပေါင်းထောင်ချီ၍သုံးဆွဲခဲ့ကြပါတယ်။
၎င်းသည် ကိုယ်ခန္ဓာရှိ လုပ်ငန်းဆောင်တာများ ဟန်ချက်ကျကျလုပ်ဆောင်နိုင်ရန် ညှိနှိုင်းပေးခြင်းနှင့် စိတ်ဖိစီးမှု (stress) များ ကိုကိုင်တွယ်ဖြေရှင်းရာ၌လည်းပါဝင်လုပ်ဆောင်သည်ဟုယူဆကြပါတယ်။
၎င်းကို အအေးမိခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊အဆိပ်မိခြင်း၊ငှက်ဖျားရောဂါနှင့်
ရောင်ရမ်းရောဂါ (inflammation) များမှာအသုံးပြုကြပါတယ်။
၎င်းကို ရေနွေးတွင်ခတ်၍ လက်ဘက်ရည်ကြမ်းကဲ့သို့သောက်ခြင်း၊
အရွက်များစားခြင်း၊ ထောပတ်ဖြင့်ရော်နှော်သုံးဆောင်ခြင်း၊ အဆီအဖြစ်ဖြင့်ဆေးများတွင်နှင့်
အလှဆီများတွင် အသုံးပြုကြ ပါတယ်။ အရွက်ခြောက်ကို စပါးစသည့် အစေ့အဆန်များနှင့်ရော်လျက်ပိုးကောင်
(insect repel) များ မလာအောင်အသုံးပြုကြပါတယ်။
ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမိုပေါက်တတ် ကြသည်။ မျိုးစေ့မှတဆင့် အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ရယူနိုင်၏။ နောက် ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်သည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။
ပင်စိမ်းပင်သည်
အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိရှိ၏။ အရွက်မှာ သေးပြီး စိမ်းလျက်
နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့အလွန်မွှေး သဖြင့်
ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြသည်။ အပွင့်များ အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင်
အမွေးနုကလေးများရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ
ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ပင်ဟူ၍
ပင်စိမ်းအမျိုးမျိုးရှိကြသည်။
မြန်မာဆေးကျမ်း
အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး
သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊
ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။
အစာကြေခြင်း၊
ခံတွင်းကောင်းခြင်း၊ အနံ့ကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိ စေသည်။ လူကို
အကျိုးပွားစေသည်။
ပင်စိမ်းရွက် ပင်စိမ်းစေ့များကို မြန်မာ့ဆေးဝါးအဖြစ်
အသုံးပြုပုံများမှာ -
(၁) နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့် ပေးပါ။
(၂) သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို
ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။
(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍
ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်း ငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး
လိမ်းပေးပါ)
(၄) ခေါင်းတခြမ်းကိုက်=ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ်
ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။
(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ=နှမ်းစေ့နှင့်
ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။
ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊
မြင်းသရိုက်နာ ရောဂါ များ ပျောက်၏။
(၆) သားသမီး ဝေးလိုသော်=ပင်စိမ်းရွက် လက်တဆုပ် ပြုတ်ရည်တပန်းကန်ကို
ဥတုသွေး လာပြီးသည့် နောက် သုံးရက်ဆက်တိုက် သောက်ပေးပါ။
(၇) အဖျားနာတာရှည်=နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းတဇွန်းခန့်
သောက်ပေးပါ၊ အဖျားကျသွားပါမည်။
(၈) ငှက်ဖျား=ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို
ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။
(၉) ပွေးနာ၊ အရေပြား ယားနာ=ပင်စိမ်းရွက်ကို သံပုရာရည်နှင့်
ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ။ အုံပေးပါ။
(၁၀)အစာမကြေ၊ ဝမ်းကိုက်=ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။
(၁၁)လည်ချောင်းနာ၊ အသံဝင်=ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍
ထိုရေကို သောက်ပေးပါ။
(၁၂)အိုင်းအနာ၊ အဖုအနာ=ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့်
အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို
ဖြူးပေးပါ။
(၁၃)အရေပြားအနာများ=(အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက်
သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ(၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။
ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့
ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင်
ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ခြင်များ မကိုက်ပါ။
(၁၄)ဗိုက်ကြောပြတ်=(ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး
ယားယံနေပါက ပင်စိမ်းရွက်ခြောက် မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။
(၁၅)ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို
လိမ်းပေးပါ။
(၁၆) ကလေး သန်ကျ=ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။
(၁၇)နားအူ၊ နားကိုက်၊ နားပြည်ယို=ပင်စိမ်းရွက် သတ္ထုရည်ကို
ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။
(၁၈)နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်=ပင်စိမ်းရွက်ကို
အခြောက်လှန်းပြီး ညက်နေ အောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။
(၁၉)ငှက်ဖျားတုန်ချမ်း=ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင်
ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။
(၂၀)ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင်
ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။
(၂၁)လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့်
အပွင့်လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။
သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။
(၂၂)သားသမီး ဝေးလိုသော=အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို
နေ့စဉ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း
အိန္ဒိယဆေး သုတေသနမှ ထုတ်နုတ်ဖော်ပြ ခဲ့၏။
(၂၃)ချောင်းဆိုးပျောက်=ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့်
ဆတူရောပြီး တနေ့သုံးကြိမ် သောက် ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။
(၂၄)အစာအိမ်အချဉ်ပေါက်လေနာ=ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍
ရေနွေးကြမ်း သောက် သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။
(၂၅)အအေးမိ၊ နှာစေး၊ ချောင်းဆိုး=ပင်စိမ်းရွက်အစိုကို
သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေး သောက်ပေးပါ။ တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။
(၂၆)အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍
ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။
(၂၇)လေငန်း၊ လေဖြတ်၊ အဆစ်ရောင်=ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍
အငွေ့ကိုရှူပေးပါ။
(၂၈)မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက=ပင်စိမ်းရွက်နှင့်
ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့်
ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။
(၂၉) သူငယ်နာ ကျောပူခေါင်းပူ=ပင်စိမ်းရွက်၊ ကွမ်းရွက်၊
နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရော ကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ
ခြေဖျားအထိ သပ်ချပေးပါ။
(၃၀) မီးဖွားပြီးစ အပုပ်ဆန်=ပင်စိမ်းရွက် ကြော်စားပါ။
(၃၁)ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=ပင်စိမ်းရွက်ကို ငါးခူ၊
ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။(သို့) ငါးပနော်နှင့်
ကြော်စားပါ။
(၃၂)ဆီးရောဂါ=ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး
အဆိပ်ကို ကြေစေသည်။
(၃၃) ကင်းမြီးကောက်ကိုက်=ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။
(၃၄)ချောင်းဆိုးနပန်းနာ=ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ
ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။
(၃၅)သလိပ်ကပ် ချွဲကျပ်=ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍
အရည်ထွက်စေရန် ကြိတ်ခြေ ညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။
တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။
(၃၆)ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊
သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့်
ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။
(၃၇)ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့်
ဖျော်ရည်ပြု၍ သောက်ပေးပါ။
(၃၈)မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက်
သတ္ထုရည်ပြု၍ သောက် ပေးပါ။
(၃၉)နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့=ပင်စိမ်းနှင့် ထန်းလျက်ကို
ဆတူကြိတ်၍ ပျားရည်နှင့် တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့်
သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့်
မြင်းသရိုက်ရောဂါများကိုပါ ပျောက် ကင်းစေပါသည်။
(၄၀)သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်=ပင်စိမ်းရွက်ကို
ငါးကျည်း ခြောက်နှင့်ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော
ရောဂါများပင် ပျောက်ကင်းစေပါသည်။ အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။
ကျမ်းကိုး။
၁။
ဆေးဖက်ဝင် ပင်စိမ်းပင် http://www.mawluu.com/2011/07/blog-post_8475.htmlကသစ်ဦး(ကျိုင်းတုံ) (သူရဇ္ဇ ၂၀၀၃-စက်တင်ဘာ)
၂။ http://en.wikipedia.org/wiki/Ocimum_tenuiflorum
၃။ Basil (ပင်စိမ်းမွှေး) http://arogyamonline.com/commodity/materials/?raw=1
Friday, November 9, 2012
မှိုနက် ။
ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ Périgord ခေါ်တဲ့နေရာကရတဲ့ မှိုနက် black
truffle (Tubermelanosporum) ဟာ အီတလီနိုင်ငံ Alba ကထွက်တဲ့ မှိုဖြူ white
truffle (Tuber magnatum) ကလွဲရင် မှိုတွေအားလုံးထဲမှာဈေးအကြီးဆုံးဖြစ်ပါတယ်။
ကမ္ဘာ့သဘာဝ အစားအစာ ထဲမှာ ဈေးအကြီးဆုံး ဖြစ်ပြီး တစ်ပေါင်ကို ဒေါလာ ၂၄၀-၄၅၀
အထိဈေးပေးရပါတယ်။ ရှေး ဂရိုနဲ့ ရောမခေတ်ကထဲက ၎င်းတို့ကို ဥရောပတိုက်သားတို့ရဲ့
ရသာမွန်အဖြစ်၊ ဆေးဝါးအဖြစ်၊ ယောက်ျား အားတိုးဆေးအဖြစ် ထင်ရှားခဲ့ပါတယ်။ ၎င်းတို့ဟာ
မြေအောက်မှာပွင့်တဲ့ မှိုမျိုး ဖြစ်ပြီး ပွင့်တဲ့အခါ အမွေးနံ ထွက်တာကြောင့် ၀က်မ၊
သင်တန်း ပေးထားသောခွေးများနဲ့ရှာဖွေကြပါတယ်။ ၀က်မနဲ့ ရှာရင်
တွေ့သမျှစားတတ်တဲ့ဝက်တွေရဲ့အကျင့်ကြောင့် ခွေးနဲ့ရှာတာကပိုမို အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။
အဲ့ဒီမှိုတွေဟာ ထင်းရူးပင်မျိုးတွေရဲ့အမြစ်တွေကြားမှာ ပွင့်တတ်တာမို့ ၎င်းသစ်ပင် အောက်
သဘာဝ အပေါက်က ရင်ကောင်တွေထွက်တာမြင်ရင်လည်း truffle ရှိကြောင်း သိနိုင်ပါတယ်။ မှိုတို့ရဲ့သဘာဝအတိုင်းနှစ်စဉ်
ပွင့်တတ်တာကြောင့် ၎င်းနေရာကိုမှတ်သားထားခြင်းဖြင့် နောင်နှစ် တွေမှာလည်း
ထပ်မံတွေ့နိုင်ပါတယ်။
Truffle ရဲ့အနံ့ဟာ
မှိုပွင့်ချိန်မှထွက်တာမို့ အဲ့ဒီအချိန်မှ ခူးရပါမယ်။ ခူးပြီး ကြာရင်
အနံ့ပျောက်သွားတတ်တာကြောင့် လက်ကားဝယ်ရောင်းသူများ မှိုကိုဆန်နှင့် အုံပြီး
ရေခဲသေတ္တာ မှာ သိမ်း ထားပြီး နောက်နေ့မှာ မှာထားသောသူထံသို့ အမြန်ဆုံးနည်းဖြင့်
များသောအားဖြင့် လေ ကြောင်းဖြင့်ပို့ပေးကြပါတယ်။ ပင်ပေါင်ဘော်အရွယ်
အီတလီမှိုတစ်ပွင့်ဟာ တိုက်ခန်း တစ်ခန်းလုံး ကို မွေးကြိုင်စေနိုင်ပါတယ်။
မှိုပေါ်မှာကပ်နေတဲ့ မြေစတွေဖယ်၊ ဘရပ် (brush) ၊ရေနဲ့ တိုက်ဆေး၊စက္ကူနဲ့ခြောက်စေပြီး
ဟင်းပေါ် စားခါနီး ခြစ်ထဲ့ ခြင်းဖြင့်
ဟင်းရဲ့အနံ့အရသာကို အထူးကောင်းမွန်စေတယ်လို့ဆိုပါတယ်။ အမဲဟင်း၊ ကြက်သားဟင်း၊ငါးဟင်း၊ကြက်ဥခေါက်ကြော်၊
ထမင်း၊ အီတလီခေါက်ဆွဲ၊မုန့်ပွ၊ ဟင်းချို၊ ဘဲအဆီပြည့်အသဲ၊ Cream and cheese sauces များပေါ်ခြစ်ထဲ့ကြပါတယ်။
အလွန်ဈေးကြီးတဲ့ မှိုဖြစ်တာမို့
ကြာကြာသိမ်းဖို့ကြိုးစားကြပါတယ်။
၁။ မှိုကို ခဲလို့ရတဲ့ဖန်ဘူးထဲမှာထဲ့ပြီး ၂ ပတ် freezer ( - 20 C) ထဲမှာသိမ်းထားနိုင်ပါတယ်။
၂။ မှိုကို သံလွင်ဆီထဲမှာထဲ့ထားခြင်း။
၃။ မှိုရဲ့ အနံ့အရသာကိုထော်ပတ်မှာလည်း
ထဲ့သိမ်းထားနိုင်ပါတယ်။ ဆားမပါသော ပျော့ပျောင်း နေသော ထော်ပတ်ပေါ် လတ်ဆတ်သောမှိုကိုခြစ်ချပြီး
အခန်းအပူချိန်မှာ တစ်နာရီ ထားခြင်းဖြင့် မှိုရဲ့ အနံ့အရသာဟာထော်ပတ်မှာ ကျန်ရစ်နေပါတယ်။
၎င်းထော်ပတ်ကို ခဲထားခြင်းဖြင့် တာရှည် သိမ်းထားနိုင်ပါတယ်။
၎။ မှိုနံ့က ဥခွံကိုဖေါက်ထွင်းဝင်နိုင်တာမို့
မှိုနံ့ပါတဲ့ကြက်ဥတွေပြုလုပ်ပြီး သိမ်းနိုင်ပါတယ်။
ကြက်ဥ
ကာတွန် ( Carton) ကိုထက်ဝက်ပိုင်းပြီး ကာတွန် ( Carton) တစ်ဝက်ရဲ့ အလယ်မှာ အရွယ်တော်
(medium size) မှိုနက် တစ်ခု၊နှစ်ခု ထဲ့ပြီး၊ ကြက်ဥ ကာတွန် ( Carton) ကို ပလပ်စတစ်အိပ်ထဲထဲ့
ပိတ်ပြီးရေခဲသေတ္တာမှာ ထားရင် ၃ ရက်ကြာတဲ့အခါ မှိုနံ့ရှိတဲ့ကြက်ဥ တွေ ရမှာဖြစ်ပါတယ်။
အဲ့ဒီကြက်ဥတွေနဲ့ ကြက်ဥကျော်အမျိုးမျိုးနဲ့ ဟင်းများချက်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ပတ်ထက်ပိုပြီးထားရင်တော့
လေသလပ်မှုမရှိခြင်းနဲ့ ပြင်းထန်တဲ့ အနံ့ ကြောင့် ကြက်ဥတွေ ပုပ်ကုန်မယ်လို့ဆိုပါတယ်။
Tuesday, November 6, 2012
အဆိပ်ပန်းပင်များ
လှပတဲ့ပန်းတွေကြောင့်
Daffodils
ပန်းပင်များကို ကိုယ်ပိုင်ပန်းခြံများမှာ စိုက်လေ့ ရှိပါ တယ်။ ပန်းပွင့်မှာ အဆိပ်မပါပေမဲ့
အပင်မှာအဆိပ်ရှိပါတယ်။ အရွက်၊ပင်စည် အထူးသဖြင့် ဥများမှာ များစွာပါရှိပါတယ်။ ၎င်းတို့ကိုစားမိပါက
ခေါင်းမူးခြင်း၊ဗိုလ်နာခြင်း၊ တက်ခြင်း၊ ကိုယ်လက်များ ထုံကျင်ခြင်း စသည်တို့ဖြစ်စေ ပါတယ်။
ကြက်သွန်ကဲ့သို့ မြေတွင်ဥများပါရှိ တဲ့အတွက် ခလေး သူငယ်များ စားစရာနဲ့မှားစားတတ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းအစာရေစာပြက်လပ်မှုကြောင့်တိရစ္ဆာန်များကျွေးရာ၊တိရစ္ဆာန်များသေဆုံးခဲ့ပါတယ်။
ကျူလစ်ပန်းပင် (Tulips) တွေမှာလည်း အထက်ပါအဆိပ်များပါရှိပါတယ်။
Monday, November 5, 2012
ရွေးစေ့ (Rosary Pea) တွေမှာလည်းအဆိပ်ပါတယ်။
ရွေးစေ့ (Rosary Pea) ကို စိပ်ပုတီးပဲ လို့ခေါ်တဲ့အတွက်
ဘာသာတရားကိုင်းရှိုင်းတဲ့ အဓိပ္ပါယ်
ဆောင်နေပေမဲ့ ရွေးစေ့ထဲမှာပါတဲ့ အဘရင် (abrin) ခေါ်တဲ့အဆိပ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အပြင်းဆုံး
အဆိပ် ဖြစ်ပါတယ်။ ရွေးစေ့ရဲ့ တောက်ပတဲ့ အရောင်ကြောင့် စိပ်ပုတီး၊လက်ကောက်၊ ခြေကျင်း ၀တ်
(foot chain) စသည်ပြုလုပ်ကြပါတယ်။ အဲ့ဒီလိုပြုလုပ်စဉ် လက်မှာ ဒါဏ်ရာရပြီး လူ အများ
အပြားသေဆုံးခဲ့ဖူးပါတယ်။
Trinidad ခေါ် West Indies လူမျိုးများ
ရွေးစေ့နဲ့ပြုလုပ်သော လက်ကောက်၊ ခြေကျင်း ၀တ် များဝတ်ဆင်ထားခြင်းအားဖြင့် မကောင်းဆိုးဝါးများရဲ့
အန္တရာယ်မှကင်းဝေးစေတယ် လို့ ယုံကြည်ကြ ပါတယ်။ ရွေးစေ့မှာ အနက်၊အဖြူ၊အစိမ်း၊အနီ ဆိုပြီး
အရောင် အမျိုးမျိုးရှိပါတယ်။ အနီရောင်နဲ့ အနက် ရောင် မျက်ဆံကတော့ အများဆုံးဖြစ်ပါတယ်။
ရွေးစေ့အပင်တွေဟာနွယ်ပင်မျိုးမှာပါဝင်ပြီး ၁၂ ရာသီ ဖူးပွင့် ပါတယ်။ ရွေးစေ့တွေရဲ့ အလေးချိန်က
တစ်သမတ်တည်းရှိတာမို့ အိန္ဒိယပြည်နဲ့ မြန်မာနိုင်ငံ ရွှေချိန်တွယ် ရာမှာ အသုံးပြုကြပါတယ်။
(Siddha medicine) ခေါ်တဲ့ရှေးကျသော အိန္ဒိယလူမျိုးများအသုံးပြုတဲ့ဆေးမှာတော့ အဖြူမျိုးရဲ့ အဆီကို ပန်းသေပျောက်ဆေး အနေနဲ့ အသုံးပြု ကြပါတယ်။
Sunday, November 4, 2012
Saturday, November 3, 2012
အဆိပ် ကြက်ဆူသီး/စေ့ (Castor beans)။
ကျမတို့ငယ်ငယ်ကအ၀င်ဆိုးတဲ့ကြက်ဆူဆီကို သံချဆေးသောက်ပြီးရင်
ဝမ်းသွားအောင် သောက်ခဲ့ကြရပါတယ်။ ကိုယ်ဝန်ဆောင်များကိုလည်း မမွေးဖွါးမီ ၀မ်းသွားအောင်နဲ့
မွေးဖွါးလွယ် အောင်တိုက်ကြွေးကြပါတယ်။
ဒါပေမဲ့ကြက်ဆူသီးမှာ အလွန်အဆိပ်ပြင်းတဲ့ ricin ပါရှိပါတယ်။ ကြက်ဆူသီးတစ်သီးမှာ ပါတဲ့ ricin ဟာ လူကြီးတစ်ယောက်ကို မိနစ်အနည်းငယ်အတွင်းသေစေနိုင်ပါတယ်။
ကြက်ဆူသီးကို ၀ါးစားဖြင်း၊ မြိုချခြင်းပြုပါက ထွက်လာသော ကြက်ဆူဆိပ်သည်
အနာ ဖြစ်စေနိုင်သည်။
ကြက်ဆူဆိပ်ကို သုံးစွဲပြီး ကြက်ဆူသီးမှ ကျန်ရစ်သော အညစ်အကြေးများမှလည်း
ထုတ် ယူနိုင်သည်။
ကြက်ဆူဆိပ်သည် လူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ လိုအပ်သော် ပရိုတိန်းဓာတ်
မထုတ် လုပ်နိုင်အောင် တာဆီးသည်။ ပရိုတိန်းမရရှိသောအခါ ဆဲလ်များသေကုန်သည်။
ကြက်ဆူဆိပ်ပါဝင်သော အရာဝတ္တုကို စားခြင်း (၀ါးစားခြင်း) သို့မဟုတ်
ရှုသွင်းခြင်း၊ ထိုးသွင်းခြင်းဖြင့် အဆိပ်သင့်နိုင်သည်။
ကြက်ဆူဆိပ်ကို စားသုံးမိပါက ၆ နာရီမှ ၁၂ နာရီအတွင်း ကနဦး
လက္ခဏာများ ပေါ် တတ်လေ့ရှိသည်။ ထိုကနဦး ရောဂါ လက္ခဏာများသည် အစာခြေလမ်းကြောင်းစနစ်ကို
အများဆုံး ထိခိုက်လေ့ရှိပြီး၊ ပင်ပန်းနွမ်းနယ်ခြင်း၊
ပျို့အန်ခြင်း နှင့် ၀မ်းဗိုက်နာကျင်ခြင်းတို့ ပါဝင်သည်။
ပုံမှန်အားဖြင့် ၁၂
မှ ၂၄ နာရီအတွင်း ရောဂါလက္ခဏာများ တိုးပွားလာလေ့ရှိပြီး၊ ပြင်းပြင်းထန်ထန် ရေဓာတ်ခန်းခြောက်ခြင်းနှင့်
ကျောက်ကပ်နှင့် အသည်းပြဿနာများ ပါဝင်သည်။
ကြက်ဆူဆိပ်ကို ရှုသွင်းမိပါက ကနဦးရောဂါလက္ခဏာများသည် အစောဆုံးအနေဖြင့် အဆိပ် သင့်ပြီး ၄နာရီမှ ၆ နာရီအတွင်း ပေါ်တတ်ပြီး ပြင်းထန်သော လက္ခဏာများမှာမူ အဆိပ် သင့်ပြီး ၂၄နာရီ ကြာပြီးမှသာ ပေါ်တတ်သည်။ အစောပိုင်းလက္ခဏာများသည် အသက်ရှုစနစ်ကို ထိခိုက်စေလေ့ရှိပြီး အသက်ရှုခက်ခဲခြင်း၊ အသက်ရှုရပ်ခြင်း၊ ၀မ်းခေါင်းပိုင်း ပြည့်အင့်ခြင်း နှင့် ချောင်းဆိုးခြင်းတို့ ဖြစ်တတ်သည်။ ကြက်ဆူဆိပ်သင့်သည့် ရောဂါလက္ခဏာများသည် လျင် လျင် မြန်မြန် တိုးပွားလာပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ၊ အဆုတ်ရည် (အဆုတ်တွင်းအရည်)ဆိုင်ရာ ပြဿနာများမှာ ပိုဆိုး လာပြီး နောက်ဆုံးတွင် အသက်ရှုပိတ်ခြင်းတို့ ဖြစ်လာသည်။
ကြက်ဆူဆိပ်သင့်ခြင်းကြောင့် သေဆုံးမှုသည် အဆိပ်သင့်ပြီး ၃၆
နာရီမှ ၇၂ နာရီအတွင်း ဖြစ်ပွားလေ့ရှိသည်။ ကြက်ဆူဆိပ်အတွက် ဖြေဆေးရှိပါသည်။ ကြက်ဆူဆိပ်သင့်ခြင်းကို
သိရှိနိုင်ရန် ဓာတ်ခွဲခန်းတွင်စမ်းသပ်နိုင်ပါသည်။
ကျမ်းကိုး။
၁။ ကြက်ဆူဆိပ်သင့်ခြင်း
အမေး၊ အဖြေ http://www.kdheks.gov/cphp/download/pic_sog/Ricin/RicinFactsheet_BU.pdf
Subscribe to:
Posts (Atom)
























